ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရခိုင်မှာ မိုင်းပေါက်ကွဲမှုတွေဆက်ဖြစ်, ပုဏ္ဏားကျွန်းမြို့နယ်က လေးဦးဒဏ်ရာရ

    ရခိုင်မှာ မိုင်းပေါက်ကွဲမှုတွေဆက်ဖြစ်  ပုဏ္ဏားကျွန်းမြို့နယ်က လေးဦးဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြု့နယ်အတွင်း မနေ့ ဩဂုတ်လ ၁၃ ရက် က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားလေးဦး ထိခိုက်ဒဏ်ရာတွေ အပြင်းအထန်ရရှိခဲ့ကြတယ်လို့ ‌မြို့ခံတွေကပြောပါတယ်။

    မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာနဲ့ မော်ရွာကျေးရွာက အရပ်သားတောင်သူတွေဖြစ်ကြပါတယ်။

    ပေါက်ကွဲမှုဟာ ဗုဒ္ဓေါကျေးရွာအနီးက ဆနွင်းတောင်တန်းပေါ်မှာ မနေ့က နေ့လယ် ၁ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီတောင်ပေါ်ကို နွားရှာသွားကြစဉ်မှာ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

    '' နွားတွေမရောက်လို့ သွားရှာကြတဲ့အခါမှာ ကျွန်တော်တို့ရွာက နှစ်ယောက်နဲ့ မော်ရွာကနှစ်ယောက် မိုင်းပေါက်ပြီး ဒဏ်ရာရခဲ့ကြတယ်။ အဲ့ဒီနေရာမှာ စစ်တပ်က စခန်းရှိတယ်”လို့ ဗုဒ္ဓေါကျေးရွာသားတစ်ဦးက ပြောပါတယ်။

    ဒဏ်ရာရရှိခဲ့ကြသူတွေဟာ မော်ရွာကျေးရွာက ဦးအောင်ဝင်းသိန်း အသက် ၃၅ နှစ် ညာဘက်ရင်အုပ် မိုင်းစထိမှန်ဒဏ်ရာ၊ ဦးအောင်ချမ်းစိန် အသက် ၆၀ နှစ်၊ ညာဘက်လက်ချောင်းများပြတ်၊ ဗုဒ္ဓေါကျေးရွာက ဦးဝင်းအောင် အသက် ၂၁ နှစ်၊ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာနဲ့ ဦးအောင်ကြီးအောင် အသက် ၅၇ နှစ်၊ ဘယ်ဘက်ပေါင် မိုင်းထိဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

    ဒဏ်ရာရလူနာတွေကို လူမှုကူညီရေးအဖွဲ့တွေက နီးစပ်ရာ ယိုးတရုတ်ဆေးရုံကိုကူညီပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ လက်ပြတ်သွားသူ မော်ရွာကျေးရွာက ဦးအောင်ချမ်းစိန်ကိုတော့ စစ်တွေဆေးရုံကိုပို့ဆောင် ပေးထားရတယ်လို့ အကူအညီပေးခဲ့သူတွေက ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ တစတစများပြားလာနေပြီး မိုင်းပေါက်ကွဲမှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကျောက်တော်မြို့နယ်အတွင်း လယ်သမားကျေးရွာသားနှစ်ဦးဟာ သူတို့လုပ်ကိုင်စားသောက်နေကြတဲ့ လယ်ကွင်းအနီးဝန်းကျင်က တောတောင်တွေထဲ နွားကျောင်းနေရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့ကြရပါတယ်။

    မြောက်ဦးမြို့နယ်မှာလည်း လယ်ကွင်းအနီးနွားကျောင်းနေတဲ့ မွတ်ဆလင် ကလေးငယ်တွေ အလားတူဖြစ်စဉ်မျိုးနဲ့ကြုံခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပါတယ်။

    ရခိုင်ပြည်နယ်ထဲက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ အမ်းမြို့နယ်တွေအပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း အခုလပိုင်း‌တွေအတွင်း မိုင်ပေါက်ကွဲမှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအဝင် ဟင်းရှာသွားကြတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ‌ရရှိခဲ့ကြပါတယ်။

    ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တင်းမာမှုတွေမြင့်တက်လာခဲ့တဲ့အချိန်ကစလို့ အခုလို မိုင်းပေါက်ကွဲမှုတွေနဲ့ ကြုံနေကြရတာလည်းဖြစ်ပါတယ်။

  2. ရှမ်းအရှေ့ ရုတ်တရက်ရေကြီးမှု - ကျိုင်းတုံမှာ ဇနီးမောင်နှံ ၂ ဦးသေဆုံး

    တာချီလိတ်မြို့မှာလည်း မိုးသည်းအပြီး‌ တောင်ကျချောင်းရေကြီးခဲ့တာကြောင့် မယ်ဆိုင်ချောင်းရေလျှံကာ  မြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, တာချီလိတ်မဏ္ဍိုင်

    ဓာတ်ပုံ ပုံစာ, တာချီလိတ်မြို့မှာလည်း မိုးသည်းအပြီး‌ တောင်ကျချောင်းရေကြီးခဲ့တာကြောင့် မယ်ဆိုင်ချောင်းရေလျှံကာ မြို့ပေါ်ရပ်ကွက်တွေ ရေကြီးရေလျှံခဲ့ပါတယ်။

    ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ မနေ့တုန်းက ဖြစ်ပွားတဲ့ ရုတ်တရက်ရေကြီးမှုအတွင်း ရေထဲ မျောပါသွားတဲ့ အသက် ၄၀ ဝန်းကျင် ဇနီးမောင်နှံ ၂ ဦးရဲ့အလောင်းကို ပြန်တွေ့ပြီလို့ မြို့ခံကူညီကယ်ဆယ်ရေးအဖွဲ့တွေက အတည်ပြုပါတယ်။

    သေဆုံးခဲ့သူတွေဟာ ကျိုင်းတုံမြို့နယ်၊ ဝမ်ဆန်ရွာက ဦးယာနောင်နဲ့ ဒေါ်ဘူးမြောင်တို့ဖြစ်ပြီး မနေ့တုန်းက တောင်ကျချောင်းရေများချိန် နေအိမ်နဲ့အတူ ရေထဲ မျောပါသွားခဲ့ကြတာဖြစ်ပါတယ်။

    သူတို့ ၂ ဦးထဲက အမျိုးသားဖြစ်သူရဲ့အလောင်းကို ကျိုင်းတုံ-တာချီလိတ်ကားလမ်းဘေး ယန်းခချောင်းမှာ ဒီနေ့ မနက်ပိုင်းတုန်းက ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

    အမျိုးသမီးဖြစ်သူရဲ့အလောင်းကိုတော့ မိုင်းဖြတ်မြို့နယ်ထဲက ဝမ်တုံရွာအနီး ဝမ်ပုံချောင်းအတွင်းမှာ မနေ့က ကတည်းက ပြန်လည်တွေ့ရှိထားပြီးဖြစ်ပါတယ်။

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ ကျိုင်းတုံအပြင် တာချီလိတ်မြို့မှာလည်း မနေ့တုန်းက တောင်ကျရေ များပြီး မယ်ဆိုင်ချောင်းရေလျှံခဲ့တာကြောင့် တာလော့စျေးအပါအဝင် ရပ်ကွက်တချို့မှာ ရေကြီးရေလွှမ်းမှု ဖြစ်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ အဲဒီနှစ်မြို့စလုံးမှာ ရေကျသွားပြီဖြစ်လို့ သန့်ရှင်းရေးတွေလုပ်နေပြီဖြစ်ပေမဲ့ မိုးဆက်ရွာနိုင်တဲ့အခြေအနေကြောင့် ရေကြီးမှုထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

  3. မြဝတီမြို့က ထိုင်းငွေ နဲ့ မြန်မာငွေ လဲပေးတဲ့ဆိုင်တွေကို စစ်ကောင်စီဝင်ဖမ်း, ဒီကနေ့ မနက်အထိ စစ်ဆေးမှုတွေဆက်ရှိနေ

    မြဝတီမြို့က ထိုင်းငွေ နဲ့ မြန်မာငွေ လဲပေးတဲ့ဆိုင်တွေကို စစ်ကောင်စီဝင်ဖမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ထိုင်း - မြန်မာ နယ်စပ် နယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ ထိုင်းငွေ နဲ့ မြန်မာငွေ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေကို မနေ့ သြဂုတ် ၁၃ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲ တွေက ဝင်ဖမ်းတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောပါတယ်။

    မြဝတီမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ ကြံခင်းလမ်းထဲက ‌ငွေလဲလုပ်ငန်းလုပ်သူတွေကို ဝင်ဖမ်းခဲ့တာလို့သိရပါတယ်။

    ဒီကနေ့ မနက်အထိလည်းစစ်ဆေးတာတွေဆက်လုပ်နေလို့ အဲဒီလမ်းမှာ ငွေလဲသူတွေမရှိသလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

    ကြံခင်းလမ်းမှာ ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ ဆိုင် ၂၀ကျော်ရှိပြီး အဲဒီထဲမှာ အနည်းဆုံး ၉ ဦး မနေ့ကဖမ်းဆီးခံရကာ ဆိုင်တွေက ငွေတွေနဲ့ ငွေရေ‌တွက် စက်တွေကိုလည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

    ကြံခင်းလမ်းနဲ့ အမှတ် ၁ တံတားအဆင်းတဝိုက် ငွေလဲကောင်တာတွေနဲ့ ညစျေးဘက်အထိ လိုက်ဖမ်းတာလို့ မြို့ခံတွေကပြောပါတယ်။

    ''သူတို့(စစ်ကောင်စီ) ‌ထင်တာကထိုင်းငွေစျေးတက်တာ ဒီကောင်တာတွေကလုပ်လို့တက်တာလို့ထင်နေတယ်။ ဒီကောင်တာတွေကဘယ်လိုလုပ်လို့ရမလဲ။ ထိုင်းငွေစျေးကိုက မြင့်တက်နေတာ။ အခုက လူပဲစစ်ဖို့မေးဖို့ဖမ်းတာလည်းမဟုတ်။ ဘာမှမဆိုင်ဘဲ ပိုက်ဆံတွေလည်းသိမ်း၊ အကုန်သိမ်းလုပ်တယ်။လူတွေကိုလည်းဘယ်ခေါ်သွားလဲမသိဘူး '' လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် မြန်မာငွေ တန်ဖိုးဆက်တိုက်ကျဆင်းပြီး ထိုင်းဘတ်ငွေတစ်ကျပ်ကို မြန်မာငွေ ကျပ် ၈၀ အထိ စျေးပေါက်နေပါတယ်။

    ဒီကနေ့မနက် ပေါက်စျေးအရ ဆိုရင် မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ ၁၂၀၀ လောက်ပဲ ရတော့တဲ့အခြေအနေပါ။

    တခါ မြန်မာငွေစျေးကျဆင်းနေပြီး ထိုင်း‌‌ငွေစျေးတက်နေလို့ မြဝတီမြို့က ကုန်သည်တွေကထိုင်းပစ္စည်းတွေကိုမြန်မာပြည်ဘက် မသွင်းကြတော့တဲ့အထိ ‌နယ်စပ်မှာ ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။

  4. အိုးဘိုထောင်က အစာအငတ်ခံဆန္ဒပြလူငယ်တွေ ကျန်းမာရေးစောင့်ရှောက်မှုမရဘူးလို့ဆို

    အိုးဘိုထောင်က  အစာအငတ်ခံဆန္ဒပြလူငယ်တွေ ကျန်းမာရေးစောင့်ရှောက်မှုမရဘူးလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့ လူငယ်တွေ အားပြတ်နေလို့ ဆေးကုသခွင့်တောင်းဆိုရာ ငြင်းပယ်ခံရတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဩဂုတ် ၈ရက် အစာငတ်ခံဆန္ဒပြသူတွေလည်း သြဂုတ်လ ၁၂ ရက်မှာ ထောင်ဝန်ထမ်းတွေနဲ့ ရုမ်းရင်ဆန်ခတ်ဖြစ် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရတာတွေ ရှိတယ်လို့ ထောင်တွင်းနီးစပ်သူတွေက ပြောပါတယ်။

    "လူငယ်တွေက အားပြတ်နေကြပြီ။ မခံစားနိုင်လို့ ဆေးကုဖို့သွားပြောတာ။ ကုမပေးဘူး။ ဆေးလည်း အရမ်းသောက်ချင်တယ်တဲ့။ ပရာစီတီမော တစ်လုံးတောင် မရဘူးတဲ့"လို့ အိုးဘိုထောင်တွင်း နီးစပ်သူတစ်ဦးက ထောင်တွင်းအခြေနေကို ပြောပြပါတယ်။

    ဩဂုတ်လ ၈ရက်နေ့က နိုင်ငံရေးအကျဉ်းသားရှိတဲ့အဆောင် တစ်ခုလုံးအစာမစားဘဲ ဆန္ဒပြရာ နောက်ရက်မှာ ထမင်းမကျွေးတာကြောင့် ထမင်းပေးဖို့ တောင်းဆိုပါတယ်။

    အရင်ရက်က အငတ်ခံတာ မကျွေးဘူးလို့ ထောင်ဝန်ထမ်းက ပြောဆိုပြီး အစာငတ်ခံ ဆန္ဒပြအဆောင်ထဲက တချို့ကိုသာ ထမင်းပေးတာကြောင့် ဩဂုတ် ၁၁ရက် နေ့လယ်မှာ အကျဉ်းသားအချင်းချင်း ငြင်းခုန်ရန်ဖြစ်ခဲ့လို့ ရဲကိုပါ ခေါ်ရိုက်ခိုင်းတယ်လို့ သိရပါတယ်။

    အဲ့ဒီနောက်မှာ ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့တဲ့ လူငယ် ၁၀ ယောက်ကို တိုက်ပိတ်ခဲ့ရာ နှစ်ဦးမှာ အရိုက်ခံရလို့ အပြင်းထန် ဒဏ်ရာရရှိတယ်လို့ ထောင်တွင်း နီးစပ်သူတွေက ပြောပါတယ်။

    ဗကသများ အဖွဲ့ချုပ်ကလည်း အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြတာကို ဦးဆောင်သူ ကိုနောင်ထက်အောင်ဟာ အိုးဘိုထောင်အတွင်းမှာ ရိုက်နှက်ခံရလို့ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာတွေ နဲ့ အသက်အန္တရာယ် စိုးရိမ်ရပေမဲ့ ဆေးကုသခွင့်မရဘူးလို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    လက်ရှိ အိုးဘိုထောင်ဝင်စာတွေ့ဆုံခွင့်မှာလည်း လူတစ်ယောက်ကို ၁၅ မိနစ်သာ အချိန်ပေးပြီး အကျဉ်းသားနဲ့ တွေ့ဆုံခွင့်ရ မိသားစုဝင်ဟာ စကားပြောရာမှာ အဝေးကနေ အော်ပြောရတယ်လို့ ထောင်တွင်းနီးစပ်သူတွေက ပြောပါတယ်။

    အိုးဘိုထောင်တွင်း ဆေးကုသခွင့်နဲ့ ထောင်တွင်းအခြေနေအကြောင်း အကျဉ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ ထောင်းတွင်း ရိုက်နှက်တာတွေ မရှိသလို ဘာကြောင့်ဖြစ်ဖြစ် ဆေးကုသခွင့် ပေးထားကြောင်းနဲ့ အမှားယွင်းလုပ်မိတဲ့ ထောင်ဝန်ထမ်းရှိခဲ့ရင်လည်း အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ကြောင်း ပြောပါတယ်။

    "အကြောင်းမဲ့ရိုက်ရင် ကျွန်တော်တို့ ဝန်ထမ်းကို အရေးယူပါတယ်။ အစာငတ်ခံ ဆန္ဒပြတာလဲ ကျွန်တော်တို့အမြင်က မသင့်ဘူးလို့ ထင်ပါတယ်။ ဒီနည်းက အကျိုးမထူးဘူးလို့။ ကျွန်တော်တို့ အလုပ်ရှုပ်တာပဲ အဖက်တင်တာပေါ့။ ဒါပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် ဆေးကုပေးပါတယ်။ ရိုက်တယ်၊ နှက်တယ်ဆိုတာ မရှိဘူး။ ဆေးမကုပေးတာလဲ မဟုတ်ဘူး။ ဒီလိုပါ အထဲမှာ တည်ငြိမ်နေတာကို မတည်ငြိမ်အောင် ပြောကြဆိုကြတာ ရှိကောင်းရှိမှာပါလေ။ ဥပဒေအတိုင်းပဲ လုပ်ရပါတယ်"လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဆိုပါတယ်။

  5. စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ခေါ်ဝေါ်သုံးနှုန်းမှု NUG ကန့်ကွက်

    စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ခေါ်ဝေါ်သုံးနှုန်းမှု NUG ကန့်ကွက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၁၂ ခုက ခေါ်ဝေါ်သုံးနှုန်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကန့်ကွက် ပြောဆိုလာပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ ပညာရေး ညီလာခံနဲ့ ပတ်သက်လို့ ပေးပို့တဲ့ ပူးတွဲစာတစောင်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်ဝန်ကြီးချုပ်လို့ သုံးနှုန်းထားတာအတွက် NUG က အခုလို စာထုတ်ပြန်လာတာပါ။

    အဲဒီပူးတွဲစာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ပြည်တွင်းပြည်ပမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အခါ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့(အေအိုင်)က တောင်းပန်စာထုတ်ပြန်ပါတယ်။

    အေအိုင်အဖွဲ့ကတော့ အဲဒီပူးတွဲစာဟာ မြန်မာ စစ်ခေါင်းဆောင်ကိုရော အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေကို ပေးပို့ခဲ့တဲ့ ဆိုတာ သိလည်း မသိရသလို သဘောတူ လက်ခံတာလည်း မရှိဘူးလို့ ပြောပါတယ်။ လက်မှတ်ထိုးဖို့ သဘောတူခဲ့ပေမဲ့ ထုတ်ပြန်ချက် မူကြမ်းကိုသာ တွေ့မြင်ခဲ့ရတယ်လို့ အေအိုင်အဖွဲ့က တုံ့ပြန်ပါတယ်။

    အဲဒီစာကို အေအိုင်အပြင် Save the Children ၊ World Version စတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

    NUG ဘက်ကတော့ စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ်ခေါ်ဝေါ်သုံးနှုန်းမှုနဲ့ပတ်သက်ပြီး အေအိုင်တစ်ဖွဲ့တည်း တောင်းပန်စာ ခပ်တိုတို ထုတ်ပြန်တာ စိတ်ပျက်ဝမ်းနည်းစရာဖြစ်ပြီး မြန်မာလူထုကို စော်ကားတဲ့ သဘောဆောင်သလို သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေတယ်လို့ဆိုပါတယ်။

    ပူးတွဲစာထုတ်ပြန်တဲ့အဖွဲ့အစည်တွေအနေနဲ့ ဖိတ်ကြားစာပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြန်လည်ရုတ်သိမ်းပြီး လူသိရှင်ကြားတောင်းပန်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတဲ့ စာအပြည့်အစုံရေးသား ထုတ်ပြန်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

    ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာအရ မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုကြောင့် ကျောင်းနေအရွယ်ကလေး ၈ သန်းနီးပါး ပညာသင် ကြားမှု အဖွဲ့အရေးဆုံးရှုံးခဲ့တယ်ဆိုတဲ့ဖော်ပြချက်ကို ထောက်ပြပြီး အဲဒီလစ်ဟာမှုကို ဖြည့်ဆည်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းတွေက ကြိုးပမ်းနေတာကို လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပြောဆိုထားပါတယ်။

    ကမ္ဘာ့ပညာရေး၊ သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့(ယူနက်စကို)အနေနဲ့ စက်တင်ဘာလမှာ ပြုလုပ်မယ့် ကုလသမဂ္ဂပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာညီလာခံကို တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသင့်တဲ့အကြောင်း NUG က ပြောထားပါတယ်။

  6. ရေလယ်ကျွန်း၊ လှေခုတ်ရွာ မီးရှို့ခံရ, ရွာ ၅ ရွာက ဒေသခံထောင်ချီစစ်ရှောင်နေရတာ ရက်ပေါင်း ၂၀ ကျော်ရှိနေ

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာ တစ်လနီးပါးကြာနေပြီဖြစ်ပြီး ဒီကနေ့ သြဂုတ်လ ၁၃ ရက် မနက်ပိုင်းမှာလည်း လှေခုတ်ကျေးရွာကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ရေလယ်ကျွန်းဒေသက မင်းရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယပတ်ကတည်းကတပ်စွဲနေထိုင်နေတာကြောင့် အနီးအနားက ဒေသခံကျေးရွာပေါင်း ၅ ရွာလောက်ဟာ ရွာကနေထွက်ပြေးတိမ်းရှောင်နေရတာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၂၀ ကျော်နေပြီဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

    ‘’ မင်းရွာမှာတပ်စွဲထားကတည်းက အနီးအနားကရွာတွေကပြေးနေရတယ်။ မနေ့က ရေယှားရွာကို ပစ်ခတ်စစ်ကြောင်းထိုးတယ်။ ရေယှားရွာကနေ စစ်ရှောင်တွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်တာတွေရှိတယ်။ ဒီကနေ့မနက်တော့ လှေခုတ်ရွာကို မီးဝင်ရှို့တာအခုဖုန်းပြောနေတဲ့အချိန်ထိရှို့နေတုန်းပဲ’’ လို့ ရေလယ်ကျွန်းဒေသခံက ဘီဘီစီကို ဒီနေ့သြဂုတ်လ ၁၃ ရက်မွန်းလွဲပိုင်းမှာ ပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအပြီးရေလယ်ကျွန်း လှေခုတ်ရွာနဲ့ ရေယှားရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ခဲ့တဲ့ဖြစ်စဥ်ရှိခဲ့တဲ့အကြောင်းလည်း ဒေသခံတွေကပြောဆိုထားခဲ့ပါတယ်။

    တဖက်မှာလည်း ‌ရေလယ်ကျွန်းဒေသတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေလည်းဆက်ရှိနေတာကို ‌ရေလယ်ကျွန်းဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

    ရေလယ်ကျွန်း၊ ရွှေခုတ်ရွာမီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, Yal Lal Kyun News

  7. နိုင်ငံရေးပါတီတွေ ကော်မရှင်ခွင့်ပြုမှ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့တွေ့ခွင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက် ပါတီတချို့ကန့်ကွက်

    နိုင်ငံရေးပါတီတွေ ပြည်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ဆိုရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာတွေ့ဆုံရန် ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

    ဒီညွှန်ကြားချက်ကို ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေထံ အီးမေးလ်နဲ့ပေးပို့အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ကော်မရှင်ဟာ ဒီစာကိုထုတ်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ၄၀၈ နဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (စ) ပါပြဋ္ဌာန်းချက်အရလို့ကိုးကားထားပါတယ်။


    အရင်က နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်အဖွဲ့အစည်းဘယ်လူပုဂ္ဂိုလ်ကိုမဆို လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ရှိထားပါတယ်။ အခုတော့ ဒီညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်ခြင်းဟာ ဒီမိုကရေစီနဲ့လည်းမညီညွတ်ဘူးလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

    "ဥပဒေအရပြောရရင် Mother Law ကပဲစပြောရတာပဲ။ ဥပဒေမှာက နိုင်ငံခြားအထောက်အပံ့တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ရယူရင် အရေးယူခွင့်ရှိတယ်လို့ ပါပါတယ်။ အခုက ဒီလို ဥပဒေအရလည်းစစ်ဆေးတွေ့ရှိခြင်းလည်းမရှိဘူး။ သာမန်တွေ့ဆုံတာကို ဒီလို ဥပဒေအရ ငြိစွန်းတယ်ဆိုတဲ့ယူဆချက်ဟာ အဓိပ္ပာယ်လည်းမရှိဘူး၊ သဘာဝလည်းမကျဘူး။ စာထဲမှာပါတဲ့အချက်အလက်အရဆို နိုင်ငံခြားအဖွဲ့အစည်းဆိုတာ သံတမန်လည်းဖြစ်နိုင်တယ်။ အန်ဂျီအို လည်းဖြစ်နိုင်သလို အိုင်အန်ဂျီအို လည်းဖြစ်နိုင်တာပဲလေ။ ပြီးတော့ ကြိုတင်ခွင့်ပြုချက်တောင်းရမယ်ဆိုတာသာပါတယ်။ ဘယ်နှရက်အတွင်း အကြောင်းပြန်ပေးမယ်ဆိုတာလည်းမပါဘူး။ ဘယ်လိုမှလက်တွေ့မကျတဲ့ကြေညာချက်ပဲဖြစ်တယ်။ လက်ရှိ နစကက ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ လှုပ်ရှားခွင့် ကိုအာမခံပေးထားပေမဲ့ အရင်ကမရှိခဲ့ဖူးတဲ့ ချုပ်ချယ်မှုတွေကန့်သတ်မှုတွေလုပ်လာတာဟာ ဖော်ဆောင်ပေးမယ်ဆိုတဲ့ရွေးကောက်ပွဲအပေါ်မှာရော ပါတီစုံဒီမိုကရေစီစနစ်အပေါ်မှာပါ နိုင်ငံတကာကရောပြည်တွင်းကပါယုံကြည်မှုကျဆင်းစေပါတယ်"လို့ပြောပါတယ်။

    ရွေးကောက်ပွဲကော်မရှင်ဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း နိုင်ငံရေးပါတီတွေရဲ့ငွေကြေးလည်ပတ်မှုတွေကိုလည်း လိုက်လံစစ်ဆေးခဲ့တာရှိပြီး အဲဒီလို စစ်ဆေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လက်ခံထားခြင်းမရှိခဲ့ပါဘူး။

  8. မောင်တောပစ်ခတ်မှု ALP တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားတစ်ဦးသေဆုံး, ALP ရဲ့ မွေးမြူရေးခြံအတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဆို

    မောင်တောမြို့နယ်တောင်ပိုင်း သရီကုန်ဘောင်ကျေးရွာအနီးမှာ သြဂုတ် ၁၂ ရက်ညပိုင်းက ပစ်ခတ်မှုတစ်ခုအတွင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားလူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

    ဩဂုတ် ၁၃ ရက်ဒီကနေ့ မနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားတဲ့တွက် ကျေးရွာသားတွေ ထွက်ပြေးနေကြရပါတယ်။

    ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက သရီကုန်ဘောင်ကျေးရွာအနီးအငူမော်-မောင်တောကားလမ်းနံဘေးက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ မွေးမြူရေးခြံအတွင်းမှာအဲဒီ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာပါ။

    မွေးမြူရေးခြံအတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၃၅ နှစ်အရွယ် ALP တပ်ဖွဲ့ဝင် ဦးဌေးလင်းဆိုသူနဲ့ ကဏန်းထောင်ဖို့ရောက်နေတဲ့ သရီကုန်ဘောင်ရွာသား အသက် ၂၂ နှစ်အရွယ် ကိုမြတ်ခိုင်ကျော်တို့ သေဆုံးခဲ့ရပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    အဲ့ဒီအနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စခန်းတွေရှိနေပြီး မောင်တောမြို့နယ်ဟာ လုံခြုံရေးတင်းကျပ်ထားတဲ့ နယ်မြေတစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် ဒီနေ့သြဂုတ် ၁၃ ရက် မနက် ၇ နာရီလောက်မှာတော့ မောင်တော-အငူမော်ကားလမ်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့တိုက်ပွဲတွေ အပြင်အထန်ဖြစ်ပွား ခဲ့ကြတဲ့အတွက် ချိန်ခါလီကျေးရွာသားတွေ ထွက်ပြေးနေကြရပါတယ်။

    အဲ့ဒီတိုက်ပွဲဟာ အငူမော်ဘက်ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အေအေဘက်ကနေ ကြားဖြတ်တိုက်ခိုက် ခဲ့တဲ့အတွက် အကျအဆုံးတွေရှိခဲ့တယ်လို့ ဒုံးပိုက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက်တင်းမာမှုတွေရှိနေပြီး ရသေ့တောင်မြို့နယ်မှာတော့ နှစ်ဖက်အပြန်အလှန်တပ်စွဲပြီး စစ်ရေးပြင်ဆင်နေကြတဲ့အချိန် တိုက်ပွဲစတင် ဖြစ်ပွားလာခဲ့တာလည်း ဖြစ်ပါတယ်။

    မောင်တောမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီဘက်က တပ်စခန်း ၇ ခုအထိ ဆုတ်ခွာခဲ့ရပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

    မောင်တော

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် မှားယွင်း ခေါ်ဝေါ်သုံးစွဲခဲ့မှုအတွက် အေအိုင်အဖွဲ့ တောင်းပန်

    စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ ပညာရေး ညီလာခံနဲ့ ပတ်သက်လို့ ပေးပို့တဲ့စာမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် မှားယွင်း ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အတွက် အေအိုင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် လူ့အခွင့်အရေးအဖွဲ့က တောင်းပန်လိုက်ပါတယ်။

    သြဂုတ်လ ၁၁ ရက်နေ့က HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပေးပို့ခဲ့တဲ့ ပူးတွဲစာတစောင်မှာ အေအိုင်အဖွဲ့အပြင်၊ Save the children ၊ World Version စတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က လက်မှတ်ရေးထိုးထားတဲ့စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် အဖွဲ့အစည်းတချို့က အခုလို ထုတ်ပြန်ခဲ့တာပါ။

    အေအိုင်အဖွဲ့အနေနဲ့ ဒီစာကို မြန်မာ စစ်ခေါင်းဆောင်ကိုရော အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေကို ပေးပို့ခဲ့တဲ့ ဆိုတာ သိလည်း မသိရသလို သဘောတူ လက်ခံတာလည်း မရှိဘူးလို့ ဆိုပါတယ်။

    နယူးယောက်မှာ ကျင်းပမယ့် ပညာရေးဆိုင်ရာ အခွင့်အရေး ညီလာခံနဲ့ ပတ်သက်တဲ့ ပူးတွဲထုတ်ပြန်ချက်တစောင်မှာ လက်မှတ်ထိုးဖို့ သဘောတူခဲ့ပေမယ့် ထုတ်ပြန်ချက် မူကြမ်းကိုသာ တွေ့မြင်ခဲ့ရတယ်လို့ အေအိုင်အဖွဲ့က တုံ့ပြန်ပါတယ်။

    အခုလိုမျိုး မှားယွင်းမှုအတွက် တောင်းပန်သလို အေအိုင်အဖွဲ့အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတော် အကြီးအကဲအဖြစ် အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

    အရပ်ဖက်အဖွဲ့အစည်းတွေအပါအဝင် မြန်မာ လူထုတွေကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒီလုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ အမျက်ဒေါသထွက်နေကြပြီး လူမှုကွန်ရက်ပေါ်မှာလည်း ကျယ်ကျယ်လောင်လောင် ကန့်ကွက်ပြောဆိုနေကြပါတယ်။

    AI

    ဓာတ်ပုံ ရင်းမြစ်, AI

  10. ရွှေပြည်သာမှာ အမျိုးသမီးရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး

    ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ ဒီကနေ့ သြဂုတ် ၁၃ ရက် နေ့လယ်ပိုင်းကအမျိုးသမီးရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။အမျိုးသမီး ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးဟာ ဒီကနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က အုပ်ချုပ်ရေးမှူရုံးကပြန်လာချိန် တပင်‌ရွှေထီးလမ်းမ၊ ဇောတိကပန်းခြံအနီးက အ.မ.က ၁၉ ကျောင်းရှေ့မှာ အမည်မသိလူတစ်စုက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ်တွင်းသတင်းတွေကို‌ ဖော်ပြပေးနေတဲ့ Shwe Pyi Thar Information မှာ ဖော်ပြထားပါတယ်။ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဒေါ်ယဥ်ယဥ်အေးဟာ နေရာမှာပဲ သေဆုံးသွားပြီး အတူပါလာတဲ့အမျိုးသားဖြစ်သူကတော့ လက်မောင်းမှာ သေနတ်ဒဏ်ရာရှပ်ထိခဲ့တယ်လို့ သိရပါတယ်။"အမျိုးသမီးရာအိမ်မှူးကတော့ နေရာမှာပဲ ပွဲချင်းပြီးဆုံးပါတယ်။ သူက စစ်ကောင်စီသတင်းပေးလားမပေးလားတော့ အတည်ပြုလို့မရပေမဲ့ ဧည့်စာရင်းတွေစစ်ရင် မချေမခံပြောတာ၊ စကားပြောကြမ်းတာတော့ နာမည်ကြီးတယ်။ အာဏာသိမ်းပြီးမှ ရာအိမ်မှူးလုပ်တဲ့သူပါ’’ လို့ ရွှေပြည်သာ ဒေသခံတစ်ဦးကပြောပါတယ်။ပစ်ခတ်မှုအပြီးမှာတော့ အလောင်းကို လူနာတင်ယာဥ်နဲ့ သယ်ဆောင်သွားပြီး ရွှေပြည်သာ ၁၉ ရပ်ကွက်ဘက်မှာလည်း ရာအိမ်မှူးနဲ့ လူတစ်စု ဓါးရှည်တွေကိုင်ဆောင်ပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့ Shwe Pyi Thar Information မှာ ဖော်ပြထားပါတယ်။ရွှေပြည်သာမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအများစုကတော့ စစ်အာဏာသိမ်းပြီးမှခန့်အပ်သူတွေဖြစ်ကြပြီး ဒေသကာကွယ်ရေးတပ်တွေက နုတ်ထွက်ဖို့ ကျည်ဆန်နဲ့ တကွ သတိပေးစာတွေ ပေးပို့တာခံထားရသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ရွှေပြည်သာမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက် ညပိုင်းက ရွှေပြည်သာ ၇ ရပ်ကွက်နဲ့ ၁၀ ရပ်ကွက်တွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့အုပ်ချုပ်ရေးမှူးရုံးတွေမှာပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ထားပါတယ်။ဒီအခြေအနေတွေကြောင့် မြို့နယ်အတွင်းက လမ်းဆုံ၊လမ်းခွတွေမှာ စစ်ကောင်စီတပ်သားတွေအရင်ထက် အင်အားပိုတိုးပြီး လုံခြုံရေးယူထားတယ်လို့လည်း ရွှေပြည်သာဒေသခံတွေကပြောပါတယ်။

    ရွှေပြည်သာ ရာအိမ်မှူး အမျိုးသမီး ပစ်ခတ်ခံရမှု

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ အဖမ်းခံထားရတဲ့ အရပ်သား ၅၀ လောက်ရှိနေ

    စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ ဒေသခံအရပ်သား ၅၀ ဝန်းကျင်လောက် ဒီနေ့ ဩဂုတ် ၁၃ ရက် မနက်ပိုင်းအထိ အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရင်ပေါင်တိုင်ရွာကို ဩဂုတ် ၁၀ ရက်လောက်မှာ ဝင်ရောက်တပ်စွဲပြီး အရပ်သားတချို့ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မနေ့က ဩဂုတ် ၁၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့အကြောင်း၊ ဓားစားခံတချို့ကို ကယ်ထုတ်နိုင်ပြီး တိုက်ပွဲအသာစီးရတော့မယ့်အချိန်မှာ လေကြောင်းကနေ ပစ်တာကြောင့် ရှောင်တိမ်းခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

    “ ဝင်စီးနိုင်တာ ၉၅ ရာခိုင်နှုန်းလောက် ဖြစ်နေပြီ။ စစ်ကောင်စီဘက်က သေတာက တော်တော်များတယ်။ မျက်မြင်ပဲ။ အဲအချိန်မှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ရောက်လာပြီး စက်သေနတ်တွေ၊ ဗုံးသီးတွေနဲ့ပစ်တာ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ဒဏ်ရာရတာ ၅ ယောက်လောက်ရှိတယ်။ “လို့ ပြောပါတယ်။

    ရွာထဲကို ပြည်သူ့ကာကွယ်‌ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းကိုတွေ့ရပြီး တချို့မှာ အနံ့အသက်ထွက်နေပြီဖြစ်တာကြောင့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့ ဩဂုတ် ၁၀ ရက်ကတည်းက အသတ်ခံထားရတာ ဖြစ်နိုင်တဲ့အကြောင်း၊ အဲ့ဒီအလောင်းတွေဟာ အရပ်သားလား၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေလားဆိုတာ သေချာမသိကြရသေးတဲ့အကြောင်းလည်း ပြောပါတယ်။

    စစ်ကောင်စီလက်အောက်ခံ သတင်းဖြန့်တဲ့အဖွဲ့တချို့ကတော့ ရင်ပေါင်တိုင်ရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၇ ယောက်ကို အသေဖမ်းမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲ့ဒီသေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အရေအတွက်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    အဲဒီတိုက်ပွဲပြီးချိန်မှာတော့ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးအပါဝင် အရပ်သားတွေရှိနေပြီး ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ၊ မုံရွာမြို့ စတဲ့နေရာက အင်အားတွေကို ထပ်ဖြည့်နေတာကြောင့် ဒီနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေတုန်းလို့ ပြောပါတယ်။

    စစ်ကြောင်းထိုး၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်

    ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ ယင်းမာပင်မြို့နယ် ဒေသခံတွေ
  12. မယ်ဆိုင်ချောင်းရေလျှံပြီး တာချီလိတ်မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ရေကြီး, မြို့ပေါ် ရပ်ကွက်တချို့မှာ အကူအညီပေးဖို့ သွားရောက်ဖို့ခက်ခဲနေ

    မြန်မာ-ထိုင်းနယ်စပ်ဒေသက မယ်ဆိုင်ချောင်းရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ မှာ မနေ့ သြဂုတ် ၁၂ ရက်ညပိုင်းကစပြီးရေကြီးရေလျှံမှုဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ သြဂုတ် ၁၃ ရက်မနက်ပိုင်းအထိ မြို့ပေါ် ရပ်ကွက်တွေမှာ ရေပြန်မကျသေးဘဲ တာချီလိတ်မြို့ပေါ်က ပုန်းထွန်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောင်းရပ်ကွက်၊ ပါလျံရပ်ကွက် နဲ့ မိုင်းကိုးရပ်ကွက်တွေမှာ ရေကြီးမှုမြင့်တက်နေပြီး ရပ်ကွက်တချို့ကို လူမှုကယ်ဆယ်ရေး သွားရောက်ဖို့ခက်တဲ့အခြေအနေဖြစ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    ‘’ အခြေအနေက တော်တော်လေးဆိုးနေတယ်။ တာလော့ဘက်နဲ့ မယ်ခေါင်ဘက်၊ မကာဟိုခမ်းမေဖလားဝါးကွင်းဘက်ဆို သွားကယ်လို့တောင်မရဘူးဖြစ်နေတယ်။ ထမင်းဗူးသွားပေးဖို့လည်းအဆင်မပြေဘူး။ သူတို့လည်းထွက်ဖို့က စက်လှေအင်အားနည်းတော့စက်လှေစောင့်ပြီးကယ်ထုတ်နေရတယ်။ အခြေအနေကတော်တော်ဆိုးနေတယ်’’ လို့ တာချီလိတ်မြို့တွင်းကူညီကယ်ဆယ်မှုတွေလုပ်ပေးနေတဲ့ လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူကပြောပါတယ်။

    လက်ရှိမှာလည်း မယ်ဆိုင်ချောင်းရေ အခြေအနေဟာ စိုးရိမ်ရေမှတ်ထက်မြင့်တက်နေတာကြောင့်လမ်းပိုင်းတချို့ကိုပိတ်ထားပြီး လူမှုကူညီရေးအသင်းတွေရဲ့ ကူညီကယ်ဆယ်မှုတွေအပြင် လမ်းပိုင်းတချို့ကို သဲအိတ်တွေနဲ့ကာရံတာတွေလုပ်နေရတယ်လို့လည်းသိရပါတယ်။

  13. တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင် ပြန်လည်လွတ်မြောက်

    တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ဒီနေ့ သြဂုတ်လ ၁၃ ရက်မနက်မှာအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။ အကျဥ်းထောင်တွင်းမှာ ၃ နှစ် ၃ လနဲ့ ၃ ပတ်ကြာပြီးတဲ့နောက် သူပြန်လာပြီဖြစ်ကြောင်းနဲ့ အားလုံးကိုကျေးဇူးတင်ကြောင်းနဲ့ သူ့ကိုနားလည်ပေးဖို့ ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားထားတာတွေ့ရပါတယ်။

    “သူကတော့ အိမ်ပြန်ရောက်ပြီ။ သူ့မိသားစုရော၊ သူ့ဖုန်းတွေရောပိတ်ထားတယ်။ အကြောင်းတစ်ခုခုကြောင့်နေမယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ဦးနေမျိုးဇင်ဟာ ၂၀၁၉ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွေမှာ စစ်တပ်ကို ၀ေဖန်တဲ့ ဟောပြောချက်တွေ၊ သိက္ခာကျအောင်ရေးသားပြောဆိုတာကြောင့်ဆိုပြီးအကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (စစ်ကောင်စီလက်ထက် ဥပဒေမပြင်ဆင်မီတုန်းက ဖြစ်ပါတယ်) နဲ့ စစ်တပ်က အမှုဖွင့်တရားစွဲဆိုခဲ့တဲ့နောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

    ဦးနေမျိုးဇင်ကို ကော့သောင်းအကျဥ်းထောင်မှာ ပို့ဆောင်ခဲ့တာဖြစ်ပြီး ခုမနက် ပြန်လည်လွတ်မြောက်လာချိန်မှာ နောက်ဆုံးဘယ်အကျဥ်းထောင်ကနေပြန်လည်လွတ်မြောက်လာတာလဲ၊ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတာလားဆိုတာကိုတော့ အသေးစိတ်သိရဖို့ ဦးနေမျိုးဇင်ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ဗိုလ်ကြီးဟောင်းနေမျိုးဇင် ပြန်လွတ်မြောက်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ထောင်ချခံရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်
  14. ဒီပဲယင်းမှာ အဖမ်းခံထားရတဲ့ အရပ်သား ၅၀ ခန့် ၁၀ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

    ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီသြဂုတ်လဆန်းပိုင်းကစလို့ လေကြောင်းကနေရော မြေပြင်ကနေပါ ပူးပေါင်းတိုက်စစ်ပြလုပ်ကာ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပါတယ်။

    ရွာစဥ်တစ်လျှောက် စစ်တပ်၀င်ရောက်ရာ ကျေးရွာတွေကနေ ပြန်လည်ထွက်ခွာသွားပြီဆိုရင် ရွာတွေကို မီးရှို့ခဲ့တာ၊ ရွာက ဒေသခံအရပ်သားတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိနေပြီး အဲဒီထဲက အရပ်သား ၅၀ ခန့်က အခု သြဂုတ်လလယ်ပိုင်းအထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ကိုင်းကံကျေးရွာကို လေကြောင်းနဲ့ အင်အားချပြီးနောက် ကျေးရွာကိုမီးရှို့ပြီး ကိုင်းကံ၊ လျှော်ဖြူ၊ အင်ပင်ယဒင်၊ ဘုရားထွက်၊ နဂါးဘို၊ မြင်းတန့်ကျေးရွာ စတဲ့ ကျေးရွာတွေကိုပါ ဆက်စစ်ကြောင်းထိုးပြီးနောက် ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    “ သူတို့တွေကို ရေဦးဆေးရုံမှာ ဆက်ခေါ်ထားတယ်လို့သိရတယ်။ ပြန်မလွှတ်သေးဘူး။ သူတို့နဲ့ပတ်သက်တဲ့ တခြားသတင်းအချက်လက်လည်း မရကြသေးဘူး“ လို့ ဖမ်းဆီးထားရသူတွေရဲ့ အခြေအနေကို ဒေသခံတစ်ယောက်က ပြောပါတယ်။

    ဩဂုတ် ၄ ရက်က အဲ့ဒီစစ်ကြောင်းစတင်ဝင်ရောက်တဲ့ ကိုင်းကန်ကျေးရွာမှာ နေအိမ် ၁၄၅ လုံးမီးလောင်ခံရပြီး အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်း ၈ လောင်းတွေ့ခဲ့သလို ညောင်လှရွာမှာ ဆိုင်ကယ်နဲ့တွဲရက် အသတ်ခံရပြီး မီးရှို့ခံရသူတစ်ယောက်၊ ယဉ်ကျေးရွာ အနောက် တောလမ်းလယ်ကွင်းမှာ ပစ်သတ်ခံရသူတစ်ယောက်ရှိတယ်လို့ ဒေသကူညီ‌ရေးအဖွဲ့တွေက ပြောပါတယ်။

    ဒ့ါအပြင် အိမ်ခြေ သုံးထောင်ကျော်ရှိတဲ့ မူးကမ်းကြီးကျေးရွာကို ဩဂုတ် ၈ ရက်ကနေ ၁၀ ရက်အထိ မီးရှို့တာကြောင့် အိမ်ခြေ ၉၀၀ ဝန်းကျင် မီးလောင်ကျွမ်းတယ်လို့လည်း ပြောပါတယ်။

    လက်ရှိမှာဆိုရင် အရာတော်မြို့နယ်ဘက်ကနေ နောက်ထပ်ရောက်လာတဲ့ စစ်ကြောင်းက လက်လှုပ်ရွာမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီပဲယင်းမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၃၀ ကျော်က နေအိမ် ၁၅၀၀ ကျော် အပါဝင် ဆန်စက်၊ ဆိုင်ကယ်၊ ကား၊ စပါး၊ လယ်ယာသုံးပစ္စည်းတွေ မီးရှို့ခံရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒီပဲယင်း၊ မူးကမ်းကြီး ၊ အိမ်ခြေ ၉၀၀ ကျေ်

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်ညီနောင်များ

    ဓာတ်ပုံ ပုံစာ, သုံးရက်ဆက်တိုက် မီးရှို့ခံရတဲ့ မူးကမ်းကြီးကျေးရွာ
  15. စစ်ကိုင်းဒေသ ဖြတ်လေးဖြတ် စစ်ဆင်ခံနေရ

  16. မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပထမဆုံး ပြစ်ဒဏ်စချ

  17. ယင်းမာပင်၊ ရင်ပေါင်တိုင်ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးပြီး ဖမ်းဆီးခံရသူတွေလည်းရှိ, ဒေသခံအများစုလည်း ကျေးရွာထဲပိတ်မိ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ရင်ပေါင်တိုင်ရွာကို မနေ့သြဂုတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြကြပါတယ်။

    မနေ့မနက်ပိုင်းကျေးရွာအနီးကိုလေကြောင်းနဲ့ အနီးကပ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်အင်အားတွေနဲ့အလုံးအရင်းဝင်ရောက်လာတာဖြစ်ပြီးဒီတိုက်ခိုက်မှုမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အများအပြားဖမ်းဆီးခံရလိုက်ရပြီး ထိခိုက်ကျဆုံးသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    "လေကြောင်းကနေ အနီးကပ် ပစ်ပြီး စစ်ကူချတာ၊ ပစ်ရင်း စစ်တပ်ချတဲ့သဘောလုပ်သွားတာ။ လက်ရှိမှာတော့ ရွာထဲမှာ ရွာသားရာချီပိတ်မိနေတယ်၊ နယ်မြေခံကာကွယ်ရေးတပ်တွေလည်းဖမ်းဆီးခံထားရပြီး ကျဆုံးတွေလည်းရှိတယ်’’ လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတွေကပြောပါတယ်။

    မနေ့သြဂုတ်လ ၁၁ ရက်နေ့မှာတော့ ရင်ပေါင်တိုင်ကျေးရွာက ဒေသခံ ၁၀၀ လောက်ကို ကျေးရွာထဲမှာ ပိတ်ဆို့ဖမ်းဆီးထားပြီး ဒီကနေ့မှာတော့ အမျိုးသမီးတွေကိုပြန်လွှတ်ပေးပြီး ဒေသခံအမျိုးသားတွေကိုတော့ လူသားဒိုင်းအဖြစ်ဖမ်းဆီး‌ခေါ် ဆောင်ပြီးကျေးရွာထဲတပ်စွဲထားတယ်လို့ သိရပါတယ်။

    ယင်းမာပင်မြို့နယ်က ရင်ပေါင်တိုင်ရွာနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဒေသခံ PDF ၇ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    YinMarBin, Sagaing

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီသတင်းတွေကိုဝါဒဖြန့်ချီနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာထုတ်ပြန်ထားတဲ့ဒေသကာကွယ်ရေးတပ်တွေဆီကအတွင်းသိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ