ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်နဲ့ ကျောက်ဖြူမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်တင်

    မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကရဲ့ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ ရန်ကုန်တိုင်း ရန်ကုန်မြို့မှာ မိုးရေချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်အသစ်တင်တယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာဆိုရင် အရင်စံချိန်ကျိုးခဲ့တဲ့ ၁၉၉၄ ခုနှစ် ဩဂုတ် ၈ ရက်မှာ ၁၀ဒသမ၇၀ လက်မ ရှိတာကနေ နှစ်ပေါင်း ၅၈ နှစ်အကြာ ဒီနှစ် ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်မှာတော့ မိုးရေချိန်လက်မ ၁၉ ဒသမ ၇၆ အထိ ၊ ရန်ကုန်မြို့မှာတော့ အရင်စံချိန်ကျိုးတဲ့ ၂၀၁၉ ခုနှစ် ဩဂုတ် ၇ ရက်မှာ မိုးရေချိန်လက်မ ၅ ဒသမ ၈၇ ကနေ နှစ်ပေါင်း ၅၄ နှစ်အကြာ ဒီနှစ် ဩဂုတ် ၁၇ ရက်မှာတော့ ၆ ဒသမ ၆၉ အထိ ရောက်ရှိခဲ့တာပါ။

    မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက

    “ မိုးက နောက် တစ်ရက် နှစ်ရက်လောက်အထိ ဆက်ရွာဦးမယ်၊ ရန်ကုန်ကတော့ လောလောဆယ်ရေကြီးနေတာပေါ့ အရှေ့ဘက်က လေပွေလှိုင်းဖြတ်တာရှိပြီး လက်ရှိလည်း လေပွေလှိုင်းက မြစ်ဝကျွန်းပေါ်မှာပဲ ဆက်ရှိနေသေးတော့ ၊ နောက်ထပ်လည်း မိုးရွာနိုင်တော့ နေ့နေ့ညည သတိထားဖို့လိုမယ်” လို့ ပြောပါတယ်။

    မုတ်သုံလေအားအလွန်ကောင်းတာကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တွေသာမက ပဲခူးတိုင်းမှာလည်း မိုးကြီးခဲ့တဲ့အကြောင်း၊ မိုးရေချိန်မြင့်တက်ခဲ့တဲ့အထဲမှာ ကျောက်ဖြူ၊ ကျိုက်မရော၊ ပေါင်၊ ချောင်းဆုံ၊ ခရမ်း၊ ရေး၊ မုဒုံ၊ မော်လမြိုင်၊ ရန်ကုန်၊ သထုံ၊ ကြာအင်းဆိပ်ကြီးမြို့တွေပါဝင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

    မိုးရေချိန် စံချိန်ကျိုး၊ နှစ်ပေါင်း ၅၄ နှစ်အတွင်း၊ ရန်ကုန်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နှစ်ပေါင်း ၅၄ နှစ်အတွင်း မိုးရေချိန်စံချိန်ကျိုးတဲ့ ရန်ကုန်
  2. မော်လမြိုင်မြို့ပေါ်က ရပ်ကွက် ၁၂ ခုမှာ ရေကြီးနေ, ကျိုက်မရောနဲ့ ချောင်းဆုံမှာလည်း ရေကြီး၊ မြေပြိုမှုဖြစ်

    မော်လမြိုင်မြို့ ၊ ဇေယျာမြိုင်ရပ်ကွက်က ရေကြီးမှု

    ဓာတ်ပုံ ရင်းမြစ်, မော်လမြိုင်ကယ်ဆယ်ရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, မော်လမြိုင်မြို့ ၊ ဇေယျာမြိုင်ရပ်ကွက်က ရေကြီးမှု

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ မိုးများပြီး သံလွင်မြစ်ရေတက်တာကြောင့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက် ၁၂ ခုမှာ ရေကြီးနေတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

    မော်လမြိုင်မြို့ပေါ်ကသာယာ‌အေး၊ ရွှေပြည်အေး၊ သီရိမြိုင်၊ ဇေယျာမြိုင်စတဲ့ ရပ်ကွက် ၁၂ ခုမှာ ရေတက်နေတာ ၃ ရက်ထဲ ဝင်လာပြီဖြစ်ပြီး ဒီနေ့ အထိ သိသိသာသာရေကျဆင်းတာမျိုး မရှိသေးဘူးလို့ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    ‘’ညကလည်း တညလုံး မိုးများတယ်။ရေက တစ်ထွာလောက်ကျသွားပေမဲ့ မိုးရေရော၊ ဒီရေပါ တက် နေတဲ့ အချိန်ဆိုတော့ ခါးလယ်လောက်ရှိတဲ့ရေက သိသိသာသာမကျသွားပါဘူး။ အခုတောင် အိမ်ခြေ ၄၀၀ နီးပါးစာ ထမင်းထုပ် အကူအညီပေးဖို့ သွားနေတယ်’’ လို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ မော်လမြိုင်မြို့ပေါ်က ရေဘေးသင့်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။

    ချောင်းဆုံမြို့နယ်ထဲက ကလော့ကျေးရွာမှာလည်း မြေပြိုမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ချောင်းဆုံမြို့နယ်ထဲက ကလော့ကျေးရွာမှာလည်း မြေပြိုမှုဖြစ်

    တစ်ချိန်တည်းမှာပဲ ချောင်းဆုံမြို့နယ်ထဲက ကလော့ကျေးရွာမှာ ဒီနေ့ မနက် ၆ နာရီဝန်းကျင်တုန်းကကလော့တောင်စောင်းမြေနံရံ ပြိုကျမှုဖြစ်ခဲ့ပါတယ်။

    ကလော့ကျေးရွာဟာ ကလော့တောင်စောင်းတလျှောက်မှာ အိမ်တန်း အဖြစ် တည်ဆောက်ထားတာဖြစ်တာကြောင့် ဒီနေ့ မနက်မြေပြိုမှုမှာ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

    ကျိုက်မရောမြို့နယ်လည်း အတ္တရံမြစ်ရေ မြင့်တက်ခဲ့တာကြောင့် မြစ်အနီးနားနေထိုင်တဲ့ကျေးရွာတချို့က လူနေအိမ်တွေထဲ ရေဝင်ရောက် နစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

  3. သမ္မတနဲ့ အတိုင်ပင်ခံအပါဝင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်သူ ၂၃၀ ကျော် ကျော်ကို အမှုတွဲပေါင်း ၁၉၅ မှု နဲ့ တရားစွဲထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော

    ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ပြုမှုတွေမှာ ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူတွေကို အရေးယူဆောင်ရွက်နေပြီး အဲ့ဒီထဲမှာ ကျူးလွန်သူ ၂၃၉ ယောက်ကို ၁၉၅ မှုနဲ့ တရားစွဲဆိုထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

    အဲ့ဒီအထဲမှာ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဌဟောင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေ ပါတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

    “ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ကျူးလွန်သူတွေကို အရေးယူပြီး ဒါကိုနမူနာယူကာ စနစ်အပါဝင် လိုအပ်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို ပြင်ဆင်သွားမှာဖြစ်ပါတယ် “လို့ ပြောပါတယ်။

    စစ်တပ်ဘက်က မဲမသမာမှုတွေ၊ ရွေးကောက်ပွဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့ကြတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေဘက်ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲက တရားမျှတပြီး၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေဖြစ်ခဲ့တယ်လို့ တုန့်ပြန်ထားကြပါတယ်။

    လက်ရှိမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာအသုံးပြုတယ်ဆိုပြီး စစ်ကောင်စီရဲ့ကော်မရှင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) နဲ့တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့အပြီးသတ်လျှောက်လဲချက်ကို လာမယ့်သီတင်းပတ်မှာ တင်ပြရဖို့ရှိပါတယ်။

    အဲဒီလိုအပြီးသတ်လျှောက်လဲချက်တင်ပြပြီးရင် တရားရုံးလုပ်ငန်းစဉ်အရ အပြီးသတ်အမိန့်ချမှတ်ဖို့သာ ကျန်ရှိတာဖြစ်ပါတယ်။

    ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင် ၃ နှစ်ထိ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

    ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရောသမ္မတကပါ အပြစ်မရှိကြောင်းငြင်းဆိုထားပြီး အတိုင်ပင်ခံက မဲစာရင်းများမှန်ကန်ရေး ဖွဲ့စည်းခဲ့တဲ့အဖွဲ့တွေနဲ့ပတ်သက်လို့ ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှု၀င်ကြီးကြပ်ရေးအပါအ၀င် ဌာနစုံကတာ၀န်ရှိသူတွေနဲ့ ပါ၀င်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီသာ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

    သတင်းစာရှင်းလင်းပွဲ၊ မဲမသမာမှု၊ တရားစွဲ

    ဓာတ်ပုံ ရင်းမြစ်, သတင်းစာရှင်းလင်းွဲ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး
  4. ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဖို့ရှိ

    ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဖို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီနေ့ မွန်းလွဲ ၂ နာရီမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။

    အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဥ်နဲ့ပတ်သတ်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

    ‘‘တွေ့ဆုံမှုကနေ ကောင်းမွန်တဲ့ရလာဒ်ရဖို့ မျှော်လင့်ထားတယ်လို့ ကျွန်တော်တို့ ပြောဆိုလိုပါတယ်’’ လို့ သူကပြောပါတယ်။

    အထူးကိုယ်စားလှယ်ဟာ လက်ရှိ မြန်မာနိုင်ငံအစိုးရနဲ့ တရားဝင် တွေ့ဆုံတာ ဖြစ်ပါတယ်လို့လည်း သူက ထပ်လောင်းပြောသွားတာတွေ့ရပါတယ်။

    အထူးကိုယ်စားလှယ်ရဲ့အခုခရီးစဥ်ကို စစ်ကောင်စီဘက်က လိုရာစွဲသုံးတာမျိုး မဖြစ်အောင် သတိထားသင့်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

  5. စစ်ကိုင်း-မန္တလေးမြစ်ကူးတံတား‌ပေါ် ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက်၊ ခရီးသည်နှစ်ယောက် သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်

    စစ်ကိုင်း-မန္တလေးမြစ်ကူးတံတား‌ပေါ် ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက်ကို ဖမ်းမိပြီး ခရီးသည်နှစ်ယောက် သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန် မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာပုံတံတားပေါ်က စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ယာဉ်တစ်စီးကို ဒီနေ့ ဩဂုတ် မနက်က စစ်ဆေးချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်က ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒီနေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးပြီး တစ်ယောက်ကို ဖမ်းမိတဲ့အကြောင်း၊ ဖမ်းမိသူကို စစ်ဆေးတဲ့အခါမှ သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ ဖမ်းမိတဲ့အကြောင်း၊ ခရီးသည်နှစ်ယောက်လည်း သေဆုံးတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲအစမှာ ပြောပါတယ်။

    “ ခရီးသည်အမျိုးသားတစ်ယောက်ကတော့ ကျည်ထိပြီးသေဆုံးတယ်။ ဓားစာခံလုပ်ခံရတဲ့ ခရီးသည်အမျိုးသမီးတစ်ယောက်ကတော့ ခြေထောက်ကို ကျည်မှန်ပေမဲ့ လျှော့ဖြစ်ပြီး သေဆုံးသွားတယ် “ လို့ ပြောပါတယ်။

    ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ခရီးသည်တွေကို စစ်ဆေးရုံမှာ ကုသပေးနေတယ်လို့ ပြောပါတယ်။

    စစ်ကိုင်းဘက်ခြမ်း ရတနာပုံ တံတားထိပ်မှာ မနက် ၉နာရီကျော်က တံတားပေါ် ကားတန်းကြီးတွေ ဖြစ်ပေါ်နေသလို စစ်ကောင်စီဘက်က စစ်ကား၊ ရဲကားနဲ အင်အား ၂၀၀ဝန်းကျင်က စစ်ဆေးတာလုပ်နေပြီး လမ်းပေါ်မှာ သွေးကွက် အများပြားကို တွေ့မြင်ရတဲ့အကြောင်း တံတားဖြတ်သန်းခဲ့သူက မြင်တွေ့ခဲ့ရသမျှ ပြောပြပါတယ်။

    Updated – 18 August

    ဖြစ်စဉ်ကိုသိတယ်ဆိုတဲ့ ဒေသခံတစ်ယောက်က" တံတားထိပ် နှစ်ဖက်လုံး စစ်ကောင်စီ စစ်သားတွေနေရာယူ ပိတ်ထားတာ။ တံတားထိပ်မှာကို Express ယာဉ်ရပ်ခိုင်းပြီး စစ်ဆေးတော့ အချက် ၁၀၀ ကျော်လောက်ရှိမယ်။ စက်သေနတ်နဲ့ ဆွဲပစ်တာ နေမှာ။ လူငယ် သုံးယောက်သေတယ်။ ဘေးနားက ခရီးသည်နဲ့ စစ်ဘက်ကနှစ်ယောက်ကို ဆေးရုံကားနဲ့ ခေါ်သွားတာ" လို့ ပြောပါတယ်။

    ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ယာဥ်မောင်းက သတင်းပေးပို့မှုကြောင့် စစ်ဆေးမှုရှိတယ်ဆိုတဲ့ ပြောဆိုမှုတချို့ ရှိခဲ့ပါတယ်။

    အဲဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ယာဥ်လိုင်းက မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

    သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခြားအကြောင်းတစ်စုံတရာကို မသိရှိဘဲ ပုံမှန်မောင်းနှင်ခဲ့ကြောင်း၊ ယာဥ်နဲ့အတူ ယာဥ်ဝန်ထမ်းများလည်း အခု ထိန်းသိမ်းခံနေရကြောင်းနဲ့ ထိခိုက်ဒဏ်ရာရ ကျဆုံးခဲ့တဲ့ ခရီးသွားတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း သူတို့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပစ်ခတ်မှုဖြစ်၊ PDF နှစ်ယောက်သေဆုံး၊ ခရီးသည်တင်ကား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရတနာပုံ ဧရာဝတီမြစ်ကူးတံတား (ပုံဟောင်း)
  6. ပေါက်မြို့နယ် ချိုင်စောက်ရွာ နေအိမ် ၇၀ နီးပါးမီးရှို့ခံရ

    မကွေးတိုင်း မြိုင်မြို့နယ်ကနေ ထွက်လာတဲ့စစ်ကြောင်းဟာ ပေါက်မြို့နယ် ချိုင်စောက်ရွာကို မနေ့က ဩဂုတ် ၁၆ ရက်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ နီးပါး မီးလောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေကို ချိုင်စောက်ရွာနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ခဲ့ပြီး တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက ချိုင်စောက်ရွာကို မီးရှို့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    “ ချိုင်စောက်က ကုန်းမြင့်လေးပေါ်မှာ တည်ထားတာ အပေါ်မှာရှိတဲ့ နေရာအဲဒီမှာမှ ၊ တောင်ကုန်းအောက်နားမှာရှိတာကို အောက်စု အပေါ်မှာရှိတာကို အထက်စုဆိုပြီး ခွဲခေါ်ကြတယ်။ အထက်စုက နေအိမ် ၅၀ လောက်၊ အောက်စုက ၁၇ လုံးလောက်ပါသွားတယ်။ ဒေသခံတွေ ပြန်မဝင်ရဲကြသေးဘူး။“ လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    အဲ့ဒီကျေးရွာဟာ နေအိမ်ပေါင်း ၃၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။ ချိုင်စောက်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ မနေ့က ညနေ ၃ နာရီလောက်မှာ ရွှေဘုံသာရွာဘက်ကို ဦးတည်သွားတယ်လို့လည်း ပြောပါတယ်။

    မြိုင်မြို့နယ်ကို ဩဂုတ် ၉ ရက်က ရဟတ်ယာဉ်နဲ့ ချထားခဲ့တဲ့ စစ်ကောင်စီအင်အားနဲ့ ဒေသအခေါ် ပျူစောထီးအဖွဲ့ဝင် ၃၀၀ ကျော်ဟာ ကမ္မ-မြိုင်လမ်းမကြီးအရှေ့ဘက်ကိုတစ်ကြောင်း၊ အနောက်ဘက် ပေါက်မြို့နယ်ဘက်ကို တစ်ကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲထိုးလာတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။

    မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးတဲ့အဖွဲ့က ပဒိုင်းတော၊ သာစည်၊ နှင်းဆီကန်၊ သစ်ပုလွေကုန်း ရွာတွေကို မီးရှို့ပြီး ပေါက်မြို့နယ်ဘက်ကို ဝင်လာတဲ့ စစ်ကြောင်းက ရေထွက်ရွာ၊ ရှားစေးချက်၊ ထောက်ရှာပင်၊ တဲကြီး၊ နားသတ်၊ ကမ်းပျိုရွာတွေကို စစ်ကြောင်းထိုးပြီးနောက် ချိုင်စောက်ရွာကို မီးရှို့ခဲ့တာလို့ ဒေသတွင်းသတင်းစာမျက်နှာတွေကနေ သိရပါတယ်။

    ပေါက်၊ စစ်ကြောင်းထိုး၊ မီးရှို့၊ ချိုင်စောက်

    ဓာတ်ပုံ ရင်းမြစ်, Pauk Newsletter Page

    ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်စီးခံရတဲ့ ပေါက်မြို့နယ်ကျေးရွာတစ်ရွာ
  7. တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဆယ်ဇင်းကျေးရွာ စစ်ဘေးရှောင်တွေအတွက် UNOCHA က အကူညီပေးမယ်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအကြား အရပ်သားထိခိုက် သေဆုံးတာတွေရှိသလို အိမ်ခြေ ၃၀၀ လောက်ကလည်း မီးဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေပေးသွားဖို့ ချိတ်ဆက်နေတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ဒီနေ့ ဩဂုတ် ၁၇ ရက်က သတင်းထုတ်ပြန်ပါတယ်။

    ဆယ်ဇင်းရွာမှာ ဇူလိုင်လကုန်ကစလို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ PDF ရယ် စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားများ တပ်မတော်ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။

    တိုက်ပွဲတွေကြောင့် ဆယ်ဇင်းကျေးရွာကနေ ထွက်ပြေးရတဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိနေပြီး ဖားကန့်မြို့နယ် တာမခံနဲ့ ဟောင်းပါးကျေးရွာတွေက စစ်ဘေးရှောင်စခန်း ၆ ခုမှာ ရောက်ရှိနေတဲ့အကြောင်း ၊ ကျေးရွာထဲမှာ ပိတ်မိနေသူတွေလည်းရှိနေသေးတာကြောင့် အိုးအိမ်စွန့်ခွာရသူအရေအတွက်ဟာ ဒီထက်မက ပိုများနိုင်တဲ့အတွက် ဖားကန့်မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာပြေးလာသူတွေကို လိုအပ်တဲ့အကူညီတွေ စတင်ပေးနေပြီလို့ ဆိုပါတယ်။

    ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံတာတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရသူ ၁ ဒသမ ၂ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

    ဆယ်ဇင်း၊ စစ်ကောင်စီ၊ လေကြောင်းထိုး၊ ရှမ်းနီ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လေကြောင်းထိုး၊ မီးရှို့ခံရတဲ့ ဆယ်ဇင်းရွာမီးရှို့မခံရခင်ပုံဟောင်း
  8. အင်းတော်မြို့နယ်၊ နဘားတန်ပိုဂိတ်ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့ မီးရှို့ဖျက်ဆီး, ဖမ်းထားတဲ့ ဝန်ထမ်းလေးဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ဆို

    အင်းတော်မြို့နယ်၊ နဘားတန်ပိုဂိတ်ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

    ဓာတ်ပုံ ရင်းမြစ်, Indaw Revolution – IR

    စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံအနီးက တန်ပိုဂိတ်ကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ သြဂုတ်လ ၁၆ ရက်မှာ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ကသာနဲ့နဘားလမ်းဆုံမှာရှိတဲ့ အဲဒီတန်ပိုဂိတ်ဟာ စစ်ကောင်စီလက်အောက် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဖြစ်ပြီး စစ်ကောင်စီထံ ဝင်ငွေစီးဆင်းနေတယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ (Indaw Revolution – IR) က သတင်းထုတ်ပြန်ပါတယ်။

    စခန်းကို မီးရှို့ဖျက်ဆီးချိန် ဖမ်းမိခဲ့တဲ့အရပ်သားဝန်ထမ်း ၄ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။

    ပူးပေါင်းတပ်ဖွဲ့တွေက နဘားဂိတ်ကို ဝင်ရောက်ဖျက်ဆီးချိန် အင်းတော်မြို့ထဲက စစ်ကောင်စီတပ်က နဘားရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲ လက်နက်ကြီးကျခဲ့ပေမဲ့ လူထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

  9. ရန်ကုန်မြို့မှာ ညလုံးပေါက်မိုးသည်းပြီးနောက် ရေကြီးရေလျှံမှုဖြစ်

    မင်္ဂလာဒုံမြို့နယ်အတွင်းက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ‌လည်း ရေကြီးမှုဖြစ်နေပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, မင်္ဂလာဒုံမြို့နယ်အတွင်းက မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ‌လည်း ရေကြီးမှုဖြစ်နေပါတယ်။

    ရန်ကုန်မြို့မှာ မနေ့ညပိုင်းကနေစပြီး ဒီနေ့မနက် ဆယ်နာရီဝန်းကျင်အထိ မိုးအဆက်မပြတ်ရွာတာကြောင့် မြို့နယ်တချို့ရဲ့ လမ်းမပေါ်တွေသာမက၊ နေအိမ်တွေအထဲထိ ရေဝင်တာတွေရှိနေပါတယ်။

    စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေအားကောင်းတာကနေ အားအလွန်ကောင်းတာကြောင့် ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    အခုဘီဘီစီက သိရသလောက် မင်္ဂလာဒုံ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ကမာရွတ် စတဲ့မြို့နယ်တွေမှာ ‌ရေကြီးရေလျှံတာကို ကြုံတွေ့နေရပါတယ်။

  10. စက်သုံးဆီ လုံလောက်တယ်လို့ စစ်ကောင်စီပြော

  11. ကုလအထူးသံ နော်လင်းဟေဇာရဲ့ တိုးတိတ်သော နေပြည်တော်ခရီးစဥ်

  12. နယ်မြို့အချို့မှာ စက်သုံးဆီ ပြတ်

  13. စစ်ကောင်စီက MEC ဥက္ကဋ္ဌကို ရုရှားကနေ စက်သုံးဆီဝယ်ယူရေးအဖွဲ့ခေါင်းဆောင်ခန့်

    ၂၀၁၇ ခုနှစ် ကန်သာယာဆေးရုံဖွင့်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို အတူတွေ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို ၂၀၁၇ ခုနှစ်၊ ကန်သာယာဆေးရုံဖွင့်ပွဲမှာ အတူတွေ့ရတာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်း(MEC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို ရုရှားကနေ စက်သုံးဆီ ဝယ်ယူသိုလှောင်ရောင်းချရေး ဦးဆောင်ကော်မတီ ခေါင်းဆောင်အဖြစ်ခန့်လိုက်ပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးညိုစော ဦးဆောင်တဲ့ အဲဒီကော်မတီကို စွမ်းအင်ဒုတိယဝန်ကြီး ဦးသန့်စင်၊ စက်သုံးဆီလုပ်ငန်းရှင် ၃ ဦး၊ နောက် စီးပွားကူးသန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးစတဲ့ လူပုဂ္ဂိုလ် ၉ ဦးနဲ့ အခုလ ၁ ရက်နေ့တုန်းက စစ်ကောင်စီက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။

    ကော်မတီဟာ ရုရှားကနေ တင်သွင်းလာတဲ့ဆီတွေကို သိုလှောင်ဖြန့်ဖြူးရေးအပိုင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ၊ နောက် သိုလှောင်စက်သုံးဆီတွေကို တပ်၊ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေကို ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ဆောင်ရွက်ရမယ်လို့ လုပ်ငန်းတာဝန်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

    စစ်ကောင်စီပြောခွင့်ရသူကလည်း ပြည်ပကနေ အရည်အသွေးရှိတဲ့စက်သုံးဆီတွေကို ဝယ်ယူနိုင်ရေး လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ပြောထားတာဖြစ်ပါတယ်။

    ပြည်တွင်းမှာတော့ ဗဟိုဘဏ်က ဒေါ်လာငွေ လဲလှယ်နှုန်းကို ၁၈၅၀ ကျပ် ကနေ ၂၁၀၀ ကျပ်ကို ပြောင်းလဲ သတ်မှတ်လိုက်ပြီးတဲ့နောက် ပြည်ပကနေ တင်သွင်းရတဲ့စက်သုံးဆီစျေးနှုန်းတွေဟာလည်း ငွေကြေးဖောင်းပွမှုနှုန်းကို လိုက်ပြီး ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်ကစလို့ နေ့စဥ် ငွေကျပ် ရာဂဏန်း မြင့်တက်လာနေပါတယ်။

    လက်ရှိမှာ စစ်ကောင်စီလက်အောက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချရေးကော်မတီက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအတွက် ရည်ညွှန်းစျေးနှုန်းတွေကို နေ့စဥ် ထုတ်ပြန်နေပေမဲ့ မြေပြင်မှာတော့ အဲဒီစျေးနှုန်းထက် ရာဂဏန်း ပိုများတဲ့စျေးနဲ့ ဝယ်ယူနေရတာ၊ အကန့်အသတ်နဲ့ရောင်းချမှုကို ကြုံနေရတယ်ဆိုပြီး စက်သုံးဆီသုံးစွဲသူတွေက ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပါတယ်။

  14. ကျိုက်ထိုမှာ အိမ်စီးကားပစ်ခတ်ခံရမှု ကားပေါ်ပါ ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်ကြီး သေဆုံး

    ကျိုက်ထိုမှာ အိမ်စီးကားပစ်ခတ်ခံရမှု ကားပေါ်ပါ ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်ကြီး သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သိမ်ဇရပ်နယ်မြေရဲစခန်းက လို့သိရပါတယ်။

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ မနေ့က အိမ်စီးကားတစ်စီးကို သေနတ်သမားတွေက ပစ်ခတ်မှုအတွင်း အဲဒီ ကားပေါ်မှာပါလာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)ကတော့ အဲဒီပစ်ခတ်မှုကို သူတို့လုပ်ခဲ့တာဖြစ်ပြီး အိမ်စီးကားအဖြူနဲ့ အရပ်သားပုံစံ အသွင်ယူ ထောက်လှမ်းနေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

    အဲဒီပစ်ခတ်မှုမှာ ကားပေါ်ပါတဲ့နောက်ထပ် ရဲတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

    စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေနတ်သမားတွေဟာ အချုပ်သားကို သထုံခရိုင်တရားရုံးကို ပို့မယ့် သိမ်ဇရပ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့ယာဥ် တိုက်ခိုက်ခံခဲ့ရတာလို့ရေးသားဖော်ပြပါတယ်။

    မနေ့ တစ်နေ့တည်းမှာပဲ ကရင်ပြည်နယ်ထဲက ကော့ကရိတ်မြို့မှာ ရဲစခန်း ၂ ခုနဲ့ စစ်ကောင်စီဘဏ် လုံခြုံရေး ကတုတ်ကင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

  15. ပင်လည်ဘူးတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတယ်လို့ ဒေသကာကွယ်ရေးတပ်ပြော

    ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်နက်ခဲယမ်းတွေလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, Kawlin Info

    ဓာတ်ပုံ ပုံစာ, ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားနဲ့ လက်နက်ခဲယမ်းတွေလို့ဆို

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA/PDFပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သားတွေရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်မိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောလာပါတယ်။

    ပင်လည်ဘူးမြို့ နယ်၊ ပလူသာရွာနှင့်ဆိုင်ယာကြီးကျေးရွာမှာ အင်အား ၈၀ နီးပါးရှိတဲ့ စစ်သားတွေကို ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၁၄ ညကနေ သြဂုတ် ၁၅ ရက် အစောပိုင်းအထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ဒီနေ့ အထိ စစ်ကောင်စီတပ်သား အယောက် ၄၀ နီးပါးလောက်သာ မြို့ထဲ ပြန်ဝင်တာတွေ့ရပြီး ကျန် ၄၀ နီးပါးဟာ တိုက်ပွဲမှာ ထိခိုက်ကျဆုံးတာ၊ သုံ့ပန်းအဖြစ်ဖမ်းမိတာ၊ ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်ရှိနေတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ‘‘ရွာတွေကို မီးရှို့နေတာ မခံနိုင်လို့။ ညမှာ ပင်လည်ဘူးမြို့ထဲကိုလည်း ဝင်တိုက်တယ်။ ရွာ ၂ ရွာကိုလည်း ဝင်တိုက်တယ်။ အင်အားနည်းနည်းသုံးလိုက်တာကို ပစ္စည်းတွေထားပြီး ထွက်ပြေးတာ။ မြို့ထဲ မဝင်နိုင်သေးဘဲ ထွက်ပြေးနေသူတွေရှိတယ်။ အရှင်ဖမ်းမိထားသူတွေရှိတယ်’’ လို့ ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဦးဇော်အောင်က ပြောပါတယ်။

    စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ပလူသာနဲ့ ဆိုင်ယာကြီးရွာတို့မှာ နေအိမ် အလုံးရေ ၁၀၀ နီးပါး မီး‌လောင်ပျက်စီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ပင်လည်ဘူးက အခုတိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

    ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းကလည်း ပင်လည်ဘူးမြို့ထဲမှာ တိုက်ပွဲဖြစ်ပြီး ဌာနဆိုင်ရာရုံးတော်တော်များများကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူမှုဖြစ်ခဲ့ပါတယ်။

    အဲဒီနောက် ရက်ပိုင်းအကြာ ဧပြီလ ၁၂ ရက်မှာတော့ ပင်လည်ဘူးမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

  16. ပြည်သူ့စစ်နဲ့ကေအိုင်အေရှိတဲ့ ဖားကန့်မြို့နယ်ထဲက ရှဒူဇွပ်ရွာထဲ လက်နက်ကြီးကျ

    လီဒိုလမ်းမကြီးပေါ်က ရှဒူဇွတ်ရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လီဒိုလမ်းမကြီးပေါ်က ရှဒူဇွတ်ရွာ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာမှာ မနေ့ညပိုင်းတုန်းက လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘‘မနေ့ည ၁၂ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးကျတာ။ မြစ်ကြီးနားကနေအတက် ဘန်ကောက်ကျေးရွာအလွန် ရွာထဲမှာ ကျသွားတယ်။ မူကြို တက်နေတဲ့ ကလေး ၁ ယောက် ဒဏ်ရာရသွားတယ်။ အရင်ကလည်း တစ်ဖက်နဲ့ တစ်ဖက် ပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ လက်နက်ကြီးကြောင့် အခုလို အရပ်သားဒဏ်ရာရတာ ရွာထဲမှာ ဒါ ပထမဆုံးပဲ’’လို့ ရွာခံ တစ်ဦးက ပြောပါတယ်။

    ရှဒူဇွပ်ရွာမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် -၂၉၇ ခြေလျင်တပ်ရင်းနဲ့ ဌာနေပြည်သူ့စစ် ရှိသလို ရွာနဲ့ မလှမ်းမကမ်းမှာ ကေအိုင်အေရဲ့ အမှတ် -၁၄ တပ်ရင်းလည်းရှိပါတယ်။

    ဒါပေမဲ့ မနေ့ညတုန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။

    ရှဒူဇွပ်ရွာမှာ စစ်ကောင်စီတပ်လက်အောက်က ဌာနေပြည်သူ့စစ်နဲ့ ကေအိုင်အေ တို့ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတွေက လုံခြုံရေးစိုးရိမ်နေချိန်မှာ အခုလို လက်နက်ကြီး ကျရောက်မှု ဖြစ်လာတာပါ။

    အခုရက်ပိုင်းအတွင်း ပစ်ခတ်သံတွေ မကြားရပေမဲ့ ဒေသခံတွေဟာ လုံခြုံရေးကြောင့် လယ်ခင်း၊ယာခင်းထဲ သွားရောက်ဖို့ စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

  17. မိုးညှင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ အရပ်သားတစ်ဦး မြစ်ကြီးနားမှာ ဖမ်းဆီးခံရ

    မိုးညှင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ အရပ်သားတစ်ဦး ၂၁ မိုင်ဂိတ်မှာဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    မိုးညှင်းမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်နဲ့ အရပ်သားတစ်ဦးဖြစ်တဲ့ကိုစိုင်းမောင်တို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထွက် ၂၁မိုင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ သြဂုတ်လ ၁၄ ရက်က အဖမ်းခံလိုက်ရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

    ''ဖမ်းခံလိုက်ရတာ ဟုတ်တယ်။သူတို့ကို ကိုယ်စားလှယ်ဆိုတာသိလို့ ဖမ်းတာတော့မဟုတ်ဘူး။ သူတို့ကားကို စစ်တော့ NUG Bond နဲ့ဆက်စပ်တဲ့စာရွက်စာတမ်းတွေတွေ့လို့ဖမ်းတာလို့သိရတယ်'' နီးစပ်သူတွေကပြောပါတယ်။

    မိုးညှင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး ကိုစိုင်းမောင်ကတော့ ဖားကန့်သပိတ်တွေမှာ ပါဝင်ဖူးသူဖြစ်တယ်လို့သိရပါတယ်။

    မြစ်ကြီးနားမြို့ ကနေ အထွက် ၂၁ မိုင်စုပေါင်းစစ်ဆေးရေးဂိတ်မှာတော့ ကားဆိုင်ကယ်တွေကို အခုနောက်ပိုင်း စစ်ဆေးရေးတင်းကျပ်တာရှိနေတယ်လို့ ခရီးသွားတွေကပြောပါတယ်။

  18. ရင်ပေါင်တိုင်ရွာမှာ ရုပ်အလောင်းတွေထပ်တွေ့ရတယ်လို့ဆို

    ရင်ပေါင်တိုင်ရွာထဲကျန်ခဲ့တဲ့ စစ်တပ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, မြောက်ယမားကာကွယ်ရေးတပ်ဖွဲ့

    ဓာတ်ပုံ ပုံစာ, ရင်ပေါင်တိုင်ရွာထဲကျန်ခဲ့တဲ့ စစ်တပ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပြင်မြို့နယ်ထဲက ရင်ပေါင်တိုင်ကျေးရွာမှာ စစ်ကောင်စီတပ် ထွက်ခွာ သွားပြီးတဲ့နောက် ရုပ်အလောင်းတွေ ထပ်တွေ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

    စစ်တပ် ထွက်ခွာသွားပြီးတဲ့နောက် မြင်တွေ့ရတဲ့ အခြေအနေတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာချိန် အခုလိုပြောဆိုလာတာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဟာ ရင်ပေါင်တိုင်ကျေးရွာကို သြဂုတ်လ ၁၁ ရက်မှာ ဝင်ရောက်ပြီး သြဂုတ် ၁၄ ရက်မှာထွက်ခွာ သွားတာဖြစ်ပါတယ်။

    အဲဒီမတိုင်ခင်တုန်းကတော့ ရင်ပေါင်တိုင်ကျေးရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကကာကွယ်ရေးတပ်ဖွဲတို့ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ရဟတ်ယာဥ် ၂ စီးသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    စစ်ကောင်စီတပ် ထွက်ခွာသွားချိန် သြဂုတ်လ ၁၄ ရက်နေ့တုန်းကတော့ ရွာထဲမှာ ရုပ်အလောင်း ၁၂ လောင်းတွေ့ခဲ့ရသလို ထပ်တွေ့ တဲ့အလောင်းတွေလည်း ရှိထားတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို ရွာစဥ် ဝင်ရောက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။

  19. ကုလအထူးကိုယ်စားလှယ် မြန်မာကို ရောက်ရှိ

    ကုလအထူးကိုယ်စားလှယ် မြန်မာကို လာမယ်

    ဓာတ်ပုံ ရင်းမြစ်, UN Myanmar

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို လာဖို့ရှိနေတယ်လို့ ကုလသမဂ္ဂဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အထူးကိုယ်စားလှယ်ဟာ မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့အခြေအနေဖြေရှင်းရေးအပြင် အခြားအလေးထားစရာကိစ္စတွေကိုလည်း သူ့ကို ပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ အဓိကထား လုပ်ဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

    ဒါ့ပြင် အထူးကိုယ်စားလှယ်ဟာ နိုင်ငံရေးအဝန်းအဝိုင်းကပါဝင်ပတ်သက်သူအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နောက် လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့အသိုက်အဝန်းတွေ အားလုံးနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

    အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက တာဝန်ခန့်အပ်ခံရတာဖြစ်ပေမဲ့ မြန်မာပြည်တွင်းကို အခုမှ ဝင်ရောက်နိုင်တာဖြစ်ပါတယ်။

    ကုလထုတ်ပြန်ချက်အပြီး ညပိုင်းမှာတော့ မြန်မာနိုင်ငံကို မစ္စနိုလင်းဟေဇာ ရောက်ရှိလာကြောင်းကို စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။

    ပြည်တွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်‌ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် နောက်ထပ် ၆ နှစ် ချမှတ်အပြီးမှာ ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေးအဝန်းအဝိုင်းက ပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံမယ်လို့ ဆိုပေမဲ့ အထူးကိုယ်စားလှယ်ဟာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရ၊ မရ ဆိုတာ မသိရသေးပါဘူး။

    စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေကိုရင်ဆိုင်နေရသူဖြစ်တာကြောင့် ပထမဆုံး မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ရော၊ လက်ရှိ မြန်မာပြည်ကို ခရီးစဥ် ၂ ခေါက်လာထားတဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ရော တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

    • ကုလအထူးကိုယ်စားလှယ်အကြောင်း သိသင့်သမျှ
  20. ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်ပေးပြီး NUG, NUCC တို့နဲ့ ဆွေးနွေးဖို့ မလေးရှားတိုက်တွန်း

    စစ်တပ်အနေနဲ့ ‌အာဏာသိမ်းပြီးကတည်းက အမှုမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ကာ ထောင်ဒဏ်တွေချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မလေးရှားနိုင်ငံက တောင်းဆိုတယ်လို့ ‌မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဘူဒင် အဗ္ဗဒူလာက သူ့လူမှုကွန်ယက်ကတဆင့် ‌သြဂုတ်လ ၁၆ရက်နေ့ ဒီကနေ့မှာ ရေးသားဖော်ပြပါတယ်။

    အဲဒါနဲ့ တပြိုင်နက်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့အပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို စတင်ဖို့လည်း သူကရေးသားတောင်းဆိုထားပါတယ်။

    စစ်တပ်က ပြီးခဲ့တဲ့ ကာလတွေမှာတော့ အဲဒီလို လုပ်ဆောင်ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်တွေအကြိမ်ကြိမ်ချမှတ်တာ၊ ဒီမိုကရေစီအရေးတက်ကြွသူတွေကို သေဒဏ်စီရင်တာတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ခိုင်မာပြီး အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ဖြည့်ဆည်းပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို စစ်တပ်ဘက်က အကြိမ်ကြိမ် လျစ်လျူရှုထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဘူဒင် အဗ္ဗဒူလာက ပြောဆိုထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှု အတွက် ‌သြဂုတ်လ ၁၅ရက်နေ့မှာပဲ စစ်တပ်က ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံရကတည်းက ဆက်တိုက်တရားစွဲဆိုခံခဲ့ရတဲ့ အမှု ၆မှုအတွက်လည်းထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် အခုဆို ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ် အထိရှိလာပြီဖြစ်ပါတယ်။

    စစ်တပ်အနေနဲ့ ‌အာဏာသိမ်းပြီးကတည်းက အမှုမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ကာ ထောင်ဒဏ်တွေချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မလေးရှားနိုင်ငံက တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, ဆိုင်ဘူဒင် အဗ္ဗဒူလာ

    ဓာတ်ပုံ ပုံစာ, စစ်တပ်အနေနဲ့ ‌အာဏာသိမ်းပြီးကတည်းက အမှုမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ကာ ထောင်ဒဏ်တွေချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မလေးရှားနိုင်ငံက တောင်းဆို