ပညာရေးဝန်ထမ်းသပိတ်ကော်မတီက ဆရာမတစ်ဦးကိုရုံးမထုတ်ဘဲ စစ်ကောင်စီ ထောင် ၅ နှစ်ချ

မန္တလေးအိုးဘိုထောင်မှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ဗဟိုကော်မတီဝင်တစ်ဦးဖြ်စတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပုဒ်မ ၅၂(က)နဲ့ စစ်ကောင်စီက မျက်ကွယ်ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်

  2. ပလက်ဝမှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲအပြင်းအထန်ဖြစ်

    ပလက်ဝ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပလက်ဝ

    ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်းမှာ ဩဂုတ် ၁၅ ရက် ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ အေအေတို့အကြား နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

    ဒီကနေ့မနက် ၉ နာရီကစတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး တစ်နာရီခွဲခန့်အကြာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ပလက်ဝဒေသံတစ်ဦးက ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ယခင်ရက်တွေကဖြစ်ပွားခဲ့တဲ့ ကုလားတန်မြစ်အရှေ့ဘက်ကမ်း နှမဒါကျေးရွာ၊ သူဌေးကုန်း၊ စိမ့်စမ်းဘက်တွေမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ကြောင်း ပြောဆိုပါတယ်။

    “မနက် ၉ နာရီကနေ ၁၀ နာရီခွဲအထိဖြစ်ခဲ့ကြတယ်ပေါ့နော်။ အေအေနဲ့ဖြစ်တာလို့သိရတယ်။ ပစ်ခတ်သံတွေကိုလည်း ကြားရတယ်။ လက်နက်ကြီးအချက် ၂၀ လောက်ပစ်တယ်။ လက်နက်ငယ် အပြန်အလှန်ပစ်တာတွေလည်းကြားရတယ်။ တော်တော်လေးကို အပြင်းအထန်ဖြစ်ကြတာပါ။”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

    အဲဒီအနီးဝန်းကျင်မှာတော့ ယခင် ၂၀၁၉ ခုနစ်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကျေးရွာသားတွေနေရပ်စွန့်ခွာခဲ့ကြတဲ့ အတွက် လက်ရှိမှာ ကျေးရွာတွေမှာ လူနေထိုင်ခြင်းမရှိကြဘူးလို့ သိရပါတယ်။

    အပစ်ခတ်ရပ်စဲရေးကာလ တစ်နှစ်ကျော်အတွင်း နှစ်ဖက်တပ်တွေအကြား တင်းမာမှုတွေရှိလာနေတဲ့ကာလ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကုန်ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်အတွင်းက မောင်တာနဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ချထားမှုတွေကိုလည်း ပြုလုပ်လာနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။

    အေအေဘက်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်ရသေ့တောင် ဒုံးပိုက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၁ ဦး သေဆုံးပြီး ဒရုန်းအပါအဝင် စစ်လက်နက်အများအပြားကို သိမ်းဆည်းရမိထားတယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပြီး အေအေဘက်ကလည်း သေဆုံးမှု အနည်းငယ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

  3. ဖမ်းဆီးခံ ဂျပန်နိုင်ငံသားအရေး စစ်ကောင်စီဥက္ကဋ္ဌနဲ့ဆွေးနွေးခဲ့တယ်လို့ ဂျပန်လွှတ်တော်အမတ်ပြောလာ

    သြဂုတ်လ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ လွှတ်တော်အမတ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ဟာ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ ဆွေးနွေးထားတယ်လို့ ဖော်ပြထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၁၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ လွှတ်တော်အမတ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ဟာ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ ဆွေးနွေးထားတယ်လို့ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာထိန်းသိမ်းခံထားရတဲ့ ရုပ်သံမှတ်တမ်းရိုက်ကူးသူ တိုရူ ကူဘိုတာ လွတ်မြောက်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးထားတယ်ဆိုပြီး ဂျပန်လွှတ်တော်အမတ် Hiromichi Watanabeက ထုတ်ပြောလာပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ နေပြည်တော်မှာ တွေ့ဆုံချိန် မစ္စတာ ကူဘိုတာအရေးဆွေးနွေးခဲ့တာလို့ လွှတ်တော်အမတ်က သူ့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ပြောလာတာပါ။

    စစ်ခေါင်းဆောင်ဘက်ကတော့ မစ္စတာ ကူဘိုတာကို မကြခင်ပြန်လွှတ်ပေးမယ့်အကြောင်းနဲ့ လွှတ်ပေးမယ့်ကာလကို ဆက်သွယ်လိုက်မယ်ဆိုတဲ့အကြောင်း ပြန်ပြောထားတယ်လို့ လွှတ်တော်အမတ်က သူ့အရီးစဥ်အပြီးအခြေအနေ သဘောဆောင်တဲ့ လူမှုကွန်ရက်ပို့စ်မှာ ရေးထားတာ တွေ့ရပါတယ်။

    မစ္စတာ ကူဘိုတာဟာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာ တောင်ဒဂုံမြို့နယ်ထဲက စစ်အာဏာသိမ်းဆန့်ကျင်ရေး လူငယ်ဆန္ဒပြပွဲမှာ ဆန္ဒပြလူငယ်အချို့နဲ့အတူ အဖမ်းခံခဲ့ရတာပါ။

    အဲဒီနောက်မှာတော့ သူ့ကို ဗီဇာစည်းကမ်းဖောက်ဖျက်မှု လ၀က ဥပဒေပုဒ်မ ၁၃ (၁)နဲ့ ပုဒ်မ ၅၀၅ (က) ပုဒ်မ ၂ ခုနဲ့ စစ်ကောင်စီဘက်က အမှုဖွင့်တရားစွဲဆိုထားပါတယ်။

    မစ္စတာတိုရိုကူဘိုတာဟာ အသက် ၂၀ ၀န်းကျင်ရှိ လူငယ်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာမှတ်တမ်းရုပ်ရှင်အချို့ဟာ လူသိများ ထင်ရှားပါတယ်။

    တစ်ဖက်မှာလည်း မစ္စတာကူဘိုတာကို လွှတ်ပေးရေး ဂျပန်အစိုးရဘက်က ထုတ်ပြောလာချိန်မှာ လွှတ်တော်အမတ်ရဲ့ နေပြည်တော် ခရီးစဥ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

  4. စက်သုံးဆီစျေးမြင့်တက်နေလို့ ရန်ကုန်မှာ ယာဥ်အသွားအလာမရှိသလောက်ဖြစ်, စက်သုံးဆီပြတ်လပ်မှုမဖြစ်နိုင်တာကြောင့် မစိုးရိမ်ကြဖို့ စစ်ကောင်စီပြော

    BBC
    ဓာတ်ပုံ ပုံစာ, စက်သုံးဆီစျေးမြင့်တက်နေလို့ ရန်ကုန်မှာ ယာဥ်အသွားအလာမရှိသလောက်ဖြစ်

    နိုင်ငံတဝန်း စက်သုံးဆီဈေးမြင့်တက်လာမှုနောက် ဩဂုတ်လ(၁၅)ရက်တနင်္လာနေ့ ၊နေ့လယ်ပိုင်းကရန်ကုန်မြို့လယ် မှာ မော်တော်ယာဉ်တွေရှင်းလင်းနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ဩဂုတ် ၁၅ရက်မှာတင် သီလဝါဆိပ်ကမ်းမှာ ဆီသင်္ဘောဆိုက်ရောက်ပြီး ဂါလံ ၁၃သိန်း (တန်ချိန် ၆သောင်းကျော်) ချထားပြီလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    မြို့ကြီးတွေနဲ့ နယ်ဒေသတွေမှာ စက်သုံးဆီပြတ်လပ်နေစျေးကြီးနေလို့ ယာဉ်တန်းရှည် ၊ ဆိုင်ကယ်တန်းရှည်တွေနဲ့ ဆီဖြည့်ဖို့ကြိုးစားနေကြတဲ့ အခြေအနေဖြစ်နေပေမဲ့ ဒါဟာကောလဟာလတွေသာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ စက်သုံးဆီလုံလုံလောက်လောက်သိုလှောင်ထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

    "မနေ့ကလည်း ဆီသင်္ဘောဝင်တယ်။ ဒီနေ့လည်း သီလဝါမှာ ဆီချနေပါတယ်။ နောက်ထပ်လည်း သင်္ဘောတွေထပ်ဝင်ဖို့ရှိတယ်။ ပြည်သူတွေသွားလာ‌ရအဆင်ပြေအောင်လုပ်ပေး နေပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောလိုက်တာပါ။

    အခု ဩဂုတ်ဒုတိယအပတ်အတွင်း တစ်ပတ်အတွင်း စက်သုံးဆီတစ်လီတာကို တစ်ထောင်ကျော် စျေးတက်လာတာဖြစ်ပါတယ်။

    ဒီလို ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ စက်သုံးဆီ တန်းစီဝယ်ယူနေရတဲ့ အနေအထားအပြင် ရှမ်းပြည်နယ်၊ အင်းလေးဘက်မှာဆိုရင် စက်သုံးဆီ တစ်လီတာကို ၃၀၀၀ကျပ် အထိ စျေးတက်နေသလို စစ်ရေးတင်းမာနေတဲ့ ဒေသတစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ဂန့်ဂေါ‌ဒေသမှာဆိုရင် တစ်လီတာကို ၄၀၀၀ကျပ် အထိ ပေါက်စျေးရှိနေတယ်လို့ ဘီဘီစီကို ‌ဖြေကြပါတယ်။

    ဒါပေမဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ဩဂုတ် ၁၅ရက်အတွက် တရားဝင်ရည်ညွှန်းစျေးမှာတင် စက်သုံးဆီတစ်လီတာကို ၂၃၀၀ကျပ် အထက်မှာ ‌ပေါက်စျေးရှိနေတာဖြစ်ပါတယ်။

  5. ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ စခန်းမှူးအပါအဝင် ၁၂ ဦး သေဆုံးတယ်လို့ KNU ပြော

    စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်မှုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်မှုမှာ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိထားပါတယ်။

    ဒီနေ့ ဩဂုတ်လ ၁၅ ရက် မနက် ၁၁ နာရီခန့်မှာ ကော့ကရိတ်မြို့ထဲက ရဲစခန်း ၂ ခုနဲ့ စစ်ကောင်စီဘဏ် လုံခြုံရေး ကတုတ်ကင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲမှူးတစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

    အဲဒီပြောက်ကျားတိုက်ခိုက်မှုမှာ ကော့ကရိတ် တရားရုံးက ဥပဒေအရာရှိနဲ့ ရုံးလုပ်သားတစ်ဦးကိုလည်း ဖမ်းမိခဲ့သလို လက်နက် ၆ လက်နဲ့ ခဲယမ်းကျည်အချို့ သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

    ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွါလာချိန်မှာ စစ်ကောင်စီ ၉၇ တပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရန်ကုတ်နဲ့ နောင်နိုင်းကုန်းရွာက ဒေသခံ ၅ ဦး ဒဏ်ရာရခဲ့သလို အသက်(၂)နှစ်အရွယ်ကလေး တစ်ဦး ဗိုက်ပွင့် ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

  6. ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆နှစ်ထပ်မံချမှတ်

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆နှစ်ထပ်မံချမှတ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီးစွပ်စွဲထားတဲ့အမှုတွေထဲကအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၅နဲ့တရားစွဲဆိုထားတဲ့အမှု၄မှုအတွက်ဒီကနေ့ထောင်ဒဏ်၆နှစ်ချမှတ်လိုက်ပါတယ်။

    ဒီကနေ့ဩဂုတ်၁၅ရက်မှာနေပြည်တော်အချုပ်ထောင်အထူးတရားရုံးကနေအမိန့်ချမှတ်လိုက်တာလို့တရားရုံးနဲ့နီးစပ်သူတွေကနေသိရပါတယ်။

    အမှု (၄)မှုအနက်နေပြည်တော်ကလရောင်တောမြေနေရာနဲ့ပတ်သက်တဲ့အဂတိအမှု၃မှုအတွက်ထောင်ဒဏ်၃နှစ်စီကိုတပေါင်းတည်းကျခံရမှာဖြစ်ပါတယ်။

    ကျန်တစ်မှုဖြစ်တဲ့ရန်ကုန်၊ဗဟန်းမြို့နယ်ကအဆောက်အအုံမြေနေရာနဲ့ပတ်သက်ပြီးစွဲဆိုတဲ့အဂတိအမှုတစ်မှုအတွက်၃နှစ်သတ်မှတ်တာကြောင့်စုစုပေါင်းထောင်ဒဏ်၆နှစ်သတ်မှတ်ခံရတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာစစ်အာဏာသိမ်းပြီးဖမ်းဆီးခံရကတည်းကဆက်တိုက်တရားစွဲဆိုခံခဲ့ရတဲ့အမှု၆မှုအတွက်လည်းထောင်ဒဏ်၁၁နှစ်ချမှတ်ခံထားရပြီးဖြစ်တာကြောင့်အခုဆိုထောင်ဒဏ်၁၇နှစ်ရှိလာပြီဖြစ်ပါတယ်။

    ဒီကနေ့ချမှတ်ခံရတဲ့အဂတိအမှု၄မှုဟာဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ရန်ကုန်နဲ့နေပြည်တော်တို့မှာအဆောက်အဦးနဲ့မြေနေရာတွေရယူရာမှာအဂတိလိုက်စားတယ်စွပ်စွဲချက်နဲ့ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့အတူလရောင်တောမြေနေရာကိစ္စမှာပူးတွဲတရားစွဲဆိုခံရတဲ့NLD အစိုးရလက်ထက်ကနေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်၊ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးနဲ့နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဦးမင်းသူတို့ကိုလည်းထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။

  7. ရေလယ်ကျွန်းဒေသက လှေခုတ်ရွာ ထပ်မံမီးရှို့ခံရ

    ရေလယ်ကျွန်းဒေသက လှေခုတ်ရွာ ထပ်မံမီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းသတင်း

    မကွေးတိုင်း၊ ‌‌ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံအနီး ရေလယ်ကျွန်းဒေသထဲက လှေခုတ်ရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ နေ့လယ်ပိုင်းကစလို့ ဝင်ရောက်ပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ကလည်း လှေခုတ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးတဲ့နောက် အနီးနားက ဆင်တဲရွာမှာ ညအိပ်ကာ ဒီနေ့မှာ ထပ်မံ ဝင်ရောက် မီးရှို့နေတာလို့ ‌ဒေသခံတွေက ပြောပါတယ်။

    ‘‘ဒီနေ့လယ် ၁၂ နာရီလောက်ကစပြီး မီးထပ်ရှို့နေတယ်။ မနက် ၁၀ နာရီသာသာလောက်မှာ ဆင်တဲကနေ ထွက်လာတယ်လို့ ကျွန်တော်တို့ ကြားတယ်။ မနေ့က ကွက်ကျော်ရှို့တယ်၊ ရွာအနောက်ဘက်ခြမ်းကို တိုက်ရှို့တယ်။ အခု ရွာလယ်ပိုင်းကို ရှို့နေတယ်။ ကျွန်တော်တို့ ရွာကပ်ရင် ဘယ်လိုနေလို့ နေရမှန်းတောင် မသိတော့ပါဘူး။ ဟိုတုန်းက ဆောက်ထားတဲ့ စိုက်ပျိုးရေးရုံးတောင် မနေ့ကပါသွားတယ်’’ လို့ လှေခုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

    မနေ့က စစ်ကောင်စီတပ်ဝင်ချိန် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ပေမဲ့ နေအိမ် မီးမရှို့ဖို့ တောင်းပန်မယ်ဆိုပြီး ရွာထဲ ပြန်ဝင်ကြသူတွေကြောင့် အခုဆို ကျေးရွာဘုန်းကြီးကျောင်းမှာ အဝိုင်းခံထားရတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီး ၁၀၀ ကျော်အထိ ရှိနေတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

    ‘’မနေ့က ရွာဦးကျောင်းကို ခေါ်သွားတာက ၄၀ လောက်ပေါ့။ စည်းရုံးရေးစကားပြောတယ်ပေါ့။ သူတို့မှာ စာရင်းပါတယ်။ ဘယ်သူ့အိမ် ဘယ်သူ့အိမ်ပေါ့။ အခုက စာရင်းပါ အိမ်တွေကို ပြန်လာရှို့တယ်လို့ နားလည်ရတယ်’’လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက မနေ့က မနက် ၆ နာရီခွဲလောက်မှာ ရေစကြိုမြို့နယ်၊ ရေယှားရွာကနေ လှေခုတ်ရွာကို ဦးတည်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

    မနေ့တုန်းကလည်း ရေယှားရွာမှာ ပီဒီအက်ဖ် မိခင်ဆိုပြီး အသက် ၅၀ အရွယ် ဒေါ်ဝင်းစိန်ဆိုသူ အမျိုးသမီး ဖမ်းဆီးခံရကာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    စစ်ကြောင်းထိုးတာတွေကြောင့် လှေခုတ်ကျေးရွာ၊ ဆင်တဲ၊ ရေယှား၊ အပါဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၂၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

  8. မုံရွာမြို့အဝင်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပြော

    မုံရွာမြို့အဝင်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပြော

    ဓာတ်ပုံ ရင်းမြစ်, ၀ီကီပီးဒီးယား

    စစ်ကိုင်းတိုင်းမြို့တော် မုံရွာ အဝင်က စစ်ကောင်စီတပ်ရဲ့ မအူဂိတ်စခန်းကို ဒီနေ့ သြဂုတ်လ ၁၅ ရက် မနက်ပိုင်းမှာ ဝင်တိုက်ခိုက်ခဲ့တယ်ဆိုပြီး မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်လာပါတယ်။

    မနက် ၂ နာရီဝန်းကျင်မှာ ပြုလုပ်တဲ့ အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောပါတယ်။

    ''အဲ့ဒီဂိတ်က ဖြတ်သန်းသွားလာသူတွေကို မထင်ရင်မထင်သလို စစ်ဆေးပြီး ဖုန်းတွေသိမ်းချင်သိမ်းတယ်။ အဲ့ဒီကိုဖြတ်တဲ့ ယောက်ျားလေး၊ မိန်းကလေး ဘယ်သူမှ မလုံခြုံဘူး။ အဲ့မှာ အင်အား ၂၀ လောက်တော့ရှိမယ်။ ကင်းတဲထဲက ၃ ယောက်ကို အရင်ပစ်တယ်။ နောက်မှာ ထပ်ဝိုက်လာတဲ့အဖွဲ့ကို ထပ်ပစ်တယ်။ သူတို့ဘက်ကလည်း စက်သေနတ်တွေ၊ ၄၀ တွေနဲ့ပြန်ပစ်တယ်။ ညဘက်ဆိုတော့ မီးပွင့်တွေကြားကနေ မျက်မြင် ၆ ယောက်ကတော့ သေတယ်။ ဒီထက်လည်းပိုများနိုင်တယ်''လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    ၄၅ မိနစ်ကြာတဲ့အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးငယ်တွေနဲ့ ပြန်ပစ်ခတ်နေတာကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ ရုပ်သံမှာ ကြားရပါတယ်။

    စစ်ကောင်စီဘက်ကသေဆုံးမှုအခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုဖို့ မေးမြန်းနေဆဲဖြစ်ပါတယ်။

    မုံရွာ-မန္တလေးလမ်းပေါ်က မအူဂိတ်ဟာ ဖြတ်သန်းသွားလာသူတွေကို ငွေကြေးကောက်ခံနေတယ်လို့ သတင်းထွက်နေတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကုန်ပိုင်တုန်းကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရဖူးပါတယ်။

  9. ကော့ကရိတ်မြို့တွင်းတိုက်ပွဲဖြစ်နေ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုဖြစ်တဲ့ ကော့ကရိတ် အောင်မင်္ဂလာလမ်းကို ပစ်ခတ်မှုအပြီးတွေ့ရစဉ်

    ဒီကနေ့ ဩဂုတ် ၁၅ရက် ၊ မနက် ၁၀နာရီဝန်းကျင်လောက်ကစပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ဒေါနတောင် လမ်းဟောင်းစစ်ဆေးရေးဂိတ်အနီးက ခရိုင်ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေး ရုံးတွေကို ဝင်ရောက်ပစ်ခတ်ခံရတာကြောင့် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုရှိပြီး မြို့တွင်းတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် မြို့နယ်မြို့မရဲစခန်းအနီးနဲ့ မြန်မာ့စီးပွားရေးဘဏ်အနီးမှာလည်း ပစ်ခတ်မှုတွေ ဆက်ရှိခဲ့တယ်လို့ သိရပါတယ်။

    "အခြေအနေအားလုံးအသေးစိတ်မသိရသေးပါဘူး။ စစ်ကောင်စီဘက်က ၂ယောက်ကိုဖမ်းမိသွားတယ်ကြားတယ်။ လက်နက်တွေနဲ့ပါခေါ်သွားပြီသိရတယ်။ အခုတော့ ၉၇ ဘက်ကနေ ရွာတွေဘက်ကို လှမ်းပစ်နေတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီအဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ကော့ကရိတ်မြို့ပေါ်တောင်ပေါ်ကျောင်းရှေ့သွားလာတဲ့ ဆိုင်ကယ်တွေကိုလည်း စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

    ကော့ကရိတ်မြို့နယ်က ကျေးရွာပိုင်းတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ထဲက စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အရပ်သားထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

  10. နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတာနဲ့ပတ်သက်ပြီး ကော်မရှင်ညွှန်ကြားချက်ကို ပါတီတွေ ဘယ်လိုတုံ့ပြန်နေလဲ

    နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်ကို ပါတီတွေဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်နေပါတယ်။

    ဒါဟာ စစ်ကောင်စီလက်ကိုင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့လည်း မကိုက်ညီသလို လူ့အခွင့်အရေးရော ၊ ဒီမိုကရေစီစံချိန်စံ ညွှန်းတွေနဲ့ပါ ညီညွတ်မှုမရှိဘူးလို့ ထောက်ပြနေကြပါတယ်။

    ဒီအပေါ် နိုင်ငံရေးပါတီတွေ ရဲ့ တုံ့ပြန်သံကို ဒီရုပ်သံမှာ စုစည်းတင်ပြထားပါတယ်။

    Skip YouTube post
    Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

    End of YouTube post

  11. နယ်ဒေသတွေမှာ စက်သုံးဆီစျေးဆက်မြင့်နေဆဲ ၊ ပြတ်လပ်မှုတွေဆက်ရှိနေ

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၁၄ရက်က မန္တလေးမှာ စက်သုံးဆီတန်းစီနေရတဲ့မြင်ကွင်း။

    မန္တလေးအပါအဝင် နယ်မြို့တွေမှာ ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ စက်သုံးဆီစျေးတွေ ဆက်မြင့်တက်နေပြီး ပြတ်လပ်မှုတွေဆက်ရှိနေတယ်လို့ ဘီဘီစီကိုပြောလာပါတယ်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့မနက်ထုတ်ပြန် ချက်အရ ရန်ကုန်မှာဆိုရင် 92 တစ်လီတာကို ၂၃၂၀ ကျပ်၊ 95 တစ်လီတာကို ၂၃၉၀ ကျပ်ရှိနေပြီး မန္တလေးမှာတော့ 92 တစ်လီတာကို ၂၃၆၅ ကျပ်နဲ့ 95 တစ်လီတာကို ၂၄၃၅ ကျပ် နဲ့ ရည်ညွှန်းစျေးမှာတင် အမြင့်စျေးမှာဆက်ရှိနေတာပါ။

    ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံမြို့မှာတော့ ၉၂ ၁လီတာကို ၂၈၅၅ ကျပ်နဲ့ ၉၅ ၁လီတာကို ၂၉၂၅ ကျပ်အထိ ပေါက်စျေးရှိနေပါတယ်။

    ဒါဟာ တစ်ပတ်အတွင်း ၁လီတာကို မြန်မာငွေကျပ် တစ်ထောင်ကျော် စျေးမြင့်တက်လာတာပဲ ဖြစ်ပါတယ်။

    ဒါပေမဲ့ ‌ရန်ကုန် ကလွဲလို့ ဒေသအများစုမှာတော့ ထုတ်ပြန်ထားတဲ့စျေးထက် ‌၂ဆ ပေးပြီး ဝယ်ယူနေရတာနဲ့လိုအပ်သလောက်ဝယ်မရတဲ့ အခြေအနေကိုကြုံနေရတယ်လို့ပြောကြပါတယ်။

    စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း စက်သုံးဆီစျေးစံချိန်တင်စျေးမြင့်တက်နေတာကနေ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ၁လီတာကို ၁၇၀၀ကျော်အထိ စျေးအနိမ့်ဆုံးပြန်ဖြစ်ခဲ့ပေမယ့် ရက်သတ္တပတ်အတွင်းမှာပဲ အခုလို စက်သုံးဆီစျေးတွေပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

    နယ်ဒေသတွေမှာ စက်သုံးဆီပြတ်လပ်ရှားပါးနေတဲ့ အပေါ်မှာ မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းမြင့်ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

    လုပ်ငန်းရှင်အချို့ကတော့ မြင့်တက်နေတဲ့ ဒေါ်လာငွေလဲနှုန်းကြောင့် စက်သုံးဆီဈေးနှုန်း ကျရိပ်မမြင်နိုင်ကြောင်း ပြောကြပါတယ်။

  12. သထုံနဲ့ညောင်လေးပင်မှာ စစ်ရှောင်ဒုက္ခသည် တစ်သိန်းခွဲကျော်ပြီလို့ ကေအဲန်ယူ ပြော

    သထုံနဲ့ညောင်လေးပင်မှာ စစ်ရှောင်ဒုက္ခသည် တစ်သိန်းခွဲကျော်ပြီလို့ ကေအဲန်ယူ ပြော

    ဓာတ်ပုံ ရင်းမြစ်, KNU

    ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်ရာ သထုံနဲ့ညောင်လေးပင်မှာစစ်ရှောင် ဒုက္ခသည် တစ်သိန်းခွဲကျော်ရှိလာတယ်ဆိုပြီး ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဒီစစ်ရှောင်ဦးရေဟာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ၂ ခုအတွင်းက အရေအတွက်ဖြစ်ပြီး ကျန်နယ်မြေတွေထဲက စစ်ရှောင်အရေအတွက်ကို စိစစ်နေဆဲလို့လည်း ဆိုပါတယ်။

    လက်ရှိမှာ ကေအဲန်ယူ တပ်မဟာ ၆ ခုစလုံးက နယ်မြေတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO)တို့ဟာ စစ်ရေးလှုပ်ရှားမှုတိုးလုပ်နေတဲ့ စစ်ကောင်စီတပ်၊ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်တွေနဲ့ တိုက်ပွဲတွေနေ့စဥ်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်လာတာ၊ အထိနာတဲ့နေရာတွေမှာ လူထုနေထိုင်တဲ့နေရာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာလို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် လူထုဟာ အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကေအဲန်ယူဘက်က ပြောပါတယ်။

    စစ်ဘေးရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ စာဝတ်နေရေလိုအပ်ချက်များကို သက်ဆိုင်ရာ ခရိုင်တပ်မဟာ ခေါင်းဆောင်တွေက တတ်နိုင်သမျှ စီစဥ်ဆောင်ရွက်ပေးနေပေမဲ့ ရိက္ခာနဲ့ နေရာထိုင်ခင်း လိုအပ်ချက်တွေ ဆက်ရှိနေသေးတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကေအဲန်ယူဘက်က ပြောထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ သထုံနဲ့ ညောင်လေးပင်ဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  13. ယင်းမာပင်နဲ့ ပုလဲအစပ်က ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့, ရင်ပေါင်တိုင်ရွာမှာ ရုပ်အလောင်း ၁၂လောင်းတွေ့ရှိ

    ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, ရင်ပေါင်တိုင်၊ ပုထိုးသာကျေးရွာတွေဘက်မီးရှို့ခံနေရတဲ့မြင်ကွင်း။

    မနေ့ဩဂုတ် ၁၄ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲအစပ်ကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်။

    အဲ့ဒီနောက် နေ့လယ် ၁နာရီအကျော်မှာတော့ ယင်းမာပင်မြို့နယ်၊ ပုထိုးသာရွာအနောက်ဘက်က ရွာသစ်ရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ ယင်းမာပင်ခရိုင်ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

    "လေယာဉ်နဲ့လာပစ်တာ၊ မစ်ဆိုင်းတွေပါ ပါတယ်။ အဲ့မှာ ‌နှစ်ဦးကျဆုံးတယ်၊ နောက်နေ့လယ်ကနေ ညနေဝင်တဲ့အထိဖြစ်တာကတော့ နှစ်ဦး‌ထပ်မံကျဆုံးပါတယ်။ တစ်နေ့ထဲမှာ လေးဦးပါ။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးရှိနိုင်ပါတယ်။ မနေ့ကတိုက်ပွဲက အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုလို့ပြောလို့ရတယ်" လို့ ယင်းမာ‌ပင်ဒေသခံတစ်ဦးကပြောပါတယ်။

    မနေ့ဩဂုတ် ၁၄ရက်မှာ ရင်ပေါင်တိုင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဆုတ်ခွာ သွားတာကြောင့် ရွာ‌ထဲဝင်ကြည့်ချိန်မှာ ရုပ်အလောင်း ၁၂လောင်းတွေ့ရှိခဲ့ရပြီး ဘယ်ရွာခံတွေလည်းဆိုတာတော့ အတည်ပြုမရသေးဘူးလို့ ပြောပါတယ်။

    "မနေ့ကရွာထဲဝင်ချိန် သွေးချောင်းတွေစီးလို့၊ ‌အလောင်းတွေက ဟိုနားတစ်လောင်း၊ ဒီနားနှစ်လောင်းပြန့်ကျဲနေတာ။ အလောင်းတွေကလည်း ပုပ်ပွနေတော့ ကိုင်လို့တောင်မရတော့ဘူး။ ဒါတွေကဩဂုတ်၁၁ရက်ထဲက အသတ်ခံရပုံပါပဲ။ အလောင်းတွေလည်း ထပ်ရှိနိုင်ပါသေးတယ်" လို့ ကိုယ်တိုင်ရုပ်အလောင်းတွေမြင်တွေ့ခဲ့ရသူ တစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    ဒါ့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံနေရဆဲ ဒေသခံတွေလည်း ရှိနေသေးပြီး မြေပြင်အခြေအနေမတည်ငြိမ်သေးတာကြောင့် တိတိကျကျစာရင်းမကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။

    ဒီလို စစ်ရေးတင်းမာမှုတွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ရက်က ယင်းမာပင်၊ ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တာကနေ စတင်ခဲ့တာလို့ သိရပြီး သြဂုတ် ၁၄ရက်အထိ ရင်ပေါင်တိုင်၊ ပုထိုးသာ စတဲ့ အနည်းဆုံး ရွာသုံးရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

  14. ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အဂတိအမှု ၄ မှု ကို ဒီနေ့ အမိန့်ချဖို့ရှိ

    ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အဂတိအမှု ၄မှု ကို ဒီနေ့ အမိန့်ချဖို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် စွပ်စွဲတရားစွဲဆိုခံထားရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ အဂတိအမှု ၄ မှု အတွက် ဒီနေ့ ဩဂုတ် ၁၅ရက်မှာ နေပြည်တော်အကျဥ်းထောင်က အထူးတရားရုံးမှာ အမိန့်ချဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုလေးမှုကို တစ်နှစ်ကျော်ကြာတရားရင်ဆိုင်အပြီးမှာ အခုလိုအမိန့်ချမှာဖြစ်ပါတယ်။ အဲဒီပုဒ်မဟာ အမြင့်ဆုံးထောင်ဒဏ် ၁၅နှစ်အထိချမှတ်နိုင်ပါတယ်။

    ဒီတရားရုံးအပြီးသတ်အမိန့်ချမှာအပြင် ရဟတ်ယာဉ်ငှားရမ်းဝယ်ယူမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့ အဂတိအမှုတွေကိုလည်း ဆက်စစ်ဆေးသွားဖို့ရှိနေပါတယ်။

    စစ်အာဏာသိမ်းပြီး နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကဖိအားပေးနေတဲ့ကြားကပဲ နိုင်ငံ‌တော်အတိုင်ပင်ခံ

    ဒေါ် အောင်ဆန်းစုကြည်ကို အနည်းဆုံးထောင်ဒဏ် ၁၀နှစ် အမိန့်ချထားပြီးဖြစ်သလို နေပြည်တော် အကျဉ်းထောင်ကိုလည်း ပြောင်းရွှေ့ခဲ့ပါတယ်။

    ဒါ့အပြင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုတွေအပြင် ပြစ်ဒဏ်ကြီး ချမှတ်နိုင်တဲ့ အဂတိအမှုတွေပါ ဆက်လက်တရားရင်ဆိုင်နေရဆဲပါ။

  15. ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၈၀ကျော်အထိ စျေးဆက်တိုက်တက်လာ, နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်/သွင်းကုန်သမားတွေ အခက်တွေ့နေ

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၈၀ကျော်အထိ စျေးဆက်တိုက်တက်လာ

    အခုဩဂုတ်လ ဒုတိယရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံငွေကြေး တစ်ဘတ်ကို မြန်မာ‌ငွေ ကျပ် ၈၀နီးပါးအထိ တရှိန်ထိုးတက်လာတယ်လို့ ကုန်သည်တွေကပြောပါတယ်။

    ဒါဟာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်လျော့နည်းလာတာကြောင့် ထိုင်းဘတ်ငွေ ရှားပါးလာကာ ဘတ်စျေးတက်လာတာလို့ မြဝတီကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။

    "ဥပမာမြန်မာကနေ ထိုင်းကို ပြောင်းပို့မယ်။ အရင်ဆုံးထိုင်းကနေ ဒေါ်လာဝယ်ရမယ်၊ ပြီးရင် ဒီမှာ ဒေါ်လာတစ်သိန်းကျော်သွင်းရမယ်၊ သွင်းမယ်ဆိုရင်လည်း ဒီမှာစျေးက ၂၁၀၀ သတ်မှတ်တယ် အပြင်မှာ ၂၉၀၀ လောက်ဆို ၈၀၀ရှုံးနေပြီ။ အရှုံးနဲ့စမယ့် ကုန်သွယ်ရေးဆိုတော့ ကြာတော့ ကုန်သည်တွေကမလုပ်နိုင်တော့ဘူး" လို့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ထိုင်းဘက်ကသွင်းကုန်တွေမှာလည်း ဘတ်စျေးဆက်တိုက်တက်နေတာကြောင့် ငွေကြေးအရင်းအနှီးများသလို စျေးနှုန်းကြီးမြင့်လာမယ့် ကုန်ပစ္စည်းတွေကို ဝယ်လိုအားလျော့နည်းမှာစိုးရိမ်ချက်တွေကြောင့် ထိုင်းဘက်က တင်သွင်းမှုတွေလည်း ရပ်လုနီးပါးဖြစ်နေတယ်လို့ သိရပါတယ်။

    ဒီလိုသာ မြန်မာပြည်ဘက်က ပို့ကုန်တင်ပို့နိုင်မှု လျော့နည်းနေရင် ထိုင်းဘတ်စျေး ထပ်တက်နိုင်ချေရှိတယ်လို့ ထောက်ပြကြပါတယ်။

    အခုနှစ်အစောပိုင်းမှာပဲ စစ်ကောင်စီကနေ နယ်စပ်ကုန်သွယ်ရေးတွေမှာ နိုင်ငံအလိုက်ငွေကြေးနဲ့ မြန်မာ‌ကျပ်ငွေကိုတိုက်ရိုက်လှဲလှယ်အသုံးပြုခွင့်ပေးခဲ့ပြီးနောက် နှစ်လယ်လောက်မှာတော့ အမေရိကန်ဒေါ်လာနဲ့ပေးချေမယ့်စနစ်ကို ထပ်မံပြောင်းလဲလိုက်တာပါ။

    ဒါအပြင် အမေရိကန်ဒေါ်လာအသုံးပြုမှုကိုလည်း ထိန်းချုပ်ခဲ့ပြီး ဒေါ်လာပေါက်စျေး တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်သတ်မှတ်တာကနေ ၂၁၀၀ကျပ်ကို ပြောင်းလဲခဲ့ပေမဲ့ ငွေကြေး မတည်မငြိမ်မှုတွေ ဒီလပိုင်းဆက်တိုက်ရင်ဆိုင်နေရပါတယ်။

  16. ရသေ့တောင်နဲ့မောင်တောကြားကို စစ်ကောင်စီ လမ်းပိတ်ထား

    အငူမော် ဆိပ်ကမ်း  (ပုံအဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အငူမော် ဆိပ်ကမ်း (ပုံအဟောင်း)

    ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ ကြား မနေ့က မောင်တောမြောက်ပိုင်းနဲ့ ရသေ့တောင်ဘက် တိုက်ပွဲတွေပြင်းထန်တဲ့နောက်မှာတော့ ရသေ့တောင်မြို့နယ် အငူမော် ကနေ မောင်တောမြောက်ပိုင်းထိ အဝေးပြေးလမ်းတစ်လျှောက်ကို ဒီကနေ့ စပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကုန်းလမ်းရော ရေလမ်းပါ ပိတ်ထားလိုက်တဲ့အတွက် ဒေသတွင်းကုန်စည်သယ်ယူတာတွေ ရပ်နားနေရပါတယ်။ ခရီးသည်တွေလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

    အငူမော်-မောင်တောလမ်းအပြင် စစ်တွေမြို့နယ် ရေချမ်းပြင်ကနေ ရသေ့တောင်မြို့နယ် အငူမော်ကို ပြေးဆွဲနေတဲ့ ရေကြောင်းလိုင်းတွေကိုပါ ပိတ်ထားတာလို့ စက်လှေသမားတွေက ပြောကြပါတယ်။ နေ့စဥ်လူဦးရေ ၅၀၀ လောက် အသုံးပြုနေတဲ့ အဲဒီလမ်းကြောင်းတွေကိုဒီကနေ့ကစလို့ ဘယ်နေ့အထိပိတ်တယ်ဆိုတာကို တိတိကျကျပြောတာလည်း မရှိဘူးလို့သိရပါတယ်။

    ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားတဲ့အချိန်ကစလို့ မောင်တောမြို့နယ်ဟာ တခြားဆက်သွယ်ရေးလမ်းတွေမရှိတော့ဘဲ အဲ့ဒီလမ်းတစ်ခုတည်းကိုပဲ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အားထားနေရတာဖြစ်ပါတယ်။

    အခုလမ်းပိတ်လိုက်တဲ့အတွက် ဒေသတွင်းအသွားအလာတွေမရှိတော့ဘဲ မောင်တောမြို့ပေါ်မှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မောင်တောမြို့ပေါ်က ဈေးဆိုင်ပိုင်ရှင်တစ်ဦး ကပြောပါတယ်။

    ဒီကနေ့မှာ ရေကြောင်း ကုန်းကြောင်း လမ်းတွေကိုပိတ်ဆို့ထားသလို စစ်ကောင်စီရဲ့ စစ်ကြောင်းတွေအလုံးအရင်းနဲ့ သွားလာနေကြတဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်လာမှာကို ‌ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

    ဩဂုတ် ၁၃ ရက် မနေ့ကတစ်နေ့တည်းမှာပဲ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ အဲ့ဒီလမ်းမတစ်လျှောက်မှာရှိတဲ့ ချိန်ခါလီနဲ့ ဒုံးပိုက်ကျေးရွာကြားမှာတစ်ကြိမ်၊ ကျောက်ပန္ဒူကျေးရွာနားမှာတကြိမ်၊ မောင်တောမြောက်ပိုင်း ဝေလာတောင်ဘက်မှာတစ်ကြိမ် တိုက်ပွဲသုံးနေရာထိ အပြင်အထန်ဖြစ်ပွားခဲ့ကြပါတယ်။

  17. မြို့ကြီးအချို့မှာ စက်သုံးဆီ အကန့်အသတ်နဲ့ရောင်းချမှုနဲ့ ပြတ်လပ်မှုဖြစ်နေ

    ရှမ်းမြောက်က မြို့အချို့မှာဆို စက်သုံးဆီရဖို့ ဆီဆိုင်မှာ အချိန်ကြာမြင့်အောင် တန်းစီခဲ့ရပေမဲ့ ဆီကုန်သွားတာနဲ့ ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီးမြေ

    ဓာတ်ပုံ ပုံစာ, ရှမ်းမြောက်က မြို့အချို့မှာဆို စက်သုံးဆီရဖို့ ဆီဆိုင်မှာ အချိန်ကြာမြင့်အောင် တန်းစီခဲ့ရပေမဲ့ ဆီကုန်သွားတာနဲ့ ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမြို့အပါအဝင် နိုင်ငံအတွင်းက မြို့ကြီးအချို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနဲ့ ပြတ်လပ်မှုဖြစ်နေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မန္တလေးမြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ စက်သုံးဆီကို အကန့်အသတ်နဲ့ရောင်းချနေချိန် လူတန်းရှည်၊ ယာဥ်တန်းရှည် တန်းစီရတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။

    မန္တလေးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်က လားရှိုး၊ မူဆယ်၊ နောင်ချိုမြို့တွေမှာ စက်သုံးဆီစျေးဟာ တစ်လီတာကို ငါးထောင်ဝန်းကျင်အထိ ဆက်ရှိနေတယ်လို့လည်း သိရပါတယ်။

    နောင်ချိုမြို့မှာဆို လက်ကျန်ဆီနည်းနေပြီး ဆီအကန့်အသတ်နဲ့ရောင်းချပေးနေတဲ့အခြေအနေတွေ ရှိနေတယ်လို့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူတွေအနေကပြောလာပါတယ်။

    ‘‘လောလောဆယ်တော့ လီလက်ကျန်နည်းနေလို့ ပီပါအလိုက် အရောင်းအဝယ် လုံးဝ မရှိတော့ဘူး။ ဆိုင်ကယ်ဆိုရင် သုံးထောင်ဖိုး၊ ကားဆိုရင် ၂၀,၀၀၀ သောင်းဖိုး။အဲဒီလိုပဲ မျှရောင်းနေရတယ်’’လို့ ဆီရောင်းချသူ တစ်ဦးက ပြောပါတယ်။

    မူဆယ်မြို့က ဆီဆိုင်တွေမှာလည်း ကား၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေ အများကြီးတန်းစီ ဝယ်ယူနေကြသလို ကားတစ်စီးကို သုံးသောင်းဖိုးပဲ ကန့်သတ်ရောင်းချတာမျိုးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လားရှိုးမြို့မှာဆိုရင် ဓာတ်ဆီလာဖြည့်သူတွေဟာ လားရှိုးပန်းခြံကနေ ဆီဆိုင်အထိ တန်းစီ ဝယ်ယူခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရန်ကုန်မှာဆိုရင်လည်း စက်သုံးဆီ စျေးနှုန်းဟာ စစ်ကောင်စီလက်အောက် တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးတဲ့ ရည်ညွှန်းစျေးတင် တစ်လီတာကို နှစ်ထောင့်သုံးရာ့နှစ်ဆယ်ကျပ် အထိဖြစ်လာပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်အထိုင်စျေးတင် စက်သုံးဆီ တစ်လီတာစျေးနှုန်း ၅၀၀ ကျော်အထိ မြင့်တက်လာတာလည်းဖြစ်ပါတယ်။

    စစ်ကောင်စီလက်အောက် ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်ကနေ ၂၁၀၀ ကျပ်အထိ ငွေလဲနှုန်း ဆွဲတင်လိုက်တာကြောင့် ဒေါ်လာငွေသုံးပြီး ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီစျေးနှုန်းဟာ စျေးပြန်ကျဖို့ ခက်ခဲလိ့မ်မယ်လို့ စျေးကွက် အကဲခတ်‌တွေက သုံးသပ်ထားပါတယ်။

  18. ရေစကြိုမြို့နယ်၊ လှေခုတ်ရွာက အိမ်ခြေ ၁၂၀ ကျော်မီးရှို့ခံရ, လူ သုံးယောက် အသတ်ခံရ

    မနေ့ သြဂုတ်လ ၁၃ ရက်နေ့က ‌မြင်တွေ့ရတဲ့လှေခုတ်ရွာ

    ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းသတင်း

    ဓာတ်ပုံ ပုံစာ, မနေ့ သြဂုတ်လ ၁၃ ရက်နေ့က ‌မြင်တွေ့ရတဲ့လှေခုတ်ရွာ

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ဆုံအနား၊ ရေလယ်ကျွန်းဒေသထဲက လှေခုတ်ရွာကို စစ်ကောင်စီတပ်တွေက မနေ့က ဝင်ရောက်ပြီးမီးရှို့တာကြောင့် နေအိမ် ၁၂၀ ကျော် မီးလောင်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မနက် ၉ နာရီဝန်းကျင်မှာ ရောက်လာပြီး ပစ်ခတ်တာတွေ၊ နေအိမ်တွေကို မီးရှို့တာတွေ လုပ်တာကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ရပြီး သက်ကြီးရွယ်အို အယောက် ၅၀ ဝန်းကျင်က ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေခဲ့ကြရပါတယ်။

    “ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တဲ့သူတွေကို တော်လှန်ရေးခေါင်းဆောင်တွေအကြောင်းမေးတယ်။ ပြီးတော့ ရွာထဲက အိမ် နှစ်အိမ်မှာ လူနှစ်ယောက်ကို အပြင်ထွက်လာခိုင်းတာ မထွက်လာလို့ ပစ်သတ်ခဲ့တယ်လို့ စစ်တပ်က အရာရှိကိုယ်တိုင် သူတို့ကိုပြောသွားတယ်။ အသတ်ခံရတဲ့သူတွေက ဘယ်သူတွေဆို ကျွန်တော်တို့တွေ ရွာထဲဝင်မရသေးလို့ မသိရသေးဘူး။ ဆင်တဲရွာက လူငယ်တစ်ယောက်လည်း အသတ်ခံလိုက်ရတဲ့ အလောင်းတော့တွေ့တယ်“လို့ ဒေသခံတစ်ယောက် ပြောပါတယ်။

    ဘုန်းကြီးကျောင်းပတ်ဝန်းကျင် နေအိမ်တွေကို မီးရှို့တာဖြစ်ပြီး ဘုန်းကြီးကျောင်းဝန်းကျယ်တာ၊ သစ်ပင်တွေများတာကြောင့် မီးမကူးတဲ့အတွက် ဘုန်းကြီးကျောင်းက မီးလွတ်ခဲ့တဲ့အကြောင်း၊ လူတွေကို အသတ်လွတ်အောင် ပြေးကြရတဲ့အတွက် ကြိုးဖြည်မပေးနိုင်ခဲ့တဲ့ နွား ငါးကောင်လည်း မီးလောင်သေဆုံးရပြီး၊ မျိုးစပါးတွေ၊ စိုက်ပျိုးသီးနှံတွေပါ မီးရှို့ခံခဲ့ရတာလို့ ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက မနေ့က မနက် ၆ နာရီခွဲလောက်မှာ ရေစကြိုမြို့နယ်၊ ရေယှားရွာကနေ လှေခုတ်ရွာကို ဦးတည်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက်ရှိနိုင်တဲ့အကြောင်း၊ မနက် ၁၀ နာရီခွဲလောက်မှာ လှေခုတ်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိပြီး နေအိမ်တွေကို မီးရှို့တာကြောင့် တိုက်ပွဲထပ်ဖြစ်သလို လှေခုတ်ရွာကနေ ဆင်တဲရွာဘက်ကို စစ်ကြောင်းထိုးချိန်မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်လို့ ရေစကြိုမြို့နယ် ပျောက်ကြားတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကြောင်းထိုးတာတွေကြောင့် လှေခုတ်ကျေးရွာ၊ ဆင်တဲ၊ ရေယှား၊ အပါဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၂၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

  19. စစ်ကိုင်းက ဓာတ်ပုံဆရာသေဆုံးမှု စုံစမ်းစစ်ဆေးဖို့ ကုလကို RSF တောင်းဆို

    စစ်ကိုင်းက ဓာတ်ပုံဆရာသေဆုံးမှု စုံစမ်းစစ်ဆေးဖို့ ကုလကို RSF တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, ဟေမာန်

    စစ်ကိုင်းမြို့က စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မှတ်တမ်းတင်ခဲ့သူဓာတ်ပုံဆရာ ကိုအေးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် နာရီပိုင်းအတွင်းသေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က တောင်းဆိုလာပါတယ်။

    အသက် ၄၈ နှစ်အရွယ် ကိုအေးကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက် မနက် ၂ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့က သူ့နေအိမ်မှာ စစ်ကား ၆ စီးနဲ့လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။

    ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာ အဲဒီနေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကိုင်းဆေးရုံ ရင်ခွဲရုံရောက်နေတဲ့ ကိုအေးကျော်ရဲ့ အလောင်းကို လာထုတ်ဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေ မိသားစုဝင်တစ်ဦးထံ အကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

    လက်ရှိမှာ သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ ကိုအေးကျော်သေဆုံးရတဲ့အကြောင်းရင်း ပျောက်ဆုံးနေတာကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလအထူးကိုယ်စားလှယ်တွေကို တောင်းဆိုရတာလို့RSF ရဲ့ အာရှ-ပစိဖိတ်ရေးရာ အရာရှိက ပြောပါတယ်။

    ''ကိုအေးကျော်ရဲ့ ဝမ်းနည်းစရာသေဆုံးမှုမှာ အကြောင်းရင်းမပေါ်တာတွေ ရှိနေပါသေးတယ်။ ဒီလိုစုံစမ်းမှုအဆင့်မှာ သူ့သေဆုံးမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က အကြီးတန်းအဆင့်ရှိသူတွေသာ အချက်အလက်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုပေးဖို့ သူတို့ ငြင်းဆိုနေပါတယ်။ ဒီဖြစ်ရပ်မှာတာဝန်ရှိသူဟာ မြန်မာစစ်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ပြသနိုင်ရေး စုံစမ်းဖို့မြန်မာ့လူ့အခွင့်အ‌ရေးဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူနဲ့ ညှင်းပန်းနှိပ်စပ်မှုဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူတို့ကို RSF အနေနဲ့ တောင်းဆိုပါတယ်'' လို့ သူက ပြောပါတယ်။

    လက်ရှိမှာ ကိုအေးကျော်သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှု ဘာကြောင့်ဖြစ်ပွားတယ်ဆိုတာကိုလည်း RSF က သတင်းအချက်အလက် စုဆောင်းနေပြီလို့ဆိုပါတယ်။

    ကိုအေးကျော်ဟာ သူ့အိမ်မှာ လက်နက်တွေရှိတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လာရောက်ဖမ်းဆီးတာ ခံခဲ့ရသူဖြစ်ပေမဲ့ စစ်တပ်က ရှာဖွေချိန်အတွင်း လက်နက် ဒါမှမဟုတ် သံသယဖြစ်စရာတခြားပစ္စည်းတွေကို မတွေ့ခဲ့ရဘူးလို့အမည်မဖော်လိုတဲ့အိမ်နီးချင်းတစ်ဦးကို ကိုးကားပြီး RFA သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

  20. ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်ရဲ့အလောင်းတွေ့

    ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်ရဲ့အလောင်းတွေ့

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းစစ်ရှောင်ကူညီရေး

    ဓာတ်ပုံ ပုံစာ, ဖုတ္ထန်းတောကျေးရွာကို စစ်ကောင်စီတပ်ဝင်ချိန် ဆိုင်ကယ်တွေဖျက်ဆီးခံခဲ့ရသလို နေအိမ်တချို့လည်း မွှေနှောက်ရှာဖွေခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာအနားကို ရောက်ရှိသွားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ယောက် မနေ့ သြဂုတ်လ ညနေပိုင်းမှာ အဖမ်းခံရပြီး ဒီနေ့ မနက်စစ်ကြောင်းထွက်သွားချိန်မှာတော့ အလောင်း ၄ လောင်းကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦးဆောင်သူတစ်ယောက်က ပြောပါတယ်။

    ဖုတ္ထန်းတောကျေးရွာထဲက ရွှေဂူကြီးဘုန်းကြီးကျောင်းဝန်းထဲကို အင်အား ၆၅ ယောက်လောက်ရှိတဲ့စစ်ကောင်စီက ဝင်ရောက်တပ်စွဲပြီး ရွှေဂူကြီးဘုရားတောင်ကုန်းပေါ်မှာ ကင်းပုန်းရှိနေခဲ့တာကြောင့် အဲ့ဒီအနားကို ရောက်သွားတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၇ ယောက်မှာ ၂ ယောက်က လွတ်မြောက်ပြီး ၅ ယောက်အဖမ်းခံခဲ့ရတာပါ။

    “ညနေပိုင်းမှာ ဖြစ်သွားတာ။ နှစ်ယောက်ကတော့ လွတ်လာတယ်။ သူတို့ဆီမှာ တစ်ထောင့်ထိုးသေနတ်တွေ၊ အင်္ကျီအဝတ်အစားတွေနဲ့ ဆက်သွယ်ရေးစက်တွေပါသွားတာဆိုတော့ သူတို့မလွတ်လောက်ဘူးဆိုတာ ကြိုထွက်ထားတာ။ မနက်သွားကြည့်တော့ ရွှေဂူကြီးဘုရားမုဒ်၊ ကတ္တရာလမ်းဘေးမှာ အလောင်းတွေတွေ့တယ်။ မျက်နှာတွေမှာ ထိုးနှက်ထားတာ၊ ပါးစပ်ကနေ တေ့ပြီးပစ်ထားတဲ့ပုံစံမျိုးပဲ၊ တစ်ယောက်ကတော့ အလောင်းလည်းမတွေ့ရဘူး။ အဆက်သွယ်လည်းမရတော့ဘူး“လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

    ဒါ့အပြင် ရွှေဂူကြီးဘုန်းကြီးကျောင်းထဲမှာနေတဲ့ ဆရာတော်ရဲ့မိခင်၊ အသက် ၅၅ နှစ်အရွယ်အမျိုးသမီးလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

    ဖုတ္ထန်းတော်ကျေးရွာကနေ ထွက်သွားတဲ့ အဲ့ဒီစစ်ကြောင်းဟာ မူးအုန်းကျေးရွာအနောက်၊ သရပ်ကန်ကျေးရွာဘက်ကို ဦးတည်သွားတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ကြဖို့ကိုလည်း သတိပေးထားကြပါတယ်။