ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌရဲ့ အလောင်းကို ပြန်တွေ့ပြီ

    မွန်ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရအမတ်ဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, မွန်ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရအမတ်ဖြစ်ပါတယ်။

    စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးကျော်မျိုးမင်းရဲ့ အလောင်းကို ဒီနေ့ ဇူလိုင်လ ၆ ရက်မှာ ပြန်တွေ့ပြီလို့ ပါတီဘက်က ဘီဘီစီကိုပြောပါတယ်။

    ဦးကျော်မျိုးမင်းဟာ ပါတီဝင် ၂ ဦး၊နောက်ထပ် ရွာသား ၁ ဦးတို့နဲ့အတူ ဘီးလင်းမြို့နယ်ထဲမှာ ဆိုင်ကယ်နဲ့သွားလာချိန် ‌‌‌ပေါ်ခီးကျေးရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးပြီး ဇွန်လ ၂၂ ရက်တုန်းက ဖမ်းဆီးခံခဲ့ရတာပါ။

    အတူအဖမ်းခံခဲ့ရသူတွေထဲကဒေသခံကျေးရွာသားကတေ့ ဇွန်လ ၂၂ ရက်တုန်းက ပစ်ခတ်ဖမ်းဆီးခံရချိန်မှာ ကျည်ထိမှန်သေဆုံးခဲ့တယ်။

    နောက်နှစ်ဦးဖြစ်တဲ့ ပါတီဝင် ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်မှာ ပါတီဘက်က တွေ့ရှိခဲ့ပြီး သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအထိ ဦးကျော်မျိုးမင်းဟာ ပျောက်ဆုံးနေဆဲလို့ ယူဆခံခဲ့ရပေမဲ့ အသတ်ခံခဲ့ရတာ သီတင်းတစ်ပတ်နီးပါးရှိနေပြီဖြစ်တဲ့ ရုပ်အလောင်းကို ဒီနေ့မှ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

    ‘’ကြည့်ရတာ အလောင်းက ဇွန်လ ၃၀ ရက်နေ့ကတည်းက သေနတ်နဲ့ပစ်ခတ်၊ နှိပ်စက်ခံရပြီး သေဆုံးခဲ့ပုံပါပဲ။ သူနဲ့အတူ ပါသွားတဲ့ ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ကို သတ်ပြီးချိန် သူ့ကို ဆက်ခေါ်သွားပြီး သူ့ဆီက ဘာသတင်းမှ မရနိုင်တော့လို့ သတ်ခဲ့ပုံပေါ်ပါတယ်။ အလောင်းတွေကို နေရာခြားပြီးတွေ့ခဲ့ရတာကိုး။ ခြုံပုတ်ထဲမှာ အလောင်းကို ပြန်တွေ့တာပါ။ အရင်ရက်ပိုင်းကတည်းက ဒီအလောင်းကို အနီးနားရွာသားတွေက သိနေပေမဲ့ အဲဒီတုန်းက စစ်တပ်က အနားမှာ အခြေချထားလို့ သူတို့ထွက်သွားမှ သွားကြည့်ပြီး အတည်ပြုနိုင်တာ’’လို့ ပါတီဝင်တစ်ဦး ကပြောပါတယ်။

    ဦးကျော်မျိုးမင်းဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်ထဲမှာ သေဆုံးထားတဲ့ NLD ပါတီဝင်တွေထဲမှာ လတ်တလောဖြစ်စဥ်အနေနဲ့ သေဆုံးတဲ့ မြို့နယ်အဆင့်ရှိ ပါတီတာဝန်ရှိသူတစ်ဦးဖြစ်လာပါတယ်။

    စစ်အာဏာသိမ်းခဲ့တဲ့ မနှစ် ဖေဖော်၀ါရီလ ၁ ရက်ကနေ အခုနှစ် ဇွန် ၃၀ ရက်အတွင်း အသတ်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အရေအတွက် ၄၆ ယောက်ရှိတယ်လို့ ပါတီဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

  2. ဖားကန့်မြို့နယ်ထဲမှာ ရဲ ၇ ဦးကို ကေအိုင်အေ ဖမ်းဆီး

    ကျောက်စိမ်းနယ်မြေ ဖားကန့်မှာ မြင်တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ကိုတာ(ဖားကန့်)

    ဓာတ်ပုံ ပုံစာ, ကျောက်စိမ်းနယ်မြေ ဖားကန့်မှာ မြင်တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်က ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)က ဒီနေ့ ဇူလိုင်လ ၆ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးနဲ့ နောက်ထပ် ရဲ ၆ ဦးတို့ဖြစ်ပါတယ်။

    သူတို့ဟာ တရားခံတွေ ရုံးထုတ်စစ်ဆေးဖို့ ဖားကန့်မြို့နယ်ထဲက ကာမိုင်းမြို့ကနေ ဖားကန့်ကိုသွားရောက်ချိန်မှာ တံတားညီနောင်နဲ့ ပျားအုံးကျေးရွာကြားမှာ အဖမ်းခံခဲ့ရတာလို့ ဘီဘီစီက သိရှိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ ကာမိုင်းမြို့ကနေ ဖားကန့်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အသွားမှာ ဖားကန့်ကို မရောက်ဘဲ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် စုံစမ်းတာတွေလုပ်နေပြီလို့ သတင်းထုတ်ပြန်ပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ကေအိုင်အေဘက်က ဖမ်းဆီးတာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ဖားကန့်မြို့နယ်ထဲမှာ ရဲ ၃ ဦး ဖမ်းဆီးခံရမှု ဖြစ်ခဲ့ပြီး အဲဒီတုန်းကတော့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ရဲ့ ညှိနှိုင်းပေးမှုနဲ့ ပြန်လွတ်မြောက်လာကြဖူးပါတယ်။

    အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ပွဲအတွင်းဖမ်းမိတဲ့သုံ့ပန်းမဟုတ်တာကြောင့် ဂျီနီဗာကွန်ဗန်းရှင်းအရ ကေအိုင်အေဘက်ကပြန်လွှတ်ပေးခဲ့တာဆိုပြီး အကျိုးတော်ဆောင်တွေက ပြောထားပါတယ်။

  3. ပတ်စ်ပို့ကိစ္စ သတင်းမှားသာ ဖြစ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာန ပြော

    ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းကုန်ဆုံးသွားရင် မြန်မာနိုင်ငံကိုပြန်လည်၀င်ရောက်ပြီးမှ သက်တမ်းတိုးလျှောက်ထားရမယ်ဆိုတဲ့သတင်းတွေမမှန်ကန်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦး ကဘီဘီစီကိုအတည်ပြုပါတယ်။

    "အဲဒီအစီအစဥ် မရှိပါဘူးခင်ဗျာ၊ အားလုံးအရင်အတိုင်းပုံမှန်ပါပဲ။ ပတ်စ်ပို့တွေကို သက်ဆိုင်ရာရောက်ရှိနိုင်ငံတွေရဲ့ မြန်မာသံရုံးတွေမှာ ဆက်လက်သက်တမ်းတိုးနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ဒါ့အပြင် ဒီကနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းမှာလည်း နိုင်ငံခြားရေး၀န်ကြီးဌာနက ပတ်စ်ပို့ကိစ္စကို သတင်းမှားတွေသာဖြစ်ကြောင်းနဲ့ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်၀န်ချုပ်ရုံးတွမှာ သာမန်မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်အမျိုးအစား ၇ မျိုးကို သတ်မှတ်စည်းမျဥ်းစည်းကမ်းနဲ့အညီ သက်တမ်းတိုးပေးတာ အသစ်ထုတ်ပေးတာတွေကိုဆောင်ရွက်ပေးနေတယ်လို့ပါရှိပါတယ်။

    သက်တမ်းတိုးပေးနေတဲ့ ပတ်စ်ပို့စ်အမျိုုးအစားတွေကတော့ PB (Business Passport)၊ PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport)၊ PS (Seaman Passport)၊ PE (Student Passport) နှင့် PV (Visit Passport) တို့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေကို မြန်မာနိုင်ငံကိုပြန်လည်၀င်ရောက်ပြီးမှသာ ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး အဲဒီလိုသာ ဆောင်ရွက်ရမယ်ဆိုရင် ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ အချိန်ကုန်လူပင်ပန်းပြီး ငွေကြေးလည်းပိုမိုကုန်ကျနိုင်တာကြောင့် ကန့်ကွက်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

    Passport, Myanmar

    ဓာတ်ပုံ ရင်းမြစ်, Reuters

  4. အရှေ့ဒဂုံနဲ့ သာကေတမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ရာအိမ်မှူး ပစ်ခတ်ခံရလို့သေဆုံး

    ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ငွေတောင်ကြီး လက်ဖက်ရည်ဆိုင် အနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ဂူူဂဲလ်

    ဓာတ်ပုံ ပုံစာ, ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ငွေတောင်ကြီး လက်ဖက်ရည်ဆိုင် အနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

    ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး၊ ရပ်ကွက်လူကြီးတစ်ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ မနေ့ ဇူလိုင်လ ၅ ရက် ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

    ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရက်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းဟာ မနေ့ည ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

    ဦးခေါင်းကို ကျည်ထိမှန်တဲ့ ဒဏ်ရာကြောင့် ဆေးရုံပို့ဆောင်နေတုန်းမှာပဲ ဦးခင်မောင်သန်း သေဆုံးခဲ့တာဖြစ်ပါတယ်။

    မြို့ပြပြောက်ကျားအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ URMT ကတော့ ဒဂုံမြိုသစ်အရှေ့ပိုင်း့နယ်၊ ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ၈၄ ကားဂိတ်အနီးက ငွေတောင်ကြီးလက်ဖက်ရည်ဆိုင်အထွက်မှာ ပစ်ခတ် ရှင်းလင်းခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။

    အလားတူ မနေ့ညပိုင်းမှာပဲ သာကေတမြို့နယ်ထဲက (၄) တောင်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းအောင်နဲ့ဇနီးတို့လည်း ပစ်ခတ်ခံခဲ့ရပါတယ်။

    ဦးသိန်းအောင်နဲ့ ဇနီးတို့ဟာ နေအိမ်မှာပဲ ရှိနေချိန် အမည်မသိသူတစ်ဦးက သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်သွားတာကြောင့် ဦးသိန်းအောင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ စိုးရိမ်ဒဏ်ရာတွေနဲ့ သင်္ကန်းကျွန်းဆေးရုံမှာ ကုသမှုခံနေရပါတယ်။

    မြို့ပြပျောက်ကျားအဖွဲ့ (soul takers)ကတော့ ရာအိမ်မှူး ဦးသိန်းအောင်နှင့် ဇနီးတို့ဟာ မြို့ပေါ်က ပြောက်ကျားအဖွဲ့တွေကို စုံစမ်းပြီး စစ်ကောင်စီကို သတင်းပေးတာကြောင့် အခုလို ပစ်ခတ်ခဲ့တာ ဆိုပြီး လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီဖြစ်စဥ်ဖြစ်ပြီးပြီးချင်းမှာပဲ သာကေတမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာသလို (၄) မြောက်ရပ်ကွက်နဲ့ မြင်တော်သာလမ်းတဝိုက်မှာ စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  5. ကျောက်တော်မြို့မှာ စစ်တပ်က ဖမ်းသွားသူ သုံးဦးကို ရဲတပ်ဖွဲ့ထံလွှဲပေး, စစ်တပ်ဖမ်းထားသူ အယောက် ၄၀ ကျော်ထဲက အများစု မိသားစုနဲ့အဆက်အသွယ်ပြတ်နေဆဲ

    ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းအပါအဝင် သုံးဦးကို မနေ့ ဇူလိုင် ၅ ရက် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ မိသားစုတွေက ပြောပါတယ်။ အဲဒီသုံးဦးတို့မှာ ဦးဇော်ဝင်း၊ ကိုကျော်သန်းမောင်၊ ကိုဇော်မိုးထက်တို့ဖြစ်ကြပြီး ကျောက်တော်မြို့အခြေစိုက် တပ်မကနေ ကျောက်တာ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တာလို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြိုပေါ်မှာ ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ကို အေအေဘက်က ဖမ်းဆီးခဲ့ပြီး ၂၁ ရက်နေ့မှာ စစ်ကောင်စီက မြို့တွင်းဝင်ရောက်လာကာ ရှာဖွေမှုတွေပြုလုပ်ချိန် အဖမ်းခံလိုက်ကြရသူတွေဖြစ်ကြပါတယ်။

    “မနေ့က နေ့လယ် ၂ နာရီလောက်မှာ ကျွန်မယောကျ်ားနဲ့ နောက်ထပ်နှစ်ဦး ရဲစခန်းကိုရောက်နေပြီလို့သိရလို့ သွားတွေ့ခဲ့ပါတယ်။ တွေ့ခွင့်ရခဲ့ပါတယ်။ လောလောဆယ်တော့ ကျန်းကျန်းမာမာဆိုတာ တွေ့ခဲ့ရပါတယ်”လို့ ဦးဇော်ဝင်းရဲ့အမျိုးသမီး ‌ဒေါခင်လှစံက ပြောပါတယ်။ ဦးဇော်ဝင်းကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားသလို ကိုကျော်သန်းမောင်နဲ့ ကိုဇော်မိုးထက်တို့ကိုတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ ကျောက်တော်မြို့မရဲစခန်းမှာ အဖွင့်ထားတယ်လို့ သိရပါတယ်။

    အခုလို ခင်ပွန်းဖြစ်သူကို ကျန်းကျန်းမာမာပြန်တွေ့ရတဲ့အတွက် ဝမ်းသာခဲ့ရပြီး သူတို့သုံးဦးကို ဘယ်သူက တရားလိုလုပ်ပြီး ဘယ်အကြောင်းအရာနဲ့ အခုလို တရားစွဲဆိုတားတယ်ဆိုတာ မမေးမြန်းခဲ့ရဘူးလို့ ဒေါ်ခင်လှစံက ပြောပါတယ်။

    အခုလိုမျိုး အေအေနဲ့ စစ်ကောင်စီတို့ အပြန်အလှန် လူဖမ်းပွဲမှာ ဖမ်းဆီးခံခဲ့ရတဲ့အရပ်သား ၄၅ ဦးခန့်ရှိနေတယ်လို့ အေအေဘက်ကထုတ်ပြန်ထားပြီး နောက်ထပ်ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာတွေမှာ ထားရှိတယ်ဆိုတာ မသိရသေးတာကြောင့် မိသားစုတွေက စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

    Kyauk Taw,  Rakkhine state

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့ ဦးဇော်၀င်း
  6. PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီက မန္တလေးမှာ စာလိုက်ကပ်နေ

    PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီက မန္တလေးမှာ စာလိုက်ကပ်နေ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပီဒီအက်ဖ်)တွေ အလင်းဝင်ကြဖို့ဆိုပြီး တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကို စစ်ကောင်စီဘက်က လူမြင်ကွင်း ဓာတ်တိုင်တွေ၊ စျေးတွေနားမှာ လိုက်ကပ်ထားတာတွေ့နေရတယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။

    ဒီလို လက်ကမ်းစာစောင်တွေ လိုက်ကပ်ထားတာကို အခုရက်ပိုင်းအတွင်းမှာတွေ့ရတာဆိုပြီးတော့လည်း မြို့ခံတွေက ပြောပါတယ်။

    စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပီဒီအက်ဖ်)တွေကို အလင်းဝင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာပါ ကြေညာနေတာဖြစ်ပြီး အလင်းဝင်တယ်ဆိုတဲ့ ပီဒီအက်ဖ်တွေကို မိသားစုဝင်တွေဆီ ပြန်လည်အပ်နှံနေတယ်ဆိုတဲ့သတင်းဓာတ်ပုံတွေကိုလည်း ထုတ်ပြန်နေပါတယ်။

    ပီဒီအက်ဖ်တွေ ဘက်ကတော့ စစ်ကောင်စီသတင်းဓာတ်ပုံတွေမှာ မြင်တွေ့ရတဲ့ မိဘတွေဆီကို ပြန်အပ်တယ်ဆိုတဲ့ပီဒီအက်ဖ်တွေဟာ ပီဒီအက်ဖ်တွေအဖြစ် မမြင်ဖူး၊ မတွေ့ဖူးသူတွေဖြစ်တာကြောင့် ဒါဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှု သက်သက်ဆိုပြီး တုံ့ပြန်ပြောဆိုကြပါတယ်။

    စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အလင်းဝင်လာတဲ့ ပီဒီအက်ဖ် ၂၀၀ ကျော်အထိရှိလာပြီဆိုပြီး ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

  7. ဖယ်ခုံမြို့နယ်က စစ်ကောင်စီတပ် ကုန်းစခန်းတွေ တိုက်ခိုက်ခံရ, နှစ်ဖက် အကျအဆုံးရှိ

    ဖယ်ခုံမြို့နယ်က စစ်ကောင်စီတပ် ကုန်းစခန်းတွေ တိုက်ခိုက်ခံရ

    ဓာတ်ပုံ ရင်းမြစ်, Karenni People's Page

    ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲက စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ကုန်းစခန်းနှစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဖက် အကျအဆုံးရှိခဲ့တယ်ဆိုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့ ဇူလိုင်လ ၆ ရက် မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

    ဖယ်ခုံမြို့နယ်ထဲက ကုန်းဆုံနဲ့ လွယ်ပတာကျေးရွာတွေအနီးနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လွယ်ပတာကုန်းစခန်းနဲ့ ရွှေပြည်အေးကုန်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက် မနက်ပိုင်းတုန်းက ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

    ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လွယ်ပတာစခန်းကို သိမ်းပိုက်ခါနီးမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ သာလွန်စစ်ကူအင်အား သုံးလာတာတွေကြောင့် ပူးပေါင်းတပ်တွေဟာ နေ့လယ်ပိုင်းမှာ တပ်ပြန်ဆုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဆယ်ဂဏန်း ထိခိုက်ကျဆုံးပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက် ရဲဘော် ၁၁ ဦးကျဆုံးတယ်လို့လည်း KNDF ဘက်က ပြောပါတယ်။

  8. ဝက်လက်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်, ရုံးပင်ကုန်းရွာမှာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

    ရှိမ်းမကားကျေးရွာထဲမှာတော့ ဒေသခံတွေဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်လို့ စစ်ကောင်စီတပ်ပဲ ရှိတော့တယ်လို့ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ရှိမ်းမကားကျေးရွာထဲမှာတော့ ဒေသခံတွေဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်လို့ စစ်ကောင်စီတပ်ပဲ ရှိတော့တယ်လို့ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ဘက်ခြမ်းကို ရှိမ်းမကားကျေးရွာထဲမှာရှိတဲ့စစ်ကောင်စီတပ်က မနေ့ ဇူလိုင်လ ၅ ရက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ‘‘ရှိမ်းမကားရွာ ထဲကနေ ၂ မိုင်လောက်အကွာကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ။ အဲဒါကြောင့် စစ်ရှောင်တွေလည်း တခြားတစ်နေရာကို ပြေးနေရပြီ’’ လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ရှိမ်းမကားရွာထဲကို ပြန်ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ အခုလို ရွာထဲကို ပြန်မဝင်ခင် ဇူလိုင်လ ၄ ရက်တုန်းက ရုံးပင်ကုန်းကျေးရွာကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး စိတ်မနှံ့သူ လူငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဝက်လက်နယ်ခံတွေက ပြောပါတယ်။

    ဒါ့အပြင် ဇူလိုင် ၅ ရက် မနက်ကစလို့ ၀က်လက်အရှေ့ပိုင်းနဲ့ရှိမ်းမကားကြားက ကျေးရွာတွေကိုလည်း စစ်တပ်က ၀င်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၆ ဦးသေဆုံးထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မင်းရွာမှာဖြစ်တဲ့ ထိတွေ့တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

    ရုံးပင်ကုန်းကျေးရွာဒေသခံတွေဟာ အဲဒီကျဆုံးရုပ်အလောင်းတွေထဲက တစ်ချို့ကို သယ်ယူပြီး သင်္ဂြိုဟ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်က ရုံးပင်ကုန်းကျေးရွာထဲကို ဝင်ရောက် မီးရှို့ခဲ့တာလို့‌ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

    မင်းရွာမှာဖြစ်တဲ့တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမှာ မိုင်းစွဲ တိုက်ခိုက်ခံရတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ မနေ့က ရွှေဘိုခရိုင် အမှတ် ၃ လမ်းမပေါ်က ခွေးအရွာအတွင်းကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်အချို့ မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။

  9. ၀က်လက်ထဲမှာ စစ်ကောင်စီတပ်တွေ ၀င်ပြီးနောက် တစ်ပတ်အတွင်း လူ ၂၀ ကျော် သေဆုံး

  10. ပဲ ပြောင်း နှမ်း နယ်စပ်ကပို့ရင် ဒေါ်လာ နဲ့ ရောင်းဖို့သတ်မှတ်

  11. ဒေါ်အောင်ဆန်းစုကြည်ပစ္စည်းများ ခြံအမှတ်၅၄ကို ပြောင်းရွှေ့၊ ထိုက်ချီတိုလည်းရန်ကုန်အိမ် ရောက်ရှိ, စွပ်စွဲခံထားရတဲ့အဂတိအမှုတချို့အတွက် ဒီကနေ့ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

    ထောင်တွင်းပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် မြနန်းဘုံသာနေအိမ်က ပစ္စည်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‌ ရန်ကုန်က ‌နေအိမ်ဖြစ်တဲ့ ခြံနံပါတ် ၅၄ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ နီးစပ်သူတွေထံကသိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေးထိုက်ချီတိုတို့လည်း ရန်ကုန်နေအိမ်မှာ ပြန်လည် ထားရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

    ''နဂိုကတည်းက သူထောင်ထဲသွားရမယ်ဆိုရင် သူပစ္စည်းတွေကို ရန်ကုန်အိမ်ကိုရွှေ့ဖို့စီစဥ်ထားတာပါ။ ပြီးခဲ့တဲ့စနေနေ့က ရန်ကုန်အိမ်ကိုအကုန်ရွှေ့လိုက်ပါပြီ။ ထိုက်ချီတိုလည်းပါတယ်။ စစ်ကောင်စီ နေအိမ်အကျယ်ချုပ်မှာ အတူနေခဲ့သူတွေကပဲ ဆက်စောင့် ရှောက်မယ်ထင်ပါတယ်။ အသေးစိတ်တော့မသိရပေမဲ့ ပစ္စည်းတွေရွှေ့လိုက်တာသေချာပါတယ်'' လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ဇူလိုင်၅ရက် မှာတော့ နေပြည်တော်က လရောင် တောမြေနေရာကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့အဂတိအမှုအတွက်စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ကိုနှစ်ဖက်ရှေ့နေတွေက နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးမှာစစ်ဆေးခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်းနဲ့ ဥပဒေနဲ့ အညီသာဆောင်ရွက်ခဲ့ကြောင်းထွက်ဆိုခဲ့တယ်လို့ ထောင်တွင်းတရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။။ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရာဇသင်္ဂဟလမ်းမကြီးဘေးမှာရှိတဲ့ လရောင်တောမြေနေရာကို ဒေါ်ခင်ကြည်ဖောင်ဒေရှင်းမြေနေရာအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဂရန်ချ ထားပေးခဲ့တဲ့အပေါ်မှာ စစ်ကောင်စီက မသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ပြည်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းတာရှိတယ်လို့ ဆိုပါတယ်။

    ထိုက်ချီတိုကို ရန်ကုန်အိမ်ပို့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုက်ချီတိုကို ရန်ကုန်အိမ်ပို့
  12. မြန်မာနဲ့ရုရှား ကာကွယ်ရေးဌာန နှစ်ခု ပူးတွဲ ဦးဆောင်မယ့် အစည်းအဝေးကို နယူးဇီလန် သပိတ်မှောက်

    ADMM + အစည်းအဝေးပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, ဗီယက်နမ်သတင်းအေဂျင်စီ

    ဓာတ်ပုံ ပုံစာ, ADMM + အစည်းအဝေးပုံဟောင်း

    ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ လာမယ့် ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တွေကျရင် မြန်မာနဲ့ ရုရှား ပူးတွဲ ကမကထ လုပ်ပြီး ကျင်းပသွားဖို့ စီစဥ်ထားတဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို နယူးဇီလန်နိုင်ငံက မတက်ရောက်ပဲ သပိတ်မှောက်မယ်လို့ နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး သတင်းတွေက ဆိုပါတယ်။

    အဲဒီ မော်စကို အစည်းအဝေးမှာ နယူးဇီးလန် ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ နယူးဇီလန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ စီမံကိန်းဆိုင်ရာ လက်ထောက် အတွင်းဝန် မိုက်ကယ်ဆွိန်းက ပြောဆိုကြောင်း သိရပါတယ်။

    အာဆီယံ ကာကွယ်ရေး ဝန်ကြီးများနဲ့ မိတ်ဖက် နိုင်ငံတွေကြား အစည်းအဝေး (ADMM +) ရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကဏ္ဍကို ဆွေးနွေးကြတဲ့အခါ မြန်မာနဲ့ ရုရှားက ပူးတွဲ ကမကထလုပ် ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

    ဩစတြေးလျ နိုင်ငံကလည်း အဲဒီ အစည်းအဝေးကို မတက်ဘူးဆိုပြီး ပြီးခဲ့တဲ့လ ကတည်းက ကြေညာထားပါတယ်။

    ယူကရိန်းထဲ ကျူးကျော်စစ် ပြုလုပ်နေတဲ့ ရုရှားရဲ့ အပြုအမူကိုရော မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကိုရော ဆန့်ကျင်ကြောင်း ပြသနေကြတာ ဖြစ်ပါတယ်။

    အဲဒီ အစည်းအဝေးကို သွားတက်ပြီး နယူးဇီလန်ရဲ့ အမြင်တွေကို ပြောဆိုခွင့် ရနိုင်တဲ့ အခွင့်အလမ်းနဲ့ အဲဒီလို သွားတက်ခြင်းအားဖြင့် ရုရှားနဲ့မြန်မာစစ်တပ်တို့ရဲ့ ကျူးလွန်မှုတွေကို အားပေး သဘောတူရာ ရောက်မလားဆိုတဲ့ အခြေအနေ နှစ်ရပ်ကို ယှဉ်ထိုး ဆန်းစစ်ပြီး သွားမတက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ နယူးဇီလန် ကာကွယ်ရေးဌာနက တာဝန်ရှိသူ မိုက်ကယ်ဆွိန်းက ဆိုပါတယ်။

  13. တောင်ပျောက်တိုက်နယ်ထဲ စစ်ရှောင် ၆ ထောင်နီးပါးရှိနေ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်ထဲမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် လူဦးရေ ၆ ထောင်နီးပါး စစ်ဘေးရှောင်တွေ ဖြစ်လာတယ်လို့ သိရပါတယ်။

    လက်ရှိမှာ တောင်ပျောက်တိုက်နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာထဲမှာ ၆ ရွာနီးပါးက ဒေသခံတွေဟာ ဘုန်းကြီးကျောင်းတွေ၊ ကွမ်းခြံတွေနဲ့ တောင်ယာတွေထဲမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဇူလိုင်လ ၃ ရက်မှာ တောင်ပျောက်တိုက်နယ်ထဲမှာတိုက်ပွဲဖြစ်အပြီး လုံခြုံရေးစိုးရိမ်တဲ့ဒေသခံတွေဟာ အခုလို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

    ‘‘တောင်ပျောက်တိုက်နယ်ထဲမှာ ဒေါင်းမင်းစစ်ဆင်ရေးဆိုတဲ့အဖွဲ့ရဲ့ လှုပ်ရှားမှုကို သူတို့ ထိန်းချုပ်ဖို့ ဖြစ်နိုင်တယ်။ ဒါက ပထမတစ်ချက်ပေါ့။ နောက်တစ်ချက်က စစ်ကောင်စီက ကွမ်းသီးတစ်ပိဿာကို ၄၀၀ ကျပ်လောက်အခွန်ရတယ်။ ကွမ်းသီးချိန်က တစ်ရာသီကို ပိဿာချိန် သောင်းဂဏန်းအထိ ထွက်တဲ့နေရာလည်းဖြစ်နေတော့ အဲဒီအပေါ်မှာ သူတို့ ဒီနယ်မြေကို ထိန်းချုပ်ချင်တဲ့သဘောပေါ့’’ လို့ စစ်ရှောင်တွေအရေးအကူအညီပေးနေသူက ပြောပါတယ်။

    အရင်တုန်းက ဒေသခံတွေ ထွက်ပြေးတာမျိုးမရှိခဲ့တဲ့ သဲချောင်းကြီးလိုရွာမျိုးက ဒေသခံတွေဟာ လက်နက်ကြီးကျတာကြောင့် စိုးရိမ်ပြီး ထွက်ပြေးတာ၊ နောက် ကျွဲခြံနဲ့ ဝင်းကဘော်လို လူဦးရေများတဲ့ကျေးရွာကြီးတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ကြတာကြောင့် စစ်ရှောင် ထောင်ချီတိုးလာတာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် အခုလို ဝင်ရောက်မွှေနှောက်ခံရတာ အာဏာသိမ်းပြီးကတည်းကဆိုရင် ၁၀ ကြိမ်ထက်မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေ အတွက် ရိက္ခာ တစ်ပတ်စာခန့်သာရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေ အတွက် ရိက္ခာ တစ်ပတ်စာခန့်သာရှိ
  14. အာရှလမ်းသစ်က စစ်ကောင်စီစခန်း ပစ်ခတ်ခံရ, တိုက်ပွဲ တစ်နာရီခန့် ကြာ ဖြစ်ပွား၊ စစ်ကောင်စီ တပ်ဖွဲ့၀င် ၃ ဦး သေဆုံးတယ်လို့ ပြော

    အာရှလမ်းမမှာ စစ်ရေးပြန်လည်လှုပ်ရှာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာရှလမ်းမမှာ စစ်ရေးပြန်လည်လှုပ်ရှာ

    ကော့ကရိတ်-မြ၀တီ အာရှလမ်းသစ် KNU မွေးမြူရေးစခန်းဟောင်း အနီး ရှိ စစ်ကောင်စီလုံခြုံရေးဂိတ်စခန်းတစ်ခု ဇူလိုင်လ ၅ ရက် မနက်ပိုင်းက ပစ်ခတ်ခံရလို့ စစ်ကောင်စီဘက်က တပ်ဖွဲ့၀င် ၃ ဦးသေဆုံးပြီး တိုက်ပွဲ တစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့တယ်လို့ ကော့ကရိတ် စစ်ရေး နယ်မြေ သတင်း အရင်းအမြစ်က ပြောပါတယ်။

    စစ်ကောင်စီ ဂိတ်ကို ဒေါနတောင် အရှေ့ဘက်မှာလှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်တွေက လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်အတွက် စစ်ကူလာတဲ့ စစ်ကောင်စီ တပ်တွေ၊ BGF တပ်တွေနဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ၁နာရီခန့်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

    "အာရှ လမ်းက မနက်က ၆ နာရီ လောက် က ပစ်ခတ်မှုဖြစ်တယ်။ အရင်က KNU မွေးမြူရေး လုပ်ဖို့ စခန်း လုပ်ထားတဲ့ နေရာ အထက် လမ်းတောင်ကုန်း နားမှာ စစ်ကောင်စီ စခန်း ရှိတယ်၊ အရင်က BGF တွေ လည်း နေတယ်၊ ကုန်ကားတွေ အိမ်စီးကားတွေ ကို ပိုက်ဆံ ကောက်တာ ရှိတယ် ။ မနက်က တိုက်ပွဲဖြစ်တော့ ကားလမ်းတော့ ခဏ ပိတ်သွားတယ်။ ကရင် အဖွဲ့ ၊ကျားဖြူ အဖွဲ့ ၊ပကဖ အဖွဲ့ ၊တော်လှန်ရေး အဖွဲ့ တွေ အဖွဲ့ စုံ ရှိ နေတဲ့ နေရာဆိုတော့ ဘယ် အဖွဲ့ က ပစ်တာလဲဆိုတာတော့ မသိရဘူး၊ စနိုက်ပါနဲ့ ပစ်တာ ၃ယောက် သေတယ်တော့ အနီးအနား က BGF တွေ ပြောတာတော့ သိရတယ်။ ဒဏ်ရာ ရတာလည်း ရှိတယ် ကြားတယ်၊ စစ်တပ်နဲ့ BGF တွေ ကားတွေ မြ၀တီ ဘက် တောင်ပေါ် က ဆင်းလာပြီး ပစ်ခတ်တာတော့ ရှိတယ်၊ အခုတော့ ပုံ မှန် ကားတွေ ဆင်းနေတယ် " လို့ ကော့ကရိတ် စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

    စစ်တပ်ဘက်က ၃ ဦးသေဆုံးတယ်ဆိုတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက စစ်ကောင်စီကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ကော့ကရိတ်-မြ၀တီ အာရှ လမ်းသစ်မှာ ၂၀၂၂ ခုနှစ် မတ်လ -ဧပြီလ တွေမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲ ဖြစ်ပွားမှုအတွင်း လမ်းအသုံးပြုဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေ၊ အိမ်စီးကားတွေ၊ ခရီးသည်တင်ယာဥ်တချို့ ပစ်ခတ် မီးရှို့ ခံ ရ မှု ၁၀ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အခု ဇူလိုင် လ ၅ ရက်မှာ အာရှ လမ်း မ ပေါ် စစ်ကောင်စီ တပ်တွေနဲ့ ဒေသတွင်း တော်လှန်ရေး အဖွဲ့တွေကြား တိုက်ပွဲပြန်ဖြစ်လာလို့ အာရှလမ်းမမှာ စစ်ရေးပြန်လည်လှုပ်ရှားမှုသဘောလို့ ယူဆမှုတွေရှိနေပါတယ်။

  15. KNU တပ်မဟာ ၅ နယ်မြေမှာ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးသူတွေရှိ

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ထဲက ကမမောင်းနဲ့ ကတိုင်တိလမ်းပေါ်မှာ စစ်ကောင်စီတပ်လက်အောက်က နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်အချို့ဟာ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

    စစ်ကောင်စီတပ်လက်အောက်က အမှတ်-၁၀၁၃ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ မော်တော်ယာဥ်ကို ဇူလိုင်လ ၁ ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်သတင်းတွေကို ဖော်ပြနေတဲ့မူတြော်သတင်းစဥ်က သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    ကမာမို(ကမမောင်းရွာ)ကနေ ကတဲတိ(ကတိုင်တိရွာ)ဘက်ကို ‌မောင်းလာတဲ့ အဲဒီကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးတယ်လို့လည်းဆိုပါတယ်။

    ကားပေါ်ပါလာတဲ့ လက်နက်ခဲယမ်းတွေကို KNLA ဘက်က သိမ်းဆည်းခဲ့ပြီး ကားကိုတော့ ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

    BGF တပ်ဖွဲ့၀င်တွေ သေဆုံးမှုနဲ့ပတ်သက်လို့ စစ်တပ်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    KNU

    ဓာတ်ပုံ ရင်းမြစ်, မူတြော်သတင်း

    ဓာတ်ပုံ ပုံစာ, KNU တပ်မဟာ ၅ နယ်မြေမှာ BGF နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ
  16. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအထူးသံ ထပ်လောင်းပြောဆို

    အာဆီယံအထူးသံတမန်လည်းဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီဘက်ကို ထပ်လောင်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    အာဆီယံအထူးသံဟာ သူ့ရဲ့ မြန်မာပြည်တွင်းခရီးစဥ်မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန် အခုလို တောင်းဆိုခဲ့တာဆိုပြီး အထူးသံရဲ့ ခရီးစဥ်အပြီးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အထူးသံဟာ သူ့ရဲ့ မြန်မာပြည်တွင်း ခရီးစဥ်မှာ သမ္မတကတော်ဟောင်းလည်းဖြစ်၊ လွှတ်တော်အမတ်လည်း ဖြစ်တဲ့ဒေါ်စုစုလွင်နဲ့လည်း တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မတွေ့နိုင်ခဲ့ဘူးလို့ သိရပါတယ်။

    ဒါ့ပြင် အထူးသံတမန်ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ဆုံချိန်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ လက်တွဲလုပ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

    အဲဒီလို အခြေအနေ ဖန်တီးနိုင်မှသာ အာဆီယံနဲ့ ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း ဟန် ချက်ညီညီလုပ်ကိုင်နိုင်မယ့်အကြောင်းကိုလည်း အထူးသံက ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

    အခုခရီးစဥ်ဟာ အာဆီယံအထူးသံ မြန်မာနိုင်ငံကို လာရောက်တဲ့ ဒုတိယအကြိမ် ခရီးစဥ်ဖြစ်ပြီး နှစ်ကြိမ်စလုံးမှာ အထူးသံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရခဲ့ပါဘူး။

    စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေရင်ဆိုင်နေရသူဖြစ်တာကြောင့် ဥပဒေအရ ထောက်ပြပြောဆိုပြီး တွေ့ဆုံခွင့်ကို ငြင်းဆိုထားတာဖြစ်ပါတယ်။

    အထူးသံက စစ်ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်မှာတွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, AKP

    ဓာတ်ပုံ ပုံစာ, အထူးသံက စစ်ကောင်စီဥက္ကဋ္ဌနဲ့ နေပြည်တော်မှာတွေ့ဆုံ
  17. စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးတယ်လို့ အေအေပြော

    အေအေထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ ကျဆုံးတပ်ဖွဲ့ဝင်တွေထဲက အချို့

    ဓာတ်ပုံ ရင်းမြစ်, AA

    ဓာတ်ပုံ ပုံစာ, အေအေထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ ကျဆုံးတပ်ဖွဲ့ဝင်တွေထဲက အချို့

    မြန်မာ-ထိုင်းနယ်စပ်အနီးက ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေထဲမှာရှိတဲ့ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ချိန် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တယ်ဆိုပြီး အေအေဘက်က ဒီနေ့ ဇူလိုင်လ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ် ၂ စင်းက စခန်းကို မနေ့ ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ချိန် စခန်းပျက်စီးခဲ့သလို အဲဒီတပ်ဖွဲ့ဝင် ၆ ဦးလည်း ကျဆုံးခဲ့တာလို့ အေအေဘက်က ပြောပါတယ်။

    အေအေထုတ်ပြန်ချက်အရ ကျဆုံးတဲ့သူတွေဟာ တပ်သားအဆင့်ရှိသူ အသက်အကြီးဆုံး ၃၁ နှစ်နဲ့ အငယ်ဆုံး အသက် ၂၀ အရွယ် အမျိုးသားတွေဖြစ်ကြပါတယ်။

    စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း စခန်းထဲက ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီရဲ့ အဲဒီဂျက်တိုက်လေယာဉ် နှစ်စီးဟာ နယ်စပ်အနီးက တပ်စခန်းကို မြန်မာဘက်(ကရင်ပြည်နယ်ထဲ)ကနေ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်ထဲဝင်ရောက်သွားခဲ့တယ်ဆိုပြီးတော့လည်း အေအေဘက်က ပြောထားပါတယ်။

  18. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။