အခြေခံအလုပ်သမားအခွင့်အရေးတွေအတွက် စက်ရုံဘက်က လိုက်လျောတာမရှိဘူးလို့ အလုပ်သမားတွေဘက်ကပြော
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ဇေကမ္ဘာစက်ရုံဝင်းထဲက ADK အထည်ချုပ်စက်ရုံက
ထောင်နဲ့ ချီတဲ့ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး အခြေခံအလုပ်သမား
အခွင့်အရေးတွေအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိမှာတော့ တောင်းဆိုမှုတွေအားလုံးမပြေလည်သေးပေမဲ့ ဖိအားတွေကြောင့် လုပ်ငန်းခွင်ပြန်ဝင်နေရတယ်လို့ စက်ရုံအလုပ်သမားတွေကပြောပါတယ်။
အလုပ်သမားတွေအတွက်သတ်မှတ်ထားတဲ့ ထုတ်လုပ်မှုအထည်အရေအတွက်ပြည့်ရင် ပေးရတဲ့
ထုတ်လုပ်မှုဆုကြေးအပါအဝင် ရက်မှန်ကြေး၊ လူမှုဖူလုံရေးကြေးနဲ့ ခွင့်ရက်ခံစားခွင့်တွေအတွက်တောင်းဆိုချက် ၁၀ ချက်နဲ့ ဇူလိုင် လ ၇ ရက်နေ့ကစပြီး စက်ရုံပြင်ပမှာ တောင်းဆိုမှုတွေလုပ်ခဲ့ကြတာပါ။
‘’ လူမှုဖူလုံရေးဆေးခန်းက နေမကောင်းအတော်လေးဖြစ်နေလို့ နားရမယ်ဆိုပြီး
စာရေးပေးတာတောင် နေမကောင်းရင်အလုပ်ထွက် ဆိုပြီးပြောတယ်။ ခွင့်တိုင်တိုင်၊ မတိုင်တိုင်
၃ ရက်ဆက်တိုက်ပျက်တာနဲ့အလုပ်ထုတ်တယ်။ မီးဖွားခွင့်ဆိုလည်း ကလေးမွေးရင်အလုပ်ထွက်ပဲ။
စက်ရုံထဲက ရေကအနံ့ ပြင်းလို့ မသောက်နိုင်လို့ ရေတောင် တစ်လကို ၆၀၀ စက်ရုံကိုပြန်ပေးပြီး
သောက်ရတယ်။ သွားတိုင်ရင်လည်း အလုပ်သမားရုံးမှာတိုင်တဲ့အလုပ်သမားနာမည်ကစက်ရုံထဲ
ပြန်ရောက်လာပြီး အလုပ်ထုတ်ခံရတာပဲ။ အဲဒီလိုတွေကြောင့် သည်းခံနေလာရင်း အခုထုတ်လုပ်မှုဆုကြေးမပေးတော့ ဆန္ဒပြဖြစ်ကြတာပါ ‘’
လို့ စက်ရုံက အမျိုးသမီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စက်ရုံဘက်ကတော့ မနေ့ဇူလိုင် ၈ ရက်နေ့မှာ အလုပ်သမား အယောက် ၂၀ လောက်ကို
ခေါ်ပြီး သဘောတူစာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီး ထုတ်လုပ်မှုဆုကြေးအတွက်ပေးရမယ့်
ကျပ်တစ်သောင်းခွဲနဲ့ ကျွမ်းကျင်မှုဆုကြေးအတွက် ၉၀၀၀ ကျပ်ကို လစဥ်ထည့်ပေးမယ်လို့ ပြောခဲ့ပေမဲ့
အခြေခံအလုပ်သမားအခွင့်အရေးတွေအတွက် ပြေလည်အောင် ဖြေရှင်းပေးတာမရှိဘူးလို့
စက်ရုံလုပ်သားတွေကပြောပါတယ်။
‘’ အလုပ်သမားအယောက် ၂၀ ကိုခေါ် ပြီး စာချုပ်ချုပ်လိုက်တယ်။ စာချုပ်ဆိုတော အလုပ်ရှင်ရော
အလုပ်သမားရောရှိရမှာ။ စာချုပ်ကို နို့တစ်ဘုတ်မှာကပ်ပြီး ချပြဆိုတော့လည်းမပြဘူး။
အဲဒီအလုပ်သမားအယောက် ၂၀ ဆိုတာလည်း ဘာတွေပြောခဲ့လဲ မေးဖို့ ဖုန်းပိတ်တဲ့လူကပိတ်
ရှောင်တဲ့လူကရှောင်နဲ့ ဘာမှပြေလည်မှုမရဘူး။ ကျွန်မတို့ မနက်ဖြန်လည်းထပ်ပြီးတောင်းဆိုဆန္ဒပြမှာပါ’’ လို့ စက်ရုံအလုပ်သမားတစ်ဦးက
မနေ့ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက ဘီဘီစီကဆက်သွယ်မေးမြန်းချိန်မှာ ဖြေကြားခဲ့ပါတယ်။
ဒီကနေ့မနက်ပိုင်းစက်ရုံတွင်းအခြေအနေကို မေးမြန်းဖို့ ပြန်လည်ဆက်သွယ်ရာမှာတော့
စက်ရုံတွင်းစက်ရုံပြင် စောင့်ကြည့်မှုတွေလုပ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ခွင့်မရဘူးလို့
စက်ရုံအလုပ်သမားတွေက ဘီဘီစီကိုပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့တဲ့ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်မှာလည်း စက်ရုံဝင်းထဲကို
လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေရောက်လာတာကြောင့် အလုပ်သမားတွေ
စိတ်ပူစိုးရိမ်မှုတွေရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
‘’ စက်ရုံထဲကို သေနတ်တွေနဲ့ဝင်လာတော့ အားလုံးကကြောက်ပေမဲ့ ပြေးတာတွေဘာတွေ
မလုပ်ကြဘူး။ ငြိမ်ငြိမ်သက်သက်ပဲတောင်းဆိုခဲ့ကြတယ်။ သူတို့ကိုလည်းပြောလိုက်တယ်။
ကျွန်မတို့ကနိုင်ငံရေးဆန္ဒပြနေတာမဟုတ်ဘူး။ ကျွန်မတို့စက်ရုံကိုတောင်းဆိုနေတာလို့ပြောလိုက်တယ်’’
လို့ စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, FGWM

ဓာတ်ပုံ ရင်းမြစ်, FGWM
တရုပ်နိုင်ငံသားပိုင်တဲ့ ADK စက်ရုံမှာတော့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ ZARA အပါအဝင် ကုန်အမှတ်တံဆိပ် ၃ မျိုးကို ချုပ်လုပ်တယ်လို့ သိရပါတယ်။
အခုအလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကို ဘီဘီစီကဆက်သွယ်မေးကြည့်ရာမှာတော့ တောင်းဆိုမှုတွေ အားလုံးပြေလည်အောင်လုပ်ပေးပြီးဖြစ်ကြောင်း အလုပ်သမားအနည်းစုသာ မကျေလည်ဖြစ်နေတာဖြစ်တယ်လို့ စက်ရုံပိုင်ရှင်ရဲ့ လက်ထောက် ကိုစန်းက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ အလုပ်သမားတွေဟာ သူတို့တောင်းဆိုထားတဲ့အချက်တွေ အားလုံးအပြည့်အဝရနိုင်တာမရနိုင်တာမသိရပေမဲ့ လုပ်ငန်းခွင်ထဲပြန်လုပ်ကိုင်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ကြားဝင်ကူညီညှိနှိုင်းပေးနေတဲ့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။
‘’ ကျွန်မတို့အတွေ့အကြုံရတော့ အလုပ်သမားတွေကို နားလှည့်ပါးရိုက်လုပ်ထားတာပဲ။ တောင်းဆိုတာတွေပြေလည်တယ်ပြောတယ်။ ဒါပေမဲ့ ဘာမှမချပြဘူး။ ဆန္ဒပြနေတုန်းပဲ။ စက်ရုံဘက်က ပြောတယ်။ အလုပ်ထဲက စူပါဗိုက်ဆာ(ကြီးကြပ်သူ)တွေ၊ ခေါင်းဆောင်တွေက အလုပ်သမားတွေကို မဆဲဖို့တောင်းဆိုတာ မဆဲဘူးပြောတယ်။ နောက်တစ်ရက်မှာပဲ စက်ရုံထဲမှာ ဆဲပြီး တိုင်ချင်ရာတိုင်လို့ ပြောတဲ့အသံပြန်ထွက်လာတယ်။ အလုပ်သမားတွေလည်းကြောက်ကြတယ်။ အခုလည်း ဘာအချက်မှ မယ်မယ်ရရ မပြေလည်ဘဲ အလုပ်ထဲပြန်လုပ်နေရတာ’’ လို့ ပြည်တွင်းမှာ အလုပ်သမားအရေးအကူအညီပေးနေတဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်ကနေ ADK စက်ရုံက ထုတ်လုပ်တဲ့ နိုင်ငံတကာကုန်အမှတ်တံဆိပ်ကုမ္ပဏီကြီးတွေဆီကို တိုင်တန်းမှုတွေ လုပ်ထားတယ်လို့သိရပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့အာဏာသိမ်းမှုဖြစ်စဉ်ကို အလူးအလဲခံရတဲ့ စက်မှုဇုန်လုပ်ငန်းခွင်မှာတော့ စက်ရုံပေါင်း ၂၅၀ ဝန်းကျင် ပိတ်သိမ်းခဲ့ရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပြည်တွင်းမှာအလုပ်သမားတစ်သန်းကျော်လောက်ထိအလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကလည်း ထုတ်ပြန်ထားပါတယ်။