ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေး ဧရာဝတီ မြစ်ကြောင်းက ဓားပြတိုက်မှုတွေ

  2. ကောင်းဖော်ယူ ကျောင်းအုပ်ကြီးကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီပြော, ကျောင်းသားတွေဆီက ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်ခဲ့တယ်လို့ စွပ်စွဲထား

    စီဒီအမ်ဆရာဆရာမတွေနဲ့ ဖွဲ့စည်းသင်ကြားနေတဲ့ ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုးကို ဒီလ ၁၃ ရက်မှာ ဖမ်းမိထားတယ်လို့ စစ်ကောင်စီမီဒီယာတွေက ကြေညာပါတယ်။

    သူနဲ့အတူ တခြားအမျိုးသား ဆရာနှစ်ဦးကိုလည်း ဖမ်းမိခဲ့ပြီး သူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    အဲဒီ အွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ကြီး ဖမ်းဆီးခံရတဲ့ သတင်းတွေ ထွက်ခဲ့ပြီး အတည်မပြုနိုင်သေးခင်မှာ အဲဒီကျောင်းမှာ သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေ ဆက်တိုက်ဖမ်းဆီးခံရမှုတွေ ရှိလာပြီးနောက် ဒီကနေ့မှာတော့ ကျောင်းအုပ်ကြီးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    အဲဒီထုတ်ပြန်ချက်ထဲမှာ ဦးကောင်းသိုက်စိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီရဲ့ အစီအစဥ်နဲ့ အဲဒီအွန်လိုင်းသင်ကြားရေး စနစ်ကို ဆောင်ရွက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

    သူဟာ ကျောင်းသားတွေဆီက ငွေကြေးကောက်ခံခဲ့တဲ့အပြင် ငွေလိုအပ်တဲ့အခါ အကောင့်အမျိုးမျိုးသုံးပြီး စီဒီအမ် ဆရာတွေနဲ့ ကျောင်းသားတွေဆီက ငွေခြိမ်းခြောက်တောင်းခံတာတွေ လုပ်ခဲ့တာကို သူ့ဆီက ဖော်ထုတ်သိရှိရတယ်ဆိုပြီး စွပ်စွဲ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ပုဂ္ဂိုလ်ရေး ထိပါးစေမဲ့ စွပ်စွဲချက်တချို့ကိုလည်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

    အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

    NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီးကတော့ ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက CDM ဆရာ၊ ဆရာမတွေ ကိုဖမ်းဆီးတဲ့ဖြစ်ရပ်တွေဟာ လူမဆန်တဲ့ဖြစ်ရပ်တွေဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

    ပညာရေးသမဂ္ဂနဲ့ သပိတ်ကော်မတီတွေကတော့ CDM ဆရာ၊ဆရာမတွေ နဲ့ ကျောင်းသားတွေကို လူထုက ကူညီပေးကြဖို့ တောင်းဆိုထားကြပါတယ်။

    ဦးကောင်းသိုက်စိုး

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ဦးကောင်းသိုက်စိုး
  3. နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါတဲ့ မြန်မာကုမ္ပဏီပိုင်လက်ကျန်ငွေတွေ မြန်မာကျပ်ငွေနဲ့မဖြစ်မနေလဲရမယ်လို့ ထုတ်ပြန်

    ပြည်တွင်းမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါ၀င်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေစာရင်းက နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့လဲလှယ်ဖို့ ဗဟိုဘဏ်က ဇူလိုင် ၁၅ ရက်မနေ့က ရက်စွဲနဲ့ထုတ်ပြန်လာပါတယ််။

    နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ အစည်းအ၀ေးဆုံးဖြတ်ချက်အရ ဗဟိုဘဏ်က ခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ ပြည်ပပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရှိတဲ့ မြန်မာကုမ္ပဏီတွေရဲ့စာရင်းကိုလည်း အဲဒီကော်မတီက ဗဟိုဘဏ်ကို ပူးတွဲပေးပို့လာတယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒါကြောင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် (AD) လိုင်စင်ရ ဘဏ်တွေအနေနဲ့ ကိုယ့်ဘဏ်မှာ ဖွင့်ထားတဲ့ အဲဒီ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေလက်ကျန်စာရင်းကို ဇူလိုင် ၁၅ ရက်နောက်ဆုံးထားတင်ပြရမယ်လို့ ပါရှိပါတယ်။

    ဒါ့အပြင် အဲဒီ နိုင်ငံခြားငွေစာရင်းက လက်ကျန်ငွေကို မြန်မာငွေနဲ့ပြန်၀ယ်တာကို ဆောလျင်စွာဆောင်ရွက်ရမှာဖြစ်ပြီး ၀ယ်ယူရရှိတဲ့ ပမာဏကို ဇူလိုင် ၁၈ ရက်နေ့နောက်ဆုံးထားပြီး ဗဟိုဘဏ်ကို တင်ပြရမယ်လို့ ဆိုပါတယ်။ အဲဒီလို လုပ်ဖို့ပျက်ကွက်ရင်တော့ နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ နဲ့အရေးယူမယ်လို့ ပါရှိပါတယ်။

    ဒါ့အပြင် ပြည်ပချေးငွေရယူထားတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေ အနေနဲ့ ချေးငွေ အတိုးနဲ့ အရင်း ပြန်လည် ပေးဆပ်တာကို လတ်တလောကာလမှာ ဆိုင်းငံ့ထားဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့တဲ့ ရက်ပိုင်းက အကြောင်းကြားထားပါတယ်။ အာဏာသိမ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ ဒေါ်လာငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နိုင်ငံခြားသုံးငွေနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာကန့်သတ်ချက်မျိုးစုံကို လုပ်ဆောင်ထားတာပါ။

    အခုတစ်ကြိမ်မှာတော့ ပြည်ပကြွေးမြီတွေ လတ်တလောပြန်မဆပ်ဖို့ ထုတ်ပြန်ချက်ဟာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ပြည်ပနိုင်ငံတွေကို ဒေါ်လာငွေ စီးဆင်းမှုကို ထပ်မံတင်းကျပ်လိုက်တာမျိုးဖြစ်ပါတယ်။

    ဒီညွှန်ကြားချက်ကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ ကျဆင်းနေတဲ့ စီးပွားရေအခြေအနေမှာ ပြည်ပကမယုံကြည်မှုတွေပိုတိုးလာနိုင်တယ်ဆိုတဲ့ ဝေဖန်ချက်တွေထွက်လာနေပါတယ်။

    US Dollar

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. လိုင်ဇာမြို့အဝင်မှာ ကိုဗစ်ပိုးကူးစက်သူတစ်ဦး တွေ့ခဲ့တဲ့နောက် မြို့တွင်းအ၀င်အထွက်တင်းကျပ်

    မြစ်ကြီးနားမြို့ကနေ လိုင်ဇာကို ပြန်လာတဲ့ အမျိုးသား တစ်ယောက်ဆီမှာ ဇူလိုင်လ ၉ ရက်နေ့က ကိုဗစ် ကူးစက်သူအမျိုးသားတစ်ဦးကိုတွေ့ခဲ့ရတယ်လို့ ကေအိုင်အို ကိုဗစ်ကာကွယ်ရေး ဌာနက ဗိုလ်မှူးကြီး ဟိန်းဝေါမ်က အတည်ပြုပြောပါတယ်။

    ပိုးတွေ့ရှိခဲ့တဲ့ အမျိုးသားက မိုင်ဂျာယန်ဇာတိဖြစ်ပြီး မိုင်ဂျာယန်ကနေ လိုင်ဇာကိုဖြတ်ကာ မြစ်ကြီးနားကို ၃ ရက်ကြာသွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြစ်ကြီးနားကနေ မိုင်ဂျာယန်ကိုအပြန် လိုင်ဇာကိုအဖြတ်မှာ လိုင်ဇာမြို့အ၀င် စစ်ဆေးရေးဂိတ်မှာ ခုလို ပိုးကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

    “ကျွန်တော်တို့ ဒီလ ၉ ရက်နေ့မှာ တစ်ယောက်တွေ့တယ်။ (ဒီအချိန်) တွေ့ရင်လည်း အိုမီခရွန်းပိုး မျိုးကွဲ ဘီအေ ၄-၅ အမျိုးအစားပဲဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ သူနဲ့ထိတွေ့တဲ့သူတွေကို တစ်ပတ်အတွင်းမှာပြန်စစ်တော့ ဘာမှ လက္ခဏာပြတာမတွေ့ဘူးဆိုတော့ ကျွန်တော်တို့လည်း ဒီအတိုင်း ဆေးရုံမှာတင်ထားတယ်။ သက်သာတယ်။ ချောင်းဆိုးတာတစ်ခုပဲရှိတယ်။ သူက မိုင်ဂျာယန်ကလာတာ။ မိုင်ဂျာယန်ကနေ လိုင်ဇာ။ လိုင်ဇာကနေ ကားပြောင်းစီးပြိးတော့ မနားဘဲနဲ့ မြစ်ကြီးနားရောက်သွားတယ်။ မြစ်ကြီးနားမှာ ၃ ရက်လာမသိဘူး။ သွားနေပြီးတော့ ပြန်လာတယ်”လို့ ကိုဗစ်ပိုးတွေ့ရှိသူရဲ့အခြေအနေနဲ့ ခရီးသွားရာဇ၀င်ကို သူက ပြောပါတယ်။

    ကိုဗစ် မျိုးကွဲအသစ် တွေ ထပ်ဖြစ်လာတာကြောင့် လိုင်ဇာကို ဝင်လာတဲ့သူ အားလုံးကို ဆေးစစ်ပြီးမှ ဝင်ဖို့၊ ဆေးမစစ်ဘဲ ဝင်လာတာမျိုး လွတ်သွားတဲ့သူမရှိအောင် တိတိကျကျဆောင်ရွက်ဖို့ စစ်ဆေးရေးဂိတ်တွေကိုညွှန်ကြားထားသလို လိုင်ဇာ မြို့တွင်းမှာလည်း ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်တွေကို ကျန်းမာရေးဌာနတွေက အသိပညာပေးဖို့ စီစဥ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ကိုဗစ်ပိုး တွေ့ရှိသူတွေကိုတော့ ဆေးရုံမှာတစ်ပတ်နဲ့ အသွားအလာကန့်သတ်မှု ကွာရန်တင်းကာလ တစ်ပတ် ထားရှိသွားမှာဖြစ်ပြီး နှစ်ပတ်အကြာ ကိုဗစ်ပိုးရှိမရှိ ထပ်စစ်လို့ ပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိမှသာဆေးရုံက ဆင်းခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

    LaiZar Covid Quarantine center, Kachin

    ဓာတ်ပုံ ရင်းမြစ်, Simsa Kasa Media

    ဓာတ်ပုံ ပုံစာ, ကေအိုင်အေထိန်းချုပ်နယ်မြေလိုင်ဇာမှာ တွေ့ရတဲ့ ကိုဗစ် ကွာရန်တင်းစင်တာမြင်ကွင်းတချို့/ပုံဟောင်း
  5. ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ ဒူးလေးပါတီဥက္ကဋ္ဌ ဘာပြောလဲ

    အခုရက်ပိုင်းမှာ ဒူးလေးပါတီ ဥက္ကဋ္ဌနာမည်တပ်ပြီး ထွက်ပေါ်နေတဲ့ သတိပေးကြေညာချက်တွေ ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်နေရာတချို့မှာ ကပ်ထားတာဖြစ်ပါတယ်။ သတိပေးကြေညာချက်ထဲမှာတော့ 'အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်နေသော လီဆူဒူးလေးပါတီရဲ့ ဥက္ကဋ္ဌ ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်နှင့် ဦးရွှေမင်း ဦးဆောင်သော မည့်သည့်အစည်းအဝေး အစီအစဉ်မျိုးကို မဆို လုံး၀ ပါဝင်ပတ်သက်ခြင်း မရှိစေရန် ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။

    ဦးရွှေမင်းနဲ့ အပေါင်းအပါတွေကို UG( under ground ) တွေက အခွင့်အရေးရရင် ရသလို သုတ်သင်ရှင်းလင်းသွားမှာဖြစ်တယ်လို့ "မြို့ပြပျောက်ကျားအဖွဲ့" နာမည်နဲ့ သတိပေးစာရွက်တွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကာယကံရှင် က အခုလို ထွက်ပေါ်နေတဲ့ စာတွေကိုတွေ့ရှိကြောင်းနဲ့ လတ်တလော နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘယ်အဖွဲ့အစည်းကိုမှသူတို့အနေနဲ့ ဝေဖန်တိုက်ခိုက်တာမရှိဘူးလို့ပြောပါတယ်။

    U Shwe Min

    ဓာတ်ပုံ ရင်းမြစ်, U Shwe Min facebook

    “ကျွန်တော်ပြောချင်တာကတော့ ကျွန်တေ်တို့သည် လတ်တလော နိုင်ငံရေးနှင့်သက်ဆိုင်သော အဖွဲ့အစည်းများကို ဘာမှ ဝေဖန်တာ ပုတ်ခတ်တာ ယနေ့အထိ မရှိခဲ့ဘူး။ အထူးသဖြင့် PDF တို့ CRPH တို့ NUG နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝေဖန်ပုတ်ခတ်ခြင်းမရှိခဲ့ဘူး။ သို့သော်လည်း လူတစ်ဦးတစ်ယောက်ရဲ့ပယောဂကြောင့် ယနေ့ ကျွန်တော်တို့ကို မြို့ပြ ကာကွယ်ရေးအဖွဲ့ဆိုလား ဘာလဲတော့မသိဘူး အဲဒီကနေထုတ်ပြန်တာကိုတော့ ကျွန်တော်တို့က စိတ်ဆိုးတယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော့်ကတော့ ဂရုစိုက်နေမှာမဟုတ်ဘူး။ ကနေ့ ကျွန်တေ်တို့ လှုပ်ရှားနေတာသည်သူ့ကျွန်ဘဝကို သွပ်သွင်းခံနေရတဲ့ ဘဝကို လွတ်ဖို့အတွက် ကေအိုင်အေကို ဆန့်ကျင်နေတာပဲ ဖြစ်တယ်။ အဲဒီအတွက် တစ်ဖက်က ကြေညာလာပြီဖြစ်တဲ့အတွက် ကျွန်တေ်တို့က ရှောင်တာတွေကို ရှောင်ပြီးတော့ ဆောင်တာတွေဆောင်ပြီး လုပ်စရာရှိတာတွေကို လုပ်သွားရမှာပဲ ဖြစ်တယ်။ ကျွန်တော်တို့က ခြိမ်းခြောက်စာ ခြိမ်းခြောက်စကားမှန်သမျှကို ဂရုစိုက်နေမှာမဟုတ်ဘဲ ကိုယ့်လီဆူလူမျိုး သူ့ကျွန်ဘဝမရောက်ဖို့ ကိုယ့်ကိုမတရားဖိနှိပ် ညှဥ်းဆဲသတ်ဖြတ်နေတဲ့သူများကိုတော့ ဆန့်ကျင်တွန်းလှန်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်" လို့ ဦးရွှေမင်းက ပြောပါတယ်။

    ဒါ့အပြင် ဒူးလေးပါတီအနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးပုံစံနဲ့သာသွားနေတာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့သွားနေတာမျိုးတွေ မရှိဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း ဦးရွှေမင်းဟာ စစ်တပ်နဲ့နီးစပ်တဲ့ဆက်ဆံရေးရှိသလို ပြည်သူ့စစ်တွေဖွဲ့စည်းမှုမှာလည်း ပါ၀င်ပတ်သက်နေတယ်ဆိုပြီး ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဌာနချုပ်ဟာ မြစ်ကြီးနားမှာ ရှိပြီး ကချင် ၊ ကယာ၊ ရှမ်း ၊ မန္တလေး နဲ့ မိုးကုတ် စတဲ့မြို့တွေမှာလည်း ပါတီရုံးတွေရှိတာ ဖြစ်ပါတယ်။ ပါတီဝင်အင်အား(တစ်သိန်း)ခန့်ရှိပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ က စတင်တည်ထောင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမှာ ၅ ဦး နဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ၂ ဦး အနိုင်ရရှိခဲ့ဖူးပါတယ်။

    Kachin

    ဓာတ်ပုံ ရင်းမြစ်, Social Media

  6. CDM ဆရာ၊ဆရာမတွေနဲ့ ကြားကာလပညာရေးမှာသင်ကြားပေးနေသူတွေ ဆက်တိုက်ဖမ်းဆီးခံနေရ, NUG အနေနဲ့မူဝါဒအရ ထိန်းကျောင်းပေးဖို့ ပညာရေးအင်အားစုတွေတောင်းဆို

    ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက CDM ဆရာ၊ဆရာမတွေဖမ်းဆီးခံရပြီးနောက်ပိုင်းမှာဒေသတချို့မှာ ရှိတဲ့ CDM ကျောင်းဆရာ၊ဆရာမတွေနဲ့စေတနာ့ဝန်ထမ်းစာသင်ပေးနေတဲ့ဆရာ၊ဆရာမတွေဖမ်းဆီးခံရမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေကပြောကြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ အွန်လိုင်းကစာသင်ကြားပေးနေတဲ့ ကောင်းဖော်ယူစာသင်ကျောင်းကအချက်အလက်တချို့ပေါက်ကြားပြီးကျောင်းတည်ထောင်သူဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးအဲဒီကျောင်းမှာ စာသင်ကြားပေးနေတဲ့ဆရာမတွေဆက်တိုက်ဆိုသလို ဖမ်းဆီးခံခဲ့ရတာပါ။

    ဒီနောက်ပိုင်းမှာပဲ မြို့နယ်တချို့က CDM ဆရာ၊ ဆရာမတွေနဲ့ CDM ပြုလုပ်ပြီးကျောင်းမတက်တဲ့ ကျောင်းသားတွေကို စေတနာ့ဝန်ထမ်းစာသင်ပေးနေတဲ့ ဆရာ၊ဆရာမတချို့ဖမ်းဆီးခံရတာတွေဆက်ဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

    ဇူလိုင် ၁၃ ရက်နေ့မှာတော့ တောင်ငူမြို့နယ် ၂ ရပ်ကွက်ထဲမှာ ကလေးငယ် ၁၀ ဦးကိုစေတနာ့ဝန်ထမ်းအနေနဲ့စာသင်ပေးနေတဲ့ အမျိုးသမီး ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်ပိုင်း ကလေးငယ် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့်အမျိုးသမီးငယ်တွေကတော့ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ နီးစပ်တဲ့ ဒေသခံတွေကပြောပါတယ်။

    တနင်္သာရီတိုင်းမြိတ်မြို့နယ်မှာလည်း ဇူလိုင် ၁၄ ရက်ညပိုင်းက CDM မြို့ပေါ် ရပ်ကွက်ကတက္ကသိုလ်ဆရာ၊ဆရာမ ၅ ဦးကိုနေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်က သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာလည်းCDM ဆရာ၊ဆရာမတွေကို ဖမ်းဆီးဖို့ ဓါတ်ပုံ၊ နေရပ်လိပ်စာတွေနဲ့ ထုတ်ပြန်နေတာကြောင့်ကြားကာလပညာရေးမှာ သင်ကြားပေးနေတဲ့ဆရာ၊ဆရာမနဲ့ ကျောင်းသားမိဘတွေဟာစိတ်ပူစိုးရိမ်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်းရှိနေပါတယ်။

    အခုလို ဆရာ၊ ဆရာမတွေဆက်တိုက်ဖမ်းဆီးခံနေရတာဟာ စစ်ကောင်စီက လွတ်လပ်စွာပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပြီးပြည်သူ့ပညာရေးကျောင်းတွေမှာသင်ကြားပေးနေတဲ့ဆရာ၊ဆရာမတွေကို ရန်သူလိုသဘောထားနေတာဖြစ်တယ်လို့ ပညာရေးသပိတ်ကော်မတီကထုတ်ပြန်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ အလားတူဖြစ်ရပ်တွေထပ်မံမဖြစ်ပွားအောင် မူဝါဒအရထိန်းကျောင်းတည့်မတ်ပေးဖို့ CDM ဆရာ၊ဆရာမတွေ နဲ့ ကျောင်းသားတွေကို လူထုက ကူညီပေးကြဖို့အခြေခံ ပညာရေး လုပ်သားများ သမ္မဂ၊အခြေခံပညာရေးဝန်ထမ်းများသပိတ်ကော်မတီကဒီကနေ့ ဇူလိုင် ၁၆ ရက်မှာထုတ်ပြန်တောင်းဆိုထားပါတယ်။

    ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက CDM ဆရာ၊ ဆရာမတွေ ကိုဖမ်းဆီးတဲ့ဖြစ်ရပ်တွေဟာ လူမဆန်တဲ့ဖြစ်ရပ်တွေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဒုဝန်ကြီးကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  7. ကယားပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ စစ်ကောင်စီက တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်လုပ်ခဲ့

    ကယား(ကရင်နီ)ပြည်နယ်ထဲမှာ ဇူလိုင်လ ဒုတိယပတ်ထဲမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်‌ရေးတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ်KNDF က ထုတ်ပြန်ထားပါတယ်။

    ရက်သတ္တပတ်အတွင်း တိုက်ပွဲ ၅ ကြိမ်အထိဖြစ်ခဲ့ပြီးဇူလိုင် ၁၁ ရက်နေ့က ဘောလခဲမြို့နယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အထိလုပ်ခဲ့ပြီးKNDF က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    KNDF ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၈ ရက်နေ့ကစပြီး ဒီး‌မောဆိုမြို့နယ်၊သေးဆူလဲကျေးရွာ၊ အူခူးရီးကျေးရွာ ၊ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေဆက်ခဲ့ပြီး စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

    တခါ ဇူလိုင် ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကနေ ပူဖားကျေးရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီထောက်ပို့ယာဥ် ၂ စီးကို KNDF က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က ထိခိုက်မှုများခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ ဇူလိုင်လ ပထမပတ်ထဲမှာလည်းစစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးဖယ်ခုံမြို့နယ်လွယ်ပသာစခန်းကုန်းအနီးက တိုက်ပွဲမှာတော့ ကရင်နီကာကွယ်ရေးတပ်တွေဘက်က ၁၁ ဦးကျဆုံးပြီးစစ်ကောင်စီဘက် ၄၀ ဦးထက်မနည်းကျဆုံးတယ်လို့ KNDF က စစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

  8. မြိတ်မြို့လယ်မှာ စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်‌ရေးတပ်တွေမိုင်းဆွဲတိုက်ခိုက်

    တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ထဲက ရေပုန်းရပ်ကွက်မှာရှိတဲ့ ဘုံပျံစာသင်ကျောင်းအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်ထဲက ဘုံပျံစာသင်ကျောင်းကိုသန့်ရှင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်တာဖြစ်ပြီး မိုင်းမှာ လမ်းဘေးတစ်နေရာမှာပဲ ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ ဖြစ်တာကတော့ မြို့လယ်လို့ပြောလို့ရပါတယ်။ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ဘယ်သူမှတော့ ထိခိုက်တာမရှိပါဘူး။ ပေါက်ကွဲမှုဖြစ်ပြီးတော့ မြိတ်မြို့က ပိတောက်လမ်းဆုံနဲ့ တိုင်းရုံးလမ်းဆုံမှာ ကားနဲ့ ဆိုင်ကယ်တွေစစ်နေတယ်။စစ်နေတာတော့ စစ်သားတွေထက် ပျူစောထီးတွေစစ်နေတာပိုများတယ်’’ လို့ မြိတ်မြို့နယ် ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြုလုပ်တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ပြန်ကြားရေး ကထုတ်ပြန်ထားပါတယ်။

    နန်းထိုက်အောင်စစ်ဆင်ရေးဟာ မြိတ်မြို့လယ်အထိရောက်လာပြီဖြစ်လို့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်အောက်ခံတွေနဲ့ နီးစပ်တဲ့နေရာတွေမှာမနေကြဖို့ အိမ်စီးကားတွေအနေနဲ့လည်း စစ်ကား၊ရဲကားတွေနဲ့ အနီးကပ်သွားလာတာမလုပ်ဖို့ ကိုလည်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

    မြိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)
  9. ရေဦးမြို့နယ်အတွင်း ရက်သတ္တပတ်အတွင်း ဒေသခံ ၁၀ ဦးသေဆုံးပြီး နေအိမ် ၁၂၆အိမ်မီးရှို့ခံရ, ရေဦး၊ ဒီပဲယင်းနယ်စပ်ကို စစ်ကောင်စီဘက်က စစ်ကြောင်းသုံးကြောင်းထိုးနေလို့ ဒေသခံထောင်ချီဘေးလွတ်ရာပြေးနေရ

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကကျေးရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီးဇူလိုင် ၁၄ ရက်နေ့အထိ ကျေးရွာတွေအတွင်း ပစ်ခတ်တာ နေအိမ်တွေကို မီးရှို့တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဝင်ရောက်သွားတဲ့ ရက်သတ္တပတ်အတွင်းမှာရေဦးနယ်ထဲက စည်သာမြေရွာ၊ ကူဖြူရွာ ၊မီးမောင်းကုန်းရွာထဲက နေအိမ် ၁၂၆ လုံးမီးရှို့ခံခဲ့ရသလိုမီးမောင်းကုန်းရွာက ရွာသားတစ်ဦး၊ လိန်တောရွာက ရွာသား ၂ ဦး၊ကန်ပေါက်ကျေးရွာက ရွာသား ၃ဦး၊စည်သာမြေရွာက ရွာသား ၂ ဦး နဲ့ ကူဖြူရွာက ရွာသား ၂ ဦး စုစုပေါင်း ရွာသား ၁၀ ဦး ကို စစ်ကောင်စီကပစ်ခတ်ခဲ့တာ ကြောင့် သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

    "ပစ်ခတ်မှုကြားသေဆုံးတယ်ဆိုတာထက် ပစ်သတ်ခံရတယ်လို့ပဲ ပြောချင်ပါတယ်။အခုလည်း ရေဦးနဲ့ ဒီပဲယင်းအစပ်မှာ စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေတယ်။ ပြေးနေရတဲ့ ရွာတွေကတော့အလှည့်ကျပဲ။ ဒီပဲယင်းဘက်ကို စစ်ကြောင်းထိုးရင် ရေဦးဘက်ကိုပြေး၊ ရေဦးဘက်ကို စစ်ကြောင်းထိုးရင် ဒီပဲယင်းဘက်ကိုပြေးအဲဒီလိုပြေးနေရတယ်။ ဒီကနေ့လည်း ဒီပဲယင်းနဲ့ ရေဦးအစပ်က ညောင်လှရွာအထိစစ်ကြောင်းထိုးနေလို့အဲဒီဘက်က ထောင်နဲ့ ချီတဲ့ ဒေသခံတွေက ရေဦးဘက် ပြန်ပြေးနေရတယ်"လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ထဲကိုလည်း ကုန်းကြောင်း၊ လေကြောင်းကနေစစ်ကြောင်းထိုးပစ်ခတ်မှုတွေရှိနေပြီး ပစ်ခတ်မှုတွေကြားအရပ်သားသေဆုံးမှုတွေလည်းဖြစ်နေပါတယ်။

    ဒီပဲယင်းနဲ့ ရေဦးနယ်ထဲမှာတော့ စစ်ကောင်စီဘက်က တဖက်သတ်စစ်ကြောင်းထိုးတဲ့အခြေအနေတွေရှိသလို ဒေသကာကွယ်ရေးတပ်တွေကဘက်ကလည်း ပြောက်ကျားတိုက်ခိုက်မှုတွေ ခုခံစစ်တွေအားကောင်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    ဒီပဲယင်းနဲ့ ရေဦးနယ်ထဲက ‌လေကြောင်းပစ်ခတ်မှုတွေ၊ အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    Cj

    ဓာတ်ပုံ ရင်းမြစ်, ရေဦး

    ဓာတ်ပုံ ပုံစာ, ရေဦးမြို့နယ် ချမ်းသာအုပ်စု၊ ချမ်းသာရွာကို ဇွန်လ ၆ ရက်နေ့က စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးသွားတဲ့မြင်ကွင်း (ပုံဟောင်း)
  10. မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီးကို ပစ်ခတ်ခဲ့ပြီး လှိုင်သာယာတရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

    မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်မှာနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီးဦးစန်းလင်းကိုမနေ့ ဇူလိုင် ၁၅ ရက်နေ့ ညပိုင်းက မြို့ပြပြောက်ကျားအဖွဲ့တွေက ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Special Task Agency of Burma (STA) အဖွဲ့ကထုတ်ပြန်လာပါတယ်။

    မနေ့ည ၇နာရီခွဲအချိန်က တရားသူကြီး ဦးစန်းလင်း အငှါးယာဥ်နဲ့ အိမ်ကိုပြန်ချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် တရားသူကြီး ဦးစန်းလင်း နေရာမှာပဲ သေဆုံးခဲ့ပြီး အငှါးယာဥ်မောင်းကို ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီးဦးစန်းလင်းဟာ ကျောင်းသားနဲ့ လူငယ်တွေကို နိုင်ငံရေးပုဒ်မတွေတပ်ပြီး တရားစွဲဆို အမိန့်ချနေတဲ့အတွက် အခုလိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အလားတူ မနေ့ဇူလိုင် ၁၅ ရက်ညနေပိုင်းမှာပဲ လှိုင်သာယာမြို့နယ် တရားရုံးကိုလည်း မိုင်းခွဲသတိပေးခဲ့ပြီး စစ်ကောင်စီအဖွဲ့တွေနဲ့ဆက်စပ်တဲ့ ဒေါက်တိုင်တွေဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးဦးစန်းလင်းပစ်ခတ်ခံရတယ်ဆိုတဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ သက်ဆိုင်ရာမိသားစုဝင်တွေကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ဇူလိုင် ၁၆ ရက်မနက်ပိုင်းအထိ တရားသူကြီးပစ်ခတ်ခံရတာ တရားရုံးတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    တရားသူကြီးဦးစန်းလင်း

    ဓာတ်ပုံ ရင်းမြစ်, HTY Information

  11. လူထုသပိတ်တွေမှာပါဝင်တယ်ဆိုတဲ့ စွဲချက်နဲ့ သတင်းထောက် မေဘယ်လ်ကို စစ်ကောင်စီက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချ, သတင်းသမားအဖြစ် သတင်းရယူခဲ့ခြင်းဖြစ်တာကြောင့် အယူခံဆက်တက်ဖို့ရှိနေ

    စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တဲ့ အလွတ်တန်းသတင်းထောက်မေဘယ်လ် ခေါ် မငြိမ်းငြိမ်းအေးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ က အင်းစိန်ထောင်တွင်း ရုံးချိန်းမှာအလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ ဥပဒေအရ လိုက်ပါဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။

    သတင်းထောင်မေဘယ်လ်ကိုတော့ အခုနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး လူထုသပိတ်တွေမှာ ပါဝင်တယ်ဆိုတဲ့ စွဲချက်နဲ့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာပါ။ဖမ်းဆီးပြီး ၆လ အကြာမှာ အခုလို အမြင့်ဆုံးထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အယူခံဆက်တက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

    "သူ့ကို တော့ ဖေဖော်ဝါရီနဲ့ မတ်လမှာလုပ်ခဲ့တဲ့ တာမွေက လူထုသပိတ်တွေမှာပါတယ်။အမေရိကန်သံရုံးရှေ့က လူထုသပိတ်တွေမှာပါတယ်ဆိုတဲ့ စွဲချက်နဲ့ စွဲတာပါ။သူအနေနဲ့ ကတော့ လူထုသပိတ်တွေမှာရောက်ခဲ့ပေမဲ့ သတင်းထောက်အနေနဲ့သတင်းရယူဖို့ရောက်ခဲ့တာပဲဖြစ်တာကြောင့် ချမှတ်တဲ့အမိန့်ကမျှတမှုမရှိဘူး။ ဒါကြောင့် အထက်ရုံးတွေမှာ အယူခံတင်ပေးပါလို့ ပြောတာကြောင့် အယူခံဆက်တက်ဖို့ရှိနေပါတယ်" လို့ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေသူက ပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက သတင်းဌာန ၉ ခုထက်မနည်းကိုလိုင်စင်ပိတ်သိမ်းခဲ့ပြီး သတင်းသမား တစ်ရာကျော်ကိုဖမ်းဆီးခဲ့ပါတယ်။

    အဲဒီ တစ်ရာကျော်ထဲက လက်ရှိအချိန်ထိ သတင်းသမား ၆၁ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့မြန်မာသတင်းသမားတွေရဲ့အခြေအနေကို မှတ်တမ်းတင်ထားတဲ့ပြည်တွင်းပြည်ပအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    သတင်းထောက်မေဘယ်လ်

    ဓာတ်ပုံ ရင်းမြစ်, social media

  12. အွန်လိုင်း စာသင်ကျောင်းက မိဘတွေ စိုးရိမ်မှု မြင့်တက်

  13. စီးမထွက်အောင် ပိတ်ရင်း ခန်းလာတဲ့ ဒေါ်လာ

  14. ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့

  15. မန္တလေးပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရ

    မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်(ဇ)ရပ်ကွက် ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား ၇၈ လမ်းရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့ စက်မှုပန်းခြံ ကမ္ဘောဇဘဏ်ခွဲမှာ ဒီကနေ့ဇူလိုင် ၁၅ ရက်မွန်းလွဲပိုင်းက ဓားပြတိုက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်စီးနင်းလာတဲ့ အဖွဲ့တစ်ဖွဲ့က ဘဏ်အတွင်းက ဝန်ထမ်းတွေကိုသေနတ်နဲ့ ချိန်ရွယ်ပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော် ယူဆောင်သွားတယ်လို့လည်း ဘဏ်နဲ့ နီးစပ်သူတွေကပြောပါတယ်။

    ဒီအဖွဲ့ထွက်ခွာသွားချိန်မှာ ဘဏ်အတွင်းက ကွန်ပျူတာ နဲ့ ပစ္စည်းတချို့ကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး လက်လုပ်မိုင်းတစ်ခုကိုလည်းမှန်ကောင်တာပေါ် တင်သွားခဲ့တယ်လို့သိရပါတယ်။

    စစ်ကောင်စီဘက်က တင်ထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ ဓားပြတိုက်သူသုံးဦးဟာ ဘဏ်ကနေ ဓားပြတိုက်အပြီး အေးဆေးနဲ့ထွက်ခွါသွားတာကို တွေ့ရပါတယ်။

    အဲ့ဒီဘဏ်ဟာ လအတော်ကြာပိတ်ထားခဲ့တဲ့ဘဏ်လို့ ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ တစ်ခု ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်၊မန္တလေးအပါအဝင်မြို့ကြီးတွေမှာဘဏ်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ စက်မှုပန်းခြံ KBZ ဘဏ် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်တွေကပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့ အနီးအနားနေသူတွေကပြောပါတယ်

    ။ပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခံရတာတွေရှိနေတဲ့မန္တလေးမြို့မှာတော့ စစ်ကောင်စီက စစ်ဆေးတင်းကျပ်မှုတွေအရင်ထက်ပိုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကမ္ဘောဇဘဏ်

    ဓာတ်ပုံ ရင်းမြစ်, MDY Image

    ကမ္ဘောဇဘဏ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်၊မန္တလေးအပါအဝင်မြို့ကြီးတွေမှာဘဏ်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ စက်မှုပန်းခြံ KBZ ဘဏ် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်တွေကပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့ အနီးအနားနေသူတွေကပြောပါတယ်

    ။ပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခံရတာတွေရှိနေတဲ့မန္တလေးမြို့မှာတော့ စစ်ကောင်စီက စစ်ဆေးတင်းကျပ်မှုတွေအရင်ထက်ပိုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

  16. မလှိုင်ရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ အမျိုးသမီးကို ကယ်ထုတ်ခဲ့တဲ့ ရဲတပ်သားကို မြို့ပြပြောက်ကျားအဖွဲ့က လွတ်မြောက်နယ်မြေပို့ဆောင်ပေး

    မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရဲစခန်းမှာ စစ်ကောင်စီက အကြမ်းဖက်တိုက်ဖက်ရေးပုဒ်မ ၅၀ (ည) နဲ့ ဖမ်းဆီးထားတဲ့ အမျိုးသမီး မအိမသန္တာအောင်ကို အချုပ်ခန်းကနေကယ်ထုတ်ခဲ့တဲ့ ရဲတပ်သားစိုးပိုင်ကို မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့တွေက လွတ်မြောက်ရာနယ်မြေကို ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်။

    မန္တလေးမြို့က မြို့ပြပြောက်ကျားမဟာ မိတ်အဖွဲ့တွေကို ရဲတပ်သားစိုးပိုင်က CDM ပြုလုပ်လိုကြောင်း ဆက်သွယ်လာတာဖြစ်တာကြောင့် အခုလိုကယ်ထုတ်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးတာဖြစ်တယ်လို့ Kings Cobra Guerilla Force က ပြောပါတယ်။

    " ဇူလိုင် ၉ ရက်နေ့ မနက် ပိုင်းကအချုပ်ခန်းဖောက် ပြေးပြီး ညပိုင်းလောက်မှာ သူတို့ဆက်သွယ်လာတာပါ။ မန္တလေးမှာ သုံးရက်ဝှက်ထားပြီး မနေ့ (ဇူလိုင် ၁၄ ) ရက်မှာပဲ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ။ သူတို့နှစ်ဦးကလည်းဘာမှမပတ်သက်ကြပါဘူး။အခုလို CDM တွေကို ကူညီပေးတာပထမဆုံးပါ။ မြို့ပြပြောက်ကျားတွေအတွက်ကမလွယ်ပါဘူး" လို့ Kings Cobra Guerilla Force အဖွဲ့က ဗိုလ်မြွေပွေးကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံရသူနဲ့ ရဲတပ်သား ထွက်ပြေးလွတ်မြောက်တာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    မလှိုင်ရဲစခန်း

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

  17. ဒီပဲယင်းအရှေ့ခြမ်းမှာ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုအတွင်း ရွာသားတစ်ဦးသေဆုံး, ကျေးရွာတွေအနီး စစ်ကြောင်း ဆက်ထိုးနေလို့ ဒေသခံထောင်ချီ ဘေးလွတ်ရာပြေးနေရ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက နများရွာအနီးကို မနေ့ ဇူလိုင် ၁၄ ရက်က စစ်ကောင်စီက ရဟတ်ယာဥ် ငါးစီးနဲ့ လေကြောင်းပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့်ဒေသခံအများအပြား ပိတ်မိခဲ့ပြီး ရွာသားတစ်ဦးမှ နေရာမှာတင်ပဲ သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ နေ့လယ်ပိုင်းက နများကျေးရွာအနီးကို စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်ရေးယာဥ် အပါအဝင်လေယာဥ် ၅ စီးနဲ့ ပစ်ခတ်မှုတွလုပ်ပြီး စစ်အင်အားတိုးချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ပစ်ခတ်မှုကြောင့် နများရွာက အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကတော့ နေရာမှာပဲသေဆုံးခဲ့ကာ ရွာသား ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    ပစ်ခတ်မှုလုပ်ချိန်မှာ နများရွာက ဒေသခံ အယောက် ၁၀၀ လောက်ကိုစစ်ကောင်စီကပိတ်ဆို့ဖမ်းဆီးထားခဲ့ပြီး ဒီကနေ့ဇူလိုင် ၁၅ ရက်မနက်ပိုင်းမှာတော့ဒေသခံတွေပြန်လည်လွတ်မြောက်ပြီး မိသားစုတွေနဲ့အဆက်အသွယ်ရပြီလို့ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ နများကျေးရွာမှာ ဆက်လက်တပ်စွဲထားဆဲဖြစ်သလို မရကန်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ ယဥ်ကျေးရွာ ၊ မူရိုးကုန်းကျေးရွာတွေဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေ ဒီကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဘေးလွတ်ရာပြေးနေရတဲ့ ဒေသခံထောင်ချီဟာ အကူအညီတွေလိုအပ်နေတဲ့အတွက်ကျေးရွာတွေကလက်ခံစောင့်ရှောက်ပေးဖို့ နဲ့ စစ်ရှောင်တွေကို ကူညီပေးဖို့ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲကလူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။

    ဒီပဲယင်း

    ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

  18. သင်ဇာ၀င့်ကျော် ပြန်လွတ်

    ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့မှတ်တမ်းရုပ်ရှင်ရိုက်ကူးပြီးအပြန် ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ သရုပ်ဆောင်သင်ဇာ၀င့်ကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းကပြန်လွှတ််ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

    သင်ဇာ၀င့်ကျော်နဲ့အတူ ၄င်းရဲ့ချစ်သူနဲ့ ရိုက်ကူးရေးအဖွဲ့သား စုစုပေါင်း ၆ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇူလိုင် ၈ ရက်နေ့မှာ ခေတ္တ ထိန်းသိမ်းထားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရိပ်သာ ရှိရာ လားရှိုးကနေ ရန်ကုန်မြို့ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် ဆက်လက်စစ်ဆေးစရာတွေရှိလို့ ဆိုပြီး မင်းသမီးကို ပြန်မလွှတ်ပေးခဲ့ဘဲ အခုသီတင်းတစ်ပတ်ကျော်ကြာမှာသာ ပြန်လွတ်လာတာလည်းဖြစ်ပါတယ်။

    ပြန်လွတ်ပြီလို့ သတင်းတွေထွက်နေတဲ့ သရုပ်ဆောင်သင်ဇာ၀င့်ကျော်ရဲ့ လက်ကိုင်ဖုန်းကို ဘီဘီစီက ဒီနေ့ ဇူလိုင် ၁၅ ရက်မှာ ဆက်သွယ်ပေမဲ့ ဖုန်းပိတ်ထားတာတွေ့ရပါတယ်။

    မင်းသမီးနဲ့အဖွဲ့ ပြန်လည်လွတ်မြောက်ဖို့အတွက် SSPP ဘက်ကလည်း ညှိနှိုင်းမှုတွေ ပြုလုပ်ပေးခဲ့ရပြီး မနေ့က SSPP နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီတို့ ရှမ်းပြည်တစ်နေရာမှာတွေ့ဆုံခဲ့တာရဲ့နောက်ဆက်တွဲရလဒ် ဟုတ်မဟုတ်ကတော့ အတိအကျမသိရသေးပါဘူး။

    Myanmar Top model and actress

    ဓာတ်ပုံ ရင်းမြစ်, ThinZar Wint Kyaw FB

  19. ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာသုံးခဲ့တာမရှိ၊ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး စွပ်စွဲချက်နဲ့ပတ်သက်လို့ အပြစ်မရှိကြောင်းနဲ့ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့တရားခွင်မှာ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

    သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) နဲ့စွဲချက်တင်ထားတဲ့ဒီအမှုမှာ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ဇူလိုင် ၁၅ ရက်နေ့မှာ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး ပံ့ပိုးကူညီတဲ့အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လိုအပ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင် ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့တွေထဲမှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဦးဆောင်ပါ၀င်ပြီး လူ၀င်မှု ကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့ ဌာနဆိုင်ရာတွေ နဲ့ ရွေးကောက်ပွဲ ကော်မရှင်အသီးသီးက တာ၀န်ရှိသူတွေနဲ့ ဥပဒေနဲ့အညီသာဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

    ဒါကြောင့် ကော်မရှင်ကို မလျော်သြဇာသုံးစွဲခဲ့တာမရှိကြောင်းနဲ့ စွပ်စွဲထားချက်တွေနဲ့ပတ်သက်လို့ သူ့မှာအပြစ်မရှိကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။

    ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ ၁ အဖြစ် သမ္မတ ဦး၀င်းမြင့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ဆေးခဲ့ပြီးဖြစ်ပြီး သမ္မတကလည်း အပြစ်မရှိကြောင်း ထွက်ဆိုထားပြီးဖြစ်ပါတယ်။ လာမယ့်သောကြာနေ့ရုံးချိန်းမှာတော့ ၀န်ကြီးဟောင်းဦးမင်းသူကို ဆက်လက်စစ်ဆေးဖို့ရှိတယ်လို့သိရပါတယ်။ ဒီနေ့ရုံးချိန်းမှာတွေ့ရတဲ့ သမ္မတရော နိုင်ငံတော်အတိုင်ပင်ခံပါ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ အတိုင်ပင်ခံအတွက် ထောင်၀င်စာပစ္စည်းတချို့လည်း ပို့ဆောင်ခွင့်ရခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၆ ခုအတွက် ထောင် ၁၁ နှစ်ထိချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်တွင်း ပြောင်းရွှေ့နေထိုင်ရတာ သီတင်းသုံးပတ်ခန့် ကြာမြင့်ပြီဖြစ်ပါတယ်။

    အာဆီယံအထူးသံတို့က ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရွှေ့ပြောင်းဖို့ တိုက်တွန်းထားပေမဲ့ စစ်ကောင်စီကတော့ ဒါကို လက်ခံထားတာမရှိပါဘူး။

    ဒီကနေ့စစ်ဆေးဖြစ်တဲ့ ပုဒ်မ ၁၃၀(က) ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင် ၃ နှစ်ထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

    Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, Social Media

  20. သမိုင်းလမ်းဆုံအနီးမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ, မနေ့ညပိုင်းက လူငယ် ၁၆ ဦးကို ရိုက်နှက်ဖမ်းဆီးတာ ရှိ

    ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ၊ သမိုင်း ၂ ရပ်ကွက်ထဲက အောင်မေတ္တာ ၅ လမ်းမှာ မနေ့ဇူလိုင် ၁၄ ရက်ညပိုင်းက လူငယ် ၁၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေနဲ့အုပ်ချုပ်ရေးမှူးတွေ ‌ပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံနေရတဲ့အကြောင်းကို လူမှုကွန်ရက်မှာရေးသားသူတွေကိုပါထပ်မံ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

    "လာတာတော့ ဧည့်စာရင်းစစ်တယ်ဆိုပြီး လာပေမဲ့ မစစ်ဘဲ အိမ်တွေကို တန်းဝင်ပြီးဖမ်းတာ။ သတင်းအတိအကျနဲ့လာပုံရတယ်။ တခါဖမ်းပြီး ပြန်ထွက်သွားပြီး ထပ်လာဖမ်းတာတော့ တော်တော်ဆိုးတယ်။ ဖမ်းသွားတာကို လိုင်းပေါ်တင်လို့ ထပ်လာဖမ်းတာ ၊ ငိုသံတွေရော ရိုက်သံတွေရော ကြားနေရတယ်။ နင်တို့ထမင်းဝအောင်စားထား ဆိုပြီး စစ်သားတွေကပြန်အော်နေတာ တွေလည်းကြားနေရတယ်။ စုစုပေါင်းဆို လူငယ် ၁၆ ယောက်လောက်ကို သတင်းအတိအကျနဲ့လာဖမ်းသွားတာ" လို့ အနီးအနားနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    တခါ ဒီကနေ့မနက်ပိုင်းမှာလည်း မရမ်းကုန်း၊ ဘုရင့်နောင် ၁ ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးက ရုံးအဖွဲ့ဝင်တစ်ဦး သမိုင်းလမ်းဆုံ အနီးက City Mart အနီးမှာပစ်ခတ်ခံရလို့ ဒေသခံတွေကပြောပါတယ်။

    ပစ်ခတ်ခံရတဲ့ ကိုလတ် ( ခေါ် ) ဦးခင်မောင်လတ်ဟာ ရာအိမ်မှူးတစ်ယောက်ဖြစ်တယ်လို့ ပြောဆိုကြသလို အုပ်ချုပ်ရေးမှူးရုံးက စာရေးမရဲ့ အမျိုးသားဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

    ပစ်ခတ်မှုနောက်ဆက်တွဲနဲ့ပတ်သက်လို့ ဘီဘီစီက ဆက်လက်မေးမြန်းနေပါတယ်။

    သမိုင်းလမ်းဆုံ

    ဓာတ်ပုံ ရင်းမြစ်, ဗမာ့လူငယ်ကွန်ရက်လူမှုကွန်ယက်စာမျက်နှာ

    ဓာတ်ပုံ ပုံစာ, သမိုင်းလမ်းဆုံအနီးက ပေါက်ကွဲမှု (ပုံဟောင်း)