ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာကို အိုင်စီဂျေက တရားစီရင်ခွင့်မရှိဘူးဆိုတဲ့ စစ်ကောင်စီကန့်ကွက်ချက်ကို ဇူလိုင် ၂၂ မှာ ဆုံးဖြတ်မယ်

    မြန်မာနိုင်ငံကိုလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာကို တရားစီရင်ခွင့်မရှိဘူးဆိုတဲ့ စစ်ကောင်စီရဲံ တင်ပြချက်အပေါ် လာမယ့်ဇူလိုင် ၂၂ ရက်မှာ ဆုံးဖြတ်မယ်လို့တရားရုံးဘက်က ထုတ်ပြန်လာပါတယ်။

    မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၁၈ ရက်ကနေ ၂၈ ရက်အထိ နယ်သာလန် နိုင်ငံက သည်ဟိဂ်တရားရုံးမှာသွားရောက်ရင်ဆိုင်ခဲ့ကြပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျနီဗာသဘောတူညီချက်ကို ချိုးဖောက်ပြီး ရိုဟင်ဂျာ တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်အာဏာ ရှိ၊မရှိ ဆိုတဲ့အပေါ် ဂမ်ဘီယာနဲ့ မြန်မာ ၂ နိုင်ငံက ကိုယ်စားလှယ်တွေက လျှောက်လဲချက်တွေ ပေးခဲ့ကြရပါတယ်။

    အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တုန်းကတည်းက ICJ တရားရုံးရဲ့ ဆုံးဖြတ် စီရင်ပိုင်ခွင့်အာဏာနဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ ကနဦးကန့်ကွက်ချက် (Preliminary Objection) ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီ ကနဦးကန့်ကွက်ချက်ကိုရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်၀ါရီ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။ ဂမ်ဘီယာဘက်က ကိုယ်စားလှယ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးကတော့ တရားရုံးအနေနဲ့ မြန်မာဘက်က ကန့်ကွက်မှုကို ပယ်ချမယ်လို့ပဲ မျှော်လင့်ကြောင်း၊ မြန်မာဘက်ကနေ အရင်တည်းက တင်သွင်းခဲ့တဲ့ အဓိကအချက်အလက်တွေကို တရားရုံးက တညီတညွတ်တည်း လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

    ဒါကြောင့် တရားရုံးအနေနဲ့ အဲဒီတုန်းက သူတို့ရပ်တည်ဆုံးဖြတ်ချက်ကနေ သွေဖြည်သွားစရာ အကြောင်းမရှိဘူးလို့ မြင်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ရုံးချိန်းတည်းက ပြောထားပါတယ်။

    MYanmar SAC, U Ko Ko Hlaing,agent.

    ဓာတ်ပုံ ရင်းမြစ်, ICJ

  2. စစ်ရေး တင်းမာမှု လျှော့ချဖို့ ရခိုင့်ဦးဆောင် ပါတီ တိုက်တွန်း

    ရက္ခိုင့်တပ်တော်အေအေနဲ့စစ်ကောင်စီတို့အကြားနှစ်တင်းမာနေတဲ့စစ်ရေးအခြအနေတွေကိုလျှော့ချနိုင်ဖို့အတွက်နှစ်ဘက်အပြန်အလှန်ချဉ်းကပ်ကြဖို့ ရခိုင့်ဦးဆောင်ပါတီ AFP ကဇူလိုင်လ၁၁ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

    အဲ့ဒီကြေညာချက်မှာကရင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ KNU တပ်မဟာ၅နယ်မြေအတွင်းကအေအေတပ်စခန်းဗုံးကြဲတိုက်ခိုက်ခံလိုက်ရမှုအပါအဝင်လတ်တလောရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့အခြေအနေတွေကိုအချက်၇ချက်နဲ့တိုက်တွန်းထားပါတယ်။

    အခုကာလဟာ ရခိုင်ပြည်နယ်အတွင်းတောင်သူတွေရဲ့မိုးစပါးစိုက်ပျိုးချိန်းလည်းဖြစ်တဲ့အတွက်စစ်ဒဏ်သင့်ရခိုင်ဒေသခံတွေစားနပ်ရိက္ခာလုံခြုံမှုရှိစေရေးစစ်ရဲ့ထိခိုက်မှုမရှိဘဲလယ်ယာလုပ်ငန်းကိုဖြောင့်ဖြောင့်တန်းတန်းလုပ်ကိုင်နိုင်ဖို့လိုအပ်နေတယ်လို့ဆိုထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနိုင်တဲ့သဘောတွေလတ်တလောအခြေအနေအရမြင့်တွေ့နေရတဲ့အတွက်တိုက်ပွဲတွေမဖြစ်ကြဖို့အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်ဇောဦးကဆိုပါတယ်။

    “လတ်တလောတိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့သဘောရှိတယ်ပေါ့နော်။အရင်ကလည်းတိုက်ပွဲတွေဖြစ်ရင်ပြည်သူတွေနစ်နာတာပေါ့။

    ဒါကြောင့်တိုက်ပွဲတွေဖြစ်ဖို့မကောင်းဘူး။အပြန်အလှန်ဖမ်းဆီးမှုတွေရှိတယ်။တလောကလည်းထိုင်းနယ်စပ်မှာတပ်စခန်းတစ်ခုကိုတိုက်ခိုက်တာရှိတယ်။တင်းမာမှုတွေများလာလို့ရှိရင်မထိန်းနိုင်မသိမ်းနိုင်ဖြစ်မှာစိုးလို့ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့သဘောပါ။”လို့ဦးကျော်ဇောဦးကပြောပါတယ်။

    ဒါ့အပြင်အပြန်အလှန်ဖမ်းဆီးမှုတွေကိုလည်းရပ်တန့်ပြီးဖမ်းဆီးထားသူတွေကိုတရားစွဲဆိုမှုတွေ၊အရေးယူတာတွေမလုပ်ဘဲပြန်လည်လွှတ်ပေးကြဖို့ကိုလည်းအဲ့ဒီကြေညာချက်မှာရေးသားထားပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်လောက်ကနှစ်ဘက်အပြန်အလှန်ဖမ်းဆီးမှုတွေရပ်နားခဲ့ကြပြီးအခုရက်ပိုင်းအတွင်းကျောက်တော်မြို့ပေါ်မှာစစ်မှုထမ်းဟောင်းတစ်ဦးကိုအေအေကဖမ်ဆီးခဲ့တဲ့ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ဖူးပါတယ်။

    အခုလိုဖမ်းဆီးမှုတွေကြောင့်နှစ်ဘက်တပ်တွေအကြားတင်းမာမှုတွေရှိနေကြပြီးစစ်ပွဲတွေဖြစ်ဖို့မဖြစ်ဖို့ဆိုတာကတော့စစ်တပ်တွေကိုကွပ်ကဲနေတဲ့သူတွေအပေါ်မူတည်တယ်လို့ဦးကျော်ဇောဦးကပြောပါတယ်။

    လက်ရှိမှာတော့ရက္ခိုင့်တပ်တော်နဲ့စစ်ကောင်စီတို့အကြားနှစ်ဘက်တိုက်ပွဲတွေမရှိကြပေမယ့်ဒေသတွင်းမိုင်းပေါက်ကွဲမှုတွေကဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီးကလေးငယ်တွေနဲ့ကျောင်းသားတွေပါသေဆုံးထိခိုက်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

    စစ်တွေ ရခိုင့်ဦးဆောင်ပါတီ ဌာနချုပ်
    ဓာတ်ပုံ ပုံစာ, စစ်တွေ ရခိုင့်ဦးဆောင်ပါတီ ဌာနချုပ်
  3. သဟဇာတကြားက ကုရ်ဗာနီ

    အစ္စလမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ကုရ်ဗာနီဒုတိယနေ့ ဇူလိုင် ၁၁ရက်ညနေမှာ စစ်တွေမြို့က မွတ်ဆလင်လူငယ်တွေနဲ့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေ အတူတကွ ပြုလုပ်ကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ပဋိပက္ခတွေကြီးကြီးမားမားဖြစ်ခဲ့ပေမဲ့ ဒီနေ့အချိန်မှာတော့ သဟဇာတဖြစ်မှုတွေကို တွေ့မြင်လာနေရပြီလို့တက်ရောက်ကြတဲ့ နှစ်ဖက်လူငယ်တွေကပြောပါတယ်။ဘာသာရေးပွဲတော်တွေကိုတောင် အခုလို လူမျိုးနှစ်ခုအကြား အခမ်းအနားတွေအဖြစ် ပုံစံပြောင်းလဲပြီးတော့ ကျင်းပနေကြတာလို့ဆိုပါတယ်။

    အခုထက်ပိုပြီး ခမ်းခမ်းနားနား ကျင်းပဖို့စီစဉ်ခဲ့ကြပေမယ့် ဒေသအခြေအနေအရ လုံခြုံရေးကိစ္စရပ်တွေကြောင့် အကျဉ်းချုံးပြီး ကျင်းပခဲ့ရတာဖြစ်တယ်လို့ မွတ်ဆလင်လူငယ်တစ်ဦးက ပြောပါတယ်။ ကုရ်ဗာနီဒုတိယနေ့ ပွဲကို စစ်တွေမြို့ ရှုခင်းသာလမ်းမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်တွေမြို့က အရပ်ဖက်အဖွဲ့အစည်းတွေက တက်ရောက်ခဲ့ကြပါတယ်။

    ကုရ်ဗာနီဒုတိယနေ့

    ဓာတ်ပုံ ရင်းမြစ်, MYINT LWIN

    ဓာတ်ပုံ ပုံစာ, ကုရ်ဗာနီဒုတိယနေ့ စစ်တွေမှာ ရခိုင်နဲ့မွတ်စလင်နှစ်ဖက်လူငယ်တွေအတူကျင်းပ
  4. ရုရှား အဆင့်မြင့် တိုက်လေယာဉ်တွေ မြန်မာ စစ်တပ် လက်ခံရရှိ

    ရုရှားနိုင်ငံထုတ်ဆူခွိုင်းSU-30 တိုက်လေယာဉ်၂ စင်း ကိုမြန်မာစစ်တပ်က ၂၀၂၂ ခုနှစ် မတ်လ အစောပိုင်းမှာ လက်ခံ ရရှိခဲ့ပါတယ်။

    အဲဒီ တိုက်လေယာဉ်တွေ နေပြည်တော်လေဆိပ်မှာ ရပ်နားထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ မော်စကို အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက် ပစ္စည်းတွေကို ထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ လို့ လေ့လာသူတွေက ဆိုကြပါတယ်။

    SU-30 တိုက်လေယာဉ်တွေနဲ့အတူ လေကျင့်ပျံသန်းရေးYakolav-130 လေယာဉ် တွေကိုလည်းမြန်မာစစ်တပ်က ရုရှား ဆီကနေ မှာယူထားတာ ဖြစ်ပါတယ်။

    တိုက်လေယာဉ် တွေ ဝယ်ယူဖို့ ၂၀၁၈ ခုနှစ်က ရုရှား ကာကွယ်ရေး ဆာဂေး ရှိုဂူး မြန်မာနိုင်ငံကို လာရောက်စဥ်မှာ စာချုပ်တွေ ချုပ်ဆိုခဲ့တာပါ။

    ရုရှား တိုက်လေယာဉ် တွေဟာ မြန်မာ စစ်တပ် ပိုင်ဆိုင်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် တိုက်လေယာဉ်တွေ ဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာ လေ့လာသူတွေက ပြောကြပါတယ်။

    မြန်မာစစ်တပ်က ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်တွေ လေ့ကျင့် ပျံသန်းရေး အတွက် ရုရှား စစ်တပ်က လေယာဉ်မှူးတွေကိုလည်း စေလွှတ်ထားတယ်လို့ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ လေတပ် ဗိုလ်ကြီး တစ်ဦးက ပြောပါတယ်။

    အိန္ဒိယ စစ်တပ်က ပိုင်ဆိုင်ထားတဲ့ ရုရှား တိုက်လေယာဉ် ဆူခွိုင်း SU-30MKI အမျိုးအစား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အိန္ဒိယ စစ်တပ်က ပိုင်ဆိုင်ထားတဲ့ ရုရှား တိုက်လေယာဉ် ဆူခွိုင်း SU-30MKI အမျိုးအစား
  5. မြို့ကြီးတွေမှာ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ဖို့ စစ်ကောင်စီ ပြင်ဆင်

    စစ်ကောင်စီဟာ တရုတ်နိုင်ငံထုတ် စောင့်ကြည်ရေးကင်မရာတွေကို မြို့ကြီးတွေမှာ တပ်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ ဒီလုပ်ငန်းနဲ့ တိုက်ရိုက် ပတ်သက်နေသူတွေက ရိုက်တာ သတင်းဌာနကို ပြောကြပါတယ်။

    စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ဖို့အတွက် လုပ်ငန်း တင်ဒါ ခေါ်ယူထားပြီး၊ facial recognition မျက်နှာတွေကိုသိနိုင်တဲ့ နည်းပညာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီး မြို့တွေရဲ့ လုံခြုံရေးကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် မော်လမြိုင်မြို့ အပါအဝင် မြို့ကြီး ၅ မြို့မှာ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ခဲ့ပြီး ဖြစ်ကြောင်း ဒီလုပ်ငန်းမှာ ပါဝင်ခဲ့သူတွေက ပြောကြပါတယ်။

    ကင်မရာ တပ်ဆင်ခဲ့သူတွေက စစ်ကောင်စီရဲ့ ဖမ်းဆီး အရေးယူမှုတွေ ခံရမှာ စိုးရိမ်တဲ့အတွက် သူတို့ရဲ့ နာမည်တွေကို မဖော်ပြဖို့ ရိုက်တာ သတင်းဌာနကို တောင်းဆိုခဲ့ကြပါတယ်။

    NLD အစိုးရလက်ထက်က ရာဇဝတ်မှုနှိမ်နှင်းရေးခေါင်းစဉ်နဲ့ တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေး ကင်မရာတွေကို ထပ်မံ တိုးမြှင့်တပ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ရိုက်တာရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    မြို့ကြီးတွေမှာ ကင်မရာတွေ တပ်ဆင်ထားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တယ်လီဖုန်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

    မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းတွေရဲ့ မြို့ကြီးတွေမှာ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ဖို့ စစ်ကောင်စီက ကြိုပမ်းနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီက မြို့ကြီးတွေမှာ ကင်မရာတွေ တပ်ဆင်မယ့် သတင်းကိုတော့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားခြင်းတော့ မရှိပါဘူး။

    Fisca လုံခြုံရေးနဲ့ဆက်သွယ်ရေးကုမ္ပဏီ၊ နောင်ရိုး နည်းပညာ ကုမ္ပဏီတွေဟာ စစ်ကောင်စီက ခေါ်ယူထားတဲ့ တင်ဒါကို ရရှိထားတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

    ဒီကုမ္ပဏီတွေဟာ တရုတ် နိုင်ငံက ဟွာဟွေ နည်းပညာ ကုမ္ပဏီ၊ ဇင်ကျန်း ဒါဟွာ နည်းပညာ ကုမ္ပဏီက ဆက်သွယ်ရေး ပစ္စည်းတွေကို မြန်မာ နိုင်ငံကို တင်သွင်းရောင်းချနေတဲ့ ကုမ္ပဏီတွေလည်း ဖြစ်ကြပါတယ်။

    ရန်ကုန်မြို့မှာ ရုံးချုပ်တွေ ဖွင့်လှစ်ထားတဲ့ မြန်မာ ကုမ္ပဏီတွေဘက်ကို ရိုက်တာက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြန်လည် တုံ့ပြန် ဖြေကြားတာမျိုး မရှိပါဘူး။

    စီစီတီဗီ ကင်မရာများ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စီစီတီဗီ ကင်မရာများ
  6. ဥကရိထစခန်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်

    ဥကရိထစခန်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၅ ဦး CDM ပြုလုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဝေါလေ‌‌ဒေသမှာရှိတဲ့ ဥကရိထစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သား ၅ ဦးဟာ CDMပြုလုပ်လာတယ်လို့ သိရပါတယ်။

    အဲဒီတပ်သား ၅ ဦးဟာ KNLA/KNDO ကရင်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကူဖို့ ဖလူးဒေသကနေ ဝေါလေကိုလာတဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းက ဖြစ်ပါတယ်။

    သူတို့ ၅ ဦးဟာ ဇူလိုင်လ ၉ ရက်ညမှာပဲ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM) မှာ ပါဝင်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ပူးပေါင်းတပ်ဆီ ဝင်ရောက်ခိုလှုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဇူလိုင်လ ၉ ရက်ညက ဒဏ်ရာရ စစ်ကောင်စီတပ်သားလူနာကို ပို့ဆောင်ပြီးအပြန်လမ်းမှာ KNLA ပူးပေါင်းတပ်နဲ့ဆက်သွယ်ကာ CDM ပြုလုပ်လာကြတာလို့ KNLA ပူးပေါင်းတပ်ဖွဲ့ က ပြောပါတယ်။

    အခုလို CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ ဘက်ကနေ စုပေါင်းအင်အားဖြည့် စုဖွဲ့ ကာ KNUတပ်မဟာ ၁ ဘီးလင်းနယ်​မြေကို စစ်ကြောင်းထိုးဖို့ ပို့ဆောင်တဲ့လမ်းကနေ အရေးပေါ် စစ်ကူ စစ်ကြောင်းအနေနဲ့ မြဝတီ၊ ဖလူး၊ လေးကေကော်၊ဝေါလေဒေသကို ပို့ဆောင် ခံရတဲ့ တပ်မ ၄၄ လက်အောက်ခံ ခြေလျှင်၊ ခြေမြန်တပ်ရင်း တွေက တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  7. မန္တလေးမြို့မှာ လူသေဆုံးတဲ့ဓားပြတိုက်မှုတွေဖြစ်

    အာဏာသိမ်းအစောပိုင်းကာလ မန္တလေးမြို့မှာ တွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းအစောပိုင်းကာလ မန္တလေးမြို့မှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    မန္တလေးမြို့လယ် နေရာ နှစ်ခုမှာ လူ တစ်ဦးသေဆုံးတဲ့အထိဖြစ်တဲ့ ဓားပြတိုက်မှုနှစ်ခု ဒီနေ့ ဇူလိုင်လ ၁၁ ရက်မှာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    ပထမ ဓားပြမှုဟာ ချမ်းမြသာစည်မြို့နယ်ထဲမှာဖြစ်ပြီး မနော်ဟရီလမ်းနဲ့ လမ်း ၅၀ အနီး နေအိမ်တစ်လုံးမှာနေထိုင်တဲ့ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးဟာ ဘဏ်ကနေ ငွေထုတ်ပြီးအပြန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် ငွေတွေ ဓားပြတိုက်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

    ‘‘အမျိုးသမီးက ဥပဒေအကြံပေးလုပ်နေတဲ့ အငြိမ်းစားတရားသူကြီးပါ။ အမျိုးသား ၃ ဦးလောက်က ဘဏ်ကနေ ငွေထုတ်လာတဲ့ သူ့နောက်ကနေလိုက်လာပြီး သေနတ်နဲ့ပစ်၊ ငွေတွေ ယူသွားတယ်။ ငွေက သိန်းရာချီရှိတယ်။ ကားကိုလည်း ယူသွားကြတယ်။ ကားကတော့ ခပ်လှမ်းလှမ်းမှာ ထားခဲ့တာကို ပြန်တွေ့ထားပြီ’’လို့ အခင်းဖြစ်တဲ့နေရာအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။

    ပစ်ခတ်ခံရတဲ့အမျိုးသမီးကတော့ သေနတ်ဒဏ်ရာတွေကြောင့် မန္တလေးဆေးရုံကြီးကို ပို့နေစဥ်မှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    တစ်ခါ ဒီနေ့ နေ့လယ်မှာပဲ ချမ်းအေးသာစံမြို့နယ်၊ ၈၅လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှုဖြစ်ခဲ့တယ်လို့ဒေသခံတွေ ထံကသိရပါတယ်။

    အဲဒီဆိုင်ဟာ စိန်သန့်စင်လုပ်ငန်းလုပ်တဲ့ဆိုင်လို့ အစောပိုင်းသတင်းတွေမှာဖော်ပြပေမဲ့ သတင်းဖော်ပြခံရတဲ့ဆိုင်ကတော့ ဓားပြတိုက်ခံရတာကို ငြင်းဆိုပြီး အနီးနားကဆိုင် ဓားပြတိုက်ခံခဲ့ရတာလို့ ဘီဘီစီကို ပြောပါတယ်။

    အခင်းဖြစ်ချိန် စစ်ကောင်စီတပ်ကို ကာယကံရှင်တွေက ဖုန်းဆက်ခဲ့တာကြောင့် ဓားပြတိုက်သူ ၃ ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

  8. ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ကျေးရွာမှာ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရ

    ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၈ ‌ခြေလျင်တပ်ရင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၈ ‌ခြေလျင်တပ်ရင်း

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီးက နန်ဇော်ယန်ကျေးရွာဘက်ကိုဝိုင်းမော်မြို့ အမှတ် (၅၈) တပ်ရင်းကနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီနေ့ ဇူလိုင်လ ၁၁ ရက် မနက် ၁၀နာရီလောက်ကနေစပြီး ပစ်ခတ်သံတွေကြား နေရတာဖြစ်ပြီးတော့ နေ့လယ် ၁၂ နာရီခန့်အထိ လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရဆဲ ဖြစ်တယ်လို့လည်းဆိုပါတယ်။

    “နေ့လယ် ၁၂ နာရီထိုးခါနီးအထိ အသံတွေကြားနေရတယ်။ လက်နက်ကြီးအသံတွေပဲ။ ကျွန်မတောင် ကျောင်းကြိုသွားမလို့။ အသံတွေကြားလာလို့ ခဏလေးပြန်နားလိုက်တာ။ ၅၈ ဘက်ကနေ နန်ဇော်ကို ပစ်တယ်လို့ပဲ ဒီကလူတွေကပြောနေကြတာ” လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ ဇူလိုင်လ ၁၀ရက် ညအစောပိုင်းတုန်းကလည်း ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ဘက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

    ဒါ့ပြင် နန်ဇော်ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

  9. မြန်မာ-ထိုင်းနယ်စပ်မှာ ထိုင်းနယ်ခြားစောင့်တပ်က စစ်အင်အားတိုးချဲ့ စောင့်ကြပ်, ဝေါလေစစ်ရှောင်တွေကို ရိက္ခာအကူအညီပေးရေးအခက်တွေ့

    မြန်မာ-ထိုင်းနယ်စပ်မှာ ထိုင်းနယ်ခြားစောင့်တပ်က စစ်အင်အားတိုးချဲ့ စောင့်ကြပ်

    ဓာတ်ပုံ ရင်းမြစ်, Thai Army

    မြန်မာ-ထိုင်းနယ်စပ်မှာ ထိုင်းနယ်ခြားစောင့်တပ်က စစ်အင်အားတိုးချဲ့ စောင့်ကြပ်နေလို့ ဥကရိထစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင်ဖြစ်လာတဲ့ ဝေါလေဒေသ‌ခံတွေကို စားနပ်ရိက္ခာအကူအညီပေးရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကပြောပါတယ်။

    ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်တပ်ရဲ့ စစ်လေယာဥ်ဝင်ရောက်ခဲ့တဲ့အပေါ်မှာ ထိုင်းအစိုးရရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်ထဲ လွှတ်တော်အမတ်တွေက ဝေဖန်မေးခွန်းထုတ်တာတွေရှိလာခဲ့တဲ့နောက် အခုလို ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းနယ်ခြားစောင့်တပ်ရဲ့ စစ်အင်အားပိုတိုးချဲ့ စောင့်ကြပ်လိုက်တာပါ။

    အခုဆို ထိုင်းနယ်ခြားစောင့် စစ်တပ်က စစ်အင်အားတိုးချဲ့ ကင်းလှည့်စောင့်ကြပ်တာတွေနဲ့အတူ ဝေါလေ၊ ဥကရိ့ထ၊ သေ့ဘောဘိုး စစ်ဘေးရှောင်တွေကို အကူအညီထောက်ပံ့ရေးရိက္ခာ ပေးပို့ဖို့မှာ ဒေသခံ မဟုတ်သူတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင် တားမြစ် စစ်ဆေးတာတွေလုပ်လာတာပါ။

    ''ဒေသခံ ထိုင်း ရွာသား မဟုတ်ရင် ဖြတ်သန်းသွားလာခွင့် မပေးဘူး။ ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် အရင် ကကင်းပတ်တာမျိုးလောက်ပဲရှိတယ်။ အခုက လမ်းမ တစ်လျှောက် စစ်ကြောင်း လမ်းကင်းထိုးထားသလို စစ်ကားတွေ ဆိုင်ကယ်တွေ နဲ့လည်းကင်းပတ် နေတယ်။အဲဒီတော့ အရင်လို စစ်ရှောင် တွေ ကို မဲဆောက် ဘက်ကကူညီကြတဲ့ အဖွဲ့ တွေ ကတိုက်ရိုက် သွားလို့ မရတော့ဘူး။ ရှမ်းဘက် ရွာကအကူအညီပေးသူတွေ ကတစ်ဆင့် မြန်မာဘက်ကို ပြန်ကူးယူပြီး ကိုယ့်ဘာသာအစုလိုက် ခေါင်းဆောင်တွေ က ပြန်ဝေငှပေးတာမျိုးလုပ်ပြီး စစ်ဘေးရှောင်တွေက မျှတချွေတာ စားသောက် နေရ တယ်'' လို့ စစ်ရှောင်ကူညီပေးနေသူကပြောပါတယ်။

    နယ်စပ်လုံခြုံရေးတင်းကျပ်မှုအခက်အခဲကြောင့် စစ်ရှောင်တွေရိက္ခာရရှိရေး ထိုင်းကရင် ကျေးရွာ လူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက် အကူအညီ တောင်းခံပြီး အမြန်ဆုံးဖြန့်ဝေပေးနိုင်ဖို့လုပ်ဆောင်နေကြရတယ်လို့သိရပါတယ်။

    မြန်မာဘက်ခြမ်းမှာတော့ ဝေါလေတခွင်မှာ စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ KNU/KNLA ပူးပေါင်းတပ် တွေနဲ့တိုက်ပွဲတွေဆက်ရှိနေပါတယ်။

    တိုက်ပွဲတွေကြောင့်ရှိလာတဲ့ စစ်ဘေးရှောင် သောင်းချီအတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဘက်က မြန်မာရွှေ့ပြောင်းလုပ်သား အစုအဖွဲ့ ၊ မြန်မာ စျေးဆိုင် မိသားစု အစုအဖွဲ့ ၊ ဘန်ကောက် ကရင်လူမှုကူညီရေးအစုအဖွဲ့ နဲ့ နိုင်ငံတကာရောက် မြန်မာ အစုအဖွဲ့ တွေက ထောက်ပံ့ပေးပို့နေကြတာဖြစ်ပါတယ်။

  10. မဲဇာရဲစခန်းကို ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်တိုက်, နှစ်ဖက် အကျအဆုံးရှိ

    မဲဇာရဲစခန်းကို ကေအိုင်အေနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်တိုက်

    ဓာတ်ပုံ ရင်းမြစ်, Indaw Revolution IR

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက မဲဇာရဲစခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အေ)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပီဒီအက်ဖ်)တို့က မနေ့ ဇူလိုင်လ ၁၀ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးဘက်က သတင်းထုတ်ပြန်ပါတယ်။

    ရဲစခန်းကို ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကသာခရိုင်တပ်ရင်း(၂) တို့က မနက် ၃ နာရီခန့်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ နမ်းချမ်းနဲ့အင်းတော်က စစ်တပ်ထောက်ခံသူ အရပ်သား လက်နက်ကိုင်ပျူစောထီးတွေရှိနေလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။

    အဲဒီလိုတိုက်ခိုက်ချိန် နှစ်ဖက်အကျအဆုံးဟာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးကျော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး အထိရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    မနေ့ မနက် ၈ နာရီခန့်မှာတော့ အင်းတော်ကနေ မဲဇာရဲစခန်းကို စစ်ကူလာတဲ့ စစ်ကားတစ်စီးဟာလည်း မန်လည်လမ်းခွဲအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့တယ်လို့ လည်း ပြည်သူ့ကာကွယ်ရေးသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

    ရဲစခန်းအနီးနားမှာနေထိုင်တဲ့ လူငယ်တစ်ဦးဟာ တိုက်ပွဲဖြစ်ချိန် ထွက်ကြည့်လို့ လက်နက်ကြီးထိမှန်ပြီး ဆုံးပါးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

  11. ဖမ်းဆီးထားတဲ့ မွတ်စလင်အမျိုးသား ၈ ဦးကို အေအေ ပြန်လွှတ်ပေး

    ဖမ်းဆီးထားတဲ့ မွတ်စလင်အမျိုးသား ၈ ဦးကို အေအေ ပြန်လွှတ်ပေး

    ဓာတ်ပုံ ရင်းမြစ်, Western News

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွတ်စလင် အမျိုးသား ၈ ဦးကို ရက္ခိုင့်တပ်တော်(အေအေ)က ဇူလိုင်လ ၉ ရက်နေ့တုန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

    မနေ့ ဇူလိုင်လ ၁၀ ရက်မှာကျရောက်တဲ့ အစ္စလာမ် ဘာသာရေးပွဲတော် အိဒ်နေ့ မတိုင်ခင်မှာ ရခိုင်-မွတ်စလင် ချစ်ကြည်ရေးအနေနဲ့ အေအေက အခုလို ပြန်လွှတ်ပေးလိုက်တာလို့ ရခိုင်ပြည်နယ်သတင်းတွေကို ဖော်ပြနေတဲ့ Western News သတင်းဌာနက သတင်းဖော်ပြပါတယ်။

    အဲဒီအမျိုးသားတွေဟာ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောက်ဘရွာ၊ ဖုံညိုလိပ်ရွာ၊ ရေချမ်းပြင်ရွာတို့က ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ အေအေဟာ မွတ်ဆလင်ရွာပေါင်း ၂၂ ရွာက အမျိုးသား အမျိုးသမီး ၄၅၀ ကိုလည်း အဝတ်အထည်တွေ လှူဒါန်းခဲ့တယ်ဆိုပြီးတော့လည်း သတင်းမှာပါရှိပါတယ်။

    သူတို့ ၈ ဦးကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဘယ်တုန်းက ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ အေအေဘက်က မပြောထားဘူးလို့ ဆိုပါတယ်။

  12. ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ တစ်လအတွင်း ပြန်ဖွင့်ပေးဖို့ ဒေသကာကွယ်ရေးအဖွဲ့ တောင်းဆို

    ပေါက်တောင်ပိုင်းကကျေးရွာတစ်ရွာ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, ပေါက်တောင်ပိုင်းက ကျေးရွာတစ်ရွာ

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ တစ်လအတွင်း ပြန်ဖွင့်ပေးဖို့ အဲဒီမှာ လှုပ်ရှားနေတဲ့ဒေသကာကွယ်ရေးအဖွဲ့တွေက တောင်းဆိုလာပါတယ်။

    အင်အား ၁၀၀ ကျော်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါက်တောင်ပိုင်းကျေးရွာတွေကို နယ်မြေရှင်းလင်းရေးဝင်တဲ့ မေလ ၂၈ ရက်နောက်ပိုင်းကတည်းက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ဖြစ်ပါတယ်။

    ‘‘အခုက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပျက်နေတာ တစ်လကျော်သွားပြီ။ အဲဒါကြောင့် ကာကွယ်ရေးတပ် တွေကြား ဆက်သွယ်ရေးလည်း အခက်တွေ့လာတယ်။ ဒေသခံတွေဆိုရင်လည်း ဖုန်းမရလို့ စစ်ကောင်စီတပ် ဝင်လာရင် ဘယ်ကိုတော့ဝင်နေပါပြီဆိုတာမျိုး အချင်းချင်း အချက်အလက်မသိနိုင်ဖြစ်တယ်။ အဲတော့ ပြေးကြ၊ လွှားကြရတဲ့အခါမှာ အချိန်နှောင်းမှသိပြီး အခက်အခဲ၊ ဆုံးရှုံးမှုတွေ ကြုံရတယ်’’ လို့ ပေါက်တောင်ပိုင်းဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပေါက်တောင်ပိုင်းမှာ ဆက်သွယ်ရေးလိုင်းတွေ မပြတ်တောက်ခင်အထိ မြန်မာ့ဆက်သွယ်ရေး(အမ်ပီတီ)နဲ့ အက်တမ်လို့နာမည်ပြောင်းထားတဲ့ တယ်လီနော ဖုန်းလိုင်းတွေသာ ရရှိတာဖြစ်ပါတယ်။

    အခုတော့ ဒေသကာကွယ်ရေးတပ်တွေက အဲဒီဆက်သွယ်ရေးလုပ်ငန်းတွေအနေနဲ့ တစ်လအတွင်း ဖုန်းလိုင်းတွေကို ပြန်မဖွင့်ပေးဘူးဆိုရင် ဆက်သွယ်ရေးတာဝါတွေကို ဖြိုချဖျက်ဆီးပြီး လက်နက်ထုတ်လုပ်တဲ့အပိုင်းမှာ သုံးသွားမယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က တုံ့ပြန်ပြောဆိုထားပါတယ်။

  13. အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးတက်ကြွလှုပ်ရှားသူအချို့နဲ့ ဘန်ကောက်မှာတွေ့

    no tag

    ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/SHUTTERSTOCK

    ထိုင်းနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မြန်မာအရေးတက်ကြွလှုပ်ရှားသူ ၆ ဦးနဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တက်ရောက်ခဲ့သူတွေကတစ်ဆင့် သိရပါတယ်။

    လက်ရှိမြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေနဲ့ ပညာရေး ကျန်းမာရေး ဆိုင်ရာကဏ္ဍနဲ့ ရခိုင်အရေးတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးအပ်ရာမှာလည်း စစ်ကောင်စီကို တိုက်ရိုက်မပေးဘဲ တိုင်းရင်းသားအဖွဲ့တွေ၊ တကယ့်မြေပြင်မှာ လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ ပေးအပ်ဖို့ကိုလည်း လူငယ်တွေဘက်က တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်နိုင်ငံ အနေနဲ့လည်း မြန်မာ့အရေးကို မျက်ကွယ်ပြုမထားပဲ အစဉ်တစိုက်ဆက်လက်စောင့်ကြည့်နေတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် ဘက်ကပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနဲ့လည်း မနေ့က တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ဟာ ဒီကနေ့မှာလည်း ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို တာဝန်ယူမှု အပြည့်ရှိဖို့ ဖိအားပေးကြဖို့နဲ့ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ကိုလည်း တရုတ်နိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

    အာဆီယံ ဘုံသဘောတူညီချက်ကို စစ်ကောင်စီဘက်က လေးစားလိုက်နာဖို့ရာမှာ ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုက အင်မတန်အရေးပါတယ်၊ အကြမ်းဖက်မှုတွေအားလုံး ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း ဆက်လက်တောင်းဆိုဖို့လိုတယ်လို့ ဝန်ကြီးဘလင်ကန်က ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

    ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်အာဏာမသိမ်းခင်က ရှိခဲ့တဲ့လမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံပြန်သွားဖို့ကိစ္စဟာ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားထဲမှာပါတယ်လို့လည်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

  14. ရေဦးမှာ ဒေသကာကွယ်ရေးစခန်းတစ်ခုကို စစ်တပ်က ရဟတ်ယာဥ်တွေသုံးပြီးတိုက်ခိုက်

    ပြီးခဲ့တဲ့မတ်လတုန်းက ညောင်လှမူးဆုံအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို တိုက်ခိုက်ဖို့ ပြင်နေကြတဲ့ ရေဦးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, PDF-YEU

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့မတ်လတုန်းက ညောင်လှမူးဆုံအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို တိုက်ခိုက်ဖို့ ပြင်နေကြတဲ့ ရေဦးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ဒေသကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီက ရဟတ်ယာဥ်တွေ သုံးပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘက်က ဒီနေ့ ဇူလိုင်လ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ရေဦးမြို့နယ်၊ စည်သာမြေရွာမှာရှိတဲ့ အဲဒီစခန်းငယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်မှာ တိုက်ခိုက်ရေးသုံးရဟတ်ယာဥ် တစ်စီး၊ သယ်ပို့ရဟတ်ယာဥ် ၄ စီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဲဒီလို တိုက်ခိုက်ခံရတာကြောင့် စခန်းစွန့်ခါခဲ့ရတဲ့အတွက် လက်လုပ်ကိုးလုံးသေနတ်၊ ဆိုင်ကယ်၊ သယ်ပို့ကား၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။

    ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရေဦးနယ်ထဲက ကူဖြူရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။

    အဲဒီနောက် စစ်ကောင်စီတပ်က ကူဖြူရွာထဲ ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ၃၀ ကျော် မီးထဲပါသွားခဲ့တယ်လို့ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

  15. RCSS ဌာနချုပ်မှာ မိုးများပြီး တောင်ကျရေကြီးလို့ လူ ၄ ဦးသေဆုံး

    RCSS ဌာနချုပ်မှာ မိုးများပြီး တောင်ကျရေကြီးလို့ လူ ၄ ဦးသေဆုံး

    ဓာတ်ပုံ ရင်းမြစ်, သျှမ်းသံတော််ဆင့်

    ဓာတ်ပုံ ပုံစာ, တစ်နာရီခန့် မိုးကြီးအပြီးမှာ အခုလိုဖြစ်ခဲ့တာပါ။

    ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်အစောပိုင်းတုန်းက မိုးများပြီး တောင်ကျရေကြီးခဲ့တာကြောင့် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ညပိုင်းမှာ တစ်နာရီနီးပါး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက် တောင်ကျရေတွေနဲ့အတူ ကျောက်တုံးတွေနဲ့ မြေတွေပါ တိုက်စားပြိုကျခဲ့တာကြောင့် လူ ၄ ဦးသေဆုံးခဲ့တာလို့ RCSSပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေးက ပြောပါတယ်။

    ‘’ဌာနချုပ်က တောတွေ၊ တောင်တွေ လျှိုတွေထဲမှာရှိနေတာလေ။ မိုးက ရုတ်တရက် သည်းကြီးမည်းကြီးရွာလိုက်တယ်။ အဲဒီမှာ အရှိန်နဲ့ စီးလာတဲ့တောင်ကျရေတွေကို ကျောက်တုံးကြီးတစ်တုံးက ခံသလိုဖြစ်တာပေါ့။ ရေလည်းများလာရော အဲဒီဝန်ကို မခံနိုင်ဘဲ ကျောက်တုံးရော၊ မြေတွေရော၊ တောင်ကျရေတွေရော ပြိုဆင်းပြီးဖြစ်တာပါ။ ဌာနချုပ်ရဲ့အောက်ပိုင်းမှာဖြစ်ခဲ့တာပါ’’လို့ စဝ်အုမ်ခေးက ပြောပါတယ်။

    သေဆုံးခဲ့သူတွေဟာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်ပါတယ်။ အဲဒီထဲက ၃ ဦးဟာ တောင်ကျရေတိုက်စားချိန် ပျောက်ဆုံးနေခဲ့သူတွေဖြစ်ပြီး ဒီနေ့မနက်မှ သူတို့အလောင်းတွေကို ပြန်တွေ့ခဲ့တာပါ။

    နောက်တစ်ဦးကတော့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ကိုတော့ ဒဏ်ရာတွေကြောင့် ဌာနချုပ်မှာ ဆေးကုသပေးနေချိန်မှာပဲ ဆေးရုံမှာဆုံးပါးခဲ့တာလို့ သိရပါတယ်။

    အဲဒီသဘာဝဘေးဖြစ်စဥ်ကြောင့် နောက်ထပ် လူ ၁၂ ဦးလည်း ဒဏ်ရာရခဲ့လို့ ဆေးရုံတင်ထားရပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

    RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ လူသေဆုံးတဲ့အပြင် ဆုံးရှုံးမှုများပြားတဲ့အထိဖြစ်တဲ့ အခုတစ်ကြိမ်သဘာဝဘေးဖြစ်ရပ်ဟာ ပထမဆုံးဖြစ်ပါတယ်။

  16. ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေး

    နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘန်ကောက်မြို့မှာ ဒီနေ့ တွေ့ဆုံနေကြတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, @SecBlinken

    ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘန်ကောက်မြို့မှာ ဒီနေ့ တွေ့ဆုံနေကြတာဖြစ်ပါတယ်။

    ထိုင်းနိုင်ငံကို အလုပ်သဘောခရီးစဥ်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန် ပရာမွတ်ဝိနိုင်နဲ့ ဒီနေ့ ဇူလိုင်လ ၁၀ ရက်မှာ တွေ့ဆုံချိန် မြန်မာ့အရေးကိုလည်း ဆွေးနွေးထားတယ်လို့ သိရပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘန်ကောက်မြို့မှာ တွေ့ဆုံချိန် မြန်မာ့အရေးအပါဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေး၊ နောက် ဒေသတွင်းအရေးဖြေရှင်းရာမှာ မြန်မာရော၊ ထိုင်းနိုင်ငံပါ အဖွဲ့ဝင်အဖြစ်ပါဝင်ထားတဲ့ အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍ စတာတွေကို ဆွေးနွေးထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဘက်က သတင်းထုတ်ပြန်ပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ထိုင်းနိုင်ငံကို မနေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

    သူ့ရဲ့ ထိုင်းနိုင်ငံခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ပါတွေ့ဆုံပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးအပါအဝင် ဒေသတွင်းအရေးတွေကို ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ဇူလိုင်လ ၉ ရက်နေ့ကတည်းက သတင်းထုတ်ပြန်ထားပါတယ်။

    အမေရိကန်နဲ့ ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံချိန် မြန်မာ့အရေး ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာကို မကြာခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိနေပါတယ်။

  17. မုံရွာမြို့ဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတွေမီးလောင်

    မုံရွာမြို့ဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတွေမီးလောင်

    ဓာတ်ပုံ ရင်းမြစ်, Phyo Thet(သုခဟိတနာရေးကူညီမှုအသင်း)

    ဒီကနေ့ ဇူလိုင် ၁၀ရက်မနက်ပိုင်း ၉ နာရီကျော်က စစ်ကိုင်း၊ မုံရွာမြို့နယ်၊ ကမ်းနားအနီး၊ ချင်းတွင်းမြစ်ဘေး 929 ဆိပ်ကမ်းမှာ ဆီတင်ရေယာဥ် ၂ စီး ဆီဖြည့်ရာက မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပါတယ်။

    အမြန်ရေယာဥ်ပေါ်က ဆီပေပါတွေ မီးလောင်မှုဟာ နေ့လယ် ၁နာရီကျော်အထိဖြစ်နေပြီး လက်ရှိမှာတော့ မီးလောင်နေတဲ့ဆီတင်တွဲကြီးဟာ ချင်းတွင်းမြစ်‌ထဲ မျောပါသွားပြီး ရေလယ်ခေါင်မှာဆက်လောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မုံရွာမြို့ဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတွေမီးလောင်

    ဓာတ်ပုံ ရင်းမြစ်, မီးသတ်

    ''သင်္ဘော ၂ စီးက ချင်းတွင်းမြစ်ထဲမှာ မီးလောင်ပြီးမျောသွားတယ်။ ဆိပ်ကမ်းကနေ လက်ပံတောင်းရွာနားအထိ မျောသွားတာဆိုတော့ မြို့အစ အဆုံးပဲပါပဲ။ ခန့်မှန်း ဆီပေပါ တစ်ထောင်နီးပါးပါတယ်။သံခွံဆိုတော့အကုန်မီးလောင်ပေမဲ့ မမြှုပ်သွားဘူး'' လို့‌ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဆီပေပါတွေမီးလောင်ချိန်ဟာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး မုံရွာခရိုင်မီးသတ်စခန်းနဲ့လူမှုကူညီရေးအသင်းတွေ ခက်ခက်ခဲခဲနဲ့ ငြှိမ်းသတ်ခဲ့ရတာကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံတွေမှာမြင်ရပါတယ်။

    မီးငြှိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်း‌သားတွေ ကြီးကြီးမားမားထိခိုက်တာမရှိခဲ့ပေမဲ့ မီးလောင်အားပြင်းလို့ မီးခိုးညှော်တာနဲ့တခြားအသေးအဖွဲထိခိုက်မှုတွေတော့ရှိခဲ့ပါတယ်။

  18. မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းက သံဃာ ၅ ပါးနဲ့ လူပုဂ္ဂိုလ် ၃ ဦး ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

    သံဃာတွေနဲ့အတူ ထောင်ဒဏ်ချမှတ်ခံရတဲ့ လူပုဂ္ဂိုလ်တွေဟာ သပိတ်အတွက် ဆိုင်ကယ်မောင်းပို့ကူကြသူတွေဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, သံဃသမဂ္ဂ

    ဓာတ်ပုံ ပုံစာ, သံဃာတွေနဲ့အတူ ထောင်ဒဏ်ချမှတ်ခံရတဲ့ လူပုဂ္ဂိုလ်တွေဟာ သပိတ်အတွက် ဆိုင်ကယ်မောင်းပို့ကူကြသူတွေဖြစ်ပါတယ်။

    စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နေ့စဥ်မပျက်ပြုလုပ်နေတဲ့ မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဖမ်းဆီးခံ သံဃာ ၅ ပါးနဲ့ လူပုဂ္ဂိုလ် ၃ ဦးကို အိုးဘိုအကျဥ်းထောင် တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။

    မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)နဲ့ သူတို့ကို မနေ့ ဇူလိုင်လ ၉ ရက်မှာ အခုလိုထောင်ဒဏ်တွေ ချမှတ်လိုက်တာဆိုပြီး သံဃသမဂ္ဂအဖွဲ့ဝင် သံဃာတစ်ပါးက မိန့်ပါတယ်။

    ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦး​ရေဝတ၊ ဦးဝီရိယဓမ္မ၊ ကို​ဌေးလွင်စိုး၊ ကိုရှိုင်း​အောင်နဲ့ ကိုဝင်းမင်းတို့ဖြစ်ကြပါတယ်။

    သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂ ရက်တုန်းက မန္တလေးမြို့ပေါ်မှာ ဆန္ဒပြချိန် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကားနဲ့ဖြိုခွင်းတာခဲ့ရပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ဒီသံဃာတွေနဲ့လူပုဂ္ဂိုလ်တွေဟာ ဖမ်းဆီးခံရပြီးနောက် မန္တလေး နန်းတွင်းစစ်ကြောရေးမှာ သီတင်းနှစ်ပတ်ကြာ ရိုက်နှက်စစ်ဆေးခံခဲ့ရတယ်လို့ သံဃသမဂ္ဂက ကပြောပါတယ်။

    အဲဒီနောက် အောက်တိုဘာလ ၁၇ ရက်ရောက်မှ အိုဘိုထောင်ထဲကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။

    လက်ရှိမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံရတဲ့ သံဃသမဂ္ဂအဖွဲ့ဝင်တွေထဲက သံဃာ ၈ ပါးဟာ အကျဥ်းကျခံနေရပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပညာသီဟကို အိုးဘိုထောင်တွင်းတရားရုံးကနေ အလားတူ ပုဒ်မနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ပါတယ်။

    ဒါ့အပြင် သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော် ဦးစန္ဒိမာဟာလည်း မန္တလေး သပိတ်အဖွဲ့ဝင်အချို့နဲ့အတူ အခုနှစ် ဖေ‌ဖော်ဝါရီလ ၉ ရက်မှာ ဖမ်းဆီးခံခဲ့ရပေမဲ့ သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

  19. စစ်ကောင်စီလေတပ် တိုက်လေယာဥ်တစ်စီး လေပိုင်နက်ထဲဝင်‌ရောက်ခဲ့မှုကို ထိုင်းဘက်က လျော်ကြေးတောင်း

    ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်တပ်လေယာဥ် ဝင်ရောက်ပျံသန်းခဲ့မှုကြောင့် ဖုတ်ဖမြို့ထဲက မူလတန်းကျောင်းတချို့ဟာ လုံခြုံရေးစိုးရိမ်ပြီး အရေးပေါ် အခြေအနေကြေညာကာ ကျောင်းတွေကို ရုတ်တရက် ပိတ်ခဲ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, BBC Thai

    ဓာတ်ပုံ ပုံစာ, ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်တပ်လေယာဥ် ဝင်ရောက်ပျံသန်းခဲ့မှုကြောင့် ဖုတ်ဖမြို့ထဲက မူလတန်းကျောင်းတချို့ဟာ လုံခြုံရေးစိုးရိမ်ပြီး အရေးပေါ် အခြေအနေကြေညာကာ ကျောင်းတွေကို ရုတ်တရက် ပိတ်ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းတုန်းက မြန်မာစစ်တပ်က တိုက်လေယာဥ်တစ်စီး ထိုင်းလေပိုင်ထဲအထိ ဝင်ရောက်ပျံသန်းခဲ့မှုကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ဆီမှာ လျော်ကြေးတောင်းနေပြီဆိုပြီး ဘန်ကောက်ပို့စ် သတင်းဌာနက သတင်းဖော်ပြလာပါတယ်။

    စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဥကရိထ စစ်စခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ KNLA/KNDO တို့က သိမ်းပိုက်ဖို့ကြိုးစားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်း ကူပစ်သုံးနေချိန် စစ်တပ်တိုက်လေယာဥ် တစ်စီးဟာ ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းမှုဖြစ်ခဲ့တာပါ။

    ကရင်တိုင်းရင်းသားတွေကို တိုက်ခိုက်ဖို့ မြန်မာတပ်ဖွဲ့ဝင်တွေကို ထိုင်းဝန်ကြီးချုပ်အနေနဲ့ ထိုင်းပိုင်နက်ထဲ ခြေချခွင့်ပေးထားလားဆိုပြီး ထိုင်းလွှတ်တော်အမတ်တစ်ဦးက လွှတ်တော်မှာ မေးမြန်းချိန် ဝန်ကြီးချုပ်ကိုယ်စား ထိုင်းကာကွယ်ရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တယ်ဆိုတဲ့သတင်းမှာ အခုလို လျော်ကြေးတောင်းတဲ့ကိစ္စကို ဖော်ပြလာတာဖြစ်ပါတယ်။

    အခုတော့ နယ်စပ်မှာ ထိုင်းလေတပ်က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပြီလို့ ထိုင်းကာကွယ်ရေးဝန်ကြီးက လွှတ်တော်မှာ ဖြေကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ကရင်ပြည်နယ်ထဲက ဥကရိထစခန်းသိမ်းတိုက်ပွဲမှာ လေကြောင်းပစ်ကူတဲ့ စစ်ကောင်စီတပ် တိုက်လေယာဥ်တစ်စီးဟာ မြန်မာ-ထိုင်းနယ်စပ်က ထိုင်းလေပိုင်နက်ထဲကို မိနစ်အနည်းငယ်ကြာအောင် ဝင်ရောက်ပျံသန်းခဲ့တာကြောင့် အဲဒီလေယာဥ်ဝင်ရောက်ခဲ့ရာ ဖုတ်ဖမြို့ထဲက ဒေသခံတွေဟာ ဒီပျံသန်းမှုကို စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။

  20. လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတဝန်းမိုးကြီးမှု၊ လေပြင်းတိုက်မှုနဲ့ မြေပြိုမှုတွေဖြစ်ပေါ်နိုင်

    အင်းတော်ကြီးဒေသ နန့်မွန်းမြို့ မှာ စံချိန်တင်ရေကြီးမှုဖြစ်ပြီး ဒေသခံနေအိမ်ပစ္စည်းတွေဆုံးရှုံးမှုဖြစ်ပေါ်နေမှု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အင်းတော်ကြီးဒေသ နန့်မွန်းမြို့ မှာ စံချိန်တင်ရေကြီးမှုဖြစ်ပြီး ဒေသခံနေအိမ်ပစ္စည်းတွေဆုံးရှုံးမှုဖြစ်ပေါ်နေမှု

    ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်း ဆက်ရှိနေလို့ မုတ်သုံလေအားကောင်းပြီး လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ နိုင်ငံတဝန်းရှိနေမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဇူလိုင်လ ၁၀ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

    မုတ်သုံလေအားကောင်းနေတာကြောင့် နိုင်ငံတဝန်း ဒေသအများစုမှာ မိုးထစ်ချုန်းရွာပြီးရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရခိုင်နဲ့ မွန်တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ ‌

    အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေမှာအနီးဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ကုန်းတွင်းပိုင်းမှာဆက်လက်ရှိနေတယ်လို့ဆိုပါတယ်။

    ဇူလိုင်လ ၉ရက်က သတိပေးထုတ်ပြန်ချက်အရဆိုရင် ဒီကနေ့ဇူလိုင်လ ၁၀ရက် ကနေ ‌ဇူလိုင် ၁၄ရက် အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေလို့ မိုးသည်းထန်စွာရွာတာနဲ့အတူလေပြင်းတိုက်တာနဲ့ ‌မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

    ဒါ့ကြောင့် ကုန်းမြင့်ပိုင်းမှာနေထိုင်သူတွေက ‌မြေပြိုမှုအန္တရာယ်ကိုသတိထားဖို့လိုပြီး မြစ်ချောင်းတွေအနီးနေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံတာကိုသတိပြုဖို့လည်းတိုက်တွန်းထုတ်ပြန်ထားပါတယ်။