ရခိုင်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လူထုကို အေအေသတိပေး

စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့သတိပေးထုတ်ပြန်လာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီပဲယင်းမြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းနဲ့ စစ်အင်အားတိုးချဲ့ချလာနေ, နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်ကပြော

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲက မဲသည်ရွာနဲ့ ဝဘာရွာအနီးမှာ မနေ့ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေထိခိုက်ကျဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်လာပါတယ်။

    ဒီပဲယင်းမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ မဲသည်ရွာအနီးကနေ ဒီပဲယင်းမြို့မရဲစခန်းကို ဦးတည်သွားနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကို ဒေသကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ပါတယ်။

    အခုရက်ပိုင်းမှာတော့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေဘက်က လေကြောင်းနဲ့ စစ်အင်အားတိုးချတာတွေလည်းလုပ်နေတာရှိတယ်လို့ ဒေသတွင်းသတင်းတွေမှာ လည်းဖော်ပြနေပါတယ်။

    ဒီကနေ့ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းမှာတော့ ဒီပဲယင်းနယ်ထဲက ပျံကျကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်နေပြီး ဒေသခံထွက်ပြေးတိမ်းရှောင်ရသလို နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာလည်း ဒီပဲယင်းနယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဆက်ဝင်ရောက်နေပြီး စစ်ရဟတ်ယာဥ်ပျံသန်းမှုတွေလည်းရှိနေတဲ့အတွက် ဒေသခံကျေးရွာတွေထွက်ပြေး တိမ်းရှောင်နေရပြီး ဒေသတွင်း သတိပေးချက်တွေထုတ်ပြန်နေတာလည်း တွေ့ရပါတယ်။

    ဒီပဲယင်း

    ဓာတ်ပုံ ရင်းမြစ်, CJ (ပုံဟောင်း)

  2. မြစ်ကြီးနားမြို့ကတရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ထဲက တပ်ကုန်းရပ်ကွက်မှာရှိတဲ့ တရားလွှတ်‌တော်ရှေ့နေ ဦးတင်ထွန်းသိန်းရဲ့ နေအိမ်ကို ဒီကနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ရှေ့နေဦးတင်ထွန်းသိန်းက ပြောပါတယ်။

    ဇွန်လ ၁၅ ရက်နေ့ကတည်းက နေအိမ်ကပစ္စည်းတွေသိမ်းဆည်းဖို့ စစ်ကောင်စီက အကြောင်းကြား ထားတာဖြစ်ပြီး ဒီကနေ့ မနက် ၁၀ နာရီမထိုးခင်လောက်က လာရောက်ချိပ်ပိတ်သွားတာ ဖြစ်တယ်လို့ ရှေ့နေဦးတင်ထွန်းသိန်းက ဘီဘီစီကိုပြောပါတယ်။

    နေအိမ်ရှေ့မှာ စစ်ကောင်စီတပ်တွေလာကပ်သွားတဲ့ ဗီနိုင်းစာမှာတော့ နေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုသတ်မှတ်အဖြစ်ကြေညာထားပြီး မြစ်ကြီးနားရဲစခန်းကအကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၄ နဲ့ ယာယီသိမ်းဆည်းထားတယ်လို့ ရေးသားထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီက ချိပ်ပိတ်ထားတဲ့ နေအိမ် ၁၁ အိမ်ခန့် ရှိနေပြီဖြစ်ပါတယ်။

    ချိပ်ပိတ်

    ဓာတ်ပုံ ရင်းမြစ်, cj

  3. သရုပ်ဆောင် သင်ဇာ၀င့်ကျော် ရန်ကုန်ကို ပြန်လည်ရောက်ရှိ, စစ်ဆေးစရာတချို့ကျန်ရှိနေလို့ ဆက်လက်စစ်ဆေးနေဆဲလို့ စစ်ကောင်စီ ပြော

    သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားသိရကြောင်း SSPP ပြောလာ ရုပ်ရှင်သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ ဒီနေ့ ဇူလိုင် ၈ ရက်မှာ ရန်ကုန်ကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး စစ်ဆေးမေးမြန်းစရာတချို့ကျန်ရှိနေလို့ ဆက်လက်စစ်ဆေးနေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

    မင်းသမီးကိုမနေ့ ဇူလိုင် ၇ ရက်ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားသိရကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဘီဘီစီကို ပြောပါတယ်။

    "မနေ့ညက လွှတ်ပေးလိုက်တယ်လို့သိရတယ်။ ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ရိပ်သာမှာ လို့လည်း ကြားပါတယ်။ ဒါပေမဲ့ မင်းသမီးနဲ့အဆက်အသွယ်တော့မရသေးပါဘူး" လို့ သူက ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီက နယ်မြေကျော်လွန်ပြီး တည်ဆောက်ထားတဲ့ SSPP ရဲ့တပ်စခန်း ၃ ခုကို မူလနေရာကနေဖယ်ရှားဖို့ အကြောင်းကြားထားတာကို တစ်လကျော်ကြာတဲ့အထိ SSPP ဘက်ကသဘောမတူသေးသလို စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့ တစ်ဖွဲ့တည်းသာကျန်တော့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

    ဒီတွေ့ဆုံမှုကိုတော့ ဇူလိုင်လအတွင်း ဆက်လက်ပြုလုပ်သွားဖို့ ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ တပ်စခန်း၃ ခုကိစ္စနဲ့ပတ်သက်လို့တော့ SSPP ကခုလိုပြောပါတယ်။

    "တပ်စခန်းတွေကိစ္စကတော့ ပိုနေမြဲကျားနေမြဲပါပဲ။ သူတို့(စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပွဲ) ပွဲကိုတက်တော့မှ ကျွန်တော်တို့ဘက်က ဒီကိစ္စကိုအကြောင်းပြန်မယ်လို့ပြောထားပါတယ်။ တွေ့ဖို့ဆိုတာကလည်း ရက်တို့နေရာတို့ ပြန်ချိန်းရဦးမယ်" လို့ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

    သရုပ်ဆောင်သင်ဇာ၀င့်ကျော်နဲ့ ရိုက်ကူးခဲ့တဲ့ ၀မ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းရုပ်ရှင်မှာလုံး၀ရိုက်ကူးပြီးစီးသွားပြီဖြစ်တာကြောင့် ဒီမှတ်တမ်းရုပ်ရှင် ထုတ်လုပ်ရေးကိစ္စတွေကိုလည်း ဆက်လုပ်ဖို့ရှိတယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

    သင်ဇာဝင့်ကျေ်

    ဓာတ်ပုံ ရင်းမြစ်, social media

  4. အိန္ဒိယနိုင်ငံသားနှစ်ဦးပစ်ခတ်သတ်ဖြတ်ခံရမှုမှာ နှစ်ဖက်စွပ်စွဲချက်တွေရှိနေ, မိုးရေးမြို့မှာ ဒီသတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် တရားမျှတမှုရရှိရေး ဆန္ဒထုတ်ဖော်တောင်းဆိုနေကြ

    စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ထဲက တမူးမြို့နယ် စော်ဘွားအင်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က အိန္ဒိယနိုင်ငံသား နှစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် ခံရတဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။

    အသက် ၃၀ ဝန်းကျင်ရှိတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးဟာ အိန္ဒိယမြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့က မြန်မာဘက်ခြမ်း တမူးမြို့နယ်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး စော်ဘွားအင်းရပ်ကွက်ထဲကို ဆိုင်ကယ်နဲ့ ဝင်လာချိန် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က PDF တွေ လုပ်ဆောင်တာဖြစ်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားသလို ဒေသခံ တမူး PDF ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ လုပ်ဆောင်တာဖြစ်တယ်လို့ အပြန်အလှန်စွပ်စွဲထုတ်ပြန်ထားကြပါတယ်။

    ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ နောက်တစ်ရက် ဇူလိုင် ၆ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်ပြီဖြစ်ပြီး အိန္ဒိယနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးမပျက်အောင် ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ဇူလိုင် ၇ ရက်နေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အသံသတင်း ဌာနက မေးမြန်းချက်ကို ပြန်ဖြေထားပါတယ်။

    တမူးဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ တမူး PDF ဘက်ကတော့ အိန္ဒိယနိုင်ငံသားနှစ်ဦး ကို အခုလိုပစ်ခတ်တာဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေဖြစ်ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံ မိုးရေးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသားစစ်ရှောင်တွေအခက်အခဲဖြစ်အောင် လုပ်ဆောင်တာဖြစ်ပြီး တမူးမြို့နဲ့ မိုးရေးမြို့ကြားဆက်ဆံရေးပျက်ပြားအောင်လုပ်ဆောင်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    အခုလို ဥပဒေမဲ့သတ်ဖြတ်ခြင်းကိုလည်း ပြင်းပြင်းထန်ထန်ရူတ်ချတယ်လို့ တမူး PDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှာဆိုရင်လည်း တမီးလ်လူငယ်တွေက မနေ့ဇူလိုင် ၇ ရက်နေ့မှာ တရားမျှတမှုရဖို့အတွက် စုဝေးဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ပြီး တရားမျှတမှုအတွက် တောင်းဆိုတာတွေလုပ်ခဲ့ကြပါတယ်။

    တမူး

    ဓာတ်ပုံ ရင်းမြစ်, SAT cele channel

  5. မန္တလေးမှာ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသူတစ်ဦး ရုပ်အလောင်းတွေ့, လည်ပင်းမှာလည်းအနီရောင်လိုဂိုပါကတ်ပြားတစ်ခုချိတ်ဆွဲခံထားရ

    မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ဒီနေ့ ဇူလိုင် ၈ ရက် မနက်ပိုင်းက လူငယ်တစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံထားရပြီး လည်ပင်းမှာ အနီရောင်လိုဂိုတစ်ခုပါတဲ့ ကတ်ပြားနဲ့ သတိပေးစာချိတ်ဆွဲခံထားရတာကို တွေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လမ်း ၄၀၊ ၄၁လမ်းကြား ၈၆လမ်း အလက(၈)ကျောင်းဘေးမှာ လည်ပင်းနဲ့မျက်နှာမှာ ဒဏ်ရာတွေနဲ့ လက်ပြန်ကြိုးတုပ် အသတ်ခံရထားရတဲ့သူတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူကို မှောက်လျက်အနေအထားနဲ့တွေ့ရတာဖြစ်ပါတယ်။

    စာထဲမှာ သတိပေးချက်တွေကတော့ ထခွဲ ၈ မှာရှိသော ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အထူးဂရုပြုပါ။ ဒီရက်ပိုင်းမှာ ကျောင်းကိုပိတ်ပါ။ မပိတ်လျှင် ကျောင်းတက်နေသူများကို သုတ်သင်ရှင်းသွားမည်လို့ ရေးထားပြီး အနီရောင်သွေးသောက်အဖွဲ့ လိုဂိုတစ်ခုပါဝင်ပါတာကို တွေ့ရပါတယ်။

    "လူငယ်ပိုင်းပဲ။ မနက်လေးနာရီမှ စသိတာ သတင်းက။ ညကတည်းက အသတ်ခံရတာထင်တယ်။ လည်ပင်းကတ်ဆွဲထားတယ်။ လက်ပြန်ကြိုးတုပ်အသတ်ခံရတာ"လို့ တွေ့ရှိခဲ့သူ ဒေသခံတဦးက‌‌ေပြာပါတယ်။

    ‌သေးဆုံးသူဟာ ဘယ်သူဘယ်ဝါ မသိရသေးဘဲ ဆေးရုံကြီးရေခဲတိုက်ကို ပို့ဆောင်ထားတယ်လို့ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။

    လက်ပြန်ကြိုးတုပ်

    ဓာတ်ပုံ ရင်းမြစ်, cj

  6. လားဟူဒီမိုကရက်တစ်အစည်းအရုံး ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌတွေ့, တစ်နိုင်ငံလုံး ပညာရည်မြှင့်တင်ရေး လက်တွေ့ကျကျ အကောင်အထည်ဖော်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

    လားဟူဒီမိုကရက်တစ် အစည်းအရုံး အထွေထွေအတွင်းရေးမှူး ကျားဆော်လမွန် ခေါင်းဆောင်တဲ့အဖွဲ့ကို စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့က ဒီကနေ့ နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

    အစည်းအဝေးမှာ ရွေးကောက်ပွဲ ကိစ္စ ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ တစ်နိုင်ငံလုံး တိုင်းရင်းသား ဒေသတွေပါမကျန် ပညာရည် မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်ထည် ဖော်နေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

    အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လားဟူဒီမိုကရက်တစ် အစည်းအရုံး ဘက်က တွဲဖက် အတွင်းရေးမှူး ကျားယာကုပ်နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၀င် ကျားဖူး တို့လည်း တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    လားဟူ ဒီမိုကရက်တစ် အစည်းအရုံးဟာ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ရက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်လျက် ရှိရာမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က တက်ရောက်ဖို့ ငြင်းဆန်ထားကြပါတယ်။

    လားဟူးဒီမိုကရက်တစ်အစည်းအရုံး ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌတွေ့

    ဓာတ်ပုံ ရင်းမြစ်, cincds

  7. မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားက အာဆီယံ အစည်းအဝေး မဖိတ်

    ကမ္ဘာဒီးယားမှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ထားဘူးလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

    မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအရေးညှိနှိုင်းပေးရေး ခန့်အပ်ခံထားရတဲ့ အာဆီယံ အထူးသံတမန်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းက အခုလို ပြောခဲ့တဲ့အကြောင်းနဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ထားတဲ့စာကို နေပြည်တော်ကို ကမ္ဘောဒီးယားနိုင်ငံက ပို့ထားပြီး ဖြစ်တယ်လို့ သူက ပြောကြောင်း အဲဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံထဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်တဲ့ အကောင်အထည်ဖော်မှုတွေ တိုးတက်မှု မရှိမချင်း မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်တွေ အကန့်အသတ်တွေ ရှိနေဦးမယ်လို့လည်း သူက ပြောပါတယ်။

    အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၃၁ ရက်ကနေ သြဂုတ်လ ၆ ရက်အထိ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့အတူ ဆက်စပ်အစည်းအဝေးတွေ ကျင်းပဖို့ ရှိနေပါတယ်။

    အခုလို အစည်းအဝေးတက်ရောက်ခွင့်မရတာ ဒုတိယအကြိမ် ဖြစ်ပြီးအခုနှစ် ဖေဖော်ဝါရီလမှာ ဆီယမ်ရိမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကိုလည်း ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ကြားခဲ့ပါဘူး။

    မစ္စတာ ပရတ်ဆော့ခွန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကမှ မြန်မာနိုင်ငံကို လာရောက်ပြီး လန်ချန်း-မဲခေါင်းနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ

    ဓာတ်ပုံ ရင်းမြစ်, MOFA

  8. ရန်ကုန်က ဆဲဗင်းဂျူလိုင်အရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ် ဆန္ဒပြတဲ့လူငယ်တွေကို ကားနဲ့တိုက်ဖြိုခွင်း

    ရန်ကုန်မြို့၊ လှိုင်မြို့နယ်ထဲက သုခမှတ်တိုင်မှာ ဒီကနေ့ဇူလိုင် ၇ ရက်ညနေပိုင်းက ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ အတွက်ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တစ်စုကို အိမ်စီးကားနဲ့တိုက်ပြီး ဖြိုခွင်းတဲ့ ရုပ်သံဗီဒီယိုတစ်ခု လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာပါတယ်။

    သတင်းဌာနတချို့နဲ့ သပိတ်အဖွဲ့လူငယ်တွေကြားက ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ အိမ်စီးကား တိုရိုတာ ဘယ်လ်တာ 7J 5050 အဖြူရောင်ယာဉ်တစ်စီးဟာ ဆန္ဒပြ လူငယ်တွေရှိရာကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့ပြီး သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦး လွှင့်စင်သွားသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်ကြောင်းတွေ့ရပါတယ်။

    ဒီကားနံပါတ်ကို ဘီဘီစီက Car License Checker ဖုန်းအပ်ပလီကေးရှင်းတချို့နဲ့တိုက်ကြည့်စစ်ဆေးရာမှာတော့ မှတ်တမ်းတင်ထားခြင်း​မရှိတာတွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့မှာလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က ပန်းပင်ကြီးလမ်းက ဆန္ဒပြပွဲတစ်ခုကို စစ်ကောင်စီက ကားနဲ့တိုက်ဖြိုခွင်း ဖမ်းဆီးခဲ့တာရှိခဲ့ပါတယ်။

    ရန်ကုန်၊ မန္တလေးက သပိတ်ဆန္ဒပြပွဲတွေမှာလည်း စစ်ကောင်စီက အိမ်စီးကား နဲ့တိုက်ပြီး သပိတ်အဖွဲ့ကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့လည်းတော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။

    ဆဲဗင်းဂျူလိုင်အရေးတော်ပုံ နှစ် ၆၀ ပြည့်

    ဓာတ်ပုံ ရင်းမြစ်, လူငယ့်ခေတ်

  9. သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ခေါ်ယူမေးမြန်းခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီပြော

    မနေ့ ဇူလိုင် ၆ ရက်နေ့ညပိုင်းမှာ ဝမ်ဟိုင်းဒေသကအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီး ထိန်းသိမ်းမှုခံရတဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဖမ်းဆီးတာမဟုတ်ဘဲ ခေါ်ယူမေးမြန်းတာသာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာပြောပါတယ်။

    သရုပ်ဆောင်သင်ဇာဝင့်ကျော်က ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ်ရှိရာ ၀မ်ဟိုင်းမြို့မှာဒေသဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့သွားရောက်ခဲ့တာဖြစ်ပြီး အပြန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်းနဲ့ စစ်ကောင်စီထံညှိနှိုင်းမှုတွေလုပ်နေတဲ့အကြောင်းလည်း SSPP က ဘီဘီစီကို အတည်ပြုပြောဆိုထားပါတယ်။

    ''ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဘူး။ ရိပ်သာမှာပဲ မေးမြန်းစရာရှိတာတွေခေါ်ယူမေးမြန်းနေတာဖြစ်တယ်’’ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်အပါအဝင် အတူပါသွားသူ ၆ ဦးဟာ လားရှိုးမြို့မှာဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ပြန်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ SSPP ဘက် ပြောပါတယ်။

    သင်ဇာဝင့်ကျေ်

    ဓာတ်ပုံ ရင်းမြစ်, social media

  10. မန္တလေးမြို့ ဘူတာကြီးအနီး မီးရထားရိပ်သာဝင်းရှေ့မှာ ပစ်ခတ်ပေါက်ကွဲမှုဖြစ်၊ နှစ်ဦးဒဏ်ရာရ

    မန္တလေးမြို့ ဘူတာကြီးအနီး မီးရထားရိပ်သာဝန်းနားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေယာယီနားနေဆောင်အနီးမှာ ဒီကနေ့ဇူလိုင် ၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီပစ်ခတ်၊ ‌ပေါက်ကွဲမှုကြောင့် အနီးမှာရှိနေတဲ့ အကြော်ရောင်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

    " ဆေးရုံကြီးကို ဘယာကြော်သည် အမျိုးသမီး နဲ့ နောက် အမျိုးသားတို့ ရင်ဘက် ဗုံးစမှန်ရောက်လာတယ်။ ရဲထိတာတော့ မကြားဘူး။ ‌ပစ္စတိုနဲ့ လေးချက်ပစ်ပြီးမှ ဟိုဘက်ကပြန်ပစ်တော့ ဗုံးနဲ့ပစ်ပြေးတာ"လို့ ဖြစ်စဉ် အခြေနေကို သိရတဲ့ ဒေသခံတဦးကပြောပါတယ်။

    ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နေ့စဥ်ဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေရဲ့ ယာဥ်အသွားအလာတွေကို စစ်ဆေးတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းပိတ်စစ်ဆေးတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

    Update: ထပ်မံသိရှိရတဲ့အချက်လက်အရ ဒီဖြစ်စဉ်ကို Generation Z power အဖွဲ့က ပြုလုပ်တာဖြစ်ပြီး ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ နီးစပ်တဲ့ဒေသခံတွေ ပြောပြချက်အရ ရဲတစ်ဦးကတော့သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

    မန္တလေးမြို့ ဘူတာကြီး

    ဓာတ်ပုံ ရင်းမြစ်, cj

  11. ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာပဲဆက်လက်ထားရှိထား အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ အမှု တရားသူကြီးခွင့်ယူလို့ မစစ်ဖြစ်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုစွပ်စွဲထားတဲ့အမှုတွေထဲက သြစတေးလျနိုင်ငံသားစီပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နဲ့ အတူစွဲဆိုခံထားရတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မနဲ့ အမှုကို ဒီကနေ့ ဇူလိုင် ၇ရက်မှာ တရားသူကြီးခွင့်ယူလို့ မစစ်ဆေးဖြစ်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ ဇူလိုင် ၇ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်တာကိုတွေ့ရပြီး နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးမှာ ကြားနာမှုမစခင် ရှေ့နေတွေနဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့တယ်လို့ ‌တရားရုံးအသိုင်းအဝိုင်းက အတည်ပြုပါတယ်။

    '' ဒီကနေ့ က ပြန်ခေါ်သက်သေဖြစ်တဲ့ ဒုရဲမှူးကြီးငွေထွန်းကို စစ်ဆေးဖို့ပါ။ ဒါပေမဲ့တရားသူကြီးမလာလို့ မစစ်ဖြစ်ပါဘူး။ အန်တီ ကျန်းမာရေးကောင်းပါတယ်။ နေပြည်တော်အချုပ်ထောင်ထဲမှာပဲဆက်ရှိနေရပါတယ်'' လို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။

    ပြန်ခေါ်သက်သေစစ်ပြီးရင်တော့ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်တို့ကိုဆက်လက်စစ်ဆေးဖို့ရှိနေပါတယ်။ မစ္စတာ ရှောင်တာနယ်ရဲ့ လက်(ပ်)တော့ နဲ့ စာရွက်စာတမ်းတွေမှာတွေ့ရှိတဲ့ အချက်အလက်တွေအရ သူအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။မနေ့ဇူလိုင် ၆ရက်မှာတော့ ‌ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ အစားအသောက်နဲ့ ရိက္ခာကို ထောင်ဝင်စာအနေနဲ့ နေပြည်‌တော်အချုပ်ထောင်ကိုပေးပို့ခဲ့ရတယ်လို့ ‌နီးစပ်သူတွေက အတည်ပြုပါတယ်။

    Update : ဘီဘီစီက ထပ်မံသတင်းမေးမြန်းမှုတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အိမ်ခြံအမှတ် ၅၄ မှာ ပြောင်းရွှေ့ထားတယ်ဆိုတဲ့သတင်းမဟုတ်မှန်ကြောင်းတရားရုံးနဲ့နီးစပ်သူတွေက အတည်ပြုသလို ၊ စစ်ကောင်စီကလည်း နေပြည်တော်အချုပ်ထောင်သီးသန့် နေရာမှာသာထားရှိထားပြီး ၊ရန်ကုန်အိမ်ကိုပြောင်းရွှေ့ထားတာမဟုတ်ကြောင်း တုံ့ပြန်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  12. အဖမ်းခံရတဲ့ NLD ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် အလောင်းပြန်တွေ့

  13. ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်နေ့မှာ ရန်ကုန်ကလူငယ်တွေ တာမွေရဲစခန်းအနီးနဲ့ နေရာတချို့မှာ ပြောက်ကျားသပိတ်တွေဆက်ထွက်

    သမိုင်းဝင်ကျောင်းသားအရေးတော်ပုံလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပြီး ကျောင်းသားရာချီပစ်ခတ် သတ်ဖြတ်ခံခဲ့ရတဲ့ ဆဲဗင်းဂျူလိုင်အရေးအခင်း နှစ် ၆၀ ပြည့်တဲ့ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာတော့ နိုင်ငံတဝန်းမှာ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်လှုပ်ရှားမှုနဲ့အတူ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ လုပ်နေကြပါတယ်။

    မနေ့ဇူလိုင် ၆ ရက်ညပိုင်းက ပေါက်ကွဲပစ်ခတ်မှုတွေနဲ့ ဒီကနေ့မနက်အထိ စစ်ဆေးမှုတွေတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း ရန်ကုန်တော်လှန်ရေး အင်အားစုက လူငယ်တွေက တာမွေရဲစခန်းအနီးအပါအဝင် နေရာတချို့မှာ "ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲ အလီလီ ဆင်နွှဲ"ဆိုတဲ့ စာတမ်းပါတဲ့ ခေါင်းစဥ်တွေနဲ့ ပြောက်ကျားဆန္ဒထုတ် ဖော်တာတွေလုပ်ခဲ့ကြတာကို ထုတ်ပြန်ထားကြပါတယ်။

    စစ်ကောင်စီဘက်က လည်းရန်ကုန်မြို၊ စမ်းချောင်း၊ တောင်ဥက္ကလာမြို့နယ်၊ ရွှေပြည်သာ၊ သဃန်းကျွန်း စတဲ့မြို့နယ်တွေနဲ့နေရာတချို့မှာ ကားတချို့ကို ပိတ်ဆို့စစ်ဆေးတာတွေ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေဆက်လုပ်နေပါတယ်။

    AAMIJ/ လူငယ့်ခေတ်

    ဓာတ်ပုံ ရင်းမြစ်, ဆဲဗင်းဂျူလိုင်

  14. ကွပ်ကဲမှုစနစ်ပြတ်သားခိုင်မာတဲ့ မဟာမိတ်တပ်ပေါင်းစုတစ်ရပ်အဖြစ်တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် အဖွဲ့(၄)ဖွဲ့က ထုတ်ပြန်

    ကွပ်ကဲမှုစနစ်ပြတ်သားခိုင်မာတဲ့ မဟာမိတ်တပ်ပေါင်းစုတစ်ရပ်အဖြစ် ဟန်ချက်ညီညီတိုက်ပွဲဝင်နိုင်ဖို့ အထူးအရေးကြီးတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် အဖွဲ့(၄)ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန် လိုက်ပါတယ်။

    ဒီကနေ့ ကျရောက်တဲ့ နှစ် ၆၀ပြည့် ဆဲဗင်းဂျူလိုင် နေ့နဲ့ ပတ်သက်ပြီး တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသအဖွဲ့နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့တွေက ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။

    ထုတ်ပြန်ချက်ထဲ တော်လှန်ရေးအစုအဖွဲ့တွေအားလုံး သဘောတူလက်ခံတဲ့ နိုင်ငံရေးဘုံရည်မှန်းချက်တစ်ခုကို ဆွေးနွေးဖော်ဆောင်ဖို့လိုအပ်တယ်လို့လည်းဖော်ပြထားပါတယ်။

    ဝေဝါးကွဲပြားတဲ့ ရည်မှန်းချက်တွေနဲ့ စုစည်းညီညာမှုမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဘုံရန်သူပြုတ်ကျသွားပြီးနောက် ပြည်တွင်းစစ်နဲ့ စစ်ဘုရင်ဝါဒကို ထပ်မံဦးတည်စေပြီး သမိုင်းတကျော့ပြန်ခြင်းကိုသာ ဖြစ်ပေါ်စေမယ့်အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူကြရမှာဖြစ်တယ်လို့ လည်းဆိုပါတယ်။

    ရင်ဆိုင်နေရတဲ့ရန်သူဟာ ရာစုနှစ်ထက်ဝက်ကျော် ပြည်သူကိုဖိနှိပ်အုပ်ချုပ်ဖို့ စနစ်ကျခိုင်မာစွာတည်ဆောက်ထားတဲ့ စစ်ယန္တရားတခုဖြစ်လို့ ရန်သူကို အမြစ်ပြတ်ချေမှုန်းဖို့ တော်လှန်ရေးအင်အားစုတွေအကြား ပိုမိုအားကောင်းခိုင်မာတဲ့ နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတရပ် ပေါ်ပေါက်လာမှသာ ဒီတိုက်ပွဲကိုအဆုံးသတ်အနိုင်ရမယ်လို့ လက်ခံယုံကြည်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ဟူတဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးမှုအပေါ် မားမားမတ်မတ်ရပ်တည်ကာ လူမျိုးပေါင်းစုံ ဖိနှိပ်ခံပြည်သူလူထုရဲ့ ကိုယ့်ကြမ္မာကိုယ်တိုင်ဖန်တီးခွင့်ရရှိရေးအပေါ် ခိုင်မာစွာရပ်တည်မယ်လို့လည်းပြောကြားထားတာပါ။ ဒီကနေ့ ဆဲဗင်းဂျူလိုင် နေ့မှာတော့ မြို့တိုင်းမှာ ဆန္ဒထုတ်‌ဖော်မှုတွေရှိနေသလို စစ်တပ်ကလည်း ဖမ်းဆီးပစ်ခတ်တာ‌နဲ့လုံခြုံ‌ရေးတင်းကျပ်စစ်ဆေးတာတွေရှိနေပါတယ်။

    ကျောင်းသားလက်ရုံးတပ်‌တော်

    ဓာတ်ပုံ ရင်းမြစ်, ကျောင်းသားလက်ရုံးတပ်‌တော်

  15. ကယားပြည်နယ်ထဲက ဒေသတချို့မှာ စိုက်ပျိုးရာသီအတွင်းပြန်စိုက်ပျိုးနိုင်ဖို့ တောင်သူတွေမျှော်လင့်, တောင်ယာတွေနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေလည်း ဆက်တိုက်မီးရှို့ဖျက်ဆီးခံနေရ

    စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်း က တောင်သူတချို့ဟာ အခုစိုက်ပျိုးရာသီမှာ လယ်ယာတွေပြန်စိုက်ပျိုးနိုင်ဖို့အတွက် မျှော်လင့်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါပေမယ့်တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်အတွင်းနဲ့ ရှမ်းကယားနယ်စပ်တွေမှာတော့ အရပ်သားသေဆုံးမှုတွေ၊ဒေသခံတွေရဲ့ တောင်ယာတွေမီးရှို့ဖျက်ဆီးခံရတာတွေကတော့ ဆက်တိုက်ဆိုသလိုဖြစ်နေတယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေကလည်း မနေ့ဇူလိုင် ၆ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြလာပါတယ်။

    ဒေသတွင်းမှာလယ်ဧကပေါင်း တစ်ထောင်ကျော်အထိ စိုက်ပျိုးနေတဲ့ မိုးဗြဲမြို့နယ်ထဲက ဝါရီဆူးပလိုင်ကျေးရွာကိုတော့ စစ်ကောင်စီဘက်က ဒေသခံတွေလယ်ဧက မစိုက်ပျိုးနိုင်အောင်ရည်ရွယ်တပ်စွဲထားတဲ့အတွက် ဝါရီဆူးပလိုင်ကျေးရွာကို စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ကြောင်းနဲ့ ဒေသခံတွေဖြတ်သန်းသွားလာတာမလုပ်ဖို့ဆိုပြီး မိုးဗြဲ PDF ကလည်း ပြီးခဲ့တဲ့ဇွန်လ ၂၈ ကထုတ်ပြန်ကြေညာထားပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲပေါင်း ၃၀ အထိဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်ကျဆုံးမှုတွေရှိတဲ့အကြောင်းကိုလည်း KNDF က စစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ဖယ်ခုံမြို့နယ်မှာဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဆယ်ချီကျဆုံးသလို KNDF တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးတယ်လို့လည်း KNDF ကသတင်းထုတ်ပြန်ပါတယ်။

    တနှစ်ကျော်ကာလအထိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့တစ်ဝက်ကျော်လောက်ဖြစ်တဲ့ လူ ဦးရေ ၂သိန်းနီးပါးလောက်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရပ်သားသေဆုံးမှုဟာလည်း ၂၆၀ နီးပါး အထိရှိလာပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

    ကယား

    ဓာတ်ပုံ ရင်းမြစ်, cj

  16. ငလျင်အန္တရာယ် ဘယ်လို ကာကွယ်မလဲ

  17. သရုပ်ဆောင်သင်ဇာ၀င့်ကျော် ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်နေ, သင်ဇာ၀င့်ကျော်ဖမ်းဆီးခံရတာ ဟုတ်မှန်တယ်လို့ SSPP အတည်ပြု

    ရုပ်ရှင်သရုပ်ဆောင် သင်ဇာ၀င့်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီနေ့ဇူလိုင်လ ၆ ရက်ညပိုင်းကစလို့ ရေးသားလာကြပါတယ်။ မင်းသမီးဖမ်းဆီးခံရတာဟုတ်မှန်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) SSPP ပြောခွင့်ရသူက ဘီဘီစီကိုအတည်ပြုပါတယ်။

    သရုပ်ဆောင်သင်ဇာ၀င့်ကျော်ဟာ ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့အတွက် အဲဒီဒေသကိုရောက်ရှိခဲ့ပါတယ်။ SSPP တပ်ဖွဲ့၀တ်စုံကို ၀တ်ဆင်ထားတဲ့ သင်ဇာ၀င့်ကျော်ရဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့တဲ့နောက် သူ့ကိုဖမ်းဆီးဖို့ဆိုပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့ စစ်ကောင်စီရဲ့သတင်းတွေကို အသားပေးဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေကနေ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။

    ဒါကြောင့် SSPP ဘက်က မင်းသမီးရဲ့ ဒီအခြေအနေနဲ့ပတ်သက်လို့ ဖြေရှင်းချက်ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီမှတ်တမ်းရုပ်ရှင်ကို ဇူလိုင် ၃ ရက်နေ့မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကူးရေး၀တ်စုံနဲ့ပဲ မင်းသမီးဟာ မင်္ဂလာညစာစားပွဲတစ်ခုကိုတက်ရောက်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ SSPP က ဆိုပါတယ်။

    သင်ဇာ၀င့်ကျော်အနေနဲ့ ရိုက်ကူးရေးကအပြန် အချိန်မီအောင် ခုလိုရိုက်ကူးရေး၀တ်စုံနဲ့တက်ရောက်ခဲ့တာသာဖြစ်ပြီး တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်မပါကြောင်းလည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။အခုလို ဖမ်းဆီးခံရကြောင်း ဓာတ်ပုံတွေနဲ့တကွ သတင်းတွေထွက်ပေါ်နေပြီး ဘီဘီစီအနေနဲ့ သင်ဇာ၀င့်ကျော်ရဲ့ မိသားစုတွေ၊ တစ်ခါနီးစပ်သူတွေအပြင် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    Thin Zar Wint Kyaw, Myanmar Super star actress

    ဓာတ်ပုံ ရင်းမြစ်, Thinzar Wint Kyaw facebook

    SSPP/SSA ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ထဲမှာပါ၀င်ပါတယ်။

    အဲဒီထဲက ရှစ်ဖွဲ့နဲ့ စစ်ကောင်စီက တွေ့ဆုံထားပြီး ဖြစ်ကာ SSPP နဲ့ လားဟူ အဖွဲ့တို့ကို ဆက်လက်တွေ့ဆုံဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက နောက်ဆုံးကျင်းပထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

    အဲဒီလို တွေ့ဆုံမှုတွေ ပြုလုပ်မယ်လို့ ဆိုထားပေမဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ SSPP ရဲ့တပ်စခန်း ၃ ခုကို ပြန်ဆုတ်ပေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာကော်မတီက စာထုတ်ခဲ့ပါတယ်။

    SSPP ဘက်ကလည်း တပ်မဆုတ်ပေးနိုင်ကြောင်း အပြန်အလှန် အငြင်းပွားမှုတွေရှိထားချိန်မှာ ခုဖြစ်စဥ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

    SSPP ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘူး။

  18. မြန်မာစစ်ကောင်စီကို နောက်ထပ် ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဖို့ စဥ်းစားနေတယ်လို့ သြစတြေးလျပြော

    မြန်မာစစ်ကောင်စီကို နောက်ထပ် ပစ်မှတ်ထား ပိတ်ဆို့ကန့်သတ်မှုတွေလုပ်ဖို့ သြစတြေးလျအစိုးရက “အကောင်အထည်ဖော်စဥ်းစား” နေတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

    သြစတြေးလျ အစိုးရက မြန်မာ အာဏာပိုင်တွေနဲ့ ဆက်ဆံရေး လုပ်ဖို့ လမ်းဖွင့်ထားကြောင်းနဲ့ အစိုးရ အရာရှိအဆင့် ဆက်သွယ်ရေး ရှိနေကြောင်းပြောပြီး ကန့်သတ်ပိတ်ဆို့မှုတွေကိုလည်း ထပ်လုပ်ဖို့ ရှိကြောင်း သူက ပြောတာပါ။

    စင်ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေး ပန်နီဝေါင်က International Institute for Strategic Studies မှာ ပြုလုပ်တဲ့ အမေးအဖြေ ကဏ္ဍမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေက ရေနံနဲ့ ဆက်သွယ်ရေးစတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေကနေ ထွက်ခွာသွားကြပြီး စစ်တပ်နဲ့ အစိုးရပိုင် စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေ၊ သူတိုနဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့ ကန့်သတ်အရေးယူမှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားကြပြီး ဖြစ်ပါတယ်။

    သူ့ရဲ့ စင်ကာပူ ခရီးစဥ် ပြီးရင် မစ္စ ဝေါင်ဟာ အင်ဒိုနီးရှားမှာ ပြုလုပ်မယ့် G20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

    အဲဒီအစည်းအဝေးကို ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို လန်ချန်း-မဲခေါင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး လာတက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    သြစတြေးလျ (ဘယ်) နဲ့ စင်ကာပူ (ညာ) နိုင်ငံခြားရေးဝန်ကြီးတွေ

    ဓာတ်ပုံ ရင်းမြစ်, Penny Wong's Twitter

    ဓာတ်ပုံ ပုံစာ, သြစတြေးလျ (ဘယ်) နဲ့ စင်ကာပူ (ညာ) နိုင်ငံခြားရေးဝန်ကြီးတွေ
  19. ပေါက်တာမြို့နယ် သဲခုံကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်လာလို့ ရွာသားများထွက်ပြေးနေရ

    ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံကျေးရွာကို စစ်ကောင်စီတပ်တွေရောက်ရှိနေပြီး ကျေးရွာအတွင်းစခန်းချကာ နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေမှုတွေရှိနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

    အဲဒီစစ်ကောင်စီတပ်ဟာ တပ်ရင်းဘယ်လောက်ဆိုတာကိုတော့မသိရသေးဘဲ ဇူလိုင် ၅ ရက် မနေ့ကမနကပိုင်း ၁၀ နာရီကျော်မှာ ပေါက်တောမြို့ဘက်ကနေ ရေတပ် ဇက်ရေယာဉ်နဲ့ ထွက်လာခဲ့ကြတာဖြစ်ပြီး မွန်းလွဲ ၁၂ နာရီကျော်လောက်မှာ သဲခုံကျေးရွာကိုအနီးမှာ ဆိုက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

    အင်အား ၇၀ ခန့်ရှိတဲ့ အဲဒီတပ်ဖွဲ့မှာ ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်လည်းပါဝင်ပြီး ကျေးရွာသားတစ်ဦးကိုခေါ်ယူကာ စကားပြောဆိုခဲ့တယ်လို့သိရပါတယ်။ သဲခုံကျေးရွာဟာ တံငါလုပ်ငန်းလုပ်ကိုင်ကြတဲ့ရွာတစ်ရွာဖြစ်ပြီး ရွာသားတွေဟာ သဲသောင်ပြင်ရေစပ်နားမှာ နေထိုင်ကာ အသက်မွေး၀မ်းကျောင်းလုပ်ကိုင်စားသောက်ရသူ အများအပြားရှိနေတာဖြစ်ပါတယ်။ သူတို့ရောက်ရှိလာခဲ့တဲ့အချိန်မှာ ကျေးရွာသားတွေကို မကြောက်ကြဖို့နဲ့ သူတို့လာရောက်တာဟာ သဲခုံကျေးရွာနဲ့မသက်ဆိုင်ဘဲ အနီးရှိ မွတ်ဆလင်ကျေးရွာတစ်ရွာဖြစ်တဲ့ “တောင်ရွာ”ကိစ္စနဲ့ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြောဆိုကြောင်း ကျေးရွာသားတစ်ဦက ပြောပါတယ်။ အဲဒီလိုပြောနေပေမဲ့ ရွာမှာစခန်းချလိုက်တာကြောင့် ရွာသားတွေမှာ ကြောက်လန့်ပြီးထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။

    Pauk Taw, Rakkhine

    ဓာတ်ပုံ ရင်းမြစ်, CJ

    “တောင်ရွာကိုသွားတယ်ဆိုပြီး ရွာထိပ်ကနေ ပြန်လှည့်လာကြတယ်။ ပြီးတော့ ရွာထဲမှာရော ရွာပြင်မှာပါအဖွဲ့တွေခွဲပြီး ကင်းချထားတယ်။ အဲဒီမှာ ကျွန်တော်တို့က သံသယဖြစ်တာပေါ့။ ပြီးတော့ ကျွန်တော်တို့ရွာမှာ စခန်းချကြတယ်။ ရွာက လူငယ်လူလတ်ပိုင်းတွေ အကုန်လုံး ဖမ်းဆီးခံရမှာကြောက်ပြီး ထွက်ပြေးကြတာပေါ့”လို့ ကိုယ်တိုင်ထွက်ပြေးနေသူ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

    သဲခုံကျေးရွာဟာ စစ်တွေမြို့နဲ့ တစ်ဖက်ကမ်းက ဆံတော်ရှင်ဘုရားတည်ရှိတဲ့ အနောက်ဖရုံကာကျွန်းပေါ်က ကျေးရွာတစ်ရွာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန့ကတစ်ရက်လုံး ကျေးရွာအတွင်း နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး အဲဒီကျေးရွာမှာပဲ ညအိပ်ကာ ဒီကနေ့မနက်ပိုင်းမှာလည်း ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ယူကာ ရေလုပ်ငန်းရှင်တစ်ဦးရဲ့နေအိမ်ကို ရှာဖွေခဲ့ကြပြီး ဒီကနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းမှာလည်း ပြန်လည်စစ်ဆေးစရာရှိတယ်ဆိုပြီးအဲဒီအိမ်ကို ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    “အဲဒီမှာ ရှာဖွေတော့ အဲဒီအိမ်က လေသေနတ် နှစ်လက်ရတယ်လို့ပြောတယ်။ ဒီမနက် သူ့ငါးဒိုင်ကိုရှာတဲ့အခါမှာ ကျည်တွေရတယ်လို့ စစ်တပ်ကပြောတယ်လို့ သိရတယ်။ ဒါဟာ မဖြစ်နိုင်ဘူး။ တမင်လုပ်တာပဲဖြစ်မယ်”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ကျေးရွာသားတွေကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရှာဖွေမှုပြုလုပ်နေတဲ့အတွက် ကျေးရွာထဲကိုပြန်မလာရဲကြဘဲ တခြားနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ပေါက်တောမြို့နယ်ဟာ တိုက်ပွဲတစ်စုံတရာဖြစ်ပွားခဲ့ခြင်းမရှိမဘဲ ငါးဖမ်းလုပ်ငန်းကိုလုပ်ကိုင်သက်မွေးနေကြတဲ့ မြို့နယ်တစ်ခုဖြစ်ကာ အခုလိုမျိုး စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ရှာဖွေမှုတွေနဲ့လည်း အရင်ကမကြုံဖူးဘူးလို့ ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာအတွင်းရောက်ရှိနေတဲ့အတွက် ရွာသားတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်တွေကိုလည်း ထွက်မလုပ်ရဲကြသလို ကျေးရွာမှာ အမျိုးသားတွေလည်း ထွက်ပြေးနေကြရတဲ့အတွက် စိုးရိမ်မှုတွေလည်း ဖြစ်နေကြတာဖြစ်ပါတယ်။

  20. NLD ပါတီရုံးခန်းတွေ ပြန်ဖွင့်ဖို့ ကြံစည်နေသူတွေလုပ်ရပ်ကို လုံးဝခွင့်မပြုဘူးလို့ ပါတီဘက်က ထုတ်ပြန်လာ, ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့ပါ အရေးယူမယ်လို့ပါရှိတာကြောင့် ပါတီ၀င်တချို့ကို ရည်ရွယ်ထုတ်ပြန်ပုံရတယ်လို့နားလည်ရ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ပါတီရုံးခန်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာ ပြည်သူ့ဆန္ဒနဲ့ သွေဖီဆန့်ကျင်ပြီး NLD ပါတီရုံးခန်းတွေကို နည်းမျိုးစုံအကြောင်းပြပြီး ရုံးခန်းအဆောက်အဦတွေကိုဖွင့်လှစ်ဖို့ ကြံစည်ကြိုးပမ်းနေသူတွေရဲ့လုပ်ရပ်ကို လုံးဝခွင့်မပြုဘူးလို့ NLD ပါတီရဲ့ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ပါတီရဲ့ရုံးခန်းနဲ့အဆောက်အဦတွေထဲကိုခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဝင်ရောက်လာရင်လည်း တရားဥပဒေကြောင်းအရရော ပါတီစည်းကမ်းထိန်းသိမ်းရေးအရပါ ထိရောက်စွာအရေးယူမယ်လို့လည်းဖော်ပြထားပါတယ်။ ပါတီရဲ့ထုတ်ပြန်ချက်မှာ မည်သူမည်ဝါလို့ အမည်တပ်ဖော်ပြမထားပေမဲ့ ပါတီစည်းကမ်းအရပါ အရေးယူမယ်လို့ ပါရှိတာကြောင့် NLD ပါတီဝင်တွေကို ဦးတည်ထုတ်ပြန်တယ်လို့နားလည်ရပါတယ်။

    လက်ရှိမှာ အာဆီယံအထူးသံတမန်မစ္စတာ ပရက်ဆော့ခွန်း မြန်မာပြည်ကို လာရောက်တဲ့ခရီးစဉ် ၂ ကြိမ်လုံးမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီက ခွင့်မပြုခဲ့သလို စစ်တပ်ဘက်က NLD ပါတီကိုယ်စားပြုအဖြစ် တွေ့ဆုံဖို့စီစဥ်ပေးခဲ့တဲ့ ဒေါ်စုစုလွင်ကလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိသလို ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ပါတီကိုယ်စားပြုသူ မရှိဘူးလို့ ပါတီဘက်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ NLD ပါတီဟာ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးဖို့ အကြောင်းကြားချက်ကိုလည်း လက်ခံထားတာမရှိသေးပါဘူး။

    စစ်ကောင်စီခန့်ပြည်ထောင်စုရွေးကာက်ပွဲကော်မရှင်က NLD ပါတီရဲ့ ငွေကြေးစီးဆင်းမှုကို စစ်ဆေးဖို့ အကြောင်းကြားထားပေမဲ့ ပါတီဘက်ကတော့ ဒါကိုလက်ခံထားခြင်းမရှိသေးပါဘူး၊ လက်ရှိမှာ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ယောက် အပါဝင် ပါတီဝင် ၂၂၄ ယောက်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ NLD က ထုတ်ပြန်ထားပါတယ်။

    Pale, Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖျက်စီးခံထားရတဲ့ ပုလဲမြို့ NLD ပါတီရုံးခန်း