စီဒီအမ်ဆရာ၊ဆရာမတွေနဲ့ ဖွဲ့စည်းသင်ကြားပေးနေတဲ့ ကောင်းဖော်ယူအွန်လိုင်းစာသင်ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျောင်းသားမိဘတွေ ဖမ်းဆီးခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုရဖို့အတွက် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး အွန်လိုင်းစာသင်ကျောင်းတည်ထောင်သူ ဆရာကောင်းကို
စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒေသတချို့မှာ
ကျောင်းနဲ့ဆက်စပ်တဲ့ ဆရာ၊ ဆရာမတွေဖမ်းဆီးခံရမှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။
မနေ့ ဇူလိုင် ၁၆ ရက်နေ့ညပိုင်းမှာတော့ ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုးနဲ့ တခြားအမျိုးသား ဆရာနှစ်ဦးကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်မှာ ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေမှာထုတ်ပြန်ကြေညာလာပါတယ်။
ဒီလိုသတင်းမထုတ်ပြန်ခင်မှာလည်း တောင်ကြီး၊ ရန်ကုန်၊ တောင်ငူနဲ့ မြိတ်မြို့တွေမှာ
ကောင်းဖော်ယူကျောင်းနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆရာ၊ ဆရာမ တချို့
ဖမ်းဆီးခံရတဲ့အကြောင်းကိုလည်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို
ပြောဆိုထားပါတယ်။
ဒီအခြေခအနေဟာဆိုရင် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးအခွင့်အလမ်းတွေကို
ဖော်ပြထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေး သူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နဲ့ ပြည်တွင်းဥပဒေဖြစ်တဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် တွေကို စစ်ကောင်စီကပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့အပြင် ကောင်းဖော်ယူ အွန်လိုင်းစာသင်ကျောင်းမှာ ကျောင်းအပ်နှံဖို့ လျှောက်ထားထားတဲ့ ကျောင်းသားမိဘတွေဆီကို ဖုန်းမက်ဆေ့တချို့ နဲ့ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေတဲ့ စာတွေရောက်ရှိနေတဲ့ အကြောင်းကိုလည်း ကျောင်းသားမိဘတချို့က ဘီဘီစီကို ဆက်သွယ်ပြောပြထားပါတယ်။
အခုလို ခြိမ်းခြောက်ငွေညှစ်တောင်းခံနေရတဲ့အပေါ်မှာလည်း တိုင်ကြားအရေးယူနိုင်ဖို့အတွက် တိုင်ကြားမှု ယန္တရားဟော့လိုင်းချန်နယ်တွေကိုလည်း မကြာခင်အသိပေးထုတ်ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဆရာ၊ ဆရာမ၊ မိဘနဲ့ ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတဲ့ အစီအစဥ်တွေလုပ်ဆောင်သွားမှာဖြစ်ပြီး ကြားကာလပညာရေး ဖော်ဆောင်နေတဲ့ ကျောင်းတွေမှာ အလားတူဖြစ်ရပ်တွေထပ်မဖြစ်အောင် ပံပိုးကူညီလုပ်ဆောင်သွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ကောင်းဖော်ယူအွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ဆရာ ဦးကောင်းသိုက်စိုးက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစီအစဥ်နဲ့ အဲဒီအွန်လိုင်းသင်ကြားရေး စနစ်ကို ဆောင်ရွက်ခဲ့ကြောင်းနဲ့ ဆရာ၊ဆရာမတွေကို ခြိမ်းခြောက်ငွေတောင်းခဲ့တယ်ဆိုပြီး စွပ်စွဲထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပုဂ္ဂိုလ်ရေး ထိပါးစေမဲ့ စွပ်စွဲချက်တချို့ကိုလည်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ပညာရေးဝန်ထမ်းတွေရဲ့ သပိတ်စစ်ကြောင်းတစ်ခု (ပုံဟောင်း)