ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝက်လက်မှာ အလယ်တန်းကျောင်းအုပ်တစ်ဦးနဲ့ညီမဖြစ်သူတို့ သတ်ဖြတ်ခံရ

    ဝက်လက်မှာ အလယ်တန်းကျောင်းအုပ်တစ်ဦးနဲ့ညီမဖြစ်သူတို့ သတ်ဖြတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာမှာ အလယ်တန်းကျောင်းအုပ်ဆရာမနဲ့ ညီမဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ညနေပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

    အလယ်တန်းကျောင်းအုပ် ဒေါ်မိုးမိုးခိုင်နဲ့ ညီမဖြစ်သူ ဒေါ်ကေဇာခိုင်တို့ဟာ နေအိမ်အတွင်းမှာရှိနေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဒေါ်မိုးမိုးခိုင်နဲ့ ညီမဖြစ်သူတို့ သေဆုံးမှုဟာ သူတို့လက်ချက်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။

    ဒေါ်မိုးမိုးခိုင်နဲ့ ညီမဖြစ်သူတို့ဟာ စစ်ကောင်စီစစ်ကြောင်းလာတဲ့အခါ ထွက်ကြိုဆိုပြီး စားသောက်စရာထောက်ပံ့တာ၊ နောက် CDM မှာ ပါဝင်သူ ဆရာဆရာမတွေကို မပါဝင်ဖို့ ဖိအားပေးတာ၊ သူတို့ရဲ့သတင်းပေးမှုကြောင့် ရပ်ရွာထဲက လူ ၇ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာတွေရှိတယ်လို့လည်း ပြောပါတယ်။

    အခုလိုလုပ်ရပ်တွေကြောင့် အကြိမ်ကြိမ်သတိပေးခဲ့အပြီးမှာ ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာလို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

  2. မြန်မာစစ်တပ်ရဲ့ အင်တာနက်ထိန်းချုပ်မှုကို ကုလလူ့အခွင့်အရေးကျွမ်းကျင်သူတွေ ရှုတ်ချ, စစ်တပ်ရဲ့အခုလိုလုပ်ရပ်ကို အရေးယူဖို့လည်း နိုင်ငံတကာကို တိုက်တွန်း

    မြန်မာစစ်တပ်ဟာ ဒစ်ဂျစ်တယ်အမှောင်ခေတ်သွားဖို့ အားထုတ်နေတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်ဟာ ဒစ်ဂျစ်တယ်အမှောင်ခေတ်သွားဖို့ အားထုတ်နေတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ပြောပါတယ်။

    မြန်မာစစ်တပ်ဟာ အင်တာနက်ထိန်းချုပ်ကန့်သတ်မှုတွေလုပ်ပြီး ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ထူထောင်ဖို့ကြိုးပမ်းနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ရှုတ်ချပြောဆိုလာပါတယ်။

    စစ်တပ်ဟာ လူထုရဲ့ အင်တာနက်အသုံးပြုမှုကို ကန့်သတ်တာတွေ၊ အင်တာနက်အသုံးပြုခွင့် ပိတ်လိုက်တာတွေ၊ အွန်လိုင်းမှာ ပိတ်ပင်မှုပြုလုပ်တာအပြင် အင်တာနက်သုံးစွဲနိုင်ခွင့်မှာ အဟန့်အတားတွေလုပ်နေတယ်လို့လည်း ကျွမ်းကျင်သူတွေက ဇွန်လ ၇ ရက်မှာ ပြောပါတယ်။

    ''စစ်တပ်တိုက်ခိုက်မှုကနေ ရှောင်ရှားဖို့လုပ်နေတဲ့ မြန်မာပြည်သူတွေ၊ ယိုယွင်းနေတဲ့စီးပွားရေးနဲ့ လူသားချင်းစာနာမှုအကူအညီအကြပ်အတည်းကြား ရှင်သန်နေရတဲ့ မြန်မာပြည်သူ သန်းချီအတွက် သတင်းအချက်အလက်ကို အွန်လိုင်းကနေ ရရှိမှုဟာ သေရေး ရှင်ရေးတမျှအရေးကြီးပါတယ်။ စစ်တပ်ဟာ မြန်မာလူထုကို တိုက်ခိုက်မှုတွေလုပ်ဖို့နဲ့ လူထုဆန့်ကျင်မှုလျှော့ချဖို့ အင်တာနက်ပိတ်ပစ်တာတွေ၊ လွန်လွန်ကျူးကျူးထောက်လှမ်းတာတွေလုပ်နေတယ်''လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    မြန်မာပြည်သူတွေအပေါ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက်ရပိုင်ခွင့်ကို တိုက်ခိုက်နေပြီး ဒစ်ဂျစ်တယ်အမှောင်ခေတ်ကို ပြန်သွားဖို့ကြိုးပမ်းနေတဲ့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရပ်ကြည့်မနေဘဲ ခိုင်မာတဲ့နိုင်ငံတကာအရေးယူမှု လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းပါတယ်။

    အခုပူးတွဲကြေညာချက်ကို မြန်မာလူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ သောမတ် အန်ဒရူးစ်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကာကွယ်မြှင့်တင်ရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စအိုင်ရင်း ခန်၊ တစ်သီးပုဂ္ဂလဆိုင်ရာလွတ်လပ်ခွင့်အထူးအစီရင်ခံစာတင်သွင်းသူ ‌ဒေါက်တာ အန်နာ ဘရိုင်ယန်၊ ငြိမ်းချမ်းစွာစုဝေးစည်းရုံးခွင့်ဆိုင်ရာ အထူးအစီခံစာတင်သွင်းသူ မစ္စတာ ကလီ့မန့် တို့ ပူးတွဲထုတ်ပြန်ကြတာဖြစ်ပါတယ်။

  3. စွန့်ပစ်ခံရိုဟင်ဂျာတွေကို နိုင်ငံရေးခိုလှုံခွင့် အကူအညီပေးဖို့ ထိုင်းကို HRW တောင်းဆို

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ခိုဒေါင်ကျွန်းပေါ်မှာ တွေ့ခဲ့တဲ့ရိုဟင်ဂျာတွေဟာ မလေးရှားကို သွားဖို့ ဦးတည်လာသူတွေဖြစ်ပြီး လူကုန်ကူးသူတွေရဲ့ စွန့်ပစ်တာခံခဲ့ရသူတွေဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းရေတပ်

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ခိုဒေါင်ကျွန်းပေါ်မှာ တွေ့ခဲ့တဲ့ရိုဟင်ဂျာတွေဟာ မလေးရှားကို သွားဖို့ ဦးတည်လာသူတွေဖြစ်ပြီး လူကုန်ကူးသူတွေရဲ့ စွန့်ပစ်တာခံခဲ့ရသူတွေဖြစ်ပါတယ်။

    ထိုင်းနိုင်ငံတောင်ပိုင်းက စာ့တွန်းကျွန်းပေါ်မှာ စွန့်ပစ်ခံရချိန် ထိုင်းရေတပ်က တွေ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံရေး ခိုလှုံခွင့်ပေးဆိုင်ရာ အကူအညီတွေပေးဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW) က တိုက်တွန်းလိုက်ပါတယ်။

    သောင်တင်နေတဲ့ ရိုဟင်ဂျာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၅ ဦးကို ထိုင်းရေတပ်က ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မှာ ခိုဒေါင် ကျွန်းပေါ်မှာတွေ့ခဲ့တာပါ။

    သူတို့ဟာ လူမှောင်ခိုကူးသူတွေ စွန့်ပစ်တာခံခဲ့ရသူတွေ ဖြစ်ပါတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အခုတော့ အဲဒီရိုဟင်ဂျာတွေဟာ နယ်စပ်ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းတာခံထားရတယ်လို့ HRW က ပြောပါတယ်။

    ''ထိုင်းအစိုးရအနေနဲ့ လှေစီးဒုက္ခသည် ရိုဟင်ဂျာတွေကို စုပြီး ချုပ်နှောင်တဲ့ မူဝါဒကို ရပ်တန့်သင့်နေပါပြီ။ ထိုင်းအနေနဲ့ နိုင်ငံထဲရောက်လာတဲ့ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂကို စိစစ်ခွင့်ပေးသင့်သလို ဒုက္ခသည် အဖြစ်လျှောက်ထားသူတွေကိုလည်း ကူအညီပေးသင့်တယ်'' လို့ HRW ရဲ့ အာရှဆိုင်ရာယာယီ ညွှန်ကြားရေးမှူးက ပြောပါတယ်။

    လက်ရှိထိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာဟာ နယ်စပ်က ရောက်လာတဲ့ ရိုဟင်ဂျာတွေကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေလို သတ်မှတ်ပြီး ထိန်းသိမ်းထားတယ်လို့လည်း HRW က ပြောပါတယ်။

    လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ နိုင်ငံထဲရောက်နေတဲ့ ရိုဟင်ဂျာ အယောက် ၄၇၀ ကို လူဝင်မှုဆိုင်ရာ ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းထားပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရေးလုပ်ငန်းစဥ်ကိုလည်း လက်လှမ်းမမီအောင် လုပ်ထားတယ်လို့ ဘန်ကောက်အခြေစိုက် အနောက်နိုင်ငံတစ်နိုင်ငံရဲ့သံရုံးတစ်ရုံး ပြောကြားချက်ကို HRW က ကိုးကားပြောဆိုထားပါတယ်။

  4. ကနီမြို့နယ်ထဲမှာ မေလအတွင်း အိမ်အလုံး ၉၀၀ ကျော် မီးရှို့ခံရ

    အုန်းပင်ဆိပ်ရွာက နေအိမ်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မီးရှို့ခံခဲ့ရတယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, ကနီနွေဦးတော်လှန်ရေးအင်အားစု

    ဓာတ်ပုံ ပုံစာ, အုန်းပင်ဆိပ်ရွာက နေအိမ်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မီးရှို့ခံခဲ့ရတယ်လို့ဆို

    စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့မေလအတွင်း နေအိမ် ၉၄၀ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

    အဲဒီနေအိမ်တွေဟာ ကနီမြို့နယ်ထဲက ကျေးရွာပေါင်း ၁၄ ရွာက ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့တာခံခဲ့ရတာလို့ ကနီမြို့နယ်သပိတ်အင်အားစုတွေက ပြောပါတယ်။

    အခုဇွန်လ ပထမအပတ်ထဲမှာလည်း ကနီမြို့နယ်အတွင်းက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံမီးရှို့တာတွေရှိသေးတယ်လို့ သိရပါတယ်။

    ဖုန်းအဆက်အသွယ်၊ အင်တာနက်နဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ‌လက်ရှိပျက်စီးဆုံးရှုံးမှု အတိုင်းအဆကို အတည်မပြုနိုင်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းကလည်းကနီမြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီညနေ ၃ နာရီခန့်မှာ မြို့နယ်ထဲက အုန်းပင်ဆိပ်ရွာမှဦရှိတဲ့ လူနေအိမ် ၁၀ လုံးနဲ့ နွားတဲ ၅ လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကနီမြို့နယ်ထဲမှာ ဒေသခံနေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အပေါ် သတင်းတစုံတရာ ထုတ်ပြန်တာမရှိပါဘူး။

  5. စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှာမဟုတ်

    သီရိလင်္ကာသံအမတ်က သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ပွဲမှာတွေ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, သီရိလင်္ကာသံအမတ်က သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ပွဲမှာတွေ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

    စစ်ကောင်စီက ခန့်ထားတဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အိန္ဒိယ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးတက်ဖို့ အိန္ဒိယဘက်က ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အိန္ဒိယကလာတဲ့သတင်းတွေက ဖော်ပြလာပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထားကြောင့် အဲဒီအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အိန္ဒိယဘက်က အခုလိုဆုံးဖြတ်လိုက်တာလို့ အိန္ဒိယသတင်းဌာန ET က ပြောပါတယ်။

    မြန်မာနိုင်ငံခြားရေးဝန်ကြီးမဟုတ်ဘဲ ဝန်ကြီးဌာနအရာရှိတွေကိုပဲ အိန္ဒိယက ဖိတ်ကြားထားတယ်လို့တော့ အဲဒီသတင်းမှာဖော်ပြပါတယ်။

    နိုင်ငံရေးရာထူးမယူထားတဲ့ကိုယ်စားလှယ်ကိုပဲ အစည်းအဝေးပွဲတွေကို ဖိတ်ကြားမယ့် အာဆီယံဆုံးဖြတ်ချက်ကြောင့် အခုအစည်းအဝေးပွဲကို အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံတမန် တက်ရောက်တာမျိုး ဒါမှမဟုတ် အိန္ဒိယဟာ မြန်မာနေရာမှာ အလွတ်ထားမယ့်အခြေအနေမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

    မြန်မာ့အိမ်နီးချင်း အိန္ဒိယဟာ လက်ရှိ စစ်ကောင်စီနဲ့လည်း သံတမန်ဆက်ဆံရေး ဆက်ရှိနေပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့သလို အိန္ဒိယသံအမတ်ကလည်း သူ့ရဲ့သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီ ဥက္ကဋ္ဌကို ပြီးခဲ့တဲ့ ဧပြီလတုန်းကပဲ ပေးအပ်ထားပါတယ်။

  6. ကယားပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၂၅၀ နီးပါး သေဆုံးခဲ့ရ

  7. စက်သုံးဆီဈေးတက်လို့ ရခိုင် ငါးဖမ်းလုပ်ငန်းတွေ ကျဆင်း

  8. စစ်ကောင်စီရဲ့ သေဒဏ်စီရင်မိန့်ကို တားဆီးပေးကြဖို့ အာဆီယံနဲ့ နိုင်ငံတကာကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်တွေ တိုက်တွန်း

    အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု နဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို အာဏာသိမ်းစစ်ကောင်စီက သေဒဏ်မစီရင်နိုင်အောင် တားဆီးပေးကြဖို့ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) က တိုက်တွန်းလိုက်ပါတယ်။

    သူတို့ ၄ ဦးကို သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ကြောင့် အာဆီယံ ပါလီမန်အမတ်တွေ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “ဒီသေဒဏ်စီရင်မှုကို တားဆီးဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အစွမ်းကုန် ကြိုးစားသင့်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒီသေဒဏ်စီရင်မှုကို တကယ်တန်းရှေ့တိုး လုပ်လိုက်မယ်ဆိုရင်တော့ ဒီလုပ်ရပ်ဟာ နိုင်ငံရေးသမားတွေကို သွေးအေးအေးနဲ့ လုပ်ကြံသတ်ဖြတ်တာမျိုး ဖြစ်သွားပါလိမ့်မယ်”

    “လွန်ခဲ့တဲ့ တစ်နှစ်ကျော်က အာဆီယံနိုင်ငံတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်အကြား သဘောတူခဲ့ကြတဲ့ ဘုံသဘောတူချက် မူ ၅ ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အချက်ဟာ စစ်ကောင်စီဘက်က အားထုတ် လုပ်ဆောင်တာမျိုး လုံးဝမရှိတာကြောင့် နဂိုကတည်းကိုက အလားအလာနည်းနေရတဲ့ကြားထဲ ဒီသေဒဏ်ချမှတ်မှုတွေကြောင့် ပိုအလှမ်းဝေးသွားနိုင်တယ်” လို့လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မလေးရှားပါလီမန်အမတ်ချားလ်စ် ဆန်တီယေးဂိုးက ပြောပါတယ်။

    သေဒဏ်ချမှတ်ခံထားရတဲ့ လူ ၄ ဦးကို သေဒဏ်စီရင်မှုကနေ အကန့်အသတ်မရှိ ချက်ချင်း ကင်းလွတ်ခွင့် ပေးရေးနဲ့ ထိန်းသိမ်းထားရာကနေ လွှတ်ပေးရေးကို အရေးတကြီး တောင်းဆိုကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက်ကိုရော၊ အာဆီယံ မဟာမိတ်နိုင်ငံတွေကိုပါ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စလို့ သေဒဏ် ချမှတ်ခံရသူပေါင်း အနည်းဆုံး ၈၆ ဦး ရှိနေပြီ ဖြစ်ပြီး သေဒဏ်ချမှတ်ချိန်မှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးသူတွေလည်း ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သေဒဏ်၊ စစ်ကောင်စီ၊ အာဆီယံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images/Mg Thein (Philosophy)

    ဓာတ်ပုံ ပုံစာ, ဦးဂျင်မီ (ခ) ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော် တို့ကို အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲခဲ့အပြီး သေဒဏ်ချမှတ်လိုက်
  9. ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီလို့ NUG ကြေညာ

    လူထုတစ်ရပ်လုံးရဲ့ ယုံကြည်လက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်ပုံဖော်ဖို့နဲ့ လူထုအတွက် ဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးနိုင်ဖို့ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြေညာလာပါတယ်။

    ရဲတပ်ဖွဲ့ကို ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနဲ့အညီ ဖွဲ့စည်းလိုက်တယ်ဆိုပြီး NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ဇွန်လ ၇ ရက်မှာ လက်မှတ်ထိုး သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

    စစ်ကောင်စီက လူထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့၊ တရာဥပဒေစိုးမိုးဖို့၊ ဒုစရိုက်မှုတွေနဲ့ ဥပဒေမဲ့ပြုကျင့်တာတွေကို လူထုနဲ့ပူးပေါင်းတားဆီးဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို အခုလို ဖွဲ့စည်းတာလို့လည်း ဆိုပါတယ်။

    ရဲတပ်ဖွဲ့အင်အားနဲ့ ဘယ်လိုဖွဲ့စည်းတယ်ဆိုတဲ့အသေးစိတ်ကိုတော့ NUG ဘက်က ထုတ်ပြောထားတာ မရှိသေးပါဘူး။

    ဒါပေမဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်လာတဲ့ စစ်သားနဲ့ရဲတွေကို အကူအညီပေနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့အပြောအရဆိုရင် CDM ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃ ထောင်နီးပါးရှိနေတယ်လို့ သိရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီအောက်က ရဲတပ်ဖွဲ့မဟုတ်တဲ့ဒေသန္တရရဲတပ်ဖွဲ့တွေကို ကယား(ကရင်နီ)နဲ့ ချင်းပြည်နယ်တို့မှာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

    @DuwaLashiLa

    ဓာတ်ပုံ ရင်းမြစ်, @DuwaLashiLa

  10. သီရိလင်္ကာသံအမတ် စစ်ကောင်စီဥက္ကဋ္ဌထံ သံအမတ်ခန့်အပ်လွှာပေး

    မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီနေ့ ဇွန်လ ၇ ရက်မှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    သီရိလင်္ကာသံအမတ် ဇနကာ ဘန်ဒါရာဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ပေးခဲ့တာ ဖြစ်ပါတယ်။

    ဒါကြောင့် သီရိလင်္ကာသံအမတ်ဟာ စစ်ကောင်စီဥက္ကဋ္ဌကို သံတမန်ခန့်အပ်လွှာပေးအပ်တဲ့ ပြည်တွင်းသံရုံးတွေထဲက တတိယမြောက် သံအမတ်ဖြစ်လာပါတယ်။

    သူ့အရင် ဆော်ဒီအာရေးဗျနိုင်ငံသံအမတ်နဲ့ အိန္ဒိသံနိုင်ငံအမတ်တို့ကလည်း ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ သံအမတ်ခန့်အပ်လွှာတွေ ပေးအပ်ခဲ့ကြပြီးဖြစ်ပါတယ်။

    တဖက်မှာလည်း ဒီလိုသံတမန်ခန့်အပ်လွှာပေးအပ်တာဟာ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တာကြောင့် သံတမန်ခန့်အပ်လွှာပေးဖို့မလိုဘဲ သံရုံးလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ ပြည်တွင်းက နိုင်ငံတကာသံရုံးအချို့က ကြိုးပမ်းနေပါတယ်။

    ဗြိတိန်နိုင်ငံဆိုရင် သံတမန်ခန့်အပ်လွှာပေးဖို့ မလိုအောင် သံအမ‌တ်နေရာမှာ သံရုံးယာယီတာဝန်ခံအဆင့်လျှော့ချတာ၊ နောက် သြစတေးလျနိုင်ငံဆိုရင်လည်း တာဝန်ပြီးဆုံးလို့ ပြန်သွားတဲ့ သံအမတ်နေရာမှာ သံရုံးယာယီတာဝန်ခံထားဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

    သီရိလင်္ကာသံအမတ် စစ်ကောင်စီဥက္ကဋ္ဌထံ သံအမတ်ခန့်အပ်လွှာပေး

    ဓာတ်ပုံ ရင်းမြစ်, Statement

  11. မင်္ဂလာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတင်ဆက်ခဲ့တဲ့ သတင်းတွေကိုတော့ ဒီစာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။