ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးမဟာအောင်မြေ မီး အမျိုးသမီးတစ်ဦးသေဆုံး

    မန္တလေးမြို့မှာ ဒီကနေ့ ဇွန်လ ၁၆ရက်နေ့ မနက်ပိုင်း မီးလောင်မှုကနေ လူသေဆုံးမှုရှိခဲ့ပြီး ဒါဟာ ဒီနှစ်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

    မဟာအောင်မြေမြို့နယ် အကွက် (၁၃၄) ၁၇x၁၈ လမ်းကြား ၈၇x၈၈လမ်းကြားမှာ နှစ်ထပ်တိုက်တစ်လုံးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    မီးလောင်မှုကြောင့် ဒေါ်ဝင်းမြိုင် အသက်(၆၇)နှစ်ဟာ နေအိမ်အတွင်း မီးခိုးမွန်ပြီး အသက်ရူကြပ်ကာ သေဆုံးခဲ့သလို သေဆုံးသူရဲ့ သားဖြစ်သူဟာ ဝဲပါး၊ ယာခြေထောက် ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မီးလောင်မှု ဖြစ်စဉ်ဟာ နေအိမ်အောက်ထပ် နံရံကပ်ပန်ကာ အပူလွန်ကဲပြီး မျက်နှာကြက်ကို မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီကတစ်ဆင့် မီးပွါးတွေဟာ အောက်ကျကာ ဆိုင်ကယ်ပေါ်ရောက်ပြီး ဆက်လက် မီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

    မီးလောင်မှု့ကို မိနစ်ပိုင်းအတွင်းမီးငြိမ်းသတ်နိုင်ခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့နေအိမ်အတွင်း ပစ္စည်းတွေ ပျက်စီးခဲ့ပါတယ်။ ဒီလို မီးလောင်မှုကနေ လူသေဆုံးမှုဖြစ်ခဲ့တာဟာ ဒီနှစ်အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

    မီးလောင်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့

    ဓာတ်ပုံ ရင်းမြစ်, Than Htay

    ဓာတ်ပုံ ပုံစာ, မီးလောင်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့
  2. ကလေးမြို့ပေါ်မှာ ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်

    က‌လေးမြို့ကအထွက် အလှမ်းမဝေးတဲ့ သုံးအိမ်စုကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, က‌လေးမြို့ကအထွက် အလှမ်းမဝေးတဲ့ သုံးအိမ်စုကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီ တပ်ဟာ ဒီနေ့ ဇွန်လ ၁၆ ရက်မှာ မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ စစ်ကား ၅ စီးကနေ ၁၀ စီးကြားနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တာဟန်းရပ်ကွက်အပါအဝင် မြို့တွင်း လုံခြုံရေးတင်းကျပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    "တာဟန်းရပ်ကွက်အပြင် မြို့နေရာတော်တော်များများမှာ စစ်ကောင်စီတပ်က မှတ်ပုံတင်စစ်တာ၊ ဖုန်းတွေ စစ်တာတွေလုပ်နေတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဟာ အင်အားပြတဲ့အနေနဲ့ တင့်ကား ၂ စီးကို မနေ့ ဇွန်လ ၁၅ ရက်မှာ မြို့တွင်းလှည့်လည် မောင်းနှင်ခဲ့တယ်လို့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

    အဲဒီမတိုင်ခင် ဇွန်လ ၁၄ ရက်နေ့တုန်းကတော့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ အထွက် အလှမ်းမဝေးတဲ့ သုံးအိမ်စုဆိုတဲ့ရွာငယ်ကို ဝင်ရောက် မီးရှို့ခဲ့တာကြောင့် အိမ် ၁၀ လုံးထက်မနည်း မီးထဲပါခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တစ်ဖက်မှာလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီက ရဟတ်ယာဥ်သုံး ပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ ကလေးမြို့တောင်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

  3. အုပ်ထိန်းသူတွေဆီ ပြန်အပ်တဲ့ PDF ၄၀ နီးပါးရှိပြီလို့ စစ်ကောင်စီပြောလာ

    အုပ်ထိန်းသူတွေဆီ ပြန်အပ်တဲ့ PDF ၄၀ နီးပါးရှိပြီလို့ စစ်ကောင်စီပြောလာ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    လက်နက်အပ်ပြီး ပြန်၀င်ရောက်ရင် ကြိုဆိုမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်အပြီး ရက်ပိုင်းအတွင်း ပြန်လည်၀င်ရောက်လာသူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၄၀ နီးပါးရှိလာပြီလို့ စစ်ကောင်စီပြောခွင့်ရသူက နေပြည်တော်မှာ ဒီနေ့ ဇွန်လ ၁၆ ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

    အခု ပြန်လည်၀င်ရောက်လာတဲ့ PDF တွေဟာ မန္တလေးတိုင်းက ၁၅ ဦးနဲ့အများဆုံးဖြစ်ပြီး မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီကထုတ်ပြန်လာတဲ့ PDF ဆိုသူတွေဟာ အငြင်းပွားစရာ လူပုဂ္ဂိုလ်တွေဖြစ်သလို သူတို့ကို မသိရှိဘူးလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောဆို ထုတ်ပြန်ထားကြပါတယ်။

    စစ်ကောင်စီဘက်ကတော့ PDF တွေကို ကူညီထောက်ပံ့ပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ PDF တွေနဲ့ပတ်သက်ပြီး ဝန်ထုပ်၀န်ပိုးဖြစ်လာတာ၊ နောက် သက်ဆိုင်ရာမိဘတွေနဲ့လိုလားချက်တွေကြောင့် ပြစ်မှုကြီးကြီးမားမားမကျူးလွန်ထားသူတွေကို လက်ခံပြီး အုပ်ထိန်းသူတွေဆီ ပြန်အပ်နေတာလို့ ပြောပါတယ်။

    စစ်ကောင်စီဟာ PDF တပ်ဖွဲ့ဝင်တွေကို ဘက်ပြောင်းခိုလှုံဖို့ ပြောလာအပြီးမှာ တစ်ဖက်မှာလည်း DF တွေသတင်းပေးပို့ရင် ဆုကြေး ချီးမြှင့်မယ့်အကြောင်း ဆက်တိုက် သတင်းထုတ်ပြန်နေပါတယ်။

  4. လွှတ်တော်ကိုယ်စားလှယ်ရဲ့ပညာအရည်အချင်းကို သတ်မှတ်ဖို့ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ပြော

    နေပြည်တော်က လွှတ်တော်အဆောက်အအုံ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်က လွှတ်တော်အဆောက်အအုံ

    လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲကိုယ်စားလှယ်တွေရဲ့ ပညာအရည်အချင်းကို သတ်မှတ်ဖို့ရှိတယ်လို့ဆိုပြီး စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောလာပါတယ်။

    ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းတွေမှာတော့ ပညာအရည်အချင်းသတ်မှတ်တာမရှိပေမဲ့ အခုတော့ လာမယ့်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပညာအရည်အချင်းကိုသတ်မှတ်ဖို့ ဥ‌ပဒေထဲမှာ လျာထားတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောခွင့်ရ ဦးခင်မောင်ဦးက နေပြည်တော်မှာ ဒီနေ့ ဇွန်လ ၁၆ ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

    ''လွှတ်တော်ကိုယ်စားတွေဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအပါအဝင် တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်လို့ သူတို့အရည်အချင်းနဲ့စွမ်းဆောင်ရည်မြင့်မားဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အရည်အချင်း သတ်မှတ်ချက် အတည်ပြုပြီးရင် ထုတ်ပြန်ဖို့ရှိပါတယ်။ လွှတ်တော်ကိုယ်စားတွေရဲ့ ပိုင်ဆိုင်မှု စီးပွားရေး ဥစ္စာ ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ်ဖို့မရှိပေမဲ့ ပါတီတစ်ခုချင်းဟာ ရှိသင့်တဲ့ဘဏ္ဍာရေးအခြေအနေလိုတာတွေပါတယ်''လို့ ဦးခင်မောင်ဦးက ပြောပါတယ်။

    လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်အရတော့ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်မှာ ပညာအရည်အချင်းကို ကန့်သတ်ထားတာမရှိဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၃၀ ပြည့်ပြီးသူ၊ နောက် နိုင်ငံသားမိသားနှစ်ပါးက မွေးဖွားသူနဲ့ နိုင်ငံအတွင်းမှာ အနည်းဆုံး ဆယ်စုနှစ်ချီနေထိုင်ပြီးသူဖြစ်ရမယ်ဆိုပြီး ပါရှိပါတယ်။

  5. ဒဂုံ၊ ဗိုလ်ရာညွန့်လမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်

    ဒဂုံ၊ ဗိုလ်ရာညွန့်လမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ ယောမင်းကြီးရပ်ကွက်အတွင်းက ဗိုလ်ရာညွန့်လမ်းပေါ်မှ ာဒီကနေ့ဇွန်လ ၁၆ ရက်နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ အနီးအနား‌ဒေသခံတွေကပြောပါတယ်။

    ‘‘ပေါက်ကွဲသွားတာဟုတ်တယ်။ လူတစ်ယောက်ထိသွားတာ လူနာတင်ယာဥ်နဲ့သယ်သွားတာတွေ့တယ်။ အနားတောင်ကပ်လို့မရဘူး။ ဖြစ်ဖြစ်ချင်းတော့ အဲဒီနားကိုစစ်ကောင်စီတပ်တွေပိတ်ထားတယ်။ အခုတော့လမ်းပြန်ဖွင့်ပါပြီ’ လို့ ယောမင်းကြီးလမ်းနေနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲမှုကြောင့် ထိခိုက်သူဟာဒဏ်ရာပြင်းထန်တယ်လို့လည်း အနီးအနားရှိနေသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    အခုပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ရန်ကုန်တိုင်းစစ်ရုံးနဲ့ မလှမ်းမကမ်းမှာဖြစ်ပြီးစစ်ကောင်စီတပ်တွေလုံခြုံရေးတိုးမြှင့်ထားတဲ့နေရာဖြစ်တယ်လို့လည်း နေထိုင်သူတွေကပြောပါတယ်။

    အခုရက်ပိုင်းရန်ကုန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့မှာ စစ်ဆေးတင်းကျပ်မှုတွေပိုလုပ်နေပြီး မြို့နယ်တချို့မှာ ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးတာတွေကြောင့် သပိတ်အဖွဲ့ဝင်လူငယ် ၃၀ ထက်မနည်းဟာလည်း ဖမ်းဆီးခံထားရပါတယ်။

    စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်နေတဲ့ကြားကပဲ ရန်ကုန်မှာ မြေပြင်သပိတ်တွေနဲ့ပေါက်ကွဲမှုတွေကလည်းဆက်ရှိနေပါတယ်။

  6. မြန်မာပြည်အလယ်ပိုင်းက အသက်နဲ့ရင်းတဲ့ တီထွင်မှုများ

    မြန်မာပြည်အလယ်ပိုင်းက အသက်နဲ့ရင်းတဲ့ တီထွင်မှုများ

    ဓာတ်ပုံ ရင်းမြစ်, ချောင်းဦးဒေသကာကွယ်ရေး

    ဆန္ဒပြတောင်းယူလို့ မရခဲ့တဲ့ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ဖို့ရွေးချယ်လိုက်ချိန်မှာ လက်နက်လိုအပ်ချက်တွေဟာ ဒေသကာကွယ်‌ရေးတပ်တွေမှာ ကြီးမားတဲ့အခက်ခဲတစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။

    မိုင်းတွေ၊ လက်နက်တွေတီထွင်ရင်း ယမ်းတွေ ချက်လုပ်ရင်း ထိခိုက်ဒဏ်ရာရသွားသူတွေ၊ အသက်ပေးလိုက်ရတဲ့ လူငယ်တွေဟာ မထင်မရှားနဲ့ပဲ များလာပါတယ်။

    စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ဇွန် ၁၃ ရက် မနက်ပိုင်းက လက်နက်အတွက် ယမ်းချက်လုပ်ရင်း ယမ်းပေါက်ကွဲတာကြောင့် ချောင်းဦးတော်လှန်ရေးတပ်ဖွဲ့ CRA က တပ်ဖွဲ့ဝင်လေးယောက်ဟာ မီးလောင်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

  7. မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလကိုယ်စားလှယ် မလေးရှားသွားမယ်

    မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလကိုယ်စားလှယ် မလေးရှားသွားမယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် တွမ် အန်ဒရူးစ်ဟာ မြန်မာ့အရေးအတွက် မလေးရှားနိုင်ငံကို လာမယ့် ဇွန်လ ၁၇ ရက်ကနေ ၂၃ ရက်အထိ သွားရောက်ဖို့ရှိနေပါတယ်။

    မစ္စတာ အန်ဒရူးစ်ဟာ မလေးရှားအစိုးရကိုယ်စားလှယ်တွေ၊ လွှတ်တော်အမတ်တွေ၊ ကုလသမဂ္ဂအရာရှိတွေ၊ မြန်မာနဲ့ အာဆီယံ နိုင်ငံခြားရေးမူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

    ‘‘မြန်မာပြည်တွင်းမှာ အခြေအနေ ယိုယွင်းလာတာနဲ့အမျှ စစ်တပ်ဟာလည်း အမှန်တရားကို ဖုံးကွယ်ဖို့ ဆက်ပြီးကြိုးစားနေပါတယ်။ မြန်မာပြည်တွင်းက လူ့အခွင့်အရေးအခြေအနေတွေကို အစီရင်ခံ မှတ်တမ်းတင်ဖို့ ပေးထားတဲ့လုပ်ပိုင်ခွင့်အတိုင်း မဆုတ်မနစ် ဆက်လုပ်သွားဖို့ရှိပါတယ်။ မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ထွက်ပြေးလာသူတွေအပါအဝင် မြန်မာတွေနဲ့တွေ့ဆုံမယ်’’လို့လည်း သူကပြောထားပါတယ်။

    အခုခရီးစဥ်ဟာ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံ‌ဒေသတွင်းမှာ ပိုနက်ရှိုင်းတဲ့ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်းအစ ဖြစ်သလို မြန်မာ့အရေးမှာ အာဆီယံကို ဗဟိုပြုစဥ်းစားချက် ရှိထားတာကြောင့် လာမည့်လတွေအတွင်းမှာလည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ ခရီးစဥ် ပေါ်လာဖို့ မျှော်လင့်တယ်လို့ သူက ပြောထားပါတယ်။

    တဖက်မှာလည်း မလေးရှားနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ ဆက်ဆံမှု ခပ်စိပ်စိပ် ပြုလုပ်ထားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး တခြားအဖွဲ့ဝင်နိုင်ငံတွေကိုလည်း NUG နဲ့ ထိတွေ့မှုလုပ်ဖို့ တိုက်တွန်းနေတဲ့နိုင်ငံဖြစ်ပါတယ်။

  8. မင်းတပ်မှာ အရပ်သား ၃ ဦး လက်နက်ကြီးထိမှန်

    မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်ရင်း

    ဓာတ်ပုံ ရင်းမြစ်, HKL

    ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်ရင်း

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ ဒီနေ့ ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် အရပ်သား ၃ ဦး လက်နက်ကြီးထိမှန်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

    မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၇၄ ခြေလျင်တပ်ရင်းကနေ မြို့မြောက်ဘက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ချိန် မွီတွီရွာအနီးဝန်းကျင်ကို လက်နက်ကြီးကျခဲ့တာဖြစ်ပါတယ်။

    လက်နက်ကြီးထိမှန်ခဲ့သူတွေဟာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့လည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မင်းတပ်မြို့ထဲမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား မြို့တွင်းတိုက်ပွဲ ၃ ကြိမ် ဖြစ်ထားပါတယ်။

    မင်းတပ်မှာ စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် အရပ်သား ထိခိုက်မှုတွေတွေနဲ့ အိုးအိမ်တွေအပေါ် လက်နက်ကြီးကျမှုတွေ အရင်ကလည်းဖြစ်ထားဖူးပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က မင်းတပ်ကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားပါတယ်။

  9. ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစည်းဝေးမဖိတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၇၀ ကျော်က အာဆီယံကို တောင်းဆို

    ၂၀၁၇ ခုနှစ်တုန်းက သတင်းစာရှင်းပွဲတစ်ခုမှာ မြင်တွေရတဲ့ အဲဒီအချိန်က ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုန်းက သတင်းစာရှင်းပွဲတစ်ခုမှာ မြင်တွေရတဲ့ အဲဒီအချိန်က ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး

    စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေး(ADMM)ကို မဖိတ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၇၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

    လာမယ့် ဇွန်လ ၂၂ ရက်မှာကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်မယ်ဆိုတဲ့သတင်းထွက်ပေါ်နေချိန်မှာ အရပ်ဘက်အဖွဲ့အစည်းတွေက အခုလို တောင်းဆိုလာတာပါ။

    ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ လက်ရှိမှာ ရက်စက်တဲ့ရာဇဝတ်မှုတွေပေါ်ပေါက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ်ကို စီမံခန့်ခွဲမှုအခန်းကဏ္ဍမှာပါဝင်နေသလို နိုင်ငံတကာဥပဒေတွေကို တိုက်ရိုက်ချိုးဖောက်ကြောင့် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့တာခံထားရသူဖြစ်တာကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုပါတယ်။

    ၂၀၂၁ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေတွေကနေ ဖယ်ချန်ခဲ့တာကို ကြိုဆိုပေမဲ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးချိန်မှာတောင် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွေမှာ စစ်တပ်ကို ဖိတ်ကြားခဲ့တာတွေရှိတာကိုလည်း အဖွဲ့က ထောက်ပြပြောဆိုပါတယ်။

    ဒါကြောင့် အာဆီယံကာကွယ်ရေးဝန်ကြီးတွေအနေနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်တာတွေအပါအဝင် စစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ကူညီအားပေးရာရောက်စေတယ်လို့ ကန့်ကွက်တဲ့အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အခုအစည်းဝေးတင်သာမက အနာဂတ်အစည်းအဝေးတွေမှာပါ မဖိတ်ကြားဖို့ ၊ နောက်မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ရာ အမျိုးသားညီညွတ်ရေးအစိုးရတဲ့ ထိတွေ့ ပြောဆို ဆက်ဆံဖို့ကိုလည်း အရပ်ဘက် အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

  10. ရေဖြူ၊ ဧကနိရွာမှာ လူငယ် ၂ ဦးကို စွန်ရဲအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေပြော

    ရေဖြူ၊ ဧကနိရွာမှာ လူငယ် ၂ ဦးကို စွန်ရဲအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, HURFOM

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို လူ ၁၂ ဦးပါတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မနေ့ဇွန်လ ၁၅ ရက်မှာ ဝင်ရောက်ခဲ့ပြီးတဲ့နောက် လူငယ် ၂ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် ၂၂ နှစ်အရွယ် ကိုမျိုးကိုနဲ့ သူ့သူငယ်ချင်း အသက် ၂၃ နှစ်အရွယ် ကိုရဲပိုင်စိုးတို့ဖြစ်တယ်လို့ဆိုပြီး မွန်၊ ကရင်နဲ့တနင်္သာရီတို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ မွန်မြေလူ့အခွင့်အရေးဖိုရမ်အဖွဲ့က ပြောပါတယ်။

    ‘‘ကိုမျိုးကိုနဲ့ ကိုရဲပိုင်စိုးတို့က ဧကနိရွာမှာ အဖမ်းခံရတယ်။ ဒါပေမဲ့ သူတို့အလောင်းတွေကို ဝက်ချောင်းရွာမှာ တွေ့ခဲ့ရတာ။ ကိုမျိုးကိုကတော့ ဧကနိရွာကပဲ။ သူ့သူငယ်ချင်း ကိုရဲပိုင်စိုးကတော့ တခြားမြို့နယ်ကနေ လာနေတဲ့သူ’’ လို့ မျက်မြင်ဒေသခံတွေက ပြောတယ်လို့လည်း အဲဒီအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီလက်နက်ကိုင်တွေဟာ ဧကနိရွာထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအဖွဲ့ဝင် ဦးကြည်ငွေရဲ့ အိမ်ကို ဗုံးဖောက်ခွဲခဲ့သလို ရွာထဲမှာ သေနတ်ပစ်ခတ်တာတွေလည်း လုပ်ခဲ့တဲ့အပြင် စွန်ရဲတံဆိပ်တွေကိုလည်း လမ်းပေါ် ကြဲချသွားခဲ့တယ်ဆိုပြီး ရွာသားတွေက ပြောထားတယ်လို့လည်း ဆိုပါတယ်။

  11. မုံရွာမှာ မီတာလိုက်ဖြုတ်တဲ့ ဝန်ထမ်းတွေ သေနတ်နဲ့ ပစ်ခံရ

    စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မီတာခ မဆောင်တဲ့ အိမ်တွေကို မီတာဘောက် (မီတာပုံး)လိုက်ဖြုတ်တဲ့ လျှပ်စစ်ဝန်ထမ်းအချို့ ယနေ့ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ အပစ်ခံရကြောင်း ဒေသခံတွေကို ပြောပါတယ်။

    စက်မှုဇုန်ရပ်ကွက် ဇီဇဝါလမ်းမှာ ပစ်ခံရတာဖြစ်ပြီး နှစ်ဦးဒဏ်ရာရကာ တစ်ဦးမှာထွက်ပြေးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

    "မီတာစာရွက်တွေ လာဝေတုန်းကတော့ သေနတ်တွေ အရပ်ဝတ်တွေနဲ့ တစ်နှစ်ကျော်စာ လာဝေတာ။ သူတို့ လာဝေတုန်း ဆိုင်ကယ် လီဗာနင်းမောင်းတဲ့သူတောင်ခေါ် ပြီး ရန်ရှာသေးတာ" ဟု ဒေသခံကပြောပါတယ်။

    သေနတ်နဲ့ ပစ်ခံရသူတွေကတော့ မုံရွာ လျှပ်စစ်ရုံး လက်ထောက်ကြီးကြပ်ရေးမှူး ဦးနိုင်ဆန်းလင်း၊ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    လျှပ်စစ်ဝန်ထမ်းတစ်ဦး(ယခင်ပုံအဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Chindwin post

    ဓာတ်ပုံ ပုံစာ, လျှပ်စစ်ဝန်ထမ်းတစ်ဦး(ယခင်ပုံအဟောင်း)
  12. စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အေအေ သဘောထားပြော

  13. ၁၀နှစ်ကြာ ခွဲခြားပိတ်လှောင်ခံနေရသူများ, “လွတ်လပ်မှုနထ္ထိ- မြန်မာ၊ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့ကို ထိန်းသိမ်းထားခြင်း ၁၀ နှစ်တာ”

    ရိုဟင်ဂျာတို့ကို ထိန်းသိမ်းထားခြင်း ၁၀ နှစ်တာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာတို့ကို ထိန်းသိမ်းထားခြင်း ၁၀ နှစ်တာ

    မြန်မာ အုပ်စိုးသူတွေရဲ့ ဆယ်စုနှစ် တစ်ခုကြာ ဖမ်းဆီး အကျဥ်းချ၊ ပိတ်လှောင် ခံထားရတဲ့ ရိုဟင်ဂျာနဲ့ ကမန် မွတ်ဆလင်မ် အရေအတွက်ဟာ တစ်သိန်း သုံးသောင်း ငါးထောင်ကျော် ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ HRW က ဒီကနေ့ ဇွန် ၁၅ ရက် နေ့စွဲနဲ့ ရေးသား ထုတ်ပြန်ပါတယ်။

    ရိုဟင်ဂျာနဲ့ ကမန်တွေ သိန်းချီပြီး ဥပဒေမဲ့ ထိန်းသိမ်း ခံထားရ၊ အကန့်အသတ် မရှိ ခွဲခြား ပိတ်လှောင် ခံထားရတဲ့ အခြေအနေတွေ အကြောင်း HRW ရဲ့ အဲဒီ ပြောဆိုချက်ကို စာနာမှုဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ ယူအဲန်အိုချာကလည်း ကိုးကားပြီး ထပ်ဆင့် ရေးသားပါတယ်။

    ရခိုင်မှာ ရှိတဲ့ မွတ်ဆလင်မ်တွေ ဖြစ်ကြတဲ့ ရိုဟင်ဂျာနဲ့ ကမန် မျိုးနွယ်စုတွေ အပေါ် ပစ်မှတ်ထားပြီး၂၀၁၂ ခုနှစ်၊ ဇွန်လ မှာ လူမျိုးစုလိုက် ရှင်းလင်းရေး လုပ်ဆောင်မှုတွေ စတင်ခဲ့တာမှာ ကျုးလွန်ခံရသူတွေ အတွက် တရားမျှတမှု ဖော်ဆောင် မပေးနိုင်တာ အခုဆိုရင် ၁၀ နှစ်တင်းတင်း ရှိလာပြီ ဖြစ်တယ်လို့ HRW က ထောက်ပြ ဝေဖန် ထားပါတယ်။

    ရိုဟင်ဂျာနဲ့ ကမန်တွေကို လူမှု အသိုင်းအဝိုင်းထဲကနေ သီးခြားခွဲထုတ်ကာ သူတို့ မူလနေရာတွေကနေ ဖယ်ရှားပြီး၊ သီးသန့် လှောင်ပိတ် နေစေတာမျိုးကို မြန်မာ အုပ်စိုးသူတွေ ကိုယ်တိုင် စီမံကိန်းချ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ လည်း HRW က ဆိုပါတယ်။

    HRW ရဲ့ အာရှပိုင်းဆိုင်ရာ သုတေသီ ရှေနာ ဘူခနာ ပြုစု ထုတ်ပြန်တဲ့ “လွတ်လပ်မှုနထ္ထိ- မြန်မာ၊ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့ကို ထိန်းသိမ်းထားခြင်း ၁၀ နှစ်တာ” ဆိုတဲ့ အစီရင်ခံစာထဲမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ တွေ့ဆုံ မေးမြန်းထားတာတွေ၊ သက်သေ အထောက်အထား ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပါဝင်ပါတယ်။

    ကျူးလွန်ခဲ့တဲ့ မြန်မာ စစ်အာဏာပိုင်တွေ အရေးယူ အပြစ်ပေးနိုင်ရေး နိုင်ငံတကာက ပျက်ကွက် နေခဲ့တာလည်း ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်တဲ့ အတွက်၊ အခု အရေးကိစ္စ အပေါ် စိုးရိမ်တယ်ဆိုတဲ့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်ထားသူတွေကို အရေးယူရေး၊ ထိခိုက်ခံစားရသူတွေ အတွက် တရားမျှတမှု ရှာဖွေရေး ကိစ္စတွေ အခု ၁၀ နှစ်ပြည့် ကာလမှာ လုပ်ဆောင်ကြပါဆိုပြီးတော့လည်း အစီရင်ခံစာ ရေးသားသူ ရှေနာ ဘူခနာ က တိုက်တွန်းပါတယ်။

  14. ရေစကြို မှာ စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက်CDM ကျောင်းဆရာ၊ဆရာမတွေနဲ့သူနာပြုအပါအဝင် PDF အဖွဲ့ဝင် စုစု​ပေါင်း ၅ ဦး သေဆုံး

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ထဲက ဒန့်ပင်ကန်ရွာအနီးမှာ စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတဲံCDM ကျောင်းအုပ်ဆရာအပါအဝင်၊ CDM ဆရာမတစ်ဦး၊ သူနာပြုဆရာမတစ်ဦးနဲ့ ဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့အလောင်းတွေကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ဒန့်ပင်ကန်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက်CDM ပြုလုပ်ထားတဲ့ ကျောင်းအုပ်ဆရာတစ်ဦးဖြစ်တဲ့ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ တစ်ဦးဖြစ်ပြီး ကိုယ်ဝန် ၅လ ဆောင်ထားတဲ့ ဒေါ်ခင်နှင်းဝေ၊ အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်နဲ့ရေစကြိုဒေသကာကွယ်ရေးအဖွဲ့က မသဲအိအိဝင်းနဲ့တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲဘော်ဝူခုန်းတို့ကိုစစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ သူတို့တွေ (သေဆုံးသွားသူတွေ) က ရေစကြိုနဲ့ မြိုင်အစပ်ကပါ။ အဲဒီနေ့ကဒေသကာကွယ်ရေးတပ်တွေက စစ်တပ်ကို မိုင်းဆွဲလိုက်တယ်။ ရွာထဲက လူတွေကလည်း ရွာထဲကိုမဝင်လာလောက်ဘူးထင်ပြီးရှောင်ဖို့နောက်ကျသွားတယ်ထင်ပါတယ်။ အဲဒီနေ့ကဖမ်းတာအများကြီးပဲတချို့ကိုပြန်လွှတ်ပေးလိုက်ပြီး အဲဒီ ၅ယောက်ကိုတော့ ဖမ်းသွားပြီး မနေ့က (ဇွန်၁၄) ရက်မှာ အလောင်းတွေပြန်တွေ့တာ။ မီးရှို့ခံထားရတယ် ရုပ်ပျက်ဆင်းပျက်ပဲ ‘’ လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေစကြိုဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ N-YSOပြောက်ကျားတပ်ဖွဲ့ကတော့ ဒေသကာကွယ်ရေးတပ်စခန်းကိုဇွန်လ ၁၀ရက်နေ့က စစ်ကောင်စီကစစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်စီးနင်းတာကြောင့် မိုင်းဆွဲပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

    အဲဒီနောက်မှာ အခုသေဆုံးသွားတဲ့ ဆရာ၊ဆရာမတွေနဲ့ဒေသကာကွယ်ရေးတပ်တွေကို မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့အပေါ်တော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

    ရေစကြိုနယ်ထဲမှာတော့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေမကြာခဏရှိသလို ရေလယ်ကျွန်းဒေသနဲ့ ရေစကြိုအနောက်ခြမ်းကကျေးရွာအများစုဟာလည်းစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    အခုလို CDM ပြုလုပ်ထားတဲ့ကျောင်းဆရာ၊ ဆရာမတွေသတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ကတော့ရေစကြိုနယ်အတွင်မှာ ပထမဆုံးဖြစ်ပြီးဒေသတွင်း CDM ဆရာ၊ဆရာမတွေဟာလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက်ပိုင်း သေဆုံးခဲ့တဲ့ ဆရာ၊ဆရာမတွေအပါအဝင်၅ဦးနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ရေစကြို

    ဓာတ်ပုံ ရင်းမြစ်, YSO ပြောက်ကျားတပ်ဖွဲ့

  15. သထုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ စစ်ရှောင် ကိုးထောင်ကျော်တိုးလာ

    စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကိုရှောင်ဖို့ သထုံမြို့နယ်ထဲက ဝီယော်ကျေးရွာအုပ်စုဝင် ရွာ‌လေးရွာမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သူ ဒေသခံ သုံးထောင်နီးပါး ရှိနေပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ကေအဲန်ယူ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကိုရှောင်ဖို့ သထုံမြို့နယ်ထဲက ဝီယော်ကျေးရွာအုပ်စုဝင် ရွာ‌လေးရွာမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သူ ဒေသခံ သုံးထောင်နီးပါး ရှိနေပါတယ်။

    မွန်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ဘေးရှောင်အရေအတွက် ကိုးထောင်ကျော်တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဒီနေ့ ဇွန်လ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကနေ ၁၃ ရက်အတွင်း သထုံမြို့နယ်ထဲမှာ စစ်ရှောင် သုံးထောင်ကျော်နဲ့ သံဖြူဇရပ်မြို့နယ်ထဲမှာ နောက်ထပ် စစ်ရှောင် ခြောက်ထောင်နီးပါး နေအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ မွန်ပြည်နယ်ထဲက ဘီးလင်းမြို့နယ်၊ ကယား(ကရင်နီ)ပြည်နယ်ထဲက လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ထောင်နဲ့ချီတဲ့စစ်ရှောင်တွေ နေရပ်ပြန်နေကြပြီဖြစ်ပေမဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် နိုင်ငံအရှေ့တောင်ပိုင်းမှာ စစ်ရှောင်အရေအတွက် နှစ်သိန်းသုံးသောင်းရှစ်ထောင်အထိရှိနေတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    လက်ရှိမှာ လူသားချင်းစာနာမှုအကူအညီပေးရေးမိတ်ဖက်အဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အဲဒီဒေသတွေကို အကူအညီပေးနိုင်မှု အသင့်အတင့်ရှိနေပေမဲ့ ထောက်ပံ့ပေးနိုင်မှုဟာ လိုအပ်ချက်ရှိနေ တုန်းပဲလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဘက်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သထုံမြို့နယ်ထဲက ကေအဲန်ယူနယ်မြေထဲမှာ ကေအဲန်ယူတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေကြားက တိုက်ပွဲတွေကြောင့် ဝီယော်ကျေးရွာအုပ်စုထဲက ဒေသခံသုံးထောင်ကျော်ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

  16. ဝက်လက်အနောက်ခြမ်းမှာ ၃ ရက်အတွင်း ရာနဲ့ချီနေအိမ်တွေ မီးရှို့ခံရ

    ဝက်လက်အနောက်ခြမ်းမှာ ၃ ရက်အတွင်း ရာနဲ့ချီနေအိမ်တွေ မီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ မဲကုန်းရွာက နေအိမ်တစ်လုံး

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း စစ်ကောင်စီတပ် ဝင်ရောက်တာကြောင့် ကျေးရွာ ၃ ရွာက နေအိမ် အလုံးရေ ရာချီ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

    မနေ့ ဇွန်လ ၁၅ ရက်တစ်ရက်တည်းမှာတင် မဲကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက် မီးရှို့ခဲ့လို့ နှစ်ထပ်တိုက်အိမ်တွေအပါအဝင် နေအိမ် ၄၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘‘ဒီနေ့ မနက်အထိ ရွာထဲကို ဝင်လို့မရသေးဘူး။ စစ်တပ်က ရွာကို ဝင်ကြည့်တဲ့သူတွေကို ပစ်ခတ်တာတွေ လုပ် နေတုန်းပဲ။ အရပ်သားသေဆုံးမှုရှိတယ်။ အကြမ်း ဖျင်းဆို အိမ်အလုံးရေ ၄၀၀ နီးပါး မီးထဲပါသွားတယ်။ ၂၀၀ လောက်ကျန်ခဲ့တယ်။ မီးရှို့တဲ့အချိန်လေကြောင်းမသင့်လို့ အကုန်မပါသွားတာ’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မဲကုန်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့အပြီးမှာ စစ်ကောင်စီတပ်က ရွာထဲကို မီးဝင်ရှို့ခဲ့လို့ ဒေသခံတွေကပြောပါတယ်။

    မိုးရွာနေချိန် ရွာထဲကို စစ်ကောင်စီအင်အား ၁၀၀ နီးပါး ဝင်ရောက်ခဲ့တာဖြစ်လို့ မပြေးလွှားနိုင်တဲ့ဒေသခံအချို့ မီးလောင်ချိန် နေအိမ်တွေထဲ ပိတ်မိပြီး အသက်ဆုံးပါးသူတွေလည်း ရှိတယ်လို့ ဝက်လက်အနောက်ခြမ်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောထားပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ မဲကုန်းရွာအနီးက ဥယျာဥ်မရွာနဲ့ တမာကုန်းရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ၃ ရက်အတွင်း ပျက်စီးတဲ့နေအိမ်အရေအတွက်ဟာ ၆၀၀ နဲ့ ၇၀၀ ကြားရှိနိုင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

  17. ယမ်းချက်ချိန် ပေါက်ကွဲလို့ ချောင်းဦးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရ

    ယမ်းချက်ချိန် ပေါက်ကွဲလို့ ချောင်းဦးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, နွေဦးရောင်နီဆေးအဖွဲ့(မြောင်)

    ချောင်းဦးဒေသကာကွယ်ရေးတပ် CRA က တပ်ဖွဲ့ဝင် လေးဦးဟာ ယမ်းချက်ရာကနေ မတော်တဆ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီး ဒေသန္တရဆေးတပ်ဖွဲ့က ဇွန်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    အဲဒီမတော်တဆမှုကြောင့် တပ်ဖွဲ့ဝင်လေးဦးရဲ့ကိုယ်ခန္ဓာတွေမှာ ယမ်းတွေ စွဲလောင်ခဲ့တာလို့ ဆေးကုသပေးခဲ့တဲ့ နွေဦးရောင်နီဆေးအဖွဲ့က ပြောပါတယ်။

    ဒါ့ပြင် အဲဒီမတော်တမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ နေထိုင်တဲ့တဲလည်း မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။

    ‘’စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်။ ဒီဘက်မှာက အသင့်သုံးနိုင်တဲ့ယမ်းကို ဝယ်မသုံးနိုင်တော့ ချက်ကြရတာ။ အိုးမှာကပ်နေတဲ့ယမ်းကို ခွါရင်း ခေါက်လိုက်ရာကနေ မီးပွင့်ပြီး ပေါက်ကွဲမှုဖြစ်တာ။ နှစ်ယောက်က မျက်နှာနဲ့လက်တွေထိတယ်။ နောက်နှစ်ယောက်က ခြေလက်ထိတယ်’’ လို့ ချောင်းဦးဒေသကာကွယ်ရေးတပ်က ပြောပါတယ်။

    စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ကြတဲ့နေရာမှာ လက်နက်ရရှိမှု အခက်အခဲတွေရှိနေတာကြောင့် ကိုယ်တိုင်တီထွင်ကြံဆကာ ဖန်းတီးထုတ်လုပ်လာတာတွေရှိနေပါတယ်။

    အဲဒီလို ဖန်းတီးလုပ်ဆောင်ရင်းနဲ့ပဲ နည်းပညာနဲ့ ဘေးကင်းလုံခြုံမှုအပိုင်းအပါအဝင် အခက်အခဲတခြားကြောင့် ‌လူ့အသက်မတော်တဆဖြစ်တဲ့ ထိခိုက်မှုတွေအထိ မကြာခဏဆိုသလို ဖြစ်နေတာလည်းရှိနေပါတယ်။

  18. မန္တလေးနန်းမြို့ရိုးနားက စစ်တပ်ဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့တွေတိုက်ခိုက်

    မန္တလေးမြို့၊ နန်းမြို့ရိုးဝင်ပေါက်မှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဂိတ်ပေါက်ကို ဒီကနေ့ဇွန်လ ၁၅ရက်မနက်ပိုင်းကမန္တလေးကမြို့ပြပြောက်ကျားအဖွဲ့တွေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

    မန္တလေးမြို့က မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Mandalay Ranger Force – PDF (ROM) ၊ YURF နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ဒီတိုက်ခိုက်မှုကိုလုပ်ခဲ့တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေကထုတ်ပြန်ပါတယ်။ ‘’ ဒီနေရာက ဂိတ်ကင်းတစ်ခုရှိပါတယ်။ အဲဒါကိုပြေးလမ်းဘက်ဆိုင်ကယ်မောင်းရင်းပစ်ခဲ့တာပါ။ ထွက်လမ်းကတစ်ခုပဲရှိတော့ ပိတ်မိရင်သေနိုင်တယ်။ ပြည်သူတွေသွားလာနေတဲ့နေရာဆိုတော့ ပြေးဖို့ရော ပြည်သူမထိဖို့ရော နေရာသေချာရှာပြီးလုပ်ရတယ် ‘’ လို့ Mandalay Ranger Force အဖွဲ့ဝင်နီးစပ်သူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပစ်ခတ်မှုပြီးတဲ့နောက်မှာတော့ စစ်ကား ၃စီးရောက်လာသလို မန္တလေးမြို့တွင်း စစ်ဆေးတင်းကျပ်မှုတွေလုပ်နေတဲ့အကြောင်းကိုလည်း ဒေသခံတွေကပြောဆိုသလို မန္တလေးမြို့တွင်း လူမှုကွန်ရက်သတင်းတွေမှာလည်း ထုတ်ပြန်နေတာတွေ့ရပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်တွေနဲ့ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေအားကောင်းနေတဲ့ မန္တလေးမြို့မှာတော့ စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်တာတွေ ဆက်လုပ်နေပြီး တချို့ဖမ်းဆီးမှုတွေမှာတော့ ရပ်ကွက်တွေကိုပါပိတ်ပြီး ဖမ်းဆီးတာတွေလုပ်ခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောဆိုထားကြပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီကနေ့ မန္တလေးမြို့တွင်းပစ်ခတ်မှုနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    မန္တလေးနန်းမြို့ရိုနား

    ဓာတ်ပုံ ရင်းမြစ်, Mandalay Ranger Force - PDF

  19. မြစ်ကြီးနားက မန်ခိန်အထက်တန်းကျောင်းဆောင် မီးရှို့ခံရ

    နှစ်ထပ်ကျောင်းဆောင်ဟာ တိုင်တွေပဲကျန်တော့တဲ့အထိ မီးလောင်ခဲ့တာပါ။

    ဓာတ်ပုံ ရင်းမြစ်, The 74 Media

    ဓာတ်ပုံ ပုံစာ, နှစ်ထပ်ကျောင်းဆောင်ဟာ တိုင်တွေပဲကျန်တော့တဲ့အထိ မီးလောင်ခဲ့တာပါ။

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန် အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းဆောင် တစ်ဆောင်ဟာ ဒီနေ့ ဇွန်လ ၁၅ ရက် မနက်အစောပိုင်းမှာ မီးရှို့ခံခဲ့ရပါတယ်။

    အဲဒီကျောင်းဟာ မြစ်ကြီးနားမြို့ကနေ မြစ်ဆုံဘက်ကို ထွက်တဲ့ မန်ခိန်ရပ်ကွက်မှာရှိပြီး မီးလောင်မှုဟာ မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာပါ။

    “အဆောင်က ရွှေနဒီလို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်ပါ။ အဆောင်အဟောင်းပါ။ ဖျက်ဖို့ လုပ်ထားတဲ့အဆောင်လို့ပြောတယ်။ ကျွန်တော်ရောက်သွားချိန်မှာ မီးလောင်နေသေးတယ်။ အဆောင်က တစ်ဆောင်တည်းလောင်တာပါ။ မီးသတ်ဘက်ကတော့ လာတယ် ရေတင်ယာဉ် ၄စီး၅စီးလောက်နဲ့ မီးလာငြှိမ်းသွားတယ်“ လို့ မြေပြင်အခြေအနေသိတဲ့မန်ခိန်ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ မြစ်ကြီးနား မီးသတ်တပ်ဖွဲ့က ‌‌‌ပြောထားပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် မြစ်ကြီးနားမြို့မှာ စာသင်ကျောင်းဆောင် မီးလောင်မှုဟာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

    အခုနှစ်ဆန်းပိုင်းတုန်းကလည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်က နယ်မြေ ၇ အထက်တန်းကျောင်း(ခွဲ)က စာသင်ဆောင် တစ်ဆောင် မီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။

    နောက် မြစ်ကြီးနားမြို့က စည်းလုံးခြင်းသ‌‌င်္ကေတရုပ်ထုဟာ ပြီးခဲ့တဲ့ရက်တုန်းက မီးရှို့ခံရမှုဖြစ်ထားပါတယ်။

  20. ရန်ကုန်ကမြေပြင်သပိတ်အဖွဲ့ဝင်တွေ တညအတွင်းအယောက် ၃၀ ကျော်အဖမ်းခံရ

    ရန်ကုန်မှာစစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေထွက်နေတဲ့ သပိတ်အဖွဲ့ကလူငယ်အယောက် ၃၀ လောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ညက စစ်ကောင်စီတပ်တွေကဖမ်းဆီးခဲ့တယ်လို့သပိတ်အဖွဲ့တွေကပြောပါတယ်။

    ဇွန်လ ၁၃ရက်ညပိုင်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်နဲ့ စမ်းချောင်းမှာရှိတဲ့ သပိတ်အဖွဲ့ကလူငယ်တွေ ကို အရင်ဆုံးဖမ်းဆီးတာဖြစ်ပြီး နောက်ပိုင်းမှာ တခြားမြို့နယ်ကလူငယ်တွေကိုပါ တညအတွင်း ဆက်တိုက်ဖမ်းဆီးတာဖြစ်တယ်လို့ ရန်ကုန်သပိတ်အဖွဲ့ကလူငယ်တွေကထုတ်ပြန်ပါတယ်။

    ‘’ အဖမ်းခံရတာ အယောက် ၃၀ ကျော်ပါပြီ၊ အတည်ပြုလို့ရတယ်။သေချာစာရင်းပြုစုပြီး လိုက်ဖမ်းတဲ့ပုံစံနဲ့ဖမ်းတာ’’ လို့ အထွေထွေသပိတ်ကော်မတီ GSCအဖွဲ့ကတာဝန်ရှိသူကဘီဘီစီကိုပြောပါတယ်။

    သပိတ်အဖွဲ့ကလူငယ်တွေဌားစီးသွားတဲ့အဌားယာဥ်မောင်းကတဆင့်ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း ဖမ်းဆီးချိန်မှာ သပိတ်အဖွဲ့ဝင်တွေကို ရိုက်နှက်ထားတာတွေလည်းရှိတယ်လို့လည်း နီးစပ်သူတွေကပြောပါတယ်။

    ‘’ည၁၀နာရီလောက်မှာဝင်ဖမ်းတယ်။ သပိတ်ကဌားစီးသွားတဲ့ တက်စီသမားကတဆင့်ဖမ်းတာ။ အဖမ်းခံရတုန်းကလည်းမျက်နှာကိုအဝတ်နဲ့အုပ်ပြီးဖမ်းသွားတယ်။ စခန်းမှာမဟုတ်ဘဲ ရှင်စောပုလမ်းက ဝင်ရတဲ့ လွှတ်တော်အပေါက်ထဲမှာဖမ်းထားတယ်။ တက်စီသမားပါအဖမ်းခံထားရတယ်’’ လို့ ဖမ်းဆီးခံရတာနဲ့မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်အာဏာသိမ်းပြီးစကတည်းက အားကောင်းနေတဲ့ နိုင်ငံတဝန်းကသပိတ်စစ်ကြောင်းတွေအပါအဝင် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေက သပိတ်စစ်ကြောင်းတွေကိုတော့ စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးတာ၊ ကားနဲ့တိုက်ဖြိုခွင်းတာတွေစတဲ့ ပုံစံမျိုးစုံနဲ့ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။

    ဖမ်းဆီးတင်းကျပ်မှုတွေကြားကပဲ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းမှာ ရန်ကုန်မြို့လယ်လူစည်ကားတဲ့နေရာမှာ စစ်ကောင်စီက ချမှတ်ထားတဲ့ သေဒဏ်ကိုဆန့်ကျင်ကြောင်း စာသားတွေပါတဲ့ စာတမ်းချိတ်ဆွဲတာကိုလည်း ရန်ကုန်ကတော်လှန်ရေးအင်အားစုတွေကလုပ်ခဲ့ကြပါတယ်။

    ရန်ကုန်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, youths union