ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နယ်စပ်လမ်းကဘဝများ- မြေဖြူကိုင်သည့်လက်မှ ယုံကြည်ရာသို့

    CDM ဆရာမ ဒေါ်ပန်းအိ
    ဓာတ်ပုံ ပုံစာ, CDM ဆရာမ ဒေါ်ပန်းအိ

    စစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်း အာဏာဖီဆန်ရေး အကြမ်းမဖက် လှုပ်ရှားမှု CDM မှာ အများဆုံးပါဝင်ခဲ့ကြတာက ပညာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ပညာရေးဝန်ထမ်း စုစုပေါင်းစာရင်းရှိအင်အားကလေးသိန်း ခြောက်သောင်းကျော်ရှိပါတယ်။

    အာဏာသိမ်းတဲ့နောက် အင်အား နှစ်သိန်းကျော်လောက် CDM လုပ်ခဲ့ကြပါတယ်။

    ၂၀၂၂ ခုနှစ်အထိ CDM လုပ်ထားဆဲဆရာ၊ဆရာမ အင်အားက ၁ သိန်းခွဲကျော်ကျန်နေသေးတယ်လို့ အခြေခံပညာဆရာ၊ ဆရာမများသမဂ္ဂရဲ့ စာရင်းတွေကဖော်ပြပါတယ်။

    CDM ပြုလုပ်ခဲ့ကြတဲ့ ဆရာ၊ ဆရာမ ၁၀၀ ကျော် နယ်စပ်မှာ ပြန့်ကျဲရောက်ရှိပြီး နေထိုင်စားသောက်ရေးအတွက် ရရာအလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရပါတယ်။

    CDM လုပ်ရင်း နယ်စပ်တစ်နေရာကို ရောက်လာခဲ့ကြတဲ့ ဆရာမနှစ်ယောက်ရဲ့ CDM ခရီးကြမ်းကို နယ်စပ်လမ်းကဘဝများရုပ်သံအစီအစဥ်မှာ ကြည့်ရှုနိုင်ပါပြီ။

  2. ဒီးမောဆိုအနောက်ခြမ်းမှာ လက်နက်ကြီးတွေကျတာကြောင့် အသက် ၃နှစ်အရွယ်ကလေးငယ်အပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရ, ဇွန်လအတွင်းအရပ်သားထိခိုက်သေဆုံးမှုတွေဆက်တိုက်ဖြစ်နေ

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ယူဆိုမိုကျေးရွာထဲကို မနေ့ဇွန်လ ၁၄ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းက အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

    ကျေးရွာအနီးမှာတိုက်ပွဲတွေမရှိဘဲ လက်နက်ကြီးတွေနဲ့ ၄ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာဖြစ်တယ် လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်အများစုနေထိုင်တဲ့ ငံရိုးကျေးရွာကိုစစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်၅၀အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး ၅နှစ်အရွယ်ကလေးငယ်နဲ့အတူ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းကိုလည်း ဒေသခံတွေက ဘီဘီစီကိုပြောဆိုထားပါတယ်။

    အလားတူ အဲ့ဒီဇွန်လ ၁၀ ရက်မှာပဲ ဒီးမော့ဆိုမြို့နယ်ထဲက ဒေါစဲကျေးရွာကနေ စစ်ဘေးတိမ်းရှောင်နေတဲ့အသက် ၅၀ အရွယ် ဒေသခံတစ်ဦး နေအိမ်ကို ခဏပြန်တုန်းမှာ မိုင်းနင်းမိပြီးသေဆုံးခဲ့တဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။ ဒီမိုင်းတွေဟာ စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းတွေဖြစ်ပြီး ဒီးမောဆိုတဝိုက်မှာ မိုင်းတွေရှိနေတာကို ဖယ်ရှားနေရတဲ့အကြောင်းကိုလည်း KNDF က ဗီဒီယိုမှတ်တမ်းတွေနဲ့ ဇွန်လ ၁၀ ရက်မှာပဲထုတ်ပြန်ထားပါတယ်။

    ဒီးမောဆို

    ဓာတ်ပုံ ရင်းမြစ်, KNDF BO5

    တခါ မနေ့ ဇွန်လ ၁၄ ရက်နေ့မှာ ဖရူဆိုမြို့နယ် ၊ ဒေါညေးခူကျေးရွာထဲ တပ်စွဲဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံနေအိမ် ၄ လုံးကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF ကထုတ်ပြန်လာပါတယ်။ ကယားပြည်နယ်ထဲမှာတော့ ဇွန်လ ၁၀ရက်နေ့ကစပြီး ဒီကနေ့အထိ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပြီး ကရင်နီတပ်ပေါင်းစုတွေက ၅ ရက်တိုင်တိုင်ခုခံတိုက်ခိုက်နေတယ်လို့လည်း KNDF သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲတွေနဲ့အတူ စစ်ဘေးရှောင်နေရာတွေအထိလက်နက်ကြီးကျတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းဆက်တိုက်ထုတ်ပြန်နေပါတယ်။

    စစ်အာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်မှာ အရပ်သားသေဆုံးမှု ၂၅၀ အထိရှိလာနေပြီလို့လည်း ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်အတွင်းက အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်ပြီးသတင်းထုတ်ပြန်လာတာမရှိပါဘူး။

    ဒီးမောဆို

    ဓာတ်ပုံ ရင်းမြစ်, KNDF BO5

  3. ထိုင်းမှာမြေမြှုပ်ခံထားရတဲ့အမျိုးသားတစ်ဦး အလောင်းတွေ့မှုနဲ့ မြန်မာရွှေ့ပြောင်း ၁၀၀ ကျော် ဖမ်းဆီးခံထားရ

    ထိုင်းမှာမြေမြှုပ်ခံထားရတဲ့အမျိုးသားတစ်ဦး အလောင်းတွေ့မှုနဲ့ မြန်မာရွှေ့ပြောင်း ၁၀၀ ကျော် ဖမ်းဆီးခံထားရ

    ဓာတ်ပုံ ရင်းမြစ်, အလုပ်သမားသံအရာရှိရုံး

    ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်မှာ မြေမြှုပ်ခံထားရတဲ့ထိုင်းအမျိုးသားတစ်ဦးအလောင်းတွေ့မှုနဲ့ ပတ်သက်ပြီး အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၉ ဦး ဖမ်းဆီးခံထားရပါတယ်။

    မလေးရှားကို သွားရောက်မယ့် အဲဒီမြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲမှာ ခရီးတစ်ထောက်နားချိန် အခုဖြစ်ရပ်မှာ သံသယနဲ့ ဖမ်းဆီး စုံစမ်းခံနေရတာဖြစ်ပါတယ်။

    ပွဲစားက ခဏနားခိုင်းတဲ့ ဂေါက်ကွင်းတစ်ခုထဲ အဲဒီရွှေ့ပြောင်းလုပ်သားတွေနားနေချိန် အသက် ၄၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးရောက်လာပြီးနောက် နားလည်မှုလွဲပြီး အဲဒီအမျိုးသားက သေနတ်ထုတ်ပြရာကနေ အဲဒီအမျိုးသားနဲ့ ရွှေ့ပြောင်းလုပ်တွေရုန်းရင်း ဆန်ခတ်အခြေအနေဖြစ်ခဲ့ပါတယ်။

    အဲဒီဖြစ်စဥ်အတွင်း လုပ်သားတွေဘက်က အဲဒီအမျိုးသားကို ကျောက်ခဲနဲ့ပစ်ပေါက်မှုဖြစ်စဉ်လည်း ရှိခဲ့တာကြောင့် ဒီအမျိုးသားအလောင်းကို တွေ့ချိန်မှာ လူသေဆုံးမှု သံသယနဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခုလို အဖမ်းခံရတာလို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိရုံးက ပြောပါတယ်။

    ဒီဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ဖြစ်ခဲ့ပေမဲ့ ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ဟာဒီဖြစ်စဥ်သံသယနဲ့ရော၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ပါ ဆုန်ခလာခရိုင်ရဲစခန်းမှာ ဖမ်းဆီးခံထားရဖြစ်ပါတယ်။

    မြန်မာအလုပ်သမားသံအရာရှိရုံးကတော့ ဖမ်းဆီးခံထားရသူ မြန်မာလုပ်သား ၁၀၀ ကျော်လို့ ဆိုထားပါတယ်။

    ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကိုထောင်၀င်စာပို့နေသူတဲ့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတာ့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သား ၃၀၀ ကျော်ရှိပြီး အဲဒီမြန်မာလုပ်သားတွေကို ရဲစခန်းတွေခွဲကာ ထိန်းသိမ်းဖမ်းဆီးထားတာဖြစ်ကြောင်း ပြောကြားထားပါတယ်။

  4. ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေ

  5. အာဏာသိမ်းအပြီး တိုက်ပွဲတွေအတွင်းကလေး ၃၈၂ ဦးသေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ပြော

    မြန်မာစစ်ကောင်စီဟာ ကလေးငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေပြီး ကလေးသူငယ် လူ့အခွင့်အရေးတွေကို အကွက်ချ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ အာဏာသိမ်းအပြီး တစ်နှစ်ခွဲတာ ကာလအတွင်း တိုက်ပွဲတွေအကြား အရွယ်မရောက်သေးသူ ကလေး ၃၈၂ ဦး သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကလေးငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးကို အကာအကွယ်ပေးဖို့အတွက် ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းညှိနှိုင်းပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ကြဖို့ အဲဒီအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂ သိန်း ၅ သောင်း ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ၁၄၀၀ ကျော်လောက် မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

    အသက် ၃ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရွယ်မရောက်သေးသူ အနည်းဆုံး ၆၁ ဦးကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက နှိပ်စက်ညှင်းပန်းခံခဲ့ရသူ ကလေးငယ် ၁၄၂ ဦး ရှိတယ်ဆိုတာကို ကုလသမဂ္ဂက အထောက်အထား တွေ့ရှိထားပါတယ်။

    မြန်မာနိုင်ငံမှာ ကလေးငယ်တွေဟာ တနေ့တခြား ပြင်းထန်လာနေတဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအကြား ထိမှန်သေဆုံး ဒဏ်ရာရကြတာမျိုးတင်မက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တမင် ပစ်မှတ်ထား တိုက်ခိုက်တာကို ခံနေရတယ် ဆိုတာကို အထောက်အထားတွေအရ ထင်ထင်ရှားရှား တွေ့နိုင်တယ်လို့ တွမ် အင်ဒရူးစ်က ပြောပါတယ်။

    “ကလေးငယ်တွေ ရိုက်နှက်ထိုးကြိတ်ခံရတာ၊ ဓားနဲ့ အထိုးခံရတာ၊ စီးကရက်မီးနဲ့ အတို့ခံရတာမျိုးတွေ၊ စစ်ဆေးမေးမြန်းနေချိန်မှာ လက်သည်းခွံတွေ ခွာ၊ သွားတွေ ရိုက်ချိုးပြီး ပြစ်မှုကျူးလွန်ကြောင်း အတင်းအဓမ္မ ထွက်ဆိုခိုင်းတာမျိုးတွေ ရှိတယ် ဆိုတာကို ကျွန်တော့်အစီရင်ခံစာအတွက် အချက်အလက် ရှာဖွေစုဆောင်းစဉ်အတွင်းက ရရှိခဲ့တဲ့ သတင်းတွေအရ သိခဲ့ရတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးအရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ပြောပါတယ်။

    “မြန်မာ ကလေးငယ်တွေရဲ့ အကျိုးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေ၊ လုံခြုံရေးကောင်စီနဲ့ တခြား ကုလသမဂ္ဂအဖွဲ့တွေအနေနဲ့ ယူကရိန်း ပဋိပက္ခအရေးမှာ အရေးတကြီး တုံ့ပြန်ခဲ့ကြသလိုမျိုး မြန်မာ့ပြဿနာအရေးကိုလည်း အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်သင့်တယ်” လို့ သူက ပြောပါတယ်။

    “စီးပွားရေးအရ ပိုတင်းကျပ်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီး ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်သင့်ပါတယ်။ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာတဲ့ အကူအညီတွေနဲ့ ဒေသဆိုင်ရာ အကူအညီတွေကို အကြီးအကျယ် တိုးမြှင့်ထောက်ပံ့ကြဖို့ ကုလသမဂ္ဂဝင် နိုင်ငံတွေကို တိုက်တွန်းလိုပါတယ်” လို့ တွမ် အင်ဒရူးစ်က ပြောပါတယ်။

    မြန်မာ၊ ကလေးသူငယ် အခွင့်အရေး၊ စစ်ကောင်စီ၊ ကုလသမဂ္ဂ

    ဓာတ်ပုံ ရင်းမြစ်, GETTY

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးကြရသူ ကလေးငယ်ပေါင်း ၂ သိန်း ၅ သောင်းကျော် ရှိတယ်လို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဆို
  6. ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျန်အဖွဲ့တွေကို စစ်ကောင်စီ ထပ်ကမ်းလှမ်း

    မြန်မာနိုင်ငံကို ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတယ်လို့ ပြောပြီး စစ်ကောင်စီက ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်သေးသူတွေ တက်ရောက်ကြဖို့ စစ်ကောင်စီက ဒီကနေ့ ထပ်ကမ်းလှမ်းကြောင်း ထုတ်ပြန်လာပါတယ်။

    အပစ်ရပ်လက်မှတ်ထိုးထားပြီးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ ဇွန်လ ၃၀ ရက် နောက်ဆုံးထား အကြောင်းပြန်ကြဖို့ အဲဒီကြေညာချက်က ဆိုပါတယ်။

    အခုလက်ရှိဆွေးနွေးမှုကို အပစ်ရပ်လက်မှတ် ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က တက်ရောက်မယ်လို့ အကြောင်းပြန်ထားပြီး အဲဒီအဖွဲ့တွေထဲက ၆ ဖွဲ့ရဲ့ကိုယ်စားလှယ်တွေကို တွေ့ဆုံထားတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီက အဲဒီတွေ့ဆုံမှုတွေကို မေလ တတိယပတ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

    စစ်ကောင်စီက အဲဒီလို ကမ်းလှမ်းနေပေမဲ့ ဒီဆွေးနွေးပွဲကို စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပီဒီအက်ဖ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့က တက်ရောက်ဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ တစ်ကြိမ် ဖိတ်ခေါ်ချိန်ကတည်းက ငြင်းဆိုထားကြတာတွေ ရှိပါတယ်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ ALP နဲ့ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, CINCDS

  7. သေဒဏ်စီရင်တာတွေရပ်ဖို့ မြန်မာစစ်တပ်ကို ကုလလူ့အခွင့်အရေးအကြီးအကဲ တိုက်တွန်း

    မြန်မာစစ်ကောင်စီက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကို ကျူးလွန်နိုင်ခြေရှိကြောင်းနဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေပေါ် အပါအဝင် စီစဉ်ထားတဲ့ သေဒဏ်စီရင်မှုတွေကို ရပ်ဖို့ အာဏာပိုင်တွေကို ကုလ လူ့အခွင့်အရေး ကော်မရှင်နာ မစ်ရှဲလ် ဘက်ချလက်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေချီ ရပ်နားထားပြီးနောက် အခုလို ပထမဆုံးအကြိမ်အဖြစ် သေဒဏ် ပြန်စီရင်မယ်ဆိုတာဟာ "အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ်” လို့ သူက ဆိုပါတယ်။

    ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ကို ရှောင်ကျဉ်ဖို့ စစ်တပ်က တာဝန်ရှိသူတွေကို သူ့အနေနဲ့ အရေးတကြီး တောင်းဆိုထားတယ်လို့လည်း ကုလလူ့အခွင့်အရေးကောင်စီမှာ သူက ပြောသွားပါတယ်။

    အာဏာသိမ်းပြီးနောက် အာဏာသိမ်းဆန့်ကျင်မှု လုပ်ဆောင်သူ ၁၀၀ ကျော်ကို စစ်ခုံရုံးက အကြမ်းဖက်မှု လိုပုဒ်မမျိုးတွေနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ထင်ရှားတဲ့ နိုင်ငံရေးသမားနှစ်ဦး ဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ သေဒဏ်ကိုအတည်ပြုလိုက်ပြီလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောခဲ့အပြီးမှာ သေဒဏ်စီရင်မှု အတည်ပြုချက်အပေါ် ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ဒါကို ဆက်မလုပ်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

    အတိုက်အခံတွေကို ကွပ်မျက်ဖို့ စီစဉ်နေတာကို ပြန်စဉ်းစားဖို့ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်ခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်တွန်းခဲ့သေးပေမဲ့ စစ်ကောင်စီကတော့ ဒီတိုက်တွန်းချက်ကို ငြင်းပယ်ထားပြီး သေဒဏ်စီရင်ရတဲ့အကြောင်းတွေကို ကမ္ဘောဒီးယားနိုင်ငံကို ရှင်းလင်းတင်ပြထားတယ်လို့ ဆိုပါတယ်။

    မစ်ရှဲ ဘက်ချလက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. စစ်ကိုင်းတိုင်းမှာ နေ့စဥ်ရက်မီးရှို့ခံနေရတာ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းရှာဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေမှာနေ့စဥ်ရက်ဆက်မီးရှို့ခံနေရတဲ့ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာပြီး ထိထိရောက်ရောက်ကာကွယ်ပေးဖို့ အမြန်ကြိုးစား ပေးစေလိုတယ်လို့ NUG ရဲ့ပြည်ထောင်စုဝန်ကြီးမန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

    စစ်ကိုင်း၊ မကွေးစတဲ့ ဒေသခတွေမှာ NUG အနေနဲ့ နယ်မြေထိန်းချုပ်စိုးမိုးဖို့ဖော်ဆောင်နေတာ အားကောင်း လာပေမယ့် မြေပြင်အဖွဲ့အစည်းတွေနဲ့အခုထက်ပိုပြီး အချိတ်အဆက်ရှိရှိလုပ်ဆောင်သွားနိုင်ဖို့လို နေသေး တာအမှန်ပဲဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ ၁၄ ရက်မှာလုပ်တဲ့ NUG ရဲ့ ၅၈ ကြိမ်မြောက်အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

    ဒါ့အပြင် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနေတဲ့ အညာဒေသ ပြည်သူတွေရဲ့ ဇွဲသတ္တိတွေဟာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ တော်လှန်ရေးကိုအင်အားဖြစ်စေတဲ့အတွက် ဂုဏ်ယူတယ်လို့လည်း အစည်းအဝေးတွင်းပြောဆိုချက်တွေကို NUG ကထုတ်ပြန်လာပါတယ်။

    အလားတူစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလိုပဲ ချင်းပြည်နယ်နဲ့ ကရင်နီဒေသရဲ့ သတင်းတွေကလည်း အားရစရာ ကောင်းတယ်လို့ ထည့်သွင်းပြောဆိုသွားတာကို အစည်းအဝေးထုတ်ပြန်ချက်တွေအရတွေ့ရပါတယ်။

    တခါ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းပေါင်း ၂၅၇ အထိရှိလာနေပြီး ချိတ်ဆက်ပါဝင်နေတဲ့ ဒေသတွင်း PDF လည်း ၅၀၀နီးပါးအထိရှိ လာနေပြီဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ဆိုပါတယ်။

    ဒါ့အပြင် လာမယ့် ၂၀၂၃ မှာ စစ်ကောင်စီကပြုလုပ်ဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိုလုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး၊ စစ်ရေး နှစ်ခုလုံး လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ချိန်ရောက်နေပြီလို့ ဒီကနေ့ အစည်းအဝေးမှာထည့်သွင်း ပြောဆိုသွားတာကိုတွေ့ရပါတယ်။

    ဒါ့အပြင် မြန်မာ့အရေးကို နိုင်ငံတကာက အသေးစိတ်သိမြင်နိုင်မှု အပိုင်းမှာ အားနည်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း နိုင်ငံတကာနဲ့တွေ့ဆုံနေတဲ့ ဝန်ကြီးတွေရဲ့ ပြောဆိုချက်အရသိရတဲ့အတွက် သတင်းအချက်အလက်တွေသိသင့်သူတွေဆီ မြန်မြန်ဆန်ဆန်ရောက်ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ဖို့ရှိတယ်လို့လည်း NUG ရဲ့အစည်းအဝေးထုတ်ပြန်ချက်အရသိရပါတယ်။

    စစ်ကိုင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ
  9. ကယားမှာ တိုက်ပွဲ ၄ ရက်ဆက်တိုက်ဖြစ်, ဖရူဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလက်နက်တွေသိမ်းဆည်းရမိကြောင်း KNDF ထုတ်ပြန်

    ကယား(ကရင်နီ)ပြည်နယ်ထဲမှာတော့ စစ်ကောင်စီနဲ့ ကရင်နီဒေသကာကွယ်ရေးတပ်တွေကြား အခုဇွန်လဆန်းပိုင်းကစပြီးတိုက်ပွဲတွေပြင်းထန်နေပြီး ဇွန်လ ၁၀ရက်နေ့ကနေ ဒီကနေ့ ၁၄ရက်အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KNDF ရဲ့စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

    ‘’ PDF နဲ့ KNDF ပူးပေါင်းတိုက်တာပါ။ တိုက်ပွဲကတော့နေ့စဥ်ရက်ဆက်ဖြစ်နေတယ်။ အခုလည်းပစ်နေတယ် လက်နက်ကြီးတွေနဲ့။ စစ်ကောင်စီက ကျေးရွာတွေနဲ့လမ်းမကြီး တကြောဘက်ကို စစ်ကြောင်းယူထားတယ်။ နယ်မြေရှင်းလင်းရေးလုပ်ချင်တဲ့ပုံစံလုပ်တော့ ခဏခဏထိတွေ့မှုရှိနေတယ်။ စစ်တပ်ဘက်က အင်အားချဲ့လာနိုင်တဲ့လှုပ်ရှားမှုတွေလည်းရှိနေတယ်’’ လို့ ဒီးမောဆို PDF ကတာဝန်ရှိသူကပြောပါတယ်။

    ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ဖရူဆိုမြို့နယ်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်ကလက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့အကြောင်း KNDF က ဒီကနေ့ဇွန်လ ၁၄ရက်မှာထုတ်ပြန်လာပါတယ်။ ကယားပြည်နယ်ထဲမှာတော့ အခုဇွန်လ အစောပိုင်းကစလို့ စစ်ကောင်စီနဲ့ကရင်နီဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေနေ့စဥ်လိုလိုဖြစ်နေတယ်လို့လည်း KNDF ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

    ဇွန်လ ၁၂ ရက်နေ့မှာတော့စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့နယ်ကနေ ဒီးမော့ဆို၊ လွိုင်ကော်ြမို့ဘက်ကိုစစ်ကြောင်းထိုးလာချိန်မှာပါ ကရင်နီပူးပေါင်းတပ်တွေက ဒေါညေးခူကျေးရွာနဲ့ ထီးပေါ်ဆိုကျေးရွာအနီးမှာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က ၉ ဦးထက်မနည်းကျဆုံးပြီး ကရင်နီပူးပေါင်းတပ်မှလက်နက်ငယ် (၈)လက် နဲ့ ခဲယမ်းတွေကိုသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေတပ်စွဲခဲ့တဲ့ ‌ဒေါညေးခူရွာနဲ့ ထီးပေါ်ဆိုရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကိုလည်း ဖောက်ထွင်းတာတွေ၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတစ်ကျောင်းကိုလည်း လက်နက်ပြီးတွေနဲ့ တိုက်ခိုက်ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့လည်း KNDF ကထုတ်ပြန်ထားပါတယ်။

    ကယား

    ဓာတ်ပုံ ရင်းမြစ်, KNDF

  10. ထီးချိုင့်က ရွာစဥ်ပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရ

    ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာတွေအတွင်းလှည့်လှည်ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထီးချိုင့်မြို့ အလယ်တောကျေးရွာအနီးမှာ ထီးချိုင့် ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့ ဇွန်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    လမ်းလျှောက်ချီတက်လာတဲ့ စစ်ကောင်စီတပ်သား ၄၀ကျော်လောက်ကိုထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးတယ်လို့လည်း ထီးချိုင့် ကာကွယ်ရေး အဖွဲ့ကထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ အနီးအနားမှာရှိတဲ့ အလယ်တောကျေးရွာအတွင်းကို ဝင်ရောက်ပြီး ရွာသားတချို့ကို ရိုက်နှက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ဒီမနက်လမ်းလျှောက်လာတဲ့အုပ်လိုက်ကြီးမိုင်းဆွဲခံရတာ၊ ၃ယောက်သေသွားတယ်။ မိုင်းဆွဲလဲခံရပြီးကော ရမ်းသမ်းပစ်တော့တာပဲ။ အခုအလယ်တောရွာထဲဝင်ပြီး ရွာသားတွေကိုဖမ်းတာတွေ ရိုက်တာတွေလုပ် နေတယ်။ အခုထိရွာထဲကမထွက်သေးဘူး။ အဲဒီရွာမှာပဲတပ်စွဲမယ်ထင်တယ်။ အဲဒီစစ်ကြောင်းက ရှေ့ရက် ကတည်းက ရွာတွေပတ်ပြီးသောင်းကျန်းနေတာကြာပြီ ‘’ လို့ အနီးအနားကျေးရွာက ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ အခု ဇွန်လအစောပိုင်းကတည်းက ထီးချိုင့်မြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်း တွေကနေ ဝင်ရောက်လာပြီး ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲတာတွေ ဒေသခံတွေကိုဖမ်းဆီးစစ်ဆေး တာတွေလုပ်နေတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    ထီးချိုင့်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလတုန်းက စစ်ကောင်စီ သင်္ဘော ၂ စင်းကို ဒေသကာကွယ်ရေးတပ်တွေမိုင်းဆွဲတိုက်ခိုက် (ပုံဟောင်း)
  11. မင်းတပ်မြို့တွင်း နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်ဖြစ်

    ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ CDF Mindat တို့ကြား တိုက်ပွဲ ၃ ကြိမ်အထိဆက်တိုက်ဖြစ်ခဲ့တယ်လို့ CDF မင်းတပ်ကထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မင်းတပ်မြို့နယ်အတွင်းက ပူကွန်ကျေးရွာမှာ တပ်စွဲထားပြီး မနေ့ညပိုင်းကလည်း ဒီရွာအနီးမှာနှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ CDF မင်းတပ်က တာဝန်ရှိသူကပြောပါတယ်။

    ဒီကနေ့မနက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ မင်းတပ်မြို့အတွင်းဝင်ရောက်လာတာဖြစ်ပြီး CDF မင်းတပ်ဘက်က မြို့အဝင်ဂိတ်မှာ ပစ်ခတ်ခဲ့ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း မင်းတပ်လဝကရုံးအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF မင်းတပ်ကထုတ်ပြန်ပါတယ်။

    အဲဒီနောက် မနက် ၉နာရီလောက်မှာ တိုက်ပွဲတွေဆက်ဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်းအများအပြားရှိတယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။

    ‘’ ကျွန်တော်တို့က ထုတ်ပြန်ထားပြီးသားပါ။ စစ်ကောင်စီရဲ့ ယန္တယားလည်ပတ်မှုကိုဟန့်တားမှာ ကျောင်းဖွင့်ဖို့ကြိုးစားတာတွေရော၊ ထိုးစစ်ဆင်တာတွေရောကို တန်ပြန်တိုက်စစ်ဆင်တဲ့သဘောပါ ‘’ လို့ CDF မင်းတပ်က တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်တွေဘက်က အထိနာတာကြောင့် မင်းတပ် (၂၇၄) နဲ့ ကျောက်ထုအမြှောက်တပ်တွေဘက်က လက်နက်ကြီးနဲ့ ၉ ချက်လောက်ပစ်ခတ်ခဲ့ပြီး အဲဒီထဲက လက်နက်ကြီး ၂လုံးဟာ ဘောင်ထဲ ကျေးရွာအနီးက တောင်ယာတွေတဝိုက်ကို ကျရောက်ခဲ့တာကြောင့် အပျက်အစီးတွေဆက်လက်စုံစမ်းနေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိမှာတော့ မင်းတပ်မြို့ကဒေသခံတချို့ဟာ ဘေးလွတ်ရာနေရာတွေနဲ့ စစ်ရှောင်စခန်းတွေဆီကို တိမ်းရှောင်နေကြတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီဘက်က တော့ ဒီကနေ့မင်းတပ်မြို့တွင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    မင်းတပ်

    ဓာတ်ပုံ ရင်းမြစ်, CDF မင်းတပ် (ပုံဟောင်း)

  12. ရန်ကုန်သပိတ်အဖွဲ့ဝင်လူငယ်တချို့ဖမ်းဆီးခံရ, စစ်ကောင်စီက အသွင်ယူဖမ်းဆီးတာတွေဆက်လုပ်နေတယ်လို့ သပိတ်အဖွဲ့တွေပြော

    ရန်ကုန်မြို့ စမ်းချောင်း၊ကြည့်မြင်တိုင်အပါအဝင်မြို့နယ်တချို့က သပိတ်အဖွဲ့ဝင်လူငယ်တချို့ မနေ့ ဇွန်လ၁၃ရက်ညပိုင်းကဖမ်းဆီးခံရတာတွေရှိတယ်လို့ သပိတ်အဖွဲ့တွေက ထုတ်ပြန်လာပါတယ်။

    မနေ့ညပိုင်းက ဧည့်စာရင်းစစ်ဆေးတာကိုအကြောင်းပြပြီး သပိတ်အဖွဲ့ဝင်လူငယ်တချို့ဖမ်းဆီး ခံလိုက်ရတာလို့လည်း ကြည့်မြင့်တိုင်သပိတ်စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

    ‘’ဧည့်စာရင်းစစ်တယ်ဆိုပြီးဖမ်းတယ်လို့ကြားထားရပါတယ်။ နောက်ဖေးလမ်းကြားတွေအထိဝင်ဖမ်းတာ တွေလည်းကြားထားပါတယ်။ လောလောဆယ် သတင်းရထားတာတော့ ၂ယောက်ပါ။ ထပ်အဖမ်းခံရတာ တွေလည်းရှိသေးတော့ အတည်ပြုလို့မရနိုင်သေးဘူး’’ လို့ ရန်ကုန်သပိတ်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    အခုလိုသပိတ်အဖွဲ့ဝင်တွေဖမ်းဆီးခံရတာကြောင့် ရန်ကုန်မြေပြင်သပိတ်လှုပ်ရှားသူတွေ အချင်းချင်း သတိထားဖို့ သတိပေးထုတ်ပြန်တာတွေအပြင် ပြည်သူတွေလည်း ကူညီပေးဖို့သပိတ်အဖွဲ့တွေက ထုတ်ပြန်နေတာကိုတွေ့ရပါတယ်။

    မနေ့ကညပိုင်း စမ်းချောင်းနဲ့ ကြည့်မြင်တိုင်အပါအဝင် မြို့နယ့်အချို့က သပိတ်ကော်မတီဝင်တွေ ဖမ်းဆီးခံရသူ စုစုပေါင်းတိတိကျကျကိုတော့ စာရင်းဆက်လက်ပြုစုနေတာကြောင့် စုစုပေါင်းအရေ အတွက်ကို မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း သပိတ်အဖွဲ့တွေကို ပိုပြီး တင်းကျပ်ဖမ်းဆီးတာမျိုးအပြင် အသွင်တူ ယူပြီးဖမ်းဆီးတာတွေကိုလည်း အခုနောက်ပိုင်းလုပ်လာတယ်လို့ သပိတ်အဖွဲ့တွေဘက်က ပြောကြပါတယ်။

    ‘’ဖမ်းတာတော့အရင်ထက်ပိုဖမ်းလာတယ်။ အခုနောက်ပိုင်းဆိုသူတို့ကနည်းလမ်းအသစ်တွေပါ သုံးလာတယ်။ အစပိုင်းမှာ အလှူငွေကိုယုံကြည်အောင် လှူပြပြီးနောက်ပိုင်းလူချင်း တွေ့ပြီးလှူမယ်ပြောပြီး အသွင်ယူဖမ်းတာတွေပါလုပ်လာတယ်။ ကျွန်မတို့ကတော့ ဖမ်းဆီးမှုတွေဆက်ရှိနေလည်း စစ်အာဏာရှင်မပြုတ်ကျမချင်းဆက်ပြီး သပိတ်တွေထွက်နေမှာပါ’’ လို့ အထွေထွေသပိတ်ကော်မတီ GSC အဖွဲ့ကတာဝန်ရှိသူကလည်း ဘီဘီစီကိုပြောပါတယ်။

    သပိတ်အဖွဲ့တွေအနေနဲ့လည်း ဖမ်းဆီးတင်းကျပ်မှုတွေကြားကနေပဲ သပိတ်စစ်ကြောင်းထွက်တာတွေ၊ စစ်ဆေးတင်းကျပ်ထားတဲ့နေရာတွေမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ စာသားတွေပါတဲ့ စာတမ်းတွေချိတ်ဆွဲတာတွေ လည်း ဆက်တိုက်ထုတ်ပြန်လုပ်ဆောင်နေပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေပေါ်ပေါက်လာခဲ့ပြီး တနှစ်ကျော်ကြာတဲ့အထိ ရန်ကုန်အပါအဝင်နယ်မြို့တွေမှာ သပိတ်စစ်ကြောင်းတွေနေ့စဥ်ရက်ဆက်ဆိုသလိုဆက်ရှိနေပါတယ်။

    ရန်ကုန်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, GSC

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်မှာလုပ်ခဲ့တဲ့သပိတ်စစ်ကြောင်းတစ်ခု(ပုံဟောင်း)
  13. ရေငုပ်သင်္ဘော ရခိုင်ပင်လယ်ပြင်အတွင်း နေရာချထားမှု စစ်ရေးပြင်ဆင်တာလို့ အေအေပြော

    စစ်ပွဲတွေရပ်နားထားတဲ့ကာလမှာ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်း စစ်ရေးတိုးမြှင့်တာတွေအပြင် ရေငုပ်သင်္ဘောတွေကိုပါ ရခိုင်ပင်လယ်ပြင်အတွင်း နေရာချထားမှုတွေပြုလုပ်လာနေတာဟာ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖော်ဆောင်ဖို့အတွက် ပြင်ဆင်လာတာဖြစ်တယ်လို့ ULA/AA ပြောခွင့်ရသူ ီးခိုင်သုခက ‌ပြောပါတယ်။

    ULA/AA ရဲ့ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက် ဒီကနေ့မနက် ၁၀ နာရီကစလို့ ကျင်းပပြုလုပ်နေပြီး သတင်းစာရှင်းလင်းပွဲ အဖွင့်မှာ ီးခိုင်သုခက အခုလိုပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက၊ သံဇစ်မြစ်အတွင်းမှာ စစ်ကောင်စီရဲ့ရေငုပ်သင်္ဘော တစ်စင်း မေလ ၃၁ရက်နေ့မှာ ခုတ်မောင်းနေတာကို ‌ကျောက်ဖြူဒေသခံတွေမျက်မြင်တွေ့ရှိခဲ့ကြပါတယ်။

    ရေငုပ်သင်္ဘောသွားတဲ့ လမ်းကြောင်းက မြဒေး (မဒေး) ကျွန်းဘက်ကိုသွားတဲ့ မြစ်ကြောင်းဖြစ်ပြီး မြဒေးကျွန်းရဲ့ အရှေ့ဘက်မှာတော့ အုန်းဂျွိန်လို့ခေါ်တဲ့ ကျွန်းမှာစစ်ကောင်စီက ရေငုပ်သင်္ဘောဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတားတစ်ခုတည်ဆောက်နေတာရှိပြီး အဲ့ဒီနေရာကိုလာရောက်တာဖြစ်နိုင်တယ်လို့ ကျောက်ဖြူမြို့ခံ တွေဘက်က သုံးသပ်ပြောဆိုခဲ့တာလည်း ရှိပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ULA/AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့အစိုးရက ကျင့်သုံးနေတဲ့ တရားရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို စစ်ကောင်စီဘက်က အနှောင့်အယှက်ပြုုလုပ်နေသလို စစ်ရေးပြင်ဆင်မှုတွေလည်း တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲအဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

    ဒါ့ကြောင့် ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်တပ်တွေအကြား တင်းမာမှုတွေရှိနေတဲ့အချိန်မှာ စစ်ကောင်စီတပ်ရင်းတပ်စခန်းတွေရှိတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းထောင်တာတွေကိုပြုလုပ်နေတဲ့အတွက် မကြာခဏမိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေကြရတာလည်းရှိပါတယ်။

    စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတာဟာ တကယ်လို့တိုက်ပွဲတွေဖြစ်ပွားလာခဲ့လို့ရှိရင်လည်း ယခင်ကနဲ့မတူဘဲ အင်နဲ့အားနဲ့တိုက်ခိုက်ဖို့အတွက် အခုလိုပြင်ဆင်နေတာဖြစ်တယ်လို့ အေအေဘက်က ရှုမြင်ကြောင်း ဦးခိုင်သုခက ပြောဆိုပါတယ်။

    စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတာဟာ တကယ်လို့တိုက်ပွဲတွေဖြစ်ပွားလာခဲ့လို့ရှိရင်လည်း ယခင်ကနဲ့မတူဘဲ အင်နဲ့အားနဲ့တိုက်ခိုက်ဖို့အတွက် အခုလိုပြင်ဆင်နေတာဖြစ်တယ်လို့ အေအေဘက်က ရှုမြင်

    ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုး စစ်ရေးပြင်ဆင်မှုတွေပြုလုပ်လာနေတာဟာ တကယ်လို့တိုက်ပွဲတွေဖြစ်ပွားလာခဲ့လို့ရှိရင်လည်း ယခင်ကနဲ့မတူဘဲ အင်နဲ့အားနဲ့တိုက်ခိုက်ဖို့အတွက် အခုလိုပြင်ဆင်နေတာဖြစ်တယ်လို့ အေအေဘက်က ရှုမြင်

    ဓာတ်ပုံ ပုံစာ, တပ်မတော်သတင်းမှန်ပြန်ကြားရေး
  14. ပုလောမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်သူတွေထပ်တိုးလာနေ

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဇွန်လ ၁၃ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဂျက်ဂါ၊ မှော်မိ၊ ကျောင်းနိမ့်ရွာတွေက ဒေသခံရာချီဟာ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်လို့ စစ်ရှောင်တွေအရေး အကူအညီပေးသူက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းဒွတ်၊ ကျောက်လိပ်၊ အမ်းမဝကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ဇွန်လ ၁၀ ရက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ မင်းဝင်ကျေးရွာအနီးမှာ ဇွန်လ ၁၁ ရက်တုန်းက ဖြစ်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀ နီးပါးလည်း ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတာပါ။

    တစ်ချိန်တည်းမှာပဲ ပုလောမြို့နယ်အတွင်းမှာ တစ်နှစ်အတွင်း စစ်ရှောင် ၁၅၀၀ နီးပါးအထိရှိလာတယ်လို့ ဒေသခံ စစ်ရှောင်အကူအညီပေးသူတွေက ပြောပါတယ်။

    အခုတိုက်ပွဲဖြစ်တဲ့ ပုလောမြို့နယ် အရှေ့ဘက်ခြမ်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အဲဒီမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ရိက္ခာသယ်ယူမှုကို စစ်ကောင်စီဘက်က ကန့်သတ်ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

    ပုလောမြို့နယ်အတွင်းမှာ တစ်နှစ်အတွင်း စစ်ရှောင် ၁၅၀၀ နီးပါးအထိရှိလာတယ်လို့ ဒေသခံ စစ်ရှောင်အကူအညီပေးသူတွေက ပြောပါတယ်။
    ဓာတ်ပုံ ပုံစာ, ပုလောမြို့နယ်အတွင်းမှာ တစ်နှစ်အတွင်း စစ်ရှောင် ၁၅၀၀ နီးပါးအထိရှိလာတယ်လို့ ဒေသခံ စစ်ရှောင်အကူအညီပေးသူတွေက ပြောပါတယ်။
  15. PDF တွေလက်နက်အပ်ဖို့နဲ့ PDF တွေကိုတွေ့ရင်သတင်းပေးဖို့စစ်ကောင်စီ တပြိုင်တည်းကြေညာနေ

    စစ်အာဏာသိမ်းတာကိုဆန့်ကျင်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ မြို့ပြပြောက်ကျားတွေ၊ ဒေသကာကွယ်ရေး PDF တွေ နဲ့ပတ်သက်တဲ့သတင်းတွေပေးဖို့နဲ့၊ အဲလိုသတင်းပေးသူတွေကို ဆုပေးမယ်ဆိုပြီး စစ်ကောင်စီရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့ဇွန်လ ၁၃ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်လာပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG, CRPH တို့ ကဖွဲ့စည်း ထားတဲ့ PDF အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယားတွေကို ပျက်ပြားစေဖို့ အစိုးရရုံးတွေနဲ့စာသင်ကျောင်းတွေကိုတိုက်ခိုက်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စာသင်ကျောင်းတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စစ်ကောင်စီဘက်က စွပ်စွဲချက်ကိုတော့ NUG, CRPH နဲ့ PDF အဖွဲ့တွေက လုံးဝကန့်ကွက်ပြောဆိုထားပြီး၊ အရပ်သားပစ်မှတ်တွေကို လုံးဝ မတိုက်ခိုက်ဘူးလို့လည်း အဖွဲ့တွေဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

    တဖက်မှာလည်း PDF အဖွဲ့တွေ စစ်ကောင်စီနဲ့ပူးပေါင်းဖို့ စစ်ကောင်စီရဲ့သတ်မှတ်ချက်တွေနဲ့ အညီလက်နက်ပြန်အပ်ဖို့ ကိုလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေမှာ ဆက်တိုက်ဆိုသလို ထုတ်ပြန်နေပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလဆန်းမှာတော့ ဖက်ဒရယ်တပ်မတော်ကို တည်ထောင်ဖို့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ဆွေး‌နွေးညှိနှိုင်းမှု ရှေ့ပြေးအဖြစ် ပြည့်သူ့ တပ်မတော် (People Defence Force) ကို စတင်တည်ထောင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကကြေညာခဲ့ပါတယ်။

    လက်ရှိ နိုင်ငံတဝန်းမှာ ဒေသကာကွယ်ရေး PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ဖွဲ့နဲ့ မြို့နယ်အခြေပြု ပြည့်သူကာကွယ်ရေး (ပကဖ)အဖွဲ့ တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ် တကျဖွဲ့စည်းထားနိုင်တယ်လို့လည်း ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ PDF ထူ‌ထောင်ခြင်းတနှစ်ပြည့် မှာ NUG ကထုတ်ပြန်ထားပါတယ်။

    အဲဒီလိုဖွဲ့စည်းထားတဲ့အဖွဲ့တွေအပြင် NUG နဲ့ တစ်စိပ်တပိုင်း ပူးပေါင်းလုပ်ဆောင်နေတဲ့ ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများစုလည်းရှိသေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိရပါတယ်။

    PDF

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ်ထဲက ပီဒီအက်ဖ် တပ်ရင်းတစ်ခု
    PDF

    ဓာတ်ပုံ ရင်းမြစ်, Getty

    ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ်မှာ လေ့ကျင့်နေတဲ့ ပီဒီအက်ဖ် တပ်ရင်းတစ်ရင်း

    ဒါ့အပြင် ၁၁လတာကာလအတွင်း စစ်ကောင်စီတပ်သား ၁၃၀၀၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄၀၀၀ ကျော်အထိရှိတယ်လို့ လည်း NUG ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

    စစ်ကောင်စီဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိမှု ရှိမရှိနဲ့ အရေအတွက် အစရှိတာတွေကို တိတိကျကျ သတင်းထုတ်ပြန်ထားတာမျိုးတော့ မရှိပါဘူး။

    စစ်ကောင်စီဘက်ကလည်း ဒေသကာကွယ်ရေးတပ်တွေမှာ ပါဝင်သူတွေကိုဖမ်းဆီးတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေအပြင် PDF တပ်ဖွဲ့တွေကို ထောက်ပံ့သူတွေကို ဖမ်းဆီးတာတွေကိုပါ အာဏာသိမ်းပြီးကစလို့ ဒီကနေ့အချိန်အထိကို ဆက်တိုက်လုပ်နေနေတယ်။

    လက်ရှိမှာလည်း နိုင်ငံတဝန်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း PDF တွေ လက်နက်အပ်ဖို့နဲ့ PDF တွေအကြောင်း သတင်းပေးတိုင်ကြားဖို့ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေကနေ ဆက်တိုက်ဆိုသလို ထုတ်ပြန်နေပါတယ်။

  16. သတင်းထောက် ဦးအောင်စံလင်းကို အမှုနှစ်ခုနဲ့ စွဲချက်တင်၊ ဇွန်လ ၂၁ ရက်နေ့ ထပ်မံရုံးချိန်း, ‌ဇွန်လ ၆ ရက်နေ့က ရုံးချိန်မှာ ဦးအောင်စံလင်းကို စစ်ဆေးခဲ့

    ဦးအောင်စံလင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဦးအောင်စံလင်း

    DVB သတင်းထောက် ဦးအောင်စံလင်းကို မမှန်သတင်းဖြန့်ဝေမှု အတွက် ပုဒ်မ ၅၀၅ -က (ခ) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ (က) တို့အရ ဇွန်လ ၆ ရက်နေ့က ဝက်လက်မြို့နယ် တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။

    သူ့အမှု အတွက် တရားလိုတွေ အားလုံးကို စစ်ပြီးတဲ့နောက် ဦးအောင်စံလင်းကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ရုံးချိန်မှာ စစ်ဆေးပြီး စွဲချက်တင်လိုက်တာ ဖြစ်တယ်လို့ တရားရုံး အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ရုံးချိန်းကို တော့ ဘယ်သူမှ ရောက်မလာကြဘဲ နောက်ရုံးချိန်း အတွက်သာ ပြန်ချိန်းလိုက်တယ်လို့လည်း တရားရုံး အသိုင်းအဝိုင်းက ပြောပါတယ်။

    ဦးအောင်စံလင်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်ကစစ်ကောင်စီ တပ်ဖွဲ့တွေက ဝက်လက်မြို့နယ် ပင်းစင်းရွာက သူ့နေအိမ်ကနေ ဖမ်းဆီးသွားပြီး နောက် ဇန်နဝါရီ လ ၁၃ ရက်က ရွှေဘို အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။

    စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် သက်ဆိုင်ရာ တရားသူကြီးတွေက ရွှေဘိုအကျဉ်းထောင်ကို လာရောက် အမှုစစ်ဆေးဖို့ လုံခြုံရေး အန္တရာယ်ကြောင့် အခက်အခဲရှိတဲ့ အတွက် ရုံးမထုတ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဦးအောင်စံလင်းကို ရွှေဘိုထောင်ကနေ ဝက်လက်မြို့ ရဲစခန်းကို ဧပြီလ ၂၅ ရက်နေ့က ခေါ်လာခဲ့ပြီး ရဲစခန်း အချုပ်မှာ ထားတယ်လို့ သူ့မိသားစုက ပြောပါတယ်။

    ဧပြီလ ၂၈ ရက်နေ့က သူ့ကို ပထမဆုံး အကြိမ် ရုံးထုတ်ပြီး ပုဒ်မ ၅၀၅ -က (ခ)၊ ပုဒ်မ ၅၂ က၊ ပုဒ်မ ၅၂ ခ တို့နဲ့ တရားစွဲဆိုခဲ့တယ်လို့ လည်း မိသားစုက ပြောပါတယ်။

    ဇွန်လ ၆ ရက်နေ့က ဦးအောင်စံလင်းကို စစ်ဆေးမေးမြန်းပြီး ပုဒ်မ ၅၂ ခ ကို ဖြုတ်လိုက်တဲ့အတွက် လောလောဆယ် ဦးအောင်စံလင်း ရင်ဆိုင်နေရတဲ့ အမှုက နှစ်ခု ဖြစ်ပါတယ်။

  17. ခိုးဆိုးလုယက်နေသူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုတန်ပြန်ကာကွယ်နိုင်ခွင့်ရှိနေလဲ

  18. စစ်ကိုင်း၊ ရွှေမင်းဝံရပ်ကွက်က သတင်းထောက်ဟောင်းတစ်ဦးဖမ်းဆီးခံရ

    ကိုရဲနိုင်ဆွေဖေ့ဘုတ်စ်

    ဓာတ်ပုံ ရင်းမြစ်, ကိုရဲနိုင်ဆွေဖေ့ဘုတ်စ်

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်း၊ ရွှေမင်းဝံရပ်ကွက်က သတင်းထောက်ဟောင်းတစ်ဦးဖမ်းဆီးခံရ

    မနေ့ဇွန် ၁၂ရက်၊ ညနေပိုင်းမှာ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်မှာနေထိုင်တဲ့ သတင်းထောက်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးရဲနိုင်ဆွေကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှတ် (၁)ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

    ဦးရဲနိုင်ဆွေကို ဘာကြောင့်ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောကြပါတယ်။

    " စစ်ကိုင်းတိုင်းက သူတို့ဆန့်ကျင်တဲ့ သတင်းသမား မှန်သမျှ၊ သတင်းလုပ်ငန်း လုပ်လုပ် မလုပ်လုပ် အကုန်ဖမ်းမဲ့သဘောပဲ သက်သက်တမင်နှိပ်ကွပ်နေတာ။ အသက် ၈၀ ဝန်းကျင်ရှိတဲ့ ဦးကြည်အောင်တုန်းကလည်းဒီလိုပဲ။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စ။ စစ်ကိုင်းမှာ အရင်က သတင်းလုပ်ငန်းလုပ်သူမှန်သမျှ မထင်ရင် မထင်သလို လုပ်နေတာ"လို့ ကိုရဲနိုင်ဆွေ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

    ဖမ်းဆီးခံရတဲ့ ကိုရဲနိုင်ဆွေအတွက် မိသားစုဝင်နဲ့ ရပ်ကွက်လူကြီးတွေ ရဲစခန်းလိုက်သွားပေမယ့် တွေ့ခွင့်မရဘူးလို့ သိရပါတယ်။

    စစ်ကိုင်းမြို့မှာ သတင်းထောက်၊ သတင်းလုပ်ငန်း ပက်သက်သူတွေကို ဖမ်းဆီးတာ လေးယောက်ရှိပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၃၀ရက်နေ့မှာ သတင်းထောက်ဟောင်း အသက်(၈၀)ဝန်းကျင် ဦးကြည်အောင်လဲ အဖမ်းခံရပါတယ်။ စစ်ကိုင်းမြို့ အမှတ်(၁)ရဲစခန်းမှာ အဖမ်းခံနေရတာဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနဲ့အဆက်သွယ် မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

    ဒါ့အပြင်ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဇေယျာတိုင်းမ်က သတင်းထောက် ဒီမြတ်ငြိမ်းနဲ့ ပြည့်ဖြိုးအောင်တို့လဲ အဖမ်းခံရပြီး ၅၀၅(က)နဲ့ ထောင်ဒဏ်နှစ်နှစ်ဆီချမှတ်ခံရပြီး ကိုဒီမြတ်ငြိမ်းကို အကြမ်းဖက်ပုဒ်မနဲ့ပါ တရားစွဲခံရတယ်လို့ သိရပါတယ်။

  19. ALP ဒုဥက္ကဋ္ဌနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့တွေ့ဆုံ

    ALP ဒုဥက္ကဋ္ဌနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဒေ်စောမြရာဇာလင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ နေပြည်တော်မှာ တွေ့ဆုံထားပါတယ်။

    ALP ဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(အန်စီအေ)မှာ လက်မှတ်ထိုးထားသလို စစ်ကောင်စီ‌ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။

    ဒီ့မတိုင်ခင်တုန်းကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ့် ALP ဟာ ရခိုင်ပြည်နယ်နဲ့ရခိုင်လူမျိုးကို ကိုယ်စားပြုတာ မဟုတ်တဲ့အတွက် ကန့်ကွတ်ရှုတ်ချတယ်ဆိုပြီး ရခိုင်လူငယ်အဖွဲ့ ၂၀ ကျော်က ပြီးခဲ့တဲ့လတုန်းက စာထုတ်ပြန်ခဲ့ပါတယ်။

    ရခိုင်ပြည်လွတ်မြောက်ရေးပါတီနဲ့ သူ့ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ဟာ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာနယ်စပ်တလျှောက်မှာရော ထိုင်းနဲ့မြန်မာနယ်စပ်မှာပါ လှုပ်ရှားနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ရခိုင်အမျိုးသားရေးအတွက် လက်နက်ကိုင်လှုပ်ရှားလာခဲ့တာ နှစ်ပေါင်း ၅၀ နီးပါး ရှိနေပါပြီ။

    အထူးသဖြင့် ပလက်ဝ၊ ကျောက်တော် မြို့တို့နဲ့ မနီးမဝေးမှာ လှုပ်ရှားနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    အဲဒီ အဖွဲ့ကို ၁၉၇၀ ပြည့်လွန် နှစ်တွေတုန်းက ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံနယ်မြေတစ်ခုဖြစ်တဲ့ကော်မူးရာမှာ အဲဒီအချိန်က ပါတီ ဥက္ကဋ္ဌ ဦးခိုင်မိုးလင်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။

  20. ပုလောအရှေ့ဘက်ခြမ်းက တိုက်ပွဲတွေကြောင့် စစ်ရှောင် ရာချီရှိလာ

    ပုလောမြို့နယ်ထဲက ကျောင်းနိမ့်ကျေးရွာမှာ ဒီနေ့ ဇွန်လ ၁၃ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်

    ဓာတ်ပုံ ရင်းမြစ်, ပုလောသွေးချင်းညီအစ်ကိုများအင်အားစု

    ဓာတ်ပုံ ပုံစာ, ပုလောမြို့နယ်ထဲက ကျောင်းနိမ့်ကျေးရွာမှာ ဒီနေ့ ဇွန်လ ၁၃ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲဖြစ်

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အရှေ့ဘက်ခြမ်းမှာစစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအင်အားစုတွေကြားက တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ရှောင်ဖြစ်လာတဲ့ဒေသခံ ရာနဲ့ချီရှိလာတယ်လို့ သိရပါတယ်။

    ရှမ်းဒွတ်၊ ကျောက်လိပ်၊ အမ်းမဝကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား ဇွန်လ ၁၀ ရက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ မင်းဝင်ကျေးရွာအနီးမှာ ဇွန်လ ၁၁ ရက်တုန်းက ဖြစ်တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတာပါ။

    ဒါ့ပြင် ဒီနေ့ ဇွန်လ ၁၃ ရက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဂျက်ဂါ၊ မှော်မိ၊ ကျောင်းနိမ့်ရွာတွေက ဒေသခံရာချီဟာ ဘေးလွတ်ရာ ထပ်မံပြောင်းရွှေ့ခဲ့ရပြန်တယ်လို့ စစ်ရှောင်တွေအရေး အကူအညီပေးသူက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ပုလောမြို့နယ်အတွင်းမှာ တစ်နှစ်အတွင်း စစ်ရှောင် ၁၅၀၀ နီးပါးအထိရှိလာတယ်လို့ ဒေသခံ စစ်ရှောင်အကူအညီပေးသူတွေက ပြောပါတယ်။

    အခုတိုက်ပွဲဖြစ်တဲ့ ပုလောမြို့နယ် အရှေ့ဘက်ခြမ်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အဲဒီမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ရိက္ခာသယ်ယူမှုကို စစ်ကောင်စီဘက်က ကန့်သတ်ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ြပပါတယ်။