ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖားကန့်၊ ဟုမ္မလင်းနဲ့ ခန္တီးမြို့တွေမှာ ရေကြီးမှုဖြစ်ပွား

    ဖားကန့် CJ

    ဓာတ်ပုံ ရင်းမြစ်, ဖားကန့် CJ

    ဓာတ်ပုံ ပုံစာ, ဖားကန့်၊ ဟုမ္မလင်းနဲ့ ခန္တီးမြို့တွေမှာ ရေကြီးမှုဖြစ်ပွား

    ဒီကနေ့ ‌ဇွန် ၁၃ရက်မှာ ဥရုချောင်းရေတက်တာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်းမြို့နယ်က ကျေးရွာတချို့မှာ ရေတက်နေပြီး လမ်းမနဲ့ တံတားတချို့ ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ဒါ့အပြင် ချင်းတွင်းမြစ်အစပ်မှာရှိတဲ့ ခန္တီးမြို့နယ်ထဲက မိုင်းနောင်ရွာဘက်မှာလည်း ရေတက်နေတယ်လို့ ဒေသခံတွေကသိရပြီး စိုးရိမ်စရာအခြေအနေမရှိသေးဘူးလို့ ပြောကြပါတယ်။

    မနေ့ ဇွန် ၁၂ရက်မှာလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရပ်ကွက်တချို့သာမက ကျေးရွာတွေဘက်မှာပါ ရေကြီးခဲ့တယ်လို့ သိရပါတယ်။

    "မနေ့ညက ရေတအားတက်လာတယ်၊ ဒီနေ့မနက်တော့ ရေပြန်ကျပြီ။ ဒါပေမဲ့ တချို့ရပ်ကွက်တွေ အနိမ့်ပိုင်းတွေကတော့ ရေကျန်နေတုန်းပဲ" လို့ ဖားကန့်မြို့နေ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဖားကန့်မြို့က ရပ်ကွက်တချို့မှာ ရေကြီးနေဆဲဖြစ်တာကြောင့် ထမင်းထုပ်တွေလိုအပ်နေပြီး ပြည်သူအချင်းချင်းကူညီပေးဝေနေကြတယ်လို့လည်း သိရပါတယ်။

    ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အ‌ရှေ့ပိုင်းတို့မှာ မိုးပိုလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေခန့်မှန်းထားကြပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

  2. CDF ကန်ပက်လက်နဲ့ စစ်ကောင်စီအကြားတိုက်ပွဲဆက်ဖြစ်ပွား

    CDF kanpatlet

    ဓာတ်ပုံ ရင်းမြစ်, CDF Kanpatlet

    ဓာတ်ပုံ ပုံစာ, CDF ကန်ပက်လက်နဲ့ စစ်ကောင်စီအကြားတိုက်ပွဲဆက်ဖြစ်ပွား (ပုံဟောင်း)

    ဒီကနေ့ ဇွန် ၁၃ရက်မနက်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက အံပုံရွာနဲ့ လက်မွန်ရွာကြားမှာ နှစ်ဖက်တိုက်ခိုက်မှုဆက်ဖြစ်ပွားခဲ့တယ်လို့ ‌မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    မနေ့ ဇွန် ၁၂ရက်တုန်းက CDF ကန်ပက်လက်ရဲ့ vakak တပ်ရင်း၊ ကျော့တော်နဲ့ အံပုံရွာဘက်တွေမှာ စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲ တနေကုန်နီးပါးဖြစ်ခဲ့တယ်လို့လည်း CDF ကန်ပက်လက် ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် CDF ကန်ပက်လက်ရဲ့vakak တပ်ရင်းကစခန်းတွေကိုလည်း စစ်ကောင်စီကနေမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒီကျေးရွာဘက်ကတိုက်ပွဲဘက်ကို ကန်ပက်လက်မြို့ပေါ်ကစစ်ကောင်စီတပ်တွေ တပ်ကူမပေးနိုင်ဖို့ရည်ရွယ်ပြီး မြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်နဲ့ချီသေဆုံးနိုင်တယ်လို့ဆိုထားပေမဲ့ ဘီဘီစီဘက်ကတော့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။ အခုဇွန်လဆန်းပိုင်းကစပြီး ကန်ပက်လက်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေခဲ့တာကြောင့် အဲ့ဒီဒေသတဝိုက်က ကျေးရွာ ၁၁ရွာထက်မနည်း စစ်ဘေးရှောင်နေကြရပြီလို့ သိရပါတယ်။

  3. ဝက်လက်နယ်၊ ရှိမ်းမကားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်, ရွာအနီးတိုက်ပွဲမှာ စစ်တပ် ရဟတ်ယာဥ်သုံး ပစ်ခတ်

    ဝက်လက်နယ်၊ ရှိမ်းမကားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တိုက်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မနေ့ ဇွန်လ ၁၂ ရက်မှာ ဝင်ရောက်တိုက်ခိုက်တယ်လို့သိရပါတယ်။

    ရှိမ္မကားရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ဆယ်ချီကို နယ်မြေခံ ဒေသကာကွယ်ရေး အင်အားစုတွေက ဝိုင်းတိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    ‘’ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီရဲစခန်းကို ဝိုင်းထားတာ။ သူတို့မှာထွက်ပေါက်ဆိုလို့ ဧရာဝတီမြစ်ထဲ ရေကြောင်းတစ်ကြောင်းပဲ ထွက်နိုင်ဖို့ရှိတယ်။ ဒေသအင်အားစုတွေက လက်လုပ်လက်နက်တွေနဲ့ ပစ်ပေမဲ့ သူတို့ဘက်က ပြန်ပစ်တာမရှိခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ လာကူပစ်ပေးသွားတာ’’လို့ ဒီအခြေအနေကို သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

    ရှိမ်းမကားရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီက စစ်ရဟတ်ယာဥ်တစ်စီးသုံးခဲ့သလို အဲဒီရဟတ်ယာဥ်ပေါ်ကနေ အချက်ရေ ၃၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးကျဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

    ရှိမ်းမကားကျေးရွာထဲမှာတော့ စစ်ကောင်စီတပ်ဝင်ရောက်ချိန် ဒေသခံတွေ ထွက်ပြေးနေကြတာကြောင့် ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်ကတည်းက နေထိုင်သူမရှိသလောက်ဖြစ်နေပါတယ်။

  4. ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတချို့က စစ်ရှောင်ထောင်ချီထွက်ပြေးနေရ, စစ်ကောင်စီဘက်ကနေ အင်အားတိုးချဲ့နေတယ်လို့ KNU ထုတ်ပြန်

    KNU

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတချို့က စစ်ရှောင်ထောင်ချီထွက်ပြေးနေရ

    စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ဇွန် ၁၂ရက်၊ မနက်ပိုင်းမှာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကအင်းပရိကျေးရွာမှာ အခြေစိုက်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက လိန်ပင်ဝဲကျေးရွာဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် လိန်ပင်ဝဲဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးကမနေ့ဇွန် ၁၂ရက် မှာ ထုတ်ပြန်ပါတယ်။

    အဲ့ဒီနောက် ပိန်းဇလုပ်မြို့ကနေ အလယ်ကျွန်းကျေးရွာဘက်ကိုလည်း စစ်အင်အားတိုးချဲ့နေခဲ့ပြီး အင်အားဖြည့်တင်းဖို့ ကျောက်ကြီးမြို့ဘက်ကို စစ်ကား ၇စီးဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၁၁ရက်တုန်းကလည်း အင်းနက်ကျေးရွာအုပ်စုထဲကနရွဲပင်နဲ့ ကြို့ကုန်းရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ချခဲ့တာကြောင့် လူဦးရေ တစ်ထောင်နီးပါး ထွက်ပြေး‌ တိမ်းရှောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကရင်ပြည်နယ်အတွင်း ကေအဲန်ယူရဲ့တပ်မဟာနယ်မြေအားလုံးနီးပါးမှာ စစ်‌ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံဟာ သိန်းချီရှိနေပြီဖြစ်ပါတယ်။

  5. တာဟန်းမှာလက်နက်ကြီးထိလို့ အနည်းဆုံးလူ ၂ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့, မကြာခဏ လက်နက်ကြီးထိလို့ ဒေသခံတွေ ‌‌စိုးရိမ်စိတ်နဲ့နေနေကြရတယ်လို့ဆို

    တာဟန်းမှာလက်နက်ကြီးထိလို့ အနည်းဆုံးလူ ၂ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့

    ဓာတ်ပုံ ရင်းမြစ်, Zalen

    ဓာတ်ပုံ ပုံစာ, တာဟန်းမှာလက်နက်ကြီးထိလို့ အနည်းဆုံးလူ ၂ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့

    စစ်ကိုင်းတိုင်း ၊ ကလေးမြို့အတွင်း မနေ့ ဇွန်၁၂ရက် ညပိုင်း ၁၀‌နာ‌ရီကျော်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် တာဟန်းရပ်ကွက်နဲ့ စမ်းမြို့ရပ်ကွက်က အနည်းဆုံး လူ ၂ဦးပြင်းထန်ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး အနည်းဆုံးအိမ်အလုံးရေ ၇လုံးလောက် လက်နက်ကြီးထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒီကနေ မနက်ဇွန် ၁၃ရက်မှာ ဒေသခံတွေက ဘီဘီစီကိုပြောလာပါတယ်။

    မနေ့ညက လက်နက်ကြီးထိမှန်သူတွေထဲမှာ ပြီးခဲ့တဲ့ မေလ ၂၉ရက်က အလားတူစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် လက်နက်အပိုင်းအစတွေထိမှန်ပြီး အမျိုးသမီး ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့တာတွေရှိခဲ့ပါတယ်။

    မနေ့ညက လက်နက်ကြီးထိမှန်သူတွေထဲမှာ မေလ ၂၉ရက်က လက်နက်ကြီထိလို့ မန္တလေးဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ အမျိုးသမီးငယ်ရဲ့ အစ်မဖြစ်သူကိုပါထပ်မံထိခဲ့တာကြောင့် လက်ရှိမှာ ကလေးဆေးရုံကိုတင်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    '' လက်နက်ထိတာက ပထမ မေ ၂၉ရက်က ထိကြတဲ့အထဲပါတဲ့ ကောင်မလေးရဲ့ အစ်မကို ထပ်ထိတာ၊ သူတို့မိသားစုက သူ့ညီမဆေးကုတဲ့မန္တလေးမှာရောက်နေကြတာ သူပဲအိမ်မှာရှိတာ သူ့ကိုထပ်ထိတာ။ သူတို့နေတဲ့နားက စစ်တပ် ပစ်ရင်လက်နက်ကျတဲ့နေရာလိုဖြစ်နေတယ်'' လို့ ဒေသခံတစ်ယောက်ကရှင်းပြပါတယ်။

    စစ်ကောင်စီတပ်ဟာ ကလေးမြို့ တောင်ဘက်နဲ့မြောက်ဘက် ကို ပစ်ခတ်တာဖြစ်ပြီး ကလေးဘူတာအနီး၊ ဗိုလ်ချုပ်လမ်း ၊ နေကြာတိုက်လို့ခေါ်တဲ့ တာဟန်းရပ်ကွက် တဝိုက်မှာ တပ်စွဲပြီး ပစ်ခတ်တာတွေလုပ်တာလို့ ဒေသခံတွေကပြောပါတယ်။

    စစ်တပ်ရဲ့ ပစ်ခတ်မှုတွေဟာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားနှစ်ဖက်တပ်တွေပစ်ခတ်မှုအပြီးမှာ လက်နက်ကြီးနဲ့အချက် ၃၀ကျော်ပစ်ခတ်တာလို့ ဆိုပါတယ်။

    ကလေးမြို့မှာ အခုလို မကြာခဏ စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အခုလို အရပ်သားတွေ မကြာခဏထိခိုက်နေရလို့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

  6. ဝေါလေ မြို့နယ်ခွဲ ရှိ ရဲ စခန်းကို KLNA /KNDO ပူးပေါင်းတပ်တွေ၀င်ရောက်သိမ်းပိုက်, စခန်းမှူးအပါအဝင်တပ်ဖွဲ့ဝင်တွေ ဖမ်းမိတယ်လို့ KLNA /KNDO ဘက်ကပြော

    ဝေါလေ မြို့နယ်ခွဲ ရှိ ရဲ စခန်းကို KLNA /KNDO ပူးပေါင်းတပ်တွေ၀င်ရောက်သိမ်းပိုက်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဝေါလေ မြို့နယ်ခွဲ ရှိ ရဲ စခန်းကို KLNA /KNDO ပူးပေါင်းတပ်တွေ၀င်ရောက်သိမ်းပိုက်

    ကရင်ပြည်နယ် KNU တပ်မဟာ၆ နယ်မြေ ဝေါလေ မြို့နယ်ခွဲ မြို့အ၀င်နေရာက ရဲစခန်းကို ဇွန် လ ၁၃ ရက် ဒီကနေ့ မနက် ၄ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDO /KNLA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

    အဲဒီမှာ ရဲစခန်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် ၃ ဦးဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေ သိမ်းပိုက် ရရှိခဲ့တယ်လို့ စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

    '' မနက် ၄နာရီ လောက် မှာ စစ်ကောင်စီ စစ်တပ်နဲ့ရဲ ရှိနေ တဲ့ ဝေါလေ ရဲစခန်းကုန်းပေါ့ ၊အဲဒီ မှာ ရဲ နဲ့ စစ်တပ်တွဲပြီးမြို့ အ၀င်မှာတပ်စွဲထားတဲ့ ရဲစခန်းဝင်းပါ။ အဲ့ဒါကို KNDO /KNLA ဗိုလ်စော၀င်းမြင့်၊ ဗိုလ်စောစလုံး တို့ ပူးပေါင်းစစ်ကြောင်း အဖွဲ့ တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်က အဲဒီနေရာကို ပြန်ဆုတ်ထားတဲ့အချိန်မှာ စောင့်ကြည့်ပြီး ၀င်တိုက်တာ မှာ လက်နက်အချို့နဲ့ အရှင်မိ ၃ ယောက် မှာ စခန်းမှုး တစ်ယောက် ၊ရဲဘော် ၂ယောက် လို့တော့ သတင်းရ ထားတယ်၊ နောက်ပြီး အချုပ်ထဲ က CDM ရဲ ၃ဦး ချုပ် ထားတာလည်း ကယ်ထုတ် နိုင် တယ် ။တိုက်ပွဲ က သိပ် မတိုက် လိုက်ရ ဘဲ သူတို့အကုန်နီးပါးစခန်းစွန့်ထွက်ပြေးကြတယ်'' လို့ KNLA စစ်ရေး သတင်းအရင်းအမြစ် က ပြောပါတယ်။

    ဝေါလေ ဒေသ KNLA/KNDO စစ်ရေး နယ်မြေ အတွင်း ဝေါလေ စစ်ကောင်စီ ရဲစခန်း ကုန်းအား သိမ်းပိုက်လိုက်တဲ့နောက် ဝေါလေ မြို့ ဦးစေတီ ကုန်းအနီး တပ်စွဲ ထားတဲ့ဝေါလေ စစ်ကောင်စီ ဗျူဟာကုန်း ဘက်ကနေ ရဲစခန်းကုန်း ဘက်ကို စစ်ကူပေးတာ ၊ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်တာရှိပေမဲ့ KNLA / KNDO ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ဆက်လက် နယ်မြေ ထိမ်းချုပ်ထားတယ်လို့သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဝေါလေ မြို့နယ်ခွဲ က ရဲစခန်း သိမ်းပိုက်ခံရတယ်ဆိုတာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  7. ရွှေဘိုအနောက်ခြမ်းက ထူးကြီး၊သန်းတောရွာဘက်မှာ မိုင်းဆွဲတိုက်ခိုက်မှုတွေဖြစ်ပွား, ဒေသကာကွယ်ရေးစခန်းတစ်ခုဖျက်ဆီးခံရ

    cj

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇွန် ၁၂ရက်က ရွှေဘို၊ ပေါက်ချိုင်ရွာ မီးရှို့ခံရတဲ့ မြင်ကွင်း။

    မနေ့ဇွန် ၁၂ရက်ညနေပိုင်းမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုအနောက်ဘက်ခြမ်းက သန်းတောရွာအနီးမှာ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် ထူးကြီးရွာအတွင်းတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးမှုရှိနိုင်တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။

    “မိုင်းဆွဲတုန်းက ၁၀ယောက်လောက်ကျမယ်ခန့်မှန်းတယ်။ နောက်ထူးကြီးရွာနားကို ကျွန်တော်တို့တက်သွားတဲ့အချိန် ရွာအပြင်ကို ထွက်လာတဲ့စစ်ကောင်စီနှစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး သူတို့ကို ပစ်သတ်နိုင်ခဲ့တယ်။ တိုက်ပွဲအကြီးကြီးတွေမဖြစ်ပါဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင်သပြေကန်ရွာ အနီးက ဒေသကာကွယ်ရေးစခန်းတစ်ခုကိုလည်း ဖျက်ဆီးခဲ့ပြီး လူထိခိုက်ဖမ်းဆီးခံရတာမရှိဘူးလို့ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကပြောပါတယ်။

    ဇွန် ၁၁ရက်ကစကာ ‌ရွှေဘိုအနောက်ခြမ်းက ဇီးဖြူကုန်းရွာကို စစ်ကောင်စီတပ်တွေ စဝင်ရောက်ခဲ့ပြီးနောက်ရွာစိုး၊ ပေါက်ချိုင်ရွာတွေကိုဝင်ရောက်ခဲ့ကာ နေအိမ်တွေကိုမီးရှို့ခဲပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ ဆဲလို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၁၁ရက်တုန်းကလည်း ခင်ဦးဘက်ကို ‌ရွှေဘိုက​နေတပ်ကူလာတဲ့ စစ်​​ကောင်စီကားကိုလည်း ခင်ဦးပြညိသူ့ကာကွယ်​ရေးအဖွဲ့​တွေက တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်စဥ်မှာ စစ်​​ကောင်စီဘက်က​နေ ​သေဆုံးမှု​တွေရှိ​ခဲ့ပြီး မ​နေ့ ဇွန် ၁၂ရက်မှာ ကြို့ကန်ရွာအနီးမှာ ဒီရုပ်အ​လောင်း​တွေကိုမီးရှိူ့ခဲ့တယ်လို့ ​မြေပြင်အ​ခြေအ​နေသိရှိသူ​တွေက ​ပြောကြပါတယ်။

    ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ဇွန် ၁၃ရက်မနက်ပိုင်းအထိ စစ်ကောင်စီ ဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာမရှိသေးသလို ဘီဘီစီဘက်ကလည်း ဒီသေဆုံးမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

  8. တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က အနိုင်မတိုက်နိုင်ဘူးလို့ ကန်နိုင်ငံခြားရေးအကြံပေးပြော

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး ဒဲရက် ရှလက်

    မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာကြုံနေရတဲ့ တော်လှန်ရေးအင်အားစုတွေကို အနိုင် တိုက်နိုင်ချေမရှိတာကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်သင့်ပြီဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက် ရှလက်က ပြောလာပါတယ်။

    ''ဒီနေ့ အခြေအနေကို ကြည့်ရင် သူတို့(စစ်တပ်)အနေနဲ့ နိုင်နိုင်တယ်ဆိုတာကို ယထာဘူတကျကျ မြင်ကြည့်ဖို့ခက်တယ်'' လို့ သူက ပြောသလို ''သူတို့(စစ်တပ်)ဟာ နယ်မြေ မစိုးမိုးနိုင်တော့ဘူး။ စစ်တပ်ဟာလည်း ဆုံးရှုံးမှု အတော်များနေပြီ'' လို့ သူကပြောပါတယ်။

    ဒါ့ပြင် မြန်မာစစ်ကောင်စီဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ အထီးကျန်လာနေပြီး ဒီတိုက်ခိုက်မှုကို ရပ်တန့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ဖို့ သူက ဘန်ကောက်မြို့ကိုရောက်ရှိချိန် ပြောလာတာဆိုပြီး ရိုက်တာသတင်းဌာနက သတင်း‌ဖော်ပြပါတယ်။

    ကန်နိုင်ငံခြားရေးဝန်ကြီးအကြံပေးရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နဲ့အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို ခရီးဆက်နေတာဖြစ်ပါတယ်။

    အမေရိကန်အစိုးရဟာ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆိုတာတွေအပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့လို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲလုပ်ကိုင်နေတယ်လို့ မစ္စတာ ရှလက်က ပြောထားပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ‌ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ တခြားအဖွဲ့အစည်းအမျိုးမျိုးတို့ “လက်နက်အပ်နှံပြီး ပြည်သူ့ဘဝပြန်ဝင်ရောက်” ရင် ကြိုဆိုမယ်ဆိုပြီး ထုတ်ပြန်ပြောဆိုလာပါတယ်။

  9. မန္တလေးက နေအိမ်တွေ ဖယ်ရှားခံနေရ

    မန္တလေးက နေအိမ်တွေ ဖယ်ရှားခံနေရ

    ဓာတ်ပုံ ရင်းမြစ်, VOMDY

    မန္တလေးခရိုင်အတွင်း မြို့နယ်ခြောက်ခုက နေအိမ်တွေကို ဖယ်ရှားရှင်းလင်းနေတာ အိမ်အလုံးပေါင်း ထောင်ချီရှိပြီဖြစ်ပါတယ်။

    အခုလို ထောင်နဲ့ချီတဲ့နေအိမ်တွေကို ကျူးကျော်ဆိုပြီးဖျက်သိမ်းနေတာနဲ့ပတ်သက်လို့ စည်ပင်ကော်မတီက ဘာပြောပါသလဲ။

    ဖယ်ရှားခံရသူတွေကရော ဘယ်လိုကြုံတွေ့နေကြရလဲ။ မန္တလေးမြို့ကနေအိမ်တွေဖယ်ရှားခံရမှုအကြောင်း ဒီရုပ်သံမှာကြည့်ရှုနိင်ပါတယ်။

  10. ကောလင်းမြို့နယ်၊ ကံကြီးကုန်းရွာကို စစ်ကောင်စီတပ်ဝင်လို့ ဒေသခံတွေထွက်ပြေးနေရ

    ကောလင်းမြို့နယ်၊ ကံကြီးကုန်းရွာကို စစ်ကောင်စီတပ်ဝင်လို့ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးနားက ကံကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၁၂ ရက်မနက်ပိုင်းမှာ ဝင်ရောက် ပစ်ခတ်တာတွေ လုပ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကံကြီးကုန်းရွာထဲကို လက်နက် ဝင်ရှာတယ်ဆိုပြီး မနေ့က ဝင်ရောက် မွှေနှောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒီနေ့မနက်မှာ ထပ်မံဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

    ‘’မနက်တုန်းကတော့ ထမင်းလေး မြန်မြန်ချက်ဖို့ ရွာထဲကို ဝင်လိုက်သေးတယ်။ ခဏ အခြေအနေ စောင့်ကြည့်နေရုံလေးပဲရှိသေးတယ်။ အုန်းအုန်းနဲ့ ပစ်သံကြားလို့ အခုပြန်ထွက်ပြေးနေရတယ်။ လက်နက်ကြီးတွေက မြေထဲကို ကျနေတာ မြေကြီးတွေ ဖွားခနဲ၊ ဖွားခနဲပဲ’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ တောတွင်းလမ်းကနေ ရွာထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုတော့ ကံကြီးကုန်းနဲ့ ကြိုးကြာဥအပါအဝင် အနီးနားရွာလေးရွာက ဒေသခံတွေဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်ဟာ ကံကြီးကုန်းကျေးရွာကို သော့ခတ်ထားတဲ့အိမ်တွေကိုပါ မနေ့တုန်းက ဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့ပြီး ရွှေတိုရွှေစနဲ့ ငွေတွေ ယူသွားတယ်ဆိုတာကို ဒီနေ့မနက် ရွာထဲကို ခဏဝင်ရောက်ချိန်မှာ သိရှိခဲ့ရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။

  11. သေဒဏ်စီရင်မိန့်ပြန်စဥ်းစားဖို့ ဟွန်ဆန် ရဲ့ တိုက်တွန်းချက် စစ်ကောင်စီငြင်းပယ်

    သေဒဏ်စီရင်မိန့်ပြန်စဥ်းစားဖို့ ဟွန်ဆန် ရဲ့ တိုက်တွန်းချက် စစ်ကောင်စီငြင်းပယ်

    ဓာတ်ပုံ ရင်းမြစ်, AKP

    အတိုက်အခံအင်အားစုတွေကို ကွပ်မျက်ဖို့ စီစဥ်နေတာကို ပြန်လည်စဥ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ တိုက်တွန်းချက်ကို စစ်ကောင်စီဘက်က ငြင်းပယ်လိုက်ပါတယ်။

    ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ်စီရင်မိန့် ချခံထားရသူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ တကွ သေဒဏ်စီရင်ရတဲ့ဥပဒေအကြောင်းအရရှင်းပြချက်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံဘက်ကို ဇွန်လ ၁၁ ရက်မှာ ပြန်ပို့ထားတယ်လို့ စစ်ကောင်စီဘက်ကအတည်ပြုပါတယ်။

    ၀န်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီအနေနဲ့ သူတို့ကိုဆန့်ကျင်သူတွေကို သေဒဏ်ပေးခြင်းဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ပြင်ပမိတ်ဖက်အဖွဲ့အစည်း၀င်နိုင်ငံတွေကြား ကြီးမားတဲ့စိုးရိမ်မှုကို ပေါ်ပေါက်စေတယ်လို့ ဇွန် ၁၀ ရက်နေ့စွဲနဲ့ စစ်ကောင်စီကို ပို့တဲ့စာမှာ ဆိုထားပါတယ်။

    "သေဒဏ်ကွပ်မျက်မှုအစီအစဥ်သာတကယ်အကောင်အထည်ဖော်ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းဆီကနေ အနုတ်လက္ခဏာဆောင်တဲ့တုံ့ပြန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာမယ်ဆိုတာကို ကမ္ဘောဒီးယားအနေနဲ့ အခိုင်အမာယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အခြေခံပြီး လက်ရှိ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အာဆီယံနဲ့ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေကို ကြီးကြီးမားမားရိုက်ခတ်လိမ့်မှာ ဖြစ်တယ်" လို့ အဲဒီစာမှာဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို အကျဥ်းဦးစီးဌာနဘက်ကို လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီဘက်ကပြောထားပေမဲ့ အကျဥ်းဦးစီးဌာနဘက်ကပြောခွင့်ရကတော့ သူတို့ ၂ ဦးရဲ့ အချက်အလက်သတင်းနဲ့ပတ်သက်ပြီး သိရှိတာမရှိဘူးလို့သာဖြေဆိုထားတာပါ။

  12. မြ၀တီမြို့က ကြံခိုင်ရေးပါတီရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

    မြ၀တီမြို့က ကြံခိုင်ရေးပါတီရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကရင်ပြည်နယ်၊ မြ၀တီမြို့ စျေးကြီးလမ်းမပေါ်မှာရှိတဲ့ မြ၀တီမြို့ ကြံခိုင်ရေးပါတီ ရုံး ခြံစည်းရိုးဘေးမှာ မနေ့ ဇွန် လ ၁၁ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမဲ့ ကြံခိုင်းရေးပါတီရုံးလမ်းမဘေးက ခြံစည်းရိုးပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဲဒီပေါက်ကွဲမှုအပြီးမှာ စစ်တပ်၊ ရဲနဲ့ စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာရှိခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ စည်ပင်အဖွဲ့တွေက ဗုံးပေါက်တဲ့နေရာက အပျက်အစီးတွေကို ရှင်းလင်းသွားတယ်လို့ သိရပါတယ်။

    စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်း မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတားအမှတ် ၁ မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

  13. ဖားကန့်၊ မက်လင်ချောင်ရွာမှာ ကလေးတွေအပါအဝင် လူ ၁၉ ဦးကို ရဲနဲ့စစ်သားတွေ ဖမ်းသွားတယ်လို့ ဒေသခံတွေပြော

    ဖားကန့်မှာလုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, ကိုတာ(ဖားကန့်)

    ဓာတ်ပုံ ပုံစာ, ဖားကန့်မှာလုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

    ကချင်ပြည်နယ်၊ ဖားကန့်မြို့က မက်လင်ချောင်ကျေးရွာမှာ အလိုရှိသူအမျိုးသားတစ်ယောက်ကို ဝင်ရောက်ရှာဖွေချိန် သူ့ကို မဖမ်းမိတာကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၉ ဦးကို ရဲနဲ့ စစ်သားတွေက ဖမ်းသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ရဲနဲ့စစ်သားအင်အား ၅၀ ခန့်က မက်လင်ချောင်ရွာကို မနေ့ ဇွန်လ ၁၁ ရက်နေ့ ညနက်ပိုင်းမှာ ဝင်ပြီး အိမ် ၇ အိမ်ကို စစ်ဆေး မေးမြန်းတာတွေပြုလုပ်ခဲ့အပြီးမှာ အခုလိုဖမ်းဆီးသွားတာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲဝင်ပြီး ကိုတင်ဇော်ထူး ဆိုသူ လောပန်း တစ်ယောက်အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကိုတင်ဇော်ထူးကို မတွေ့တာကြောင့် လူ ၁၉ ဦးကို ဖမ်းခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

    “ကိုတင်ဇော်ထူးရဲ့အိမ်ကိုရောက်တော့တံခါးတွေကို ဖျက်ဆီး၊ ကိုတင်ဇော်ထူး မရှိတဲ့ခါကျတော့ အိမ်မှာရှိတဲ့ အဖေအမေ၊ ညီအစ်ကို မောင်နှမ သားသမီးတူတွေနဲ့ ရေမဆေး လုပ်သား အားလုံး ၁၉ ယောက်ပေါ့ဗျာ။ သူတို့ဖမ်းခေါ်သွားတယ်ဗျ“ လို့ ဒီဖြစ်စဥ်ကိုသိရှိတဲ့မက်လင်ချောင် ဒေသခံကပြောပါတယ်။

    အဖမ်းခံလိုက်ရသူတွေထဲမှာ အသက် ၁၆ နှစ်အောက်ကလေးငယ် ၅ယောက်နဲ့ ကိုတင်ဇော်ထူးရဲ့ အသက်၇၀ကျော် ၈၀ ခန့်ရှိတဲ့ အဖေနဲ့အမေ၊ နောက် တန့်ဆည်ဘက်ကနေ စစ်တိမ်းရှောင်လာတဲ့ ရေမဆေး လုပ်သားတွေပါ ပါသွားတာဖြစ်ပါတယ်။

    ဖမ်းသွားတဲ့သူတွေကိုတော့ လောလောဆယ်မှာ ဖားကန့်ရဲစခန်းမှာဖမ်းဆီးထားတယ်လို့ သူက ဆက်ပြောပါတယ်။

    ကိုတင်ဇော်ထူးဟာ လောပန်းတစ်ယောက်ဖြစ်ပြီးတော့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာကနေ စစ်တိမ်ရှောင်သူတွေကို အဆောင်တွေဆောက်၊ နေရာချထားပေးတဲ့အပြင် ပညာသင်တဲ့အရွယ်တွေဆိုရင် ပညာသင်ဖို့အတွက်စေတနာ့ဝန်ထမ်းဆရာဆရာမတွေနဲ့ ပညာတွေသင်ကြားပေးနေတာ ၆လလောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဘာကြောင့် အခုလိုဖမ်းဆီးမှု ထွက်ပေါ်လာတယ်ဆိုတာ မသိရသေးပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ မက်လင်ချောင်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်‌ရေးမှူး အပါအဝင်အမျိုးသား ၃ ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်အပြီးမှာ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

  14. ထိုင်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂၀ ကျော် မလွတ်မြောက်သေး

    သီတင်းတစ်ပတ်ကျော်ကြာဖမ်းဆီးခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေ

    ဓာတ်ပုံ ရင်းမြစ်, MWRN

    ဓာတ်ပုံ ပုံစာ, သီတင်းတစ်ပတ်ကျော်ကြာဖမ်းဆီးခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေ

    ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြိုနယ်ထဲက ဘန့်ဖလူနဲ့ ထုံးလုံနယ်စပ်မှာ ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကြောင့် ရက်သတ္တပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ရောက်နေတဲ့ မြန်မာ ၃၂၀ကျော် ဟာ အခုထိမလွတ်မြောက်သေးဘူးလို့ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက် MWRN ကသိရပါတယ်။‌

    လက်ရှိအချိန် မှာဖမ်းဆီးခံထားရသူတွေကို ဆုန်ခလာခရိုင်ထဲက ရဲစခန်းတွေကို ခွဲထားပြီး ‌နေထိုင်ရတဲ့အခက်အခဲနဲ့ အစားအသောက်အခက်အခဲတွေကြုံနေကြရလို့ ထိုင်းရောက်မြန်မာတွေက နေ့စဥ်စားသောက်ရေးအတွက်ပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

    ''ဖမ်းထားမယ့်အချိန်ဘယ်လောက်ကြာအုံးမယ်ဆိုတာကိုအတိကျမသိရသေးတဲ့အတွက် နောက်ထပ် အလှူရှင်အဖွဲ့တွေကို တိုက်တွန်းထားရတယ်။ ခေါင်ငှက် ရဲစခန်း ၊စဒေါင်ရဲစခန်း၊ ပါဒင်ဗေဆာရဲစခန်း ၊ နတ်မော်ရဲစခန်းနဲ့ ကျန တိုချဒိုစစ်သားစခန်းတွေမှာ ခွဲထားတယ်။အထဲမှာ တော်တော်ကိုအခက်အခဲဖြစ်နေကြတယ်'' လို့ ဖမ်းဆီးခံထားရသူတွေကိုကူညီပေးနေသူတစ်ဦးကပြောပါတယ်။

    ကနဦးသတင်းတွေ အရ သေဆုံးသူထိုင်းနိုင်ငံသားမှာတိုက်ခိုက်ခံထားရတဲ့ဒဏ်ရာတွေရှိနေသလို အလောင်းကို ဖျောက်ဖျက်ခံထားရတာလို့ဆိုပါတယ်။

    ထိုင်းနဲ့မလေးရှားနယ်စပ်၊ ထိုင်းနိုင်ငံအပိုင်တောထဲမှာ ဒီအလောင်းကို အခုမေလ ၃၁ရက်ကတွေ့ရှိရတာကြောင့် ထိုင်းအာဏာပိုင်တွေကတရားမဝင် တောထဲနေနေကြတဲ့ မြန်မာ (၉)ဦးကို ဇွန် ၁ရက်မှာ စတင်ဖမ်းဆီးခဲ့တာပါ။

    အဲဒီနောက် နောက်ထပ်မြန်မာလုပ်သားတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး ရဲစခန်းတွေကို ပေးပို့ကာ စစ်ဆေးနေတယ် လို့ဆိုပါတယ်။

    လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာ ၃၀၀ကျော်အနေနဲ့ ရဲစခန်းထဲမှာ စားဝတ်နေရေးအဆင်ပြေဖို့ ထိုင်းရောက်မြန်မာအချင်းချင်းကူညီနေကြရပြီး မဟုတ်မမှန်စွပ်စွဲခံရတာတွေမရှိဖို့အတွက်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့ ဦးဘရီကဆက်ပြောပါတယ်။

    အလားတူ ပြီးခဲ့တဲ့နှစ်တွေက လိပ်ကျွန်းလူသတ်မှုနဲ့ ထိုင်း - မြန်မာနယ်စပ်၊ရနောင်းမြို့က လူသတ်မှုတွေမှာ မြန်မာလူမျိုးတွေစွပ်စွဲခံရတဲ့ထင်ရှားတဲ့အမှုအခင်းတွေလည်းရှိခဲ့ပါတယ်။

  15. ရွှေဘိုနယ်ထဲက ပေါက်ချိုင်ရွာ ဒုတိယအကြိမ် မီးရှို့ခံရ

    ဒုတိယအကြိမ်မီးရှို့ခံရတဲ့ပေါက်ချိုင်ရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒုတိယအကြိမ်မီးရှို့ခံရတဲ့ပေါက်ချိုင်ရွာ

    စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ပေါက်ချိုင်ရွာ ကို ဒီကနေ့ ဇွန်လ ၁၂ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဝင်‌ရောက်ပြီး မီးရှို့ခဲ့လို့ အိမ်ခြေတော်တော်များများမီးလောင်နေတယ်လို့ ဒေသခံတွေကပြောလာပါတယ်။

    ပေါက်ချိုင်ရွာအပါအဝင် ရွာစိုး ၊ သပြေကန်အပါအဝင် ရွှေဘိုအနောက်ခြမ်းကျေးရွာတွေကိုဝင်ရောက်နေတာလို့ဆိုပါတယ်။

    ''ဒုတိယအကြိမ်ရှို့ခံရတာပါ။အကုန်ကုန်ပြီထင်ပါတယ်။မီးခိုးတွေကနည်းတာမဟုတ်ဘူး။ အကုန်လုံးလည်းထွက်ပြေးနေကြရတယ်။ မီးရှို့တာရောပစ်တာရောဆိုတော့ဘယ်သူမှမနေရဲဘူး'' ပေါက်ချိုင်ရွာ ကနေ သပြေကန်ရွာဘက်ကိုလည်းပစ်ခတ်တာတွေနဲ့ဝင်ရောက်တာတွေဆက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ ဇွန် ၁၁ရက်ကလည်း ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို လက်နက်ကြီးတွေနဲ့ဝင်ရောက်ပစ်ခတ်တာတွေလုပ်ခဲ့လို့ ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

  16. မြန်မာ့အရေးမှာ စစ်တပ်မပါတဲ့ စဉ်းစားချက်မလုပ်ဖို့ ထိုင်းသံတမန်ပြော

    စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့(OECD) ဆွေးနွေးပွဲမှာ တွေ့ရတဲ့ မစ္စ Pornpimol

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေး

    ဓာတ်ပုံ ပုံစာ, စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့(OECD) ဆွေးနွေးပွဲမှာ တွေ့ရတဲ့ မစ္စ Pornpimol

    နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးပြောဆိုလုပ်ဆောင်ကြတဲ့အခါ စစ်တပ်မပါတဲ့ စဥ်းစားချက်နေရာမှာပဲ တန့်နေတာမျိုး မဖြစ်သင့်ဘူးဆိုပြီး မြန်မာ့အရေးဆိုင်ရာထိုင်းသံတမန်က ပြောလာပါတယ်။

    ''ရှုတ်ချတာတွေ၊ အရေးယူပိတ်ဆို့တာတွေ၊ ဝိုင်းဖယ်ကြဉ်တာတွေဟာ ရလာဒ်တွေထိရောက်မှု နည်းပါးလာပါတယ်'' လို့ ထိုင်းသံတမန် Pornpimol Kanchanalak က စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၁ ရက်တုန်းက ပြုလုပ်တဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ခပ်မြန်မြန် ပြန်ရောက်လိမ့်မယ်လို့ ယုံကြည်မှုနည်းပါးနေတဲ့ ဆွေးနွေးပွဲမှာပါဝင်သူအခြားပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်ကို သူက ပြန်လည်တုံ့ပြန်တာလို့လည်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

    တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး ဒဲရက်ရှလက်ကတော့ မြန်မာစစ်တပ်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ကျင်းပမယ်လို့ ပြောနေတဲ့ရွေးကောက်ပွဲဟာ ပွင့်လင်းမျှတမှာမဟုတ်ဘူးဆိုပြီး ပြောထားပါတယ်။

    မစ္စ Pornpimol ကတော့ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စိုးရိမ်ချက်တွေကို အသိအမှတ်ပြုပြောဆိုပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း သိမှတ်ရမယ့်အချက်ဟာ ရွေးကောက်ပွဲလုပ်မယ်လို့ မြန်မာစစ်တပ်က ပြောဆိုနေတဲ့အချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    သူဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ မြန်မာ့အရေးဆိုင်ရာ ပထမဆုံး ထိုင်းအထူးသံ တမန်အဖြစ် ပြီးခဲ့တဲ့ဧပြီလမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ခန့်အပ်ခံထားရသူဖြစ်ပါတယ်။

  17. စေတုတ္ထရာ အန်အယ်လ်ဒီ လူငယ်တာဝန်ခံရဲ့ ဇနီးကို အကြမ်းဖက်မှုပုဒ်မနဲ့ ထောင် ၂၀ နှစ်ချ

    မကွေးတိုင်း စေတုတ္ထရာ မြို့နယ် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လူငယ် တာဝန်ခံ ကိုဗိုမင်းရဲ့ ဇနီး မနှင်းမိုးခိုင်ကို မကွေးထောင်တွင်းတရားရုံးမှာ ကြားနာစစ်ဆေးပြီး ဇွန်လ ၁၀ ရက် သောကြာနေ့က အကြမ်းဖက်မှု ဆိုင်ရာ ဥပဒေပုဒ်မ နှစ်ခုအရထောင်ဒဏ် စုစုပေါင်း အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

    အကြမ်းဖက်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ ည အရ ထောင်ဒဏ် ၁၅ နှစ်နဲ့ ပုဒ်မ ၅၂ က အရ ထောင်ဒဏ် ၅ နှစ် ဖြစ်လို့ စုစုပေါင်း အနှစ်၂၀ ဖြစ်တယ်လို့ ကိုဗိုမင်းက ပြောပါတယ်။

    သူ့ကို ဖမ်းမမိတဲ့ အတွက် ဇနီးကို ဖမ်းသွားတာလို့လည်း ကိုဗိုမင်းက ပြောပါတယ်။

    ကုန်စုံဆိုင်မှာ စျေးရောင်းသူ ဖြစ်တဲ့အတွက် အပြင်မထွက်တဲ့သူ၊ တကြိမ်တခါမှ ဆန္ဒပြရာမှာ လိုက်ပါခဲ့ခြင်း မရှိတဲ့သူ၊ နိုင်ငံရေးနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိတဲ့သူ မနှင်းမိုးခိုင်ကို စေတုတ္ထရာ မြို့နယ် NLD အမျိုးသမီး လုပ်ငန်းကော်မီတီ ဥက္ကဋ္ဌ ဒေါ်အေးအေးအောင်နဲ့ စေတုတ္ထရာမြို့နယ် အလုပ်အမှုဆောင် ဦးသိန်းဆောင်တို့ ကို အမှုတွဲ အတူတွဲပြီး တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်၊ ဘာကြောင့် အမှု အတူ တွဲတယ် ဆိုတာ နားမလည်နိုင်ဘူးလို့ ကိုဗိုမင်းက ပြောပါတယ်။

    အဲဒီ NLD မြိုနယ် အဆင့် ပါတီတာဝန်ခံ နှစ်ယောက်ကလည်း အကြမ်းဖက်မှု ပုဒ်မ နှစ်ခုနဲ့ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ် ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့ သပိတ်မှောက်မှုတွေမှာ စေတုတ္ထရာ လူထုသပိတ် ဦးဆောင်သူဖြစ်တဲ့ ကိုဗိုမင်းက နေအိမ်မှာ မနေဘဲ တိမ်းရှောင်နေတဲ့ အချိန် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က မနှင်းမိုးခိုင်ကို ဖအိုင်းရွာက သူ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

    ကိုဗိုမင်းက ၂၀၂၁ ဇွန်လ လောက်ကတည်းက အိမ်မှာ လုံးဝ မနေတော့ဘဲ တိမ်းရှောင်နေပြီးနောက်မှာ သူ့မိသားစု နဲ့ အဆက်အသွယ် မရှိသလို မိသားစု ဆွေမျိုးသားချင်းတွေကလည်း သူ ဆက်သွယ်မှာ မကြိုက်ဘူးလို့ ဆိုပါတယ်။

    မနှင်းမိုးခိုင် ဖမ်းဆီးခံခဲ့ရတဲ့ အချိန်က သူတို့ နှစ်ယောက်ရဲ့ ၁ နှစ်နဲ့ သုံးလ အရွယ် သားလေး ကို ပြုစုစောင့်ရှောက်ဖို့ အပ်နှံခဲ့တဲ့ ကိုဗိုမင်းရဲ့အစ်ကိုကြီးဖြစ်သူ ကိုနေလင်းဦး ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ က ဖမ်းဆီးသွားခဲ့တဲ့ အတွက် သား အတွက် စိုးရိမ်ပူပန်နေမိတယ်လို့ ကိုဗိုမင်းက ပြောပါတယ်။

    ပြစ်ဒဏ် ချခံခဲ့ရသူ မနှင်းမိုးခိုင်ကတော့ သူ့ကို ဘယ်လိုပြစ်ဒဏ်ပဲ ချချ ရင်ဆိုင်မယ်၊ ခင်ပွန်းနဲ့ သား ဖြစ်သူတို့ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းဖို့အတွက်ကိုသာ အဓိက ထားတယ်လို့ ဆိုကြောင်း ကိုဗိုမင်းက ပြောပါတယ်။

    စေတုတ္ထရာ အန်အယ်လ်ဒီ လူငယ်တာဝန်ခံရဲ့ ဇနီးကို အကြမ်းဖက်မှုပုဒ်မနဲ့ ထောင် ၂၀ နှစ်ချ

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ကျောက်တော်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရ၊ မြို့တွင်းစစ်ကောင်စီတပ်တွေနေရာယူထား

    ကျောက်တော်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်မှာဇွန်လ၁၁ရက်ဒီကနေ့ မနက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံလိုက်ရတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

    အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမနက်ပိုင်း၁၁နာရီကျော်လောက်မှာကျောက်တော်မြို့မဈေးကြီးအတွင်းဈေးဝယ်ဖို့ရောက်ရှိလာခဲ့စဉ်အမည်မသိလူတစုကဖမ်းဆီးသွားခဲ့တယ်လို့သိရကြောင်းမြို့ခံတွေကပြောဆိုကြပါတယ်။

    ဖမ်းဆီးခံလိုက်ရသူတွေဟာကျောက်တော်မြို့ပေါ်မှာတပ်စွဲစခန်းချနေတဲ့တပ်မ၅၅လက်အောက်ခံတပ်ရင်းတစ်ခုကတပ်ကြပ်ကြီးတစ်ဦးနဲ့ရဲဘော်တစ်ဦးတို့ဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

    တပ်မ၅၅လက်အောက်ခံတပ်ဖွဲ့တစ်ခုဟာလွန်ခဲ့တဲ့သုံးလလောက်ကနေကျောက်တော်မြို့ကိုရောက်ရှိလာခဲ့ပြီးမြို့အဝင်မဟာကံကြီးသျှင်ဘုရားအနီးမီးရထားဝန်ထမ်းအိမ်ရာတိုက်တန်းအဆောင်တွေမှာစခန်းချနေထိုင်နေကြတယ်လို့သိရပါတယ်။

    “မနက်ပိုင်းကတော့အဲ့လိုဖမ်းသွားတယ်လို့တော့ကြားတာပေါ့နော်။ကျွန်တော်တော့မမြင်လိုက်ဘူး။ဈေးကနေ ဖမ်းခေါ်သွားတယ်လို့တော့ပြောတယ်။အဲ့လိုဖြစ်လို့မကြာခင်မှာပဲမြို့ထဲကိုစစ်ကားတွေနဲ့ရောက်လာပြီးစစ်သားတွေစုံစမ်းတာတွေ လုပ်တယ်။မြို့ခံတွေကတော့ကြောက်ပြီးအကုန်လုံးနေအိမ်တွေမှာပဲနေကြတာ။တစ်မြို့လုံးတိတ်ဆိတ်နေတယ်”လို့ကျောက်တော်မြို့ခံတစ်ဦး ကပြောပါတယ်။

    ညနေပိုင်းမှာတော့အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့တွင်းကနေထွက်သွားခဲ့ကြပြီးညပိုင်းမှာ ဘယ်လို အခြေအနေတွေ ဆက်ဖြစ်ပေါ်မယ်ဆိုတာ မသိရှိနိုင်တဲ့အတွက်ညအချိန်ပစ်ခတ်မှုတွေဖြစ်ပွားလာမှာကိုလည်းမြို့ခံတွေကစိုးရိမ်နေကြပါတယ်။

    ကျောက်တော်မြို့ဟာ စကခ ၉ အခြေစိုက်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး ယခင်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကာလတွေအတွင်း အေအေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား အခုလို အခြေအနေတွေ ဖြစ်ပွားခဲဖူးပြီး မြို့တွင်းပစ်ခတ်မှုတွေလည်း ရှိခဲ့ဖူးတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

    ကျောက်တော်

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. ပီဒီအက်ဖ်တွေ လက်နက်စွန့်ရင် ကြိုဆိုမယ်လို့ စစ်ကောင်စီပြော

    ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ တခြားအဖွဲ့အစည်းအမျိုးမျိုးတို့ “လက်နက်အပ်နှံပြီး ပြည်သူ့ဘဝပြန်ဝင်ရောက်” ရင် ကြိုဆိုမယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန် ပြောဆိုလာပါတယ်။

    အဲဒီလို ပြောဆိုမှုနဲ့အတူ ပီဒီအက်ဖ်တပ်ဖွဲ့ဝင် တချို့ကို ကလေးတပ်နယ်ကတစ်ဆင့် မိဘတွေထံ ပြန်အပ်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှာ သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တာမရှိဘဲ ပြန်လည်ခိုလှုံလာသူ ပီဒီအက်ဖ် အဖွဲ့ဝင်ဆိုသူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်မှာ မိဘတွေထံ ပြန်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောဆိုမှုတွေအရဆိုရင်တော့ ပီဒီအက်ဖ်တပ်ရင်းတပ်ဖွဲ့တွေက တပ်ဖွဲ့ ၂၅၀ ကျော်နဲ့ တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာ ရှိနေပါတယ်။ ဒါ့အပြင် NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၄၀၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက အဲဒီလို ကမ်းလှမ်းမှုတွေ ရှိနေပေမဲ့စစ်ကောင်စီတပ်တွေနဲ့ ပီဒီအက်ဖ်တွေ၊ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ နေရာအတော်များများ ဖြစ်ပွားနေပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို စွန့်ခွာသွားတဲ့ စစ်သည်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။

    ပီဒီအက်ဖ် ကလေးတပ်နယ်

    ဓာတ်ပုံ ရင်းမြစ်, MRTV

  20. “စစ်ကောင်စီ ရွေးကောက်ပွဲ လွတ်လပ်မျှတနိုင်မှာ မဟုတ်၊ အာဏာသိမ်းဆန့်ကျင်သူတွေကို လက်နက်ထောက်ပံ့ဖို့ လတ်တလော မစဥ်းစားထား” -အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေး ဒဲရက် ရှိုလေး

    စစ်ကောင်စီက စီစဥ်နေတဲ့ ရွေးကောက်ပွဲက လွတ်လပ်တရားမျှတနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေး မစ္စတာ ဒဲရက် ရှိုလေးက ဒီကနေ့ ပြောလိုက်ပါတယ်။

    အဲဒီရွေးကောက်ပွဲက ဒေသတွင်းနဲ့ နိုင်ငံတကာကို လှည့်ပတ်ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့လည်း သူက စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောပါတယ်။

    ဒါ့အပြင် မစ္စတာ ရှိုလေးက ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့နေသလို မြန်မာအတွက်အလည်း အကူအညီတောင်းခံမှုတွေအပေါ် အမေရိကန် အစိုးရက စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကို လက်နက်တွေ အကူအညီပေးဖို့ "လက်ရှိမှာ မစဥ်းစားထားကြောင်း" လည်း အတည်ပြု ပြောဆိုပါတယ်။

    မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီဆွေးနွေးပွဲတက်ရောက်လာသူတွေက ပြောဆိုကြရာမှာ ရာထူးရယူထားချိန်ကစပြီး အခုချိန်ထိ မြန်မာနိုင်ငံကို လာရောက်ခွင့်မရသေးတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကလည်း တရားမဝင်တဲ့ မဲဆန္ဒတွေက မတည်ငြိမ်မှုတွေ ပိုဆိုးလာမယ့်အရေး စိုးရိမ်နေကြောင်း ပြောပါတယ်။

    ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ကိုယ်စားလှယ် ပွန်ပီမို ကန်ချန်နယ်လက်ကတော့ မြန်မာ ရွေးကောက်ပွဲအတွက် စိုးရိမ်မှု ရှိပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းပယ်တဲ့အပြောအဆိုတွေနဲ့ ပိတ်မိမနေကြဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားမှုကို ပကတိအခြေအနေအဖြစ် လက်ခံယူဖို့ ပြောပါတယ်။

    မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဆီယံရဲ့ ဦးဆောင် ဖြေရှင်းမှုကို နိုင်ငံတကာက အသိအမှတ်ပြုထောက်ခံထားကြပြီး ဖြေရှင်း ဆောင်ရွက်နေတာပါ။

    ဒဲရက်ရှိုလေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images