တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနဲ့ ဂေါ့အင်းကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နဲ့ ဒီကနေ့ ဇွန်လ ၁၇ မနက်ပိုင်းတွေမှာ
စစ်ကောင်စီတပ်တွေဆက်တိုက်ဝင်ရောက်ခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီး
ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၆ ရက်နေ့ညပိုင်းမှာတော့ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာထဲကို
စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို
နေအိမ်ထဲမှာရှိတဲ့ အသက် ၃၂ နှစ်အရွယ် မနွယ်နီဌေးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် သေနတ်နဲ့ပစ်ခတ်ပြီး လမ်းဘေးတစ်နေရာမှာပစ်ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အနီးအနားက ရွာသားတွေကူညီပေးတာကြောင့် ဒဏ်ရာတွေနဲ့မနွယ်နီဌေးကို အချိန်မီဆေးရုံပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့ ဇွန်လ ၁၇ ရက်မနက် ၁ နာရီလောက်မှာတော့ ဂေါ့အင်းကျေးရွာထဲကို
ထပ်မံဝင်ရောက်ခဲ့ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ မအေမီဖြိုးဝေကို နေအိမ်ရှေ့မှာတင် ပစ်ခတ်ခဲ့ပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးတွေဟာ
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သူတွေလို့လည်း ဒေသခံတချို့ရဲ့
ပြောဆိုချက်တွေရှိနေပါတယ်။
"သူတို့ကတော့ CDM လုပ်တယ်ဆိုတာထက် လောင်းလုံးမြို့နယ်က စစ်အာဏာရှင်တော်လှန်ရေးမှာ အားကောင်းတဲ့နေရာဆိုတဲ့ နာမည်ထွက်နေတဲ့ လူတွေကို
ပျူစောထီးတွေနဲ့ပေါင်းပြီး ဝင်ဖမ်းတာတွေလုပ်နေတာ။ ပုံမှန်ပစ်မှတ်ထားပြီးသားနာမည်ရှိပြီးသားအိမ်တွေကိုလုပ်တာ။ ဂေါ့အင်းရွာက မအေမီဖြိုးကိုပစ်ခတ်တာဆိုရင်တော်တော်လေးရက်ရက်စက်စက်လုပ်သွားတာ။ သူတို့လိုချင်တဲ့
သူကိုနာမည်မေးတော့ အပြင်ထွက်ပြီးမရှိဘူးပြောတဲ့အချိန်မှာ သက်ကြီးရွယ်အိုမိဘတွေရော၊ မအေမီဖြိုးရဲ့ တူမကလေးနှစ်ယောက်ရှေ့မှာတင်ပစ်သတ်သွားတာ။ အနားကလည်းမကူရဲမကပ်ရဲကြဘူး။ အိမ်ရှေ့မှာ စောင်လေးခြုံပြီးအလောင်းကိုထားထားရလို့ သွားကူညီပေးခဲ့ရတယ်" လို့ ထားဝယ်ခရိုင်သပိတ်အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, သပိတ်ကော်မတီ (ထားဝယ်ခရိုင်)

ဓာတ်ပုံ ရင်းမြစ်, သပိတ်ကော်မတီ (ထားဝယ်ခရိုင်)
ဒါ့အပြင် ဒီကနေ့ဇွန်လ ၁၇ ရက်မနက် ၁ နာရီခွဲလောက်မှာလည်း ဂေါ့အင်းကျေးရွာထဲက ကြယ်တောင်အနီးမှာ ဖြတ်သန်းသွားလာတဲ့ လမ်းသားလမ်းလာအမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီကထပ်မံပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး တစ်ဦးကိုတော့ အချိန်မီဆေးရုံပို့ နိုင်ခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရက်ပိုင်းအတွင်းမှာပဲ လောင်းလုံးမြို့နယ်အတွင်းမှာ စစ်အင်အားတိုးချဲ့ထားသလို CDM ဝန်ထမ်းအပါအဝင် ပြည်သူ ၇ ဦးကိုဖမ်းဆီးထားတယ်လို့လည်း သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။ လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာနေအိမ်တွေကိုဝင်ရောက်ပြီး ဒေသခံတွေပစ်ခတ်ခံရတဲ့ ဖြစ်စဥ်တွေအပေါ် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။