ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာ ၆ ရွာကဒေသခံတွေ ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကုမ္ပဏီ ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာ ၆ ရွာထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်နေတာကြောင့်ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးအိုးဘိုထောင်တွင်းဖြစ်စဥ် ရိုက်နှက်ခံခဲ့ရတဲ့ သပိတ်အဖွဲ့ဝင်ထောင်ဆေးရုံမှာရောက်နေပြီလို့ မန္တလေးသပိတ်အင်အားစုထုတ်ပြန်လာ

    ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က မန္တလေး အိုးဘိုထောင်တွင်းမှာအကျဥ်းသားတချို့နဲ့ထောင်ဝန်ထမ်းတွေရိုက်နှက်မှုဖြစ်ခဲ့တယ်ဆိုပြီးသတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ ထောင်အာဏာပိုင်တွေကတော့ဒီဖြစ်ရပ်တွေထောင်တွင်းမှာမရှိခဲ့ဘူးလို့ ဘီဘီစီရဲ့ မေးမြန်းချက်ကို ငြင်းဆိုပါတယ်။

    မန္တလေးသပိတ်အင်အားစုတွေဘက်ကတော့ အဲဒီရိုက်နှက်မှုမှာ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်ဖြစ်တဲ့ စိန်ပန်းသပိတ်စစ်ကြောင်းက ကိုခင်ဇော်သက် ပါဝင်ခဲ့ပြီးလက်ရှိမှာဒဏ်ရာအပြင်းအထန်နဲ့ ထောင်တွင်းဆေးရုံမှာဆေးကုသနေရတယ်လို့ဒီကနေ့ဇွန်လ ၁၁ ရက်မှာထုတ်ပြန်လာပါတယ်

    သပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုခင်ဇော်သက်ဟာ စစ်ကောင်စီကဖမ်းဆီးသွားချိန်မှာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်တာကြောင့်နောက်ဆက်တွဲ ကိုခင်ဇော်သက်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို စစ်ကောင်စီဘက်က တာဝန်ယူရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    "ထောင်ဆေးရုံမှာရောက်နေပြီလို့ ကြားထားပါတယ်။ သူတို့လက်ထဲကလူတွေကိုလုပ်ချင်သလိုလုပ်နေတာ။ ကျွန်တော်တို့ကတော့ အပြင်ကနေသူတို့အတွက်ဆက်ရုန်းကန်ပေးနေရမှာပဲ။ ICRC ကိုလည်း ကျွန်တော်တို့တိုင်ကြားထားပေမဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကလျော့မသွားတဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်တဲ့တော်လှန်ရေးအောင်ဖို့ အတူတူရုန်းကြဖို့ပဲလိုတယ်’’ လို့မန္တလေးသပိတ်အင်အားစုဘက်က ဘီဘီစီကိုပြောပါတယ်။

    မန္တလေးအိုးဘိုထောင်တွင်းက အကျဥ်းသားတွေကို‌ထောင်ဝန်ထမ်းတွေကို ရိုက်နှက်ရာမှာ အကျဥ်းသားတစ်ဦးသေဆုံးတယ်ဆိုတာကို လည်း အကျဥ်းထောင်နဲ့နီးစပ်သူတွေကပြောဆိုနေပေမယ့် ထောင်အာဏာပိုင်တွေကတော့ ငြင်းဆိုထားပါတယ်။

    လက်ရှိမန္တလေးနဲ့ရန်ကုန်အင်းစိန်ထောင်တွင်းမှာဖြစ်ပေါ်နေတဲ့ အကျဥ်းသားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်တောင်းဆိုမှုတွေလုပ်နေကြပါတယ်။

    အိုးဘိုထောင်

    ဓာတ်ပုံ ရင်းမြစ်, မန္တလေးသပိတ်အင်အားစု

  2. စစ်ကောင်စီရဲ့ စာသင်ကျောင်းဖွင့်တဲ့အပေါ် ဖားကန့် CDM ဆရာ-ဆရာများရှုံ့ချ

    စစ်ကောင်စီက ကျောင်းတွေဖွင့်တာဟာ တကယ်ပညာတတ်စေချင်တဲ့ စေတနာထက် သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ကလေးငယ်တွေကို ခုတုံးလုပ် အသုံးချတာဖြစ်တာကြောင့် စစ်ကောင်စီရဲ့ကျောင်းဖွင့်တဲ့အပေါ် ကန့်ကွက်တယ်လို့ ဖားကန့်မြို့နယ် CDM ကျောင်းဆရာဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ မြို့နယ်လုံးဆိုင်ရာ သပိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

    ကျောင်းတက်အောင် စစ်ကောင်စီက နည်းလမ်းပေါင်းစုံ သုံးနေပေမဲ့လည်း အများစုက ကျောင်းတက်တာတွေမရှိဘဲ လူနည်းစုသာ တက်တာဖြစ်တယ်လို့ ကန့်ကွက်တဲ့အထဲမှာ ပါဝင်သူတစ်ယောက်က ပြောပါတယ်။

    “ကျွန်တော်တို့ဖားကန့်မှာက ဘယ်လိုအနေအထားမျိုရှိလဲဆိုတော့ စစ်ကောင်စီက ဒီမှာတပ်စွဲထားတယ်။ ကျူရှင်ပုံစံမျိုးကျောင်းထဲမှာသင်တယ်။ ကျောင်းဝတ်စုံမဝတ်ရဘူး။ ရိုးရိုးဝတ်စုံတွေနဲ့ သင်ကြားနေတာတွေကိုလည်းတွေ့ရတယ်။ ကျောင်းသားတက်ရောက်တဲ့အနေနဲ့ကလည်း ၂၅ ရာခိုင်နုန်းလောက်တောက် မရှိဘူး။ သူတို့တပ်စွဲထားတဲ့အနီးအနားကကျောင်းတွေဘဲဖွင့်ကြတာပါ။ အဝေးက ရွာနယ်ဘက်ကသူတို့စိုးမိုးမှုမရှိတဲ့ကျောင်းကတော့မဖွင့်ဘူးခင်ဗျ” လို့သူက‌ ဆိုပါတယ်။

    လက်ရှိအချိန်မှာ ကချင်ပြည်နယ် အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတာ၊ တော်လှန်ရေးအရှိန်လည်း မြင့်နေတာကြောင့် အခုအချိန်မှာ ကျောင်းတက်တာတွေက အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

    ဖားကန့်၊ ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖားကန့်မြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်း( ပုံဟောင်း)
  3. သေဒဏ်စီရင်မိန့် ပြန်လည်စဥ်းစားဖို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် မြန်မာစစ်ကောင်စီကိုတိုက်တွန်း

    အတိုက်အခံအင်အားစုတွေကို ကွပ်မျက်ဖို့ စီစဥ်နေတာကို ပြန်လည်စဥ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားကြောင်း ဖနွမ်းပင်ပို့စ်သတင်းက ဖော်ပြလာပါတယ်။

    ဇွန် ၁၀ ရက်နေ့စွဲနဲ့စာတစ်စောင်မှာ ၀န်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီအနေနဲ့ သူတို့ကိုဆန့်ကျင်သူတွေကို သေဒဏ်ပေးခြင်းဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ပြင်ပမိတ်ဖက်အဖွဲ့အစည်း၀င်နိုင်ငံတွေကြား ကြီးမားတဲ့စိုးရိမ်မှုကို ပေါ်ပေါက်စေတယ်လို့လည်း ဆိုထားပါတယ်။

    "‌သေဒဏ်ကွပ်မျက်မှုအစီအစဥ်သာတကယ်အကောင်အထည်ဖော်ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းဆီကနေ အနုတ်လက္ခဏာဆောင်တဲ့တုံ့ပြန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာမယ်ဆိုတာကိုက မ္ဘောဒီးယားအနေနဲ့ အခိုင်အမာယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အခြေခံပြီး လက်ရှိ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အာဆီယံနဲ့ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ကြိုးပမ်းအားထုတ်နေမှုတွေကို ကြီးကြီးမားမားရိုက်ခတ်လိမ့်မှာ ဖြစ်တယ်" လို့ အဲဒီစာမှာဖော်ပြထားပါတယ်။

    Cambodia PM and Myanmar SAC leader

    ဓာတ်ပုံ ရင်းမြစ်, SPM

  4. စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုတွေအပေါ် ဖိအားပေးနိုင်ဖို့ အမေရိကန်ကို တောင်းဆို

    စစ်အာဏာသိမ်းဆန့်ကျင်ရေးဆောင်ရွက်နေသူတွေအပေါ် သေဒဏ်အပါအဝင် ဖိနှိပ်မှုမျိုးစုံသုံးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့ နိုင်ငံတွေအပေါ် ဖိအားပေးဖို့ အာရှသုံးနိုင်ငံခရီးစဥ်စတင်နေတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေး မစ္စတာ ဒဲရက် ရှိုလေးကို မြန်မ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ပါတယ်။

    အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေး မစ္စတာ ဒဲရက်ရှိုလေး ထိုင်းနိုင်ငံမှာရောက်ရှိချိန် ဇွန် ၁၀ ရက်မှာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတွေနဲ့ တွေ့ဆုံပြီးမြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ အဲဒီမှာပါ၀င်သူတစ်ဦးဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်က ‌‌ ဆိုပါတယ်။

    "ကိုဂျင်မီတို့အပါဝင် တခြားဒီမိုကရေစီလှုပ်ရှားသူတွေက ဖိနှိပ်မှုတွေ ကြုံရတယ်။ စစ်ကောင်စီက အာဏာသိမ်းမှုတွေကို ဆက်ပြီးကြိုးစားနေသရွေ့ ဒီလိုဖိနှိပ်မှုတွေဟာ ပိုများလာမယ်ပေါ့။ စစ်ကောင်စီကို ပိုပြီးဖိအားပေးနိုင်ဖို့ဆိုတာက ဒီလိုမျိုး ဒီမိုကရေစီနိုင်ငံ ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်။ ပိုပြီးနီးနီးကပ်ကပ်လုပ်ဖို့လိုတယ်။ အာဆီယံအစုအဖွဲ့က များသောအားဖြင့် အာဏာရှင်နိုင်ငံ ဖြစ်နေတယ်။ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဆိုရင်လည်း မျက်ကွယ်ပြုတာ၊ စစ်ကောင်စီကို ထောက်ခံတာတွေကို ဖိအားပေးသင့်တယ်လို့ ထောက်ပြခဲ့တယ်" လို့ သူက ဆိုပါတယ်။

    ဒါ့အပြင် နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ လူငယ်တွေ၊ စားဝတ်နေရေး ခက်ခဲလာတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်တွေကိုလည်း လူသားချင်း စာနာထောက်ထားမှု အထောက်ပံ့တွေ ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

    အရှေ့တောင်အာရှမှာ ဒီမိုကရေစီနိုင်ငံတွေ တိုးလာဖို့ဆိုတာ အမေရိကန်နိုင်ငံအတွက် အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တဲ့အပြင် တရုတ်ရဲ့ ပါဝင်ပတ်သတ်မှုတွေကြောင့် အာဏာရှင်နိုင်ငံတွေ ထပ်ပေါ်လာမယ်ဆိုရင် အရှေ့တောင်အာရှပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်လာမယ့်အကြောင့်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

    Derek Chollet

    ဓာတ်ပုံ ရင်းမြစ်, ကရင်အမျိုးသားမီဒီယာ

    ဓာတ်ပုံ ပုံစာ, မစ္စတာ ဒဲရက်ရှိုလေး ထိုင်းနယ်စပ်မယ်တော်ဆေးခန်းကို ရောက်ရှိစဥ်
  5. ခင်ဦးမြို့နယ် ကံသစ်ကျေးရွာမှာ အိမ်အလုံး ၅၀ ကျော်နဲ့ စပါးတင်းထောင်ချီ မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ကံသစ်ကျေးရွာကို အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဇွန် ၁၀ ရက် မနေ့ကနေ့လယ်ပိုင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကံသစ်ကျေးရွာက အိမ်ခြေ ၅၀ ကျော်၊ စပါးတိုက် ၁၂ လုံးက စပါးတင်းရေ ထောင်ချီ ၊ လယ်ထွန်စက်၊ ရေစုပ်စက်၊ စပါးခြွေစက်နဲ့ အရံမီးသတ်ရုံးတစ်ရုံးလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

    “ စဝင်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်တာ၊ တချို့ ထွက်မပြေးဘဲ ကျန်နေတဲ့ သက်ကြီးရွယ်အိုတွေကို ဒေသခံပီဒီအက်ဖ် ကအတင်းခေါ်ရတယ်။ ကြိုးမဖြည်ပေးနိုင်တဲ့ နွားတွေကိုလည်း လက်လှမ်းမီသလောက် ကြိုးဖြတ်ပေးလိုက်ကြတယ်။ စစ်တပ်က ရွာထဲရောက်တော့ ပီဒီအက်ဖ်အဖွဲ့ဝင်အိမ်လို့ ထင်တဲ့အိမ်ကို စရှို့တော့တာပဲ “ လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    အဲဒီစစ်ကောင်စီတပ်တွေဟာ ညနေ ၄ နာရီခွဲလောက်မှာ ပြန်ထွက်သွားကြတယ်လို့ ပြောပါတယ်။

    ကံသစ်ကျေးရွာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဇွန်လ ၁၀ ရက်အထိ ဝင်ရောက်စီးနင်းခံရတာ ၂၃ ကြိမ်၊ အသတ်ခံရတဲ့ ပြည်သူ ၈ ယောက်၊ အဖမ်းခံထားရတဲ့ ပြည်သူ ၂၈ ယောက်ရှိပါတယ်။ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီကမီးရှို့လို့ ရွာပေါင်း ၃၅ ရွာကအိမ်ခြေပေါင်း ၁၅၀၀ ကျော်ရှိပြီး စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်ခဲတွေဖြစ်နေတယ်လို့လည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းထဲက ‌နေရာ ‌တော်တော်များများမှာဖြစ်နေတဲ့ ရွာတွေမီးရှို့ခံရမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ပြောကြားတာ၊ တုံ့ပြန်တာမရှိသေးပါဘူး။

    ကံသစ်ရွာ၊ ခင်ဦးမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေ စီးနင်းပြီး မီးရှို့ခံလိုက်ရတဲ့ ကံသစ်ရွာ
  6. KNLA/KNDO တပ်ဖွဲ့၀င်တွေကြား ငှက်ဖျားအဖြစ်များနေ, ဆေး၀ါးရိက္ခာနဲ့ ‌ကျန်းမာရေး၀န်ထမ်း မလုံလောက်မှုနဲ့ရင်ဆိုင်နေရ

    ကရင်အမျိုးသားအစည်းအရုံး KNUတပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဝေါလေ - ကနဲလေး ဒေသအတွင်း KNLA /KNDO ပူးပေါင်း စစ်ကြောင်း ရဲဘော်တွေကြား လက်ရှိမှာ ငှက်ဖျားနဲ့ အအေးမိဖျားနာတာတွေ ဖြစ်ပွားနေပြီး ဆေးဝါးနဲ့ ပြုစု ကုသဖို့ ကျန်းမာရေး လုပ်သားတွေလိုအပ်နေတယ်လို့ ပူးပေါင်း တပ် ဖွဲ့ စစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

    "မနှစ် က စစ်ကောင်စီကို တော်လှန်ဖို့ စစ်သင်တန်းတွေ တက်ကတည်းက တောင်ပေါ်စခန်းတွေ မှာ ငှက်ဖျားမိထားကြတဲ့ ရဲဘော်တွေ ဒီ နှစ် မိုးတွင်းမှာ လည်း ငှက်ဖျား ပြန်ဖြစ် ကြတာ။စစ်ကြောင်း ၊တပ်ခွဲတိုင်းမှာ ရှိ နေတယ်။ ဒီတစ်ခွင်လုံးမှာဆို ငှက်ဖျား ဖြစ်နေသူ ရဲဘော် ၃၀၀ လောက် ရှိနေတယ်။ မိုးရာသီဆိုတော့ ဆေးဝါးနဲ့ စားစရာ ရိက္ခာ ပို့ရတာ ခက်ခဲတော့ ဆေးဝါး နဲ့ ရိက္ခာ မလုံလောက်ဘူး၊ နေရာစုံက ကိုယ့်အဖွဲ့ တွေ ငှက်ဖျား ရောဂါ ဖြစ်နေတာမှာ ပြုစု ကုသ စောင့်ရှောက်ပေးဖို့ ဆေး၀န်ထမ်းနဲ့ ဆေးတပ်သားတွေ လို နေတယ်။ သူတို့ ငှက်ဖျား သက်သာလာရင်လည်း အားဖြစ်မယ့်၊ အာဟာရ ဖြစ်မယ့် အစားအသောက် တွေ ကျွေးမွေး ဖို့ လို အပ်နေတယ်။ ကျွန်မတို့က ဆေးဝါး/ရိက္ခာ ထောက်ပို့ ပိုင်းက နေ သူတို့ လိုအပ်ချက်တွေ သိနေ တာဆိုတော့ ငှက်ဖျားဒဏ် ခံ နေရတဲ့ ရဲဘော်တွေ အတွက် ရန်ပုံငွေ ရှာပြီး ဆက်ကူညီ ပေးနေတယ်" လို့ KNLA/KNDO စစ်ရေး နယ်မြေ စစ်ကြောင်း ထောက့်ကူညီ ရေး တာ၀န်ရှိသူ ကပြော ပါတယ်။

    KNLA/KNDO

    ဓာတ်ပုံ ရင်းမြစ်, CJ

    လက်ရှိမှာ ငှက်ဖျားဖြစ်ပွားနေတဲ့ စစ်ရေးနယ် မြေတွေမှာ ကရင် ကျန်းမာရေးဌာန (KDHW) နဲ့မိတ်ဖက် အဖွဲ့ အစည်းတွေက ငှက်ဖျား စစ်ဆေး ပေးခြင်း၊ အသိပညာပေးမှုတွေလုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ရှေ့တန်းစခန်း‌နေရာတချို့မှာ စီဒီအမ်ဆရာ၀န်နဲ့ကျန်းမာရေး ၀န်ထမ်းတွေ ၊KNLA /KNDO ဆေးတပ်သားနဲ့ Free Burma Rangers တပ်ဖွဲ့ တွေက ကုသစောင့်ရှောက် ပေးနေကြောင်း သိရပါတယ်။ ဒီကြားထဲမှာမှ ငှက်ဖျားမိသူ များလာတာ‌ကြောင့် ရဲဘော် ရဲဘက် အချင်းချင်း စောင့် ရှောက် ကူညီပေး နေကြရကြောင်း ဝေါလေ ဒေသ KNLA ရှေ့တန်း စစ်ကြောင်း ရဲ ဘော်တွေကပြောပါတယ်။

  7. ကယားမှာ စစ်ရှောင်တွေနေထိုင်တဲ့ ကျေးရွာထဲ လက်နက်ကြီးကျ တစ်ဦးသေဆုံး၊ ကလေးငယ်တွေအပါအဝင် ၃ ဦးဒဏ်ရာရ

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ဆောင်ဒူလာကျေးရွာအုပ်စုထဲကိုမနေ့ ဇွန်လ ၁၀ ရက်ညပိုင်းက စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ကျ‌ရောက်ခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆို PDF က ထုတ်ပြန်ပါတယ်။

    လက်နက်ကြီးသံတွေကို ညဦးပိုင်းကတည်းကကြားနေရပေမဲ့ညအိပ်မောကျချိန်မှာတော့နေအိမ်ထဲကို လက်နက်ကြီးကျလာတာဖြစ်ပြီး နေအိမ်ထဲ အိပ်ပျော်နေတဲ့ အသက် ၅၄ နှစ်အရွယ် ဦးကိုရီကတော့ ပွဲချင်းပြီးသေဆုံးသွားသလို ၅ နှစ်အရွယ် မြေးဖြစ်သူနဲ့ အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူအပါအဝင် စာလာသင်နေတဲ့ ကလေးငယ်တစ်ဦးကတော့ လက်နက်ကြီးအစထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

    ‘’ အိပ်မောကျနေချိန်လည်းဖြစ်တယ်၊ လက်နက်ကနေအိမ်တည့်တည့်ကိုလာမှန်တာအဖေဖြစ်သူကတော့ပွဲချင်းပြီးပဲ။ အသက် ၁၈ နှစ်အရွယ်သမီးကလည်း ဒဏ်ရာတော်တော်ပြင်းထန်ပြီးစိုးရိမ်ရတယ်။ ကျန်တဲ့ကလေးနှစ်ယောက်ကတော့ ဒဏ်ရာရပေမဲ့မဲ့မစိုမ်ရဘူး’’ လို့ ဒီးမောဆိုပြည်သူ့ကာကွယ်ရေးတပ်ရဲ့ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

    ဒီးမော့ဆို

    ဓာတ်ပုံ ရင်းမြစ်, ဒီးမော့ဆို PDF

    ဒီးမော့ဆို

    ဓာတ်ပုံ ရင်းမြစ်, ဒီးမော့ဆို PDF

    အရပ်သားနေအိမ်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာဟာ စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်ကဖြစ်တယ်လို့လည်း ဒီးမောဆိုပြည်သူ့ကာကွယ်‌ရေးတပ်ကထုတ်ပြန်ပါတယ်။ဒါကြောင့် အခုဖြစ်စဥ်အပေါ် စစ်ကောင်စီရဲ့တုံ့ပြန်ချက်သိရဖို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းဖို့လည်း ကြိုးစားနေပါတယ်။

    အခုလက်နက်ကြီးထိမှန်တဲ့ဆောင်ဒူလာကျေးရွာဟာ ကယားပြည်နယ်ထဲ ဒေသခံအများစုစစ်ရှောင်ကြတဲ့ကျေးရွာဖြစ်ပြီး နေအိမ်ထဲထိလက်နက်ကြီးကျတဲ့ အခြေအနေတွေကြောင့်ဒေသခံတွေမှာ နောက်ထပ် ဘေးလွတ်မယ်ထင်တဲ့နေရာကို ထပ်ပြီး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ ဒေသခံနေအိမ်တွေထဲ လက်နက်ကြီးကျတာ၊ စစ်ကောင်စီတပ်တွေကဖမ်းခေါ်သွားပြီးနောက်ပိုင်း ပစ်ခတ်ခံရပြီးသေဆုံးတာတွေနဲ့ တိုက်ပွဲတွေကြား ပစ်ခတ်မှုတွေကြောင့်သေဆုံးရတာတွေအပြင် စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးထိခိုက်ပြီး သေဆုံးရတဲ့အရပ်သားတွေလည်းရှိနေတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ပါတယ်။

    ဒီအကြောင်းတွေကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးရတဲ့အရပ်သားပြည်သူ၂၅၀ ကျော်အထိရှိနေပြီလို့လည်း ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။စစ်ကောင်စီကတော့ ကယားပြည်နယ်ထဲက အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်ပြီးသီးခြားသတင်းထုတ်ပြန်လာတာမရှိပါဘူး။

  8. မတ္တရာက ချိပ်ပိတ်ခံထားရတဲ့အိမ်တွေ ဖောက်ထွင်းခိုးယူခံရ, စစ်ကောင်စီဝင်ရှာသွားတဲ့အိမ်တွေထဲ ပစ္စည်းတွေယူငင်ခံရတာရှိနေ

    မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ချိပ်ပိတ်ခံရတဲ့ နေအိမ်အပါအဝင် မတ္တရာမြို့နယ်တွင်းက ကျေးရွာ နေအိမ်တွေကို ဖောက်ထွင်းတာ အိမ်အသုံးဆောင် ပစ္စည်းတွေပါ ခိုးယူခံရတာတွေ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း မတ္တရာမြို့နယ်တွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက် တပ်စွဲတာ ကျေးရွာနေအိမ်တွေ ဝင်မွှေတာ မီးရှို့တာတွေလည်း ရှိခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေက မတ္တရာမြို့နယ် ကျေးရွာတချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်၊ တပ်က ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်ဖမ်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကျေးရွာက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ သော့ခတ်ထားတဲ့အိမ်တွေကိုသော့တွေဖျက်၊ လိုချင်တာတွေယူ၊ ကြက်တွေ၊ ဝက်တွေသတ်ပြီး ချက်ပြုတ်စားကြတယ်။ နောက်ဆုံး မြေကြီးထဲ မြှုပ်ထားတာတွေကိုတောင် တူးယူကြတာ။ စစ်ကြောင်းလည်း ထွက်သွားပြီးရော နောက်ထပ်လူတချို့က စစ်ကောင်စီဘက်က လူတွေလိုလို ဟန်ဆောင်ပြီး အဲဒီအိမ်ထဲက ပစ္စည်းတွေကို ဝင်ယူကြပြန်တယ်" လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မတ္တရာမြို့ထဲမှာတော့ ငြိမ်သက်နေပေမဲ့ စစ်ကြောင်းထိုးခံ‌ရတဲ့ ကျေးရွာတွေဘက်မှာတော့ ‌ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ လို့ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း မတ္တရာမြို့နယ် ၊ ကောက်ရိုးပုံကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူတွေရဲ့ နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ပါတယ်။

    အခုလိုမတ္တရာနယ်ထဲ စစ်ကောင်စီတပ်တွေ၀င်ရောက်မှု၊ နေအိမ်တွေမီးရှို့ခံရမှု၊ တစ်ခါအိမ်တွေဖောက်ထွင်းယူငင်ခံရမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံက တုံ့ပြန်ချက်ရဖို့ ဆက်သွယ်ခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူး။

    မတ္တရာမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးခံနေရတဲ့ မတ္တရာမြို့နယ်
  9. ဘုတလင်မြို့နယ်မှာ စစ်ကြောင်းတစ်ခုကို မိုင်းဆွဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို ဒုံးပျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဘုတလင်မြို့နယ် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ ဒုံးပျံ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

    အဲ့ဒီစစ်ကောင်စီတပ်တွေက မွန်းလွဲ ၁ နာရီလောက်မှာ စိုင်ပြင်ရွာကို အင်အား ၄၀ လောက်သွားပို့ပြီး ဘုတလင်-စိုင်ပြင်လမ်းအတိုင်း ပြန်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒုံးပျံအဖွဲ့ဦးဆောင်သူက ပြောပါတယ်။

    “အဲဒီစစ်ကြောင်းထဲက တစ်ယောက်က ကျွန်တော်တို့ မိုင်းဆွဲမယ့် ကြိုးစကိုမြင်ပြီး မိုင်းရှိတဲ့နေရာကို လှပ်ကြည့်နေတုန်းပဲ မိုင်းဆွဲလိုက်တာ၊ အဲဒီနားမှာတင် ၁၇ ယောက်လောက် ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ မိုင်းဆွဲပြီးတော့ ဘုတလင်မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကလည်း ဝိုင်းပစ်ကြတာ၊ တိုက်ပွဲက နာရီဝက်လောက် ကြာသွားတယ်။” လို့ ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် သွားကြည့်ချိန်မှာ နှစ်ရစ်တံဆိပ်ပါတဲ့ အင်္ကျီလက်မောင်းပြတ်အ၀တ်စတစ်ခု၊ စစ်ဖိနပ်တချို့နဲ့ ခေါင်းကျည်ဆံမှန်ထားတယ်လို့ ယူဆရတဲ့ ဦးထုပ်တွေကို တွေ့ရတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက် သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

    ဘုတလင်၊ မိုင်းဆွဲတိုက်ခိုက်

    ဓာတ်ပုံ ရင်းမြစ်, ဘုတလင်မြို့နယ် Facebook page

    ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးတိုက်ခိုက်ခံနေရတဲ့ ဘုတလင်မြို့နယ်
  10. စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခ ရွေးကောက်ပွဲအကြောင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆို

    စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန ဂုဏ်ထူးဆောင်ပါမောက္ခ ကားလ်ဒီဂျက်ဆန်တို့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

    နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်မှာတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲအရေးကိစ္စဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    ရွေးကောက်ပွဲကော်မရှင်က သူတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအကြောင်း၊ ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ လေ့လာသူတွေကို ဖိတ်ခေါ်သွားမှာ ဖြစ်ကြောင်းနဲ့ မဲဆန္ဒရှင်တွေလက်ခံတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်သွားမယ်ဆိုတာတွေကို ပြောဆိုခဲ့တယ်လို့ ဆိုပြီး ပါမောက္ခဂျက်ဆန်က လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နေရာအတော်များများမှာ တိုက်ပွဲတွေ၊ ပြောက်ကျားတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ကြားက စစ်ကောင်စီက သူတို့ကျင်းပမယ် ပြောဆိုနေတဲ့ ရွေးကောက်ပွဲအတွက် လုပ်ငန်းစဥ်အဆင့်ဆင့်တွေ လုပ်ဆောင်နေတဲ့ သတင်းတွေကို အခါအားလျော်စွာ ထုတ်ပြန်နေတာကို တွေ့ရပါတယ်။

    စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခ ရွေးကောက်ပွဲအကြောင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, MRTV

  11. မြန်မာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် ကမ္ဘာ့ဘဏ် ချန်လှပ်

  12. ရှောင်တာနဲလ်ကို စွဲချက်တင်ဆုံးဖြတ်ချက် သြစတြေးလျ အစိုးရ လက်မခံဘူးလို့ပြော

    သြစတြေးလျနိုင်ငံသား စီးပွားရေးကြံပေး ရှောင်တာနဲလ်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုအတွက် မနေ့က စွဲချက်တင်အမိန့်ချတဲ့ ဆုံးဖြတ်ချက်ကို သြစတြေးလျ အစိုးရက လက်မခံဘူးလို့ ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

    မစ္စတာရှောင်တာနဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်၅ဦးကိုစွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုကို ဇွန်လ ၉ ရက်မှာ နေပြည်တော်အထူးတရားရုံးက စွဲချက်တင်အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

    သြစတြေးလျအစိုးရရဲ့ထုတ်ပြန်ချက်မှာ အခုဆိုရင် ပါမောက္ခ ရှောင်တာနဲလ်ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာ ၁၆ လ ကျော် ရှိနေပြီ ဖြစ်ပြီး သူ့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ပါရှိပါတယ်။

    ပါမောက္ခရှောင်တာနဲလ်ဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ လုပ်ခဲ့သူဖြစ်ကြောင်းနဲ့ သူပြန်မလွတ်မချင်း သူ့အတွက် ဆက်ပြီးတိုက်တွန်းတောင်းဆိုသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မစ္စတာရှောင်တာနဲလ်ရဲ့ လက်ပ်တော့ကွန်ပျူတာထဲမှာ တွေ့ရတဲ့စာရွက်စာတမ်းတွေကြောင့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်ကတော့ ဒီစာရွက်စာတမ်းတွေဟာ နိုင်ငံတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

    မစ္စတာရှောင်တာနဲလ်ကိုလူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့လည်း တရားစွဲဆိုထားပြီးအဲဒီအမှုကိုလည်း ကြားနာနေပါတယ်။

    Sean Turnell

    ဓာတ်ပုံ ရင်းမြစ်, Sean Turnell

  13. မြစ်ကြီးနားမှာ မိုးကောင်းနေပြီးမြေနိမ့်ပိုင်းတွေ ရေ၀င်ရောက်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အခု ရက်ပိုင်းအတွင်း ရက်ဆက်မိုးရွာသွန်းနေပြီး မြေနိမ့်ပိုင်းရပ်ကွက်တချို့ ရေ၀င်ရောက်မှုတွေရှိနေပါတယ်။

    ဇွန် ၂ ရက်ကစလို့ မုတ်သုန်စဝင်လာတာကြောင့် အခုလို မိုးကောင်းနေတာဖြစ်‌ပြီး ဧရာ၀တီမြစ်ရဲ့စိုးရိမ်ရေမှတ်ကိုတော့မရောက်နိုင်သေးဘူးလို့ ကချင်ပြည်နယ် မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

    ဒါအပြင် နောက်ထပ် တစ်ပတ်ဆယ်ရက်လောက်အထိ မိုးဆက်ရွာနိုင်ပေမဲ့ ရေကြီး‌ရေလျှံတာတော့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

    “အခုလက်ရှိမိုးရေချိန်က ပုံမှန်ထက်နည်းနည်း ပိုပြီရွာတာပေါ့။ မုတ်သုန်ဝင်ခါစအချိန်ဆို အမြဲတမ်းဒီလိုပဲ နှစ်စဉ်နှစ်တိုင်း မိုးရွာတတ်ပါတယ်။ ကချင်ပြည်နယ်ကို မုတ်သုန်က ဇွန် ၂ ရက်နေ့ကနေစဝင်တာ။ အဲဒီနေ့ကနေ မိုးရေချိန်ကလက်ရှိတော့ ငါးလက်မနီးပါးမိုးရွာခဲ့တာပေါ့။ ငါးလက်မဆိုတာနည်းတဲ့မိုးရေချိန်မှမဟုတ်တာ။ ဧရာဝတီမြစ်ရေကတော့ မေခ့မလိခတောင်ပေါ်မှာမိုးများတဲ့အခါမှာတော့မြစ်ရေတက်လာတဲ့အနေအထားရှိတာပေါ့နော်။ လက်ရှိအတိုင်းဆိုရင်တော့ စိုးရိမ်ရေအမှတ်ကို ရောက်မယ်လို့မထင်ပါဘူး" လို့ ကချင်ပြည်နယ် မိုးဇလ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ဧရာဝတီမြစ်ရေ ကတော့ မိုးရွာသွန်းမှု တစ်ခုထဲနဲတော့ မြစ်ရေ မတက်နိုင်ပေးမဲ့ မြောက်ဖျားက မေခ မလိခ ဘက်မှာ မိုးကြီး ပြီး မုန်တိုင်းတွေရှိပြီး အဲဒီလို ဆက်စပ်အခြေအနေရှိမှသာ မြစ်ရေစိုးရိမ်ရေအမှတ်ကို ရောက်နိုင်တယ်လို့ဆိုပါတယ်။

    MyintKyeeNar, Kachin state, June 10

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. အင်းတော်ကြီးမိုင်းနောင်ရွာအနီးစစ်ကောင်စီနဲ့ ကေအိုင်အေတို့တိုက်ပွဲဖြစ်ပွား, ပစ်ခတ်သံတွေကြောင့် စာသင်ကျောင်းတွေ နေ့တစ်၀က်နဲ့ ပိတ်လိုက်ရ

    ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာနဲ့နှစ်မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ ရွှေမှော်ဘက်မှာ ဒီကနေ့ ဇွန် ၁၀ ရက် မနက်ပိုင်းမှာ လက်နက်သံတွေကြားရတယ်လို့ မိုင်းနောင်ဒေသခံတွေက ပြောပါတယ်။ ဒါဟာ စစ်ကောင်စီတပ်နဲ့ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်တယ်လို့လည်း သိရပါတယ်။

    "ထိခိုက်မှုကတော့ ဟိုဘက်ဒီဘက်တော့ မကြားဘူး။ ပြည်သူတစ်ယောက်ကတော့လက်နက်ကြီးစ ထိပြီး မစိုးရိမ်ရအခြေအနေနဲ့ အရပ်သားတစ်ယောက်တော့ထိသွားတယ်။ နာရီဝက်ကျော်လောက်ကြာအောင်လက်နက်သံတွေကြားရတယ်။ လက်နက်ကြီးသံတွေကိုပဲ နာရီဝက်ကျော်ကျော်လောက်ကြားလိုက်ရတာပါခင်ဗျ" လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

    လက်နက်စ ထိမှန်ခဲ့တဲ့အမျိုးသားတစ်ဦးကတော့ ခြေဖမိုးကို ထိမှန်တာဖြစ်ပြီး မစိုးရိမ်ရအခြေအနေ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

    မိုင်းနောင်ကျေးရွာအနီးအနားမှ ာလက်နက်သံတွေကြားရတာကြောင့် ကျောင်းသားမိဘတွေက စိုးရိမ်ပြီး ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို ပြန်ခေါ်တာတွေရှိပြီး ကျောင်းတွေ နေ့တစ်ပိုင်း ပိတ်လိုက်ရတယ်လို့လလည်း သိရပါတယ်။

    ဇွန်လ ၁၀ ရက်နေ့ မနက်က တိုက်ပွဲဖြစ်တဲ့နေရာဟာ ရွှေတူးဖော်တဲ့ ရွှေမှော်ဖြစ်ပြီး မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်နောင်ကျေးရွာအနောက်ဘက် မှာ ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ မနှစ်က အောက်တိုဘာလတုန်းကလည်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီဘက်ကနေပြီး လေကြောင်းနဲ့တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

    Mai Naung Village, Kachin State

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. KNU နယ်မြေအတွင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဖွင့်နေ

    KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲက ကော့ကရိတ် မြို့၊ ကျုံဒိုးမြို့နယ်အတွင်းမှာ ကရင်ပညာရေးနဲ့ယဥ်ကျေးမှုဌာန KECD စာသင်ကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေဖွင့်ပြီး စာသင်ကြားမှုတွေလုပ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

    ဒီကိုယ်ထူကိုယ်ထကျောင်းတွေမှာတော့ မူလတန်းကျောင်းနေအရွယ်ကလေးကစပြီး အထက်တန်းအထိသင်ကြားပေးနေတာဖြစ်တယ်လို့ ကျောင်းမှာပါဝင်သင်ကြားပေးနေတဲ့ ဒေသတွင်း CDM ဆရာဆရာမတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

    KNU ထိန်းချုပ်ထားတဲ့ ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်း၊ ကျုံဒိုးနဲ့ တောင်ပိုင်းဒေသဘက်မှာတော့ စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေကို တက်ရောက်သူမရှိတာကြောင့် စစ်ကောင်စီရဲ့ပညာရေးစနစ်မလည်ပတ်တဲ့ ဒေသတွေ ဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

    ‘’ကိုယ်ထူကိုယ်ထကျောင်းတွေပုံစံမျိုးစုံပြန်ဖွင့်နေကြပြီ။ တောင်ပိုင်းတခွင်လုံးအထိ စစ်ကောင်စီပညာရေးမရှိတော့ဘူး။ အထက်တန်းပညာရေးပါသင်ပေး တဲကျောင်းတွေဖွင့် ပေးနေတယ်။ အခုတောင်ကြာအင်း အထက်တန်းကျောင်းက စစ်ကောင်စီတပ်စွဲထားတုန်း အခြေအနေကြောင့် ရပ်မိရပ်ဖတွေစည်းဝေးပြီး ရွာဘုန်းကြီးကျောင်းမှာ စာသင်ကျောင်းဖွင့် ဖို့ လုပ်နေတယ်။ အရင်က မြို့ကျောင်းတွေမှာသွားထားထား တဲ့ ကလေးတွေပါ ကိုယ့်ဒေသကျောင်းမှာလာပြန်တက်တော့ကျောင်းသား ပိုများလာတယ်။ နေရာထိုင်ခင်းနဲ့ စာရေးကရိယာလည်းလိုတာတွေလည်း ရှိ တယ်။ ကျောင်းအိပ်ကျောင်းစား နေကြ သူတွေ အတွက် အိပ်ဆောင်တွေ ၊ထမင်းစားဆောင် တွေလည်းဆောက်ဖို့ လိုနေတယ်’’ လို့ ကျောင်းမှာ ပါဝင်သင်ကြားနေတဲ့ CDM ကျောင်းဆရာမတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အဲဒီဒေသတွေမှာ စစ်ကောင်စီလက်အောက်က မြို့နယ်ပညာရေးရုံးတွေက Non CDM ဝန်ထမ်းတချို့နဲ့ ဒေသတွင်းကျေးလက်ကျောင်းတွေပြန်ဖွင့်ဖို့ ကျေးရွာရပ်မိရပ်ဖတွေနဲ့ ဘုန်းတော်ကြီးတွေကို စည်းရုံးဖိအားပေးတာတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

    ဒါပေမယ့် စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေမှာ တက်ရောက်သူ ရာဂဏန်းလောက်သာရှိပြီး KECD ကရင်ပညာရေး ကျောင်းတွေမှာ သာတက်ရောက်သူများတယ်လို့လည်း ကော့ကရိတ်တောင်ပိုင်းက ကျောင်းသားမိဘတွေကဆိုပါတယ်။

    ကိုယ်ထူကိုယ်ထကျောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. အင်းစိန်အကျဥ်းထောင်ထဲက အမျိုးသမီးအဆောင်တစ်ခု သောက်သုံးရေဖြတ်တောက်ခံထားရ, ထောင်အတွင်း အမျိုးသမီးဖိနှိပ်မှုတွေအတွက် နိုင်ငံတကာက လျစ်လျူမရှုထားဖို့ အမျိုးသမီးအင်အားစုတွေတောင်းဆိုနေ

    ရန်ကုန်အင်းစိန်အကျဥ်းထောင်ထဲက အမျိုးသမီးအဆောင်တစ်ခုမှာ အကျဥ်းသားအမျိုးသမီးတွေကို ထောင်တွင်းမှာ သောက်သုံးရေဖြတ်တောက်ထားတယ်ဆိုပြီး ထောင်တွင်းက ကြားသိရတဲ့ သတင်းအချက်အလက်ကို အကျဥ်းကျနေသူရဲ့မိသားစုတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အင်းစိန်အကျဥ်းထောင်တွင်း မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ထောင်ဝန်ထမ်းတွေက ဆေးရုံပို့ဖို့ အချိန်ဆွဲ လျစ်လျူရှုထားတာကြောင့် ကလေးငယ်သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခုဖြစ်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ထောင်တွင်း ဆူပူမှုတစ်ခုဖြစ်ခဲ့ရာကစပြီး အမျိုးသမီးအဆောင်ကို ရေဖြတ်တောက်လိုက်တာလို့ မိသားစုဝင်ရဲ့ပြောပြချက်အရ သိရပါတယ်။

    ‘’ထောင်ဝန်ထမ်းတွေမသိချင်ယောင်ဆောင်နေလို့ပဲ ကလေးကနောက်ကျပြီးဆုံးသွားတယ်။ အဲဒီအချိန်ကစပြီး ထောင်ထဲဂယက်ဖြစ်တယ်၊ ဆူပူမှုဖြစ်သွားတယ်။ အဲလိုဆူရမလားဆိုပြီး သောက်ရေစဖြတ်တာ။ ညစ်ညမ်းရေတွေ အိမ်သာရေတွေသုံးနေရလို့ ဝမ်းပျက်တာတွေဖြစ် နေတယ်လို့ပြောတယ်’’ လို့ အကျဥ်းသားတစ်ဦးရဲ့မိသားစုဝင်က အင်းစိန်ထောင်တွင်းက ရလာတဲ့ မိသားစုဆီကသတင်းကို ဘီဘီစီကိုပြန်ပြောပြခဲ့တာပါ။

    လက်ရှိမှာလည်း အင်းစိန်အကျဥ်းထောင်ထဲမှာ ၆လ အောက် မွေးကင်စကလေး ၄ ယောက် လောက်ရှိနေတဲ့အတွက် သောက်ရေမရတဲ့အခါ ကလေးငယ်တွေပါခက်ခဲနေတယ်လို့ထောင်တွင်းသိရတဲ့အချက်အလက်တွေကို အဲဒီမိသားစုဝင်က ဆက်ပြောပြပါတယ်။

    အင်းစိန်အကျဥ်းထောင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    အင်းစိန်အကျဥ်းထောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အခုလိုအင်းစိန်အကျဥ်းထောင်တွင်းက အမျိုးသမီးအဆောင်မှာ‌ သောက်သုံးရေ ဖြတ်တောက်ခံရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအကျဥ်းဦးစီးတာဝန်ရှိသူကို ဘီဘီစီကဆက်သွယ်မေးမြန်းရာမှာတော့ ရေဖြတ်တောက်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

    ‘’ရေတွေအစာတွေဘယ်လိုဖြတ်လို့ရမှာလဲဗျာ။ သောက်ရေ၊သုံးရေ၊ စားစရာအားလုံးပြည့်စုံ အောင်လုပ်ပေးထားပါတယ်။ ဒီလိုအဖြစ်တွေမရှိပါဘူး ‘’ လို့ အကျဥ်းဦးစီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာလည်း မန္တလေးအိုးဘိုထောင်အတွင်းမှာအကျဥ်းသားနဲ့ ထောင်ဝန်ထမ်းတွေ ရိုက်နှက်မှုဖြစ်ပြီး အကျဥ်းသားတစ်ဦးသေဆုံးပြီး ဒဏ်ရာရအကျဥ်းသားတွေ ဆေးကုခွင့်မရဘဲ တိုက်ပိတ်ခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက နေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

    အိုးဘိုထောင်အတွင်းကဖြစ်စဥ်ကိုလည်း မရှိခဲ့ဘူးလို့ အကျဥ်းဦးစီးဌာနက ဆက်လက်ငြင်းဆိုထားပါတယ်။

    အခုလိုအကျဥ်း‌‌ထောင်တွင်းဖိနှိပ်မှုတွေနဲ့ အမျိုးသမီးအကျဥ်းသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုံ့ချကြောင်းနဲ့ ဒီဖြစ်ရပ်တွေမျက်ကွယ်မပြုထားဖို့ သက်ဆိုင်ရာနိုင်ငံတကာအကျဉ်းသားစောင့်ရှောက်ရေး အဖွဲ့အစည်းများတွေနဲ့ လူထုကို တိုက်တွန်းတယ်လို့ Woman Alliance Burma အဖွဲ့ကလည်းထုတ်ပြန်တောင်းဆိုထားပါတယ်။

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေ့စဥ်လိုလိုဖမ်းဆီးခံရသူတွေရှိနေပြီး အမျိုးသမီး ၁၂၀၀ ကျော်လောက်ဟာလည်း အကျဥ်းထောင်တွေထဲမှာဖမ်းဆီးခံထားရပြီး အသက် ၁၈ နှစ်အောက်အမျိုးသမီး ၁၆ ဦးပါဝင်တယ်လို့လည်း နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

  17. အိုးဘိုအကျဥ်းထောင်မှာ ၅၀၅ အကျဥ်းသားတွေနဲ့ထောင်ဝန်ထမ်းတွေရိုက်နှက်မှုဖြစ်, ဒဏ်ရာပြင်းထန်တဲ့အကျဥ်းသားတချို့ ဆေးကုခွင့်မရဘဲ တိုက်ပိတ်ခံထားရ၊ အကျဥ်းဦးစီးဘက်ကတော့ ဒီဖြစ်စဥ်တွေမရှိဘူးလို့ ငြင်းဆို

    မန္တလေးမြို့က အိုးဘိုအကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ထောင်ပိတ်ချိန်မှာ ပုဒ်မ ၅၀၅ အကျဥ်းသားတွေနဲ့ ထောင်ဝန်ထမ်း စကားများရိုက်နှက်မှုဖြစ်ခဲ့ပြီး အကျဥ်းသားတချို့တိုက်ပိတ်ခံထားရတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။

    အဲဒီနေ့က ထောင်ပိတ်ချိန်မှာ အမှုရင်ဆိုင်နေရဆဲ ၅၀၅ အကျဥ်းသားတွေနဲ့ ထောင်တွင်းစည်းကမ်းထိန်းသိမ်းရေးလုပ်သူတချို့ စကားများရာကနေ ထောင်ဝန်ထမ်းတွေက အင်အားအများအပြားနဲ့ အခန်းတွင်းဝင်ရိုက်ခဲ့တာဖြစ်တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

    ဒီဖြစ်စဥ်မှာ ရိုက်နှက်ခံရတဲ့ အကျဥ်းသားတွေထဲက တစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းထန်ရခဲ့တယ်လို့လည်း အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပြလာပါတယ်။ ရိုက်နှက်ခံရပြီး သေဆုံးသူဟာ CDM ရဲတစ်ယောက်ဖြစ်ပြီး သေဆုံးမှုကိုတော့ ထောင်အတွင်း သတင်းအမှောင်ချလို့ အတည်မပြုနိုင်သေးဘူးလို့ ထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    အကျဥ်းထောင်နဲ့ နီးစပ်တဲ့ သူတွေဆီကနောက်ဆက်တွဲကြားသိရတဲ့ သတင်းတွေအရတော့ အခု ဖြစ်စဥ်မှာ ရိုက်နှက်ခံရမှုကြောင့် အပြင်းထန်ဒဏ်ရာရသူ အကျဉ်းသားတွေကို ဆေးကုသခွင့်မပေးဘဲ တိုက်ပိတ်ထားသလို ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ အခန်းတွင်းက အကျဉ်းသား ၁၄ ဦးကိုပါ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

    ဒါနဲ့ပတ်သက်ပြီး အကျဥ်းဦးစီးဌာနကို ဘီဘီစီကဆက်သွယ်မေးမြန်းရာမှာတော့ ဒီလိုရိုက်နှက်ရန်ဖြစ်ပြီး သေဆုံးတဲ့ဖြစ်စဥ်မရှိခဲ့ဘူးလို့ အကျဥ်းဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။ အကျဉ်းဉီးစီးဌာန ပြောရေးဆိုခွင့်ရှိသူက သေဆုံးတဲ့ ဖြစ်စဉ်မရှိသလို ဒဏ်ရာရအကျဉ်းသား ရှိခဲ့ရင် ထောင်ဆေးရုံကုသခွင့်ရှိတယ်လို့ ပြောပါတယ်။

    "ထောင်ပိုင်က ဓားနဲ့ထိုးလို့ ဘယ်ရလဲ။ ကိုယ့်ဆီမှာရှိတာ သားသမီးလို စောင့်ရှောက်ရတာပါ။ နောက်ပြီး သေတာကို သူတို့ဘယ်လို ထိန်ချန်ထားလို့ ရမလဲ။ အဲဒါမဟုတ်ပါဘူး။ မရှိပါဘူး။ နေမကောင်းတဲ့သူတောင် ထောင်ထဲ ဆေးကုခွင့်ပေးတယ်။ မရရင် အပြင်ဆေးရုံကို သတင်းပေးပို့ ကုပေးတာ ဒီလိုထိခိုက်ဒဏ်ရာရသူကို တိုက်ပိတ်ပြီး ဘယ်လိုထားမလဲ ရှိလဲမရှိပါဘူး"လို့ အကျဉ်းဉီးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၅ရက်နေ့ အိုးဘိုအကျဉ်းထောင်တွင်း ဖြစ်စဉ်နဲ့ပက်သက်လို့ ပြောပါတယ်။

    အိုးဘိုအကျဥ်းထောင်

    ဓာတ်ပုံ ရင်းမြစ်, Kaung Zaw Hein/ MPA

  18. စီးပွားရေးမောင်းနှင်အားကို တိုးတက်အောင် မဖြစ်မနေ လုပ်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌပြော

    နိုင်ငံတစ်ခုကို တည်ဆောက်ရာမှာ နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားနဲ့ စီးပွားရေးမောင်းနှင်အားဆိုပြီး သုံးမျိုးရှိကြောင်း နိုင်ငံရေးမောင်းနှင်အားနဲ့ ကာကွယ်ရေးမောင်းနှင်အားကောင်းဖို့ စီးပွားရေးမောင်းနှင်အားက အဓိကကျတာကြောင့် စီးပွားရေးကို ဖွံဖြိုးတိုးတက်အောင်မဖြစ်မနေဆောင်ရွက်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ပြောလာပါတယ်။

    မနေ့ဇွန်လ ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ တွေ့ဆုံပွဲတစ်ခုကပြောဆိုချက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေကနေ ဒီကနေ့ဇွန် ၁၀ ရက်နေ့မှာဖော်ပြလာတာပါ။

    မနေ့ဇွန်လ ၉ ရက်နေ့မှာတော့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်နေတာကိုလည်း စစ်ကောင်စီ ဥက္ကဋ္ဌက သွားရောက်ကြည့်ရှုပြီးဒီဆိပ်ကမ်းတွေကို ဇွန် ၉ ရက်ကနေ ၁၁ ရက်အထိ ပိတ်ထားပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းကနေ ပြည်ပရင်းနှီးမြှုပ်နှံမူတွေဆက်တိုက်ထွက်ခွာနေကြတာရှိသလို ၂၀၂၂ နှစ် ပထမလေးလပတ်အတွင်းမှာကို ပြည်ပရင်းနှီးမြှုပ်နှံမှု လုံး၀မရှိတော့တဲ့ကဏ္ဍတွေလည်းရှိလာနေပြီး အမေရိကန်ဒေါ်လာကို မြန်မာကျပ်ငွေနဲ့ မဖြစ်မနေလဲလှယ်ရမယ့်စနစ်ကြောင့်လည်း ပြည်တွင်းစီးပွားရေးမှာ အကျပ်အတည်းအခက်အခဲတွေ ဆက်ဖြစ်နေပါတယ်။

    တဖက်မှာလည်း နှစ်စဥ်ဇွန်လမှာ ထုတ်ပြန်နေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးအလားအလာသုံးသပ်ချက်ထဲမှာ ဒီနှစ်မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေခန့်မှန်းချက်မပါရှိတော့ဘဲ မသေချာမရေရာမှုတွေမြင့်တက်နေတာကြောင့် မြန်မာကို ချန်လှပ်ထားတယ်လို့ ဖော်ပြလာပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ မြန်မာ့စီးပွားရေးအလားအလာဟာ မခန့်မှန်းနိုင်တဲ့အခြေအနေ ဖြစ်တယ်လို့လည်းနားလည်ရပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတကာရဲ့စစ်တမ်းတွေမှာ ဒုက္ခသည်အရေအတွက်တိုးလာနေမှုနဲ့ အငတ်ဘေးဆိုက်ရောက်နိုင်တဲ့ သုံးသပ်ချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကထုတ်ပြန်ပြောဆိုနေပေမဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက်တွေမှာတော့ စီးပွားရေးတိုးတက်အောင်လုပ်ဆောင်ဖို့နဲ့ လျှပ်စစ်ရထားလမ်းဖောက်ဖို့ ဆက်တိုက်ဆိုသလို ပြောဆိုနေချက်တွေဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့သုံးသပ်တာတွေရှိနေပါတယ်။

  19. ကန့်ဘလူမှာတိုက်ပွဲဆက်ဖြစ်ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေရှိနေ, ဒေသခံနေအိမ်ရာချီမီးရှို့ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ထဲက ဇော်ချောင်းရွာ၊ အလယ်ခုံကျေးရွာနဲ့ လျှော်ဖြူကျေးရွာတွေထဲကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးခံံခဲ့ရယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေတွေကြောင့် အခုရက်သတ္တပတ်ထဲမှာပဲ အလယ်ခုံကျေးရွာက အိမ်ခြေ ၂၀၀၊ ဇော်ချောင်းကျေးရွာက နေအိမ် ၅၀ ကျော်နဲ့ လျှေ်ဖြူကျေးရွာက နေအိမ် ၁၁၈ လုံးနဲ့ စပါးကျီတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ Kotaungbo Revolution ကလည်း ထုတ်ပြန်ထားပါတယ်။

    ကန့်ဘလူ

    ဓာတ်ပုံ ရင်းမြစ်, Kotaungbo Revolution

    ကန့်ဘလူ

    ဓာတ်ပုံ ရင်းမြစ်, Kotaungbo Revolution

    ဒါ့အပြင် မနေ့ဇွန်လ ၉ ရက်မှာလည်း ကန့်ဘလူနယ်ထဲက တပ်ကုန်းကျေးရွာ၊ ဖလားရ ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး တပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေရှိတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေကသတင်းထုတ်ပြန်ထားပါတယ်။

    "အိမ်တွေမီးလောင်တာတော့ အိမ်ခြေတော်တော်စိပ်တော့ စာရင်းတွေဆက်ကောက်နေတယ်။ တိုက်ပွဲကတော့မနေ့ကဖြစ်တာ စစ်တပ်ဘက်က ၉ ယောက်သေပြီး ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်။ ကာကွယ်ရေးတပ်တွေဘက်ကတော့ နှစ်ယောက်ကျတယ်’’ ကန့်ဘလူ‌ဒေသကာကွယ်ရေးတပ်ဘက်က ဘီဘီစီကိုပြောပါတယ်။

    ကန့်ဘလူခရိုင်ထဲက ကိုးထောင်ဘို့ကျေးရွာထဲကိုတော့ အခုဇွန်လ အစောပိုင်းက စစ်ကောင်စီတပ်တွေဝင်ရောက်လာခဲ့ပြီး ဇွန်လ ၃ ရက်နေ့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နေအိမ်ထဲမှာရှိတဲ့ အသက် ၈ နှစ်အရွယ်ကလေးအပါအဝင် ၃ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကန့်ဘလူမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  20. မြစ်ကြီးနားက မီးရှို့ခံခဲ့ရတဲ့ စည်းလုံးခြင်း သင်္ကေတ ရုပ်တုကို ပြန်လည်ပြင်ဆင်ထားတာတွေ့ရ

    မြစ်ကြီးနားမှာ မီးရှို့ ခံရတဲ့ စည်းလုံးခြင်းသ‌‌င်္ကေတရုပ်တုကို ဇွန်လ ၉ ရက်နေ့မနက်ပိုင်းကပြန်လည်ပြင်ဆင်မွမ်းမံမှုတွေပြုလုပ်ခဲ့တယ်လို့အနီးအနား၀န်ကျင်က ပြောပါတယ်။

    လက်ရှိမှာတော့ ရုပ်ထုနားမှာ အစောင့်တွေချထားတာမျိုးတော့ မတွေ့ရဘူးလို့ ပြောပါတယ်။မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းမကြီး ၊ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ မှာရှိတဲ့ ဒီရုပ်တုကို ဇွန် ၈ ရက်နေ့ညပိုင်းမှာ မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

    KSCM (Kachin State Civilian Movement) သပိတ်ကော်မတီက တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတဲ့ အလိမ်အညာ ဇာတ်သွင်းခဲ့တဲ့ အယောင်ဆောင် ရုပ်တု စည်းလုံးမှု သင်ခန်းစာကို နိုင်ငံရေးမှာ လိမ်လည် အသုံးချတဲ့ ရုပ်ပုံကို အလိုမရှိဆိုတဲ့အကြောင်းနဲ့ ရုပ်တုကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    မြစ်ကြီးနား

    ဓာတ်ပုံ ရင်းမြစ်, cj