ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အသံတိတ်သပိတ်မှာပါဝင်သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်ဆိုတာ သင့်တော်မရှိဘူးလို့ ဥပဒေပညာရှင်တွေပြော

    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာ အသံတိတ်သပိတ် ဆောင်ရွက်တာမျိုးပြဌာန်းချက် မပါတဲ့အတွက် အသံတိတ်သပိတ်မှာပါဝင်မယ့်သူတွေကို အရေးယူမယ်ဆိုတာက ဥပဒေအရသင့်တော်မှုမရှိဘူးလို့ ဥပဒေပညာရှင်တွေကပြောပါတယ်။

    လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်ဖို့ တိုက်တွန်းဆော်သြနေတဲ့ အသံတိတ်သပိတ်မှာ ပါဝင်တာဟာ အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၊ ရာဇသတ်ကြီး ဥပဒေအပါအဝင် တခြားတည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။

    ဒါကြောင့် အိမ်ထဲကအိမ်ပြင်မထွက်တာ၊မိမိဆန္ဒအရ ဈေးဆိုင်တွေမဖွင့်တာတွေ အပေါ်အခုလို ပုဒ်မမျိုးစုံနဲ့အရေးယူမယ်ဆိုတာကဥပဒေနဲ့ညီညွတ်မှုရှိရဲ့ဆိုတဲ့ မေးခွန်းထုတ်မှုတွေကလည်း လူထုကြားရှိနေတာပါ။

    ဒါနဲ့ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးက ’’ ၅၀၅ - က ဆိုရင်တော့ အကျုံးဝင်စရာပြဌာန်းချက်တွေပါတဲ့ အတွက် ဒါကတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့အဲဒါကလည်းတကယ် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆောင်ရွက်တယ်ဆိုတာပေါ်ပေါက်မှပါ။ နောက်ပုဒ်မ ၁၂၄ - က ကတော့ လုံးဝကွဲလွဲဆန့်ကျင်ပါတယ်။ အသံတိတ်သပိတ်နဲ့အဲဒါနဲ့လုံးဝကို သက်ဆိုင်ခြင်းမရှိဘူး။ အလားတူပဲ အီလက်ထရောနစ်ဥပဒေ ဆိုတာလည်း သက်ဆိုင်ခြင်းမရှိတာကို ကျွန်တော်တို့မြင်ပါတယ်။ ၅၀၅ - က နဲ့ အရေးယူမယ်ဆိုရင်လည်း ဒါက တကယ်ကိုနိုင်ငံရေးရည်ရွယ်ချက်နဲ့ဆောင်ရွက်ကြောင်း ဦးစီးဦးဆောင်ပြုကြောင်း လှုံ့ဆော်ကြောင်း ပေါ်ပေါက်ထင်ရှားမှသာအရေးယူလို့ရမှာပါ။’’လို့ ဥပဒေပညာရှင်တစ်ဦးကရှင်းပြပါတယ်။

    စစ်ကောင်စီဘက်က အသံတိတ်သပိတ်လုပ်ဖို့နှိုးဆော်ထားတဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဆိုင်တွေဖွင့်ဖို့ကို ဖိအားပေးတာ၊ လက်မှတ်ထိုးခိုင်းတာတွေရှိနေပြီး မြို့နယ်၊ ရပ်ကွက်တချို့ မှာလည်း ကြေညာတာတွေဆက်လုပ်နေပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်အသံတိတ်သပိတ်မြင်ကွင်း
  2. NLD ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ကို ထောင်ချထားရာကနေ စစ်ကောင်စီ ပြန်လွှတ်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ သူ့ရဲ့ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဦးဟံသာမြင့်ရဲ့ရှေ့နေက ဘီဘီစီကိုပြောပါတယ်။

    NLD ပါတီက ဦးဟံသာမြင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ NLD ပါတီရဲ့ထုတ်ပြန်ချက် ၂ စောင်နဲ့ပတ်သက်လို့ မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာပါ။

    အဲဒီနောက် ဒီဇင်ဘာလကုန်ပိုင်းမှာ သူတို့နှစ်ဦးလုံးကို ထောင် နှစ်နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ဒီနေ့မှာတော့ ဦးဟံသာမြင့်ကို ထောင်အာဏာပိုင်တွေက အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သူနဲ့အတူ ဖမ်းဆီးတရားစွဲဆိုထောင်ချခံထားရတဲ့ ဦးသိန်းဦးကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။“

    “ဘာကြောင့် ပြန်လွှတ်တယ်ဆိုတာတော့ ဘာမှတော့မပြောဘူး။ ဒီတိုင်းပဲ ထပ်ပြီးတော့ကျူးလွန်ရင် ထပ်တိုးကျခံရမယ့်တစ်နှစ်ကျော်ကို ဆက်ပြီးခံရမယ်ဆိုပြီး အသိပေးတယ်။ လက်ရှိ ကျန်းမာရေးတော့ကောင်းပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေတော့ပြန်လုပ်ရမှာပါ"လို့ ဦးဟံသာမြင့်မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဦးဟံသာမြင့်ကို စစ်ကောင်စီက ဘာကြောင့်ခုလို ပြန်လည်လွှတ်ပေးတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

    NLD

    ဓာတ်ပုံ ရင်းမြစ်, Jonas Gratzer

  3. အသံတိတ်သပိတ်လုပ်ဖို့နှိုးဆော်ထားတဲ့နေ့မှာ ဆိုင်တွေဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေးနေ, ပြည်သူလူထုစုပေါင်းအင်အားကို စစ်ကောင်စီတုန်လှုပ်နေတယ်လို့ သပိတ်ခေါင်းဆောင်တွေပြော

    ရန်ကုန်အပါအဝင်မြို့ကြီးတွေနဲ့နိုင်ငံတဝန်း လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆိုင်တွေမပိတ်ဖို့၊ ဈေးနဲ့ဆိုင်ခန်းတချို့မှာ လိုက်သတိပေးတာ၊ စာကပ်တာနဲ့ ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ဆိုင်ခန်းပိုင်ရှင်တချို့က ဘီဘီစီကို ဆက်သွယ်ပြောပြလာပါတယ်။

    " စည်ပင်ဝန်ထမ်း ၂ ယောက်လည်းပါတယ်၊ အဲ့ဒီနေ့မှာ ဆိုင်ဖွင့်ရမယ်ပြောပြီး စာရွက် ၂ ရွက်မှာလက်မှတ်ထိုးခိုင်းတယ်။ အနီးအနားကဆိုင်တွေအကုန်လုံးပါပဲ။ အဲဒီပုံစံအတိုင်းလိုက်ပြောသွားတယ်။ သူတို့က သူတို့ပုံစံအတိုင်း ဖိအားပေးရင် ကျွန်တော်တို့ကလည်း လုပ်နိုင်တဲ့ အတိုင်းအတာထိဆက်လုပ်ရုံပါပဲ။ ဆိုင်တွေကဖွင့်လည်းဟန်ပြပဲဖွင့်ကြမှာ" လို့ လှိုင်သာယာမြို့နယ်က ဆိုင်ပိုင်ရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အလားတူ ရန်ကုန်မြို့ကဈေးတွေအပြင် တိုင်းဒေသကြီးတွေမှာလည်းစစ်ကောင်စီဘက်ကအုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့အတူ ဆိုင်တွေဖွင့်ဖို့ ဖိအားပေးတာတွေဆက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အာဏာသိမ်းတာ တနှစ်ပြည့်တဲ့လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အသံတိတ်ငြိမ်သက်ခြင်းနဲ့ ဆန္ဒထုတ်ဖော်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

    ဒီလိုတိုက်တွန်းလာချိန်မှာ စစ်ကောင်စီဘက်က အသံတိတ်သပိတ် ပြုလုပ်တာ၊ လက်ခုပ်တီး၊ သံပုံးတီးတာအပြင် ကားဟွန်းတီးတဲ့ အသံထွက်သပိတ်တွေပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပ‌ဒေပုဒ်မ ၃၃(က) အပြင် တခြား တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ သတိပေးထုတ်ပြန်လာပါတယ်။ ဒါ့အပြင် ဆက်စပ်တဲ့ပစ္စည်းတွေကိုလည်း ချိပ်ပိတ်သိမ်းဆည်းမယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်ကောင်စီက ပြည်သူတွေရဲ့စုပေါင်းအင်အားကို ကြောက်ရွံ့တုန်လှုပ်တာကြောင့် ဖိအားပေးမှုတွေဆက်လုပ်နေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကလည်း ပြောပါတယ်။

    "တနှစ်ပြည့်တဲ့အချိန်ထိ စစ်အုပ်စုက ဒီတိုင်းပြည်ကို အုပ်ချုပ်လို့မရဘူး၊ အုပ်ချုပ်ခွင့်ရှိမနေဘူးဆိုတာ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်က ကောင်းကောင်းထုတ်ဖော်ပြလိမ့်မယ်။ အခုလည်းနည်းလမ်းမျိုးစုံနဲ့ ဒီသပိတ်မှာ မပါဝင်ဖို့ဖိအားပေးနေတယ်။ သူတို့အင်မတန်ကိုသွေးပျက်တုန်လှုပ်နေတယ်။ ပြည်သူလူထုကစုပေါင်းအင်အားနဲ့ စစ်ကောင်စီ ယန္တရားကို ဆက်လက်ဆန့်ကျင်နေဆဲဖြစ်တာကို စုစည်းဖော်ထုတ်မှာ ကိုတော်တော်လေးတုန်လှုပ်ခြောက်ခြားနေတာကို တွေ့ရတယ်" လို့သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ဘီဘီစီကိုပြောပါတယ်။

    ဒီအသံပိတ်သပိတ်ကို လွန်ခဲ့တဲ့နှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာလည်း ပြုလုပ်ခဲ့ပြီး မြို့နေလူထုအများစု ပါဝင်ခဲ့ကြသလို စစ်ကောင်စီဘက်ကလည်း ပြည်သူတွေရဲ့ ပစ္စည်းတွေ သိမ်းဆည်းယူဆောင်တာတွေ မြို့ကြီး တော်တော်များများမှာ ဖြစ်ခဲ့ပါတယ်။

    Silent strike, Dec 10, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. အလှဖန်တီးရှင် မိတ်ကပ် Gucci Aung ကို စစ်ကောင်စီတပ်တွေဖမ်းဆီးပြီးနေအိမ်ကိုချိပ်ပိတ်သွား

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေတဲ့ အလှဖန်တီးရှင် မိတ်ကပ် Gucci Aung ကိုမနေ့ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေက စမ်းချောင်းကနေအိမ်တစ်ခုမှာဖမ်းဆီးသွားတယ်လို့နီးစပ်သူတွေကပြောပါတယ်။

    မနေ့နေ့လယ်က စမ်းချောင်းမြို့နယ်က နေအိမ်တအိမ်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးဖမ်းဆီးမခံရခင်ရက်ပိုင်းက စစ်အာဏာသိမ်းခံရတာ တနှစ်ပြည့်မယ့် လာမယ့် ဖေဖော်ဝါရီ၁ရက်နေ့မှာ အသံတိတ်သပိတ်မှာပါဝင်ဖို့နဲ့ ဆိုင်ပိတ်မယ့်အကြောင်းလူမှုကွန်ရက်မှာရေးသား ထားတဲ့အတွက်ဖမ်းဆီးခံရတယ်လို့လည်း နီးစပ်သူတွေကပြောပါတယ်။" အရင်ဆုံးဆိုင်ကိုသွားရှာတာ၊ မရှိလို့တခြားတနေရာမှာ သွားတွေ့ပြီးအဖမ်းခံလိုက်ရတာ။ ဖမ်းပြီးပြီးချင်းလည်း အိမ်ကိုချိပ်ပိတ်သွားတယ် " လို့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိအချိန်ထိတော့ မိတ်ကပ် Gucci Aung ရဲ့အနီးကပ်မိတ်ဆွေတွေက သူ့ကိုဘယ်မှာဖမ်းထားတယ်ဆိုတာမသိသေးလို သူနဲ့အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    အလှဖန်တီးရှင် Gucci Aung ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့စစ်ကောင်စီဘက်က ဒီကနေ့ဇန်နဝါရီ ၂၇ရက်နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်တာမရှိသလို ဘီဘီစီကလည်းသီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။

    စစ်အာဏာသိမ်းတာတနှစ်ပြည့်မယ့် လာမယ့်ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်သက်ခြင်းနဲ့ဆန္ဒထုတ်ဖော်ဖို့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်းအဲ့ဒီနေ့ အသံတိတ်သပိတ်မှာ ပါဝင်ရင် ထောင်ဒဏ်ချတဲ့အရေးယူမယ့် ဥပဒေတွေကိုလည်းထုတ်ပြန်ထားပြီး မြိုနယ်ရပ်ကွက်တွေထဲမှာ သတိပေးကြေညာတာတွေဆက်လုပ်နေပါတယ်။

    အလှဖန်တီးရှင် မိတ်ကပ် Gucci Aung

    ဓာတ်ပုံ ရင်းမြစ်, Win Zaw

  5. စစ်ရှောင်သွားတဲ့ မြို့ခံတွေကို လွိုင်ကော်က ဘယ်လိုပြန်ကြိုမှာလဲ

  6. စစ်ကောင်စီဥက္ကဋ္ဌ နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ အွန်လိုင်းကဆွေးနွေး

    အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ်ဟွန်ဆန် နဲ့ စစ်ကောင်စီ ဥက္ကဋ္ဌတို့ ဗီဒီယိုကွန်ဖရင့် နဲ့ဇန်နဝါရီလ ၂၆ ရက်‌နေ့က ဆွေးနွေးပွဲလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    ဆွေးနွေးပွဲမှာ အာဆီယံ အဖွဲ့မှာ မြန်မာပါဝင်နေမှုနဲ့ ၊ အာဆီယံခေါင်းဆောင်တွေကြားသဘောတူညီထားတဲ့ အချက်(၅)ချက် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ည ၈ နာရီသတင်းမှာထုတ်ပြန်သွားပါတယ်။

    အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ရဲ့ ဥက္ကဋ္ဌဟာ မြန်မာ့အကျပ်အတည်းမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရန်လိုကြောင်း စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MWD

  7. ကလေးမြို့က ခရီးသွား ၁၈ ဦးမှာ ကိုဗစ်ပိုးတွေ ၊ ခရီးသည်တင် ကားလိုင်းတွေပိတ်ရမယ်

    စစ်ကိုင်းတိုင်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ကလေးမြို့ကနေ မုံရွာ မန္တလေး ရန်ကုန်မြို့များသို့ခရီးသွားမည့်သူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ဆေးခဲ့ရာမှာ ပိုးတွေရှိသူ လူကြီး၁၇ ယောက့် ကလေးတစ်ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကိုင်းတိုင်းကောင်စီက ကလေးမြို့က ခရီးသွားတွေကို အခုလို ကိုဗစ် စစ်ဖို့ညွှန်ကြားခဲ့တာဖြစ်ပြီး မနေ့ကတော့ ကိုဗစ်ရောဂါ ကူးစက်မှုတွေများလာလို့ အိန္ဒိယနယ်စပ် တမူးမြိုကနေ အဝင်အထွက်တွေကို ပိတ်ထားခဲ့ပါတယ်။

    ကလေးမြို့ကနေ ခရီးသွားကြမယ့် ကိုဗစ်ပိုးတွေ့ရှိသူတွေဟာ ဆေးရုံမှာ ၁၀ ရက် ကွာရန်တင်းဝင်ရမှာဖြစ်ကြောင်း သိရပြီး ပိုးတွေ့ရှိသူတွေဟာ သာမန် နှာစေး ချောင်းဆိုး လက္ခဏာ အပြင် အများစုမှာရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသောသူများလည်း ပါဝင်ကြောင်းဒေသခံတွေထံက သိရပါတယ်။

    ပိုးတွေရှိတဲ့သူ များပြားတာကြောင့် မနက်ဖြန်မှာ ထွက်ခွာမယ့် ခရီးသည်တင် ကားလိုင်းတွေမှာ ကိုဗစ်စစ်ဆေးပြီးတဲ့ ခရီးသည်များကိုသာ သွားလာခွင့်ပြုတော့မှာဖြစ်ပြီး နောက်ရက်များမှာ ခရီးသည်တင်လိုင်းကားများထွက်ခွာခွင့်ကို ယာယီပိတ်ထားဖို့ အကြောင်းကြားထားကြောင်း ကလေးမြို့က ခရီးသည်တင်ယာဥ်လိုင်းဂိတ်မှူးတွေက တစ်ဆင့် သိရပါတယ်။

    ကုန်စည်စီးဆင်းရေးအဆင်ပြေစေရေးအတွက် ကုန်တင်ကားများကိုမူ ကိုဗစ်စစ်ဆေးစေပြီး ဆက်လက်ထွက်ခွာခွင့်ပြုထားမယ်လို့သိရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

    ကလေးမြို့ ‌ဗိုလ်ချုပ်လမ်းနဲ့ ဘုရင့်နောင်လမ်းဆုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့ ‌ဗိုလ်ချုပ်လမ်းနဲ့ ဘုရင့်နောင်လမ်းဆုံ
  8. မြန်မာနိုင်ငံက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး လူ သုံးသိန်းရှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကုလထုတ်ပြန်

    မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းက တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် လူပေါင်း သုံးသိန်း ရှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က သတင်းထုတ်ပြန်ပါတယ်။

    အဆိုပါ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပိုင် အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးရမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ရှိလာနေတာလို့ ဆိုပါတယ်။

    ဇန်နဝါရီလ ၁၇ ရက်နေ့အထိ(OCHA) ရရှိတဲ့ ကိန်းဂဏန်းတွေအရ (စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀၊ ချင်းပြည်နယ်မှာ ၃၃,၈၀၀၊ မကွေးတိုင်းမှာ ၂၀,၁၀၀ အပါအဝင်) လူဦးရေ ၁၆၇,၈၀၀ ခန့်ဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ၂၀၂၁ ခုနှစ် မေလလယ် ကတည်းက စပြီး နေအိမ်အလုံးပေါင်း ၁,၈၄၀၊ ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် အခြားအရပ်သားပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ (ကယားပြည်နယ်မှာ ၉၁,၄၀၀၊ ကရင်ပြည်နယ်မှာ ၇၄,၆၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၂,၆၀၀၊ မွန်ပြည်နယ်မှာ ၇,၁၀၀၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁,၆၀၀ နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၆၀၀ အပါအဝင်) လူဦးရေ ၂၁၇,၉၀၀ ခန့်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ တိုက်ပွဲ‌ရှောင် ထွက်ပြေးခဲ့ကြရပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ မတည်ငြိမ်တဲ့ လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်မရခြင်းတို့ကြောင့် လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့ အကာအကွယ်ပေးရေးဆိုင်ရာဝန်ဆောင်မှုနဲ့ အရေးပေါ်အကူအညီတွေကို လိုအပ်နေသူတွေဆီပေးအပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒေသခံလူထုက နေရပ်စွန့်ခွာထွက်ပြေးလာသူများအတွက် အကူအညီများ တတ်အားသ၍ ပေးအပ်လျက်ရှိသော်လည်း လိုအပ်ချက်ပြည့်မီအောင် ပေးနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်လို့ ဆိုပါတယ်။

    လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူများအနေနဲ့ အရေးပေါ်အကူအညီများပေးနိုင်ဖို့ ပဋိပက္ခဖြစ်ပွားရာဒေသများသို့ သွားလာခွင့်ကို လိုအပ်လျက်ရှိပါတယ်လို့(OCHA)က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီကတော့ ကုလသမဂ္ဂအနေနဲ့ သတင်းထုတ်ပြန်မှုတွေနဲ့ ရှင်းလင်းမှုတွေ လုပ်ဆောင်ရာမှာ တိကျခိုင်လုံမှုမရှိတဲ့အချက်အလက်တွေကို စိစစ်မှုမရှိဘဲ တစ်ဖတ်သက် ထုတ်ပြန်ပြောဆိုမှုတွေ မလုပ်ဖို့နဲ့ မပြုလုပ်မီ သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ စိစစ်အတည်ပြုပေးဖို့ အထူးလိုအပ်ကြောင်းလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

    ထန်တလန်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထပ်မံမီးလောင်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, Zalen

    ဓာတ်ပုံ ပုံစာ, ထန်တလန်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထပ်မံမီးလောင်ခဲ့
  9. ရွှေ နဲ့ ငွေကြေးဈေးကွက်ကို စောင့်ကြည့်ဖို့ဆိုပြီး စစ်ကောင်စီ အဖွဲ့ ဖွဲ့

  10. ပုလောမြို့နယ် ပဝတ်ဖျားရွာမှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ထုတ်, စစ်ကောင်စီက ဒီကိစ္စအပေါ် ထုတ်ပြန်လာတာမရှိသေး

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ၊ ပဝတ်ဖျားကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီဘက်က မြေမြှုပ်မိုင်းအသုံးပြုမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွထုတ်ပြန်လာပါတယ်။

    ပဝတ်ဖျားကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်တတ်တဲ့နေရာဖြစ်ပြီး အခု သေဆုံးတဲ့ ဒေသခံနှစ်ဦးကတော့ သူတို့အိမ်ရှေ့က မိုင်းကို နင်းမိပြီး သေဆုံးတာဖြစ်တယ်လို့ဒေသကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

    "နိုင်ငံတကာက တားမြစ်ထားတဲ့ မြေမြှုပ်မိုင်းကို ကျင့်ဝတ်မထားဘဲ အရပ်သားတွေရှိတဲ့နေရာမှာ အသုံးပြုသွားတာပါ။ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးရော နေရာမှာပဲဆုံးပါးသွားတယ်။ စစ်ကောင်စီနဲ့ပီဒီအက်ဖ်တွေတိုက်ပွဲဖြစ်တတ်တဲ့ ရွာအစွန်နားက အိမ်မှာထောင်ထားတာ၊ ထောထဲမှာထောင်ထားတာမဟုတ်ဘူး။ မီဒီယာတချို့မှာ မိုင်းပေါက်ကွဲမှုလို့ရေးသားထားတာတွေ့ရတယ်။

    ပုလောမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၃က ဒေသခံတွေထိခိုက်သေဆုံးခဲ့တဲ့နေရာမှာ အသုံးပြုခဲ့တဲ့ မိုင်းကိုဒေသခံတွေကို မှတ်တမ်းတင်ထားပုံ

    တကယ်တော့ ပေါက်ကွဲတာမဟုတ်ပါဘူး" လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ဖြစ်စဉ်စဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာလည်း မီဒီယာတွေက ဖော်ပြခဲ့ကြပေမယ့် စစ်ကောင်စီဘက်က ဒါနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။

    ဒေသကာကွယ်ရေးတပ်တွေရဲ့ပြောဆိုချက်နဲ့ အခု အရပ်သား ၂ဦး သေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ပုလောမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီရဲ့လုပ်ရပ်ကိုရှုတ်ချကြောင်းနဲ့ စစ်ကောင်စီနဲ့နီးကပ်တဲ့နေရာတွေကို မသွားရောက်ဖို့ကိုလည်း ဒေသကာကွယ်ရေးတပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒီကနေ့ဇန်နဝါရီ ၂၆ ရက် မနက် ပိုင်းမှာလည်း ထားဝယ်၊ သရက်ချောင်းဘက်က မြိတ်မြို့ဘက်ကိုမောင်းလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ ဆီဘောက်ဆာကားကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ကတိုက်ခိုက်မှုလုပ်ရင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေက လမ်းတလျှောက်ပစ်ခတ်မှုတွေလုပ်သွားတာကြောင့် ဒေသခံတစ်ဦးဒဏ်ရာရခဲ့တယ်လို့ပုလောပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ပုလောမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. စစ်ကောင်စီတပ်တွေ ပစ်ခတ်မီးရှို့သွားတဲ့ပေါက်ချိုင်ရွာမှာ ရွာသားအလောင်းထပ်တွေ့, ရွာစိုးနဲ့ ပေါက်ချိုင်ရွာ ၂ရွာလုံးကဒေသခံ ၅ ထောင်ခန့် ထွက်ပြေးနေရ

    ရွှေဘိုခရိုင်ထဲက ရွာစိုးရွာနဲ့ပေါက်ချိုင်ရွာတွေထဲကို မနေ့ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်မီးရှို့ခဲ့တာကြောင့် ဒေသခံတွေသေဆုံးမှုရှိပြီး ရွာထဲကနေအိမ်အများစု မီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    မနေ့ဇန်နဝါရီ ၂၅ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ရွာစိုးရွာထဲကိုဝင်ရောက် ပစ်ခတ်ပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီးတဲ့နောက် အနီးက ပေါက်ချိုင်ကျေးရွာဘက်ကို ဆက်ပြီးဝင်ရောက်သွားတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အယောက် ၂၀ လောက်သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူတွေကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

    ရွာဆိုးရွာအတွင်းပစ်ခတ်မှုမှာတော့ ရွာထဲက မသန်စွမ်းတစ်ဦးအပါအဝင် သက်ကြီးရွယ်အိုတစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပြီး ဒီကနေ့ဇန်နဝါရီ ၂၆ ရက်မှာတော့ ပေါက်ချိုင်ရွာမှာပါ ဒေသခံအမျိုးသားတစ်ဦးအလောင်းကို ထပ်တွေ့တာကြောင့် သေဆုံးသူဒေသခံ ၃ ဦးရှိသွားပြီလို့ ရွာသားတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မနေ့က ဒီကျေးရွာ ၂ ရွာလုံးကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ဒီကနေ့ဇန်နဝါရီ ၂၆ ရက်နေ့အထိ ဘေးလွတ်ရာ ပြေးနေရဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေကလည်း ရွာထဲမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ရွာဆိုးရွာ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    “ အိမ်တွေက ရွာလုံးကျွတ်ပဲ လောင်သလား ကျန်သေးလားမသိဘူး။ အဝတ်တထည်ကိုယ်တစ်ခုနဲ့အကုန်ပြေးရတော့ ဘာမှလည်းမပါလာဘူး။ ရွာကိုဆုံးပြီးလို့တောင်မှတ်တယ်" လို့ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ရွှေဘိုခရိုင်ထဲက ရွာစိုးရွာနဲ့ပေါက်ချိုင်ရွာက ဒေသခံ ၅၀၀၀ လောက်ဟာ ဘေးလွတ်ရာပြေးနေရပြီး အစားအသောက်နဲ့နေထိုင်ရေးတွေခက်ခဲနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ရွှေဘိုခရိုင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၅ ရက်နေ့ကရွာစိုးရွာမြင်ကွင်း
  12. ခင်ဦးနယ်ထဲမှာ တိုက်ပွဲတွေဆက်ဖြစ်၊ ဒေသကာကွယ်ရေးတပ်ဘက်က ၄ ဦးသေဆုံး, စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ ၄ ဦးလည်း အသတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက သရက်ကန်ကျေးရွာအတွင်းကို မနေ့ ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ဇန်နဝါရီ ၂၅ မနက်ပိုင်းက သရက်ကန်ကျေးရွာအတွင်းကို စစ်ကောင်စီအင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်တယ်လို့ခင်ဦးဒေသကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ပါတယ်။

    “စစ်တပ်ကရွာထဲကို အရင်ဝင်လာပြီးမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေပိတ်မိသွားတာ၊ ရွာဘုန်းကြီးကျောင်းက ကိုရင်လေးတွေကိုလည်း ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ချိန်ထားတယ်၊ လူထွက်ခိုင်းပြီးသတ်မယ်လုပ်တယ်။ ကျောင်းသားလေး ၂ယောက်ကိုလည်း ရိုက်နှက်ဖမ်းသွားတယ်။ တိုက်ပွဲမှာတော့ ဒေသ PDF က ၄ ဦးသေတယ်။ ရွာထဲလည်း မိုင်းထောင်ခဲ့တယ်ကြားလို့ရွာသားတွေပြန်မကပ်ရဲဘူး”လို့ ရွာနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ဇန်နဝါရီ ၂၆ ရက်နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်အတွင်းက ရွှေယမင်းရွာအတွင်း ဝင်ရောက်သွားပြီး ပစ်ခတ်သံတွေကြားရသလို ရွာအတွင်းမီးခိုးများမြင်နေရပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

    မနေ့က သရက်ကန်ရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းနေချိန်မှာပဲ ခင်ဦးမြို့ပေါ်က ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ခင်ဦးအရှေ့ခြမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိခဲ့တယ်လို့ဒေသကာကွယ်ရေးတပ် ဘက်ကထုတ်ပြန်လာပါတယ်။

    ဒါ့အပြင် အဲ့ဒီနေ့မှာပဲ ခင်ဦးမြို့မှာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ ၄ ဦးကို ပစ်ခတ်ခဲ့ပြီး လေးဦးလုံး သေဆုံးခဲ့တယ်လို့ ခင်ဦးနယ်မြေခံဒေသကာကွယ်ရေးတပ်က ထုတ်ပြန်လာပါတယ်။

    ဒေသအခြေစိုက် စစ်ကောင်စီတပ်တွေဘက်ကတွေကတော့ မနေ့ဇန်နဝါရီ ၂၅ ရက်နေ့ကခင်ဦးသရက်ကန်ရွာအတွင်းက တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ၈ ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ထုတ်ပြန်လာပါတယ်။

    စစ်ကိုင်းတိုင်းထဲက ခင်ဦးနယ်ထဲမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတွေ ပစ်ခတ်ခံရပြီး သေဆုံးတာတွေကိုလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ထုတ်ပြန်နေပါတယ်။

    စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ခင်ဦးမြို့နယ်ထဲကတိုက်ပွဲတွေနဲ့ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတွေပစ်ခတ်ခံရပြီးသေဆုံးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပါဘူး။

    ခင်ဦး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒေသခံစစ်ကောင်စီတပ်တွေက ခင်ဦး၊ သရက်ကန်ကျေးရွာထဲမှာလက်နက်တွေသိမ်းဆည်းရမိတယ်လို့ထုတ်ပြန်လာပုံ
  13. အေအေ တပ်ဖွဲ့ဝင် ငါးထောင်ခန့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီလို့ ဦးခိုင်သုခပြော

    ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ငါးမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်အေအေရဲ့ တပ်ဖွဲ့ဝင်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးလျက်ရှိနေပြီး ဇန်နဝါရီ ၂၅ ရက်နေ့အထိ တပ်ဖွဲ့ဝင် ၅ ထောင်ခန့်ကို ထိုးနှံပြီးစီးခဲ့ပြီလို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

    လတ်တလောမှာ ကာကွယ်ဆေးထိုးနှံပေးနေတဲ့ မြို့နယ်ငါးခုရှိပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ကစလို့ ထိုးနှံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီနဲ့ အေအေတို့အကြား ကြိုတင်ညှိနှိုင်းသဘောတူညီချက်အရ ကျန်းမာရေးဌာနကလာရောက်ပြီး ထိုးနှံပေးနေတာဖြစ်တယ်လို့သိရပါတယ်။

    အေအေတပ်ဖွဲ့ဝင်တွေကို သီးသန့်အစီစဉ်တစ်ရပ်အနေနဲ့ ထိုးနှံပေးနေတာမဟုတ်ဘဲ ပြည်သူတွေကိုအဓိကထားပြီးတော့ သွားလာရေးလွယ်ကူမယ့်နေရာတွေကို စုရပ်အဖြစ်သတ်မှတ်ထားပြီး အဲဒီစုရအပ်တွေနဲ့နီးတဲ့နေရာတွေရှိတဲ့ အေအေတပ်ဖွဲ့ဝင်တွေက လာရောက်ထိုးနှံနေကြတာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

    လက်ရှိမှာဇန်နဝါရီ ၂၆ ရက်နေ့ထပ်မံထိုးနှံဖို့ရှိတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုပါထပ်ပေါင်းထည့်မယ်ဆိုရင် အေအေတပ်ဖွဲ့ဝင် ငါးထောင်နဲ့အထက် ထိုးနှံပြီးစီးပြီဖြစ်ပေမယ့် ဒါဟာ အင်မတန်နည်းလွန်းတဲ့အရေအတွက်သာဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

    ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလှုပ်ရှားမှုဖြစ်တဲ့အတွက် ရက္ခိုင့်တပ်တော်အနေနဲ့ အခုလို စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ရတာဖြစ်တယ်လို့အေအေက ပြောကြားထားပါတယ်။ အေအေကို ၂၀၀၉ ခုနှစ်တည်းက စတင်တည်ထောင်ခဲ့ပြီး အခုအခါမှာတော့တပ်ဖွဲ့ဝင်အင်အား သုံးသောင်းကျော်ခန့်ရှိနေပြီလို့ အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ပသတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာပြောကြားထားပါတယ်။

    Arakan Army, Rakkhine

    ဓာတ်ပုံ ရင်းမြစ်, Min Min

  14. ထောင်တွင်းနှိပ်စက်မှုတွေကို ICRC ဝင်ရောက်ကူညီပေးဖို့ တောင်းဆိုမှုတွေရှိလာ

    စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီဘက်က ဆက်တိုက်ဖမ်းဆီးခဲ့ပြီးတဲ့နောက် အကျဉ်းထောင်တချို့မှာ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတော်လှန်ရေးအင်အားစုတွေက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း မုံရွာအကျဉ်းထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံရတာနဲ့ပတ်သက်လို့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသား သမဂ္ဂက ထောင်တွင်းကပြန်လည်လွတ်မြောက်လာသူတွေရဲ့ပြောဆိုချက်အရ ခုလိုကြေညာချက်တစ်စောင်လည်း ထုတ်ခဲ့ပါတယ်။

    ဒါ့အပြင် မုံရွာအကျဉ်းထောင်အတွင်းမှာတော့နည်းမျိုးစုံနဲ့ဖိနှိပ်ပုံစံပေးမှုတွေရှိနေပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိအောင်အပြစ်ပေးမှုတွေလည်းရှိနေတယ်လို့မုံရွာ သပိတ်ဦးဆောင်ကော်မတီကဘက်ကလည်း ပြောဆိုချက်တွေရှိလာပါတယ်။

    “ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ပြည်သူတွေ ပထမဆုံးထောင်ထဲကို ရောက်လာရင် ထိုးတာ၊ နှက်တာ၊ ရိုက်တာက ပုံမှန်လုပ်ထုံးလိုကို လုပ်နေတာကိုတွေ့ရတယ်။ ဒါတွေကမဖြစ်သင့်ဘူး၊ နောက်တစ်ခုကနိုင်ငံရေးအကျဉ်းသားတွေရဲ့အရှေ့မှာ ပုံစံထိုင်ခိုင်းတာ၊ မတ်တပ်ရပ်ခိုင်းတာတွေလုပ်ပြီး မင်းတို့ ဘာလို့စစ်တပ်ကိုဆန့်ကျင်တာလဲတို့၊ PDF တွေကိုဆဲဆိုတာတို့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေလုပ်နေတယ်။ ထောင်တွင်းဖိနှိပ်မှုတွေကတော့ မုံရွာထောင်မှမဟုတ်ဘူး။ အင်းစိန်ထောင်၊အိုးဘိုထောင်၊ အခု မုံရွာထောင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ ဒါ့ပြင် လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ပြောဆိုချက်အရ ထောင်တွင်းမှာ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံရတာပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ အဲ့ဒီအတွက် ICRC ကထောင်တွင်းမှာစုံစမ်းစစ်ဆေးမှုတွေလုပ်သင့်တယ်။ စစ်ကောင်စီဘက်က ဘယ်လိုကိုဗစ်ကိုအကြောင်းပြပြ ICRC အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့တောင်းဆိုချင်ပါတယ်" လို့မုံရွာသပိတ်ဦးဆောင်ကော်မတီရဲ့အဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် မုံရွာအကျဉ်းထောင်အတွင်းမှာဖြစ်ပေါ်နေတဲ့ ထောင်တွင်းဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တဆင့် အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာနတို့နဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး (AAPP) တို့ကလိုအပ်သလို တုံ့ပြန်ဆောင်ရွက်ပေးဖို့ကိုလည်း မုံရွာသပိတ်ဦးဆောင်ကော်မတီက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

    အခုလို မုံရွာအကျဉ်းထောင်အတွင်းက အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံရမှုတွေ နဲ့ပတ်သက်ပြီး ပြောဆိုလာတဲ့အပေါ် သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနကိုလည်း ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ဆန့်ကျင်မှုတွေရှိလာပြီး စစ်ကောင်စီဘက်ကလည်း ဆက်တိုက်ပစ်ခတ်ဖမ်းဆီးတာတွေလုပ်လာပါတယ်။

    စစ်အာဏာသိမ်းတာ တနှစ်ပြည့်ကာနီးချိန်မှာတာ့ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၅၀၀ ဝန်းကျင်ခန့်ရှိလာပြီး နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူ ၁၂၀၀၀ ဝန်းကျင်ရှိလာတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့အေအေပီပီက ထုတ်ပြန်ထားပါတယ်။

    ဒီစာရင်းတွေဟာ လက်လှမ်းမှီသမျှကောက်ယူထားတဲ့အရေအတွက်ဖြစ်ပြီးမြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

    မုံရွာအကျဉ်းထောင်

    ဓာတ်ပုံ ရင်းမြစ်, Aung Nay Myo

    ဓာတ်ပုံ ပုံစာ, 2018 ခုနှစ်က မုံရွာအကျဉ်းထောင်ရှေ့အကျဉ်းသားတချို့လွှတ်ပေးတဲ့မြင်ကွင်း (ပုံဟောင်း)
  15. မကွေးတိုင်း စေတုတ္တရာနယ်မှာ တိုက်ပွဲဖြစ်

    မကွေးတိုင်းဒေသကြီး အလယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဇန်နဝါရီလ ၂၄ ရက်နေ့က ပထမဆုံးတိုက်ပွဲဖြစ်ခဲ့အပြီး အခုအခါမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အရင်က တိုက်ပွဲတွေမရှိခဲ့တဲ့ မကွေးတိုင်း၊ စေတုတ္တရာမြိုနယ်ထဲက သက္ကယ်ကျင်းရွာနားမှာ မနေ့က စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ကြားမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

    အဲဒီမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၆ ဦးသေဆုံးပြီး ၁၂ ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ PRA မကွေးက ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

    ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ တိုက်ပွဲတွေပြီးတဲ့နောက် စစ်ကောင်စီဘက်က ရွာထဲမှာ တပ်စွဲထားပြီး ရွာသားတွေကိုစစ်ဆေးမှုတင်းကျပ်တာတွေလုပ်နေတယ် ဒေသခံတစ်ဦးပြောပါတယ်။

    ပေါက်၊ မြိုင်၊ ဂန့်ဂေါ၊ ဆော၊ ရေစကြို စတဲ့မကွေးတိုင်း မြောက်ခြမ်းဒေသတွေမှာ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ရင်ဆိုင်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားတာရှိခဲ့ပေမယ့် မနေ့က စေတုတ္တရာမြို့နယ် တိုက်ပွဲဟာ မကွေးတိုင်းအလယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပထမဆုံး ရင်ဆိုင်တိုက်ပွဲဖြစ်တယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ထားဝယ်က သတင်းထောက်နှစ်ဦးကို ပြန်လွတ်လာ

    ဇန်နဝါရီလ ၁၈ ရက်နေ့ ညက အဖမ်းခံခဲ့ရတဲ့ Dawei Watch သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဇော်နဲ့ မမိုးမြင်တို့ နှစ်ဦးနဲ့ ဒီဇိုင်နာ ကိုသားကြီးတို့ ဒီနေ့နေ့လယ်ပိုင်းက ပြန်လွတ်လာပြီလို့ သတင်းရရှိပါတယ်။

    သူတို့ လွတ်မြေက်လာတဲ့ သတင်းကို Dawei Watch သတင်းဌာနကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

    ဖေဖော်ဝါရီ၁ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုအချိန်အထိ စာနယ်ဇင်းသမား လေးဆယ်ကျော်အဖမ်းခံထားရပြီး မီဒီယာအချို့လည်း ပိတ်သိမ်းခံထားရပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်းမှာ ဖမ်းဆီးခံထားရသူ ၉၁၃ ဦးအထိ ရှိလာနေတယ်လို့ ဒေသတွင်းက အချက်အလက်တွေကို မှတ်တမ်းပြုစုနေတဲ့ Bee Tenasserim အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Dawei Watch

  17. မြန်မာ့ဒီဂျစ်တယ် ပင်မရေစီး ၊ စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ

  18. အာဏာသိမ်းတစ်နှစ်ပြည့်နေ့မှာ Silence Strike လုပ်ဖို့ တိုက်တွန်းမှုတွေရှိ, Silence Strike(အသံတိတ်သပိတ်)မှာပါဝင်ရင် ဥပ‌ဒေမျိုးစုံနဲ့အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်

    အာဏာသိမ်းတာ တစ်နှစ်ပြည့်မယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှာ ပြည်သူလူထုအနေနဲ့အသံတိတ်သပိတ်ဆင်နွှဲဖို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုတွေဘက်က တိုက်တွန်းနေပါတယ်။

    ဒီလိုတိုက်တွန်းလာချိန်မှာ စစ်ကောင်စီဘက်ကSilence Strike (အသံတိတ်သပိတ်) ပြုလုပ်တာ၊ လက်ခုပ်တီး၊ သံပုံးတီးတာအပြင် ကားဟွန်းတီးတဲ့ အသံထွက်သပိတ်တွေပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပ‌ဒေပုဒ်မ ၃၃(က) အပြင် တခြား တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ ဒီကနေ့မှာ သတိပေးထုတ်ပြန်လာပါတယ်။

    ဒီအပေါ်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုတွေဘက်ကတော့ဒါဟာ ပြည်သူ လူထုကိုခြိမ်းခြောက်မှု လုပ်တာလို့ဝေဖန်နေကြသလို လူထုရဲ့ပါဝင်မှုကတော့ ရှိနေမှာပဲလို့ ပြောကြပါတယ်။ “ဖေဖော်ဝါရီ (၁)ရက်ဟာ အာဏာသိမ်းတစ်နှစ်ပြည့်တာဖြစ်တဲ့အတွက် တော်တော်လေးအရေးကြီးတယ်။ တစ်နှစ်လုံးမှာ စစ်တပ်လုံးဝအုပ်ချုပ်မရအောင် ပြည်သူတရပ်လုံးကပုံသဏ္ဍာန်မျိုးစုံနဲ့ ပုန်ကန်ခဲ့ကြတယ်။ အာဏာသိမ်းတစ်နှစ်ပြည့်အလွန် ၂၀၂၂ခုနှစ်ဟာ တော်လှန်ရေးအတွက်အရေးပါတဲ့ အလှည့်အပြောင်း အချိုး အကွေ့တွေလုပ်ကြမယ်လို့စဉ်းစားထားကြတယ်။ ဒါကို စစ်တပ်ကနေနည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားတဲ့ သဘောပေါ့။ လူထုကိုလည်ပင်းညှစ်တဲ့သဘောပဲ၊ ကျွန်တော်ကတော့ ယုံကြည်တယ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ကို ရုန်းကန်ပြီး ပြည်သူလူထုဟာ ဒီSilence Strike မှာပါမယ်လို့ ယုံတယ်”လို့ တကသကျောင်းသားဟောင်း များအင်အားစုက ကိုနန်းလင်းက အခုလို တုံ့ပြန်ပါတယ်။

    စစ်ကောင်စီကတော့ ဒီလိုအသံတိတ်သပိတ်တွေမှာပါမယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုမှာဖြစ်ပြီး ပြစ်မှုနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားရင် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ ထည့်သွင်း ထုတ်ပြန်ထားတာပါ။ ဒီအသံပိတ်သပိတ်ကို လွန်ခဲ့တဲ့နှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာလည်း ပြုလုပ်ခဲ့ပြီး မြို့နေလူထုအများစု ပါဝင်ခဲ့ကြသလို စစ်ကောင်စီဘက်ကလည်း ပြည်သူတွေရဲ့ ပစ္စည်းတွေ သိမ်းဆည်းယူဆောင်တာတွေ မြို့ကြီး တော်တော်များများမှာ ဖြစ်ခဲ့ပါတယ်။

    ဒီဇင်ဘာ ၁၀ရက်က ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်နေ့ကရန်ကုန်မြို့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၀ရက်က ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်နေ့ကရန်ကုန်မြို့မြင်ကွင်း
  19. မြန်မာ အိန္ဒိယ နယ်စပ် တမူးမြို့မှာ ကိုဗစ်ရောဂါဖြစ်သူတွေများလာလို့ အဝင်အထွက်ပိတ်

    မြန်မာ အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ စစ်ကိုင်းကိုင်း တမူးမြို့မှာ ကိုဗစ်ကူးစက်မှုတွေများလာလို့ တမူးမြို့ အဝင်အထွက်တွေကို ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က စပြီး ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ တမူးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    တမူးမြို့ကနေ တစ်ဖက်နိုင်ငံ အိန္ဒိယ နယ်စပ် မိုးရေးမြို့နဲ့ အဝင်အထွက် ပိတ်ထားသလို စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တမူးမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေကိုလည်း ဇန်နဝါရီလ ၂၅ ရက်နေ့က စပြီး လကုန်အထိ ရပ်ထားလိုက်တယ်လို့ လည်း ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

    ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ချက်မှာတော့ တမူးမြို့ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၈ ဦး ၊ဇန်နဝါရီလ ၂၃ ရက်နေ့ ၁၁ ဦး ၊ ဇန်နဝါရီ ၂၂ ရက်မှာ ၉ ဦး စသဖြင့် ဖော်ပြထားပြီး တမူးဒေသခံတွေကတော့ အများစု နှာစေး ချောင်းဆိုး ဖြစ်နေကြပြီး အချို့ကတော့ နေအိမ်တွေမှာပဲ ကုသနေကြရတယ်လို့လည်း ပြောပါတယ်။

    ပြီးခဲ့တဲ့တပတ်လောက်ကစပြီး တမူးမြို့တွေကြားမှာလည်း ဖျားနာသူ များပြားလာနေပြီး test kits နဲ့ စစ်ကြည့်မှ ပိုးတွေ့အဖြေထွက်တာတွေရှိနေတယ်လို့ တမူးမြို့ခံတွေ ပြောကြပါတယ်။

    စစ်ကောင်စီက ထုတ်ပြန်တဲ့ အ‌ရေအတွက်ထက် တမူးမြို့က ကိုဗစ်ကူးစက်သူ အရေအတွက်ထက် လက်တွေ့မှာပိုများနိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေရှိပါတယ်။

    စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ အခုရက်ပိုင်း အချိန်အခါမဟုတ်မိုးရွာနေတာကြောင့်လည်း ရောဂါကူးစက်မှုတွေပို များလာမှာကို စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း တမူးနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ မိုးရေးမှာ ပိုးတွေ့သူ ၂၃ ရှိခဲတယ်လို့သိရပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာ မိုးရေးမှာ နေအိမ်တွေမှာပဲနေကြဖို့ အမိန့်ထုတ်ထားပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. ထားဝယ်မှာကုသိုလ်ဖြစ်ဆေးခန်းက ပရဟိတသမား ၇ဦးကိုစစ်ကောင်စီဖမ်းဆီး, ဆေးပစ္စည်းတွေနဲ့အရေးပေါ်လူနာတင်ယာဉ်တစ်စီးကိုပါ သိမ်းဆည်းသွား

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာရှိတဲ့ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းမှာရှိတဲ့ ကုသိုလ်ဖြစ်ဆေးခန်းက ပရဟိတသမား ၇ ဦးကို မနေ့ဇန်နဝါရီ ၂၄ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ပရဟိတဆေးခန်းဦးဆောင်သူတစ်ဦးဖြစ်တဲ့ကိုသန့်ဇင်ထူးအပါအဝင် ဆေးခန်းမှာရှိတဲ့ အမျိုးသမီး တွေအပါအဝင် ၇ ဦးကို မနေ့ညပိုင်းကဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။

    ’’ပုံမှန်ကတော့ ဆေးခန်းမှာအလုပ်လုပ်ကြတာ ၇ ယောက်ပဲ၊ သူတို့ကပေါ်ပေါ်တင်တင် ပရဟိတလှုပ်ရှားနေသူတွေပဲဘာလို့ဖမ်းတာလဲမသိဘူး ’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဆေးခန်းသုံးဆေးပစ္စည်းတွေနဲ့ အရေးပေါ်လူနာတင်ယာဉ်တွေကိုပါ သိမ်းဆည်းသွားပြီးအခုလို ပရဟိတသမား ၇ ဦးကိုဖမ်းဆီးသွားတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ တနင်္သာရီတိုင်းအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းဆန့်ကျင်ရေးမှာပါဝင်သူတွေကို ဆက်တိုက်ဖမ်းဆီးခံရတာတွေရှိနေသလို ၊ သတင်းမီဒီယာသမားတွေလည်းဖမ်းဆီးခံရတာရှိနေတာပါ။ အခုတော့ ပရဟိတသမားတွေလည်းဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။

    ပရဟိတသမား ၇ဦးကိုစစ်ကောင်စီဖမ်းဆီး

    ဓာတ်ပုံ ရင်းမြစ်, Myeik Now

    ဓာတ်ပုံ ပုံစာ, ပရဟိတသမား ၇ဦးကိုစစ်ကောင်စီဖမ်းဆီး