ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကြက်ဆူအိုင်ရေနံမှော်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြီးဖမ်းဆီးတာတွေလုပ်, ဒေသခံရေနံမှော်သမားတွေ ထွက်ပြေးတိမ်းရှောင်နေကြရ

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက်ဘက်ပိုင်း၊ ပေါက်မြို့နယ်မြောက်ဘက်ပိုင်းက ကြက်ဆူအိုင်ရေနံမှော် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ဝင်ရောက်ပြီး ဖမ်းဆီးတာ ၊ ခြိမ်းခြောက်ပြီးငွေကြေးအကျပ်ကိုင်တာတွေလုပ်နေတယ်လို့ အဲဒီမှော်မှာ အလုပ်လုပ်ကိုင်နေသူတွေက ဘီဘီစီကိုပြောပါတယ်။လက်ရှိအချိန်အထိလည်း ရေနံကျင်းတွေကိုမီးရှို့ပြီးပိုင်ရှင်တွေ၊ ကြီးကြပ်သူတွေကို ခြိမ်းခြောက်တာတွေလုပ်သလို အော်ဟစ်ပြောဆိုတာတွေလည်းလုပ်လို့အဲဒီမှော်ထဲမှာ နေထိုင်သူမရှိတော့သလောက်ဖြစ်နေပြီး ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၂၃ရက်မနက်အထိလည်းလာရောက်တာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ''ဒီကနေ့မနက်လည်းရောက်လာတယ်။တချို့ကျင်းတွေကိုမီးထပ်ရှို့နေတယ်။မရသေးတဲ့ကျင်းတွေကို ငွေထပ်တောင်းတယ်။ဟိုနေ့ကဆိုဟိုဘက်ထန်းတောဘက်ကဖမ်းလာတဲ့ကလေးတွေလည်းပါတယ်။ လက်ပြန်ကြိုးတွေတုပ်လာတာ။ ဘာကြောင့်ပိုက်ဆံတောင်းလည်းဆိုတာ တိတိကျကျဘယ်သူမှ မပြောနိုင်ပေမယ့် ကျွန်တော်တို့မှော်ကလူကြီးက ၇၅သိန်း ပေးလိုက်ရတယ်။ အဲဒီကနေစပြီး ငွေတောင်းတာကိုထပ်လုပ်တာပဲ'' လို့ မျက်မြင်ကြုံရသူကပြောပါတယ်။

    ဇန်နဝါရီ ၂၁ရက်လောက်ကစပြီး ကြက်ဆူအိုင်ရေနံမှော်ကို ဝင်ရောက်ပြီး မှော်ပိုင်ရှင်တွေ၊ ကြီးကြပ်သူတွေကို ငွေတောင်းတာတွေလုပ်သလို၊ လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတချို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုတဲ့ယူဆချက်နဲ့ ဖမ်းဆီးတာနဲ့ သူတို့ရဲ့ ပစ္စည်းတွေကို သယ်ခိုင်းတာတွေကိုလုပ်တယ်လို့ မျက်မြင်ကြုံခဲ့ရသူကပြောပြပါတယ်။ '' ဆီခပ်နေတဲ့ ကလေးတွေ လူငယ်တွေကို အကုန်ဖမ်းတယ်။ ဒရုန်းနဲ့လည်းသူတို့ လမ်းကြောင်းတွေကြည့်တယ်။သူတို့ ကမှော်ထဲကို PDF လူငယ်တွေရှိတယ်လို့ ဆိုပြီးဝင်လာရှာတာလို့ပြောတယ်။မီးရှို့တာလည်းလုပ်တယ်။မီးရှို့မခံချင်ရင် ပိုက်ဆံပေးရတဲ့သဘောဖြစ်နေတယ်။ကျွန်တော်တို့ကပြေးဖို့လုပ်ပေမယ့်မမှီလိုက်လို့ ရေနံပိုက်ချတာဆက်လုပ်နေရတယ်။ ကျွန်တော်တို့ဘက်ကိုရောက်မလာပေမယ့် နောက်ကျတော့ကျွန်တော်ရော ကျွန်တော်တို့သူဌေးရောပြေးရတာပဲ'' လို့ မျက်မြင်ကြုံရသူကပြောပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ကြက်ဆူအိုင်ရေနံမှော် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ဝင်ရောက်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကြက်ဆူအိုင်ရေနံမှော် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ဝင်ရောက်
  2. ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မကွေးပိုစ့် သတင်းဌာန့ ဦးတင်ရွှေရဲ့အသက်အရွယ်အရ ကျန်းမာရေးနဲ့ပတ်သက်လို့မိသားစုကစိုးရိမ်နေတယ်လို့နီးစပ်သူပြော

    ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရတဲ့ မကွေးပို့စ် သတင်းဌာနက သတင်းထောက် ဦးတင်ရွှေရဲ့အသက်အရွယ်ကြောင့် ကျန်းမာရေးနဲ့ပတ်သက်လို့ မိသားစုက စိုးရိမ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ဦးတင်ရွှေကို တိုင်းရင်းသား လူမျိုးစုနှင့် ကိုးကွယ်ရာ ဘာသာမတူသူများအကြား ပြစ်မှုကျူးလွန်အောင် ကြံစည် လှုံ့ဆော်မှုနဲ့ဆိုပြီး မင်းဘူးတရားရုံးကနေ ဇန်နဝါရီလ ၂၁ ရက်နေ့က တရားရုံးက ၅၀၅ (ဂ) နဲ့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ’’ သူက အသက်ကကြီးပြီ၊ကျန်းမာရေးကလည်းမကောင်းတော့ သူ့မိသားစုကတော်တော်စိုးရိမ်နေကြတယ်။ ပြီးတော့ နဂိုကတည်းက သူ့မိသားစုကိုသူပဲရှာဖွေကျွေးမွေးတာဆိုတော့ သိရသလောက် သူ့မိသားစုလည်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်။ထောင်ထဲမှာလည်းထောင်ဝင်စာရဖို့လည်းအခက်အခဲရှိတာပေါ့’’ လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပြပါတယ်။

    ဦးတင်ရွှေ (မင်းဘူး) ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်က မင်းဘူးမြို့ နေအိမ်မှာလာရောက်ဖမ်းဆီးသွားခဲ့တာလို့သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၁၅ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၄၄ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၃ ဦးသေဆုံးခဲ့တယ်လို့ Southeast Asia media advocacy group ရဲ့ အချက်အလက်ကိုကိုကားပြီးရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

    ကျန်းမာရေးနဲ့ပတ်သက်လို့ မိသားစုက စိုးရိမ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျန်းမာရေးနဲ့ပတ်သက်လို့ မိသားစုက စိုးရိမ်နေ
  3. ဟိန်ဇိန်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး၊ဒဏ်ရာရတာတွေရှိတယ်လို့ PDF-Zoland ထုတ်ပြန်

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာအနီးရှိ ဟိန်းဇိန်နဲ့သိုင်းငင်းကြားတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေသေဆုံးပြီး ဒဏ်ရာရတာတွေရှိတယ်လို့ က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီတိုက်ပွဲမှာ မိုင်းထောင်ထားတာကိုသွားရောက်စစ်ဆေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးသေဆုံးခဲ့တယ်လို့ PDF-Zoland ကထုတ်ပြန်ပါတယ်။သေဆုံးသူ၂ဦးဟာ အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုး နဲ့ CNA တပ်က ဆလိုင်း ကျူံးလျန်ဆန်တို့ ဖြစ်ပြီး တခြားရဲဘော် ၂ ယောက်လည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြတယ်လို့ဒေသတွင်း Zalen မီဒီယာကဖော်ပြပါတယ်။ မနေ့ကတိုက်ပွဲဟာ ကလေးတက္ကသိုလ်ဝန်းထဲကနေ ကလေး-တီးတိန်ကားလမ်းကြားရှိ သိုင်းငင်းကျေးရွာနဲ့ ဟဲန်ဇိန်ကျေးရွာကြားနေရာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အကြိမ်ရေများစွာပစ်ခတ်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်တာ ကြောင့် လူအင်အားနဲ့လက်နက်အင်အားမမျှတတဲ့အတွက် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ညနေပိုင်းမှာခေတ္တနောက်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

    ဟိန်းဇိန်နဲ့သိုင်းငင်းကြားတိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဟိန်းဇိန်နဲ့သိုင်းငင်းကြားတိုက်ပွဲ
  4. လေကြောင်းတိုက်ခိုက်မှုတွေရဲ့ စစ်ရေးအဓိပ္ပာယ်နဲ့ မျက်မှောက်စစ်ရေးအခြေအနေ

  5. လူငယ်တွေကို အသုံးချ လိမ်လည်နေတဲ့ မြန်မာနယ်စပ်မြို့တွေက ငွေလိမ်ဂိုဏ်းတွေ

  6. ကျောက်တော် ညောင်ချောင်းစစ်ရှောင်စခန်းနေသူတချို့ ဝမ်းရောဂါဖြစ်

  7. ကသာ၊ နတ်လှိုင်ရွာအနီး တိုက်ပွဲမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ABSDF က ဒေသကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်, ဒေသခံတချို့ဒဏ်ရာရပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေလည်းရှိတယ်လို့ ဆို

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအနောက်ဘက်မှာရှိတဲ့ နတ်လှိုင်ကျေးရွာအနီးမှာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်၊ ABSDF စတဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ကသာ ဒေသကာကွယ်ရေးတပ် ဘက်ကထုတ်ပြန်လာတယ်။

    ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးထက်မနည်းသေဆုံးတယ်လို့ ကသာဒေသကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ပါတယ်။

    ကသာ၊

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ- KATHA Revolution

    ဓာတ်ပုံ ပုံစာ, ကသာမြို့၊ မှတ်တိုင်ကျေးရွာအတွင်း ဇန်နဝါရီ ၁၉ရက်နေ့က စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ

    လက်ရှိမှာတော့ နတ်လှိုင်ရွာကဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြသလို ေ ဒသခံနေအိမ်တလုံး ကိုလည်း စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ထုတ်ပြန်ချက်မှာပါရှိတဲ့ ABSDF ကျောင်းသားတပ်မတော်ဟာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့၁၀ ဖွဲ့ထဲမှာ ပါဝင်ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ဦးဆောင်ပြုလုပ်တဲ့ အန်စီအေစာချုပ်လက်မှတ်ထိုး ၆ နှစ်ပြည့်ပွဲကိုတက်ရောက်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ ဒီပွဲတက်ရောက်တဲ့အပေါ် အဖွဲ့ခေါင်းဆောင်တွေကြားသဘောထားကွဲလွဲမှုတွေရှိခဲ့တယ်လို့ဆိုနိုင်တဲ့နောက်ဆက်တွဲကြေညာချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသကာကွယ်ရေးတပ်တချို့နဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ဒေသတချို့မှာ ABSDF က ပူးပေါင်းတိုက်ခိုက်မှုတွေစတင်ရှိလာတယ်ဆိုတဲ့ထုတ်ပြန်ချက်တွေ တွေ့လာရသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်နေချိန် စစ်ကောင်စီတပ်တွေကို မဖြစ်မနေ တိုက်ခိုက်ဖို့ ဖြစ်လာရတယ်လို့လည်း ADSDF ခေါင်းဆောင်ပိုင်းက မီဒီယာတချို့ကိုဖြေကြားထားပါတယ်။

    လက်ရှိ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ ABSDF ဘက်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းနေပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ရက်မှာလည်း ကသာမြို့နယ်အတွင်းက မှတ်တိုင်ကျေးရွာအတွင်းကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့လို့ ဘုရားစေတီတချို့ပျက်စီးခဲ့သလို ဒေသခံတွေလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။

    အခုဇန်နဝါရီလထဲမှာပဲ ကသာမြို့နယ်ထဲက အင်းရွာ ၊ မိုးတာကြီး ရွာတွေဘက်မှာစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလိုဒေသခံနေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကသာဘက်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ကသာ၊

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ- KATHA Revolution

    ဓာတ်ပုံ ပုံစာ, ကသာမြို့၊ အင်းကျေးရွာမှာ ဇန်နဝါရီ ၁၈ရက်နေ့ကတိုက်ပွဲအတွင်း ဒေသခံနေအိမ်တချို့မီးရှို့ခံရ
  8. မင်းကင်း ကံစံပြကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ကျေးလက်ဆေးပေးခန်းကိုဖျက်ဆီး၊ ပစ္စည်းတွေယူဆောင်သွား

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကံစံပြကျေးရွာအတွင်းကို မနေ့ဇန်နဝါရီ ၂၁ရက်က စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီး ဆေးခန်းအတွင်း မေ့ွှနှောက်ရှာဖွေကာ ပစ္စည်းတွေယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ အစပိုင်းက သူတို့အထဲကပါတဲ့ စစ်သားတစ်ယောက်ကားမူးလို့ဆေးခန်းပြမယ် ဆိုပြီးရွာသားတွေကိုပြောတာ၊ ပြီးတော့ဆေးခန်းထဲအတင်းဝင်မွှေသွားတယ်။ ဖုန်း၊ လက်တော့၊ ပါဝါဘန့်နဲ့ဘထ္ထရီ စက်ဘီးတစ်စီးနဲ့တခြားပစ္စည်းတွေလည်းယူသွားတယ် “ လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေရွာထဲဝင်ရောက်ချိန်မှာ ဆေးပေးခန်းက ကျန်းမာရေးဝန်ထမ်းတွေက တော့တိမ်းရှောင်နေပြီး ကျေးရွာအတွင်းက NLD အမာခံနေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင်ရွာအတွင်းက ရွာသားတစ်ဦးဆီက ဆိုင်ကယ်နဲ့ငွေတွေကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တချို့ကယူဆောင်သွားပြီး ရွာအနီး ဂိတ်တွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    မင်းကင်းမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. စမ်းချောင်းမှာစစ်ကောင်စီကဖမ်းဆီးသွားတဲ့ ၁၉နှစ်အရွယ် စက်မှုကျောင်းသားလူငယ်အတွက် မိသားစုတွေစိတ်ပူနေ

    ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲက ပဒုမ္မာပန်းခြံအနားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မနက်ပိုင်းကစစ်ကောင်စီကဖမ်းဆီးသွားတဲ့ အသက် ၁၉ နှစ်အရွယ် စက်မှုသင်တန်းကျောင်းသား မောင်မင်းခန့်ကိုကိုနဲ့ပတ်သက်ပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို မသိတဲ့အတွက် စိတ်ပူစိုးရိမ်မှုတွေရှိနေတယ်လို့မိသားစုတွေကပြောပါတယ်။

    ဇန်နဝါရီ ၂၀ရက်နေ့က မောင်မင်းခန့်ကိုကိုနဲ့အတူလူငယ် ၄ဦးကို စမ်းချောင်း ပဒုမ္မာပန်းခြံ အနီးမှာ စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့နီးစပ်သူတွေက ပြောဆိုထားပြီး ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို စုံစမ်းပေမယ့် မသိရဘူးလို့မိသားစုဝင်တွေက ပြောပါတယ်။

    “ ဖုန်းနဲ့မက်ဆေ့တစ်စောင့်ပို့လာတယ်၊ မင်းခန့်ကိုကိုအဖမ်းခံလိုက်ရပြီဆိုတာ ပြီးတော့ ဘာမှမသိရဘူး။ စခန်းတွေလိုက်သွားပေမယ့် ဘာမှမသိရဘူး။ မောင်လေးက အဖမ်းခံရစဉ်က အရိုက်ခံထားရတဲ့ ဒဏ်ရာပါပေမယ့် လေးငါးချက်လောက်ပဲ ချုပ်ထားရတာ၊ ဘာမှထိခိုက်မှုမရှိဘူး။ ဒါကိုနင်းပြီး ကလေးက တစ်ခုခု ဒဏ်ရာကြောင့်ဖြစ်သွားတယ်ပြောမှာစိုးရိမ်တယ်။ သူဘာလုပ်တယ်ဆိုတာ ကျွန်မတို့မသိဘူး။ အကြောင်းမဲ့ဖမ်းသွားတာလည်းဖြစ်နိုင်တယ်။ တစ်ခုခုကြောင့်လည်းဖြစ်နိုင်တယ်။ အပြစ်ရှိတယ်ဆိုတရားဥပဒေအရလုပ်တာကလက်ခံနိုင်တယ်။ နှိပ်စက်တာ အသက်အန္တာရာယ်ထိခိုက်တာမျိုးမဖြစ်အောင်လုပ်ဖို့ပဲ တောင်းဆိုချင်တယ်လို့” မိသားစုဝင်တွေက ဘီဘီစီကိုပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရသူတွေထဲမှာပါတဲ့မောင်မင်းခန့်ကိုကိုဟာဆိုရင် အသက် ၁၉ နှစ်အရွယ် စက်မှုလက်မှုပထမနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး မိသားစုဝင်တွေဘက်ကတော့ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ICRC ကိုလည်း နာမည်စာရင်းပေးပို့အကြောင်းကြားထားတယ်လို့ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ မောင်မင်းခန့်ကိုကိုဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ရန်ကုန်၊

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

  10. ကုန်စည်ပို့ဆောင်မှုတွေကို ကန့်သတ်ထားလို့ ရန်ကုန်-မုံရွာ ယာဉ်လိုင်းအများစု ကုန်စည်ပို့ဆောင်မှုရပ်နားထားရ

    ရန်ကုန်ကနေ မုံရွာကို ပြေးဆွဲနေတဲ့အဝေးပြေးယာဉ်လိုင်းတွေမှာ ကုန်ပစ္စည်းပို့ဆောင်မှုတွေကို ကန့်သတ်လိုက်တာကြောင့် ယာဉ်လိုင်းအများစုက ကုန်စည်ပို့ဆောင်မှုတွေ ရပ်ဆိုင်းထားတယ်လို့မုံရွာ-ရန်ကုန်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကပြောပါတယ်။

    ရန်ကုန်-မုံရွာကားတွေမှာ ရွှေထည်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းနဲ့ အဝတ်အထည်၊ စားသောက်ကုန် စတာတွေကို သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုပြီးပို့ဆောင်လို့မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ကို ထွက်ပေါ်လာတဲ့အတွက် အဝေးပြေးကုန်စည်ပို့ဆောင်သူတွေကြား စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

    “ လုပ်ငန်းအားလုံးပေါ့၊။ ကျွန်တော့်ဆီကို တခြားကလှမ်းမှာတာရှိတယ်။ ကျွန်တော်ကလည်းရန်ကုန်ကနေလှမ်းမှာမယ်ဆိုရင်လည်း ပို့တဲ့အချိန်မှာ လမ်းမှာ ကိုယ့်ပစ္စည်းကတစ်ခုခုဖြစ်မလား၊ သိမ်းဆည်းခံရမလားစိတ်ပူတယ်။ အဲဒီလိုအသိမ်းခံရတာလည်းရှိတယ် မုံရွာမှာ။ အရင်တုန်းကလိုတော့ လွတ်လွတ်လပ်လပ် ကုန်ပစ္စည်းပို့ဆောင်လို့မရတော့ဘူး” လို့ မုံရွာ- ရန်ကုန်ကုန်စည်ပို့ဆောင်နေတဲ့လုပ်ငန်းရှင်တစ်ဦးကလည်း ဘီဘီစီကိုပြောပါတယ်။

    တဖက်မှာလည်း ယာဉ်လိုင်းတွေဘက်ကလည်း ခရီးသည်တွေရဲ့ ပစ္စည်းတွေ ဆုံးရှုံးမှုမဖြစ်ရအောင် လတ်တလောမှာတော့ ကုန်စည်ပို့ဆောင်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ပြောပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်-မုံရွာ ယာဉ်လိုင်းတွေအပြင် အဝေးပြေးခရီးသွားလာမှုတွေကို လမ်းခရီး ဂိတ်တွေမှာ စစ်ဆေးမှုတွေလုပ်နေပြီး အိမ်စီးကားတွေကိုတော့ စစ်ဆေးမှုနည်းပြီး ခရီးသည်တင်ယာဉ်တွေကတော့ စစ်ဆေးရေးဂိတ်တွေမှာ လမ်းဆင်းလျှောက်ရတဲ့ အခြေအနေလည်းရှိတယ်လို့ခရီးသွားတွေကပြောပါတယ်။

    ဒါ့အပြင် ရန်ကုန်ကနေ ကလေးကိုသွားတဲ့ လမ်းခရီးဂိတ်တချို့မှာတော့ စစ်ကောင်စီတပ်တွေက စစ်ဆေးတာရှိသလို တချို့ဂိတ်တွေမှာတော့ ဒေသကာကွယ်ရေးတပ်တွေဘက်က စစ်ဆေးတာတွေလည်းရှိတယ်လို့ ခရီးသွားလာသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    ရန်ကုန်-မုံရွာ

    ဓာတ်ပုံ ရင်းမြစ်, social media

  11. ဗီယက်နမ်က သက်တော်ရှည် ဇင်ဆရာတော် သစ်နက်ဟန် ပျံလွန်တော်မူ

    ဗီယက်နမ်က ထင်ရှားတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူ၊ ဇင်ဗုဒ္ဓဘာသာသက်တော်ရှည်ဘုန်းတော်ကြီး သစ်နက်ဟန်ဟာ ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ မနက်အစောပိုင်းမှာ ဗီယက်နမ်နိုင်ငံ၊ ဟွေးမြို့က သီတင်းသုံးနေတဲ့ ကျောင်းတိုက်မှာ ပျံလွန်တော်မူသွားပြီဖြစ်ပါတယ်။

    ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅ နှစ်ရှိပြီလည်းဖြစ်ပါတယ်။ ဆရာတော်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ ဗီယက်နမ်စစ်ပွဲဆန့်ကျင်သူတစ်ဦးအနေနဲ့ ထင်ရှားလာခဲ့ပါတယ်။

    ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့အကြမ်းမဖက်လှုပ်ရှားမှုတွေမှာ ဗုဒ္ဓ ဘာသာနဲ့ ဦးဆောင်အလင်းပြခဲ့သူလို့လည်း ဖြစ်သလို သူဟောကြားတဲ့တရားတော်တွေဟာ ထင်ရှားခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကိုဦးဆောင်လမ်းပြသူတစ်ဦးအနေနဲ့ ဆရာတော်ဟာ ပြင်သစ်နိုင်ငံမှာ ဇီးတောကျောင်းတိုက်ကို တည်ထောင်ခဲ့ပြီး သတိပဌာန်ကျင့်စဉ်တရားတော်တွေကို ပုံမှန်ဟောကြားပို့ချတော်မူခဲ့ပါတယ်။

    ဆရာတော်ရဲ့ နူးညံ့ပေမယ့် အင်အားအပြည့်အဝရှိတဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ တရားတော်တွေဟာ ကမ္ဘာမှာ ကျော်ကြားပါတယ်။ ဆရာတော် သစ်နက်ဟန်ဟာ ၁၉၆၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ အမေရိကန်ပြည်ထောင်စု ပရင့်စတန်နဲ့ ကိုလန်ဘီယာတက္ကသိုလ်တွေမှာလည်း သင်ကြားပို့ချမှုတွေပြုလုပ်ခဲ့ပြီး ဘာသာစကား ခုနစ်မျိုးကိုပြောဆိုနိုင်သူလည်းဖြစ်ပါတယ်။

    ဆရာတော်ဟာ ဘုန်းတော်ကြီးတွေက မိမိကိုယ်ကို မီးရှို့ပြီး အမေရိကန်-ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်တဲ့ဆန္ဒ ပြမှုတွေ ပေါ်ပေါက်ခဲ့တဲ့ ၁၉၆၃ ခုနှစ်မှာ စစ်ဆန့်ကျင်ရေး ပါဝင်မှာ ပါဝင်ဖို့ ဗီယက်နမ်ကို ပြန်လည်ကြွရောက်ခဲ့ပါသေးတယ်။ ဆရာတော်ဟာ သူ့ရဲ့ သက်တမ်းတလျှောက် ပြည်ပနိုင်ငံတွေမှာ လှည့်လည် သာသနာပြုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ လေဖြတ်ဝေဒနာကြောင့် စကားမပြောနိုင်တော့ဘဲ သူ့ရဲ့နောက်ဆုံးလက်ကျန်နေ့ရက်တွေကို မွေးရပ်မြေမှာ နေထိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံ၊ ဟွေးမြို့မှာ ပြန်လည်နေထိုင်ခဲ့ပါတယ်။

    Thich Nhat Hanh, Vietnam Monk

    ဓာတ်ပုံ ရင်းမြစ်, Thich Nhat Hanh facebook

  12. ကယားပြည်နယ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်, လွိုင်ကော်မြို့ပေါ် တိုက်ပွဲအတွင်း အရပ်သား ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ KNDF ထုတ်ပြန်

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး မနေ့ဇန်နဝါရီ ၂၁ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ ၅ မိုင်နဲ့ ၆ မိုင်ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ဇန်နဝါရီ ၂၂ ရက်မှာထုတ်ပြန်လာပါတယ်။

    အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်းရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင် ဇန်နဝါရီပထမပတ်အတွင်းက စပြီးဖြစ်ခဲ့တဲ့ လွိုင်ကော်မြို့ပေါ်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်လာပါတယ်။

    ဒီတိုက်ပွဲတွေမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က လက်နက်၊ စစ်ဝတ်တန်ဆာအပြည့်နဲ့တိုက်ခိုက်တာဖြစ်ပေမယ့် စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    လွိုင်ကော်မြို့ပေါ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်အတွင်းပုန်းအောင်းနေတဲ့ ဒေသခံတချို့လည်း လက်နက်ကြီး ထိမှန်သေဆုံးတာတွေရှိခဲ့တယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေ့ ပြောဆိုထားပါတယ်။

    ဒါ့အပြင်လွိုင်ကော်မြို့တွင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးမှုတွေရှိတယ်ဆိုတဲ့ ဒေသတွင်း သတင်းဖော်ပြချက်တွေလည်းရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ လွိုင်ကော်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိပါဘူး။

    လက်ရှိမှာတော့ တိုက်ပွဲတွေပြင်းထန်နေဆဲ လွိုင်ကော်မြို့မှာ ဒေသခံ တဝက်လောက်ဟာ ဒီးမော့ဆို စစ်ဘေးရှောင်စခန်းတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေနဲ့ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့တွင်းမှာဇန်နဝါရီ ၂၀ရက်နေ့ကအရပ်သားတစ်ဦးလက်နက်ကြီးထိမှန်သေဆုံးနေတဲ့မြင်ကွင်း
  13. မကွေးက ရေနံတွင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့

  14. မြစ်ကြီးနား မီးရထား ဝန်ထမ်းတွေ ဝန်ထမ်းအိမ်ရာက ဖယ်ရှားနေရ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စီဒီအမ် မီးရထားဝန်ထမ်းတွေက တစ်နှစ်တာအတွင်း ကြုံရာအလုပ်ကိုင်ပြီး စားဝတ်နေရေဖြေရှင်းနေရသလိုဝန်ထမ်းအိမ်ရာတွေကနေ ပြောင်းရွှေ့နေကြရပါတယ်။

    မြစ်ကြီးနား မီးရထားဝန်ထမ်းတွေ ဝန်ထမ်းလိုင်းခန်းကနေ တစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ ဇန်နဝါရီလ ၁၄ ရက်နေ့က စာထုတ်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့ကတော့ ဝန်ထမ်းတွေဆီကို ရောက်တယ်လို့ ပြောပါတယ်။

    အိမ်ခန်းငှားခ အခက်အခဲ ကြောင့် ပြောင်းရွှေ့နေထိုင်မယ်ဆိုရင် အောက်ခြေ မီးရထားဝန်ထမ်းတွေ စားဝတ်နေရေး ပိုခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

    စာထုတ်ပြန်ပြီး နောက်ပိုင်း ၁၀ဦး ၁၅ ဦးလောက်ကတော့ ပြောင်းရွှေ့နေထိုင်ကြပြီး ကျန်တာတွေတော့ ရှိသေးတယ်လို့ ပြောပါတယ်။

    မြစ်ကြီးနားမှာ မီးရထားဝန်ထမ်း CDM လုပ်သူ ဆန်ကာတင် ၅၀ ဦး ကျော်ရှိပြီးNon -CDM လုပ်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

  15. ချင်းပြည်နယ် မတူပီမှာ စစ်တပ်က ပစ်ခတ်မှုတွေလုပ်နေ

  16. ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို သေဒဏ်ချမှတ်တယ်လို့ ကြေညာ

    အကြမ်းဖက်မှုတွေ၊တခြားဆက်စပ်မှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ ကိုဖြိုးဇေယျာသော်နဲ့ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီတို့ကို ဒီကနေ့ သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

    သူတို့ကို စစ်အုပ်ချုပ်ရေး စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(စျ)၊ ၅၀(ည)တို့နဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

    ကိုဖြိုးဇေယျာသော်ရဲ့ နေအိမ်တွေလို့ဆိုတဲ့ သင်္ဃန်းကျွန်းမြို့နယ်တွင်း နေအိမ်နှစ်အိမ်မှာ လက်နက်ခဲယမ်းတွေ ရှာတွေ့မိခဲ့သလို ကိုဂျင်မီကို ဖမ်းမိခဲ့တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာလည်း လက်နက်ခဲယမ်းတွေကို တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    သူတို့နှစ်ဦးဟာ ရန်ကုန်မြို့တွင်း ပစ်ခတ်ဖောက်ခွဲမှုတွေလုပ်ဖို့ လှုံ့ဆော်ခဲ့သလို မြေပြင်မှာလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအတွက်လည်း ငွေကြေးထောက်ပံ့မှုတွေ ရှိတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပါတယ်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီဘက်က ဖမ်းဆည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်ကိုတော့ နိုဝင်ဘာလထဲမှာ ဖမ်းမိခဲ့တာပါ။

    ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့နှစ်ဦးကို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ ဖမ်းမိခဲ့တာဖြစ်လို့ စစ်ခုံရုံးဖွဲ့ စစ်ဆေးကာ သေဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ သူတို့နှစ်ဦးကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ အတိအကျ ပြောဆိုခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်တွေကို ကွပ်မျက်မစီရင်တာ အချိန်အတော်ကြာပြီလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    ကိုဇေယျာသော်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ကိုဂျင်မီ

    ဓာတ်ပုံ ရင်းမြစ်, Nilar Thein Facebook

  17. မြန်မာ့အရေး အီးယူနဲ့ကမ္ဘောဒီးယားဆွေးနွေး

    မြန်မာအာဏာသိမ်းစစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အီးယူ ဥရောပ သမဂ္ဂက ရှုတ်ချသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို အာဏာပြန်လည်အပ်နှင်းပြီး နိုင်ငံရေးအကျဥ်းသားတွေအားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က တောင်းဆိုလိုက်ပါတယ်။

    လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပါ့ခ် ဆော့ခ်ဟွန်းနဲ့ ဆက်သွယ်ပြောဆိုစဥ်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့အညီ လိုအပ်နေသူတွေထံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အတားအဆီးမရှိ ပံ့ပိုးပေးနိုင်ဖို့ကိုလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတခု အမြန်ဆုံး ရှာဖွေကြဖို့ကိုလည်း အီးယူအကြီးအကဲဘက်က အလေးပေးပြောဆိုခဲ့တယ်လို့ အီးယူဘက်က သတင်းထုတ်ပြန်ပါတယ်။

    အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကနေသာ အဖြေတခု ထွက်လာနိုင်တယ်လို့ အီးယူဘက်က ယူဆပြီး အဲဒီလိုမျိုး လုပ်ငန်းစဥ်တရပ်ထွက်လာဖို့ကိုလည်း ထောက်ပံ့ကူညီသွားမယ်လို့ အီးယူဘက်က ကတိပြု ပြောကြားခဲ့ပါတယ်။

    မြန်မာ့အရေး အီးယူနဲ့ကမ္ဘောဒီးယားဆွေးနွေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  18. Total စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်မယ်

    လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကြောင့် မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့ အခုနောက်ဆုံး နိုင်ငံတကာ ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်ညှဥ်းပန်းမှုတွေကို Total ကုမ္ပဏီက အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပေမယ့် အခြေအနေတွေ ပိုမိုဆိုးရွားလာနေတာကြောင့် မြန်မာနိုင်ငံတွင်းမှာ အပြုသဘောဆောင်တဲ့ ကူညီထောက်ပံ့မှုတွေ လုံလုံလောက်လောက် မလုပ်ဆောင်နိုင်တော့ဘူးလို့ Total ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    ဒါကြောင့် Total ကုမ္ပဏီအတွက် ငွေကြေးတစုံတရာ နစ်နာကြေးမရဘဲ ရတနာရေနံမြေလုပ်ငန်း၊ မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီ (MGTC) တို့ကနေ လုပ်ငန်းလည်ပတ်တဲ့ ကုမ္ပဏီအနေနဲ့ရော အစုရှယ်ရာဝင်အဖြစ်ကနေပါ နုတ်ထွက်ဖို့အတွက် စာချုပ်စာတမ်းဆိုင်ရာ လုပ်ငန်းရပ်တွေကို စတင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လည်ပတ်နေတဲ့ ငွေကြေး ဒေါ်လာ ၁၀၅ သန်းလောက်ရှိပေမယ့် ဒီပမာဏဟာ ကုမ္ပဏီရဲ့ ဝင်ငွေ ၁ ရာခိုင်နှုန်းအောက်သာရှိလို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကဏ္ဍအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ Total ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သူတို့ရဲ့ မိတ်ဖက်ကုမ္ပဏီတွေကို သူတို့နုတ်ထွက်တော့မှာ ဖြစ်တဲ့အကြောင်း အကြောင်းကြားထားပြီး ၆လ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    Total ကုမ္ပဏီဟာ အမေရိကန်အခြေစိုက် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron၊ ထိုင်းကုမ္ပဏီ PTTEP ၊ မြန်မာအစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ MOGE တို့နဲ့အတူ ရတနာရေနံမြေလုပ်ငန်းမှာ ၁၉၉၂ ခုနှစ်ကတည်းက စတင်အလုပ်လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီအတွက် အဓိက နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းတခုဖြစ်လို့ အခွန်မပေးဆောင်ကြဖို့နဲ့ စစ်တပ်ကို ပိတ်ဆို့အရေးယူကြဖို့ အမျိုးသားညီညွတ်ရေးအစိုး​ရအပါအဝင် ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေက အဲဒီကုမ္ပဏီကြီးတွေကို တလျှောက်လုံး တောင်းဆိုခဲ့ကြပါတယ်။

    အခုနောက်ဆုံး Total ကုမ္ပဏီက မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို အမေရိကန် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ ရိုက်တာသတင်းဌာနကို သောကြာနေ့မှာ ပြောဆိုထားပါတယ်။

    Total စွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာမည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. မြိုင်နဲ့ပေါက်မှာ ဒေသခံတွေရဲ့ရေနံကျင်းတွေ ကို စစ်ကောင်စီတပ်တွေ ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေပြော

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက်ပိုင်းက သပြေညိုရွာနဲ့အနီးတဝိုက်က ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေပိုင်တဲ့ ရေနံကျင်းတွေကို စစ်ကောင်စီတပ်တွေက မနေ့ဇန်နဝါရီ ၂၀ ရက်နေ့ကစပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ဇန်နဝါရီ ၂၁ ရက်မှာလည်း မြိုင်မြို့နယ်အနောက်ပိုင်းက ကျေးရွာတွေနဲ့ ပေါက်မြို့နယ်မြောက်ပိုင်း ကြက်ဆူအိုင်ကျေးရွာဘက်က ဒေသခံတွေရဲ့ ရေနံဆီကန် တွေနဲ့ရေနံကျင်းတွေကို စစ်ကောင်စီတပ်တွေက ဆက်တိုက်မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ၎င်းတို့က ပြောပါတယ်။

    ဒီရေနံလုပ်ကွက်တွေဟာ ဒေသခံတွေရဲ့တပိုင်တနိုင်လုပ်ငန်းတွေ ဖြစ်ပြီး စစ်ကောင်စီတပ်တွေက အခွန်ပေးဆောင်ဖို့ပြောပေမယ့် ဒေသခံတွေက မပေးတာကြောင့် အခုလို မီးရှို့ဖျက်ဆီးခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ အဲဒီရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံကျေးရွာအများစု ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီဖြစ်စဉ်တွေကိုတော့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

    မကွေးတိုင်းဒေသကြီး

    ဓာတ်ပုံ ရင်းမြစ်, We Love Myaing