မြန်မာပြည်သူတွေအတွက် ဒေါ်လာ ၁၈ သန်းခွဲဘိုး ကယ်ဆယ်ရေးအကူအညီ ဂျပန်အစိုးရပေးမယ်
မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၈ သန်းခွဲဘိုး စားနပ်ရိက္ခာနဲ့ တခြား လူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပို့ပေးမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
မနှစ်က စစ်အာဏာသိမ်းခဲ့ပြီးချိန်ကတည်းကစလို့ ခုချိန်ထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးက တုံ့ဆိုင်းနေဆဲ ဖြစ်ပြီး မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ စားဝတ်နေရေးအတွက် မနည်း ပိုရုန်းကန်နေကြရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာ က သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ လူသားချင်း စာနာရေး ကယ်ဆယ်ရေးအခြေအနေတွေက တနေ့တခြား ဆိုးရွားလာနေတယ်လို့ မစ္စတာ ဟာယာရှီက ဆိုပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်း အခိုင်အမာ ရပ်တည်သွားမှာ ဖြစ်ပြီး အကူအညီ တကယ်တမ်း လိုအပ်နေသူတွေထံ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ရောက်ရှိနိုင်ရေးကို အားတက်သရော ဆက်လက် ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။
ဂျပန်အစိုးရဟာ အရေးပေါ် စားနပ်ရိက္ခာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတဆင့် ပို့ပေးဖို့ စီစဥ်ထားပြီး စစ်ဘေးရှောင်တွေနဲ့ ဒုက္ခသည်တွေအကြား ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ဖို့ စတာတွေမှာ ဒီအထောက်အပံ့တွေကို အသုံးပြုမှာဖြစ်ပါတယ်။