စစ်မှုမထမ်းမနေရ ဥပဒေကို မဖြစ်မနေလုပ်ရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော, နိုင်ငံခြားကျူးကျော်မှုကို ခုခံဖို့လိုအပ်နေတဲ့အချိန်မှ အသက်သွင်းရမယ့်ဥပဒေဖြစ်တယ်လို့အကဲခတ်တွေပြော
၂၀၂၂ ခုနှစ်ဟာ စစ်ကောင်စီအတွက် စိန်ခေါ်တဲ့နှစ်တနှစ်ဖြစ်ပြီး စီးပွားရေး၊ ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကာကွယ်ရေးစနစ်ကို မဖြစ်မနေလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အဲဒီထဲကမှ နိုင်ငံသားအားလုံး စစ်မှုထမ်းရမယ့် အမျိုးသားစစ်မှုထမ်းဥပဒေကိုလည်း မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
“ကာကွယ်ရေးစနစ်ကို နောင် ကျွန်တော်တို့သွားရမယ်။ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ကျွန်တော်တို့လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိလို့မျက်နှာငယ်ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေကျွန်တော်တို့ကို ပြသနာမျိုးစုံရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်။ ကျွန်တော်တို့တွေစော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာမဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့မဖြစ်မနေလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကို ဒီနှစ်မှာ ကျွန်တော်တို့က တတ်နိုင်သလောက်ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်" လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မနေ့ဖေဖော်ဝါရီ ၂ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားစစ်မှုထမ်း ဥပဒေဟာဆိုရင် ပထမအကြိမ်လွှတ်တော်မှာတင်ပြီးသားဖြစ်ပေမယ့် သမ္မတလက်မှတ်ထိုးပြီးမှ အတည်ဖြစ်မှာဖြစ်ပြီး အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်းမှာ ဒုတိယသမ္မလက်မှတ်ထိုးမှာလား စစ်ကောင်စီ ဥက္ကဌ လက်မှတ်ထိုးမလားဆိုတဲ့ မေးခွန်းလည်းရှိနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ တပ်မတော်က စွန့်ခွာထွက်ပြေးသူတွေရှိလာတဲ့ အပြင် ပြည်တွင်းကလူငယ်တချို့ဟာလည်း တိုင်းရင်းသားဒေသတွေမှာ စစ်ပညာသွားရောက်သင်ကြားနေချိန်ဖြစ်လို့ ဒီအချိန်မှာ ဥပဒေကိုအသက်သွင်းတာဟာ ပိုရှုပ်ထွေးတဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်ဆိုတဲ သုံးသပ်ချက်တွေလည်းရှိပါတယ်။
“ဥပဒေအရက စစ်မှုမထမ်းမနေရဆိုတော့ မထမ်းဘဲ ရှောင်နေမယ်ဆိုရင် ပြစ်ဒဏ်တွေရှိမှာပေါ့။ တချို့လူတွေကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့တာဝန်ရှိတယ်ဆိုပြီး သတ်မှတ်ထားတဲ့ ကာလကို စစ်မှုထမ်းလိုက်တာရှိပေမယ့် တချို့ကျတော့လည်း စစ်မှုမထမ်းချင်ဘူး၊ ဒါပေမဲ့ စစ်ရေးပညာလည်းသင်ချင်တယ်။ လက်နက်လည်းပြန်ချဖို့လိုချင်တယ်ဆိုတဲ့ရည်ရွယ်ချက်လည်းလိုချင်တာ ရှိနိုင်တယ်။ သူတို့ထည့်မစဉ်းစားဘူးလား။ စစ်မှုမထမ်းမနေရ ဥပဒေကိုအသက်သွင်းတာက တိုင်းပြည်ကငြိမ်းချမ်းပြီးတော့ အားလုံးကစည်းစည်းလုံးလုံးဖြစ်နေတဲ့ကာလမျိုး၊ ဒါမှမဟုတ် တိုင်းပြည်က နိုင်ငံခြားကျုးကျော်မှုကို ခုခံကာကွယ်ဖို့လိုအပ်နေတဲ့အချိန်မှာ ဥပဒေသက်ရောက်အောင် လုပ်တာက အခြေအနေနဲ့ ပိုကိုက်တယ်လို့ဆိုရမှာပေါ့ “ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာလည်း အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်ပိုင်း စစ်တပ်ကနေ စွန့်ခွာထွက်ပြေးသူတွေရှိနေပြီး အဲဒီအထဲက တချို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်ပညာပြန်သင်ပေးနေသူတွေရှိသလို တချို့ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပြန်လည်ပါဝင်နေကြပါတယ်။
ဒါ့အပြင် ပြည်တွင်းက လူငယ်တချို့ဟာလည်း စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေမှာ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ပြီး တိုင်းရင်းသားဒေသတွေမှာ စစ်ပညာသင်ယူမှုတွေလုပ်နေသလို လက်ရှိစစ်ကောင်စီနဲ့နှစ်ဖက်တိုက်ပွဲတွေမှာလည်း ပါဝင်နေကြပါတယ်။