ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်အာဏာသိမ်းဆန့်ကျင်ရေးစာတန်းချိတ်ဆွဲတဲ့ လူငယ်တစ်ဦး သေနတ်ပစ်ခံရလို့သေဆုံး

    ကမာရွတ်မြို့နယ်၊ (၂) ရပ်ကွက်၊ ပြည်လမ်း၊တံတားဖြူလူကူးခုံးကျော်တံတားမှာ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ပတ်သက်တဲ့စာတန်းချိတ်ဆွဲဖို့ပြင်နေတဲ့လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ အဲဒီလူငယ်နဲ့နီးစပ်သူအချို့က ဘီဘီစီကိုပြောပါတယ်။

    ဆန့်ကျင်စာတန်းချိတ်ဆွဲဖို့ကြိုးစားတဲ့လူငယ် ၃ဦးဖြစ်ပြီး ၂ဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ၁ ဦးက သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ လူငယ်ဟာ မြကန်သာ(၁)လမ်း၊ အင်းယားဗျူးဟိုတယ်ဘေးမှာ ဝမ်းဗိုက်ထိမှန်ဒဏ်ရာနဲ့ လဲကျသေဆုံးခဲ့တာလို့သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ သိရှိရတာမရှိသေးဘူးလို့နီးစပ်သူတွေကပြောပါတယ်။

  2. ပုလဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး မြို့ကလူတွေ ထွက်ပြေးနေ

  3. ပြည်ကြီးတံခွန်မြို့နယ်ထဲက တေဇာလင်္ကာရကျောင်း ချိပ်ပိတ်ခံရ

    မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် မဟာဝိဇိတာရာမကျောင်းတိုက်ဝင်းထဲက ကျောင်းတိုက်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်ပြီး အဲဒီမှာ သီတင်းသုံး နေတဲ့ သံဃာတော်တွေကို နှင်ချခဲ့တယ်လို့ ကျောင်းတိုက်အနီးက သံဃာတော်တွေက မိန့်ကြားပါတယ်။

    မဟာဝိဇိတာရာမကျောင်းတိုက်ထဲက တေဇာလင်္ကာရကျောင်းကို ဖေဖော်ဝါရီ ၄ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ် သာသနာရေးဌာနက သက်ဆိုင်သူတွေရောက်လာပြီး ယာယီအနေနဲ့ ချိပ်ပိတ်မယ်လို့ ကြေညာချက်ဖတ်ပြခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုလာချိန်မှာ မဟာဝိဇိတာရာမကျောင်းတိုက်ဝင်းထဲရှိအခြားကျောင်းတိုက်ကြီး သုံးခုက အခြားသံဃာလေးပါးလည်း အတူပါခဲ့တယ်လို့ သိရပါတယ်။ ‌

    ဖေဖော်ဝါရီ ၅ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူလိုက်ပါခဲ့တဲ့ သစ္စာအောင်မြေကျောင်းတိုက်က ဆရာတော်တစ်ပါးက တေဇာလင်္ကာရကျောင်းတိုက်ထဲက သီတင်းသုံးနေတဲ့ သံဃာကို ဖုန်းဆက်ကာ တရားဝင်ချိပ်ပိတ်တယ်လို့ မိန့်ကြားခဲ့ကြောင်း နီးစပ်တဲ့သံဃာတော်တွေက ပြောပါတယ်။ချိပ်ပိတ်ခံရတဲ့ တေဇာလင်္ကာရကျောင်းတိုက်ထဲက နှင်ချခံရတဲ့ သံဃာတွေဟာ ဖေဖော်ဝါရီ ၆ရက် နေ့ခင်းမှာ သစ္စာအောင်မြေဘုန်းကြီးက ခေါ်ယူလို့ သွားရောက်တွေ့ဆုံနေရတယ်လို့ သိရပါတယ်။

    မဟာဝိဇိတာရာမကျောင်းတိုက်ထဲက တေဇာလင်္ကာရကျောင်းမှာ ၂၀၂၁ခုနှစ် စက်တင်ဘာလပိုင်းက မန္တလေး သံဃာသမဂ္ဂအဖွဲ့ဝင် သံဃာတစ်ပါး ယာယီ သီတင်းသုံးနေထိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် တေဇာလင်္ကာရကျောင်းတိုက်အတွင်းကို စစ်ကောင်စီက ဝင်ရောက်ပြီး ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတပါးအပါဝင် ဆေးကုဖို့ လာတည်းသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ယာယီ သီတင်းသုံးတဲ့ သံဃာသမဂ္ဂအဖွဲ့ဝင် သံဃာက လွတ်မြောက်ခဲ့ပါတယ်။အဖမ်းခံရသူတွေကို စစ်ဆေးမှုလုပ်ပြီးနောက်မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတိုက်အတွင်း လာရောက်ဖမ်းဆီးစဉ်က ကား၊ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာ၊ ငွေကြေးတွေ ယူဆောင်တာတွေပါ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တယ်လို့ မဟာဝိဇိတာရာမကျောင်းတိုက်ရှိ သံဃာတော်တွေက မိန့်ကြားပါတယ်။

    အဲ့ဒီဖြစ်စဉ်ကြောင့် တေဇာလင်္ကာရကျောင်းတိုက်ကို ချိပ်ပိတ်တာလို့ သံဃာတချို့က ယူဆကြပေမယ့် ချိပ်ပိတ်ခံရတဲ့ အကြောင်းရင်းကို ဘီဘီစီအနေနဲ့ အတည်ပြုလို့မရသေးပါဘူး။မန္တလေး သံဃာသမဂ္ဂအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးက "ဘုန်းကြီးကျောင်းတိုက်ကို ချိတ်ပိတ်လိုက်တာဟာ ဘာသာ သာသနာကို ဖိနှိပ်စော်ကားမှု တခုလို့ မြင်ပါတယ် "လို့ မိန့်ကြားပါတယ်။

    မဟာဝိဇိတာရာမကျောင်းတိုက်ဟာ မိုးကုတ်ဝိပဿနာနဲ့ ကပ်ရပ်မှာရှိပြီး ကျောင်းတိုက်အတွင်း ကျောင်းပေါင်း ၇၀ကျော်ရှိပါတယ်။ လက်ရှိချိပ်ပိတ်ခံရတဲ့ တေဇာလင်္ကာရကျောင်းဟာ စာသင်တိုက်ဖွင့်ဖို့ လုပ်ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တယ်လို့ သိရပါတယ်။

  4. YBS လိုင်းအချို့နံပါတ်ပြောင်းပြီး ကတ်စနစ် ပြန်သုံးမယ်လို့ ပြော

    ရန်ကုန်မြို့က အများပြည်သူသုံး YBS တွေကို နံပါတ်တူ ယာဉ်လိုင်းတွေအစား ယာဉ်လိုင်းတစ်မျိုးကို တစ်လိုင်းဖြစ်အောင် ဖေဖော်ဝါရီ ၁၂ ရက်နေစပြီး စတင်ပြောင်းလဲ ပြေးဆွဲတော့မယ်လို့ ရန်ကုန်က ယာဉ်လိုင်းတွေကိုကြီးကြပ်တဲ့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန့်မန်က ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် ကတ်စနစ်ကို ပြန်လည်အသုံးပြုသွားမှာဖြစ်ပြီး လူသွားလူလာများတဲ့ ဘတ်စ်ကားဂိတ်အနီးနေရာ ၂၄ ခုမှာ ကတ်တစ်ကတ်ကို ၂၀၀၀ ကျပ်နဲ့ ရောင်းပေးသွားမယ်လို့ YRTC ကပြောပါတယ်။

    ပြည်သူတွေ သွားလာရလွယ်ကူစေဖို့ အခုလိုလုပ်တာလို့ သူကပြောပါတယ်။

    YBS ဘတ်စ်ကားလိုင်းစနစ်ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက အရင် NLD အစိုးရလက်ထက်က စတင်ခဲ့တာဖြစ်ပြီးတော့ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ စစ်တပ်အာဏာသိမ်းပြီးတနှစ်အကြာမှာ ယာဉ်လိုင်းနံပါတ်တွေ ပြောင်းလဲမယ်ဆိုပြီးထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

    နံပါတ်တူပြီးနေရာစုံတဲ့နေရာတွေကို အတူစုလိုက်တာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ကတ်တွေသုံးတဲ့စနစ်ကို လည်း ကျင့်သုံးသွားတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTCရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန့်မန်က ဘီဘီစီကို ကပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်း၉၈လိုင်း၊ယာဉ်စီးရေ၂၇၉၆စီးက ပြေးဆွဲခဲ့ပြီး ၊ ခရီးသည် ၅၃၈၆၁၀ ကျော်ကိုပို့ဆောင် ပေးနိုင်ခဲ့တယ်လို့ YRTC ထုတ်ပြန်ချက်အရ သိရပါတယ်။

  5. မူတြော်ခရိုင်အတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလုပ်လို့ဒေသခံတွေသေဆုံးထိခိုက်တယ်လို့ KNU ထုတ်ပြန်

    ကေအဲန်ယူ - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု ၊တနွီးခါကျေးရွာအတွင်းကို မနေ့ ဖေဖော်ဝါရီ ၅ရက် က စစ်ကောင်စီ က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ KNU- ကေအဲန်ယူကထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ အသက် ၅၀ကျော်အရွယ် ဒေသခံအမျိုးသား ၁ဦးနဲ့ အမျိုးသမီး၁ဦး တို့ဖြစ်ပြီး ဒေသခံတွေထိခိုက်သေဆုံးမှုအပြင် နေအိမ်တွေထိခိုက်ပျက်စီးတာနဲ့ မီးလောင်တာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

    အခုလိုစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်တာတွေလုပ်တာဟာ တပ်မဟာ ၅နယ်မြေအတွင်း သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေအတွက် စားနပ်ရိက္ခာနဲ့လက်နက်တွေထောက်ပို့ဖို့ခက်ခဲတာနဲ့ ဖာပွန်ကို ခြေလျင်သွားရောက်ဖို့ခက်ခဲတာတွေကြောင့်ဖြစ်တယ်လို့ KNLA တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲကပြောကြောင်း KNU-Mutraw News က ဖော်ပြပါတယ်။

    အလားတူ စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၉)က ဖေဖော်ဝါရီ ၃ ရက် မနက် ၈ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မွန်ပြည်နယ် သထုံမြို့နယ် ရွှေယောင်ပြကျေးနယ်အုပ်စု မိချောင်းအိုင်ရွာခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU-Mutraw News မှာရေးသားထားပါတယ်။ လက်ရှိမှာ တပ်မဟာ ၅နယ်မြေအတွင်း လုံခြုံရေးသတိရှိကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက KNLA ကဒေသခံတွေကို အသိပေးထားပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူလည်းရာချီရှိနေတယ်လို့သိရပါတယ်။

    ကရင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ အခုရက်အတွင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

  6. မြစ်ငယ် CDM မီးရထားဝန်ထမ်းတွေကို လိုင်းခန်းပေါ်က ဆင်းခိုင်းနေ (တနင်္ဂနွေ မနက်ခင်း ထိပ်တန်းသတင်း)

  7. လောင်းလုံးမြို့နယ် ထဲက ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြား ဥယျာဉ်ခြံအနီး‌မှာ မြေမြှုပ်ခံထားရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေတွေ့ရှိ

    တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြား ငါးအိမ်စုနေရာ ဥယျာဉ်ခြံအနီး‌မှာ မြေမြှုပ်ခံထားရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိတယ်လို့ Dawei Watch က သတင်းကဖော်ပြပါတယ်။ သေဆုံးမြုပ်နှံခံရသူတွေရဲ့ရုပ်အလောင်းမှာမျက်မြင်တွေ့ရှိချက်အရ သေနတ်ဒဏ်ရာတွေ၊ ဦးခေါင်းမှာရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေကို တွေ့ရတယ်လို့သိရပါတယ်။ သေဆုံးထားပြီး မြေမြုပ်ခံထားရတဲ့ အဲဒီအမျိုးသား ၃ဦးဟာ အသက် ၂၀ ကျော်အရွယ် မောင်သားသားလေး၊ မောင်ကံကောင်း၊ မောင်တီဗီတို့ဖြစ်ပြီး စစ်ပြဲရွာသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ၃ဦးဟာ ဖေဖော်ဝါရီ ၁ရက်နေ့ ညနေ့ပိုင်းက စပြီး ပျောက်ဆုံးနေတာကြောင့် သူတို့ သွား လာလေ့ရှိတဲ့ နေရာတွေကို မိသားစုဝင်တွေနဲ့ ရွာသားတွေကလိုက်လံရှာဖွေရာမှာ ဖေဖာ်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်း မှာတွေ့ရှိခဲ့တာလို့ဆိုပါတယ်။

    “စတွေ့တာကတော့ မြေပုံကို တွေ့တာပေါ့နော်။ အဲဒီနေ့မှာ မတူးသေးဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပရဟိတအသင်းတွေရဲ့ အကူညီယူပြီးမှ ၅ ရက်နေ့ နေ့လယ်ပိုင်းလောက်မှ စတူးကြတာ” လို့ အလောင်းတူးရာတွင် ပါဝင်သော ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိမှာ သူတို့ ၃ဦး သေဆုံးရတဲ့အကြောင်းအရင်းကို တိတိကျကျသိရတာမရှိသေးဘူးလို့ဆိုပါတယ်။

  8. ထိန်းသိမ်းခံ မစ္စတာရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

    သြစတြေးလျနိုင်ငံသားစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ဆိုပြီး သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ဟာ မစ္စတာရှောင်တာနဲလ်ကို စစ်တပ်က ဖမ်းဆီးထားတာ တစ်နှစ်ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပြီး သူ့ကို ဖမ်းဆီးထားတာဟာ တရားမျှတမှုမရှိသလို သူ့အပေါ်စွပ်စွဲထားတဲ့ အမှုအတွက်လည်း သြစတြေးလျအစိုးရက လက်မခံကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။

    "ပါမောက္ခရှောင်တာနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။ ဒါမှသာ သူဟာ သူ့မိသားစုနဲ့အတူရှိနိုင်ပြီး သူ့ရဲ့လူမှုဖူလုံရေးဆိုင်ရာအခွင့်အရေးတွေကို ပြန်လည်ရရှိမှာဖြစ်သလို မိသားစုနဲ့လည်းဆုံတွေ့နိုင်မှာဖြစ်တယ်’’ လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    ပါမောက္ခရှောင်တာနဲလ်လွတ်မြောက်ရေးအတွက် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ သြစတြေးလျသံရုံးနှင့် ကမ္ဘာတဝန်းရှိ သြစတြေးလျနိုင်ငံကတာဝန်ရှိသူတိုင်းက ကြိုးပမ်းဆောင်ရွက်နေသလို မိတ်ဖက်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေရဲ့အားပေးထောက်ခံမှုတွေနဲ့ အတူ သူလွတ်မြောက်ဖို့အတွက်ဆက်လုပ်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

    လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ရုံးချိန်းမှာတော့ မစ္စတာရှောင်တာနယ်လဲဟာ ကျန်းမာရေးကောင်းမွန်ပြီး တရားလိုပြသက်သေဖြစ်တဲ့ သူ့ရဲ့ကွန်ပျူတာကို စစ်ဆေးမယ့်နည်းပညာဆိုင်ရာကျွမ်းကျင်သူကို စစ်ဆေးဖို့ရှိပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ဝန်ကြီးဟောင်းဦးစိုးဝင်းနဲ့ဦးကျော်ဝင်းတို့ရဲ့ကျန်းမာရေးတို့ကြောင့် ခွင့်တိုင်ကြားခဲ့လို့ မစစ်ဆေးဖြစ်ခဲ့ပါဘူး။ သြစတေးလျအစိုးရကတော့ မစ္စတာရှောင်တာနယ်လ်သူ့ရဲ့မိသားစုဆီကိုပြန်မရောက်မချင်း လွတ်မြောက်ရေးတောင်းဆိုဖိအားပေးတာတွေဆက်လုပ်သွားမယ်လို့ဆိုပါတယ်။

  9. ဖားကန့်မှာစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလုပ်, အသက် ၈၀ အရွယ်သင်းထောက်ဆရာတစ်ဦးလက်နက်ကြီးထိမှန်သေဆုံး

    ဖားကန့်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ မနေ့ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်လို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ လတ်တလောသတင်းတွေအရ လေကြောင်းတိုက်ခိုက်မှုကြောင့် နန့်ယားကျေးရွာအုပ်စုအနီး ၊ ကပ်မှော်ဇွပ်ကျေးရွာက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျရောက်ခဲ့ပြီး အဲဒီအိမ်က အိမ်ရှင် ၃ဦးနဲ့ အလည်ရောက်နေတဲ့ဧည့်သည် ၂ဦးကို လက်နက်ကြီးတွေထိမှန်ခဲ့လို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီထဲက အသက် (၈၀)အရွယ်ရှိ သင်းထောက်ဆရာတော်ဦးဘရန်နန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    ဦးဘရန်နန်ရဲ့ ဇနီးဖြစ်သူနဲ့နောက်ထပ် ၄ ဦးဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာအုပ်စုအနီးမှာ စစ်ကောင်စီတပ်တွေ နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ ကြားတိုက်ပွဲတွေဖြစ်နေတာ ၃ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက် သေဆုံးထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

    အဲဒီလို သေဆုံးမှုတွေရှိလို့ စစ်ကောင်စီဘက်က တပ်အင်အား ဖြည့်တင်းမှုတွေနဲ့ လေကြောင်းပစ်ကူတွေ အဆက်မပြတ် ပြုလုပ်ခဲ့တဲ့အတွက် အခုလို ဒေသခံတွေထိခိုက်မှုတွေဖြစ်လာတာလို့ ဒေသခံတွေကပြောပါတယ်။ ကပ်မှော်ဇွပ်ကျေးရွာဟာဖားကန့်လမ်းမပေါ် နန့်ယားကျေးရွာမြောက်ဘက်မှာရှိပြီး အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်နေထိုင်တဲ့ကျေးရွာတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာအချို့က ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

  10. မြစ်ငယ် မီးရထားဌာန က CDM ဝန်ထမ်းတွေကို နေအိမ်လိုင်းခန်းကနေပြောင်းရွှေ့ပေးဖို့ ကြေညာချက်ထွက်ပေါ်

    မန္တလေးတိုင်း ၊ မြစ်ငယ် မီးရထားဌာန (လူစီးတွဲနဲ့ ကုန်တွဲစက်ရုံ ) က ရုံးမတက်ဘဲ အာဏာဖီဆန်တဲ့ CDM ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၈ရက်နေ့ နောက်ဆုံးထားပြီး နေအိမ်လိုင်းခန်းကနေပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာဌာန လက်မှတ်မပါဘဲ ကြေညာချက်ထွက်ပေါ်လာပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ ရက်စွဲနဲ့ ဝန်ထမ်းအိမ်ရာကော်မတီဆိုပြီး ဝန်ထမ်းလိုင်းခန်းတွေမှာ စာရွက်ကပ်ထားတာဖြစ်တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

    ထုတ်ပြန်စာမှာ မြစ်ငယ်မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံမှာ ဝန်ထမ်းအများစုဟာ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အကြောင်းမဲ့ ပျက်ကွက်ခဲ့တာကြောင့် ရည်ညွှန်းစာနဲ့ ရာထူးကထုတ်ပယ်ပြီး ဖြစ်သလို အဲ့ဒီ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေထဲက တချို့ဟာ ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်နေဆဲဖြစ်တာကြောင့် ဒီလ ၁၈ရက်နေ့ကို နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ဖော်ပြထားတာ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာဖီဆန်ရေး အလုပ်ခွင်မဝင်တဲ့ မီးရထားဝန်ထမ်းတွေဟာ မြစ်ငယ်မီးရထားဌာနမှာ ဝန်ထမ်းအားလုံးရဲ့ သုံးပုံ နှစ်ပုံရှိပါတယ်။ အများစုဟာ ဘိုးဘွား၊ မိဘလက်ထက်ကနေ ဒီကနေ့အချိန်ထိ မီးရထားဝန်ထမ်း တာဝန်ထမ်းဆောင်လာသလို အိမ်ရာပိုင်ဆိုင်မှု မရှိသေးဘဲ ဝန်ထမ်းအိမ်ယာမှာ နေထိုင်ကြရတာပါ။

    လက်ရှိမှာ CDM မီးရထားဝန်ထမ်းတွေဟာ ကြုံရာကျပန်း လုပ်ကိုင်နေထိုင်ရတယ်လို့ ပြောပါတယ်။ကိုဗစ် တတိယလှိုင်းမှာ မီးရထားဝန်ထမ်းအများစု ဟာ လူမှုကူညီရေးအသင်းတွေရဲ့ အကူညီကို ယူခဲ့ပေမယ့် လက်ရှိအချိန်မှာ ကျန်းမာရေးထက် နေထိုင်ဖို့အတွက်အခက်ခဲရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြစ်ငယ်မီးရထားဌာနလိုပဲ စစ်ကိုင်းရွာထောင် မီးရထားဌာနမှာလည်း CDM ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာက ဆင်းပေးဖို့ ရဲတွေက လိုက်ပြောတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  11. ထောင်နံရံတွေကြားက ဦးမညွတ်သူများ

  12. မြန်မာ - တိုင်း ခရိုင် တိုက်တွေနဲ့ တည်ခဲ့တဲ့နိုင်ငံ

  13. ပုလဲနယ်ထဲက ရွာတွေကို စစ်ကောင်စီ ထပ်မံမီးရှို့

  14. မြန်မာပြည် မီးလင်းဖို့ အသက်နဲ့ရင်း တောင်းဆိုသွားသူ

  15. YBS ယာဉ်စီးခ (၄၀၀) ထက်မကျော်ဘဲ ကောက်ခံဖို့ ပြင်, ယာဉ်လိုင်းနံပါတ်အသစ်ထပ်တိုးပြီး ပြည်ထောင်စုနေ့မှာစတင်ပြေးဆွဲမယ်

    YBS ယာဉ်လိုင်းတွေကို ခရီးအကွာအဝေးအလိုက် ယာဉ်စီးခ ကျပ်(၄၀၀) ထက် မကျော်စေဘဲ ကောက်ခံဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဘယ်အချိန်စတင်ပြောင်းလဲကောက်ခံမလဲဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။

    အခုလက်ရှိခရီးသည်တွေကြုံနေရတဲ့ ယာဉ်စီးခတိုးကောက်တာ၊ ယာဉ်အကူ စပယ်ယာလိုက်ပါတာတွေကို ဒဏ်ကြေးကောက်တာတွေလုပ်ပေမယ့်လည်း လက်တွေ့မှာ ထိရောက်မှုမရှိနေတာကြောင့် ငွေသားအသုံးမပြုရတဲ့ ကတ်စနစ်ကို ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

    ဒီစနစ်ကို (၁) နှစ်အတွင်းအကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTCရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျန့်မန်က ပြောပါတယ်။

    ဒါ့အပြင်YBS ယာဉ်လိုင်းတွေကိုလည်းလိုင်း (၁၂၀)ကျော်အထိ ထပ်တိုးသွားဖို့ရှိနေပြီး ဒါဟာ အများပြည်သူသွားလာရ ပိုမိုအဆင်ပြေစေဖို့ ယာဉ်လိုင်းနံပါတ်တွေကို ပြောင်းလဲသတ်မှတ်ရတာလို့ ဆိုပါတယ်။ ဒီနံပါတ်အသစ်နဲ့ ထပ်တိုးယာဉ်လိုင်းတွေကိုတော့ ဖေဖော်ဝါရီ (၁၂)ရက်၊ စိန်ရတု ပြည်ထောင်စုနေ့မှာ စပြေးဆွဲမှာပါ။

    တဖက်မှာလည်း အရင် မထသယာဉ်လိုင်းတွေတုန်းကလို ယာဉ်လိုင်းနံပါတ်တွေဖောင်းပွနေပြီး ခရီးသည်တွေအဆင်မပြေတဲ့အနေအထားတခုပြန်ဖြစ်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

    “ဒီလိုတော့မဖြစ်ပါဘူး။ ယာဉ်လိုင်းတွေဖောင်းပွအောင်လုပ်တာမဟုတ်ပါဘူး၊ နောက်ဒီလိုမျိုး နံပါတ်တွေမသွားဘူး၊ ယာဉ်အစီးရေမရှိဘူးဆိုရင် ဒီနံပါတ်တွေကိုဖျက်သိမ်းပြီးတော့ အစားထိုးပေးသွားမှာပါ။”လို့ ဦးလျန့်ကျန့်မန်က ဆက်ပြောပါတယ်။

    အရပ်သားအစိုးရလက်ထက်မှာ မထသစနစ်ကိုဖြတ်သိမ်းခဲ့ပြီး ယာဉ်လိုင်းနံပါတ်တွေနည်းအောင် လုပ်ခဲ့သလို ကတ်စနစ်ပြောင်းလဲဖို့လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

  16. ကားပေါက်ကွဲမှုမှာ ဖမ်းဆီးခံရသူ ကိုပြည့်စုံမိုးရဲ့ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်, ဖမ်းဆီးခံရသူရဲ့ ကျန်းမာရေးစိုးရိမ်ရ၊ ကိုပြည့်စုံမိုးရဲ့ အမြွှာအစ်ကိုလည်း ဝရမ်းထုတ်ခံရ

    အာဏာသိမ်းတနှစ်ပြည့်တဲ့ဖေဖော်ဝါရီ(၁)ရက်၊ မနက်အစောပိုင်းမှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ကားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားက ကားတစ်စီးကိုရောသစ်ပင်ကိုပါ ဝင်တိုက်မိခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

    အဲဒီပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါလာသူ (၃) ဦးထဲက (၂) ဦးသေဆုံးခဲ့ပြီး တဦးကတော့ စစ်ကောင်စီဘက်က ဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရတယ်လို့ သိရပါတယ်။

    အဲဒီဖြစ်စဉ်ကနေ ဖမ်းဆီးခံလိုက်ရတဲ့ အသက် (၁၉)နှစ်အရွယ်ကိုပြည့်စုံမိုးရဲ့ မိသားစုဝင်တွေနေထိုင်တဲ့ အင်းစိန်မြို့နယ်၊ (၃)ရပ်ကွက်၊ ရှမ်းခြံလမ်းနေအိမ်ကို အဲဒီနေ့မှာတင် စစ်ကောင်စီဘက်ကလာရောက် ရှာဖွေ တာကြောင့် မိသားစုတွေဘက်က တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီနောက် နေအိမ်ကို သော့ခတ်ချိပ်ပိတ်သွားပြီး ကိုပြည့်စုံမိုးရဲ့ အမြွှာအကိုဖြစ်သူကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ မြို့ပြပြောက်ကျားအသိုင်းအဝိုင်းကနေ သိရပါတယ်။

    “အဲနေ့ဖြစ်စဉ်က ကားပေါက်တယ်ဆိုပေမယ့် ဘာကြောင့်ပေါက်လဲ အသေးစိတ်မသိရဘူး။ လက်နက်အများကြီးနဲ့မိတယ်ဆိုတာလည်းမဟုတ်ပါဘူး။ လက်နက်ပစ္စည်းတွေအများကြီးမပါဘူး။ ဖြစ်စဉ်ပြီးတော့ သေတဲ့သူနှစ်ယောက်မှာ တယောက်ကိုအလောင်းပြန်ရတယ်၊ တယောက်က အလောင်းပြန်မထုတ်ရဲဘူး။ ပြည့်စုံမိုးကိုကတော့ ဆေးရုံမယ် ဆေးလာကုတာကို ဖြစ်စဉ်အပြီး (၃)ရက်အကြာမှာ တွေ့ရတယ်လို့ စုံစမ်းသိရတယ်။ သူ့ကျန်းမာရေးလည်း စိုးရိမ်ရသလို မဆိုင်တဲ့သူ့မိသားစုဝင်တွေကို ဝရမ်းထုတ်၊ နေအိမ်ချိပ်ပိတ်တာက မဖြစ်သင့်ဘူး။ မဆိုင်တဲ့သူတွေလေ”လို့ ရန်ကုန်မြို့ပြပြောက်ကျားအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကမေးမြန်းဖို့ကြိုးစားနေပါတယ်။

  17. လေကြောင်းတိုက်ခိုက်ခံရမှာစိုးရိမ်လို့ ပူတာအို လုံရှာယန်ရွာက ဒေသခံတွေ ရှောင်တိမ်းနေရ

    လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပြီး ဒေသခံနေအိမ်တချို့မီးလောင်ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တဲ့ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ရွာအနီးမှာရှိတဲ့ လုံရှာယန်ဘက် စစ်ကြောင်းတက်လာတယ်ဆိုတဲ့သတင်းတွေကြောင့် လုံရှာယန် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး တောထဲကို တိမ်းရှောင်နေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "စစ်ကောင်စီတပ်သား ၆၀ လောက် လုံရှာယန်ဘက်ကိုလာပြီဆိုတာကြားရတယ်။ အဲဒါနဲ့ရွာသူရွာသားတွေကကြောက်ပြီးမှ ကေအိုင်အေနဲသူတိုနဲ့တွေ့ရင်တိုက်ပွဲဖြစ်မှာဆိုပြီးမှ တောထဲမှာပုန်းကြတာဟုတ်တယ်။ ဆွမ်ပီယန်မှာလည်း လေယာဉ်နဲ့ပစ်ပြီး အိမ်တွေပျက်စီးတယ်လို့ကြားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လေကြောင်းနဲ့တိုက်ခိုက်ခံရမှာကို စိုးရိမ်ပြီး ခုလို တောတောင်ထဲတိမ်းရှောင်နေရတာဖြစ်ပြီး လုံရှာယန်ဒေသခံတချိုကတော့ တောထဲပုန်းလိုက် ၊ နေအိမ်ခဏပြန်ပြီး ထမင်းပြန်ချက်လိုက်နဲ့ အသွားအလာလုပ်နေသူတချို့လည်း ရှိတယ်လို့သိရပါတယ်။ ပူတာအိုမြို့နယ်မှာပါရှိတဲ့ ဆွမ်ပီယန် ၊ လုံရှာယန်နဲ့ တန်ဂျာရွာက ဒေသခံရွာသူရွာသားတွေကတော့ စစ်ဖြစ်မှာကိုစိုးရိမ်တဲ့အပြင် လေကြောင်းနဲ့ တိုက်ခိုက်ခံရမှာကိုလည်း ကြောက်နေကြတယ်လို့ ပြောပါတယ်။

    ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ဖားကန့်၊ မနော့မှော်မှာ ရဟတ်ယာဉ်တွေနဲ လေကြောင်း ကနေ တိုက်ခိုက်တာတွေရှိသလို ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာကိုလည်း စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ဗုံးကျဲတိုက်ခိုက်တာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

  18. NUG အစိုးရရဲ့တရားဝင်မှုကိုခိုင်မာစေဖို့နဲ့ ဒီမိုကရေစီအရေးဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ဆက်ကျင်းပနေဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

    ဒီက‌နေ့ ဖေဖော်ဝါရီ (၅)ရက်မှာ ပြည်ထောင်စုလွှတ်တော်တတိယအကြိမ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

    အဲဒီအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောခဲ့ပြီး စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကိုငြင်းပယ်နိုင်ဖို့၊ NUG ရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ဆိုတာ ဆက်လက်ကျင်းပနေဖို့လိုတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “လွှတ်တော်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပါတယ်။ လွှတ်တော်မရှိရင် ဒီမိုကရေစီမရှိပါဘူး။ ဒါကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရတာဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အ‌ဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ ဒီကနေ့ကျင်းပတဲ့လွှတ်တော်အစည်းအဝေးဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုအရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်ပါတယ်”လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

    အခုလိုနိုင်ငံရေးအခက်အခဲတွေရင်ဆိုင်နေရတဲ့ကြားကာလမှာ NUG အစိုးရအတွက်လိုအပ်တဲ့ ဥပဒေပြုရေးနဲ့ NUG ရဲ့အခွင့်အာဏာနဲ့လုပ်ဆောင်မှုတွေကို ကြီးကြပ်ထိန်းညှိပေးဖို့ဟာလည်း လွှတ်တော်ရဲ့အရေးကြီးတဲ့ တာဝန်ဖြစ်သလို ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်သရွေ့ ဒီနိုင်ငံရဲ့ဥပဒေပြုရေးနဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ CRPH အနေနဲ့ ဆက်လက်ပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

    တဖက်မှာလည်း လွန်ခဲ့တဲ့နှစ် မတ်လ (၃၁) ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးဖြစ်တာကြောင့် အခုလို တတိယအကြိမ်လွှတ်တော်ခေါ်ယူမှုကို ဝေဖန်မှုတချို့လည်းရှိနေပါတယ်။

  19. ရက်ပိုင်းအတွင်း ပုလဲနယ်မှာ စစ်ရှောင် ၁၀ ရွာနီးပါးအထိရှိလာ

    မကွေးတိုင်း၊ မြိုင်မြို့နယ်ကတဆင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကို ရောက်လာတဲ့ အင်အားရာချီတဲ့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မှုတွေကြောင့် ပုလဲနယ်ထဲက ရွာ (၁၀) ရွာနီးပါးနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီ လို့ စစ်ရှောင်ကူညီသူတွေကနေသိရပါတယ်။

    ဇန်နဝါရီလကုန်ပိုင်းကစကာ စစ်ကောင်စီဝင်ရောက်မှုကြောင့် မင်းတိုင်ပင်၊ ကိုင်းတွင်း၊ လှော်ကား၊ မွေ့တုံ၊ အင်မထီး၊ ပန်းရွာ စတဲ့ ရွာတွေကနေ ရွာလုံးကျွတ် စစ်ရှောင်ဦးရေ များလာခဲ့ပြီး လူဦးရေသောင်းချီဖြစ်လာတာကြောင့် စားဝတ်နေရေးအတွက် သာမက ဆေးဝါးတွေအတွက်ပါ အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။

    “မီးဘေးရှောင်သူတွေဆိုရင် အဝတ်တထည် ကိုယ်တခုနဲ့ပြေးရတာ။ သူတို့အတွက် အဝတ်အစားကအစ ဆေးဝါးတွေပါ လိုတယ်။ ဒီရက်ပိုင်း ရွာလုံးကျွတ်စစ်ရှောင်ရတဲ့ မင်းတိုင်ပင်နဲ့ လှော်ကားဆိုရွာကြီးတွေ လူဦးရေထောင်ကျော်ရှိတယ်။ ကိုင်းတွင်းကတော့ ရွာသေး၊ အိမ်ခြေက ရာကျော်လေးပဲရှိတာ။ အခုမီးရှို့ခံရတာ တရွာလုံးနီးပါးကုန်ပြီ။ စစ်ရှောင်တွေကိုက အဓိက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ထားရတယ်။ တောတဲတွေ ထဲနေသူတွေလည်းရှိတာပေါ့၊ ကျွန်တော်တို့က ဆန်အိတ်တို့ မုန့်တို့လောက်ပဲ ထောက်ပံ့နိုင်တာ အစားအသောက်လည်းလုံလောက်တယ်လို့ မဆိုနိုင်ဘူး”လို့ စစ်ရှောင်ကူညီသူ ပုလဲဒေသခံတဦးက ပြောပါတယ်။

    မနေ့ဖေဖော်ဝါရီ (၄)ရက်ညပိုင်းမှာ မင်းတိုင်ပင်ရွာကတဆင့် ကိုင်းတွင်းရွာနဲ့ လှော်ကားရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်ရောက်ခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေဖြစ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ အဲဒီရွာတွေက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နွယ်ရှောက်ရွာအနီး ရောက်ရှိနေကြပြီး ဒီမနက်မှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေမရှိသေးဘူး။

    ပုလဲဒေသခံအများစုဟာ ကျေးရွာတွေမှာ အဓိကနေထိုင်ကြတာဖြစ်ပြီး မြို့ပေါ်နေလူဦးရေဟာ (၂.၈) ရာခိုင်နှုန်းသာရှိတယ်လို့ ၂၀၁၄သန်းခေါင်စာရင်းအရသိရပါတယ်။

    အခု ၂၀၂၂ခုနှစ်အစပိုင်းမှာ အနောက်‌မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအပြောင်းအလဲရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကနေ လေကြောင်းကိုအဓိကထားအသုံးပြုသွားလာကာ ရွာတွေထဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာ တွေလုပ်ဆောင်လာတယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေကပြောပါတယ်။

  20. KIO/KIA နဲ့ စစ်ရေး၊နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေ ရှိရင် အသင့်ရှိတယ်လို့ မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ထုတ်ပြန်

    ဒီကနေ့ ဖေဖော်ဝါရီ (၅)ရက်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ကို စတင်ဖွဲ့စည်းတဲ့ (၆၁)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ဖြစ်ပါတယ်။အခုမြန်မာနိုင်ငံလက်ရှိအခြေအနေအရ စစ်ရေး၊နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေရှိရင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့အနေနဲ့ အသင့်ရှိတယ်လို့ ကချင်တော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

    KIA အပါအဝင် MNDAA၊ TNLA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဟာ အရင်ကာလတွေမှာလည်း နိုင်ငံရေးပြဿနာတွေကို အတူတကွဖြေရှင်းခဲ့ကြသလို လိုအပ်ချက်အရလည်း စစ်ရေးကဏ္ဍတွေကိုပါ ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ သာဓကတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ KIAဟာ တအေားန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နဲ့ ရက္ခိုင့်တပ်တော် (ULA/AA) ကို KIA ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ သန္ဓေတည်မွေးဖွားခွင့်ပေးခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ရပ်တည်ပေးတာကြောင့် ကျေးဇူးတင်ရှိတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံအတွင်းကအဖိနှိပ်ခံလူမျိုးတွေဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေး၊ အမျိုးသားရေးဆိုင်ရာနစ်နာချက်တွေ ပြန်လည်ရရှိရေး၊ မိမိတို့လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိတ်တွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်တိုက်ပွဲဝင်ရင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေတိုင်းဟာ ကိုယ်စီ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် KIO/KIA ရဲ့ (၆၁)နှစ်ပြည့်တော်လှန်ရေးနေ့အထိမ်းအမှတ် မိန့်ခွန်းမှာ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအားလုံး ပန်းတိုင်တခု‌ အောက်မှာ ‘အမြစ်ပြတ်’ ချေမှုန်းသွားကြရအောင်လို့ တိုက်တွန်းတဲ့အကြောင်း ဂျိန်းဖော့ဘာသာနဲ့ ဖြန့်ချီတဲ့ မိန့်ခွန်းကို ကချင်ဒေသအခြေစိုက်မီဒီယာတွေမှာ အခုလိုရေးသားဖော်ပြပါတယ်။