ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တွေ့ဆုံဆွေးနွေမှု ဘယ်အဆင့်ရောက်ခဲ့လဲ

  2. သြစတေးလျလွှတ်တော်အနေနဲ့ မစ္စတာရှောင်တာနယ် လွတ်မြောက်ရေး ကြိုးပမ်းဖို့ ပညာရှင်တွေ တောင်းဆို

    မြန်မာနိုင်ငံက နေပြည်တော်အချုပ်ထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ် ပြန်လည်လွှတ်မြောက်လာရေး အားထုတ်ဖို့ သြစတေးလျပညာရှင်တွေက သြစတေးလျလွှတ်တော်ကို စုပေါင်းစာတင်တောင်းဆိုနေပါတယ်။

    သြစတေးလျအစိုးရအနေနဲ့ မစ္စတာရှောင်တာနယ်လွတ်မြောက်ရေးအတွက် သြဇာရှိလူပုဂ္ဂိုလ်တစ်ဦးကို လုပ်ပိုင်ခွင့်နဲ့ လိုအပ်တာပံ့ပိုးပေးပြီး အထူးသံတမန်အနေနဲ့ ခန့်အပ်ဖို့ ပညာရှင်တွေက စုပေါင်းလက်မှတ်ထိုး တောင်းဆိုနေတာဖြစ်ပါတယ်။

    သြစတေးလျအမျိုးသားတက္ကသိုလ်ရဲ့ မြန်မာသုတေသနဌာန တွဲဖက်ပါမောက္ခတစ်ဦးက အခုလိုဦးဆောင်တောင်းဆိုတာဖြစ်ပြီး တစ်နှစ်နီးပါးကြာအောင် စိတ်ရှည်ရှည် ညှိနှိုင်းမှုတွေဟာ မစ္စတာရှောင်တာနယ် လွတ်မြောက်ရေးမဖြစ်နိုင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပြည်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားရင်ဆိုင်နေရပါတယ်။

    မစ္စတာ ရှောင်တာနယ်ရဲ့ ကွန်ပြူတာထဲမှာတွေ့ရတဲ့စာရွက်စာတမ်းတွေကြောင့် အခုလို တရားစွဲဆိုတာလို့ မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ မစ္စတာရှောင်တာနယ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

    အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရတဲ့ အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို အမေရိကန်သံတမန် ဘေလ်ရစ်ချက်ဆန်ရဲ့မြန်မာပြည်ခရီးစဉ်အပြီးမှာ စစ်ကောင်စီက လွှတ်ပေးခဲ့ဖူးပါတယ်။

  3. ၆ရက်ဆက်တိုက် ကိုဗစ်အတည်ပြုလူနာ ထောင်ချီရှိလာ

    စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ည ၈နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၁၄၇၃ ဦးတွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၁၂ရက် ည ၈နာရီကနေ ၁၃ရက်နေ့အထိ တစ်ရက်အတွင်းတွေ့ရှိမှုဖြစ်ပြီး လူနာထောင်ချီတွေ့ရှိမှုဟာ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ၆ရက်ဆက်တိုက်ရှိလာတာဖြစ်ပါတယ်။ ပိုးတွေ့ရာခိုင်နှုန်းဟာ ဖေဖော်ဝါရီပထမပတ်က ၁ ဒသမ ၃ရာခိုင်နှုန်း ပဲရှိတာကနေ လက်ရှိမှာ ၇ ဒသမ ၆ ရာခိုင်နှုန်း အထိမြင့်တက်သွားတာပါ။ နိုင်ငံတဝန်း ရန်ကုန်တိုင်းဒေသကြီးဟာ ကူးစက်မှုအများဆုံးဒေသဖြစ်နေပြီး နေ့စဉ်အတည်ပြုလူနာရာချီရှိနေတာပါ။ ဒါပေမဲ့ ဒီစာရင်းဟာ စစ်ကောင်စီကျန်းမာရေးကလက်လှမ်းမီသလောက်စစ်ဆေးနိုင်မှုသာဖြစ်ပြီး လက်ရှိမှာ နေအိမ်မှာနေထိုင်ကုသသူတွေအများအပြားရှိနေလို့ ပြည်တွင်းကူးစက်နေမှု ဟာ တရားဝင်စာရင်းထက် နှစ်ဆခန့် ပိုနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ကိုဗစ်ရောဂါကုသရေး ပရဟိတကူညီသူတွေကခန့်မှန်းထားကြပါတယ်။ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါ သံသယလက္ခဏာခံစားရသူတွေ နဲ့ အတည်ပြုလူနာနဲ့အနီးကပ်ထိတွေ့မိသူတွေဆက်သွယ်နိုင်ဖို့ ခရိုင်အလိုက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ပြည်သူအများစုကတော့ ကိုယ့်အစီအစဉ်နဲ့ကို စစ်ဆေးမှုတွေကိုလုပ်ဆောင်ပြီး နေအိမ်မှာ နေထိုင်ကုသတာတွေများတယ်လို့ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်ထားတဲ့ဆရာဝန်တွေနဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

  4. မြန်မာ - ထိုင်း နယ်စပ်မှာ ၁၃ရက်အတွင်း မြန်မာနိုင်ငံသား ၂၀၀၀ ကျော် ဖမ်းဆီးခံထားရ

    ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ၁၃ရက်နေ့အထိ မြန်မာ - ထိုင်း နယ်စပ် နေရာ ၆ခုကနေ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား ၂၀၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

    အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ထိုင်း - မြန်မာချစ်ကြည်ရေးတံတား တွေပြန်ဖွင့်ပြီး အလုပ်သမားတွေတရားဝင်ပြန်ခေါ်ဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ မဖွင့်ဖြစ်ခဲ့တာကြောင့် အခုလို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတာတွေဆက်ဖြစ်နေတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကို အများဆုံးဖမ်းမိတဲ့နေရာတွေကတော့ ထိုင်း နဲ့ မွန်ပြည်နယ် နယ်စပ်ဖြစ်တဲ့ ကန်ချနဘူရီပြည်နယ် နောက်စံခနဘူရီခရိုင် ၊ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မဲဆောက်ခရိုင်အတွင်း ၊ တနင်္သာရီတိုင်းနဲ့ထိစပ်နေတဲ့ ပရာကျွတ်ခီရီခန်၊ ရနောင်းနဲ့ ချွန်ဖွန်ခရိုင်တွေနောက်ပြီးတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့စပ်နေတဲ့ ချင်းရိုင်ခရိုင်နဲ့ ကယား ပြည်နယ်နဲ့ထိစပ်နေတဲ့မယ်ဟောင်ဆောင်ဒေသတွေမှာ ဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၄၀နှစ်ကြားအသက်အရွယ် ရှိသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၁ခုနှစ် တစ်နှစ်တာလုံးနီးပါးနဲ့ အခု ၂၀၂၂ ဖေဖော်ဝါရီ ၁၃ရက်အထိ ထိုင်းနယ်ခြားစောင့်တပ်ရဲ့စာရင်းတွေအရ ထိုင်းနိုင်ငံကိုနယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်ဝင်ရောက်ဖို့ကြိုးစားသူ လူဦးရေ တစ်သိန်းကျော်ဖမ်းဆီးမိခဲ့ပြီးအများစုက မြန်မာနိုင်ငံသားနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီထဲမှာ မြန်မာနိုင်ငံသား က ၉၅ ရာခိုင်နှုန်းပါဝင်နေတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံထဲကိုရောက်ဖို့ အတွက် မြန်မာလုပ်သားတွေအနေနဲ့ ပွဲစားခအနေနဲ့ ထိုင်းဘတ် ၁သောင်းခွဲကနေ စတင်ကုန်ကျပြီး သွားရမယ့်မြို့နဲ့အလုပ်အကိုင်ရရှိမှုအပေါ်မူတည်ပြီး ဘတ် ၂သောင်းခွဲကြား အထိကုန်ကျရလေ့ရှိတယ်လို့ဆိုပါတယ်။မြန်မာငွေနဲ့ပြန်လည်တွက်ချက်မယ်ဆိုရင် မြန်မာငွေ ၁၀သိန်းကျော်ခန့်ကုန်ကျကြတာပါ။ဖမ်းဆီးခံရတဲ့အချိန် အဲဒီငွေတွေအကုန်မဟုတ်ရင်တောင် တချို့တဝက်ဆုံးရှုံးတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

    ဒီလိုတရားမဝင် ဝင်ရောက်တာတွေ ဟာ မြန်မာအာဏာပိုင်တွေဘက်က တရားဝင်လမ်းကြောင်းနဲ့ပို့နိုင်အောင်စီစဉ်ပေးနိုင်တာမရှိလို့ ဆိုပြီး ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

  5. ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ ကျူးကျော်ဟုဆိုကာ နေအိမ် ၇၀ ကျော်ကို ဖျက်ခိုင်းနေ

    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၀ ရပ်ကွက်၊ မင်းလှလမ်းသွယ်က ပလပ်မြေပေါ်မှာ ဆောက်ထားတဲ့ နေအိမ်တွေကို ကျူးကျော်နေအိမ်တွေဆိုပြီး စစ်ကောင်စီလက်အောက် ဒေသန္တရအာဏာပိုင်တွေဆိုသူတွေက ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောလာပါတယ်။

    နေအိမ်ဆောက်လုပ်နေထိုင်သူတွေဟာ ယခင်လယ်ယာမြေဖြစ်တဲ့ အဲဒီပလပ်မြေပေါ်မှာ ပြီးခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်နီးပါးကတည်းက ငွေကြေး သိန်းချီပေးပြီး တဆင့်ခံ ဝယ်ယူနေထိုင်ကြသူတွေဖြစ်သလို စာချုပ်စာတမ်းတွေလည်း လက်ထဲမှာ ရှိနေဆဲလို့ ပြောကြပါတယ်။

    ''ကျွန်မတို့ဆို လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ဝယ်ယူထားတာ။ ကိုယ်ဝယ်တဲ့အချိန် ၂ ဦးလွှဲပြောင်းပြီးတဲ့မြေဖြစ်ပေမဲ့ သိန်း ၃၀ ကျော်နဲ့ ဝယ်ယူခဲ့တာပါ။ တချို့ဆိုရင်လည်း သိန်း ၆၀ လောက်နဲ့ ဝယ်တာမကြာသေးပေမဲ့ အခုလို ပြောင်းခိုင်းရွှေ့ခိုင်းတော့ အတော်လေး ရင်ထုမနာဖြစ်နေကြရတယ်'' လို့ ကျူးကျော်လို့ စွပ်စွဲခံရပြီး နေအိမ်ဖယ်ရှားခိုင်းခံရတဲ့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာ အဲဒီမြေကို တင်ဒါအောင်မြင်ထားပြီးသူ ရှိနှင့်ပြီးဖြစ်လို့ နေအိမ်တစ်လုံးကို ၄ သိန်းကျော် လျော်ကြေးပေးပြီး ဖယ်ရှားခိုင်းတာမျိုးဖြစ်ပေမဲ့ ကြိုတင်အကြောင်းကြားစာမျိုးလို သတိပေးစာ လက်ခံရရှိတာမရှိဘူးလို့လည်း အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။

    လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းတာဖြစ်လို့ လက်ရှိမှာ နေအိမ် ၄၀ နီးပါး ဖြိုဖျက်ပြီးဖြစ်ပေမဲ့ နေအိမ်အခိုင်အမာဆောက်ထားသူတွေကတော့ အိမ်ဖျက် ဖယ်ရှားပေးရမယ့်အရေးကို စိုးရိမ်နေပါတယ်။

  6. ပေါက်မြို့နယ် ကျအိုးရွာက လူငယ်ဦး ပစ်သတ်ခံရ

    မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာကို သွားရောက်တဲ့ အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို ဒေသအခေါ် ပျူစောထီးလက်နက်ကိုင်တွေက ဖေဖော်ဝါရီလ ၁၁ ရက်ညပိုင်းမှာ ပစ်သတ်ခဲ့တယ်လို့ ပစ်သတ်ခံရသူလူငယ်နေထိုင်တဲ့ကျအိုးဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    အသတ်ခံရတဲ့ မောင်ချမ်းထက်ဟာ ရွာချင်းကပ်လျက်ရှိတဲ့ ဒီးဒုတ်ကွင်းက သူငယ်ချင်းတွေဆီ သွားရောက်လည်ပတ်ခဲ့ချိန်အခုလို သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရုပ်အလောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မနက်ပိုင်းမှာပဲ မိသားစုနဲ့ ဒေသခံတွေကတွေ့ခဲ့တာလို့လည်း ဆိုပါတယ်။

    ဒီးဒုတ်ကွင်းမှာ အရပ်ဝတ်လက်နက်ကိုင်တွေ(ဒေသအခေါ်ပျူစောထီးတွေ)က ကျေးရွာထဲကသံသယရှိသူတွေကို စစ်ဆေးတာ၊ ရိုက်နှက်တာတွေကို မကြာခဏပြုလုပ်နေတာကြောင့် အဲဒီကဒေသခံအချို့ဟာ ကျအိုးရွာအပါအဝင် နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းရှိတယ်လို့ ကျအိုးဒေသခံတွေထံကသိရပါတယ်။

    ပေါက်မြို့နယ်အတွင်းကကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ အရပ်အခေါ် ပျူစောထီးတွေကြား အပြန်အလှန်ပစ်ခတ်တာနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ဝင်ရောက်စီးနင်းတာတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေထဲက အများစုဟာ ကိုယ့်မူလနေရပ်ကို ပြန်လည်နေထိုင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

  7. ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ တပ်ဖွဲ့ဝင် ရာချီကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ မန္တလေးတိုင်း PDF ပြော

    ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၇ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ တပ်ဖွဲ့ဝင် ရာချီကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်လာပါတယ်။

    မန္တလေးတိုင်းဒေသကြီးအတွက် ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်တုန်းကလည်း စေတနာရှင်တစ်ဦးရဲ့ဆေးလှူဒါန်းမှုနဲ့ တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ပါတယ်။

    အခုတစ်ကြိမ် ထိုးနှံမှုက စတုတ္ထအကြိမ်ဖြစ်ပြီး အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

    အခုဆို မန္တလေး PDF က တပ်ရင်းတပ်ဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်နီးပါးကို ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးပြီလို့ သိရပါတယ်။

  8. ရန်ကုန်ဆေးရုံကြီးက နှလုံးအထူးဆရာဝန်ကြီးတွေ ကိုဗစ်ကူးစက်ခံထားရ

    ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာရှိတဲ့ နှလုံးဆေးကုဌာနက အထူးကုဆရာဝန်ကြီးတွေ ကိုဗစ်ကူးစက်ခံထားရတာကြောင့် အဲဒီဌာနရဲ့ပြင်ပလူနာကြည့်ရှုတာကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၈ ရက်အထိ ပိတ်ထားမယ်လို့ ဆေးရုံကြီးဘက်က သတင်းထုတ်ပြန်လာပါတယ်။

    နှလုံးဆေးကုပြင်ပလူနာဌာနပိတ်မယ့်အကြောင်းကို ဆေးရုံကြီးရဲ့လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လိုက်တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ အရေးပေါ်လူနာတွေနဲ့ အခြားအထူးကုပြင်ပလူနာတွေကို ပုံမှန်အတိုင်း ဖွစ်လှစ်ကုသပေးမယ်လို့လည်း သိရပါတယ်။

    တစ်ချိန်တည်းမှာပဲ ပြည်တွင်းမှာ ကိုဗစ် ကူးစက်မှု လူနာသစ် ၁၇၈၀ ကျော်ကို တွေ့ရှိခဲ့ထားတယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

  9. မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ကျော်လာချိန်မှာပဲ ပြည်တွင်းပဋိပက္ခတွေကြောင့် စစ်ရှောင်ဖြစ်ရသူ ၈ သိန်းအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ပြောလာပါတယ်။

    ဒီသတင်းအပြင် ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မနက်ခင်းအတွက် ထိပ်တန်းရောက် မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

  10. စစ်ကောင်စီရဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို ပဒိုရွှေမောင်းတက်ရောက်ခဲ့တဲ့အပေါ် KNU တုံ့ပြန်ချက်, ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA က ဦးဦးလှစော အပါအဝင်ကိုယ်စားလှယ်အချို့တက်ရောက်

    စစ်ကောင်စီက ကျင်းပတဲ့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး - KNU - အနေနဲ့ ပဒိုရွှေမောင်း တက်ရောက်တာဟာ KNU နဲ့လုံးဝမပတ်သက်သလို၊ KNUကို ကိုယ်စားပြုခြင်းလည်းမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU )ဘက်ကပြောလာပါတယ်။

    ’’သူတက်ရောက်တာ KNU နဲ့လုံးဝမပတ်သက်ပါဘူး။ သူ့ရဲ့ပုဂ္ဂလိကတစ်ဦးချင်းအနေနဲ့သွားတာဖြစ်လို့ ကေအဲန်ယူကိုကိုယ်စားမပြုပါဘူး။ သူနုတ်ထွက်ထားတာလည်း အားလုံးသိပြီးကြပါပြီ။ခရိုင်ကနေ အနားယူထားတယ်လေ။’’ လို့ ကေအဲန်ယူရဲ့ နိုင်ငံခြားရေးတာဝန်ခံပဒိုစောတောနီးကပြောပါတယ်။ ဒီလို ကေအဲန်ယူအမည်နဲ့ တက်ရောက်တဲ့အပေါ်မှာတော့ အဖွဲ့အစည်းကြား ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။

    နေပြည်တော်မှာစစ်ကောင်စီပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားနဲ့ဗိုလ်ရှုသဘင်ကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)တို့တက်ရောက်ခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့တက်ရောက်မှာမဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောကြားခဲ့တာပါ။ အဲဒီနောက် အခမ်းအနားကျင်းပတဲ့နေ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU ) ဟာတက်ရောက်တဲ့အမည်စာရင်းထဲပါဝင်လာပြီး တက်ရောက်သူနေရာမှာတော့ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းဖြစ်နေတာပါ။ ပဒိုရွှေမောင်းဟာပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးပတ်က ဒူးပလာယာခရိုင်ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ထားတာပါ။

    စစ်ကောင်စီရဲ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ဖွဲ့တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပြီး အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA) ၊မွန်ပြည်သစ်ပါတီ (NMSP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စတဲ့ အဖွဲ့တွေတက်ရောက်ခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားတာပါ။

    NCA လက်မှတ် မထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၄ဖွဲ့ တက်ရောက်ပြီး အဲဒီမှာ အဲဒီမှာ ရခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAက ဦးဦးလှစောဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ဦး၊ UWSA က ဦးညီရမ်းအပါအဝင် ၃ ဦး၊ SSPP/SSA က ဗဟိုကော်မတီဝင်စိုင်းနော်လိတ်အပါအဝင် ၃ ဦးနဲ့ မိုင်းလားအဖွဲ့ကဆက်ဆံရေးအရာရှိကြီးမှူး စိုင်းမောက်အပါအဝင် ၃ ဦးတို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

  11. မန္တလေး လတ်တလော ကိုဗစ်လူနာတွေမှာ လူငယ်တွေအများစု ပါလာတယ်လို့ဆို

  12. စစ်ကောင်စီက ဗိုလ်ရှုခံနဲ့အတူကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်ထား

    စစ်ကောင်စီကပြည်ထောင်စုနေ့ကို တခမ်းတနားနဲ့ ကျင်းပတဲ့ ဒီကနေ့မှာ တစ်နိုင်ငံလုံးနီးပါး မိုဘိုင်းအင်တာ နက်လိုင်းအချို့ကို မနက် ၄နာရီက စတင်ဖြတ်တောက်ခဲ့ပါတယ်။

    ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး အပါအဝင် ပြည်နယ်နဲ့တိုင်းအများစုမှာဖြတ်တောက်ထားတာပါ။

    အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ကျရောက်တဲ့ ၇၅နှစ်ပြည့် ပြည်ထောင်စုနေ့ကို နေပြည်တော်မှာ အခမ်းအနား ကြီးကြီးကျယ်ကျယ်နဲ့ ကျပ်သန်းပေါင်းများစွာ အကုန်အကျခံပြီး ဗိုလ်ရှုသဘင်ကိုပါ ထည့်သွင်း ကျင်းပခဲ့ပါတယ်။

    အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်DKBA၊ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ တို့အပြင် အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့အဖွဲ့တွေထဲက အေအေ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ဝ၊ မိုင်းလား အဖွဲ့တို့က တက်ရောက်ကြပါတယ်။

    စစ်ကောင်စီ ထုတ်ပြန်တဲ့ စာရင်းထဲမှာပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားပြုတက်ရောက်သူလို့ဆိုသူ ပဒိုရွှေမောင်းကို KNU အနေနဲ့ ကိုယ်စားပြုလွှတ်ထားသူမဟုတ်သလို၊ အဖွဲ့အနေနဲ့ တစ်ဦးတစ်ယောက်မှ မတက်ရောက်ဘူးလို့ KNU နိုင်ငံခြားရေးတာဝန်ခံ စောတောနီးက ဘီဘီစီကို ပြောပါတယ်။

    ဒီလိုတက်ရောက်ခြင်းအားဖြင့် တရားမျှတမှုမပါတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းက တကယ်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မလားဆိုတာ၊ ရှိပြီးသား အစုအဖွဲ့တွေအကြား နားလည်မှု ပိုခိုင်မာလာမလား၊ နားလည်မှု ကွဲလွဲပြီး အချင်းချင်း ထပ်ကွဲဖို့ ဖြစ်မလားဆိုတာကို သတိကြီးကြီးထားစောင့်ကြည့်ရမယ်လို့ မြန်မာ့ နိုင်ငံရေး သုတေသီ တစ်ဦး ဖြစ်တဲ့ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

    NUG ဦးစီးကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုတော့ KIO အပါအဝင် NUG နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပြင်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဆွိဒီ၊ သြစတေးလျ၊ဒိန်းမတ်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၂၄နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက် တယ်လို့ NUG က ထုတ်ပြန်ပြောဆိုပါတယ်။

  13. ရခိုင်က အကြမ်းဖက်ပုဒ်မနဲ့အမှုရင်ဆိုင်နေရသူတွေ လွတ်မြောက်

    ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်ပတ်သက်သူတွေဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရသူတွေအပါအဝင် ရခိုင်ပြည်နယ်က အကျဥ်းကျခံနေသူတွေ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က အကျဥ်းထောင်အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့်၊ အမှုပိတ်သိမ်းပေးခြင်းတို့နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

    ဒီကနေ့ လွတ်မြောက်လာသူ နောက်ဆုံး သိရချိန်အထိ ၅၉ ဦး ရှိပြီး အဲဒီထဲက လူ ၃၀ ကျော်ဟာ အေအေနဲ့ ဆက်စပ်မှုနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပါတယ်။

    ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၈၀၀ ကျော်ကို စစ်ကောင်စီကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီထဲ ကအေအေတပ်ဖွဲ့ဝင်တွေနဲ့ အေအေနဲ့ဆက်စပ်သူတွေအဖြစ် အမှုရင်ဆိုင်နေရသူ ၄၆ ဦးကို အမှုကရုပ်သိမ်းပေးလိုက်တယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

    မနက်ပိုင်းကတည်းက လွှတ်ပေးဖို့ကြေညာထားပေမယ့် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရသူတွေကိုတော့ ညနေပိုင်း ၆ နာရီလောက်မှ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

    အခုလိုမျိုး အေအေတပ်ဖွဲ့ဝင်တွေနဲ့ အေအေနဲ့ဆက်စပ်သူတွေအဖြစ် ဖမ်းဆီးခံနေကြရသူတွေ အကျဉ်းထောင်အသီးသီးတွေမှာ ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

  14. အေအေနဲ့ဆက်စပ်ပြီး အမှုရင်ဆိုင်နေရသူတွေကို လွှတ်ပေးဖို့ရှိတယ်လို့ ပြည်နယ်ကောင်စီပြော

    လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေထဲက အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ ၃၆ ဦးကို ဒီကနေ့မှာလွှတ်ပေးဖို့ပြင်ဆင်နေတယ်လို့ ပြည်နယ်ကောင်စီက ပြောဆိုပါတယ်။

    ဘယ်အချိန်လွှတ်ပေးမယ်ဆိုတာကိုတော့မသိရသေးသလို ဘယ်သူတွေပါဝင်မလဲဆိုတာကိုလည်း အသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး ကြားနာစစ်ဆေးနေဆဲအမှုတွေကို ပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မနက်မှာထုတ်ပြန်ထားပြီး ရက္ခိုင့်တပ်တော် အေအေနဲ့ဆက်စပ်ပြီး ၄၆ ဦးကို အမှုတွေပိတ်သိမ်းပြီး ပြန်လွှတ်မယ်လို့ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်းက တရားရုံးတွေမှာ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေရသူ ၃၆ ဦးကိုလွှတ်ပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

    “ဒီနေ့ တရားခံများကိုလွှတ်နိုင်အောင် ပြည်နယ်တရားသူကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရယ်။ ကျွန်တော်တို့ရယ်ပူးပေါင်ပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်။ အသေးစိတ်တော့မသိရသေးပါဘူး။ မကြာခင်မှာ ကျွန်တော်တို့ညှိနှိုင်းပြီးတော့ ဒီနေ့လွှတ်ပေးနိုင်အောင် ပြင်ဆင်နေပါတယ်”လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

    အေအေနဲ့ဆက်စပ်သူတွေကို လွှတ်ပေးမယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တဲ့အတွက် လက်ရှိမှာ အမှုရင်ဆိုင်နေရသူတွေနဲ့ အမိန့်ချမယ့်ရက်ကိုစောင့်ဆိုင်းနေရသူတွေ လွတ်မြောက်တဲ့အထဲပါဝင်လာမလားဆိုတာကို မသိရသေးပေမယ့် စောင့်ဆိုင်းနေကြတယ်လို့ ရခိုင်ကအကြမ်းဖက်မှုနဲ့တရားစွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

  15. ရွှေဘိုထောင်က အကျဥ်းသား ၈ ယောက် ၊ မုံရွာက ၄ ယောက် လွတ်ငြိမ်းနဲ့ လွတ်မြောက်

    ဒီကနေ့ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ရွှေဘိုထောင်ကနေ အမျိုးသား ၈ ဦး လွတ်မြောက်လာပါတယ်။

    အဲဒီလွတ်မြောက်လာသူတွေဟာ နိုင်ငံရေးအမှုတွေနဲ့ သက်ဆိုင်မှု မရှိတဲ့ တခြားပြစ်မှုနဲ့ ပြစ်ဒဏ်ကျနေသူတွေဖြစ်ပြီး လွတ်ရက်စေ့ခါနီးသူတွေလို့ ပြောလို့ရကြောင်း ရှေ့နေတွေ ဆီက သိရပါတယ်။

    မုံရွာ အကျဥ်းထောင်ကနေလည်း အမျိုးသား ၄ ယောက် လွတ်မြောက်လာပြီး သူတို့တွေထဲမှာလည်း နိုင်ငံရေး အကျဥ်းသားတွေ မပါရှိပါဘူး။

    ပြည်ထောင်စုအနေ့အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မှာ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့အထဲက အကျဉ်းသား ၈၁၄ ဦးကို ခံ၀န်နဲ့ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

  16. စစ်ကောင်စီလွတ်ငြိမ်းခွင့် ဝေဖန်မှုတွေရှိ, နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးသင့်တယ်လို့ ဆို

    စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ပြည်ထောင်စုအနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့အထဲက အကျဉ်းသား ၈၁၄ ဦးကို ခံ၀န်နဲ့ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

    အဲဒီအထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးဖမ်းဆီးထိန်းသိမ်းထောင်ချခံထားရသူတွေ ဒီနေ့ ညနေပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    နိုင်ငံတကာဖိအားတွေကို လျော့ကျစေချင်တာကြောင့် ခုလို လွှတ်တာဖြစ်ပြီး တကယ်တမ်း အာဆီယံဘုံသဘောတူညီချက် ငါးရပ်ပါ အချက်ထဲကတစ်ချက်ဖြစ်တဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးပြန်လွှတ်ပေးရေးဆိုတဲ့အချက်နဲ့လည်း ဒါဟာ မကိုက်ညီဘူးလို့ ဝေဖန်တာတွေရှိနေပါတယ်။

    ဒါနဲ့ပတ်သက်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူလွှတ်တော်အမတ်ဟောင်း ဒေါက်တာ ဒေါ်ညိုညိုသင်းကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ပုဒ်မတပ်ပြီး မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးသင့်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    "အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို ဘယ်အစိုးရ လွှတ်ပေးလွှတ်ပေးကြိုဆိုတယ်။ ဘာကြောင့်လဲဆိုတော့ အကျဉ်းထောင်ထဲမှာက လူ့အခွင့်အရေး အပြည့်အ၀ မရသေးဘူးလေ။ အကျဉ်းသားတွေရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေး အပြည့်အ၀ မရတဲ့နေရာမို့လို့ အကျဉ်းထောင်ဆိုတာ နေပျော်တဲ့အရပ်မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ နစက ကို တောင်းဆိုချင်တာက တကယ်ကိုပဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လိုလားတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ ပုဒ်မတပ်ခံရပြီးတော့ မတရားဖမ်းဆီးခံထားရတဲ့ အချုပ်နှောင်ခံထားရတဲ့ လူအားလုံးပေါ့၊ အထူးသဖြင့်ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းပေါ့နော်။ အကုန်လုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးစေချင်တယ်။ နာမည်ကြီးသည်ဖြစ်စေ၊ နာမည်မကြီးသည်ဖြစ်စေ ပြန်လွှတ်ပေးရမယ်။ အဲဒီလို ပြန်လွှတ်ပေးမှသာလျှင် သူတာဝန်ယူထားတဲ့ တပ်မတော်အစိုးရအပေါ်မှာ တစ်ချို့သော နိုင်ငံတကာအသိုင်းအဝိုင်းပေါ့နော် ယုံကြည်မှုတို့ ပြန်လည် တိုးတက်လာနိုင်တယ်။ လက်တွဲဆောင်ရွက်လိုစိတ်တွေလည်း ပြန်ပြီး တိုးတက်လာလိမ့်မယ်။အထူးသဖြင့် အာဆီယံအသိုင်းအဝိုင်းတွေပေါ့။ ဒါကြောင့် ကိုယ့်အကျိုးစီးပွားလည်းဖြစ်တဲ့ အနာဂတ်နိုင်ငံတော်ရဲ့ အကျိုးစီးပွားလည်းဖြစ်တဲ့ဒီလို လုပ်ရပ်တွေကို နစကအနေနဲ့ တစိုက်မတ်မတ်လုပ်သင့်တယ်လို့ တောင်းဆိုချင်တယ်" လို့ သူက ပြောပါတယ်။

  17. ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်းအနားကို NUG အွန်လိုင်းကနေ ကျင်းပ, စစ်ကောင်စီကလည်း ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဆိုပြီး ကျင်းပ

    ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာကျရောက်တဲ့ ပြည်ထောင်စုနေ့ကို ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အခမ်းအနားအမည်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဗီဒီယိုကွန်ဖရန်းဇင်းစနစ်နဲ့ကျင်းပခဲ့ပါတယ်။

    အဲဒီအခမ်းအနားမှာအဖွင့်အမှာစကားကို NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကချင်လွတ်လပ်ရေးအဖွဲ့ KIAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

    အတိတ်ကမတည်ဆောက်နိုင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မျှော်ရည်လျက် ပင်လုံစာချုပ်ရဲ့ အနှစ်သာရ၊ ပြည်ထောင်စုရဲ့အနှစ်သာရတွေကို ပေါ်လွင်ထင်ရှားစေခြင်းငှာ အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ကျင်းပတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ အာဏာရှင်စနစ်ဆန့်ကျင့်ရေး အရေးတော်ပုံများတွင် ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းများအားလုံးကို ဦးညွတ်အလေးပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသွားရာလမ်းမှာ ဆူးငြှောင့်ခလုတ်ဖြစ်တဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    တစ်ချိန်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီကလည်း ၇၅ နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကိုနေပြည်တော်မှာ ဒီမနက်က ခမ်းနားကြီးကျယ်စွာကျင်းပခဲ့ပါတယ်။ ဒီနေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ဘာကန့်သတ်ချက်မှမထားဘဲ လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားပါတယ်။

    ဒီနေ့ ဒီဆွေးနွေးပွဲကို အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တက်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး KNU ကရင်အမျိုးသားအစည်းအရုံးလည်း တက်ရောက်တဲ့ အဖွဲ့စာရင်းထဲ ပါ၀င်တယ်လို့ စစ်ကောင်စီဘက်က ပြောပေမယ့် အဲဒီပွဲကိုတက်ဖို့ကိုယ်စားလှယ် စေလွှတ်ထားတာမရှိဘူးလို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဘီဘီစီကို အတည်ပြုပါတယ်။

  18. ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တစ်ဝက်လျှော့၊ အကျဉ်းသား ၈၀၀ ကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ စစ်ကောင်စီ ထုတ်ပြန်, အေအေနဲ့ ဆက်စပ်သူ ၄၆ ဦးကိုလည်း အမှုရုပ်သိမ်း ပြန်လွှတ်

    နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသားတွေထဲ ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံထားပြီး စည်းကမ်းကောင်းမွန်စွာနေထိုင်တဲ့ ၈၀၀ ကျော်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

    နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း ပြစ်ဒဏ်တွေရဲ့ ထက်ဝက်ကာလ ကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့လည်းပါရှိပါတယ်။

    ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ထားတာဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့၂ နှစ်၊ အဂတိလိုက်စားမှု တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်နဲ့၅မှုပေါင်း ၇၅ နှစ်၊ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၃၀ - က နဲ့ ထောင် ၃ နှစ် တို့ ဖြစ်ပါတယ်။

    ဒါ့အပြင် ရက္ခိုင့် တပ်တော် အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုထားတဲ့ ၄၆ ဦးကို အမှုတွေပိတ်သိမ်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပါတယ်။

    ပြစ်ဒဏ်ကျခံထားနေဆဲ အကျဉ်းသားတွေထဲက ပြန်လွှတ်တဲ့အကျဉ်းသား ၈၁၄ ဦးကိုတော့ နောက်တစ်ကြိမ် နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် ယခင်ကျခံထားတဲ့ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွှတ်ပေးတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ အကျဉ်းသားလွတ်ငြိမ်းချမ်း သာခွင့် ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ နောက်ဆုံးအကြိမ် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

    ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဆိုရင် ၅ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

    အဲဒီနောက် နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့်တွေပေးလေ့ရှိတဲ့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် ပြန်လည်လွှတ်ပေးတာမရှိခဲ့ပါဘူး။

    ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကိုအကောင်အထည်ဖော်ဖို့ အာဆီယံခေါင်းဆောင်တွေကလည်းတိုက်တွန်းနေချိန် ၊ အာဆီယံအလှည့်ကျဥကဋ္ဌ ဟွန်ဆန် မြန်မာပြည်ခရီးစဉ်အပြီးမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်သတင်းတွေ ထွက်ခဲ့ပေမယ့် စစ်ကောင်စီက အဲဒီတစ်ကြိမ်မှာလည်း ပြန်လွှတ်ပေးတာမရှိခဲ့ပါဘူး။

    ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့်ကို အင်းစိန်ထောင်ထဲမှာ ထောင် ၂ နှစ်ချထားရာကနေ အကြောင်းပြချက် မရှိဘဲ အဲဒီ ဇန်နဝါရီလထဲမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ အာဆီယံနဲ့ နိုင်ငံတကာက ဖိအားတွေကိုလျှော့ချစေချင်လို့ စစ်ကောင်စီက ခုလို ဟန်ပြလုပ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိထားပါတယ်။