ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မောင်တောတိုက်ပွဲ အခြေအနေ အေအေက ဘာပြောသလဲ
ရခိုင်ပြည်နယ်က နေရာအချို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားစပြုလာနေပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေးဟာ စစ်တပ်အပေါ်မှာမူတည်နေပြီး အေအေအနေနဲ့ လိုအပ်ရင်လိုအပ်သလို တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
တစ်နှစ်ကျော်အကြာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလလ ၄ ရက်နေ့က မောင်တောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီး လက်ပံတောင်ကြောမှာရှိတဲ့ အေအေတပ်ဖွဲ့ရဲ့ ခြေကုပ်စခန်းတစ်ခုကို ခမရ ၃၅၂ ရဲ့ စစ်ကြောင်း ၁ က ရုတ်ခြည်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အေအေဘက်က ကင်းသမားတစ်ဦး ကျဆုံးပြီး ၄၆ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
အေအေရဲ့ တပ်စခန်းတွေကို အခုလို ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်လာနေတာဟာ ရခိုင်ပြည်နယ်တည်ငြိမ်မှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုတဲ့သဘောနဲ့ လာရောက်တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ အေအေဘက်က ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဘီဘီစီက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးကျော်သူရကို ညနေ ၃နာရီခွဲအချိန်ထိ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
အခုလို တည်ငြိမ်နေတဲ့ကာလမျိုးမှာ မြန်မာစစ်တပ်အနေနဲ့ လက်ဦးမှုယူပြီးတော့ တိုက်ခိုက်ခဲ့တယ်ဆိုတာကို အေအေဘက်က ထုတ်ပြန်ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်ကတော့ မောင်တောမြောက်ပိုင်းမှာ ARSA အဖွဲ့တွေနဲ့သာထိတွေ့မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။
"စစ်တပ်က အခုလို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာနေတာနဲ့ ပတ်သက်လို့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့လိုတယ် ရည်ရွယ်ချက်မရှိဘဲ ဖြစ်တာဆိုရင်တော့ ဆွေးနွေးပြီးဖြေရှင်းလို့ရတယ်၊နောက်နောင်မဖြစ်အောင် စပြီးတိုက်တဲ့သူက သတိထားရမှာပေါ့၊ ထပ်ပြီးဖြစ်လာရင်တော့ နားလည်မှုယူထားတဲ့ ကတိကဝတ်က ပျက်စီးသွားနိုင်တယ်၊ဒါကြောင့် ဒီပြဿနာကို ဆွေးနွေးပြီးဖြေရှင်းရင် ပိုကောင်းမယ်"လို့ ဦးဖေသန်းကပြောပါတယ်။
ရခိုင်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စစ်ဘေးရှောင်အရေးကိစ္စတွေအပြင် စစ်ရဲ့ဆိုးကျိုးတွေကို လက်ရှိအချိန်ထိ ရင်ဆိုင်နေကြရတဲ့အတွက် နောက်ထပ်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အေအေဘက်က တစ်ဦးသေဆုံးခဲ့သလို မြန်မာစစ်တပ်ဘက်ကလည်း သေဆုံးတာတွေ ရှိခဲ့တယ်လို့ အေအေဘက်က ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခဲ့သလို နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ တစ်သိန်းကျော်ထိရှိလာနေပြီး အရပ်သားထိခိုက်မှုတွေလည်း များပြားလာနေပါတယ်။
အေအေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ မဖြစ်ဘဲ ရခိုင်မြောက်ပိုင်းနယ်မြေတွေ အေးချမ်းနေတာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကတည်းကဖြစ်လို့ အခုဆိုရင် တစ်နှစ်ကျော်နီးပါး ရှိနေပြီဖြစ်ပါတယ်။
ULA/AA နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှု မရှိကြောင်း ဒါပေမဲ့ ဆက်သွယ်ဆောင်ရွက်သင့်တဲ့၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ တပ်မတော်ဘက်က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၂၀ နို၀င်ဘာ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် အများဆုံး နေရပ်စွန့်ခွာခဲ့ကြရသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ပေါင်း ၂ သိန်းခွဲနီးပါးထိရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အချို့ စစ်ရှောင်စခန်းတွေဟာ ဒေသအတွင်း စစ်ပွဲကာလထောင်ထားခဲ့တဲ့ မိုင်းပြဿနာနဲ့ နေအိမ်တွေမီးလောင်ခဲ့ရတာကြောင့် အချို့စစ်ရှောင်တွေဟာ စခန်းတွေကနေ နေရပ်ကို အခုထိ မပြန်နိုင်ကြသေးပါဘူး။
ဖေဖော်ဝါရီ ၆ ရက်နေ့ နောက်ဆုံးရတဲ့သတင်းတွေအရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာရဲ့ ၆ မိုင်အကွာ အနောက်ဘက်တောင်တန်းမှာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းကစပြီး အခုညနေအထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ယူဆရပြီး သေနတ်သံတွေ ကြားနေရကြောင်း ရခိုင်အခြေစိုက်သတင်းဌာနအချို့က ရေးပါတယ်။