ဒီးမောဆိုမြို့ပေါ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ စစ်ရှောင်စခန်းအထိလက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူတွေရှိ
ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်မှာ ဒီကနေ့ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရှောင်စခန်းတွေအထိ လက်နက်ကြီးကျရောက်ထိမှန်လို့ ဒဏ်ရာရသူတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဒီကနေ့မနက် ၃ နာရီလောက်ကစပြီး ဒီးမောဆိုမြို့မရဲစခန်းအပါအဝင် နေရာ ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ် KNDF ဘက်က ထိခိုက်ဒဏ်ရာ ရသူတစ်ယောက်ရှိသလို စစ်ဘေးရှောင်စခန်းနေပြည်သူတချို့လည်း ထိခိုက်တာရှိတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။
“ မနေ့ညပိုင်းကတော့ စစ်ကောင်စီဘက်က လှမ်းပစ်လိုက်တာ နန့်လဲမှာရှိတဲ့ စစ်ရှောင်စခန်းမှာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်” လို့ KNDF သတင်းပြန်ကြားရေးက ဘီဘီစီကိုပြောပါတယ်။ ဒီးမောဆိုမြို့နယ်မှာတော့ ဒေသခံအများစုက စစ်ဘေးတိမ်းရှောင်နေကြတာဖြစ်ပြီး လွိုင်ကော်က စစ်ရှောင်သူတွေပါ ရောက်ရှိခိုလှိုနေလို့ စစ်ဘေးရှောင် တစ်သောင်းကျော်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
လက်ရှိကယားပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီပထမပတ်အတွင်း လွိုင်ကော်မြို့ပေါ်နဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလ ကတည်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကယားပြည်နယ်ထဲမှာတော့ စစ်ဘေးရှောင် ၁သိန်း ၇ သောင်းလောက်ရှိနေ ပြီး ပြည်နယ်လူထု တဝက်ကျော်လောက်က စစ်ဘေးတိမ်းရှောင်နေရတာပါ။