ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးမှာ ကိုဗစ်ပိုးတွေ့လူနာ ပြန်များလာ, ပိုးတွေ့လူနာတွေထဲ ရဲတပ်သားတွေများတယ်လို့ ဆို

    မန္တလေးမြို့မှာ ဖေဖော်ဝါရီလဆန်းကစပြီး ကိုဗစ်ပိုးတွေ့လူနာတွေ ပြန်များလာတယ်လို့ ကုသရေးစင်တာကို လူနာပို့ဆောင်ပေးရတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ဇန်နဝါရီလပိုင်းမှာ ကိုဗစ်ပိုးတွေ့လူနာ သုံးလေးယောက်သာရှိပေမယ့် ဒီဖေဖော်ဝါရီလဆန်းပိုင်းမှာပဲ ပိုးတွေ့လူနာ ဆယ်ယောက်ကျော်ထိ ရောက်ရှိလာကြောင်း ၊ ကိုဗစ်ပိုးတွေ့လူနာတွေကို ကန်တော်နဒီကုသရေးစင်တာမှာ ကုသပေးနေကြောင်း ဆေးရုံနဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက ပြောပါတယ်။

    " test kit နဲ့စစ်ပြီး လာပို့ကြတာပါ။ သက်သက်စစ်တာတော့ မရှိပါဘူး။ ရောဂါ လက္ခဏာတော့ကွဲသွားတယ်။ လက္ခဏာပုံစံက အရမ်းကြီးမဆိုးဘူး။ အိုမီခရွန်ဖြစ်ဖို့များတယ်။ လောလောဆယ် လူနာက ရဲတပ်သားတွေများတယ်"လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

    မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့သူက ပုသိမ်ကြီးမြို့နယ်ကများလို့ အခုအခါ ပုသိမ်ကြီး ကုတင် တစ်ထောင်ဆေးရုံနဲ့ ချမ်းမြသာစည် ၂၀၄ ကုတင် လေယာဉ်ကွင်းဟောင်း ကိုဗစ်ကုသရေးစင်တာတွေကို ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ လူမှုကူညီရေး အသင်းတွေက သိရပါတယ်။

    "တနေ့က ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းစောင့်တဦး ကန်တော်နဒီပို့ပေးရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးပြောတာက နိုင်ငံခြားကပြန်လာတာ။ နယ်ကပြန်လာတာတွေမှာ ပိုးအတွေ့များတာတဲ့။ တရားဝင်မကြေညာပေမယ့် အိုမီခရွန်လို့‌တော့ ပြောကြတယ်"လို့ ကိုဗစ်လူနာတွေ ပို့ဆောင်ပေးရတဲ့ လူမှုကယ်ဆယ်ကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ မန္တလေးတိုင်းတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

  2. တနှစ်တာအတွင်း နိုင်ငံအနှံ့က နေအိမ် (၃)ထောင်ကျော်မီးရှို့ခံပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်, ကရင်နီဒေသမှာလည်း တလအတွင်းနေအိမ် (၈၀)ကျော်မီးလောင်ပျက်စီး

    အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁)ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ (၄)ရက်အထိ တနှစ်တာအတွင်း မြန်မာနိုင်ငံ အနှံ့ (၁၂၆)နေရာက နေအိမ် (၃၃၇၉)လုံး မီးရှို့ခံရတယ်လို့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။

    အဲဒီထဲမှာ စစ်ကိုင်းတိုင်းထဲမှာ နေအိမ်တွေအများဆုံး မီးရှို့ခံခဲ့ရပြီး အိမ်ခြေ (၁၄၂၈)လုံး ဆုံးရှုံးခဲ့ရပါတယ်။

    အခုဖေဖော်ဝါရီလဆန်းထဲမှာတင်ကို စစ်ကိုင်းနဲ့ မကွေးတိုင်းအစပ်မှာရှိတဲ့ မြိုင်နဲ့ ပုလဲနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးသွားလာနေခဲ့ပြီး အနီးတဝိုက်ရွာတွေက နေအိမ်တွေ နေ့စဉ်လိုလို မီးရှို့ဖျက်ဆီးခံနေရတာပါ။

    မနေ့ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲနယ်က ကျေးရွာကြီးတရွာဖြစ်တဲ့ မင်းတိုင်ပင်ရွာထဲဝင်ရောက်ကာ ရွာခံတချို့ဖမ်းဆီးခံရတာရှိသလို ညပိုင်းမှာလည်း အဲဒီရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတွင်းရွာထဲကို ဝင်ရောက်သွားပြီးတဲ့နောက် အိမ်ပေါင်းများစွာ မီးလောင် ကျွမ်းခဲ့ပါတယ်။

    “ည (၇) နာရီလောက်မှာ မီးတွေစလောင်တာကို မြင်ရတာဗျ၊ ပြီးတော့ကျ လှော်ကားရွာဘက်ကိုလည်း ဆက်ဝင်သွားပါတယ်။ စစ်ကောင်စီဘက်က မီးရှို့တာသေချာတယ်ဗျ၊ စဝင်တုန်းကတော့ စစ်ဝတ်စုံတွေနဲ့ မီးရှို့တော့ကျ အရပ်ဝတ်တွေလဲပြီးတော့ကျ တအိမ်ဆင်းတအိမ်တက်မီးရှို့တယ်၊ အဲ့ဒီကို စစ်ဝတ်စုံနဲ့ စစ်သားတွေက မီးငြိမ်းနေတာကိုဟန်လုပ်ပြတယ်တဲ့။ အဲဒါကိုဘေးမှာ ပုန်းကြည့်နေတဲ့ရွာသားတွေက ပြောတာပါဗျ၊ သေချာပါတယ်”လို့ ကိုင်းတွင်းရွာအဖြစ်အပျက်ကိုစောင့်ကြည့်နေတဲ့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုပြောကြားချက်နဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    တနှစ်တာအတွင်းမှာ ချင်းပြည်နယ်မှာ ဒုတိယအများဆုံးအနေနဲ့ နေအိမ် (၉၇၆)လုံး၊ မကွေးတိုင်းမှာ (၅၈၅)လုံးနဲ့ ကယား (ကရင်နီ)ပြည်နယ်မှာ (၃၀၁)လုံးအထိ မီးရှို့ခံခဲ့ရတယ်လို့ Data For Myanmar ရဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။

    အဲဒီထဲက စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ကရင်နီဒေသမှာတော့ ဒီဇန်နဝါရီလ တလစာ သီးသန့်ကောက်ယူထားတဲ့ အချက်အလက်မှာတင် နေအိမ် (၈၅)လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    အဲဒီထဲမှာ (၅၄)လုံးကတော့ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဘာသာရေးအဆောက်အအုံတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

  3. ဖာပွန်မြို့အနီး ကရင်တိုင်းရင်းသားကျေးရွာကို လေကြောင်းနဲ့တိုက်လို့ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ, နေအိမ်တချို့မီးလောင်ပျက်စီး

    စစ်ကောင်စီတပ်တွေက ဖာပွန်မြို့အနီး ကရင်တိုင်းရင်းသား ကျေးရွာ ပေါ်သို့ ညအချိန် လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိ ကာ နေအိမ်အချို့ မီးလောင်ပျက်စီး ကြောင်း သိရှိရပါတယ်။

    KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ မူတြော (ဖာပွန်) ခရိုင် ဒွယ်လိုးမြို့နယ်၊ မထောကျေးနယ် အုပ်စု၊ သဒိ့ခို့ ကျေးရွာမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁ နာရီအချိန်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ် နဲ့ အမျိုးသမီး တွေ အပါအဝင် ၆ ဦး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒေသခံ ကျေးရွာသား နေအိမ် တလုံး မီးလောင် ကျွမ်းခဲ့ပြီးတ ခြားနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း KNU တပ်မဟာ၅ မူတြောခရိုင် သတင်းစဉ် က သတင်းထုတ်ပြန်ထား ချက်အရသိရပါတယ်။

    ကမမောင်း သံလွင်မြစ် တစ်ဘက်ကမ်း မြိုင်ကြီးငူ ဘက်က ကမ်းကူးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ကမမောင်း ဖာပွန် လမ်း အတိုင်း ဖာပွန် မြို့ ဘက်ကို စစ်ကြောင်း တက်လာနေတယ်လို့လည်း ဒေသခံ တွေကပြောပါတယ်။

    "ညက လေယာဉ် တစ်စီးနိမ့်နိမ့် လေး ဖြတ်ပျံ သွားတယ်။ ည၁၂နာရီကျော် မှာပေါ့။ ပြီးတော့ ကျွန်တော်တို့ နေတဲ့ မထော ရွာကြီး ရဲ့ အရှေ့ ရွာ သဒိ့ခို့ဘက် က အသံအကျယ်ကြီး ကြားရတယ်။ ဒီ မနက်တော့ညက လေယာဉ် ဗုံးကြီး ၂လုံး ချတယ် ကြားတယ်။ ရွာသား ၂ယောက် သေတယ် ကြားတယ်။ ရွာသား တချို့ ဗုံးစတွေ မှန် လို့ ၆ ယောက်လောက် ဆေးအကူ အညီ လိုနေတယ်ကြားပါတယ်။ အခုက ဖာပွန် ၊ မထော၊ တောင်သုံးလုံး၊ ဆင်စွယ် ၊ ကတိုင်ထိ့ ၊ကမမောင်း ကားလမ်း တစ်လျှောက် မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တွေ စစ်ကြောင်း ထိုး တက်လာ နေကြတယ် ။ ဒီရက်ထဲ တပ်မဟာ၅ ကို တိုက်မယ် ဆိုတာ သတိပေး ထား တာကြောင့် ဒေသခံ တွေ ယွန်စလင်းချောင်းကြီးတစ်ဘက်ကမ်း ကို ရှောင်နေကြပြီ" လို့ မထော ရွာသားတစ်ဦးက ဆိုပါတယ်။

    KNU တပ်မဟာ ၅ ဒေသ ဘက်ကို ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ ဒေသတွင်း ကျေးရွာတွေပေါ် စစ်ကောင်စီက နေ့ ည မရွေး လေကြောင်းကနေတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

  4. သားရဲ့ရုပ်အလောင်းကိုသာ ပြန်ရခဲ့တဲ့အမေ၊ မိခင်မပါတော့ဘဲ ရှင်ပြုရမယ့်သားတွေနဲ့ ကင်းစံပြရွာရဲ့ ကြမ္မာဆိုး

  5. မြင်းမူနဲ့ မင်းကင်းမှာ နေအိမ်တွေ မီးရှို့ခံရ၊ မြင်းမူမှာ ရုပ်အလောင်းတွေ တွေ့ရှိ

  6. မင်းတိုင်ပင်ရွာထဲ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ရွှေဆိုင်အပါအဝင်ဆိုင်ခန်းတွေဖျက်ပြီး ပစ္စည်းတွေယူ, ရွာသား ၃ ဦးကိုလည်း ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းဘေးမှာရှိတဲ့ မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ မနေ့ဖေဖော်ဝါရီ ၃ ရက်စပြီး ဝင်ရောက်ခဲ့ပြီး ဒေသခံတွေရဲ့ ရွှေဆိုင်၊ ဖုန်းဆိုင်နဲ့အထည်ဆိုင်က ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဖေဖော်ဝါရီ ၃ရက် နေ့လယ်ပိုင်းလောက်စပြီး စစ်ကောင်စီနဲ့ပျူစောထီးအင်အား အများအပြား ရွာထဲကို ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ရွာထဲမှာ ဖွင့်ထားတဲ့ ရွှေဆိုင်အပါအဝင် ဆိုင်ခန်းတွေအတွင်းက ပစ္စည်းတွေကို ကားပေါ်တင်ယူဆောင်တာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

    “ ဆိုင်ထဲက ပစ္စည်းတွေကို ကားနဲ့ပါသဲ့ယူတာ၊ ရွှေဆိုင်ကတော်တော်တန်ဖိုးများများပါသွားတယ်။ ဖုန်းဆိုင်နဲ့အထည်ဆိုင်တွေဆို ကားနဲ့ထိုးသယ်တယ်။ အိမ်တော်တော်များများကိုလည်း မွှေပြီးတန်ဖိုးကြီးတာတွေအကုန်ရှာယူသွားတယ်။ ရွာထဲရုတ်တရက်ဝင်လာတော့ မပြေးနိုင်တဲ့ ရွာသား ၁၀၀လောက်ကို ဒီကနေ့ (ဖေဖော်ဝါရီ ၄) ရက်အထိ ဘုန်းကြီးကျောင်းထဲပိတ်ဖမ်းထားတာ။ မနေ့ညကလည်း တညလုံးရိုက်နှက်စစ်တာလုပ်တယ်။ ရွာအနောက်ဖျားမှာတော့ ရွာသား ၃ ယောက်ကိုတော့ ပစ်သတ်ခဲ့တာ။ နှစ်ယောက်ကတော့ အင်းကန်ရွာသား ၊ နောက်ထပ်တစ်ယောက်ကတော့ ဘယ်ကလည်း မသိဘူး” လို့ဒေသခံတွေကပြောပါတယ်။

    အခုလို မင်းတိုင်ပင်ရွာထဲကို ဝင်ရောက်လာတာဟာ အနီးအနားမှာ ဘာတိုက်ပွဲမှမရှိဘဲ ဝင်လာတာဖြစ်တယ်လို့ရွာသားတွေက ပြောပါတယ်။ ဒါ့အပြင် ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက်မှာ ဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေကိုလည်း စစ်ဆေးပြီး ဖုန်း၊ ပိုက်ဆံ စတာတွေကို ယူဆောင်တာတွေလည်း လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ပုလဲနယ်ထဲက မင်းတိုင်ပင်ကျေးရွာဟာ စံပြကျေးရွာကြီးတရွာဖြစ်ပြီး ပုလဲ မြို့ပေါ်ထက် ပိုပြီး စည်ကားတဲ့၊ ဈေးဆိုင်တွေဖွင့်လှစ်ထားတဲ့ ရွာတစ်ရွာဖြစ်တယ်လို့ နယ်ခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ မင်းတိုင်ပင်ရွာထဲကနေ စစ်ကောင်စီတပ်တွေပြန်ထွက်သွားပေမယ့် ဒေသခံတွေက ရွာထဲကို ခေတ္တသာပြန်လာပြီး စိုးရိမ်မှုတွေကြောင့် ပြန်လည်နေထိုင်ခြင်းမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာလည်း ပုလဲမြို့နယ်ထဲက မွေ့တုံရွာ၊ ပန်းရွာ တွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ၃ ရွာပေါင်း အိမ်ခြေ ၆၀၀ လောက်မီးလောင်ပျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။

    ပုလဲနယ်ထဲမှာဆိုရင် စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေသလို တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း မီးရှို့တာ၊ မွှေနှောက်ဖျက်ဆီးတာတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ကျေးရွာတွေမီးရှို့ခံရတာ၊ ဒေသခံတွေရဲ့ပစ္စည်းတွေ ယူဆောင်ခံရတာတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိပါဘူး ။

  7. ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့ ပူတာအို ဆွမ်ပီယန်ရွာမှာ ဒေသခံတချို့ထိခိုက်ဒဏ်ရာရတာတွေရှိ, ရဟတ်ယာဉ်နဲ့ထပ်ပြီးတိုက်ခိုက်ခံရမှာစိုးရိမ်လို့ တောထဲမှာ တိမ်းရှောင်နေရဆဲ

    ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဆွမ်ပီယန်ရွာက ဒေသခံတွေက ဖေဖော်ဝါရီလ ၄ ရက်နေ့အထိတောထဲမှာရှောင်နေရဆဲဖြစ်ပြီး မိမိနေအိမ်တွေကို မပြန်ရဲသေးဘူးလို့ လက်ရှိရှောင်နေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

    ပူတာအို မြို့နယ် ဆွမ်ပီယန် ရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေက ရဟတ်ယာဉ်နဲ့ ဗုံးကျဲခဲ့တာကြောင့်ရွာသားတချို့ထိခိုက်ဒဏ်ရာရသူတွေရှိပြီး စိုးရိမ်ရသူတွေလည်း ရှိတယ်လို့သိရပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်တော်တော်များများပျက်စီးသွားပြီးတော့ အိမ် ၅ လုံးကတော့မီးလောင်သွားတယ်လို့ပြောပါတယ်။

    ဆွမ်ပီယန်ရွာဟာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်လောက်နေထိုင်တယ်လို့ ပြောပါတယ်။

    ဒါနဲ့ပတ်သက်ပြီး ဆွမ်ပီယာန်ဒေသခံတစ်ယောက်ပြောပြတာက "မနေက ၄ နာရီကျော်လောက်အချိန်မှာ စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ဝင်ပစ်တာ။ အိမ် ၅ အိမ်လောက်မီးလောင်ပြီးတော့ ပျက်စီးသွားတာတော့တော်တော်များတယ်။ လူတွေထိခိုက်တာကတော့အမျိုးသမီး ၄ ယောက် အမျိုးသား ၁ ယောက်ထိခိုက်ပါတယ်။ ရွာသားတွေလည်း ကြောက်လန့်ပြီးထွက်ပြေးတော့ ရွာမှာလူတောင်မရှိဘူး။ မနေ့ညကနေ ညတွင်းချင်းထွက်ပြေးတော့ တောမှာပဲ ခိုအောင်းနေတာ ရွာလည်း အခုမပြန်ရဲဘူး။ ပြန်ရင်လည်း လက်နက်ကြီးတွေ လေယာဉ်တွေနဲ့လာပစ်မလားဆိုပြီးကြောက်နေပါတယ်။ အသက်ကြီးသူတွေကိုလည်း ထမ်းရပိုးရနဲ့မွေးကင်းစတွေလည်း ပါတယ်။အခုတောမှာဘဲခိုနေရပါတယ် " လို့သူကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲ အသက် ၁၆ နှစ်အောက်ကလေးငယ်တစ်ယောက်လည်း ပါတယ်လို့သိရပါတယ်။

    အခုလို ရဟတ်ယာဉ်နဲ့ဗုံးကျဲတာဟာဆွမ်ပီယန်ရွာ မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်ကို ကေအိုင်အေနဲ့ ဒေသကာကွယ်ရေးတပ် PDF တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့နောက် ရွာကို ရဟတ်ယာဉ်နဲ့ ဗုံးကျဲတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မြစ်ကြီးနား-ပူတာအိုသွားတဲ့ ကားလမ်းဘေးမှာရှိတဲ့ ဆွမ်ပီယန်ရွာ နဲ့ လုံရှာယန်ရွာက ဒေသခံတွေကတော့ ရဟတ်ယာဉ်နောက်တစ်ကြိမ် ရောက်လာမှာကိုစိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ ကေအိုင်အေ ဖားကန့်မြို့နယ်နဲ့ပူတာအို မှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေကြတယ်လို့ဒေသတွင်းသတင်းတွေကလည်း ဖော်ပြနေကြပါတယ်။

  8. မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု နေ့စွဲမှတ်တမ်း

  9. မိမိကိုယ်ကို မီးရှို့ဆန္ဒပြတဲ့ကိုအောင်အောင်ဖြစ်စဉ်နဲ့ပတ်သက်လို့ NUG ထုတ်ပြန်, အာဏာသိမ်းတနှစ်တာအတွင်း အရပ်သားပြည်သူ ၁၅၀၀ ကျော်သေဆုံးမှုနဲ့ မြို့ရွာပျက်စီးမှုတွေအတွက် ဝမ်းနည်းကြောင်းလည်း ပါရှိ

    ကျောက်ပန်းတောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က မိမိကိုယ်ကိုယ် မီးရှို့ပြီးဆန္ဒပြခဲ့တဲ့ဖြစ်စဉ်ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးနည်းလမ်းတွေထဲက အဆုံးစွန်သောနည်းလမ်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းထားတဲ့ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူ ၁၅၀၀ ကျော်သေဆုံးခဲ့ပြီး အဲ့ဒီထဲက ၁၈၄ ဦးကတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အခုလို ကိုအောင်အောင် မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြတဲ့ဖြစ်စဉ်အပါအဝင် နိုင်ငံတဝန်းလူထုရဲ့ဆန္ဒထုတ်ဖော်မှုတွေရှိနေပေမယ့် စစ်ကောင်စီက ဒါတွေကို လျစ်လျူရှုထားပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျုးလွန်နေကြောင်းနဲ့တနှစ်တာကာလအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့မြို့ရွာပျက်စီးမှုတွေအတွက် လွန်စွာကြေကွဲဝမ်းနည်းရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ အမြန်ရပ်တန့်အောင် အကောင်ထည်ဖော်ဖို့ တိုက်တွန်းကြောင်းထုတ်ပြန်ခဲ့ပါတယ်။

  10. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန်, ဒီနေ့ အဂတိအမှုရုံးချိန်းတွေ တက်ရောက်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည်ဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်တဲ့ အဂတိအမှုရုံးချိန်းတွေတက်ရောက်တယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

    ရဟတ်ယာဉ်ဝယ်ယူမှု၊ ငှားရမ်းမှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှု ငါးမှုကို ဒီနေ့ စတင်စစ်ဆေးတာဖြစ်ပြီး မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်ခန့်ကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

  11. လောင်းရှည်ကျေးရွာအတွင်း လူနေအိမ်တွေအနား တိုက်ပွဲပြင်းထန် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာရှိ

    မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ထဲက လောင်းရှည်ကျေးရွာထဲမှာ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းကစလို့ ကျေးရွာအနီးလူနေအိမ်နားမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ “ မနက် အစောပိုင်းကတည်းကပစ်နေတာ၊ နှစ်ဖက်ပစ်ခတ်မှုမှာပဲ။ ကြားတာတော့ ဆောဘက်ကစဖြစ်လာပြီး လောင်းရှည်ရွာဘက်ကို ပစ်တာတွေရောက်လာတယ်ပြောတယ်။ ရွာထဲက အိမ်တွေနားအထိ လက်နက်ကြီးရောက်တာ၊ မြို့သစ်ရပ်ကွက်ဘက်က အိမ်တစ်အိမ်မှာဆိုရင်လက်နက်ကြီးထိလို့ တစ်အိမ်လုံးဒဏ်ရာရတာ။ တစ်ယောက်က ပေါင်ထိသွားလို့ သူနာပြုဆရာမလေးကို ကားနဲ့လာခေါ်သွားတာတွေ့ရတယ်။ တစ်မနက်လုံး လက်နက်ကြီးအသံ ဆက်တိုက်ကြားနေရလို့ မနက်စာတောင်မစားနိုင်ဘူး” လို့လောင်းရှည်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဆောနယ်ထဲက လောင်းရှည်ရွာတွေအနီးမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် အခုလိုလူနေအိမ်တွေနားအထိ လက်နက်ကြီးပစ်တာတွေနဲ့ ဒေသခံတွေထိခိုက်တာတော့ ပထမဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    လောင်းရှည်ရွာထဲမှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့တပ်စွဲထားပြီး အသံတိတ်သပိတ်လုပ်တဲ့ဖေဖော်ဝါရီ ၁ရက်နေ့မှာလည်း ဆိုင်တွေ ဖွင့်ဖို့ ဒေသခံတွေကို ဖိအားပေးခြိမ်းခြောက်တာတွေလည်း လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့လောင်းရှည်ရွာထဲမှာ ဒေသခံတွေအားလုံး နေအိမ်ထဲကနေ အပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းမှာတော့ ဆောမြို့နယ်အတွင်းမှာလည်း အစိုးရရုံး ၅ရုံးလောက် ဆက်တိုက်မီးလောင်မှုဖြစ်ခဲ့ပါတယ်။ ဆောမြို့နယ်ထဲက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီဘက်က ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းအထိသတင်းထုတ်ပြန်တာမရှိပါဘူး။ာထဲမှာ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းကစလို့ ကျေးရွာအနီးလူနေအိမ်နားမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    “ မနက် အစောပိုင်းကတည်းကပစ်နေတာ၊ နှစ်ဖက်ပစ်ခတ်မှုမှာပဲ။ ကြားတာတော့ ဆောဘက်ကစဖြစ်လာပြီး လောင်းရှည်ရွာဘက်ကို ပစ်တာတွေရောက်လာတယ်ပြောတယ်။ ရွာထဲက အိမ်တွေနားအထိ လက်နက်ကြီးရောက်တာ၊ မြို့သစ်ရပ်ကွက်ဘက်က အိမ်တစ်အိမ်မှာဆိုရင်လက်နက်ကြီးထိလို့ တစ်အိမ်လုံးဒဏ်ရာရတာ။ တစ်ယောက်က ပေါင်ထိသွားလို့ သူနာပြုဆရာမလေးကို ကားနဲ့လာခေါ်သွားတာတွေ့ရတယ်။ တစ်မနက်လုံး လက်နက်ကြီးအသံ ဆက်တိုက်ကြားနေရလို့ မနက်စာတောင်မစားနိုင်ဘူး” လို့လောင်းရှည်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဆောနယ်ထဲက လောင်းရှည်ရွာတွေအနီးမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့် အခုလိုလူနေအိမ်တွေနားအထိ လက်နက်ကြီးပစ်တာတွေနဲ့ ဒေသခံတွေထိခိုက်တာတော့ ပထမဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    လောင်းရှည်ရွာထဲမှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့တပ်စွဲထားပြီး အသံတိတ်သပိတ်လုပ်တဲ့ဖေဖော်ဝါရီ ၁ရက်နေ့မှာလည်း ဆိုင်တွေ ဖွင့်ဖို့ ဒေသခံတွေကို ဖိအားပေးခြိမ်းခြောက်တာတွေလည်း လုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့လောင်းရှည်ရွာထဲမှာ ဒေသခံတွေအားလုံး နေအိမ်ထဲကနေ အပြင်မထွက်ရဲဘဲ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းမှာတော့ ဆောမြို့နယ်အတွင်းမှာလည်း အစိုးရရုံး ၅ရုံးလောက် ဆက်တိုက်မီးလောင်မှုဖြစ်ခဲ့ပါတယ်။ ဆောမြို့နယ်ထဲက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီဘက်က ဒီကနေ့ဖေဖော်ဝါရီ ၄ ရက်မနက်ပိုင်းအထိသတင်းထုတ်ပြန်တာမရှိပါဘူး။

  12. တပ်မဟာ ၅ ဒေသအတွင်း လုံခြုံရေးသတိရှိကြဖို့ ဒေသခံတွေကို KNLA အသိပေး

    အချိန်မရွေးတိုက်ပွဲတွေရှိလာနိုင်လို့ လုံခြုံရေးသတိရှိကြဖို့ KNU တပ်မဟာ ၅ ဒေသအတွင်း ကျေးရွာတွေမှာ KNLA တပ်ပိုင်း တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ တပ်မဟာ ၅ ဒေသအတွင်း မဲ့ဝိုင်ကျေးရွာက ဒေသခံတွေကပြောပါတယ်။

    KNLA တပ်ပိုင်း တာဝန်ရှိသူတွေက အစည်းအဝေးခေါ်ယူကာလုံခြုံဘေးကင်းရေး သတိရှိကြဖို့ပြောဆိုကြတာဖြစ်တယ်လို့ဆိုပါတယ်။

    အခုရက်ပိုင်းအတွင်းဘီးလင်း၊ကျိုက်ထို လမ်းပိုင်း ၊ မြိုင်ကြီးငူ၊ကမမောင်း၊ ကတိုင်ထိ့ လမ်းကြောင်းတွေအတိုင်း ဖာပွန်မြို့ဘက်ကို စစ်ကောင်စီတပ်တွေက စစ်အင်အားတိုးချဲ့တာနဲ့ လက်နက်ခဲယမ်းတွေ စစ်ကူပို့ဆောင်နေတာကြောင့် KNLA တပ်ပိုင်း တာဝန်ရှိသူတွေက ဒေသတွင်း ကျေးရွာတွေကိုအခုလို အသိပေးထားတာလို့ သိရပါတယ်။

    " ပြီးခဲ့တဲ့ရက်ကရွာသားတွေ ကိုစုပြီး အစည်းအဝေးလုပ်တယ်။ တိုက်ပွဲတွေ ပြင်းထန်လာဖို့ ရှိတယ်။သေချာတာကတော့ စစ်တပ်က စစ်အင်အား တိုးလာတယ်၊ မြိုင်ကြီးငူဘက်၊ကမမောင်းဘက် ကနေ စစ်တပ် သံလွင်မြစ်ကူးလာတယ်၊ ဘီးလင်း ၊ကျိုက်ထို ဘက်ကလည်း ဒီဘက်ကို ဝင်လာနေတယ်၊ လေယာဉ်ကလည်း လာလာဝဲ နေတယ်၊ အဲတော့ ရွာသားတွေ သတိနဲ့ နေကြ သွားလာကြ ၊ကြိုတင် ရှောင် ဖို့ ပြင်ဆင်ထား ကြလို့တော့ပြောတယ်။ဟိုတစ်ခါ သီးကော့ထာ နဲ့ ထီးတဘလုထ့ ဘက် လေယာဉ်ဗုံးကြဲ ချ သွား ကတည်း က နေရာရွှေ့ပြီး နေနေတာပါ။ တိုက်ပွဲ ကြီးဖြစ်မယ်ဆိုရင်တော့ ပြေးစရာ မရှိဘူး။ အားလုံးကပိတ်မိ နေကြရမှာပါ။ တောင်ကြောတွေ လျှိုတွေထဲနေရင်းရှောင်နေဖို့တော့ပြင်ထားရတယ်" လို့ မဲ့ဝိုင်ကျေးရွာသားတစ်ဦးကပြောပါတယ်။

    ဇန်နဝါရီ လအတွင်း က KNU တပ်မဟာ ၅ ဒေသအတွင်းရှိ မယ်ခါးထာ့ စခန်း ၊ သီကော့ထာ့စခန်း၊ထီးလော်သေထရွာ၊ထီးတဘလုထ့ ၊တောင်သုံးလုံးစခန်း ၊ ကတိုင်ထိ့ ၊ကမမောင်း ကျေးနယ် လမ်းကြောင်း တစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

    တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ တွေလုပ်လို့ ဒေသခံတွေဟာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေအပါအဝင် ဘေးလွတ်ရာတိမ်းရှောင်ကြရသလို နေအိမ် နဲ့ တောင်ယာတွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

    KNU တပ်မဟာ ၅ မဲ့ဝိုင် ဒေသ ဧရိယာ အတွင်း ပါဝင်တဲ့ ရွှေညောင်ပင် ၊ဘင်ဘန်း၊မဲ့ဝိုင် ၊သီကော့ထ့၊ထီးလော်သေထ့၊ တောင်သုံးလုံး၊မထော ကျေးရွာ ဒေသ အတွင်း ဒေသခံ ပြည်သူ ၅၀၀၀ ကျော် နေထိုင် ကြပြီး ၊ တောင်ယာ လုပ်ငန်း၊ ရွှေတူးဖော် ရေး လုပ်ကွက်တွေနဲ့ ပြည်တွင်း ရွှေ့ပြောင်း လုပ်သား အများအပြား နေထိုင် လုပ်ကိုင်နေကြတဲ့နေရာဒေ ဖြစ် ပါတယ်။

  13. ဆောမြို့နယ်မှာ ကြံခိုင်ရေးရုံးအပါအဝင် အစိုးရရုံး ၅ ရုံး ဆက်တိုက်မီးလောင်

    မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်မှာ ဖေဖော်ဝါရီ ၄ရက် မနက်အစောပိုင်းကစပြီး ကြံခိုင်ရေးရုံးအပါအဝင် မီးသတ်ရုံး၊သစ်တောရုံး၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံးနဲ့စားသောက်ဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ အဲ့ဒီရုံးတွေကအကုန် CDM မလုပ်ဘဲရုံးတက်နေတဲ့ရုံးတွေလေ၊ ကြံခိုင်ရေးကပိုင်တဲ့ 699 စားသောက်ဆိုင်ပါ လောင်တယ်။ မနက် ၁၀ နာရီလောက်မှ မီးငြှိမ်းလို့ရတယ်။ လောင်တာကတော့တပြိုင်တည်းလားမသိဘူး၊ တောက်လျှောက်တစ်ရုံးပြီးတစ်ရုံးလောင်နေတာပဲ။ ပစ်ခတ်သံတချို့တော့ကြားတယ်” လို့ဆောဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့မီးလောင်ခဲ့တဲ့ရုံးခန်းတွေအားလုံးနီးပါး ပျက်စီးသွားပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။

    ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ဆောမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်က ရုံးတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံး ဖေဖော်ဝါရီ ၅ရက် နောက်ဆုံးထားပြီး ခံဝန်ချက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံကြပါဆိုပြီး သတိပေးစာထုတ်ပြန်ထားပါတယ်။

    သတ်မှတ်ထားတဲ့ရက်အတွင်း စစ်ကောင်စီလက်အောက်ကရုံးတွေမှာဆက်လက်လုပ်ကိုင်နေမယ်ဆိုရင်ထိရောက်စွာအရေးယူမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီကနေ့မီးလောင်မှုနဲ့ပတ်သက်ပြီးတော့ ဒေသကာကွယ်ရေးတပ်တွေကဘက်ကထုတ်ပြန်ထားတာမရှိသလိုစစ်ကောင်စီဘက်ကလည်းသတင်းထုတ်ပြန်တာမရှိပါဘူး။

  14. ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် အဂတိမှုနဲ့နေပြည်တော်မှာ တိုင်ချက်ဖွင့်

    နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ပုဒ်မ ၅၅ နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော်မှာ တိုင်ချက်ဖွင့် လိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ သတင်းမှာထုတ်ပြန်သွားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးရာထူးယူခဲ့စဉ် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဆောင်ရွှက်နေတဲ့ စီးပွားရေးလုပ်ငန်းများအဆင်ပြေဖို့အတွက် ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်း‌ငွေအဖြစ်အကြောင်းပြပြီး လေးကြိမ်ခွဲပေးတဲ့ အမေရိကန်ဒေါလာ ၅ သိန်း ၅ သောင်း ကို လက်ခံခဲ့လို့ဆိုပြီး‌ ‌ပြောပါတယ်။

    ဒါကြောင့် အဂတိလိုက်စားမှုဖြစ်ကြောင်းပေါ်ပေါက်လို့ဆိုပြီးနေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၅ နယ်မြေ ရဲစခန်းမှာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပထမသတင်းပေးတိုင်ကြားချက်ဖွင်လှစ်ပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွှက်နေတယ်လို့လည်း ပြောသွားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက ၅ မှုအတွက် အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

    ဒါ့အပြင် အဂတိလိုက်စားမှု၊ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု စတဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံရနိုင်တဲ့ ပုဒ်မတွေအပါအဝင် နောက်ထပ်အမှုပေါင်း ၁၂ မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရင်ဆိုင်နေရပါတယ်။

    နေပြည်တော်အထူးတရားရုံးမှာ အပတ်စဉ်ကြာသပတေးနေ့တိုင်းစစ်ဆေးနေကျဖြစ်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့ အမှုရုံးချိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကြောင့် ဒီကနေ့ မစစ်ဆေးဖြစ်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

  15. CDMမှာ ပါခဲ့ပြီး ရာထူးကထုတ်ခံရသူ ပညာရေးဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်ပြန်ခန့်

    အာဏာသိမ်းမှုအပြီး CDM မှာ ပါခဲ့သူတွေနဲ့ ရာထူးက ထုတ်ပယ်ခဲ့တဲ့ တက္ကသိုလ်ပါမောက္ခတွေ အပါအဝင် ပညာရေးဝန်ထမ်း ၂၀၀ ကျော်ကို မူလရာထူးတွေမှာ ပြန်ခန့်လိုက်တယ်လို့ တက္ကသိုလ် ကထိက တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ရာထူးက ထုတ်ပယ်ထားတဲ့ တက္ကသိုလ် အသီးသီးကပါမောက္ခရာထူးတွေအပါအဝင် ပညာရေး ဝန်ထမ်း ၂၁၁ ဦးကိုသက်ဆိုင်ရာရာထူးတွေမှာ ပြန်ပြီး ခန့်အပ်တယ်လို့ ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာ ဦးစီးဌာနက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီလိုပြန်လည် ခန့်အပ်တယ်ဆိုတဲ့ရာထူးတွေဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပညာရေး ကျန်းမာရေးနဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေးကနေဆုံးဖြတ်တာလို့လည်း သိရပါတယ်။

    အရင် အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းစာရင်းမှာ လူ ၁၃၀၀ ကျော်ပါဝင်ပြီး အချို့က အယူခံတင်ပြခဲ့တာကြောင့် သူတို့ကို ရာထူးတိုးနှစ်နှစ်ရပ်ဆိုင်းပြီး ပြန်ခန့်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။

    ပြန်ခန့်အပ်ခံရသူတွေကို နယ်တွေပို့တာရှိပြီးတော့ တောင်ကုတ် ပင်လုံစတဲ့ တက္ကသိုလ်တွေကို ပို့တာလည်းရှိတယ် တက္ကသိုလ် ကထိက တစ်ဦးကပြောပါတယ်။

  16. မင်္ဂလာဒုံက စက်ရုံတစ်ရုံမှာ အိုမီခရွန် ကူးစက်မှုဖြစ်

  17. ကုလအထူးသံ ပြောတဲ့ မြန်မာစစ်တပ် အခန်းကဏ္ဍ

  18. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတဲ့အတွက် ဒီကနေ့ရုံးချိန်းမစစ်ဖြစ်

    နေပြည်တော်အထူးတရားရုံးမှာ အပတ်စဉ်ကြာသပတေးနေ့တိုင်းစစ်ဆေးနေကျဖြစ်တဲ့နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မနဲ့အမှုရုံးချိန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကြောင့် မစစ်ဆေးဖြစ်ခဲ့ဘူးလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

    " တရားသူ ကြီးကတရားခွင်မှာဖတ်ပြတာကတော့ မနက်စာစားပြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းမူးတယ်၊အနည်းငယ်အော့အန်တာဖြစ်တဲ့အတွက် ရုံးချိန်းလာဖို့အဆင်မပြေလို့ခွင့်တိုင်တယ်။ သူတို့မျက်ကွယ်မှာအမှုစစ်ဆေးလို့မရတဲ့အတွက် ဒီကနေ့ရုံးချိန်းမစစ်ဖြစ်တာပါ"လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

    ဒီကနေ့ရုံးချိန်းမှာတော့ မစ္စတာရှောင်တာနယ်နဲ့ ဒုဝန်ကြီးဟောင်းဦးဆက်အောင်တို့ကကျန်းမာရေးကောင်းမွန်ပြီး ရုံးချိန်းလာရောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းတို့ကကျန်းမာရေးမကောင်းမွန်တဲ့အတွက်ရုံးချိန်းမလာရောက်နိုင်လို့အမှုမစစ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

    ဒီကနေ့မှာတရားလိုပြသက်သေဘက်က နည်းပညာဆိုင်ရာကျွမ်းကျင်သူကိုစစ်ဖို့ရှိတာဖြစ်ပြီး အဲ့ဒီနည်းပညာဆိုင်ရာကျွမ်းကျင်သူဟာဆိုရင် မစ္စတာရှောင်တာနယ်ရဲ့ ကွန်ပျုတာနဲ့ဆက်စပ် ပစ္စည်းတွေကို စစ်ဆေးဖို့ရှိတာပါ။

  19. ရန်ကုန်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုနဲ့ပေါက်ကွဲမှုတွေဆက်ဖြစ်နေဆဲ, ပျံလွှားအောင်စစ်ဆင်ရေးက ၃ ရက်အတွင်း စစ်ဆင်ရေး ၁၆ ခု လုပ်ခဲ့ကြောင်း ကြေညာချက်ထုတ်

    ပြည်တွင်းမှာ အာဏာသိမ်းထားတာ တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ ဒီကနေ့ဖေဖော်ဝါရီ ၃ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ တပ်ဖွဲ့တွေတိုက်ခိုက်ခံရမှုနဲ့ပေါက်ကွဲမှုတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ဖေဖော်ဝါရီ ၃ ရက်နေ့တရက်တည်းမှာပဲ ရန်ကင်း၊ မိုးကောင်းလမ်းနဲ့အောင်ဇေယျလမ်း ထိပ်မှာရှိတဲ့ ယာဉ်ထိန်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ယာ အနားမှာရှိတဲ့ My Tel ဖုန်းတာဝါတိုင်နဲ့ ကြံခိုင်ရေးရုံးအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေ ဘက်ကလည်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ကြေညာချက်တွေအသီးသီးထုတ်ထားပါတယ်။ ဒါ့အပြင် ဒီကနေ့ဖေဖော်ဝါရီ ၃ ရက်နေ့မနက်ပိုင်းမှာ မြောက်ဥက္ကလာမြို့နယ် အမှတ် ၈ ရက်ကွက်မှာရှိတဲ့ လေတပ်က ဗိုလ်ချုပ်အဆင့်ရှိတဲ့စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ်ကို ဒေသကာကွယ်ရေး တပ်တွေကဘက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေး တပ်တွေက ကြေညာချက်ထုတ်ထားပါတယ်။

    ဒီပေါက်ကွဲတိုက်ခိုက်မှုတွေဟာဆိုရင် ရန်ကုန်တိုင်းဒေသကြီး စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ပျံလွှားအောင် စစ်ဆင်ရေးက လုပ်ဆောင်တာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်ကစလို့ ၃ ရက်နေ့အထိ စစ်ဆင်ရေး ၁၆ ခု လုပ်ခဲ့တယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    ဒီပေါက်ကွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ကြေညာချက်ထုတ်ပြန်တာမရှိပါဘူး။

    ရန်ကုန်တိုင်းအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှည့်လှည်တင်းကျပ်စစ်ဆေးတာတွေနဲ့ နေအိမ်ရပ်ကွက်တွေအတွင်း လျှပ်စစ်မီတာခ မပေးဆောင်တဲ့အိမ်တွေကို မီးလိုက်ဖြတ်တာတွေ လည်းဆက်ရှိနေပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာတွေလည်း ရံဖန်ရံခါလုပ်လေ့ရှိတယ်လို့ကိုယ်တိုင်ကြုံရသူတွေက လည်း ဘီဘီစီကိုပြောဆိုထားပါတယ်။

    တဖက်မှာလည်း လုံခြုံရေးတင်းကျပ်နေတဲ့အခြေအနေတွေကြားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေအနီးမှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေပါတယ်။