အာဏာသိမ်းကာလ ၁ နှစ်အတွင်း စစ်ရှောင်ဦးရေ ၈ သိန်း အထက်ရောက်လာ

ရေးသားခဲ့သည်။

တနင်္ဂနွေမနက် ထိပ်တန်းသတင်း ၁၃.၀၂.၂၀၂၂

မြန်မာနိုင်ငံထဲ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြင်းထန်လာ နေချိန် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကို အကူအညီတွေ ပိုမို ပေးနိုင်ရေး ကြိုးစား လုပ်ဆောင် နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးနောက် တစ်နှစ်တာ ကာလ အတွင်းမှာ မြန်မာနိုင်ငံထဲ စစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေဟာ မူလ ရှိနှင့်ပြီး အရေအတွက်ထက် နှစ်ဆ ကျော် တိုးမြင့်လာပြီး၊ အခုဆိုရင် ၈ သိန်း အထက် ရောက်ရှိသွားပြီလို့ UNHCR ပြောခွင့်ရ မက်သယူး ဆော့လ်ထမာ့ချ်က ဆိုပါတယ်။

လက်ရှိ အခြေအနေမှာလည်း တတိုင်းပြည်လုံး အနှံ့ လုံခြုံရေး ပျက်ယွင်းမှုတွေ ဆက်လက် ဖြစ်နေပြီ၊ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေတာဟာ အရှိန် လျော့ကျသွားမယ့် အရိပ်အယောင် တစွန်းတစမှ ရှိမနေဘူးလို့လည်း မစ္စတာ ဆော့လ်ထမာ့ချ်က ပြောပါတယ်။

ဒါ့ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေ အရေအတွက်ဟာ အခုလာမယ့် သီတင်းပတ်တွေမှာ ဆက်ပြီး တိုးလာဦးမယ်လို့လည်း UNHCR က တွက်ဆ ထားပါတယ်။

ကယားမှာ ပေါ်ပေါက်နေခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီက ထွက်ပြေး ကြရတဲ့ စစ်ဘေးရှောင် အရပ်သားတွေဟာ အခု ၂၀၂၂ နှစ်ဆန်းက စလို့ ရှမ်းပြည်ထဲ အရေအတွက် တော်တော်များများ ပိုပြီး ဝင်ရောက်လာခဲ့တာမှာ အဲဒီသူတွေကို

အရေးပေါ် အထောက်အပံ့ ပစ္စည်းတွေ ဝေငှနိုင်ရေး အတွက် တောင်ကြီးမြို့ တဝိုက်မှာ ယာယီ အခြေစိုက် စခန်း တစ်ခု လတ်တလော မှာပဲ ဖွင့်လိုက်နိုင်တယ်လို့ UNHCR က ဆိုပါတယ်။

ဇန်နဝါရီလလယ်က စပြီး တောင်ကြီးမြို့ နဲ့ အနီးတဝိုက် စစ်ရှောင် IDP စခန်းတွေကို ထောက်ပံ့ ကူညီနေခဲ့တာကနေ ဘေးပတ်ဝန်းကျင် မြို့နယ်တွေထဲထိပါ ကူညီရေး လုပ်ငန်းတွေ တိုးချဲ့ နိုင်ခဲ့တယ်လို့လည်း UNHCR ပြောခွင့်ရက ထုတ်ပြန်ပါတယ်။

အခု ပြီးခဲ့တဲ့ တစ်လ အတွင်း UNHCR နဲ့ မိတ်ဖက် အဖွဲ့တွေဟာ ရှမ်းပြည်ထဲ ဝင်လာတဲ့ စစ်ရှောင် တစ်သောင်းဝန်းကျင်နဲ့ ကယားထဲမှာရှိတဲ့ နှစ်ထောင်ဝန်းကျင်ကို ထောက်ပံ့ကူညီတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂။ ယူကရိန်းထဲကနေ ထွက်သွားဖို့ နိုင်ငံပေါင်း တစ်ဒါဇင်ကျော် ဆော်ဩနေ

ရုရှားသာ ယူကရိန်းထဲ ကျူးကျော်မယ် ဆိုရင် ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မယ် ဆိုပြီး အမေရိကန် အပါအဝင် အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေက သတိပေး နေချိန်မှာပဲ ယူကရိန်း ထဲကနေ သူတို့နိုင်ငံသားတွေ ထွက်ခွာကြဖို့ တိုက်တွန်းနေတဲ့ နိုင်ငံပေါင်း တစ်ဒါဇင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီလို ဆော်ဩနေသူတွေထဲမှာ အမေရိကန်၊ ယူကေနဲ့ ဂျာမနီတို့ ကိုယ်တိုင်လည်း ပါဝင်ကြပါတယ်။

ရုရှား အစိုးရကတော့ ယူကရိန်းနယ်စပ်အနီး စစ်သည်အင်အား တစ်သိန်း ဝန်းကျင် နေရာချထားပေမယ့်၊ ယူကရိန်းထဲထိ ဝင်သိမ်းဖို့ ကြံရွယ်ချက် မရှိဘူးဆိုပြီး ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိူးဘိုင်ဒင်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ တယ်လီဖုန်းနဲ့ တဆင့် စကားပြောခဲ့ကြတာမှာ သမ္မတဘိုင်ဒင်က ယူကရိန်းကို ဝင်သိမ်းမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေ ကြုံရမယ်ဆိုပြီး ထပ်လောင်း သတိပေးပါတယ်။

ရုရှားအစိုးရကတော့ သမ္မတဘိုင်ဒင် ဦးဆောင်တဲ့ အမေရိကန် အစိုးရ အနေနဲ့ ရုရှားရဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေကို လျစ်လျူရှု မျက်ကွယ်ပြုထားတယ်လို့ တန်ပြန် ပြောထားပါတယ်။

အဓိကကတော့ နေးတိုး NATO စစ်ရေးမဟာမိတ် အဖွဲ့ထဲ ယူကရိန်းကို ဘယ်တော့မှ မထည့်သွင်းရေး ဆိုတဲ့ အချက်ကို အမေရိကန်က မလိုက်လျောတာ ဖြစ်ပါတယ်။

၃။ အကျဥ်းချခံ နီကာရားဂွား အတိုက်အခံ ခေါင်းဆောင် ထောင်ထဲသေဆုံး

ဗဟိုအမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ နီကာရားဂွားမှာ နာမည်ကြီး အတိုက်အခံ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ အသက် ၇၃ နှစ် အရွယ် ဟျူဂို တောရက်စ် ဟာ အကျဥ်းထောင်ထဲမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူဟာ လက်ရှိ နီကာရားဂွား သမ္မတ ဒင်နီရယ် အော်တေးဂါးနဲ့ လက်တွဲပြီး အင်မတန် ကြမ်းကြုတ်ရက်စက်တဲ့ အာဏာရှင် အာနက်စတာဆီအို ဆိုမိုဇာ အစိုးရကို ၁၉၇၉ ခုနှစ်တုန်းက တော်လှန် တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသူလို့ ရှုမြင်ခံရတဲ့ သမ္မတ အော်တေးဂါးနဲ့ ဟျူဂို တောရက်စ်ဟာ ခပ်ခွာခွာ နေခဲ့ပြီး၊ အတိုက်အခံ ပါတီ တစ်ရပ် ထူထောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ တခြား တော်လှန်ရေးသမားဟောင်းတွေနဲ့ အတူ မစ္စတာ တောရက်စ်လည်း နိုင်ငံတော် လုံခြုံရေး ပျက်ယွင်းစေမှု စွဲချက်နဲ့ သမ္မတ အော်တေးဂါးရဲ့ ဖမ်းဆီးထောင်ချတာ ခံရပါတယ်။

သမ္မတ သက်တမ်း ၄ ကြိမ်ဆက် အနိုင်ယူဖို့ အတွက် သမ္မတ အော်တေးဂါးဟာ မစ္စတာ တောရက်စ် အပါအဝင် နာမည်ကြီး အတိုက်အခံတွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖမ်းဆီး ထောင်ချခဲ့တာ ဖြစ်ပါတယ်။

၄။ ပြင်သစ်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အစ္စလာမ်မစ်လက်နက်ကိုင် အယောက် ၄၀ သေဆုံး

အနောက် အာဖရိက နိုင်ငံတွေ ဖြစ်ကြတဲ့ ဘယ်နင် Benin နဲ့ ဘာကီနာဖာဆို Burkina Faso နှစ်နိုင်ငံကြား နယ်စပ်မှာ လက်နက်ကိုင် အယောက် ၄၀ ကို သုတ်သင် ရှင်းလင်း နိုင်ခဲ့တယ်လို့ ပြင်သစ်စစ်တပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ဘယ်နင်ရဲ့ မြောက်ပိုင်းမှာ မော်တော်ကား ယာဥ်တန်း တိုက်ခိုက်ခံရပြီး ပြင်သစ်နိုင်ငံသား တစ်ယောက် အပါအဝင် လူ ၉ ဦး သေဆုံး ခဲ့တဲ့နောက်၊ ပြင်သစ်စစ်တပ်က စစ်ရေး အရ လက်တုန့်ပြန် ခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လူမဲ့ ဒရုန်းယာဥ်ပျံသုံး တိုက်ခိုက်မှု အတွင်း မော်တော်ဆိုင်ကယ်စီး သွားလာနေတဲ့ လက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့ပြီး၊ အဲဒီ ဒေသ တဝိုက်မှာပဲ တိုက်လေယာဥ်သုံး လေကြောင်း တိုက်ခိုက်တာတွေ ထပ်မံ ပြုလုပ် ခဲ့တာမှာ လက်နက်ကိုင်တွေ နောက်ထပ် အယောက် ၃၀ သေဆုံး သွားပြန်တယ်လို့ ပြင်သစ်စစ်တပ်က ပြောပါတယ်။

လက်နက်ကိုင်တွေဟာ အယ်လ်-ကိုင်းဒါးနဲ့ အစ္စလာမ်မစ်နိုင်ငံ IS အုပ်စုတွေနဲ့ ဆက်စပ်နေပြီး အဲဒီ အရပ်ဒေသတွေမှာ ချဲ့ထွင် ခြေကုပ်ရယူနိုင်ဖို့ ကြိုးစား နေကြတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

၅။ ဘောလုံးသတင်း

ယူအေအီးမြို့တော် အဘူဒါဘီမှာ ကျင်းပခဲ့တဲ့တဲ့ ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ကလပ် အသင်းများ ဖလား ပြိုင်ပွဲမှာ အင်္ဂလန် ပရီမီယာလိဂ် အသင်း ချယ်ဆီး ဗိုလ်စွဲသွား ပါတယ်။

လန်ဒန်မြို့ အခြေစိုက် ဖြစ်တဲ့ ဥရောပချန်ပီယံ ချယ်ဆီး အသင်းဟာ ဘရာဇီး ကလပ် ပါလ်မေးယပ်စ် အသင်းကို အချိန်ပိုမှာ ပယ်နယ်တီ သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။

အဲဒီ ဖီဖာ ကမ္ဘာ့ ကလပ်အသင်းများ ဖလားကို ချယ်ဆီး ပထမဆုံး ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

တခါ၊ စနေနေ့က ကန်ခဲ့တဲ့ အင်္ဂလန် ပရီမီယာလိဂ် ပွဲတွေမှာတော့ နောဝစ်ချ်ကွင်းမှာ မန်စီးတီးက စတာလင်ရဲ့ ဟက်ထရစ် ၃ ဂိုး အပါအဝင် ၊ ၄ ဂိုးပြတ်နဲ့ နိုင်ပြီး အမှတ်ပေးဇယားမှာ ၁၂ မှတ် အသာနဲ့ ဦးဆောင်နေပါတယ်။

မန်နေဂျာ ဖရန့်လမ်းပတ် ကိုင်တွယ်နေတဲ့ အဲဗာတန်လည်း လိဒ်စ်ကို ၃ ဂိုးပြတ်နဲ့ နိုင်ပါတယ်။ မန်ယူနိုက်တက်တော့ ဆောက်ဟမ်တမ်နဲ့ တစ်ဂိုးစီ သရေကျသွားပါတယ်။ ဒီနေ့မှာလည်း ဘန်လေနဲ့ လစ်ဗာပူး၊ နယူးကာဆယ်နဲ့ အက်စ်တန်ဗီလာ တို့တွေ့ကြမယ့် ပွဲတွေ အပါအဝင် ပရီမီယာလိဂ် ပွဲကောင်းတွေ ဆက်ရှိ နေပါတယ်။