ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထောင်ဒဏ် ၁၁ နှစ်ချ

    တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံရကြောင်းသူရဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးကပြောတာကို ကိုးကားပြီး Dawei Watch သတင်းကရေးပါတယ်။

    ဦးမြင့်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ခ နဲ့ ၂ နှစ် ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ၊ဒေသဖွံဖြိုးရေး ရန်ပုံငွေများကို စနစ်တကျမသုံးလို့ ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    သူ့ကို ထားဝယ် အကျဥ်းထောင် အထူးတရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    အမှုတွေက သီးခြားစီဖြစ်တဲ့အတွက် ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံရဖို့ရှိတယ်လို့ ဦးမြင့်မောင်ရဲ့ မိတ်ဆွေက ပြောခဲ့တယ်လို့ သိရပါတယ်။

    အဂတိပုဒ်မနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နေရာမှာ တိုင်းအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်အဖြစ် ၂၀၁၉ ခုနှစ် မတ်လက အတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

  2. မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် ထိုင်းနယ်စပ်မှာ ထပ်ဖမ်းမိ

    ထိုင်းမြန်မာနယ်စပ် စိုင်းယောက်ခ်ဒေသကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း တရားမ၀င် ဖြတ်ကျော်၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၀၁ ဦးကို ကြာသပတေးနေ့မှာ ထိုင်းအာဏာပိုင်တွေ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးသားကြပါတယ်။

    အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၄၃ ဦးကို နာနတ်သီးစိုက်ခင်းထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး အားလုံးဟာ မြန်မာနိုင်ငံကလာတဲ့ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ထိုင်းနိုင်ငံကို လာရောက်အလုပ်ကိုင်ဖို့အတွက် မော်လမြိုင်၊ ပဲခူးနဲ့ တခြားမြို့နယ်တွေက လာခဲ့ကြတယ်။ သူတို့ရည်မှန်းထားတဲ့ အလုပ်နေရာတွေကို ရောက်ရင် ပွဲစားတွေကို ထိုင်းဘတ်ငွေ ၂၅,၀၀၀ စီ ပေးရမယ်လို့လည်း စစ်ဆေးမေးမြန်းချိန်မှာ ထွက်ဆိုခဲ့ပါတယ်။

    အင်္ဂါနေ့မှာလည်း ဘုရားသုံးဆူနယ်စပ် ဆန်ခယ ဘူရီခရိုင်ထဲမှာ တရားမ၀င် မြန်မာ ရွှေ့ပြောင်းလုပ်သား နောက်ထပ် ၂၁၈ ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းမိခဲ့ပါတယ်။

    ဒီထဲမှာ အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၈၃ နဲ့ ကလေးငယ် ၃ ဦးတို့ ပါပြီး ဒါဟာ အဲဒီဒေသအတွင်းမှာ အများစု ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

  3. အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့ LGBT ၆ ဦးထက်မနည်းရှိနေ, စစ်ကြောရေးမှာနှိပ်စက်ညှင်းပန်းခံနေရမှုတွေအတွက်လည်း လူ့အခွင့်အရေးအဖွဲ့တွေကိုတင်ပြသွားမယ်လို့

    အခုဆိုပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT ၆ ဦး ထက်မနည်းရှိနေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၂ ဦးရှိတယ်လို့ LGBT Alliance Myanmar ကတာဝန်ရှိသူကပြောပါတယ်။

    ဒီအရေအတွက်ဟာ LGBT Alliance Myanmar က ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာစတဲ့ဒေသတွေက လက်လှမ်းမှီရာသိရှိထားတဲ့စာရင်းတွေအရဖြစ်ပြီး ဒီထက်လည်းပိုများနိုင်တယ်လို့ဆိုပါတယ်။

    "နွေဦးတော်လှန်ရေးအစကတည်း LGBTတွေက ပြည်သူတွေနဲ့တသားတည်းရပ်တည်လာတာပါ။ ခြောက်တဲ့စိတ်ကို မကြောက်တရားအဖြစ်တော်လှန်ရေးမှာပြောင်းလဲနေတာ။ အခုဆို ပြောက်ကျားသပိတ်တွေကိုကားနဲ့တိုက်ဖမ်းတယ်၊ စစ်ကြောရေးမှာ လူမဆန်စွာနှိပ်စက်တယ်။ သူတို့သာ အာဏာအပြည့်ရသွားရင် LGBT တွေကိုဘယ်လောက်ထိရက်စက်မယ်ဆိုတာခန့်မှန်းလို့မရနိုင်ဘူး။ အခုလိုအခွင့်အရေးချိုးဖောက်တာ၊ စစ်ကြောရေးမှာနှိပ်စက်နေတာတွေနဲ့ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာနကိုမှတ်တမ်းတွေပို့ထားတယ်။ နိုင်ငံတကာကိုလည်းသူတို့ရဲ့ရက်စက်မှုတွေကိုသိအောင်လုပ်သွားမှာဖြစ်တယ် " လို့ LGBT Alliance Myanmar က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    စစ်ကောင်စီအနေနဲ့စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်တဲ့ LGBTတွေကိုစစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာတွေ၊အခြားနည်းလမ်းတွေနဲ့ စစ်ဆေးတာတွေ ရှိနေတယ်လို့ ပြည်တွင်း LGBT အဖွဲ့အစည်း ၅ခုက ပူးပေါင်းပြီး မနေ့နိုဝင်ဘာ ၁၀ရက်နေ့ကေ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာတော့ နိုင်ငံတဝန်းက ပြည်တွင်းမှာရှိတဲ့ စစ်အာဏာရှင်တော်လှန်ရေးပြောက်ကျားသပိတ်တွေမှာလည်း လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT အစုအဖွဲ့တွေလည်း ပါဝင်လှုပ်ရှားနေတယ်လို့ LGBT Alliance Myanmar ကပြောပါတယ်။

  4. ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်တို့အမှု တရားလိုကို စတင်စစ်ဆေးဖို့ရှိ, အမှုသည်နဲ့ သီးသန့်တွေ့ခွင့်ရဖို့ ရှောင်တာနယ်ရှေ့နေအဖွဲ့ လျှောက်ထားဆဲ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငါးဦးကို စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုကို လာမယ့် နိုဝင်ဘာ ၂၅ ရက်ရုံးချိန်းမှာ စတင်စစ်ဆေးတော့မယ်လို့ မစ္စတာရှောင်တာနယ်ရဲ့ ရှေ့နေက ဘီဘီစီကို ပြောပါတယ်။

    အမှုနဲ့ပတ်သက်လို့ မှုခင်းစီမံခန့်ခွဲမှုလုပ်ခဲ့ပြီး ဒီအမှုကို တရားရုံးက နှစ်ပတ်တစ်ခါ ရုံးချိန်း ချိန်းဆိုတာဖြစ်လို့ လာမယ့် နိုဝင်ဘာ ၂၅ ရက်မှာ စတင်စစ်ဆေးဖို့ှရှိတယ်လို့ သိရပါတယ်။

    မစ္စတာရှောင်တာနယ်အတွက် စကားပြန်ကို တရားရုံးက စီစဉ်ပေးထားပြီး အဆင်ပြေကြောင်း၊ ဒါပေမဲ့ အမှုသည်ဖြစ်တဲ့ မစ္စတာရှောင်နဲ့ ရှေ့နေအဖွဲ့ သီးသန့်တွေ့ခွင့်ရဖို့ကိုတော့ လျှောက်ထားဆဲဖြစ်ကြောင်း မစ္စတာရှောင်တာနယ်ရှေ့နေက ပြောပါတယ်။

    ဒီနေ့ နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်တဲ့ အဲဒီရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်လည်း ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

    တရားခွင်မစတင်ခင် အမှုသည်နဲ့ရှေ့နေတွေ သီးသန့်တွေ့ခွင့်ရခဲ့ပြီး အမှုနဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေ ရှေ့နေအဖွဲ့က ရယူခွင့်ရခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

    ဒီနေ့ရုံးချိန်းမှာပြုလုပ်တဲ့မှုခင်းစီမံခန့်ခွဲမှုဆိုတာဟာ အမှုနဲ့ပတ်သက်လို့ ဘယ်နေ့မှာ ဘယ်သူတွေကိုစစ်မယ်၊ ဘယ်အချိန်မှာ အမှုကို အပြီးသတ်စစ်ေဆေးမယ်ဆိုတဲ့အချိန်ဇယားကို ညှိနှိုင်းထုတ်ပြန်တာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီအမှုနဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေတွေကိုတော့ အမှုကိစ္စ ပြောကြားခွင့် ပိတ်ပင်ခံထားရတဲ့အတွက် အဲဒီအစီအစဉ်ကို ရှေ့နေတွေဘက်က ပြောကြားနိုင်ခြင်းမရှိပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ရဲ့ လပ်တော့ပ်ထဲမှာ တွေ့ရှိရတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရွက်စာတမ်းတွေနဲ့ အဲဒီစာရွက်စာတမ်းတွေကို သြစတြေးလျသံရုံးကို ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့နှစ်ဦးအပါအဝင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နဲ့ ယခင်ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ ငါးဦးကို နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲထားတာဖြစ်ပါတယ်။

    ဒီအမှုဟာ ပြစ်မှုထင်ရှားရင်ထောင် ၁၄ နှစ်ထိ ချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြည်ဝင်းက မစ္စတာရှောင်တာနယ်ဆီက အချက်အလက်တွေဟာ စီးပွားရေးကိစ္စ တရားဝင် အကြံပေးချက်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

  5. ကြို့ပင်ကောက်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ဒုရဲအုပ်တစ်ဦး ဒဏ်ရာရ

    ကြို့ပင်ကောက်မြို့နယ်အတွင်း ရန်ကုန်-ပြည်ကားလမ်းပေါ်က စစ်ဆေးရေးဂိတ်တစ်ခုကို ဒီကနေ့နိုဝင်ဘာ ၁၁ ရက်နေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေကသတင်းထုတ်ပြန်လာပါတယ်။

    ဒီပစ်ခတ်မှုကြောင့် စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ ဒုရဲအုပ်တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ပြည်ဆေးရုံကြီးကိုပို့ဆောင်ထားရတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။

    ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဒီစစ်ဆေးရေးဂိတ်ကိုတော့ ပထမတကြိမ်ဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့ပြီး အခုတကြိမ်မှာတော့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာ ရှိတဲ့ ဇဟားလုံခြုံရေး ရဲကင်းကို ဒေသခံ PDF တွေဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။

    ဒီကနေ့ကြို့ပင်ကောက်မြို့နယ်ထဲကစစ်ဆေးရေးဂိတ်ပစ်ခတ်ခံရတာနဲ့အခုလိုအမြန်လမ်းပေါ်မှာလုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ်တွေ ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  6. ကွမ်းခြံကုန်းမှာ ဖမ်းဆီးခံရသူတွေထဲက နှစ်ဦး စစ်ကြောရေးမှာသေဆုံး

  7. စစ်တပ်အနေနဲ့ လူထုဆန္ဒနဲ့အကျိုးစီးပွားအတွက် ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ လုံခြုံရေးကောင်စီ ပြော

    မြန်မာစစ်တပ်အနေနဲ့ လူထုဆန္ဒနဲ့ လူထုအကျိုးစီးပွားကို ကြည့်ပြီး ရင်ကြားစေ့ရေးနဲ့ ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်းကိုလိုက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။

    အခုသီတင်းပတ်အတွင်း ကျင်းပတဲ့ မြန်မာ့အရေးအစည်းဝေးပွဲအပြီး ထုတ်ပြန်ချက်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။

    မြန်မာပြည်တွင်းမှာ မကြာသေးခင်တုန်းက ဖြစ်လာတဲ့နိုင်ငံတဝန်း အကြမ်းဖက်မှုတွေကို လုံခြုံရေးကောင်စီက နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ပြောသလို အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှုအကူအညီ ချောမွေ့ဖို့၊ ဆေးဘက်ဆိုင်ရာတာဝန်ထမ်းဆောင်သူတွေ လုံခြုံမှုရှိစေဖို့လည်း လုံခြုံရေးအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

    လက်ရှိမြန်မာပြည်တွင်းရေးအခြေအနေကြောင့် ကျန်းမာရေးနဲ့လူသားချင်းစာနာမှုအကူအညီရရှိနိုင်တဲ့အခြေအနေ တိုးတက်ဖို့၊ ကိုဗစ်ကာကွယ်ဆေးတွေ ပို့ဆောင် ဖြန့်ချိမှုအပိုင်း အဆင်ပြေချောမွေ့ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

    ဒါ့ပြင် လူတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရသင့်ပြီး ကာကွယ်ဆေးရရှိနိုင်မှုအပိုင်းမှာ နိုင်ငံတကာအနေနဲ့ ပိုမိုကူညီရေးကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက တောင်းဆိုပါတယ်။

    ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေရှာနိုင်ဖို့ အာဆီယံရဲ့အပြုသဘောဆောင်တဲ့ ပါဝင်မှုကို အပြည့်အ၀ ထောက်ခံကြောင်း လုံခြုံရေးကောင်စီက ထပ်လောင်းပြောသလို ဘုံသဘောတူညီချက် ၅ ရပ် ကို မြန်မြန်ဆန်ဆန် ပြည့်ပြည့်၀၀ အကောင်အထည်ဖော်ဖို့၊ အာဆီယံအထူးသံရဲ့မြန်မာပြည်တွင်း ခရီးစဉ်ကို ထောက်ခံတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    မြန်မာ့အရေး အာဆီယံအထူးသံနဲ့ ကုလအထူးကိုယ်စားလှယ်တို့ အတူပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း လုံခြုံရေးကောင်စီက အားပေးတယ်လို့ ဆိုပါတယ်။

    ရိုဟင်ဂျာတွေရော ပြည်တွင်းကနေရပ်ရွှေ့ပြောင်းတွေပါ သဘောဆန္ဒအလျောက် နေရပ်ကို ဘေးကင်းကင်းနဲ့သိက္ခာရှိရှိ ပြန်နိုင်ရေးအခြေအနေကို စိုးရိမ်ကြောင်းလည်း လုံခြုံရေးကောင်စီက ပြောပါတယ်။

    မြန်မာပြည်သူတွေနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ပြည်သူတွေရဲ့နိုင်ငံရေးလွတ်လပ်မှုနဲ့အချုပ်အခြာခိုင်မာရေး အားထုတ်မှု၊ စည်းလုံးမှုတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ထပ်လောင်း ထောက်ခံတယ်လို့လည်း ဆိုပါတယ်။

    မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အခုတစ်ခေါက် လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာ စစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်တာအပါအဝင် မြန်မာ့အရေးတိကျခိုင်မာတဲ့အရေးယူဆောင်ရွက်မှု မပါဝင်သေးတာကို ထောက်ပြပြောဆိုနေပါတယ်။

  8. ကော့မှူးမှာဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီးဖို့ အုပ်ချုပ်ရေးမှူးတွေ လိုက်ကြေညာ

    ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးနင်းရာမှာ ဆိုင်ကယ်တစ်စီးကို လူတစ်ဦးသာ စီးဖို့ မနေ့နိုဝင်ဘာ ၁၀ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ လိုက်ပြီးကြေညာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကော့မှူုးမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေမှာ ဆိုင်ကယ်ကိုအသုံးပြုပြီးလုပ်ဆောင်တာတွေရှိနေတာကြောင့် အခုလိုကြေညာတာဖြစ်ပြီး လိုက်နာမှုမရှိရင်ထိရောက်စွာအရေးယူမယ်လို့ကြေညာချက်မှာပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

    “မနေ့ညကစပြီးအော်တာပဲ၊ ကော့မှူးအပြင် တွံ့တေးဘက်လည်းကြေညာတယ်ကြားတယ်။ လောလောဆယ်တော့ မြို့ထဲမှာ ဆိုင်ကယ်နှစ်ယောက်စီးတာ အတော်ကျဲသွားတယ်။ ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူတွေတော့အဆင်မပြေဖြစ်နိုင်ပါတယ်” လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကော့မှူးမြို့နယ်မှာဆိုရင် ပေါက်ကွဲမှုနဲ့စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူတွေပစ်ခတ်ခံရမှုတွေ ရှိသလို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ဒေသကာကွယ်ရေးတွေဘက်က မြို့ပြပြောက်ကျား စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုတွေရှိတယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေ့ထုတ်ပြန်ထားပါတယ်။

  9. တိုက်ကြီးမီးရထား၀င်းနဲ့ တောင်ဒဂုံ ထ-၅ မှာ ပစ်ခတ် ပေါက်ကွဲမှုဖြစ်

    ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်မှာရှိတဲ့ မီးရထားဝင်းထဲမှာ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက် မနက် ၇ နာရီဝန်းကျင်မှာ ပစ်ခတ်သံအချို့ ကြားခဲ့ရတယ်လို့ ရပ်ကွက်ထဲနေထိုင်သူတွေဆီကနေ သိရပါတယ်။

    ''မနက်ခင်းပိုင်းဆိုပေမဲ့ ပစ်ခတ်သံက ခပ်တိုးတိုးပဲကြားခဲ့ရတယ်။ နောက်ပိုင်းသိရတာတော့ ဘူတာ၀င်းထဲက အမျိုးသားတစ်ဦးကိုလာ ပစ်ခတ်သွားတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့(စစ်ကောင်စီ)တပ်ဖွဲ့ဝင်တွေ ရောက်လာတာမျိုးရှိတယ်။ ရုတ်ရုတ် သဲသဲတော့ မဖြစ်ခဲ့ပါဘူး''လို့ ဘူတာရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၂ ဦးက မီးရထားလိုင်းခန်းထဲမှာနေတဲ့အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်တာလို့ ဒေသတွင်း သတင်းတွေမှာဖော်ပြနေပါတယ်။

    တခါ ဒီနေ့မနက်ခင်း ၇ နာရီဝန်းကျင်အချိန်မှာပဲ တောင်ဒဂုံမြို့နယ်၊ ၅၅ ရပ်ကွက်ထဲက ပုဂံလမ်းမပေါ်မှာရှိတဲ့ အမှတ် -၅ အထက်တန်းကျောင်းမှာလည်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမဲ့ အပျက်အစီးတချို့ဖြစ်ခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

  10. မြန်မာ့အရေးအတွက် ကန်နိုင်ငံခြားရေးအကြံပေးက နိုင်ငံတကာမိတ်ဖက်တွေနဲ့တွေ့ဆုံ

    အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မူဝါဒရေးရာအကြံပေး ဒဲရက်ရှလက်ဟာ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဥရောပသမဂ္ဂ၊ နယူဇီလန်နဲ့ ဗြိတိန်နိုင်ငံတို့က အရာရှိတွေနဲ့တွေ့ဆုံပြီး မြန်မာ့အရေးကို အခုသီတင်းပတ်အတွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လာပါတယ်။

    မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာပြန်ရောက်ဖို့ နိုင်ငံတကာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုတွေကို တိုးလုပ်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

    အကြံပေးကတော့ သူ့အနေနဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ဆက်ပြီးမြင့်တက်နေတာ၊ လူသားချင်းစာနာမှုအကျပ် အတည်းပိုဆိုးရွားလာနေတာတွေကို အတော်လေးစိုးရိမ်တဲ့အကြောင်း ပြောခဲ့တယ်လို့လည်းဆိုပါတယ်။

    မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်တပ်ဘက်က အမြန်လိုက်နာဖို့ လိုတယ်ဆိုတဲ့အကြောင်း သူက ပြောသလို အာဆီယံ အထူးသံကို မြန်မာပြည်တွင်း ဝင်ရောက်ခွင့်ပြုပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံးနဲ့ထိတွေ့ပြောဆိုခွင့်ပေးဖု့ိကိုလည်းသူ ကတောင်းဆိုပါတယ်။

    အကြမ်းဖက်မှုရပ်ဖို့၊ ထိန်းသိမ်းခံထားရသူတွေပြန်လွတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီ အပြည့်အ၀ ပေးနိုင်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ စစ်တပ်ကို ဖိအားပိုပေးဖို့လိုတဲ့အကြောင်း အကြံပေးက ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

    • အမေရိကန်နိုင်ငံခြားရေးမူဝါဒပိုင်း အဓိကကိုင်တွယ်သူရဲ့ အာဆီယံ ခရီးစဥ်
  11. ရုရှားရဲ့ ဖောရိန်းအေးဂျင့် ဥပဒေကို စစ်ကောင်စီ အတုယူလာဖွယ် ရှိလား

  12. မကွေးတိုင်းက NLD အမတ် အိမ်နဲ့ ပိုင်ဆိုင်မှုတွေ စစ်ကောင်စီ ဆက်လက် ချိပ်ပိတ်

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီက ချိပ်ပိတ် သိမ်းယူလိုက်ပါတယ်။

    ဦးကျော်ဆွေဟာ မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး သူကတော့ နေအိမ်မှာ မရှိဘဲ တိမ်းရှောင်နေပါတယ်။

    မြိုင်မြို့ပေါ်မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်၊ ဖုန်းဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်နဲ့ စတိုးဆိုင် စတဲ့ သူ့ပိုင်ဆိုင်မှု ၄ နေရာကို ချိပ်ပိတ်လိုက်တာလို့ ဦးကျော်ဆွေက ဘီဘီစီကို ပြောပါတယ်။

    နေအိမ်နဲ့ ဆိုင်တွေမှာ ပစ္စည်းတွေ ရှိနေသေးပေမဲ့ စစ်ကောင်စီတပ်တွေက ဖျက်ဆီးတာ မရှိဘူးလို့ သိရကြောင်း သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း မကွေးတိုင်းအတွင်းက NLD ကိုယ်စားလှယ်တွေနဲ့ ကိုယ်စားလှယ်ဟောင်းတွေ စုစုပေါင်း ၅ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ပိတ်သိမ်း ခံခဲ့ရပါတယ်။

    အခု သီတင်းပတ်တွေအတွင်းမှာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး နေအိမ်တွေ၊ ဆိုင်တွေကို ချိပ်ပိတ်တာတွေ စစ်ကောင်စီက ပြုလုပ်တာတွေ ရှိနေပါတယ်။

  13. ကိုဗစ်ပျံ့နှံ့မှု တားဆီးဖို့ မြန်မာနဲ့ နယ်စပ်ကို တရုတ်ဘက်က ပိတ်လိုက်

    တရုတ်နိုင်ငံနဲ့ ကပ်လျက် မြန်မာနိုင်ငံဘက်ခြမ်း ဝ နယ်မြေမှာ ကိုဗစ် ရောဂါ ကူးစက်မှုတွေ ရုတ်တရက် ပြန်ဖြစ်လာခဲ့အပြီး တရုတ်နိုင်ငံဘက်ခြမ်း Menga ဆိပ်ကမ်းကို ယာယီ ပိတ်ထားလိုက်ပါတယ်။

    မြန်မာနိုင်ငံဘက်ခြမ်းကနေ သံဖြူရိုင်းတွေ တင်ပို့နေတဲ့ ဆိပ်ကမ်း ပိတ်ထားလိုက်ရတဲ့အတွက် သံဖြူ တင်ပို့မှုတွေ ဆိုင်းငံ့သွားခဲ့ရတယ်လို့ နိုင်ငံတကာ သံဖြူ ထုတ်လုပ်ရေးအသင်းရဲ့ တရုတ်နိုင်ငံကိုယ်စားလှယ်အကြီးအကဲ ဆွေလင်းက ပြောပါတယ်။

    ကမ္ဘာပေါ်မှာ သံဖြူ အများဆုံး သန့်စင် ထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ သံဖြူရိုင်းတွေအတွက် အိမ်နီးချင်း မြန်မာနိုင်ငံကို အားထားနေရတာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ်က သံဖြူ စုစုပေါင်းရဲ့ ၉၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကနေ တင်သွင်းခဲ့ရပေမဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း သံဖြူ တင်သွင်းမှု ၈၂ ရာခိုင်နှုန်းအောက် လျော့ကျသွားခဲ့ရပါတယ်။

    တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ လုံးဝ အမြစ်ပြတ်သွားစေရေးအတွက် နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်နေရာမှာ မြန်မာနိုင်ငံနဲ့ကပ်ရက် ယူနန်ပြည်နယ်ထဲက နယ်စပ်မြို့တွေမှာလည်း မကြာခဏ ဆိုသလို လော့ခ်ဒေါင်း တင်းတင်းကျပ်ကျပ် ချလေ့ ရှိပါတယ်။

  14. ဒေါက်တာအောင်မိုးညိုကို စွဲထားတဲ့ အဂတိ အမှု ၂ မှု တရားလိုတွေ ဆက်စစ်

    အဂတိလိုက်စားမှုဆိုင်ရာ ပုဒ်မ ၅၅ နဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို တရားစွဲထားတဲ့ အမှု ၆ မှုထဲက နှစ်မှု အတွက် နိုဝင်ဘာလ ၁၀ ရက်နေ့က တရားလိုဘက်ကို စစ်ဆေးမှု ပြီးစီးသွားပြီဖြစ်ပါတယ်။

    ဒေါက်တာအောင်မိုးညိုကို စွဲဆိုထားတဲ့ အမှုတွေအရ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်ရှေ့နေတွေက စစ်ဆေး မေးမြန်းတဲ့ ကြားနာမှုတွေ ဆက်လက် ပြုလုပ်နေတာဖြစ်ပါတယ်။

    နိုဝင်ဘာ ၁၀ ရက်က ကြားနာစစ်ဆေးခဲ့တဲ့ အမှုတွေက အဂတိလိုက်စားမှု ၆ မှုထဲက အမှု နံပတ် ၃ နဲ့ အမှု နံပတ် ၄ ဖြစ်တယ်လို့ ကိုယ်တိုင် တရားခွင်မှာ စစ်မေးခဲ့တဲ့ ဒေါက်တာ အောင်မိုးညိုရဲ့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

    အမှု နံပတ် ၃ ဆိုတာက မကွေးပညာရေး ကောလိပ် စာသင်ဆောင် တခု ဆောက်လုပ်ရာမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီ ကို လုပ်ခွင့် ချမပေးဘဲ တင်ဒါ မအောင်တဲ့ တခြား ကုမ္ပဏီကို ချပေးတယ်ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။

    အမှု နံပတ် ၄ ကလည်း အလားတူ တင်ဒါကိစ္စ ဖြစ်ပါတယ်။

    ပခုက္ကူ နည်းပညာ အထက်တန်းကျောင်း စာသင်ဆောင်ဆောက်ဖို့ တင်ဒါ ခေါ်ရာမှာ တင်ဒါလုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်တဲ့အတွက် ဆိုပြီး တရားစွဲတာဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။

    ဒီကိစ္စတွေမှာ တင်ဒါ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူး၊ နိုင်ငံတော် နစ်နာ ဆုံးရှုံးတယ် ဆိုပြီး အဲဒီအမှုနှစ်မှု အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးသိန်းဇော်ဦးက တရားလိုအဖြစ် တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။

    အဂတိလိုက်စားမှုနဲ့ စွပ်စွဲထားတဲ့ အမှုတွေ အပါအဝင် ဒေါက်တာ အောင်မိုးညိုနဲ့ တိုင်းဝန်ကြီးတွေ စွဲဆိုခံထားရတဲ့ အမှုတွေ အတွက် လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့နဲ့ ၁၉ ရက်နေ့တို့မှာ ဆက်လက် စစ်ဆေးမယ်လို့ ရှေ့နေ ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

    အဲဒီ တင်ဒါကိစ္စတွေမှာ မကွေးတိုင်းအစိုးရ အဖွဲ့ တခုလုံး ရဲ့ အစည်းအဝေး ဆွေးနွေးမှု အရ အစိုးရ အားလုံး သဘောတူ ဆုံးဖြတ်ချက်ခဲ့တာ ဖြစ်ပေမဲ့ တရားစွဲဆိုခံရရာမှာတော့ ဝန်ကြီးချုပ် ဦးအာင်မိုးညို၊ လူမှုဝန်ကြီး ဒေါက်တာ ခင်မောင်အေး နဲ့ ဆောက်လုပ်ရေးနဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး တို့ သုံးယောက်ကိုသာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

  15. ကနီတိုက်ပွဲ စစ်ကောင်စီဘက်က ရဟတ်ယာဥ်တွေသုံး

    စစ်ကိုင်းတိုင်း ကနီမြို့အနီး ရှမ်းမြောင်း ဒဆယ်ချောင် ဒေသဝန်းကျင်မှာနေ့လယ် နှစ်နာရီခန့်ကစပြီး စစ်ကောင်စီတပ်တွေက ရဟတ်ယာဥ်တွေနဲ့ ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စစ်ကိုင်းတိုင်းထဲက ကနီနဲ့ ယင်းမာပင် ဘက်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဥ်တွေနဲ့ တပ်နေရာချတာ အင်အားဖြည့်တာတွေရှိပြီး ဒီကနေ့မှာ စစ်ကောင်စီဘက်က စတင်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၁၀ ရက်နေ့ ဒဆယ်ချောင်ဘက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာတွေ ကြားရပြီးတော့ အဲဒီလို ပစ်ခတ်မှုတွေကြောင့် အနီးအနားက ရွာတွေက ရွာသားတချို့ ထိခိုက်ဒဏ်ရာရသူ ၆ ယောက်ရှီပြီလို့ ဒေသခံတွေက ဆိုပါတယ်။

    ဒဆယ်ချောင် ကျေးရွာအုပ်စုဘက်ကို မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာက ပျူစောထီးတွေနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့ ဒေသတွင်းမှာ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသူတယောက်က ဘီဘီစီကို ပြောပါတယ်။

    မနေ့က နိုဝင်ဘာလ၉ရက်နေ့မှာ ပန်းဆက်က ပျူစောထီးတွေကိုရဟတ်ယာဥ်နှစ်စီး အသုံးပြုပြီး စုစုပေါင်း၅ခေါက် ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။

    ဒီကနေ့ နိုဝင်ဘာလ၁၀ရက်နေ့ မနက်ခင်းမှာတော့ ဒေသခံ ပီဒီအက်ဖ်ပြောက်ကျားတွေက ဒဆယ်ချောင်ကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီး အများအပြားကျဆုံးပြီး ပီဒီအက်ဖ် ၃ ယောက်လည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ပျူစောထီးအများအပြား ထိခိုက်ကျဆုံးမှုရှိပြီးနောက်မှာ ရဟတ်ယာဉ်တွေနဲ့ လာရောက်ကူညီပစ်ခတ်တာ ဖြစ်ပါတယ်။ ရဟတ်ယာဥ်နဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေ လူဦးရေ၃၀၀၀လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ‌‌‌ပြောပါတယ်။

    မနေ့က ယင်းမာပင်မြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေဟာ တည်ပင်ကန်အဝင်မှာ မိုင်းခွဲတိုက်ခိုက် ခံခဲ့ရပြီး နှောရိုးကောင်းဆက်မှာလည်း မိုင်းထိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    အခု ကနီမြို့နယ်ထဲက ဒဆယ်ချောင်မှာ တိုက်ပွဲတွေ ဆက်နေပေမယ့် ဒီမနက် ယင်းမာပင်မှာတော့ စစ်ရေးတင်းမာမှုတွေဖြစ်နေပြီး ယင်းမာပင်မြို့ထဲမှာ တပ်တွေ ရှိနေတယ်လို့ အဲဒီက ဒေသခံတစ်ဦးက ပြောပါတယ်။

  16. ထားဝယ်မှာ ပုဒ်မ ၅၀၅ ထုတ်ထားတဲသူကို မတွေ့လို့ အမေကို ဖမ်း

    ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မသီရိမိုးက သူ့ရဲ့ ညီမဖြစ်သူ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြန်လွတ်လာပေမဲ့ သူ့မိခင်ကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားပြီး စစ်ကြောရေးမှာပဲ ဆက်ရှိနေသေးတဲ့ အတွက် အလွန် စိုးရိမ် မိတယ်လို့ ပြောပါတယ်။

    နိုဝင်ဘာလ ၈ ရက် တနင်္လာနေ့ ညက မသီရိမိုးရဲ့ မိခင် အသက် ၄၆ နှစ်အရွယ် ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ် ညီမလေး မရွှေရည်မိုး တို့ကို နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

    စစ်ကောင်စီဘက်က တော့ ဒီဖမ်းဆီးမှု သတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    နိုဝင်ဘာ ၈ ရက် ည ၈ နာရီလောက်က ထားဝယ်မြို့နယ် ကနိုင်းဒါရွာက မသီရိမိုးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက သွားရောက်ပြီး ရှာဖွေရာမှာ မတွေ့ခဲ့ဘဲ မိခင် ဖြစ်သူ ၄၆ နှစ်အရွယ် ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ် ညီမလေး မရွှေရည်မိုး တို့ကို ဖမ်းဆီး သွားခဲ့တယ်လို့ ဆွေမျိုးသားချင်တွေနဲ့ အိမ်နီးချင်းတွေက တစ်ဆင့် သိရကြောင်း မသီရိမိုးက ဘီဘီစီကို ပြောပါတယ်။

    မသီရိမိုးနဲ့ ပတ်သက်လို့ စစ်မေးစရာ ရှိတယ် ဆိုပြီးခေါ်သွားတာလို့လည်း ဆိုပါတယ်။

    ဖမ်းဆီးခံခဲ့ရတဲ့ သားအမိနှစ်ယောက်ကို ထားဝယ်မြို့ မြို့မရဲစခန်းကို အရင်ခေါ်သွားခဲ့ပြီး ၉ ရက်နေ့ကတော့ စစ်ကြောရေးကိုပို့ပြီး စစ်ဆေးတာ ခံခဲ့ကြရတယ်လို့ မသီရိမိုးက ပြောပါတယ်။

    ဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူမှု ဖြစ်ခဲ့အပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ချိန်ကစလို့ မသီရိမိုက နေအိမ်ကနေ ဆင်းလာခဲ့တာဖြစ်ပြီး မိသားစုနဲ့ လုံးဝ အဆက်အသွယ် မရှိဘူးလို့ သူက ပြောပါတယ်။

    ဧပြီလ ၂၈ ရက်နေ့က မသီရိမိုးကို ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

  17. စစ်ကောင်စီကို တွန်းလှန်နေတဲ့ မြောင် အမျိုးသမီးပြောက်ကျားစစ်သည်များ

  18. ကဗျာသစ်ကို မြေတောင်မြှောက်ခဲ့သူ မြဇင်ကွယ်လွန်

    ဝဏ္ဏကျော်ထင် ဦးဝင်းဖေ အဖြစ် အုပ်ချုပ်ရေးလောကမှာ သိကြတဲ့ စာရေးဆရာ မြဇင်ဟာ ဂါးဒီးယန်း အင်္ဂလိပ်ဘာသာ မဂ္ဂဇင်းမှာ ကလောင်သွေးခဲ့တဲ့ စာရေးဆရာဖြစ်ပြီး ကဗျာ့နရီနဲ့ နိမိတ်ပုံ၊ မြကန်သာ စတဲ့ နာမည်ကြီး စာအုပ်တွေ ရေးသားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ၉၄ နှစ် ရှိပြီး အမျိုးသားစာပေ တသက်တာဆုကိုလည်း ၂ဝ၁၄ က ရခဲ့ပါတယ်။

    မြဇင်ဟာ ဟားဗတ်တက္ကသိုလ်မှာ ပြည်သူ့အုပ်ချုပ်ရေးပညာ မဟာဘွဲ့ကို ရယူခဲ့ပြီး ပြန်ကြားရေး၊ ယဉ်ကျေးမှုဗိမာန်၊ မော်ကွန်းတိုက် ဦးစီးဌာနတွေမှာ ညွှန်ကြားရေးမှူးချုပ် တာဝန်တွေ ယူခဲ့ပါတယ်။ တရားလွှတ်တော် တရားဝန်ကြီး ဦးဘိုးအုံးရဲ့သား ဖြစ်ပြီး ရုပ်ရှင်မင်းသမီး အကယ်ဒမီ မေဝင်းမောင်ရဲ့ ယောက္ခမလည်း ဖြစ်ပါတယ်။

    မြန်မာကဗျာ ခေတ်မီရေးအတွက် ၁၉၆၈ က မင်းသုဝဏ်အိမ်က သပြေညို ဝပ်ရှော့ဆွေးနွေးပွဲတွေမှာ မြဇင် ပါဝင်ခဲ့ပြီး ဇင်နိုးကြူး လှုပ်ရှားမှုအဖြစ် မောင်သာနိုး၊ မင်းလှညွန့်ကြူးတို့နဲ့ ပူးတွဲ ထင်ရှားခဲ့ပါတယ်။ နောက်ပြီး ခေတ်ဟောင်း ခေတ်သစ် မြန်မာကဗျာတွေကို အင်္ဂလိပ်ဘာသာ ပြန်ဆိုရေးနဲ့ ဘာသာပြန်နဲ့ ဝေဖန်ရေး ဆိုင်ရာ စာတမ်းတွေကို စာပေဗိမာန်မှာ ဖတ်ကြားတာတွေလည်း လုပ်ခဲ့ပါတယ်။ ၁၉၇ဝ ကျော်က စတဲ့ ကာရန်မဲ့ကဗျာ၊ လွတ်လပ်ကဗျာ စတဲ့ မော်ဒန်ကဗျာလှုပ်ရှားမှုတွေမှာ မြဇင်ရဲ့ စာတမ်းတွေက တပ်လှန့်ပေးခဲ့တယ်လို့ သုတေသီတွေက မှတ်ချက်ချပါတယ်။

  19. ချောင်းဦးမှာ စစ်ကောင်စီကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ထုတ်ပြန်, စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိတယ်လို့ ဆို

    စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှာ ဒီကနေ့နိုဝင်ဘာ ၁၀ရက်နေ့မနက်ပိုင်းမှာမြို့အဝင် ချောင်းဦး၊ ပခုက္ကူလမ်းမပေါ်မှာ စစ်ကောင်စီတပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်လာပါတယ်။

    ချောင်းဦးဒေသကာကွယ်ရေးတပ်ရဲ့ထုတ်ပြချက်ထဲမှာတော့ ပေါက်ကွဲမှုကြောင့်စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဖော်ပြထားပါတယ်။

    “ ပြည်သူနဲ့ဝေးမယ့်နေရာဖြစ်တဲ့မြင်သာထင်သာဖြစ်တဲ့နေရာမှာပဲ မိုင်းထောင်ခဲ့တာပါ။မိုင်းကိုရှင်းစေချင်လို့ထောင်ထားခဲ့တာ။ သူတို့မိုင်းကိုရှင်းပြီးထင်ပြီး ကားပေါ်တင်သွားမှ ခွဲလိုက်တာ။ကားနှစ်စီးပျက်စီးတယ်။ သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ် ၅ စီးနဲ့မုံရွာဆေးရုံကိုခေါ်သွားတာဆေးရုံမှာ ၁၂ ဦးသေဆုံးတယ်” လို့ ဒေသခံတွေဆီက သိရတဲ့အချက်ကို ကိုးကားပြီး ချောင်းဦးဒေသကာကွယ်ရေးတပ်က ပြန်ကြားရေးတာဝန်ရှိသူကဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  20. ဒီပဲယင်းမှာ ရဲစခန်းပြောင်းရွှေလာတဲ့ ကားတွေကို ဒေသကာကွယ်ရေးတပ်တွေမိုင်းခွဲတိုက်ခိုက်, ပစ္စည်းတင်ဆောင်လာတဲ့ ကားတစ်စီးမီးလောင်ပျက်စီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ထဲက ဒီပဲယင်း-ရေဦးလမ်းမပေါ်မှာဒီကနေ့နိုဝင်ဘာ ၁၀ရက်နေ့နေ့လယ်ပိုင်းက ရဲစခန်းပြောင်းရွှေ့လာတဲ့စစ်ကောင်စီတပ်ကားတွေကို ဒေသကာကွယ်ရေးတပ်တွေဘက်က မိုင်းခွဲခဲ့တာကြောင့်ကားတစ်စီးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    “ဖြစ်တာက ဒီပဲယင်း-ရေဦးလမ်းမကြီး၊ စိုင်းပြင်နဲ့ဒီပဲယင်းကြားမှာဖြစ်တာ၊ကားနှစ်စီး ပြောင်းတာ မိုင်း ၃လုံးခွဲတာ အရှေ့ကားတွေလွတ်သွားပြီးအနောက်ကပစ္စည်းတင်တဲ့ကားမိုင်းထိပြီး မီးလောင်သွားတာ၊ နောက်ကားကလူထိခိုက်မှုတော့လောလောဆယ်အထိမကြားဘူး။ ဒီပဲယင်းမှာရှိတဲ့စိုင်ပြင်စခန်းမှူးကို ရေဦးစခန်းဘက်ကိုပြောင်းတာ အဲ့ဒီမှာဖြစ်တာပါ” လို့ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကားမီးလောင်ပျက်စီးမှုဗီဒီယိုမှတ်တမ်းတွေကိုလည်းဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဘက်ကတော့ ဒီကနေ့ဒီပဲယင်းရေဦးလမ်းမပေါ်ကအခြေအနေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။