ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တချို့ မီတာဆောင်ဖို့ စစ်ကောင်စီ ကြိုးပမ်း, စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပါဝင်ပြီးမီတာခလိုက်ကောက်တာတွေရှိနေ

    မန္တလေးမြို့က စီးပွားရေးလုပ်ငန်းတချို့ကို လျှပ်စစ်မီတာခဆောင်ဖို့ စစ်ကောင်စီ အဖွဲ့ဝင်တွေက ညှိနှိုင်းတာ၊ မဆောင်တဲ့အခါ လျှပ်စစ်မီးဖြတ်တာတွေ ဒီလဆန်းကစပြီး လုပ်ဆောင်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က စစ်ကောင်စီ အဖွဲ့တွေဟာ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်က လုပ်ငန်းတခုကို လျှပ်စစ်မီး သုံးလစာ တခါတည်းဆောင်ဖို့ လက်နက်ကိုင် အင်အားသုံးပြီး လာရောက်ခဲ့ပါတယ်။ စက်ရုံဝင်း ပတ်လည်ကို စစ်ကောင်စီက လုံခြုံရေးချထားပြီး မီးဖြတ်ကာ လျှပ်စစ်မီတာခဆောင်ခိုင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။

    "မဆောင်ပဲထားတာ။ သုံးလရှိပြီပြောတယ်။ မီးလာဖြတ်တာ။ တလကို သိန်း ၄၀၀ ဆောင်ရတာ။ သိန်း ၁၂၀၀ ကို တပြားမှချန်လို့မရဘူး။ ချပေး။ အတိအကျဆောင်ရမှာလို့ပြောတာ။ စက်ရုံပတ်ပတ်လည် စစ်သားတွေ ကားတွေ သေနတ်တွေနဲ့ အများကြီးပဲ။ ဒီနေ့တရက်ပိတ်တယ်။ ဒီနေ့သွားပြီး စက်ရုံဘက်က ညှိတယ်လို့ ပြောသံကြားတယ်။ မနေ့က မီးဖြတ်ပြီး ပြန်သွားကြတာ"လို့ စက်ရုံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ခုလို လျှပ်စစ်မီးပေးဆောင်ခဲ့ရတာနဲ့ ပက်သက်ပြီး ကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေ ပါတယ်။ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ မန္တလေးမြို့က စက်မှုဇုန်ကိုလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်ခံရတာ၊ ပြတ်တောက်တာ ရှိ မရှိ မေးမြန်းခဲ့ရာ လက်ရှိအချိန်ထိ မီးဖြတ်တာ မရှိ‌သေးပါဘူးလို့သိရပါတယ်။ ဒါပေမဲ့ စက်မှုဇုန်ရှိတဲ့ ပြည်ကြီးတံခွန် မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ လုပ်ငန်းရှင်တွေနဲ့ မီတာခဆောင်ဖို့ အရေး တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

    " မီတာစာရွက်တော့ ဝေထားပြီးသား။ ပိုက်ဆံတော့ မကောက်ပါဘူး။ ဟိုတနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ လုပ်ငန်းရှင်တွေကို အထက်တန်းကျောင်း တခုမှာ ဆုံဖို့တော့ အစီစဉ်လုပ်နေတယ်" လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်း လုပ်ငန်းရှင် ဒေသခံတဦးက ပြောပါတယ်။ နိုဝင်ဘာ(၂)ရက်က ချမ်းအေးသာစံမြို့နယ်မှာ စက်ရုံနဲ့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီဘက်က တွေ့ဆုံပြီး လျှပ်စစ်မီတာခ ပေး‌ဆောင်ဖို့ တိုက်တွန်းပြောကြားခဲ့သလို ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    လက်ရှိမှာ မန္တလေးမြို့က မြို့နယ်တွင်း ရပ်ကွက် အများစုမှာ နေ့စဉ် အချိန်ပိုင်းလိုက် လျှပ်စစ်မီး ပြတ် တောက်တာတွေ ရှိနေပါတယ်။

  2. အမေရိကန်သတင်းသမား ဒန်နီဖန်စတာ ထပ်တိုးပုဒ်မတွေရင်ဆိုင်နေရ

    ပြီးခဲ့တဲ့မေလကုန်ပိုင်းကတည်းက အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းသမား ဒန်နီဖန်စတာဟာ မနေ့ နိုဝင်ဘာလ ၉ ရက်မှာ ထပ်တိုးပုဒ်မ ၂ ကို ရင်ဆိုင်နေရတယ်ဆိုပြီး သူ့ရဲ့ရှေ့နေက ပြောပါတယ်။

    ဒန်နီဖန်စတာကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က) တို့နဲ့ အောက်တိုဘာလ ၉ ရက် ရုံးချိန်းမှာ ထပ်မံအမှုဖွင့်လိုက်တာဖြစ်ပါတယ်။

    ဒန်နီဖန်စတာဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) တို့နဲ့ သူ့ပေါ် စွပ်စွဲထားတဲ့အမှုတွေကို အင်းစိန်ထောင်တွင်းတရားရုံးမှာရင်ဆိုင်နေရတာဖြစ်ပြီး အခုဆို သူ့အပေါ်စွပ်စွဲထားတဲ့အမှု ၅ မှုအထိရှိလာပါတယ်။

    ဖရွန်းတီးယားမြန်မာသတင်းတိုက်ရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာဖြစ်သူ ဒန်နီ ဖန်စတာဟာ အမေရိကန်ပြည်ထောင်စုက မိသားစုကို ပြန်တွေ့ဖို့ ပြင်ဆင်ချိန် ရန်ကုန်လေဆိပ်မှာ မေလနှောင်းပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    စစ်ကောင်စီက ဒန်နီဖန်စတာကို စွပ်စွဲထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၁၇(၁) အမှုတွေဟာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း မြန်မာနောင်းသတင်းဌာနကရေးသားဖော်ပြခဲ့တဲ့သတင်းတွေနဲ့ ပတ်သက်တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

    ဒါပေမဲ့ မြန်မာနောင်းသတင်းဌာနကတော့ ဒန်နီဖန်စတာဟာ အာဏာသိမ်းမှုမဖြစ်ခင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်ကတည်း က မြန်မာနောင်းသတင်းဌာနကနေ အလုပ်ထွက်ထားသူဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

  3. ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေပြဌာန်းဖို့ စစ်ကောင်စီ ခြေလှမ်း

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်ကောင်စီဟာ ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေတစ်ရပ်ပြဌာန်းနိုင်ဖို့ ဆွေးနွေးနေတယ်ဆိုပြီး စစ်ကောင်စီလက်အောက်က မီဒီယာတွေမှာဖော်ပြလာပါတယ်။

    နေပြည်တော်မှာ မနေ့ နိုဝင်ဘာလ ၉ ရက်တုန်းကပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေအစည်းအဝေးမှာ ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နဲ့ စောဒန်နီယယ်တို့က အခုလို ဆွေးနွေးတင်ပြခဲ့တာလို့ ဆိုပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌကတော့ အဲဒီဥပဒေအရေးနဲ့ ပတ်သက်ပြီး အလားတူဥပဒေမျိုး ပြဌာန်းထားတဲ့နိုင်ငံတွေအလိုက် ဥပဒေတွေကိုလေ့လာဖို့ စစ်ကောင်စီလက်ထက်မှာပထမဆုံးဖွဲ့စည်းတဲ့ဥပဒေရေးရာဝန်ကြီးဌာနကို တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ မြန်မာပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက စင်ကာပူနိုင်ငံဟာ အလားတူဥပဒေမျိုး ပြဌာန်းထားပါတယ်။

    Foreign Interference (Countermeasures) Act ခေါ် ပြည်ပရဲ့ဝင်ရောက်စွက်ဖက်မှုကို တန်ပြန်အရေးယူရေး ဥပဒေကို စင်ကာပူလွှတ်တော်က ပြီးခဲ့တဲ့အောက်တိုဘာလဆန်းမှာပဲ အတည်ပြုထားတာဖြစ်ပါတယ်။

    စင်ကာပူအစိုးရကတော့ ဆိုးရွားတဲ့ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ဒီဥပဒေလိုအပ်တယ်လို့ ဆိုပေမဲ့ အကဲခတ်တွေကတော့ အတိုက်အခံတွေကို ဖိနှိပ်တားဆီးရာမှာ ဒီဥပဒေကို အသုံးပြုလာနိုင်ဖွယ်ရှိတယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။

    • စင်္ကာပူ - ပြည်တွင်းရေးကို နိုင်ငံခြားတိုင်းပြည်တွေ ဝင်မစွက်ရေးဥပဒေသစ် ပါလီမန်အတည်ပြု
  4. ကိုဗစ်ကူးစက်မှုကြောင့် ဝဒေသ၊ ပန်ခမ်းတမြို့လုံးကို လော့ဒေါင်းချမယ်

    ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော် ပန်းခမ်းတစ်မြို့လုံးကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၂ နာရီကစလို့ လော့ဒေါင်းချပြီး တစ်မြို့လုံးကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမယ်လို့ ပန်ခမ်းမြို့ ကိုဗစ်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်မှာထုတ်ပြန်ကြေညာလာပါတယ်။

    ပန်ခမ်းမြို့ကို အဝင်အထွက်တွေ ခွင့်မပြုတော့ဘဲ နိုဝင်ဘာ ၁၁ ရက်ညကစလို့ ပိတ်ထားမှာဖြစ်ပြီး တစ်မြို့လုံးကိုဗစ်ရောဂါ ကူးစက်သူရှိ မရှိ အာခေါင်တို့ဖတ်ယူ စစ်ဆေးသွားမယ်လို့လည်း အဲဒီကြေညာချက်က ဖော်ပြထားပါတယ်။

    လော့ဒေါင်းကာလကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့လောက်မှာ ပြန်ဖျက်သိမ်းမယ်လို့လည်း ဆိုထားပြီး ပြည်သူလူထုအနေနဲ့ စည်းကမ်းလိုက်နာကြဖို့လည်း အဲဒီကြေညာချက်ကဆိုပါတယ်။

    ပန်ခမ်းမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လကလည်း ခုလို မြို့အတွင်း အဝင်အထွက်ပိတ်လိုက်ပြီး တစ်မြို့လုံးမှာ လူဦးရေ ငါးသောင်းကျော်ကို ကိုဗစ် ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

    ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားမှု မြင့်တက်ခဲ့တဲ့ ယခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း ပန်ခမ်းမှာ လော့ဒေါင်းတစ်ကြိမ်၊ သြဂုတ်လမှာ နောက်တစ်ကြိမ် လော့ဒေါင်းချခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာတရုတ်နယ်စပ်ဒေသတချို့မှာ ကိုဗစ်ရောဂါဖြစ်ပွားကူးစက်မှုနှုန်းပြန်လည်မြင့်တက်နေပြီး တရုတ်နိုင်ငံဘက်ခြမ်းရွှေလီမြို့ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက လော့ဒေါင်းပြန်ချထားလိုက်ပြီဖြစ်ပါတယ်။

  5. မုံရွာမြို့အဝင်မုခ်ဦးအနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ပိုင်းက မြို့အဝင်မုခ်ဦးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စခန်းကို မနေ့ နိုဝင်ဘာလ ၉ ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    မိုင်း ၃ လုံး သုံးခဲ့တဲ့အဲဒီတိုက်ခိုက်မှုမှာ သေနတ်အချက်ပေါင်း ၄၀ ကျော် အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်မှာ အထိအခိုက်အကျအဆုံးရှိ နိုင်တယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။

    ဒါ့အပြင် မနေ့ညပိုင်းကလည်း မြို့ထဲ ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

    မုံရွာမှာ ပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း မုံရွာမြို့က ဆည်မြောင်းရုံးမှာစခန်းချတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မှု ဖြစ်ထားပါတယ်။

  6. လမ်းမတော်မှာ ကားတစ်စီးအကြိမ်ကြိမ်ပေါက်ကွဲမှုဖြစ်

    ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်က ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာရှိတဲ့ ရန်ကုန်-ဒလတံတားစီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးမှာ ဒီနေ့ နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းတုန်းက ကားအသေးတစ်စီး ပေါက်ကွဲမီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အဲဒီကားဟာ မနက် ၈ နာရီဝန်းကျင်ကနေစပြီး မိနစ်ပိုင်းအတွင်း ပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ခဲ့ပြီးနောက် မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် ဗုံးရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ လမ်းမတော်မြို့နယ်ထွေအုပ်ရုံးရဲ့လမ်းတစ်ဖက်ခြမ်းလည်းဖြစ်ပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တစ်ချို့က အနီးနားက လမ်းတွေထဲ စစ်ဆေးမှုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

  7. မောင်းတောမှာ အာဆာအဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ စစ်ကောင်စီပြော

    ခရိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မနေ့ နိုဝင်ဘာလ ၉ ရက် မနက်ပိုင်းက အာဆာ(ARSA)အဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောလာပါတယ်။

    မနေ့မနက်ပိုင်းက ဖြစ်ပွားတဲ့အဲဒီထိတွေ့တိုက်ပွဲဟာ စစ်တပ်နဲ့ ရက္ခိုင့်တပ်(AA)တို့ကြားဖြစ်တဲ့တိုက်ပွဲလို့ ဒေသတွင်းသတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့အပြီးမှာ စစ်ကောင်စီဘက်က အခုလို သတင်းထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။

    မောင်းတောမြို့နယ်၊ ခမောင်းဆိပ်အရှေ့တောင်ဘက်မှာ မနေ့ မနက် ၁၁ နာရီအချိန်မှာ အာဆာအင်အား ၃၀ လောက်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။

    အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

    “တိုက်ပွဲက မနေ့က မနက် ၁၁ ကျော်လောက်ဖြစ်တာ။ လက်နက်ကြီးသံနှစ်ချက် သုံးချက်လောက်ကြားတယ်။ တောထဲမှာဖြစ်တာဆိုတော့ အသေးစိတ်တော့မသိရသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိပါတယ်။ တိုက်ပွဲက မဖြစ်တာ တစ်နှစ်လောက်ရှိပြီလေ။ ဒီနေရာမှာက ၂၀၁၇ တည်းက တိုက်ပွဲတွေဖြစ်ခဲ့တာဆိုတော့ ခုလို ပြန်ဖြစ်လာတော့ ဒေသခံတွေမှာ တော်တော်လေးစိုးရိမ်ပါတယ်။ ခုဆို တောထဲတောင်ထဲ ဟင်းစားရှာဖို့တောင်မသွားရဲမလာရဲတော့ဘူး” လို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ရေနောက်ငါးသားကျေးရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ရခိုင်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာ နိုဝင်ဘာ ၁၁ ရက်မှာ တပ်နဲ့အေအေ စာချုပ်စာတမ်းနဲ့မဟုတ်ပေမယ့် အလွတ်သဘော နှစ်ဖက်တွေ့ဆုံမှုတွေရှိခဲ့တဲ့နောက် အပစ်အခတ်ရပ်စဲခဲ့ကြတာဖြစ်ပြီး သေနတ်သံတွေ တိတ်သွားခဲ့ပါတယ်။

    ဒီကြားထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲလုံးဝမရှိခဲ့တာ တစ်နှစ်ပြည့်ဖို့ နှစ်ရက်အလိုမှာပဲခုလို မောင်တောမြောက်ပိုင်းမှာ တပ်နဲ့ အာဆာကြားထိတွေ့တိုက်ပွဲပေါ်ပေါက်လာတာဖြစ်ပါတယ်။

  8. မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထန်တလန်မှာ နေအိမ်တချို့မီးထပ်လောင်

    လူနေအိမ် ၂၀၀ ဝန်းကျင်လောက်မီးလောင်ပျက်စီးခဲ့ပြီး မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ မနေ့ နိုဝင်ဘာ ၉ ရက်နေ့ညပိုင်းက နေအိမ်တချို့မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ထန်တလန်မြို့ စိုက်ပျိုးရေးရပ်ကွက်နဲ့ လုံတီာလ်ရပ်ကွက်ကြားက မူလတန်းကျောင်းအနီးမှာရှိတဲ့နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ပြီး မနေ့ညပိုင်းကသိရတဲ့စာရင်းအရနေအိမ် ၄ လုံးထက် မနည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

    ဒီမီးလောင်မှုနဲ့ပတ်သက်လို့ ထန်တလန်ဒေသကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူတွေကတော့စစ်ကောင်စီဘက်က မီးရှို့ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

    “၉နာရီဝန်းကျင်မှာစလောင်တယ်၊ တပ်ကုန်းအောက်နားမှာ။ အခုလောင်တဲ့နေရာကအရင်လောင်တဲ့နေရာနဲ့ တရပ်ကွက်ကျော်တယ်။ အဝေးကဆိုတော့ ဘာမှမသိရသေးဘူး။မြို့ထဲမှာလူတစ်ယောက်မှမရှိဘူးဆိုတော့ မနက်ကျမှ ဒရုန်းနဲ့ကြည့်ဖို့အစီအစဉ်ရှိတယ်။စစ်ကောင်စီဘက်က PDF တွေ ပုန်းအောင်းနေတယ်လို့ထင်ပြီးမီးရှို့တယ်လို့ယူဆပါတယ်" လို့ ထန်တလန်ဒေသကာကွယ်ရေးတပ်ဘက်က ဘီဘီစီကိုပြောပါတယ်။

    ထန်တလန်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး လူနေအိမ်နဲ့ဘုရားကျောင်းတွေမီးလောင်ပျက်စီးခဲ့ပြီး သင်းအုပ်ဆရာတစ်ဦးလည်းသေဆုံးခဲ့တာကြောင့် ဒေသခံအားလုံးနီးပါး မြို့ကနေထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    အဲ့ဒီနောက် အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း လူနေအိမ်တွေထပ်မံမီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင် မီးလောင်ဆုံးရူံးခဲ့တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကပြောဆိုထုတ်ပြန်ထားပါတယ်။

    အဲ့ဒီမီးလောင်မှုနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကတော့ ဒေသကာကွယ်ရေးတပ်တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။

    ဒေသခံတွေနဲ့ချင်းလူမှုအဖွဲ့အစည်းတွေကတော့မီးလောင်နေတဲ့အချိန်မှာ ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်သားတွေရှိနေတဲ့ဗီဒီယိုမှတ်တမ်းတွေကို ဒရုန်းနဲ့ရိုက်ယူထားပြီး စစ်ကောင်စီဘက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့တုံ့ပြန်ထားပါတယ်။

    မနေ့နိုဝင်ဘာ ၉ ရက်နေ့ညပိုင်းက ထန်တလန်မြို့တွင်းလူနေအိမ်တွေမီးထပ်လောင်ခဲ့တာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  9. ကယား(ကရင်နီ)ပြည်နယ်မှာ နေရပ်စွန့်ခွါနေရတဲ့ စစ်ရှောင် ၁ သိန်းခွဲကျော်အထိရှိလာ

    ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲကြောင့် မြို့နယ် ၈ ခုကနေ နေရပ်စွန့်ခွါနေရသူ စစ်ဘေးရှောင် ၁ သိန်းခွဲကျော်အထိရှိလာတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်က ပြောပါတယ်။

    အဲဒီစစ်ရှောင် ၁ သိန်းခွဲကျော်ထဲမှာ အောက်တိုဘာလ ၂၅ ရက်ကနေ နိုဝင်ဘာလ ၇ အတွင်း ဖယ်ခုံမြို့နယ်ထဲကနေ စစ်ရှောင်တဲ့ ပြည်သူ ၁ သောင်းနီးပါးပါဝင်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းနဲ့ကယား(ကရင်နီ)နယ်စပ် ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါးဖြစ်နေခဲ့ပြီး စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် အရပ်သားတွေ ၁ သောင်းနီးပါး ထပ်မံ ထွက်ပြေးတိမ်ရှောင်နေရတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီက ရွှေပြည်အေးရွာသား ၁၉ ဦးကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေဟာ အခုအထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ ကရင်နီလူမှုကွန်ယက်က ပြောထားပါတယ်။

  10. မြန်မာဆိုင်ရာ အာဆီယံ အထူးသံ ဖြစ်လာနိုင်သူတစ်ယောက်ရဲ့ သဘောထား

  11. တယ်လီနောကို လက်ဘနွန်ကုမ္ပဏီထံ ရောင်းဖို့ကိစ္စ စစ်ကောင်စီကြောင့် နှောင့်နှေးနေရတယ်လို့ဆို

    တယ်လီနော မြန်မာ ဆက်သွယ်ရေး လုပ်ငန်းတွေကို M1 လက်ဘနွန်ကုမ္ပဏီထံ ရောင်းချဖို့ ကိစ္စဟာ အာဏာသိမ်း စစ်ကောင်စီကြောင့် ရှေ့ဆက်မတိုးနိုင်ပဲ နှောင့်နှေးနေရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

    တယ်လီနော လုပ်ငန်းတွေထဲမှာ မြန်မာကုမ္ပဏီတစ်ခုခုကို အနည်းဆုံး တချို့တဝက်လောက်တော့ ရှယ်ယာပါစေချင်တယ်လို့ စစ်ကောင်စီက အရိပ်အမြွက် ပြောခဲ့တယ်လို့ ဆိုပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့အပြီး အခြေအနေတွေ ကသောင်းကနင်း ဖြစ်သွားခဲ့ရတဲ့ မြန်မာနိုင်ငံထဲကနေ ထွက်ခွာဖို့အတွက် Telenor Myanmar ကုမ္ပဏီက သူတို့ရဲ့ လုပ်ငန်းတွေကို M1 ကုမ္ပဏီကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချတော့မယ်လို့ ဇူလိုင်လတုန်းက ထုတ်ဖော်ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမဲ့လည်း မျက်ခြေမပြတ် စောင့်ကြည့်တဲ့ နည်းပညာတွေ တပ်ဆင်ပေးဖို့ ဆက်သွယ်ရေးနဲ့ အင်တာနက် ကုမ္ပဏီတွေကို စစ်ကောင်စီက ဖိအားတွေ ပေးခဲ့ပြီး ကုမ္ပဏီထိပ်ပိုင်း အမှုဆောင်အရာရှိတွေကို မြန်မာနိုင်ငံထဲကနေ ထွက်ခွာခွင့် တားမြစ်ခဲ့တာကြောင့် တယ်လီနောကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံထဲက လုပ်ငန်းတွေ ရုပ်သိမ်းဖို့ အခက်ကြုံနေရပါတယ်။

    လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီရဲ့ မိသားစုပိုင် M1 ကုမ္ပဏီဟာ မြန်မာ့ ရေနံနဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီနဲ့ လည်းဖက်စပ်လုပ်ကိုင်ဖို့ ဆွေးနွေး ပြောဆိုနေတယ်လို့ ဆိုပါတယ်။

    တယ်လီနောကုမ္ပဏီရဲ့ လုပ်ငန်းတွေကို M1 ကုမ္ပဏီထံ ရောင်းချခွင့်ပြုဖို့ ပန်ကြားထားချက်ကို မြန်မာအာဏာပိုင်တွေဘက်က တရားဝင် တုံ့့ပြန်ပေးဖို့ စောင့်ဆိုင်းနေတယ်လို့ တယ်လီနောကုမ္ပဏီက ရိုက်တာစ်သတင်းဌာနထံ ပေးပို့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ လည်ပတ် လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခု ရှိပြီး အဲဒါတွေကတော့ တယ်လီနော၊ ကာတာပိုင် အူရီဒူး၊ မြန်မာအစိုးရပိုင် MPT နဲ့ စစ်အုပ်စုရဲ့ ဦးပိုင်ကုမ္ပဏီက ဖက်စပ် ပိုင်ဆိုင်တဲ့ Mytel ကုမ္ပဏီတို့ ဖြစ်ပါတယ်။

  12. မင်းတပ် နဲ့ မတူပီ အကြားတိုက်ပွဲတွေ ဆက်ဖြစ်

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့-မတူပီ အကြား လမ်းမပေါ်ကမိုင်တိုင် ၁၇ မိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    နိုဝင်ဘာလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ရောက်လာခဲ့ပြီး ၂၃ မိုင်က ကျေးရွာကို အိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    မင်းတပ်ဘက်က စစ်ကောင်စီတပ်သား ၈၀ခန့် ဒီကနေ့ တိုက်ပွဲဖြစ်တဲ့နေရာကို ရောက်လာပြီး တိုက်ပွဲဖြစ်ပွားမှု အခြေအနေပြင်းထန်ကြောင်း ထိခိုက်ဒဏ်ရာရသူ အရေအတွက် မသိရသေးကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    မတူပီက မင်းတပ်ကို တက်လာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေကြပြီး မိုင်တိုင် ၅၀ ကနေ ၁၇ မိုင်ကြားတောက်လျှောက် တိုက်ပွဲတွေဖြစ်နေတာ တစ်ပတ်ခန့်ရှိပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

    အခုတိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ် မတူပီကြားက ရွာ ၅ ရွာကတော့ နေထိုင်တဲ့ သူ မရှိကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  13. မကွေးတိုင်းက NLD ကိုယ်စားလှယ်တွေရဲ့ အိမ်အချို့ ချိပ်ပိတ်ခံရ

    အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်တွေကို အာဏာသိမ်း စစ်ကောင်စီက ချိပ်ပိတ်မှုတွေ ဆက်လုပ်နေရာမှာ နိုဝင်ဘာ ၉ ရက်နေ့ အင်္ဂါနေ့က မကွေးတိုင်း အတွင်းက NLD ကိုယ်စားလှယ် သုံးယောက်ရဲ့ နေအိမ်တွေကို ချိပ်ပိတ်လိုက်ပါတယ်။

    ပွင့်ဖြူမြို့နယ် မဲဇလီ ကျေးရွာမှာ အိမ်ဆိုင်ဖွင့်ထားခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်သားတွေ၊ ရဲတွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က လာရောက် ချိပ်ပိတ်သွားတယ်လို့ ကာယကံရှင်က ဘီဘီစီကို ပြောပါတယ်။

    အလားတူပဲ မကွေးတိုင်း မင်းလှမြို့က တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဒေါက်တာ ရဲထွန်းဇော်နဲ့ မကွေးမြို့က ဒေါ်ခင်ချိုလတ် တို့ရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်ခံရတယ်လို့ ဦးထွန်းထွန်းက ပြောပါတယ်။

    အခု လတ်တလောမှာ မြို့နယ် အလုပ်အမှုဆောင်၊ တိုင်းအလုပ်အမှုဆောင် ကနေ ဗဟို အလုပ်အမှုဆောင်တွေ အပြင် ရိုးရိုး NLD ပါတီဝင်တွေက အစ လွတ်လွတ်လပ်လပ် နေနိုင်တဲ့ အနေအထား မရှိကြဘဲ လုံခြုံမှုက စိတ်မချရတဲ့အတွက် ကိုယ့်အိမ်တွေမှာကိုယ် မနေရဲလို့ ထွက်ပြေး တိမ်းရှောင် နေကြရ ရတယ်လို့ သူက ဆိုပါတယ်။

    ပုဒ်မ ၅၀၅ အဖွင့်ခံထားကြရပြီး တိမ်းရှောင်နေကြရတဲ့ သူတွေကို PDF ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်တယ်၊ ဆက်စပ်တယ် ဆိုပြီး တကယ်ဆက်သွယ် ပတ်သက်သူဖြစ်စေ မပတ်သက်သူဖြစ်စေ ချိပ်ပိတ် တာတွေ လုပ်နေ တာလို့လည်း ဦးထွန်းထွန်းက ပြောပါတယ်။

    ဒီလုပ်ရပ်ဟာ ပြည်သူတဦးတယောက်ရဲ့ ပိုင်ဆိုင်မှုကို အတင်းအဓမ္မ မတရားသိမ်းယူမှုပဲ လို့ သူက ပြောပါတယ်။

  14. ဝေဇယန္တာလမ်း ဂန္ဓမာ ကုန်တိုက်အနီး ပေါက်ကွဲမှုဖြစ်

    ရန်ကုန်တိုင်းမြောက်ဥက္ကလာပနဲ့ တောင်ဥက္ကလာမြို့နယ်ကို အဓိက ဆက်သွယ်ထားတဲ့ ဝေဇယန္တာလမ်းမကြီးပေါ်မှာ ဒီကနေ့ ညနေပိုင်းက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့ပြီး ဝေဇယန္တာလမ်းပေါ်မှာ ကားတွေပိတ်နေတယ်လို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာ အနီးရှိနေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ပိုင်လို့ လူသိများတဲ့ ဂန္ဓမာ ကုန်တိုက်အလွန်က တပ်ရင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ပြောပြီး ‌ဝေဇယန္တာလမ်းတောက်လျှောက်လမ်းတွေ အပါအဝင် ပါရမီးပွိုင့်အထိပါ ဒီကနေ့ ညနေပိုင်း ကားတွေပိတ်နေတယ်လို့လည်း သိရပါတယ်။

    ပေါက်ကွဲမှုဟာ နှစ်ခါကြားရတာဖြစ်ပြီး ဝေဇယန္တာနဲ့ ဂန္ဓာမာလမ်းထောင့်က ယာဥ်ထိန်းရုံး ဗုံးနဲ့ အပစ် ခံရတာလို့ ပြောသလို အုတ်ပုံဆိပ် ၄၃၅/ ၄၃၆ စစ်ကောင်စီ တပ်ရင်းကို ဗုံးခွဲတိုက်ခံရတာလို့လည်း ဒေသခံတွေကပြောကြပါတယ်။

    ပေါက်ကွဲမှုဖြစ်အပြီး ဝေဇယန္တာလမ်းအနီးက လမ်းတွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ပြီးစစ်ဆေးတာတွေလုပ်နေတဲ့ အတွက် ကားလမ်းတွေပိတ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ပေါက်ကွဲမှုအပြီး ကားတစ်စီး မီးလောင်တာကို တွေ့ရကြောင်းနဲ့ဒီတိုက်ခိုက်မှုအပြီး သေဆုံးသူ ထိခိုက်ဒဏ်ရာရသူတွေ နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  15. မြန်မာနဲ့ အိန္ဒိယ နယ်စပ် လက်လုပ်ဗုံးနဲ့ ဖောက်ခွဲပစ္စည်းအများအပြား သိမ်းဆည်းမိ

    မြန်မာနဲ့ အိန္ဒိယ နယ်စပ် မိုရေးမြို့မှာ လက်လုပ်ဗုံးနဲ့ ဖောက်ခွဲပစ္စည်းအများအပြား သိမ်းဆည်းမိ မြန်မာနိုင်ငံနဲ့ ကပ်ရက် အိန္ဒိယနိုင်ငံနယ်စပ် မဏိပူရပြည်နယ် မိုရေးမှာ IED လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲပစ္စည်း အမြောက်အများ သိမ်းဆည်းမိခဲ့ပါတယ်။

    IED လက်လုပ်ဗုံးတွေနဲ့ တခြား ဖောက်ခွဲပစ္စည်း ၂၅၀ ကီလိုဂရမ်လောက် ထည့်ထားတဲ့ အိတ် နှစ်လုံးကို မိုရေးနယ်စပ်တလျှောက် ကင်းလှည့်နေတဲ့ အိန္ဒိယ အာသံရိုင်ဖယ် တပ်ဖွဲ့က တနင်္ဂနွေနေ့ညက သိမ်းဆည်းမိခဲ့တာပါ။

    လူငယ် ၄ ဦးလောက်ဟာ နန်းဖာလုံကနေ မိုရေးနယ်စပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ဖို့ ကြိုးစားနေစဉ် လုံခြုံရေးတပ်ဖွဲ့တွေကို တွေ့တဲ့အခါ လက်လုပ်ဗုံးတွေ ပါတဲ့ အိတ်တွေကို ပစ်ချပြီး မြန်မာနိုင်ငံဘက်ခြမ်းထဲ ဝင်ပြေးသွားကြတယ်လို့ အိန္ဒိယရဲအရာရှိ တစ်ဦးက ပြောပါတယ်။

    သိမ်းဆည်းမိတဲ့ IED လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲပစ္စည်းတွေကို အခုအခါ မိုရေး ရဲစခန်းထံ လွှဲပြောင်း ပေးအပ်လိုက်ပြီလို့ သိရတယ်။ ဒီလက်လုပ်ဗုံးတွေဟာ အိန္ဒိယနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် မဏိပူရပြည်နယ် ညီလာခံ ရွေးကောက်ပွဲကို ပျက်လိုပျက်စီး ဖြစ်အောင် ဖောက်ခွဲရာမှာ သုံးဖို့ ဖြစ်နိုင်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။

  16. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို

    ဒီနေရာမှာပြန်လည်ဖတ်ရှုနိုင်ပါတယ်။