ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး
တိုက်ရိုက် ထုတ်လွှင့်ချက်
အေအေက သုံ့ပန်းပြန်လွှတ်ပေးတဲ့ လုပ်ရပ်အပါ် စစ်ကောင်စီ ပြောခွင့်ရ ကြိုဆို
စစ်သားနဲ့ရဲ သုံ့ပန်း ၁၅ ယောက်ကို အေအေက ပြန်လွှတ်ပေးခဲ့တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဆိုပြီး စစ်ကာင်စီ ပြောခွင့်ရက ဆိုပါတယ်။ အေအေတောင်းဆိုသလို အပြန်အလှန်အားဖြင့် အေအေတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမှာလား ဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ရိုက် မဖြေဆိုပါဘူး။
ထာဝရငြိမ်းချမ်းရေး အတွက် ရည်ရွယ်ပြီး အေအေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်သူ အယောက် ၁၄၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သလို၊ ငြိမ်းချမ်းရေး အတွက် သင့်တော်တဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အေအေအဖွဲ့နဲ့ ပတ်သက်ပြီး အကြမ်းဖက်ဥပဒေ၊ လက်နက်ဥပဒေ အပါအဝင် ပုဒ်မအသီးသီးနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ပြီး ထောင်ဒဏ် ကျခံနေရသူတွေ ဆက်ပြီး ရှိနေသေးတယ် ဆိုတဲ့ အချက်ကိုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပေမယ့်၊ လွှတ်ပေးလာဦးမှာလား ဘယ်တော့ ဖြစ်လာနိုင်လဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မပြောပါဘူး။
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်အတွက် အကူအညီ ပေးဖို့ရာ ဂျပန်အစိုးရက သံတမန် အဖြစ် ခန့်အပ်ထားတဲ့ မစ္စတာ ဆာဆာကာဝါရဲ့ နောက်ဆုံးတစ်ခေါက် ရခိုင်ခရီးစဥ် အတွင်း၊ စစ်တွေ သတင်းစာ ရှင်းလင်းပွဲမှာ အေအေဘက်က သုံ့ပန်းလွှတ်လာလိမ့်မယ်လို့ ဆာဆာကာဝါက တင်ကြိုပြောခဲ့ပြီး တကယ်လည်းပဲ ညဦးပိုင်းမှာ အေအေက သုံ့ပန်း ၁၅ ယောက်ကို ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်တွင်း အေအေနဲ့ကြား အပစ်ရပ်သွားအောင် အဓိက ကြားဝင် ညှိနှိုင်းပေးခဲ့သူ အဖြစ် နားလည်ရပြီး၊ ငြိမ်းချမ်းရေး တည်တံ့နိုင်အောင် ဆက်လက် ကူညီမယ်ဆိုပြီး အခု နောက်ဆုံး သူ့ရဲ့ မြန်မာပြည် ခရီးစဥ်ထဲမှာလည်း ထပ်လောင်း ကတိပြုတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မူဆယ်တစ်ဘက် ရွှေလီမှာ ကိုဗစ်ကန့်သတ်ချက် တင်းကျပ်နေမြဲဖြစ်, လူ အစုလိုက်အပြုံလိုက် မကြာခန ကိုဗစ် ရှိမရှိ စစ်ဆေးခံရမယ့် အစီအစဉ်တွေ ထုတ်ပြန်
မူဆယ်နဲ့ကပ်ရက် တရုတ်နယ်စပ်ကုန်သွယ်မြို့ ဖြစ်တဲ့ ရွှေလီမှာ အစုလိုက်အပြုံလိုက် ကိုဗစ်ပိုး ရှိမရှိ စစ်တာတွေ နေ့အလိုက်၊ သီတင်းပတ်လိုက် အမြဲ ပြုလုပ်သွားမယ့် အစီအစဥ်တွေ ရှိနေတယ်လို့ ယူနန်ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလို စစ်ဆေးတဲ့နည်းဟာ ကပ်ရောဂါ ထိန်းချုပ်ကိုင်တွယ်ရေးမှာ အထိရောက်ဆုံးဖြစ်ပြီး လိုအပ်လာရင် မြို့လူထု အားလုံးကို တစ်ရက်တည်းနဲ့ အပြီး စစ်နိုင်စွမ်း သူတို့ဆီမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ကွာရန်တင်းစင်တာတွေမှာ ရှိတဲ့ ဝန်ထမ်းအားလုံးကို ပိုးရှိမရှိ ၃ ရက်တစ်ကြိမ် အမြဲ စစ်သွားမှာ ဖြစ်သလို၊ စျေးဝန်ထမ်းတွေ ဆိုရင် အပတ်စဥ်နဲ့ နိုင်ငံခြားသားတွေ အပါအဝင် ရောဂါကူးနေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ယူဆရသူတွေ အားလုံးကို နှစ်ပတ်တစ်ခါ စစ်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ရွှေလီမှာ နောက်ဆုံးရထားတဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်ရှိကြောင်း တွေ့ထားရတဲ့သူ ၄၉ ယောက် ရှိနေပြီး၊ အဲဒီထဲမှာ ရောဂါလက္ခဏာ ပြသူရော၊ မပြသူပါ ပါဝင်ပါတယ်။
ရွှေလီမှာ ကိုဗစ်ကူးစက်မှု အောက်တိုဘာလထဲ နောက်တစ်ချီ ထပ်ပြီး ပေါ်ပေါက် လာခဲ့တဲ့ အတွက် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့နေဆဲ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းကဆိုရင် ရွှေလီတစ်မြို့လုံးကို အဝင်အထွက် မရှိစေရ လော့ခ်ဒေါင်းချတာ အခုအချိန်ထိအောင်ဆိုရင် ၄ ခါ ရှိနေပြီ ဖြစ်ပြီး၊ စုစုပေါင်း လိုက်ရင် မြို့ကို ပိတ်ထားတာ ၇ လ တာမျှ ကြာမြင့်ပါတယ်။
မြန်မာ စစ်ကောင်စီဘက်ကတော့ တရုတ်နဲ့ နယ်စပ် မူဆယ်နဲ့ ထိုင်းနိုင်ငံနဲ့နယ်စပ် တာချီလိတ်၊ ကော့သောင်းနဲ့ ထီးခီး တို့ဖွင့်သွားမယ်ဆိုပြီး ပြောဆိုတာမျို့ အခုရက်ပိုင်းထဲမှာ ရှိနေပါတယ်။
ဒလမြို့မှာလည်း စစ်ကောင်စီဒေသန္တရအုပ်ချုပ်ရေးပိုင်းက ဆိုင်ကယ်စီးနင်းမှုကန့်သတ်ချက်တွေကို ကြေညာနေ
ရန်ကုန်မြို့တစ်ဖက်ကမ်းက ဆင်ခြေဖုံးမြို့နယ်တစ်ခုဖြစ်တဲ့ ဒလမြို့ထဲမှာလည်း စစ်ကောင်စီရဲ့ဒေသန္တရအုပ်ချုပ်ရေးပိုင်းက ဆိုင်ကယ်မောင်းနှင်စီးနင်းမှုကန့်သတ်ချက်တွေအကြောင်း ကြေညာနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဆိုင်ကယ်မောင်းနှင်စီးနင်းတဲ့ကန့်သတ်ချက်တွေထဲမှာ အမျိုးသားတစ်ဦးထဲမောင်းနှင်ခွင့်ရှိပြီး အမျိုးသားနှစ်ဦးတွဲမစီးဖို့၊ အမျိုးသမီး မောင်းနှင်တဲ့ဆိုင်ကယ်နောက်ခုံမှာ အမျိုးသားလိုက်မစီးဖို့၊ အမျိုးသမီးတွေစီးနင်းနိုင်ပြီး၊ အမျိုးသားတစ်ဦးနောက်မှာ အမျိုးသမီးလိုက်ပါစီးနင်းနိုင်တယ်လို့ အခုရက်ပိုင်းအတွင်း ဆော်သြကြေညာနေတာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အတွင်းကို အသိပညာပေးအဖြစ်သတ်မှတ်ထားပြီး ပညာပေးကာလကျော်တဲ့ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ဖမ်းဆီးဆောင်ရွက်တာတွေလုပ်မယ်လို့ဆိုပါတယ်။
ကန့်သတ်ချက်ကို မလိုက်နာရင် နိုဝင်ဘာလ ၂၀ ရက်က စလို့ အစစ်အဆေးအမေးအမြန်းမရှိ ပစ်ခတ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဒေသန္တအုပ်ချုပ်ရေးပိုင်းနဲ့သက်ဆိုင်တဲ့နေရာတွေကို ဆိုင်ကယ်တွေနဲ့လာရောက်တိုက်ခိုက်မှုတွေဖြစ်လာခဲ့အပြီးမှာ အခုလိုကန့်သတ်တားမြစ်ကြေညာတာတွေပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။
ဒလမြို့အပါအဝင် ဆင်ခြေဖုံးအရပ်တွေမှာနေထိုင်တဲ့ဆိုင်ကယ်အငှားမောင်းနှင်သူတွေကတော့ ဒီကြေညာချက်ကြောင့် ဝင်ငွေထိခိုက်ပြီး စားဝတ်နေရေးပိုကျပ်တည်းလာမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။
မိုးဗြဲမီးသတ်စခန်းမှာ တိုက်ပွဲဖြစ်တယ်လို့ PKPF ပြော
ကယား(ကရင်နီ)ပြည်နယ်ထဲက မိုးဗြဲမြို့မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF) ကင်းပုန်းချထားတဲ့မီးသတ်စခန်းကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်လာပါတယ်။
မိုးဗြဲမီးသတ်စခန်းထဲက PDF ကင်းပုန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ နိုဝင်ဘာလ ၁၇ ရက် မနက် ၂ နာရီခွဲအချိန်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုမှာ မိုးဗြဲ PDF ဘက်က ၂ ဦးဒဏ်ရာရရှိတယ်လို့ သိရပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးဘူးလို့လည်း ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကယား(ကရင်နီ) ပြည်နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ၁၀၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၁၁၈ ဦး၊ KA နဲ့ KNDF/PDF ဘက်က သေဆုံးသူ ၃၂ ဦးအထိရှိတယ်လို့ PKPF က သတင်းထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရရှိနိုင်ဖို့ ဘီဘီစီက စစ်ကောင်စီရဲ့သတင်း ထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ထိုင်းနဲ့ တရုတ်နယ်စပ်တွေကို လာမယ့်လမှာ ဖွင့်မယ်လို့ စစ်ကောင်စီပြော
ပြည်တွင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှုန်း တိုးတက်လာနေတာကြောင့် လာမယ့်လမှာ ထိုင်းနဲ့တရုတ်နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
နယ်စပ်တွေပြန်ဖွင့်မယ့် ရက်အတိအကျ ထုတ်ပြန်တာမျိုးမလုပ်ထားပေမဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ရွှေလီမြို့နဲ့ဆက်နေတဲ့နယ်စပ်မြို့မူဆယ်နဲ့ ထိုင်းနိုင်ငံနဲ့နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်းနဲ့ ထီးခီး တို့ဖွင့်သွားမှာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ တရုတ်နိုင်ငံအပြင် တခြားအလှူရှင်တွေဆီကနေ ကာကွယ်ဆေးတွေ ဆက်လက်ရရှိနေတာကြောင့် ကိုဗစ်-၁၉ ရောဂါဟာ ပြဿနာတစ်ရပ်မဟုတ်တော့ဘူးဆိုပြီး စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောထားတယ်လို့ စင်ကာပူ သတင်းဌာန Strait Times ကသတင်းဖော်ပြပါတယ်။
ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်မွှေနေတာ ၃ ရက်ရှိပြီလို့ ဒေသခံတွေပြော
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ရှာဖွေ ပစ်ခတ်မှုတွေပြုလုပ်နေတာ ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်အထိ ဆိုရင် ၃ ရက်ဆက်တိုက်ရှိနေပြီဆိုပြီး ဒေသခံတွေက ပြောလာပါတယ်။
မင်းရွာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ နီးပါးက ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို နိုဝင်ဘာ လ ၁၅ ရက်နေ့ကတည်းက ဝင်ရောက်နေတာဖြစ်ပြီး ပစ်ခတ်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လှေခုတ်၊ နွယ်နီ၊ နေရင်း၊ ကျွန်းညိုကျေးရွာတွေကို ဝင်ရောက်နေပြီး လှေခုတ်ရွာက ဒေသခံ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ဟာ ညောင်ပင်ရွာကို ဒီနေ့မနက်မှာ ဝင်ရောက်သွားခဲ့အပြီးမှာ ရွာထဲ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် ရေလယ်ကျွန်းကျေးရွာတွေက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေလယ်ကျွန်း ကျေးရွာဒေသခံတွေက ပြောပါတယ်။
၆ လအတွင်း သံဃာ ၁၂ ပါး သတ်ဖြတ်ခံရတယ်လို့ စစ်ကောင်စီပြော
အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မေလ ၅ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ သတ်ဖြတ်ခံရတဲ့သံဃာ ၁၂ ပါး အထိ ရှိလာတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
သတ်ဖြတ်ခံရတဲ့သံဃာအများစုဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့က သံဃာ ၃ ပါးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလို သတ်ဖြတ်ခံရတဲ့သံဃာအများစုဟာ စစ်ကောင်စီသတင်းပေး ဒလန်အဖြစ် စွပ်စွဲခံရသူတွေနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီသံဃာတွေထဲမှာ နောက်ဆုံးသတ်ဖြတ်ခံရသူဟာ မုံရွာမြို့ပေါ်က ဦးပဉ္ဇင်းဒိန်းဒေါင်ဆိုသူဖြစ်ပြီး အကြောင်းမဲ့ သတ်ဖြတ်ခံရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာဖြစ်ပေမဲ့ သတ်ဖြတ်ခံရတဲ့ဦးပဉ္ဇင်းဟာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူဖြစ်တယ်ဆိုပြီး မုံရွာဒေသတွင်းသတင်းတွေမှာဖော်ပြထားတာတွေ့ရပါတယ်။
ကလေးမြို့နယ်ထဲ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ မနေ့ တနေ့လုံးနီးပါးတိုက်ပွဲဖြစ်, PDF ကလေး စခန်းတစ်ခုကို စစ်ကောင်စီစီးနင်း
စစ်ကိုင်းတိုင်းအစွန် ကလေးမြို့အနောက်ဘက်မှာ CNDF တပ်မဟာနဲ့ PDF ကလေး တို့ စစ်ကောင်စီတပ်တွေနဲ့ မနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ပြောပါတယ်။
စစ်ကောင်စီဘက်က ဆယ်ဂဏန်းချီကျဆုံးကာ ဒဏ်ရာရသူ အများအပြားရှိပေမဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဘက်ကတော့ ဒဏ်ရာရသူ တစ်ဦးသာရှိပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။
ဒါ့ပြင် မနေ့တစ်နေ့တည်းမှာပဲ ကလေးမြို့အနောက်တောင်ပိုင်းက PDF ကလေး တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲတစ်ခုစခန်းကို စစ်ကောင်စီဘက်က ဝင်ရောက်သိမ်းပိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီစီးနင်းတိုက်ခိုက်မှုအတွင်း စခန်းထဲက ကျန်းမာရေးတပ်ဖွဲ့ဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၈ ယောက် အဖမ်းခံခဲ့ရတယ်လို့ PDF ကလေး ကဆိုပေမဲ့ အမျိုးသား ၂ ဦး အသတ်ခံရတဲ့သတင်းကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ပြောပါတယ်။
သမ္မတရှီ-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင် ပါဝင်နိုင်မှာလား
မင်းကင်းမှာ PDF ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်ဒေသ ဘင်အနောက်တော ဘက်မှာ ဒေသခံ ၃ ဦး စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ၁၄ရက်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
’’ သူတို့ပစ်ခံရတဲ့နေ့က ချက်ချင်းမသိကြဘူး။ ညနေဘက်ပျောက်လို့ရှာမှ အလောင်းတွေတွေ့တာ တချို့အလောင်းမှာ နဖူးတောင်မရှိတာပါတယ်။အဲဒီနေ့ကတော့ မိုးချုပ်တော့နောက်နေ့မှ သင်္ဂြိုဟ်တာ လုပ်ကြရတယ်’’ လို့ ဘင်အနောက်တောဒေသခံတစ်ဦးက ပြောပါတယ်။
မနက်ပိုင်းက ကင်းစောင့်ဖို့ထွက်လာတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် လူသေဆုံးတာရှိသလို စစ်ကောင်စီတပ်တွေကအဲဒီရွာတွေဘက်ကို ဝင်ရောက်ပြီး ဒေသကာကွယ်ရေးတပ်တွေရဲ့ အချက်အလက်တွေကို မေးတာနဲ့ ရှာဖွေတာတွေ လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီလို အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူထောင်ချီရှိနေပြီး မိုးရွာနေလို့ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ဆိုပါတယ်။
လက်ရှိမှာ အဲဒီဒေသဘက်ကမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသအခေါ်ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး ကျေးရွာတွေမှာ စစ်မေးတာတွေ ပစ်ခတ်တာတွေလုပ်တယ်လို့ဆိုပါတယ်။
’’ ရဟတ်ယာဉ်တွေကနေ့တိုင်းပျံနေတာ၊ပြီးရင် စစ်ဆေးတယ်။ပစ်တယ်။နောက်ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေကဖြတ်ခံနေရတာဆိုတော့ ဒီဘက်မှာအေးချမ်းနေတယ်ထင်ကြတာ။တကယ်က နေ့တိုင်းပစ်ခတ်မှုတွေရှိနေတယ်။ တောထဲပြေးတဲ့သူတွေကလည်း ပြေးလိုက် ပြန်ဝင်လိုက်နေကြရတယ်။အခုဆောင်းတွင်းတောင် မိုးရွာတော့ နေရတာ အတော်ခက်နေကြတယ်’’ လို့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။
မင်းကင်းနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေယာဉ်တွေနဲ့ လှုပ်ရှားသွားလာနေကြပြီး မင်းကင်းအထက် ကလေးဝဘက်ကို စစ်ကောင်စီ ရေယာဥ်တွေ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာ နမခက စျေးဝယ်လာတဲ့ အရာခံဗိုလ်တစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးမှာ နမခတပ်အတွင်း စတုဒီသာကျွေးမွေးဖို့ ဈေးထွက်ဝယ်လာတဲ့ မုံရွာ နမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဒုအရာခံဗိုလ်တစ်ဦးကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ SRAF-MWA က သတင်းထုတ်ပြန်ပါတယ်။
မုံရွာမှာ မနေ့ကလည်း ကညန ရုံးကို ဗုံးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တာရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းက လျှပ်စစ်ရုံးကိုလည်း ပစ်ခတ်တိုက်ခိုက်ခံရတာရှိပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေအပြီးမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာရှိပေမယ့် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့မရှိပါဘူး။
နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် နမခတပ်အတွင်းမှာ စတုဒီသာကျွေးမွေးဖို့အတွက် ဒုအရာခံဗိုလ်၂ဦး မုံရွာမြို့ မြသလ္လာဈေးသို့ ဈေးထွက်ဝယ်နေစဉ် အရာခံဗိုလ်တစ်ဦးက သေနတ်နဲ့ ခေါင်းကို အပစ်ခံခဲ့ရပြီး နေရာမှာတွင် သေဆုံးသွားတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
မုံရွာက ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဒေသခံတွေကို ကျန်းမာရေးကိစ္စကလွဲပြီး အိမ်စီးကားအသုံးမပြုဖို့ ဒီကနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။
ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်လို့ဒေသခံတွေတိမ်းရှောင်
မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ၊ရေလယ်ကျွန်းဒေသက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲတာနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ နိုဝင်ဘာလ (၁၆)ရက် ဒီကနေ့မှာတော့ မင်းရွာတွင် အထိုင်ချကာ အနီးနားရှိ ဆည်သည့်မြင်ကျေးရွာ၊ နေရင်းကျေးရွာ၊ မြေစွန်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ခြောက်လှန့်သလို ပစ်ခတ်ပြီး ရွာတွေထဲဝင်ရောက်ရှာဖွေတာဖျက်ဆီးတာတွေလုပ်တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ(၁၅)ရက်နေ့ မနက် ၅နာရီဝန်းကျင်က အင်အား ၈၀ ဝန်းကျင်ခန့်နဲ့ စတင်ဝင်ရောက်ခဲ့ကြပြီး ငတရော် ကျေးရွာနဲ့ မင်းရွာ ကျေးရွာတွေမှာ တပ်စွဲကာ အနီးနားဝန်းကျင် ကျေးရွာတွေကို သေနတ်တွေနဲ့ပစ်ခတ်တာတွေလုပ်တယ်လို့ဆိုပါတယ်။ ကျွန်းအရှေ့ဘက် ပတ္တာဆိပ်ကမ်းတပတ္တာဆိပ်ကမ်းမှာလည်း တပ်စွဲထားသလို ပစ်ခတ်မှုတွေ ရှာဖွေစစ်ဆေးမှုတွေကြောင့် ဒေသခံရာချီတောထဲကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။
ပုသိမ် ချောင်းသာလမ်း ပစ်ခတ်မှုအပြီး စစ်ကောင်စီက ဆက်လက်စစ်မေးတာတွေရှိနေ
ပုသိမ် ချောင်းသာ လမ်းပေါ်က တောင်သာယာကုန်းအကွေ့မှာ မနေ့က စစ်ကောင်စီရဲ့ ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ယာဥ်တန်းမိုင်းခွဲပြီး ပစ်ခတ်တိုက်ခံရပြီးနောက် အနီးတစ်ဝိုက်က ကျေးရွာတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ချောင်းသာ ကမ်းခြေဖွင့်ပွဲက ပြန်လာတဲ့ ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ယာဥ်တန်းဟာ ပုသိမ်မြို့နဲ့ ၁၅ မိုင်လောင်ဝေးတဲ့ ရှောပြာရွာအနီး တိုက်ခိုက်ခံရတာဖြစ်ပြီးတော့ ကားတွေဟာ မှန်တွေကွဲပြီးထိခိုက်မှု အချို့ရှိခဲ့တယ်လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီယာဉ်တန်းက ကား ၇ စီးဟာ မီးခိုးတွေထွက်နေခဲ့ပြီး ပုသိမ်ဘက်ကို အတင်း ပြန်မောင်းပြီးပြန်ဝင်လာခဲ့တာကိုတွေ့ရကြောင်းလည်း ပုသိမ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဝန်ကြီးယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက်မှာတော့ ပုသိမ်က စစ်ကြောင်းတစ်ကြောင်း နာရီပိုင်းအတွင်းရောက်လာပြီး အနီးတစ်ဝိုက်ကို လာရောက်ရှာဖွေမှုတွေလုပ်ခဲ့ကြောင်း ဒီကနေ့မှာ အဲ့ဒီစစ်ကြောင်းပြန်သွားပြီလို့ လည်းဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုအပြီး ၁၀ ဦးဖမ်းဆီးထားပြီးတော့ ဆက်လက်စစ်မေးမှုတွေ ရှိနေလို့ ဒေသခံတွေက စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။
ဒေသခံ PDF ဘက်က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ရေဦးအနောက်ရွာတွေက ဒေသခံတွေထွက်ပြေးနေရ
ကိုဗစ်ကာလမှာမဲဆွယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့စွဲဆိုခံထားရတဲ့သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေထွက်ဆို, ရွေးကောက်ပွဲကော်မရှင်အသစ်က စွဲဆိုထားတယ်ဆိုတဲ့အမှုအတွက် တရားဝင်အကြောင်းကြားတာမရှိဘူးလို့ဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အင်္ဂါနေ့တိုင်းစစ်ဆေးနေကျဖြစ်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုတွေကို ဒီကနေ့ နိုဝင်ဘာ ၁၆ရက်မှာ နေပြည်တော်အထူးတရားရုံးမှာဆက်လက်စစ်ဆေးခဲ့ပါတယ်။ မဲဆွယ်ကာလမှာ တစ်အိမ်တက်ဆင်း မဲဆွယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စွဲဆိုခံထားရတဲ့ သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။
ဒါဟာ ၂၀၂၀ခုနှစ် မဲဆွယ်ကာလက ရွှေကြာပင် ရပ်ကွက်ထဲ တစ်အိမ်တက်ဆင်း မဲဆွယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေပြည်တော်ဒေသခံ ဦးညီညီဆိုသူကစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ အဲဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်သက်သေအဖြစ်ထွက်ဆိုရာမှာ သူ့အနေနဲ့ ဥပဒေနဲ့အညီသွားရောက်ခဲ့တာဖြစ်သလို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေအတိုင်းလိုက်နာခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
အဲဒီမှာ အပြန်အလှန်စစ်မေးမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထွက်ဆိုခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။ အဲဒီအမှုအတွက်ပဲလာမယ့်နိုဝင်ဘာ ၂၃ရက် မှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က သက်သေအဖြစ်ထွက်ဆိုဖို့ရှိပါတယ်။ ပုဒ်မ ၅၀၅ အတွက်စစ်ဆေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်နဲ့နေပြည်တော်ကောင်စီဝန်ဒေါက်တာမျိုးအောင်တို့ ၃ ဦးလုံး က အပြီးသတ်လျှောက်လဲချက် ကို စာနဲ့ရေးသားတင်ပြခဲ့တယ်လို့တရားရုံးအသိုင်းအဝိုင်းကပြောပါတယ်။
၃ဦးလုံး ရင်ဆိုင်နေရတဲ့ အဲဒီ ပုဒ်မ ၅၀၅ အမှုအတွက် လာမယ့် နိုဝင်ဘာ ၃၀ရက်မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ သိရပါတယ်။ ဒါဟာ သုံးဦးလုံးအပေါ်စွဲဆိုထားတဲ့အမှုတွေထဲ ပထမဆုံးစီရင်ချက်ချခံရမယ့် အမှုလည်းဖြစ်လာမှာပါ။ ပုဒ်မ ၅၀၅(ခ) အတွက် စွဲဆိုမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ၃ဦးလုံးမှာ တာဝန်ရှိတယ်ဆိုပြီး စွဲဆိုခံထားရတာဖြစ်ပါတယ်။
တခါ စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဝင်ဒေါက်တာမျိုးအောင် နဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းအပါအဝင် ၁၆ ဦးကိုတရားစွဲဆိုထားတယ်ဆိုတဲ့သတင်းကိုကြားသိရပြီး သူတို့ဆီကို တရားဝင်အကြောင်းကြားတာ၊နောက် စာပေးပို့အကြောင်းကြားတာမရှိဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် လတ်တလောမှာ အဲဒီအမှုတွေအတွက် ရှေ့နေပါဝါတင်ဖို့အပါအဝင်ဥပဒေကြောင်းအရ တစ်ခြားဆောင်ရွက်ရမှာတွေကို မလုပ်သေးဘူးလို့ တုံ့ပြန်တယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီးပြီလို့ NUCC ပြော
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြန်လည်သုံးသပ်ခဲ့ပြီးပြီးဖြစ်တာကြောင့် မကြာခင်မှာ အသေးစိတ်ထုတ်ပြန်ဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီနေ့ နိုဝင်ဘာလ ၁၆ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်လင်းပွဲမှာ ထုတ်ပြောလာပါတယ်။
နိုင်ငံရေးလိုအပ်ချက်အရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အချိန်တိုအတွင်းမှာ ရေးဆွဲခဲ့တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီကြိုးပမ်းမှုနဲ့ နွေဦးတော်လှန်ရေးအစီအစဉ်တွေပါဝင်ပေမဲ့ ပိုပြီးအစီအစဉ်ကျအောင်နဲ့ ပါဝင်ဆောင်ရွက်မယ့်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍ ပိုပြီးပီပြင်လာအောင် မေလ ၂၄ ရက်နေ့ကစလို့ ပြန်လည်သုံးသပ်ခဲ့တာဖြစ်တယ်လို့ လည်း NUCC က ပြောပါတယ်။
ဒီလိုသုံးသပ်တဲ့အခါမှာလည်း ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကာလကို အခြေခံပြီး သုံးသပ်ပြင်ဆင်ခဲ့တာလို့လည်းဆိုပါတယ်။
ပဋိညာဉ်အစိတ်အပိုင်း ၁ မှာ ပြင်ဆင်သုံးသပ်မှုအချို့လုပ်ထားပေမဲ့ အများကြီးအပြောင်းအလဲရှိမှာမဟုတ်ဘဲ ပဋိညာဉ်အစိတ် အပိုင်း ၂ မှာတော့ ကြားကာလ(စစ်အာဏာရှင်စနစ်ဖယ်ရှားရေးကာလ)ဖွဲ့စည်းပုံဆိုင်ရာအစီအမံဆိုပြီး ကြားကာလမှာ လိုက်နာကျင့်သုံးဖို့ သုံးသပ်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကြားကာလဖွဲ့စည်းပုံဆိုင်ရာအစီအမံကိုမူတည်ပြီး ပြည်သူ့ညီလာခံကို ၆ လ တစ်ကြိမ်ခေါ်ယူသွားဖို့ရှိသလို ပြည်သူ့ညီလာခံကိုလည်း တာဝန်ခံခေါ်ယူမယ်လို့လည်း NUCC က ပြောထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေမူကြမ်းရေးဆွဲဖို့ ရည်ရွယ်တဲ့ NUCC ကို တော်လှန်ရေးအင်အားစုတွေ၊ သပိတ်ကော်မတီတွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ မတ်လ ၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဆိုင်ကယ်မောင်းနှင်စီးနင်းမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးတွေကကန့်သတ်ကြေညာ
ရန်ကုန်အပါအဝင်ဒေသအချို့မှာ ဆိုင်ကယ်မောင်းနှင်စီးနင်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးဌာနတွေက စည်းကမ်းကန့်သတ်ချက်တွေကို အခုရက်ပိုင်းအတွင်း ထုတ်ပြန်ဆော်သြနေတယ်လို့ ပြည်သူတွေကပြောပါတယ်။
ဆိုင်ကယ်မောင်းနှင်စီးနင်းတဲ့ကန့်သတ်ချက်တွေထဲမှာ အမျိုးသားတစ်ဦးထဲမောင်းနှင်ခွင့်ရှိပြီး အမျိုးသားနှစ်ဦးတွဲမစီးဖို့၊ အမျိုးသမီး မောင်းနှင်တဲ့ဆိုင်ကယ်နောက်ခုံမှာ အမျိုးသားတစ်ဦးလိုက်မစီးဖို့၊ အမျိုးသမီးတွေစီးနင်းနိုင်ပြီး၊ အမျိုးသားတစ်ဦးနောက်မှာ အမျိုးသမီးလိုက်ပါစီးနင်းနိုင်တယ်လို့ ဆော်သြကြေညာနေတာပါ။
နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အတွင်းကိုသာ အသိပညာပေးအဖြစ်သတ်မှတ်ထားပြီး ပညာပေးကာလကျော်တဲ့ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ရက်တွေမှာ ဖမ်းဆီးဆောင်ရွက်တာတွေလုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။
ကန့်သတ်ချက်ကို မလိုက်နာရင် နိုဝင်ဘာလ ၂၀ ရက်က စလို့ အစစ်အဆေးအမေးအမြန်းမရှိ ပစ်ခတ်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းထဲက ရွှေပြည်သာ၊ လှိုင်သာယာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်းစတဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အဓိကထားတင်းကျပ်ကန့်သတ်နေပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ အလားတူကန့်သတ်မှုတွေလုပ်လာတာလို့ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးမြို့နယ်တချို့မှာ စစ်ကောင်စီဘက်က လုံခြုံရေးအင်အားတိုးချဲ့တာတွေ၊ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းရုံးစိုက်ရာနေရာတွေမှာ ကင်းပုန်းချတာတွေလုပ်ဆောင်နေသလို တဖက်မှာလည်း ပြောက်ကျားသပိတ်တွေ၊ စစ်ကောင်စီတပ်တွေကို ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူတွေကိုပစ်ခတ်မှုတွေဟာလည်း နေ့စဉ်လိုလိုဖြစ်နေပါတယ်။
စစ်ကောင်စီပြည်ထောင်စုဝန်ကြီးနဲ့ဝန်ကြီးချုပ်ယာဉ်တန်းကို ချောင်းသာလမ်းပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့ပြော, စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကျဆုံးတယ်လို့လည်းဆို
ချောင်းသာကနေ ပြန်လာတဲ့ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးနဲ့ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ရဲ့ ယာဉ်တန်းကို နိုဝင်ဘာလ ၁၅ ရက်ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဒေသခံမဟာမိတ်ညီနောင်လေးဖွဲ့က ကြေညာချက်ထုတ်ပြန်လာပါတယ်။
အဲဒီယာဉ်တန်းကို ချောင်းသာ-ပုသိမ်လမ်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်ခဲ့တယ်လို့ ဒေသခံညီနောင်လေးဖွဲ့က ထုတ်ပြန်တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးတယ်လို့ အဲဒီအဖွဲ့တွေက ပြောပေမဲ့ ဒီဖြစ်စဥ်ကို ဘီဘီစီကမေးမြန်းခွင့်ရတဲ့ ဒေသခံတွေက အတည်မပြုပေးနိုင်သလို ဘီဘီစီအနေနဲ့လည်းသီးခြားအတည်မပြုနိုင်သေးပါဘူး။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ ပုသိမ်မြို့နယ်နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ရှောပြာကျေးရွာအလွန် ခြောက်ကောင်ကျေးရွာ အနီးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ ဟိုတယ်ခရီးပြည်ထောင်စုဝန်ကြီး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရတဲ့အကြောင်း ဒေသခံတွေက အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ပုသိမ်-ချောင်းသာလမ်းကို ပိတ်လိုက်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့ကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကားနဲ့ရဲကား ၃၀ လောက်ဆင်းသွားပြီး ပိတ်ဆို့ စစ်ဆေးတာတွေရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတရာသတင်း မထုတ်ပြန်သေးပါဘူး
ပုလဲနယ်မှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်း မနေ့ နိုဝင်ဘာ (၁၅)ရက် ညနေ (၅)နာရီဝန်းကျင်ခန့်က မိုင်းဆွဲခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်(၄၀)နီးပါးရှိတဲ့ ယာဉ်တန်းကို ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်ရှေ့ လှိုင်းချောင်းလမ်းခွဲမှာ မိုင်းဆွဲခဲ့တာပါ။
အဲ့ဒီနောက် စစ်ကောင်စီဘက်ကနေ ပစ်ခတ်မှုတွေရှိခဲ့ပြီး အနီးနားကဈေးဆိုင်တချို့ မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကားက (၃၇)စီးလောက်ရှိမယ် မိုးကာတွေနဲ့လုံးဝလူမမြင်ရအောင်အလုံပိတ်လာတဲ့ကားတွေလည်း ပါတယ်။ မိုင်းဆွဲခံရပြီးတော့ သူတို့ဘက်က ပစ်တယ်၊ နောက်မီးရှို့တာတချို့ရှိတယ်။ အဲ့အနီးက ရွာသားတချို့လည်း ထွက်ပြေးကြရတယ်။ ညကတော့ အဲ့ဒီစစ်ကောင်စီကားတွေက ပုလဲမြို့ပေါ်စခန်းမှာ စခန်းချနေကြတယ်”လို့ ပုလဲဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
ဒီလို ပုလဲ-ဂန့်ဂေါလမ်းကနေ စစ်ကောင်စီယာဉ်တန်းဆင်းလာတာကြောင့် ပုလဲနယ်တဝိုက်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားပါတယ်။ နိုဝင်ဘာလဆန်းပိုင်းတုန်းကတော့ စစ်ကောင်စီယာဉ်တန်း နွယ်ရှောက်ရွာအနီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ရွာတွေထဲဝင်ရောက် ရှာဖွေခံရတာတွေရှိခဲ့ပါတယ်။