ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တန့်ဆည်မြို့ပေါ်အနီးတဝိုက် ပေါက်ကွဲမှုဖြစ်ပွား, ကျေးရွာတွေဘက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူ‌‌တွေရှိ

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေဘက်မှာ စစ်ကောင်စီဘက်က ဒီနေ့ နို၀င်ဘာ ၂၀ ရက် မနက် အစောပိုင်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပကာရွာအနီးတဝိုက်က ရွာခံတွေ ထွက်ပြေး တိမ်းရှောင်‌ နေရပါတယ်။

    အဲဒီလို ထွက်ပြေးတိမ်းရှောင်တဲ့သူတွေထဲက အနည်းဆုံးလူငယ် (၃)ဦးခန့်ဟာ ကျောလည်၊ ကဘဲရွာတွေဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညနေ (၃)နာရီခွဲလောက်မှာ ကျောလည်၊ ကဘဲရွာအနီးမှာ ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့လည်း သိရပေမယ့် ဘယ်သူတွေက ပစ်ခတ်တယ်၊ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာတော့ အသေးစိတ်ကို တိတိကျကျမသိရသေးပါဘူး။

    “အဲ့ဒီရွာတွေထဲက စစ်ကောင်စီထောက်ခံသူများတယ်၊ လူငယ်တွေကို ဒေသကာကွယ်ရေးဆိုပြီး ဖမ်းထားတယ်လို့ ကြားတာပဲ၊ အဲဒါနဲ့ ဒေသကာကွယ်ရေးဘက်ကလူကယ်လို့ရမလားဆိုပြီး သွားခဲ့သေးတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ကျောလည်ရွာမှာ အင်အားအများကြီးရှိနေတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘူးလို့ သိထားတယ်။”လို့ တန့်ဆည်ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် တန့်ဆည်မြို့ပေါ်မှာလည်း လဝကရုံးအနီးပေါက်ကွဲမှုတချို့ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ကာ ပစ်ခတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ ကာဘိုးရွာဘက်က လာတဲ့ စစ်ကောင်စီယာဉ်ကိုလည်း တန့်ဆည်မြို့နယ်အတွင်းမိုင်းခွဲခဲ့ပြီး သေဆုံးသူတချို့ရှိတယ်လို့ သိရပေမယ့် ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

    လက်ရှိမှာတော့ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီဘက်ကအင်အားတိုးချဲ့ထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေမရှိသေးပါဘူး။

  2. ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန် ထောက်လှမ်းရေး တွေ့ဆုံမှုမှာ မြန်မာ့အရေးဆွေးနွေး

    အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်နဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ မနေ့က တံခါးပိတ် တွေ့ဆုံစည်းဝေးခဲ့ပြီး အဲဒီဆွေးနွေးမှုတွေမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

    ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မနေ့က တွေ့ဆုံဆွေးနွေးမှုမှာ ဒေသတွင်းလုံခြုံရေး၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေနဲ့ ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေပေးရေး ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    မစ္စတာ ကိုဟင်ဟာ ထိုင်းခရီးစဥ်အပြီးမှာ နောက်ထပ် အာဆီယံ နှစ်နိုင်ငံကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

    ထိုင်းလုံခြုံရေးကောင်စီက တာဝန်ရှိသူ တစ်ဦးက ဒီတွေ့ဆုံမှုကို အတည်ပြုပြီး ဒီတွေ့ဆုံမှုမှာ ထိုင်းနဲ့ အာဆီယံနိုင်ငံတွေကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    ဒီခရီးစဥ်ဟာ အမေရိကန် ထောက်လှမ်းရေး အဆင့်မြင့် အရာရှိတစ်ဦးအနေနဲ့ ထိုင်းကို သတင်းအချက်အလက် ဖလှယ်ရေးအတွက် နှစ်စဥ်လာရောက်နေကျ ပုံမှန် ခရီးစဥ် ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

  3. လှိုင်သာယာ၊ သောင်ကြီးရဲစခန်းမှာ ပေါက်ကွဲမှုရှိခဲ့ပြီး လူသေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ကြေညာ, စစ်ကောင်စီဘက်ကတော့ လက်လုပ်အသံဗုံးသာဖြစ်တယ်လို့ ထုတ်ပြန်

    ဒီကနေ့ နိုဝင်ဘာ (၂၀)ရက် မနက်အစောပိုင်းမှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်မှာရှိတဲ့ သောင်ကြီးရဲစခန်းကို မနက် (၈)နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးအဖွဲ့က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့ CGF HTYရဲ့ ထုတ်ပြန်ချက်အရတော့ “မဟူရာ”စစ်ဆင်ရေး လို့သတ်မှတ်ပြီး ၄၀ မီလီမီတာရှိတဲ့ ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

    တဖက်မှာတော့ ဒီပစ်ခတ်မှုဟာ လက်လုပ်အသံဗုံးပေါက်ကွဲမှုသာဖြစ်ပြီး လူအဆောက်အဦထိခိုက် ပျက်စီးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

    ဒီနေ့ပေါက်ကွဲမှုပြီးတဲ့နောက်မှာတော့ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    လှိုင်သာယာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတာ (၈)လနီးပါးရှိနေပြီးဖြစ်သလို ထန်းတပင်တာဆုံရဲကင်းတိုက်ခိုက်ခံရမှုလို ထင်ရှားတဲ့မြို့ပြပြောက်ကြားလှုပ်ရှားမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

  4. ကလေးဒေသကာကွယ်ရေးအဖွဲ့ တပ်ရင်း (၃)တပ်ခွဲစခန်းကနေ ဖမ်းဆီးခံရသူတွေ စစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်လို့ ပြော

    နိုဝင်ဘာ (၁၆)ရက်နေ့ နံနက်ပိုင်းမှာ ကလေးဒေသကာကွယ်ရေး (PDF Kalay) ရဲ့တပ်ရင်း (၃)၊ တပ်ခွဲစခန်း တခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁၀)ဦး အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီနောက် ဒေသကာကွယ်ရေးတွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နိုဝင်ဘာ (၁၈) ရက်နေ့လယ်ပိုင်းအချိန်အထိ ဖြစ်ပွားခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေ တပ်ခွဲစခန်းကနေ ထွက်ခွာသွားပြီးနောက် ဒေသကာကွယ်ရေးတွေ ဘက်က ပြန်လည်ဝင်ရောက်တဲ့အချိန်မှာ အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၁)ဦးရဲ့ သေဆုံး ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာပါ။

    အသက်ရှင်ကျန်ရစ်တဲ့ ဆေးတပ်ဖွဲ့ဝင်အမျိုးသမီး (၉)ဦးကိုတော့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ် ရဲစခန်းအချုပ်မှာ ညအိပ်ထားကာ မနက်ဆို ကလေးမြို့ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ စစ်ကြောရေးခံနေရ တယ်လို့ PDF Kalay ကနေသိရပါတယ်။

    “စစချင်းဖြစ်တဲ့ နိုဝင်ဘာ (၁၆)ရက်နေ့လယ်တည်းက တိုက်ပွဲတွေဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က ကလေးမြို့ အနောက်တောင်ကြောကနေ ထိုးစစ်တွေဆင်လာခဲ့တယ်။ ကလေး-ဂန့်ဂေါဘက်ကနေလည်း စစ်ကူတွေ ထပ်တက်လာတော့ ကျွန်တော်တို့ စစ်မျက်နှာ (၂)ခုဖွင့်ပြီး တိုက်ခဲ့ရတယ်။ နောက်တော့ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကိုတွေးပြီး နိုဝင်ဘာ (၁၈)ရက်နေ့လယ်မှာ ကျွန်တော်တို့ ဘက်က တပ်ဆုတ်ခဲ့ပါတယ်။ အခုလက်ရှိဖမ်းဆီးခံရသူတွေကတော့ စစ်ကြောရေးရောက်နေတယ်လို့ နောက်ဆုံးသိထားရပါတယ်”လို့ PDF Kalay အဖွဲ့ဝင်တဦးကပြောပါတယ်။

    စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းခံရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့တော့ ကလေးမြို့စခန်းဟာ မြို့ပေါ်နဲ့အနီးစပ်ဆုံးစခန်းတခုဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေထဲက ညဘက်တွေမှာ စစ်ကောင်စီဘက်ကနေ ဒရုန်းနဲ့ သတင်းထောက်လှမ်းမှု ရှိခဲ့တာ ကို သတိပြုမိခဲ့တဲ့အပြင် အလှူရှင်နဲ့ ဧည့်သည်တွေလည်း ဝင်ထွက်မှုရှိတာကြောင့် ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနေတယ်လို့သူက ဆက်ပြောပါတယ်။

    ဒီကနေ့ နိုဝင်ဘာ (၂၀)ရက်မနက်ပိုင်းမှာတော့ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုမရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေး-ဂန့်ဂေါလမ်းမကြီးကတဆင့် တောင်ဘက်ပိုင်းကိုသွားနေပြီး ထောက်ကြန့်ရွာကနေတဆင့်မှ စည်သာရွာတွေထဲအထိ ဝင်ရောက်ရှာဖွေမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာမထုတ်ပြန်သေးပါဘူး။

  5. ထီးချိုင့်မြို့နယ်အတွင်း ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေထွက်ပြေးနေရ, တဲတချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက သစ်ဆုံးအင်းတောအနီးက ယာခင်းတွေထဲနေထိုင်တဲ့ တောင်သူတွေဟာ မနေ့ နိုဝင်ဘာ (၁၉)ရက်ကစပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ သစ်ဆုံးအင်း၊ ကျွဲကော၊ အင်းယား၊ ပိန်းချောင်းစတဲ့ ယာခင်းတဝိုက်က အနည်းဆုံးတဲ (၁၀)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ (၂၀)ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရွာထဲဝင်ရောက် ရှာဖွေမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် အင်ဒေါင်းရွာနဲ့အနီးတဝိုက်ရွာတွေကနေ ရွာလုံးကျွတ်ထွက်ပြေးနေကြပါတယ်။

    “မနေ့က ညနေပိုင်း(၅)နာရီလောက်ကသတင်းကြားရတာပဲ၊ ဒီယာခင်းတွေထဲကနေ နေသူတွေအကုန်လုံး ပြောင်းရွှေ့ကြပါ၊ ဒီနေရာကို သူပုန်နယ်အဖြစ်သတ်မှတ်လိုက်ပြီ။ တပ်စိုက်တော့မယ်လို့ သတင်းတွေထွက်တော့ ပြေးရတာပဲ၊ ပြေးလည်း ပြေးအနောက်မှာလည်း ကျွန်တော်တို့တဲတွေ မီးရှို့ခံရတော့တာပါ။ စပါး၊နှမ်းရိတ်သိမ်းချိန်လည်း ဖြစ်နေတော့ ကျွန်တော်ဆိုစပါးတွေရိတ်ထားတာ တွေပါ ပါကုန်တာ။ အဲ့ဒါနဲ့ အင်ဒေါင်းရွာထဲကို လာနေနေရတာ၊ အဲ့ရွာကိုလည်း စစ်ကောင်စီကဝင်ရှာမယ်လို့ သတင်းကြားလို့ ထွက်ပြေးနေရပါတယ်။ ”လို့ ပိန်းချောင်းတောင်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလို ယာခင်းတွေထဲက တဲအိမ်တွေမှာ မနေခိုင်းတော့တာကြောင့် ရွာတွေထဲနေအိမ်မရှိဘဲ နေစရာအခက်အခဲ ရှိနေတယ်လို့ တောင်သူတွေက ထောက်ပြကြပါတယ်။ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆပ်ပြေးရွာအနီးစခန်းချနေတာ တပတ်နီးပါးရှိနေပြီဖြစ်ပြီး အခုလိုရွှေ့ပြောင်းခိုင်းတာအပြင် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေလို့ဆိုကာ ရွာသားတချို့ ဖမ်းဆီးခံရသလို အမျိုးသား (၂)ဦးလည်း‌ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ နိုဝင်ဘာ (၁၉)ရက်နဲ့ ဒီကနေ့မနက်ပိုင်းအချိန်အထိ မိုင်းဆွဲတိုက်ခိုက်တာတွေမရှိသလို ဒေသကာကွယ်ရေအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေလည်း မရှိသေးပါဘူး။

    ဒီလိုထီးချိုင့်မြို့နယ်က အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  6. ဦးဇေယျာသော် ဖမ်းဆီးခံရမှု NLD အပေါ်ရိုက်ခတ်နိုင်သလား

  7. CPJ ရဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆု DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင် ပူးတွဲရရှိ

    အမေရိကန် နယူးယောက်ခ်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ရဲ့ ၂၀၂၁ ခုနှစ်အတွက် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုကို ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းဌာန ပူးတွဲတည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးအေးချမ်းနိုင်က ဘယ်လာရုဇ်၊ ဂွာဒီမာလာ၊ မိုဇမ်ဘစ်ခ် နိုင်ငံတွေက သတင်းထောက်သုံးဦးနဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။

    သတင်းအချက်အလက် ထိန်းချုပ်မှုတွေကို ရင်ဆိုင်တိုက်ပွဲနေတဲ့ကြားက ဒီသတင်းသမားတွေဟာ လူထုဘက်မှာ ရပ်တည်ပြီး သတင်းရယူမှု၊ တာ၀န်ခံမှု တာ၀န်ယူမှုအပြည့်ရှိဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့ CPJ အဖွဲ့ ဒါရိုက်တာချုပ်က ပြောပါတယ်။

    သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကြိုးပမ်းအားထုတ်မှုတို့ကို ဂုဏ်ပြုသလို သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အမှီအခိုကင်းတဲ့ သတင်းစာပညာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြသူတွေနဲ့အတူ သူတို့ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချင်တယ်လို့လည်း ဆိုပါတယ်။

    ဆုရရှိခဲ့တဲ့ DVB သတင်းဌာန အယ်ဒီတာ ဦးအေးချမ်းနိုင်ကတော့ ဒီဆုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံက သတင်းမီဒီယာတွေကို ဖိနှိပ်ဖြိုခွင်းမှုတွေနောက်ပိုင်း တောက်ပတဲ့အလင်းရောင်တခု ဖြစ်တယ်၊ DVB သတင်းဌာန သမိုင်းတလျှောက် အမှောင်မိုက်ဆုံးနဲ့ အကျပ်တည်းဆုံးအချိန်မှာ အခုလို ဆုရရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

    ဒီဆုဟာ DVB သတင်းဌာနရဲ့ သတင်းထောက်တွေကိုသာမက ရက်ရက်စက်စက် အကျဥ်းချခံထားရတဲ့ သတင်းထောက်တွေရဲ့ အတိဒုက္ခတွေကို မီးမောင်းထိုးပြနိုင်ဖို့ မျှော်လင့်မိတယ်လို့လည်း ဆိုပါတယ်။

    DVB သတင်းဌာနဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်လုပ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရတဲ့ သတင်းဌာနတခုဖြစ်ပြီး DVB ရဲ့ သတင်းထောက်တချို့လည်း ဖမ်းဆီးထောင်ချခဲ့ရပါတယ်။

  8. မိုင်တဲလ်က အထွေထွေမန်နေဂျာ အသတ်ခံရမှုမှာ ပါဝင်သူတချို့ကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီဆို

    နို၀င်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးသိန်းအောင် အသတ်ခံရမှုမှာ ပစ်ခတ်သူနဲ့ ပါ၀င်ပူးပေါင်းသူတချို့ကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီက နို၀င်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သူတို့ဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) က ဖြစ်တယ်လို့ဆိုပြီး အဲဒီနေ့မနက်က ဦးသိန်းအောင်နဲ့ ဇနီးဖြစ်သူတို့ အနီးအနားကို စက်ဘီးနဲ့ သွားရောက်ပြီး ပစ္စတို သေနတ်နဲ့ ၇ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီဖြစ်ရပ်ကြောင့် ရေတပ်အငြိမ်းစား ဗိုလ်မှူးဟောင်း ဦးသိန်းအောင်ဟာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

    Mytel ဆက်သွယ်ရေးကုမ္ပဏီမှာ ဘဏ္ဍာရေးမှူးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ ဦးသိန်းအောင်လို ထပ်ပိုင်းအရာရှိတဦး အသတ်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီဘက်က အဲဒီနေ့ကတည်းက စစ်အင်အားအလုံးအရင်းနဲ့ ရပ်ကွက်ထဲမှာ ရှာဖွေခဲ့ပြီး လူငယ် ၂၀ ၀န်းကျင်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ပစ်ခတ်သူ အပါအ၀င် လူငယ် အမျိုးသားသုံးဦးနဲ့ YRF အဖွဲ့မှာ ဘဏ္ဍာရေးမှူးအဖြစ် လုပ်ဆောင်နေသူ အမျိုးသမီးတဦးတို့ကို ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

    ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) ဘက်က တုံ့ပြန်ပြောဆိုထားတာ မရှိသေးသလို ဘီဘီစီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

  9. တီးတိန်၊ အပ်လွယ်ရွာက အမျိုးသမီးနှစ်ဦးရဲ့ ငရဲခန်း

  10. အာဆီယံဘုံသဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန်တိုက်တွန်း

    မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ အပြည့်အ၀ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန် နိုင်ငံခြားရေး၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာ၀န်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေး၀န်ကြီးနဲ့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးတို့ နို၀င်ဘာလ ၁၉ ရက်နေ့မှာ တယ်လီဖုန်းကနေတဆင့် ဆက်သွယ်ပြောဆိုခဲ့ကြပြီး မြန်မာ့အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းတဲ့ ချဥ်းကပ်မှုနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါ၀င်တယ်ဆိုတဲ့ အချက်ကိုလည်း ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံတကာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေအတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံက ထောက်ခံအားပေးသွားမှာ ဖြစ်သလို အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ နှစ်နိုင်ငံကြား လက်တွဲလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

  11. ဆောနယ်ဘက်မှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်ပွား, စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်တယ်လို့ ဆောဒေသကာကွယ်ရေးတပ်ဘက်ကပြော

    စစ်ကိုင်းတိုင်း ဆောနယ်ဘက်မှာ ဒီကနေ့ နိုဝင်ဘာ ၁၉ရက် မနက်အစောပိုင်းကစပြီး ဆောဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆောဒေသကာကွယ်ရေးတပ်ဘက်ကတော့ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေမလုပ်ဖို့ ဆော်သြထားတာလည်းတွေ့ရပါတယ်။ အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလေကြောင်းသုံးတိုက်ခိုက်တာတွေလုပ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားထပ်မံအတည်ပြုနိုင်တာမရှိသေးပါဘူး။

    "ဒီနေ့မနက် အစောပိုင်းကတည်းက Yaw Defence Force (YDF) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်နေတာပါ၊ ဆောမြို့နယ် ကျင်းလိမ်နဲ့ သောမ ကျေးရွာ ၂ ခုကြားမှာ တိုက်ပွဲဖြစ်နေတာပါ၊ စစ်ကောင်စီတပ်တွေဘက်က သေဆုံးတာရှိတယ်လို့ကြားတယ်။ ရဟတ်ယာဉ် ၂ စင်းနဲ့စစ်ကူရောက်လာပြီး ပစ်တာတွေလုပ်တယ်"လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

    ဆောဒေသကတိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိသေးပါဘူး။

    တခါ ထီးလင်းမြို့နယ် ယောဒေသဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

  12. ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေသူကို တရားရုံးက သက်သေအဖြစ် ဆင့်ခေါ်, ရန်ကုန်ကအဂတိမှုကို နေပြည်တော်ကိုပြောင်းရွှေ့ထား၊ ဒီဇင်ဘာ ၃ ရက်မှာစတင်စစ်ဆေးဖို့ရှိ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေ ယူတယ်ဆိုပြီး စွဲဆိုခံထားရတဲ့ အဂတိ လိုက်စားမှု အပါအဝင် အမှုလေးမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။

    ဒီနေ့မှာ အမှုလေးမှုထဲ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့အမှုမှာ သက်သေအဖြစ် ထွက်ဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်က အတူနေသူ ဒေါ်ဝေဝေသန်းကို တရားရုံးက သက်သေအဖြစ် ဆင့်ခေါ်ထား ပေမယ့် အချိန်အခက်အခဲကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။

    ဒီကနေ့ မစစ်နိုင်တာကြောင့် သင့်တော်တဲ့အချိန်ကို ပြန်လည်ချိန်းဆိုမယ်ဆိုပြီး ရုံးတော်က ပြောကြားခဲ့ကြောင်း တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ဒေါ်ဝေဝေသန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေထိုင်ခဲ့တဲ့ အိမ်ဝေယျာဝစ္စလုပ်ကိုင်ပေးသူ တစ်ဦးဖြစ်တယ်လို့သိရပြီး လက်ရှိအချိန်မှာလည်း အတူနေထိုင်နေသူလို့သိရပါတယ်။

    ဒီနေ့ရုံးချိန်းမတိုင်ခင်မှာ ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီးအမှုအကြောင်းဆွေးနွေးခွင့်လည်းရခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့အခြားအဂတိအမှုနှစ်မှုအတွက် တရားလိုပြသက်သေအဖြစ် နေပြည်တော်စည်ပင်ကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို စစ်ဆေးခဲ့ပါတယ်။

    ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းအတွက် နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာ မြေ ၁၀၁ ဧကနဲ့ ပုဗ္ဗသီရိမြို့နယ်အတွင်း မြေ ၂၉ ဧက ချထားပေးတဲ့ကိစ္စအတွက် ဦးမျိုးအောင်ကို စစ်မေးခဲ့တာဖြစ်ပြီး အမှုနှစ်မှုပေါင်းအတွက် လိုပြသက်သေကို စစ်မေးခဲ့တာကြောင့် အချိန်များစွာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

    ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်က ပြန်လှန်စစ်မေးချိန် အနည်းငယ်သာရခဲ့တဲ့အတွက် နောက်ရုံးချိန်းမှာ သူ့ကို ဆက်လက်စစ်ဆေးရ ဖို့ရှိနေတယ်လို့ သိရပါတယ်။

    ဒီအမှုလေးမှုလုံးအတွက်နောက်ရုံးချိန်းကို လာမယ့် နိုဝင်ဘာ ၂၆ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းတရားလွှတ်တော်မှာ အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့အမှုကို နေပြည်တော်အထူးတရားရုံးကိုပြောင်းရွှေ့ထားပြီဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၃ ရက်မှာ ဒီအမှုကို စတင်စစ်ဆေးဖို့ရှိတယ်လို့ သိရပါတယ်။

    ဒီအမှုဟာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အနီးက ခြံတခြံမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်းငှားရမ်းထားတာနဲ့ပတ်သက်ပြီး စွဲဆိုထားတာလို့လည်း သိရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အဂတိလိုက်စားမှု ငါးမှုအထိ နေပြည်တော်အထူးတရားရုံးမှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

  13. ကာယကျောင်းဆရာတစ်ဦး ဖမ်းဆီးခံရပြီး နာရီပိုင်း အကြာမှာပဲ သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေပြော

    မန္တလေးတိုင်း သပိတ်ကျင်းမြို့က CDM မှာပါဝင်တဲ့ ကာယကျောင်းဆရာတစ်ဦး ဖမ်းဆီးခံရပြီး နာရီပိုင်း အကြာမှာပဲ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းက ပြောပါတယ်။သပိတ်ကျင်းမြို့ ကြာညှပ်အထက်တန်းကျောင်းက အသက် ၄၅နှစ်ကျော်ရှိပြီဖြစ်တဲ့ ကာယကျောင်းဆရာ ဦးဇော်မင်းအောင်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားသူပါ။ သူ့ကို နိုဝင်ဘာ(၁၇)ရက် နေ့ခင်းပိုင်း ၁၁နာရီလောက်မှာ စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးသွားပြီး ညနေပိုင်း လေးနာရီလောက်မှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေဆီ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

    " စစ်ကြောရေး ဆုံးသွားတယ်လို့ ကြားရတာ။ ကြာညှပ်စခန်းမှာပဲ ဆုံးတာ။ အလောင်းသယ်ခွင့်လည်းမရဘူး။ ကောင်းကောင်းလဲ ကြည့်ခွင့်မပေးဘူး"လို့ သေဆုံးသူရဲ့မိသားစုဝင်နဲ့ နီးစပ်တဲ့ သပိတ်ကျင်း ဒေသခံတစ်ဦးကပြောပါတယ်။

    ကာယကျောင်းဆရာ ဦးဇော်မင်းအောင် ဘာကြောင့်သေဆုံးသွားတယ်ဆိုတာ အတိအကျမသိပေမယ့် ကိုဗစ်ကြောင့် သေဆုံးသွားတယ်လို့ ကြာညှပ်စခန်းက မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးဇော်မင်းအောင် အဖမ်းခံရချိန်ထိ ရောဂါမရှိသလို ကျန်းမာရေးကောင်းမွန်သူ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူနဲ့အတူ အိမ်နီးချင်း လူငယ်တစ်ဦးလည်း ဖမ်းဆီးခံရပါတယ်။ အဲ့ဒီလူငယ်ဟာ ဆရာကိုဖမ်းဖို့ လာနေကြတယ်လို့ အော်ပြောလို့ ဖမ်းဆီးခေါ်ဆောင်ခံရတာပါ။ အဲ့ဒီလူငယ်ကို ကာယဆရာသေဆုံးပြီးမှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

    " ကောင်လေးတစ်ယောက်ကို ရိုက်နှက်ပြီး ဒဏ်ရာနဲ့ ပြန်လွှတ်လိုက်တာ။ ဆရာတဲ့အတူတူ အဖမ်းခံရတဲ့ ကောင်လေးက အခုဆိုရင် စစ်သားလာတယ်။ရဲလာတယ်လို့ စရင်တောင်မှ ကြောက်လန့်ပြီး စိတ်ကယောင်ချောက်ခြားဖြစ်နေတာ။ ကာယဆရာ မိန်းမဆိုရင်လည်းသူ့ယောင်္ကျားအကောင်းကနေ ဆုံးသွားတာဆိုတော့ စိတ်အခြေနေ ဘယ်ခံနိုင်မလဲ "လို့ ကြာညှပ်ဒေသခံ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

    ဆရာ ဦးဇော်မင်းအောင် အဖမ်းခံရ သေဆုံးရတာနဲ့ပတ်သက်ပြီး ကြာညှပ်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။သပိတ်ကျင်းမှာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာတွေကို ဖမ်းဆီးတာ ဦးဇော်မင်းအောင်အပါဝင် သုံးဦးရှိခဲ့ပြီ ဖြစ်ပါတယ်။ အရင် ဖမ်းဆီးခဲ့တဲ့ ကျောင်းဆရာနှစ်ယောက်က ရက်ပိုင်းအတွင်း ပြန်လွတ်လာခဲ့ပါတယ်။ ဒါနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘီဘီစီကမေးမြန်းဖို့ကြိုးစားနေပါတယ်။

  14. ပူတာအိုမြို့နဲ့ အနီးကရွာတွေမှာ ကိုဗစ်ကူးစက်ခံရမှုတွေမြင့်တက်နေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နဲ့ အနီးကရွာတွေမှာ ကိုဗစ်ကူးစက်ခံရသူတွေများနေပြီး သေဆုံးသူတွေရှိနေတယ်လို့ ဒေသခံတွေကဘီဘီစီကိုပြောပါတယ်။ ကူးစက်မှုတွေဟာ အခု နိုဝင်ဘာလ အတွင်း မြင့်တက်နေပြီး ဘောလုံးပွဲ နဲ့ လူစုလူဝေးတွေ မှာ နှာခေါင်းစည်းမတပ်ကြတာတွေကြောင့် ကူးစက်လာတာလို့ ဒေသခံအချို့က ပြောကြပါတယ်။ လက်ရှိမှာကူးစက်ခံရသူတွေကို ပူတာအို မှာ ရှိတဲ့ပရဟိတလူမှုကူညီရေးအသင်းတွေက တတ်နိုင်သလောက် ကူညီပေးတာတွေရှိနေပြီး သေဆုံးသူ တချို့ရဲ့ နာရေးတွေကိုလည်းဆောင်ရွက်ပေးနေကြတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ပရဟိတအသင်းတွေရဲ့ခန့်မှန်းချက်အရ ကိုဗစ် လူနာ ၈၀၀ နဲ့ ၁၀၀၀ ကြားရှိနိုင်တယ်လို့ပြောပါတယ်။ ပူတာအိုမြို့ကလူမှုကူညီရေးအသင်းတခုဖြစ်တဲ့ ခမ်းတီလုန် ပရဟိတအသင်းကတာဝန်ရှိသူတစ်ဦးကတော့

    ’’ပိုးစစ်ပေးတယ် ဆေးရုံးတွေပို့ပေးတယ်။ Mask တွေ ဘာတွေဝယ်ပေးတယ်။လောလောဆယ် ပူတာအိုမှာကျတော့ ပထမလှိုင်းနဲ့ဒုတိယလှိုင်းမှာ ပူတာအို မရောက်ဘူးပြောရမယ်။ တတိယလှိုင်းမှာ တော့ပူတာအိုမှာလူနာတွေများလာတယ်။များလာတယ်ဆိုပေယ့် ပရဟိတ အသင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် စည်းကမ်းလည်းစနစ်တကျလုပ်တော့ ရောဂါပိုးက လျော့သွားတယ်။အခုပြန်ဖြစ်တယ်ဆိုတာ က သိပ်မကြာသေးဘူး အရမ်းလူနာတိုးနေတာ’’ လို့ ပြောပါတယ်။

    ပူတာအိုမှာ ရာသီတုပ်ကွေးလည်းအဖြစ်များနေသလို ကိုဗစ်ရောဂါခံစားနေရသူတချို့ကတော့ ဆေးရုံးမှာကုသမှုခံယူကြတာရှိသလို နေအိမ်မှာပဲ ကုသကြတာလည်းရှိတယ်လို့ဆိုပါတယ်။ ကချင်ပြည်နယ် ပူတာ အိုမြို့ကိုတော့ မြစ်ကြီးနားကနေ လေကြောင်းလိုင်း ဒါမမဟုတ် ကားလမ်း တို့နဲ့ သွားလာလို့ရပြီး တရုတ်ပြည်ဘက်ကိုတော့ တရားဝင်လမ်းနဲ့ဂိတ်ပေါက်မရှိဘူးလို့ပြောပါတယ်။

  15. စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ်လိုက်ပါတဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်း မဟာမြိုင် မိုင် ၁၀၀ အတက်အနီးမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ပါတဲ့ယာဉ်တန်းကို ဒီကနေ့ နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်းမှာ ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းဘက်က အထိအခိုက်အခြေအနေကို အတိအကျမပြောနိုင်သေးသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေဘက်ကဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

    ’’ ယာဉ်တန်းက လုံခြုံရေးကား ၆စီးနဲ့ အရပ်ကား ၈စီးပါတယ်။ဝန်ကြီးချုပ်နဲ့အဖွဲ့က ကလေးဝကနေ မဟာမြိုင်ဘက်ကို သွားတာလို့သိရတယ်။ မဟာမြိုင်ထဲမှာရှိတဲ့ လေးကျွန်းရန်အောင်စေတီဆရာတော် မွေးနေ့သွားတာလို့သိရပါတယ်။ ယာဉ်တစ်စီးကတော့ ထိတာသိလိုက်တယ်။ သူတို့ဘက်က ချက်ချင်းလက်နက်ကြီးနဲ့ပြန်ပစ်တော့ ကျွန်တော်တို့က အဲဒီဘက်ကနေချက်ချင်းပြန်ဆုတ်လိုက်ရတယ်’’ ကလေး၀ ဒေသကာကွယ်ရေးတပ်က အဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။တိုက်ခိုက်မှုတွေမှာ သာမန်ခရီးသွားပြည်သူတွေနဲ့ရောထွေးမှုမရှိအောင် စိစစ်ဆောင်ရွက်သလို ရှောင်ကွင်းသွားကြဖို့ပြန်ကြားတာတွေရှိတယ်လို့ ဆိုပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  16. ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်လာ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာ ၁၈ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်း ရှိရတနာနှင်းဆီအိမ်ရာမှာ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။ သူနဲ့အတူလက်နက်တွေမိတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရန်ကုန်မြို့ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ် နဲ့ ကြည့်မြင်တိုင် ဗားကရာမီးပွိုင့်အနီး က ပစ်ခတ်ခံရမှုတွေကို စေခိုင်းသူလို့ စွပ်စွဲထုတ်ပြန်ထားတာတွေ့ရပါတယ်။

    မနေ့က ထွက်ပေါ်တဲ့သတင်းတွေအရ ရတနာနှင်းဆီအိမ်ရာကို စစ်ကောင်စီတပ်တွေက မနေ့ညနေပိုင်းက ဝင်ရောက်ရှာဖွေခဲ့ပြီး မျက်နှာကိုဖုံးအုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့ဆိုပါတယ်။ဦးဖြိုးဇေယျာသော်နဲ့ မနေ့က နေ့လယ်ပိုင်းကတည်းက အဆက်သွယ်ပြတ်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက မနေ့က ညပိုင်းကတည်းကပြောဆိုနေကြတာပါ။

    ဦးဖြိုးဇေယျာသော်က ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာပြန်လည် လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မှာ NLD ပါတီဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ပါတီလုပ်ငန်းတွေကိုထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

  17. ထိုင်း - မြန်မာ နယ်စပ် နေရာ ၅ နေရာမှာ တစ်ရက်တည်း မြန်မာနိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရ, အခုလအတွင်းဆက်တိုက်ဖမ်းဆီးခံရမှုတွေရှိနေ

    မနေ့က နိုဝင်ဘာ ၁၈ရက် တစ်ရက်မှာတည်းပဲ ထိုင်းနဲ့ထိစပ်နေတဲ့ မြန်မာ - ထိုင်းနယ်စပ်နေရာ၅နေရာခန့်မှာ ထိုင်းနိုင်ငံကိုဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ကျော်ခန့်ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြသလို မြန်မာလုပ်သား အရေးကူညီနေသူတွေက ဘီဘီစီကိုပြောပါတယ်။ ထိုင်း နဲ့ မွန်ပြည်နယ် နယ်စပ်ဖြစ်တဲ့ ကန်ချနဘူရီပြည်နယ် နောက်စံခနဘူရီခရိုင်ထဲမှာ ၃နေရာခန့် ၊ ကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မဲဆောက်ခရိုင်အတွင်း ၃နေရာခန့်၊ တနင်္သာရီတိုင်းနဲ့ထိစပ်နေတဲ့ ပရာကျွတ်ခီရီခန်၊ ရနောင်းနဲ့ ချွန်ဖွန်ခရိုင်တွေထဲမှာ ၃နေရာခန့် ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့စပ်နေတဲ့ ချင်းရိုင်ခရိုင်နဲ့ ကယား ပြည်နယ်နဲ့ထိစပ်နေတဲ့မယ်ဟောင်ဆောင်ဒေသတွေမှာ တစ်ရက်ထဲဖမ်းဆီးခံကြရတာဖြစ်တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အောက် တွေပိုများပြီး ပြည်တွင်းမှာ အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးခံရမှုတွေ၊ နောက် အလုပ်အကိုင်ရှားပါးမှုနဲ့ တရားဝင်သွားဖို့စောင့်ဆိုင်းနေရတာကြာမြင့်လာတာတွေကြောင့် တရားမဝင်လမ်းကြောင်းကို အသုံးပြုဝင်ရောက်ဖို့ကြိုးစားတာတွေ့ရတယ်လို့ ဦးမိုးကြိုးကထောက်ပြပါတယ်။ နိုဝင်ဘာ ၁ရက်ကနေ နိုဝင်ဘာ ၁၈ရက်အတွင်း အခုလို အထောက်အထားမဲ့ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၆၀၀၀ခန့်ရှိနေပြီး ဖမ်းဆီးခံရသူတွေကို ထိုင်းစစ်တပ်က စနစ်တကျစောင့်ရှောက်ထားပြီး စစ်ဆေးမှုတွေပြီးစီးရင် လူသားချင်းစာနာမှုအရပြန်လည်လွှဲပြောင်းပေးတယ်လို့ မြန်မာ့လုပ်သားအရေးကူညီသူတွေကပြောပါတယ်။ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရတဲ့ မြန်မာလုပ်သားတွေဟာ အသက် ၁၈ နှစ်နဲ့ အသက်၃၀နှစ်ကြား အရွယ်တွေအများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

  18. မအူအောက်ဆိပ်ရဲကင်းစခန်း ကို သိမ်းပိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ထုတ်ပြန်, အနီးနားရွာတွေမှာ စစ်ဆေးမှုတွေရှိနေသလို ပြည်သူအချို့ဖမ်းဆီးခံရမှုရှိနေ

    မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ်မအူအောက်ဆိပ်ရဲကင်းစခန်းကို မနေ့က နေ့လယ်ပိုင်းက People Defense Force Yesagyo နဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ညီနောင် (ရေစကြို)မဟာမိတ်နှစ်ဖွဲ့ ပူးပေါင်းပြီး မအူရဲအောက်ရဲကင်းစခန်းကိုသိမ်းခဲ့တယ်လို့ အဲဒီအဖွဲ့တွေကထုတ်ပြန်လာပါတယ်။ အဲဒီစခန်းကနေကွန်ပျူတာလက်တော့ ( ၁)လုံး ၊ ဆိုင်ကယ်( ၄ ) စီး နဲ့ ဗုံးသီးအပါအဝင်ကျဉ်ဆံအချို့ကိုသိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။ ရဲဝန်ထမ်းတွေထဲ သေဆုံးသူနဲ့ဒဏ်ရာရသူတွေလည်းရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဖြစ်စဉ်နောက်မှာတော့ ရေစကြိုမြို့ မအူလေးရွာနဲ့မအူအလယ်ရွာတွေကို ပခုက္ကူဘက်က စစ်ကောင်စီတပ်တွေစစ်ကူလာခဲ့ပြီး ပစ်ခတ်တာတွေရှိလို့ ပြည်သူအချို့ဒဏ်ရာရခဲ့သလို အဲဒီအနီးက ပြည်သူအချို့ကိုဖမ်းဆီးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

  19. မြန်မာ စစ်ခေါင်းဆောင်ကို တရုတ်-အာဆီယံ ဆွေးနွေးပွဲတက်ခွင့်မပေးဖို့ တရုတ်ကိုအာဆီယံနိုင်ငံတချို့ပြော

    လာမယ့် အပတ်ထဲမှာတရုတ်နိုင်ငံကလက်ခံကျင်းပမယ့် တရုတ် - အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုမဖိတ်ကြားဖို့ အာဆီယံခေါင်းဆောင်တချို့က ပြောကြားနေတယ်လို့ သံတမန်ရင်းမြစ်ကိုကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။ တရုတ်သံတမန်က မြန်မာစစ်ခေါင်းဆောင်ကိုဖိတ်ဖို့ လှုံ့ဆော်ချက်ရှိနေပေမယ့် တင်းမာတဲ့ကန့်ကွက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ တရုတ်သမ္မတရှီကျင်းဖျင် က ဦးဆောင်ပြီး အွန်လိုင်းကတဆင့် ဒီအစည်းအဝေးကိုကျင်းပဖို့ရှိနေပြီး အင်ဒိုနီရှား၊မလေးရှား၊ ဘရူနိုင်းနဲ့စင်ကာပူ တို့ က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီအစည်းအဝေးတက်ရောက်မှာကို မလိုလားဘူးလို့ သံတမန်ရင်းမြစ်တွေက ထွက်လာတဲ့သတင်းကိုကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။

    ပြီးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာကျင်းပတဲ့ အခြေအနေအတိုင်းပဲ မလေးရှား၊အင်ဒိုနီးရှား၊စင်ကာပူနဲ့ ဘရူနိုင်းတို့က ဆက်လက်ထိန်းသိမ်းထားလိုပြီး မြန်မာနိုင်ငံက နိုင်ငံရေးနယ်ပယ်ကမဟုတ်သူတစ်ဦးဦးကိုသာတက်ရောက်ခွင့်ပြုဖို့ လည်းလိုလားနေတယ်လို့ဆိုပါတယ်။အာဆီယံကတောင်းဆိုတဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီကမလိုက်လျောခဲ့တာကြောင့် စစ်ကောင်စီကိုကိုယ်စားပြုတဲ့ကိုယ်စားလှယ်မပါဘဲ ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးကိုကျင်းပခဲ့ တာပါ။ ဒီလို မြန်မာစစ်ခေါင်းဆောင်ကိုတက်ရောက်ခွင့် မပေးဖို့ဆိုတာနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တစ်စုံတစ်ရာမှတ်ချက်မပေးသလိုစင်ကာပူ ဗီယက်နမ်၊ဘရူနိုင်းတို့ကလည်းတစ်စုံတစ်ရာမတုံ့ပြန်သေးဘူးလို့သတင်းမှာဖော်ပြပါတယ်။

    တရုတ်ရဲ့အာရှရေးရာအထူးကိုယ်စားလှယ်ဆုန်ကော့ရှန်က ပြီးခဲ့တဲ့သီတင်းပတ်က စင်ကာပူနဲ့ဘရူနိုင်းနိုင်ငံကိုသွားရောက် ခဲ့ပေမယ့် အဲဒီနိုင်ငံတွေက စစ်ခေါင်းဆောင်အစည်းအဝေး တက်ရောက်ဖို့ကို သဘောမတူကြဘူးလို့ဆိုပါတယ်။ ဆုန်ကော့ရှန်က မြန်မာနိုင်ငံကိုလာရောက်ခဲ့ရာမှာလည်း တရုတ်က အာဆီယံရဲ့ရပ်တည်ချက်ကိုလက်ခံရမယ်လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။

    အာဆီယံရဲ့ရပ်တည်ချက်အတိုင်းနိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့သူကိုတရုတ်ကိုလက်ခံရမှာဖြစ်ကြောင်း ပြောတယ်လို့လည်း သံတမန်တစ်ဦးကပြောကြောင်းအဲဒီသတင်းကဖော်ပြပါတယ်။ အာဆီယံရဲ့ ကာလရှည်ကြာထိန်းသိမ်းခဲ့တဲ့ ဝင်မစွက်ဖက်ရေးမူဝါဒက မြန်မာအာဏာသိမ်းမှုအပြီးမှာပြောင်းလဲလာတယ်လို့လည်း လေ့လာသူတွေကပြောဆိုနေကြပါတယ်။

  20. နိုင်ငံတ၀န်း အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူ ၂၀၀ နီးပါး အသတ်ခံရတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်တ၀န်းက မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်း တာ၀န်ထမ်းဆောင်ကြတဲ့ လူပေါင်း ၁၉၈ ယောက် အသတ်ခံခဲ့ရပြီး ဒဏ်ရာရရှိသူပေါင်း ၁၄၈ ဦး ရှိတယ်လို့ စစ်ကောင်စီက နို၀င်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဒီစာရင်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နို၀င်ဘာလ ၁၆ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ဆိုပြီး ဒီလုပ်ရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေကို စစ်ကောင်စီက အပြစ်ဖို့ပါတယ်။

    စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးသူစာရင်းဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာလည်း ၄၄ ယောက်ထက်မနည်း သေဆုံးတာ တွေ့ရပါတယ်။

    ဒီကာလတွေအတွင်း ပြည်သူ့အာဏာဖီဆန်မှု စီဒီအမ်မလုပ်ကြတဲ့ ဆရာ၊ ဆရာမတွေအပါအ၀င် ပညာရေး၀န်ထမ်း ၁၂ ယောက် အသတ်ခံခဲ့ရတယ်လို့လည်း စစ်ကောင်စီက နို၀င်ဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီရဲ့ အခုလို ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တစုံတရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။