ထောင်နဲ့စစ်ကြောရေးမှာသေဆုံးတဲ့ NLD ပါတီဝင် ၈ ဦးရှိပြီး နောက်ထပ် ၄၂၀ နီးပါး ဖမ်းဆီးခံနေရ
ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်ကြောရေးနဲ့ထောင်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ၈ ဦးသေဆုံးပြီး နောက်ထပ် ၄၂၀ နီးပါးဖမ်းဆီးခံထားရတယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးက ထုတ်ပြောလာပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရစဉ်သေဆုံးသူ ၈ ဦးထဲမှာ ၅ ဦးဟာ စစ်ကြောရေးမှာသေဆုံးခဲ့သူတွေဖြစ်ပြီး နောက် ၃ ဦးဟာ ထောင်ထဲမှာ သေဆုံးခဲ့သူတွေဖြစ်တယ်လို့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက D-Wave စာစောင်ကို ပြောလာတာဖြစ်ပါတယ်။
စစ်တပ်က ဖမ်းဆီးခံထားသူတွေထဲမှာ ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ဒေါက်တာဇော်မြင့်မောင်၊ ပါတီအတွင်းရေးမှူးအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၈၉ ဦးတို့နဲ့ ပါတီဝင်တွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဒါ့အပြင် လက်ရှိအချိန်အထိ ပါတီဗဟိုရုံးချုပ်အပြင် မြို့နယ်၊ ရပ်ကွက်ရုံးဖျက်ဆီးခံရမှု အကြိမ်ရေ ၆၀ နီးပါး ဖြစ်ခဲ့သလို တိုင်းနဲ့ပြည်နယ်အသီးသီးက ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အိမ်အလုံး ၄၀ ကျော်လည်း ချိပ်ပိတ်ခံထားရတယ်။