နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူတယ်ဆိုပြီး အဂတိလိုက်စားမှုပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်က ဒီနေ့ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်အထူးတရားရုံးမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်ခင်မိမိကြွယ်က သူ့အနေနဲ့ ခင်ပွန်းဖြစ်သူ ဦးဖြိုးမင်းသိန်းရဲ့ တောင်းဆိုချက်အရ ရွှေနဲ့ ဒေါ်လာတွေကို စီစဉ်ပေးခဲ့ရကြောင်း ထွက်ဆိုသွားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။
ဒါပေမဲ့ ဦးဖြိုးမင်းသိန်းအတွက် ဘယ်နေ့မှာ အဲဒီလိုစီစဉ်ပေးခဲ့ရတယ်ဆိုတဲ့ နေ့စွဲအတိအကျနဲ့ အဲဒီရွှေနဲ့ဒေါ်လာတွေကို သူ့အနေနဲ့ ဘယ်အချိန်မှာ ရရှိခဲ့တယ်ဆိုတာတွေကို ပြောမသွားဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ ဘယ်အချိန် သွားရောက်ခဲ့သလဲ ဆိုတဲ့ရက်စွဲတွေ ပြောမသွားသလို ခင်ပွန်းဖြစ်သူနဲ့လည်း အတူလိုက်ပါခဲ့တာ မရှိဘူးလို့လည်း ထွက်ဆိုခဲ့တဲ့အကြောင်း သိရပါတယ်။
ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှုလေးမှုအတွက် ရုံးချိန်းကြားနာမှုရှိခဲ့ပြီး ပထမဆုံးအနေနဲ့ အဲဒီအမှုကို စတင်ကြားနာခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်မိမိကြွယ်ရဲ့ထွက်ဆိုချက်အပြီးမှာ အမှုနံပါတ် ၅ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက စီစဉ်တဲ့ လရောင်တောစီမံကိန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ဖို့ နေအိမ် တည်ဆောက်တယ်ဆိုပြီး သူတစ်ဦးတည်းကို စွဲဆိုထားတဲ့ အဂတိမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
အဲဒီအမှုမှာတော့ တရားလိုပြသက်သအဖြစ် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ကော်မတီက အင်ဂျင်နီယာတစ်ဦးက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အမှုနံပါတ် ၃ နဲ့ ၄ ဖြစ်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်တဲ့ လရောင်တော စီမံကိန်းအတွက် မြေနေရာချထားပေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ ဦးမင်းသူတို့နဲ့ ပူးတွဲစွဲဆိုထားတဲ့အမှုနှစ်မှုကိုတော့တရားလိုပြသက်သေလာရောက်ခြင်းမရှိတဲ့အတွက် မစစ်ဆေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ဒေါ်ခင်မိမိကြွယ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ တစ်ကြိမ် ၊ အဲဒီမတိုင်ခင်မှာတစ်ကြိမ် သက်သေထွက်ဆိုဖို့ ရုံးတော်က ဆင့်ခဲ့ပေမယ့် ရောက်မလာခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက်ရုံးချိန်းမှာတော့ နေမကောင်းတဲ့အတွက် ခွင့်တိုင်ခဲ့ပြီး တရားရုံးကိုရောက်မလာခဲ့ကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေနဲ့ပတ်သက်လို့ အခြေအမြစ်မရှိကြောင်း သူ့ရှေ့နေတွေကတစ်ဆင့်ပြောကြားထားပါတယ်။
နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ နိုဝင်ဘာ ၁၉ ရက်ကိုပြန်လည်ချိန်းဆိုထားပါတယ်။