ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဆရာ၀န်ရဲ့ကျန်းမာရေးမှတ်ချက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကိုလျှောက်ထားခဲ့ပေမဲ့ ကျန်းမာရေးအရ ခရီးသွားခွင့်မပြုသင့်ကြောင်းဆရာဝန်ရဲ့မှတ်ချက်ရှိလို့ ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆို ခွင့်မရသေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝမ်းတွင်းမြို့က လဘက်ရည်ဆိုင်ထိုင်နေသူတစ်ဦး သေနတ်နဲ့အပစ်ခံရပြီးသေဆုံး

    မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦး ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်နေစဥ် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    သူဟာဝမ်းတွင်းမြို့ ၂ ရပ်ကွက်က ရွှေနန်း လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း လူနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီးသူ့ကို ပစ္စတို သေနတ်နဲ့ လေးချက်ပစ်သွားတာဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက ထုတ်ပြန်တဲ့ သတင်းမှာတော့ သူ့နာမည်က ဦးတင်မျိုးထွန်း အသက် ၄၀ နှစ်လို့ ပြောပြီး ဒေသခံတွေကတော့ သူ့နာမည်က ချက်ဖောင်း လို့ ခေါ်တယ်လို့ ပြောကြပါတယ်။

    အပစ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားလို့ ဆေးရုံကားနဲ့ သယ်ထုတ်သွားတာ တွေ့လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ် ၊ သုံးထောင့်အိုင်ကျေးရွာအုပ်စု၊ကျင်းရွာမှာ နေထိုင်တဲ့ ညောင်ကားယားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်စိန်ကြည်(၄၅နှစ်)နဲ့ ခင်ပွန်းဖြစ်သူ ဦးဇော်မိုး(၄၅နှစ်)တို့ နေအိမ်မှာ ရှိနေစဉ် ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိ အမျိုးသားနှစ်ဦးက ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆရာမဖြစ်သူက နေရာမှာတင် သေဆုံးခဲ့ပါတယ်။

  2. စစ်အာဏာသိမ်းပြီးနောက် မြန်မာရုပ်ရုင်ရဲ့ နိုင်ငံရေးလောကဓံ

  3. တီးတိန်မြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က အဓမ္မကျင့်ခဲ့တယ်လို့ ဒေသခံတွေပြော

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အာလွယ်ကျေးရွာမှာနေထိုင်တဲ့ အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင် (၃)ဦးက အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    နိုဝင်ဘာ (၁၁)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးဟာ အဲဒီအမျိုးသမီးမိသားစုနေထိုင်တဲ့ နေအိမ်အတွင်းရောက်ရှိလာခဲ့ပြီး အမျိုးသားဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကျူးလွန်ခံရသူအမျိုးသမီးဟာ ကလေးမွေးဖွားထားတာ မကြာသေးသူ ဖြစ်ပြီး ကလေးငယ်ဟာလည်း (၁)လခွဲအရွယ်သာ ရှိသေးကြောင်း သူဟာ မီးနေသည်တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီဘက်ကို မေးမြန်းရာမှာတော့ အမှုဖြစ်စဉ်နဲ့ပတ်သက်လို့ မသိရသေးဘူးလို့ ဖြေကြားပါတယ်။

    “အဲဒီနေ့ ည(၁၁)နာရီ‌လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ယောက်ရောက်လာတယ်၊ ယောင်္ကျားကို ရိုက်နှက်ပြီးနောက် ဝပ်ခိုင်းထားပြီး ခေါင်းမထောင်ခိုင်းဘူး၊ သေနတ်နဲ့ ချိန်ထားတယ်၊ အမျိုးသမီးကို တစ်ဦးချင်းစီက အဓမ္မကျင့်တယ်။ ည (၁၂)နာရီလောက်မှာ နောက်တစ်ကြိမ် ဒီ(၃)ယောက်ထဲက (၂)ယောက် ထပ်ရောက်လာပြီး ထပ်ပြီးကျင့်တယ်။ နောက် ယောင်္ကျားကို ဖမ်းသွားတယ်။ ဖုန်းတွေသိမ်းတယ်၊လက်ဝတ်လက်စားတွေ ယူတယ်။ အဲ့ဒီလို လက်ဝတ်လက်စားတွေယူတာကကျ အနီးအိမ်တွေကပါ ယူတာ”လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီ ဖြစ်စဉ်ပြီးတဲ့နောက် အမျိုးသမီးဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်နေခဲ့ပြီး နေအိမ်မှာ မနေထိုင်ရဲတာကြောင့် တခြားရွာတစ်ရွာမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။

    အာလွယ်ရွာမှာ စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်တွေကတော့ မနေ့က နိုဝင်ဘာ (၁၃)ရက် ညနေပိုင်းမှာ ရွာကနေ ထွက်ခွာပြီး တီးတိန်နဲ့ ဖလမ်း လမ်းဆုံမှာရှိတဲ့ ရွာတစ်ရွာကို ပြောင်းရွှေ့သွားခဲ့ကြပြီလို့ သိရပါတယ်။

    Chin Defense Militia – CDMSiyin ကတော့ အခုဖြစ်စဉ်ဟာ ချင်းအမျိုးသမီးတွေကို ထိပါးနှောက်ယှက်စော်ကားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို ရှုံ့ချသလို ပြန်လည် တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ကွတ်ခိုင်မှာ နိုဝင်ဘာလ ၇ ရက်နေ့က အသက် ၆၂ နှစ် အရွယ် ကချင်အမျိုးသမီးတစ်ဦးကို မုဒိန်းမှု ပြစ်မှုကျူးလွန်တာ မှန်ကန်ကြောင်းနဲ့ ကျူးလွန်တဲ့ တပ်သားကို စစ်စည်းကမ်းအရ အရေးယူသွားမယ် လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၁၁ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

  4. သရုပ်ဆောင်မော်ဒယ် သန္တာလှိုင် ရန်ကုန်လေဆိပ်ကနေ ဘန်ကောက်လေယာဥ်ပေါ် အတက်မှာ တားဆီးခံရ

    သရုပ်ဆောင် မော်ဒယ်သန္တာလှိုင်နဲ့ သူ့မိသားစုဝင်အချို့ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာမယ် မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA နဲ့ လိုက်ပါဖို့ကို ရန်ကုန်လေဆိပ်ရောက်လာခဲ့ပြီး လေယာဥ်ပေါ် အတက်မှာ သရုပ်ဆောင် သန္တာလှိုင် တက်ခွင့်မရဘဲ တားဆီးခံလိုက်ရတယ်လို့ အဲ့ဒီခရီးစဥ်နဲ့လိုက်ပါခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    သူ့ကို လေဆိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက စစ်မေးဖို့ခေါ်သွားခဲ့ပြီးနောက်မှာ အခုလို တားဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

    သရုပ်ဆောင် သန္တာလှိုင်ရဲ့ခင်ပွန်းဖြစ်သူက စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ခဲ့ပေမယ့် သရုပ်ဆောင် သန္တာလှိုင် လေယာဥ်ပေါ်တက်ခွင့်မရခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူလည်း လေယာဥ်ပေါ်မတက်ဘဲ လှည့်ပြန်သွားကြောင်း သူတို့ကို ဖမ်းဆီးခြင်းရှိမရှိကို တော့အတည်မပြုနိုင်ကြောင်းလည်း သူကပြောပါတယ်။

    ရန်ကုန်ကနေ ဘန်ကောက်ကို ဒီကနေ့ လေယာဥ်တစ်စီးတည်းသာထွက်ပြီး လေဆိပ်ထဲမှာလည်း အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေ အများအပြားတွေ့ရတယ်လို့ ဘန်ကောက်ကိုသွားမယ့် ခရီးသည်တွေက ပြောပါတယ်။

    ရန်ကုန်ကနေ ဘန်ကောက်ကို သွားရောက်မယ့်သူတွေဟာ ဗီဇာနဲ့ ကျန်းမာရေးအာမခံတွေ အပြင် Thailand Pass ဆိုတာကိုလည်း ထပ်မံလျှောက်ရပြီး ရာဇဝတ်မှုကင်းရှင်းကြောင်းကိုလည်း ဖြည့်စွက်ရတာတွေရှိကြောင်းလည်း သူတို့က ပြောပါတယ်။

    စစ်ကောင်စီက အနုပညာရှင်အချို့ကို ၅၀၅ က အရေးယူမယ်လို့ ထုတ်ပြန်ထားခဲ့သလို အချို့ကိုလည်း ပြန်ပြီး ပယ်ဖျက်ပေးခဲ့တာရှိပါတယ်၊

    လေဆိပ်ရဲက သရုပ်ဆောင်မော်ဒယ် သန္တာလှိုင်ကို စစ်ဆေးစရာရှိတယ်လို့ ဆိုပြီး ခေါ်သွားပြီးနောက် လေယာဥ်လက်မှတ်ကို လာပြီးဖျက်သိမ်းခဲ့တယ်လို့ အဲ့ဒီခရီးစဥ်မှာလိုက်ပါလာခဲ့သူတွေက ပြောပါတယ်၊

  5. မန္တလေးမှာ ကိုဗစ်လူနာ သေဆုံးမှုတွေပြန်ရှိလာ

    နိုဝင်ဘာလဆန်းကစပြီး ကိုဗစ်-၁၉နဲ့ သေဆုံးသူ လူနာတွေကို မန္တလေးမှာ ပြန်ရှိလာပြီး နေ့စဉ် သင်္ဂြိုဟ်ပေးနေရတယ်လို့ မန္တလေးက လူမှုကူညီ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

    " ဆေးရုံကြီးမှာလည်း သေတယ်။ ဒီနေ့ဆို မင်္ဂလာဆေးရုံက positive နဲ့ နှစ်ယောက်သေတယ်။ အခု ဦးတို့ သွားပြီးသင်္ဂြိုဟ်ပေးနေရတယ်။ ဒီအဖွဲ့ တစ်ရက်ကို တစ်ယောက်၊ နှစ်ယောက်က ပုံမှန် သင်္ဂြိုဟ်ပေးနေရတယ်"လို့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူလူနာတွေ ပို့ဆောင်ပေးနေရတဲ့ အခြေအနေကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

    အောက်တိုဘာလပိုင်း မန္တလေးတိုင်းမှာ ကိုဗစ်နဲ့သေဆုံးသူ မရှိသလောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    အခု နိုဝင်ဘာလဆန်းမှ ကိုဗစ်-၁၉ ရောဂါကုသရင်း ဆေးရုံမှာ သေဆုံးသူတွေရှိလာပြီး သူတို့ကို သင်္ဂြိုဟ်ပေးရတာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတွေက သိရပါတယ်။

    " တချို့က သူ့အစီစဉ်နဲ့သူ ဆေးရုံကြီး၊ ကန်တော်နဒီတို့ကို သွားကြတယ်။ သေဆုံးမှ ဆေးရုံကလှမ်းဆက်လို့ သွားရတာ။အောက်တိုဘာလတွင်းမှာ မပို့ပေးရဘူး။ နိုဝင်ဘာလမှာ ပြီးခဲ့တဲ့ရက်က တစ်ယောက် ပို့ပေးရပြီ"လို့ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သေဆုံးလူနာတွေ ပို့ဆောင်ပေးခဲ့ရတာကို ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    မန္တလေးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ဆေးရုံကြီး၊ ကန်တော်နဒီ၊ ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသ ခံယူမှုတွေ ပြုလုပ်ကြပါတယ်။

    နိုဝင်ဘာ ၁၄ရက်မှာ ပညာရေးကောလိပ် TTC က ကိုဗစ်အတည်ပြုလူနာ ၁၉ဦးကို ကုသဖို့ ကန်တော်နဒီဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ လူမှုကူညီရေးအသင်းတစ်ခုက ပြောပါတယ်။

    နိုဝင်ဘာ ၁၃ရက်နေ့ မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ ဦး ရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

  6. ဖမ်းထားတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

    နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ မမြတ်ဆုမွန်ကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန၊ ပထမနှစ်ကျောင်းသူ မမြတ်ဆုမွန်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုပြီး နိုဝင်ဘာ ၁၂ ရက်၊ ည ၁၀ နာရီခန့်မှာ အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ မသီရိမိုးကို လာရောက်ဖမ်းဆီးခဲ့ပြီး သူ့ကိုနေအိမ်မှာမတွေ့လို့ မိခင်နဲ့ ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

    ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုးက သူ့ရဲ့ ညီမဖြစ်သူ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြန်လွတ်လာပေမဲ့ သူ့မိခင်ကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားပြီး စစ်ကြောရေးမှာပဲ ဆက်ရှိနေသေးတဲ့ အတွက် အလွန် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

    ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ခ(က) နဲ့ စစ်တရားရုံးမှာ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ (၃)ရက်နေ့ကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုစည်သူအောင်တင်ကို ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

  7. ဖားကန့်မှာ ဂျက်လေယာဥ်တွေသုံးပြီးစစ်ကောင်စီက တိုက်နေတယ်လို့ ကေအိုင်အေပြော

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ KIA ဘက်က ပြောပါတယ်။

    ကေအိုင်အေ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း၆ နယ်မြေမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်ကျေးရွာအုပ်စု နမ်ဂျန်ရွာအနီးက စစ်ကောင်စီစခန်း ၃ခုကို KIA ဘက်ကနေ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီနောက်မှ စစ်ကောင်စီဘက်က ဂျက်လေယာဥ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပြီး တိုက်ပွဲအခြေနေ အသေးစိတ်ကို မသိရသေးဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဖားကန့်မြို့နယ် အနီးမှာ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး မနေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃ ခုကို နိုဝင်ဘာလ ၁၄ ရက်နေ့က သိမ်းပိုက်လိုက်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်၊

    ဖားကန့်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အားကောင်းတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီက အင်တာနက်ဖြတ်ထားတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

    ဖားကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  8. ပြည်ပအထူးကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည့်နဲ့တွေ့ခွင့်မပေးတဲ့ရပ်တည်ချက် စစ်ကောင်စီမပြောင်းသေး

    ပြည်ပအထူးကိုယ်စားလှယ်တွေရဲ့မြန်မာခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးတဲ့ရပ်တည်ချက်ကို မပြောင်းလဲသေးဘူးဆိုပြီးစစ်ကောင်စီက ပြောလာပါတယ်။

    အခုရက်ပိုင်းအတွင်း တရုတ်၊ဂျပန်တို့လို အာရှအင်အားကြီးနိုင်ငံတွေကအထူးကိုယ်စားလှယ်တွေအပြင် မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်တို့ရဲ့ခရီးစဉ်တွေပေါ်ထွက်လာနေတာကြောင့် ဒီလူပုဂ္ဂိုလ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေး၊ မပေးကို ဘီဘီစီက စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ မေးမြန်းခဲ့တာဖြစ်ပါတယ်။

    ''ဒါတွေက နိုင်ငံတကာမှာလည်း ကျွန်တော်တို့ရဲ့သဘောထားရပ်တည်ချက်ကတော့ ပြောင်းလဲခြင်းမရှိပါဘူး။ ဒါတွေက နိုင်ငံတကာမှာလည်း ဆောင်ရွက်နေတာတွေဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံတည်းမှ ထူးဆန်းပြီး ဆောင်ရွက်နေတာမျိုးမဟုတ်ပါဘူး''လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်အကောင်အထည် ဖော်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ မြန်မာပြည်တွင်းကို လာဖို့ရှိတဲ့ အာဆီယံအထူးသံက သူ့ရဲ့ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ တောင်းဆိုမှုရှိခဲ့ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတွေကို ရင်ဆိုင်နေရသူဖြစ်လို့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး အာဆီယံထိပ်သီးဆွေးနွေးမတိုင်ခင်ကတည်းက ပြောထားတာဖြစ်ပြီး အခုအချိန်အထိ ဒီသဘောထားမပြောင်းလဲသေးတဲ့အကြောင်း ပြောလာတာဖြစ်ပါတယ်။

    လက်ရှိမှာ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်၊ တရုတ်အစိုးရရဲ့အထူးကိုယ်စားလှယ်အပြင် ထိုင်းဒုတိယဝန်ကြီးချုပ်တို့ရဲ့မြန်မာပြည်တွင်း ခရီးစဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စပ်ထွက်ပေါ်လာနေပါတယ်။

  9. ဒေါက်တာအေးမောင်အပါအဝင် တိုင်းရင်းသားပါတီအချို့နဲ့ ဒေါက်တာဆာဆာကာဝါတို့ ရန်ကုန်မှာ တွေ့ဖို့ရှိ

    ရခိုင့်ဦးဆောင်ပါတီ(AFP)က ဒေါက်တာအေးမောင်အပါအဝင် တိုင်းရင်းသားပါတီ ၄ နဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဆာဆာကာဝါတို့ လာမယ့် နိုဝင်ဘာလ ၁၇ ရက်မှာ ရန်ကုန်မြို့မှာတွေ့ဆုံဖို့ရှိနေတယ်လို့သိရပါတယ်။

    ဒေါက်တာ ဆာဆာကာဝါဟာ မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာဂျပန်အစိုးရရဲ့အထူးကိုယ်စားလှယ်လည်းဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေးပါတီအချို့နဲ့ ရန်ကုန်မှာတွေ့ဆုံမှုဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)ထဲမှာပါဝင်တဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေ တွေ့ဆုံတာဖြစ်နိုင်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

    ''ဒီမှာတွေ့တာက UPDJC အခြမ်းနဲ့ပတ်သက်နိုင်တယ်ဗျ။ ကျွန်တော်တို့က နိုင်ငံရေးပါတီအစုအဖွဲ့ဆုံပြီးမှလေ မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေ ပါဝင်နိုင်အောင် ရွေးကောက်လိုက်ကြတာကိုး။ အဲဒီမှာ တိုင်းရင်းသားပါတီ ၉ ပါတီနဲ့ ပြည်မပါတီ ၇ ပါတီ စုစုပေါင်း ၁၆ ပါတီကို ရွေးလိုက်ကြတယ်။ အဲဒီမှာအလုပ်အဖွဲ့ဆိုတာ သူတို့ရွေးကြတယ်။ UPDJC ရဲ့အလုပ်အဖွဲ့မှာလည်း ကျွန်တော်တို့ပါပုံပေါက်တယ်။ အဲတာကြောင့် မစ္စတာဆာဆာကာဝါလည်း ဒီရောက်နေတုန်း တွေ့ချင်တာဖြစ်နိုင်ပါတယ်။'' လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

    ဒေါက်တာ ဆာဆာကာဝါအနေနဲ့ လက်ရှိ သူလုပ်နေတဲ့အပိုင်းနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးမှာပါတဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ကို ဆွေးနွေးပြတာမျိုးလည်းဖြစ်နိုင်တယ်လို့ ဒေါက်တာအေးမောင်က ယူဆပါတယ်။

    မစ္စတာ ဆာဆာကာဝါဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုဝင်ဘာလ ၁၃ ရက်တုန်းက တွေ့ဆုံထားပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ဂျပန်နိုင်ငံကကူညီနေနဲ့အခြေအနေတွေကိုဆွေးနွေးထားပါတယ်။

    ဒေါက်တာဆာဆာကာဝါဟာ သူ့ရဲ့အခုတစ်ခေါက် မြန်မာပြည်တွင်းခရီးစဉ်မှာ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

    ရခိုင်အမျိုးသားပါတီ(ANP)ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ရေးအားပေးတောင်းဆိုခဲ့တဲ့ ဒေါက်တာဆာဆာကာဝါရဲ့မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုတယ်လို့ ပြောထားပါတယ်။

  10. အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ရဲ့သတင်းစာရှင်းလင်းပွဲရှိ, ဦးမင်းကိုနိုင်၊ဒေါက်တာတေဇာဆန်းနဲ့ သပိတ်ကော်မတီတွေက ကိုယ်စားလှယ်တွေ ပါဝင်မယ်

    ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးဆိုင်ရာအတွက်ဖွဲ့စည်းထားတဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က နိုဝင်ဘာလ ၁၆ ရက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

    အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ဆောင်နေတဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေကို ပြည်သူအား ရှင်းလင်းချပြနိုင်ဖို့ အခုလို သတင်းစာရှင်းလင်းပွဲကို ပြုလုပ်မယ်လို့ NUCC က ပြောပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အစုအဖွဲ့အသီးသီးက ခေါင်း ဆောင်တွေက ကောင်စီလုပ်ကိုင်နေတဲ့လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြမယ်လို့လည်း ဆိုပါတယ်။

    ဦးမင်းကိုနိုင်၊တိုင်းရင်းသားခေါင်းဆောင်အချို့၊၊သပိတ်ကော်မတီတွေနဲ့အမျိုးသမီးအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေပါဝင်ကြမယ်လို့ သိရပါတယ်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းကတည်းကပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကြောင့် အချိန်တစ်လကျော်မှ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။

  11. ခင်ဦးမှာ နွားစာမြက်ရိတ်နေတဲ့ အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦး ဝမ်းဗိုက်ကျည်ဒဏ်ရာနဲ့ သေဆုံး

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းရွာတောင်ဘက်မှာ နိုဝင်ဘာလ ၁၃ ရက်ညနေတုန်းက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဝမ်းဗိုက်ကို ကျည်ထိမှန်ထားတဲ့ဒဏ်ရာနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်ဆိုပြီး ဒေသခံတွေကပြောပါတယ်။

    သေဆုံးခဲ့သူဟာ ဦးသာအေးဆိုသူဖြစ်ပြီး မရမ်းအင်းရွာတောင်ဘက်မှာ နွားစာမြက်ရိတ်နေတုန်း စစ်ကောင်စီတပ်တွေခြောက်လှန့်ပစ်ခတ်ချိန် ကျည်ထိမှန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့ပြင် မနေ့တစ်နေ့တည်းမှာပဲ ခင်ဦးမြို့နယ်က ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြန်ကန်ရွာဘက်ကို သွားချိန် မြကန်နဲ့မရမ်းအင်းရွာကြားက ယာခင်းမှာရှိတဲ့တဲ ၂ လုံးနဲ့ ဆိုင်ကယ် ၄ စင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ခင်ဦးက ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  12. နတ်မောက်ဈေးကြီးမီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ ကျော် ပျက်စီး

    မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်မှာရှိတဲ့ နတ်မောက်မြို့မဈေးကြီးမှာ မနေ့ နိုဝင်ဘာလ ၁၃ ရက်ညပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၄၀ ကျော်မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။

    မီးလောင်မှုဟာ မနေ့ည ၁၀ နာရီနီးပါးမှာ စတင်ခဲ့တာဖြစ်ပြီး မီးသတ်ကား ၁၃ စင်းနဲ့ ၂ နာရီနီးပါး မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။

    ဒေသခံတွေကတော့ နတ်မောက်မြို့တွင်းမှာ ည ၈ အချိန်ဆို လူသွားလူလာရှင်းလင်းချိန်မှာ ဈေးအတွင်းပိုင်းကနေ မီးလောင်မှုစတင်တာလို့ပြောပါတယ်။

    ညဘက် မီးလောင်ချိန် ဆိုင်ရှင်အချို့က သူတို့ဆိုင်တွေထဲက ပစ္စည်းတွေကို နိုင်သလောက် သယ်ယူရေး ဈေးထဲ ဝင်ဖို့ ကြိုးစားပေမဲ့ စစ်ကောင်စီတပ်တွေက သေနတ် မိုးပေါ်ထောင်ပစ်ပြီး တင်းတင်းကျပ်ကျပ်ပြုမူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မီးသတ်တပ်ဖွဲ့ကတော့ မီးစလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

  13. ဖမ်းမိထားတဲ့ RCSS တပ်ဖွဲ့က စစ်သုံ့ပန်း ၁၁ ဦး ပြန်လွှတ်မယ်လို့ SSPP/SSA ပြော

    ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က ဖမ်းမိထားတဲ့ RCSS ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီရဲ့ တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၁ ဦး ပြန်လွှတ်မယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဘုန်းဟန်က ဘီဘီစီကို ပြောပါတယ်။

    SSPP/SSA နဲ့ RCSS တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ကျောက်မဲဒေသ မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်သုံ့ပန်း ၁၁ ယောက် ဖမ်းမိခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က မိုင်းကိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ ၂ ယောက် ဖမ်းမိထားတဲ့ အထဲက လွှတ်ပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    အခုလို ဖမ်းမိထားတဲ့ စုစုပေါင်း ၁၃ ယောက်ထဲက တဦးက လမ်းခရီးမှာတင် တိုက်ပွဲအတွင်းရတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး နောက်တဦးကတော့ ဌာနချုပ်မှာ ဆေးကုသပေးထားရင်း သေဆုံးခဲ့တဲ့အတွက် ၁၁ ဦး လွှတ်ပေးမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူး စိုင်းဘုန်းဟန် က ပြောပါတယ်။

    အခုလို ဖမ်းမိထားခဲ့သူ ၁၃ ဦးစလုံးဟာ စစ်သုံ့ပန်းတွေဖြစ်ပြီး အရပ်သားတွေ မပါဝင်ပေမယ့် အရပ်သားတွေကို ခေါ်ယူမေးမြန်းတာတော့ ရှိတယ်လို့ ဆိုပါတယ်။

    SSPP/SSA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက RCSS စစ်သုံ့ပန်း စုစုပေါင်း ၃ ကြိမ် ဖမ်းဆီးမှုရှိခဲ့ရာမှာ အခုလက်ရှိ လွှတ်ပေးမယ့် ၁၁ ဦး အပါအဝင် လွှတ်ပေးသူ ၃၀ နီးပါးရှိတယ်လို့ ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောပါတယ်။

    SSPP/SSA နဲ့ RCSS တို့ စစ်သုံ့ပန်းချင်း လဲလှယ်ဖို့ ကတော့ ယခင်ကတည်းက အောင်မြင်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

    RCSS ဘက်ကလည်း SSPP/SSA တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတာ ရှိနေပြီး အဲဒီ အရေအတွက်ကိုတော့ SSPP/SSA ဘက်တော့ ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

  14. ရိုဟင်ဂျာအရေးကို ကမ္ဘာ့ခေါင်းဆောင်တွေ လေးလေးနက်နက် ကိုင်တွယ်သင့်ပြီလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

    မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စကို ကမ္ဘာ့ခေါင်းဆောင်တွေက လေးလေးနက်နက် ကိုင်တွယ် လုပ်ဆောင်သင့်ပြီလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောကြားလိုက်ပါတယ်။

    နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြင်သစ်မြို့တော် ပါရီမှာ ကျင်းပနေတဲ့ ပါရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ မစ္စ ဟာစီနာက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်းက ရိုဟင်ဂျာအရေးနဲ့ သက်ဆိုင်တဲ့ လုံခြုံရေး အကျပ်အတည်းတွေက ပြည်တွင်းမှာတင် ဖြစ်နေမှာမဟုတ်ဘဲ သက်ရောက်မှု ပိုမို ကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေကို မြင်နေရတယ်လို့လည်း မစ္စဟာစီနာက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို လက်ခံစောင့်ရှောက်ပေးထားခြင်းအားဖြင့် ကမ္ဘာပေါမှာ ဒေသတွင်း ပဋိပက္ခ အကျပ်အတည်းကြီး တခုဖြစ်လာမယ့် အခြေအနေကို ကူညီရှောင်ရှား ပေးနိုင်ခဲ့တယ်လို့လည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားထားပါတယ်။

    ၂၀၁၇ ခုနှစ် မတိုင်ခင် ကာလတွေမှာလည်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့က်ဆက် ဘဇား ဒေသထဲကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀ဝ၀ဝ၀ လောက် ရှိနေပြီးသား ဖြစ်ပြီး ၂၀၁၇ နောက်ပိုင်းမှာတော့ နောက်ထပ် ရိုဟင်ဂျာဒုက္ခသည် ၇၀ဝ၀ဝ၀ လောက် ထပ်မံ ထွက်ပြေးလာကြတာ ဖြစ်တယ်လို့ World Vision အဖွဲ့က ဆိုပါတယ်။

    ပြီးခဲ့တဲ့ မတ်လမှာတော့ ကော့က်ဆက်ဘဇား ဒေသအတွင်း အကြီးအကျယ် မီးလောင်မှုတွေ ဖြစ်ပွားရာမှာ ဒုက္ခသည် ခိုလှုံရာ အဆောက်အအုံတွေ၊ အစားအစာနဲ့ ရေဖြန့်ဖြူးရာ နေရာတွေနဲ့ တကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ ဝန်ဆောင်မှု အဆောက်အအုံတွေ တသောင်းကျော် ပျက်စီးခဲ့တဲ့အတွက် ရှိနေတဲ့ တသန်းနီးပါး ရိုဟင်ဂျာဒုက္ခသည်တွေ ပိုပြီး အခက်ကြုံခဲ့ရပါတယ်။

  15. ဂျပန်အထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့တွေ့

    မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဥ်တွေမှာ ပါဝင်ခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟိ ဆာဆာကာဝါဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ်သူ မစ္စတာ ယိုဟိ ဆာဆာကာဝါနဲ့ အဲဒီတွေ့ဆုံခဲ့မှုမှာ မြန်မာ့နိုင်ငံရေးအခြေအနေတွေ၊ ငြိမ်းချမ်းရေး ဖြစ်စဥ်တွေနဲ့ ဂျပန်နိုင်ငံက ကူညီနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အားပေးတောင်းဆိုခဲ့တဲ့ သူ့ရဲ့ အခုတစ်ခေါက် ခရီးစဥ်ကို ရခိုင်အမျိုးသားပါတီက ကြိုဆိုပြီး ရလဒ်ကောင်းတွေ ထွက်လာနိုင်တယ်လို့ မနေ့က ပြောထားပါတယ်။

    ဂျပန်အစိုးရဟာ မြန်မာ့ဒီမိုကရေစီရေးကို အားပေးပြီး ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုပေမဲ့ စစ်ကောင်စီ အစိုးရကို ပိတ်ဆို့အရေးယူမှုတွေမလုပ်တဲ့ မူဝါဒကို ကျင့်သုံးနေပါတယ်။

  16. စစ်ကောင်စီခန့် သံတမန် ငါးဦးကို ဂျပန် အတည်ပြု

    ဂျပန်အစိုးရဟာ မြန်မာနိုင်ငံ စစ်ကောင်စီ အစိုးရက ဂျပန်နိုင်ငံ မြန်မာသံရုံးမှာ ခန့်အပ်ဖို့အတွက် တင်ပြထားတဲ့ အရာရှိငါးဦးကို အတည်ပြုပေးလိုက်တယ်လို့ ဂျပန်သတင်းစာတွေက ပြောပါတယ်။

    မြန်မာစစ်ကောင်စီဘက်က အခုလို ခန့်အပ်မှုတွေကို ငြင်းဆန်ခဲ့ရင် မြန်မာပြည်တွင်းက ဂျပန်လူမျိုးတွေကို အကာအကွယ်မပေးနိုင်မှာစိုးရိမ်လို့ အခုလို လက်ခံခဲ့ရတာလို့ ဆိုပြီး မြန်မာ စစ်ကောင်စီအစိုးရနဲ့ လက်တွေ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိထားဖို့ လိုအပ်တယ်လို့လည်း ဂျပန် အစိုးရက ယူဆနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ မေလကတည်းက စပြီး သံတမန် ငါးဦးကို မြန်မာကိုယ်စားလှယ်တွေအဖြစ် သဘောထားအသိအမှတ်ပြုတာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ မတ်လတုန်းက ဂျပန်နိုင်ငံ မြန်မာသံရုံးက အရာရှိနှစ်ဦးဟာ မြန်မာစစ်ကောင်စီ အစိုးရကို သပိတ်မှောက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရပြီး ဂျပန်အစိုးရကတော့ အဲဒီ အရာရှိနှစ်ဦးကို ဂျပန်နိုင်ငံမှာ ဆက်နေခွင့်ပေးထားပါတယ်။

    ဒါ့အပြင် မြန်မာစစ်ကောင်စီက အလုပ်ထုတ်လိုက်တဲ့ သံရုံးအရာရှိနှစ်ဦးနေရာမှာ အစားထိုးမယ့် နှစ်ဦးရဲ့ သံတမန်ပြည်ဝင်ခွင့်ဗီဇာတွေကိုလည်း ဂျပန်နိုင်ငံက အတည်မပြုထားဘူးလို့ ဆိုပါတယ်။

    ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ အစိုးရ ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းမှုတွေကို ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထားသူ အားလုံးလွှတ်ပေးကာ ဒီမိုကရေစီလမ်းစဉ်အတိုင်း ပြန်သွားဖို့ တိုက်တွန်းထားပေမယ့် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ နိုင်ငံအသီးသီးရဲ့ မြန်မာအစိုးရအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေမှာတော့ မပါဝင်ခဲ့ပါဘူး။

  17. မုံရွာ၊ အရာတော်က ပြောင်းရွှေ့ခိုင်းထားတဲ့ ရွာတချို့ မီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

  18. ဒန်နီဖန်စတာ လွတ်မြောက်ရေး ဆက်လက်လုပ်ဆောင်မယ်လို့ အမေရိကန်အစိုးရပြော

    အမေရိကန်သတင်းစာဆရာ၊ ဖရွန်းတီးယားမြန်မာသတင်းခန်းရဲ့ စီမံအုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို မြန်မာစစ်တပ်အာဏာပိုင်တွေက ထောင် ၁၁ နှစ်ချမှတ်ခဲ့တဲ့အပေါ် အမေရိကန်အစိုးရက ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

    မြန်မာစစ်တပ်အာဏာပိုင်တွေဟာ အပြစ်မရှိသူတစ်ဦးအပေါ်မှာ အပြစ်ဒဏ်ချမှတ်တာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒန်နီဖန်စတာရဲ့ အခြေအနေကို အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး သူ့ကိုချက်ချင်းလွှတ်ပေးဖို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒန်နီဖန်စတာအနေနဲ့ သူ့နေအိမ်နဲ့ မိသားစုထံ လုံခြုံစိတ်ချစွာ ပြန်မရောက်မချင်း ဆက်လက်တွန်းအားပေးလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

    ဒန်နီဖန်စတာကို ပြီးခဲ့တဲ့မေလက အမေရိကန်ပြည်ထောင်စုကို ပြန်လည်ထွက်ခွာဖို့ ရန်ကုန်လေဆိပ်အရောက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခြောက်လအတွင်းမှာ အမှုပေါင်း ငါးမှုထိ တပ်ပြီး တရားစွဲဆိုထားတာပါ။

    အဲဒီငါးမှုထဲက သုံးမှုဖြစ်တဲ့ ပုဒ်မ ၅၀၅-က၊ လဝက အမှု၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) တို့နဲ့ စုစုပေါင်းထောင် ၁၁ နှစ်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးက နိုဝင်ဘာ ၁၂ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

    ဒန်နီဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ တို့ကိုလည်းအကျဉ်းထောင်တွင်းကနေ ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပြီး ဒီအမှုနှစ်ခုဟာလည်း အနည်းဆုံးထောင် ၁၀ နှစ်ကနေ အများဆုံးတစ်သက်တစ်ကျွန်းထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတဲ့ပုဒ်မတွေဖြစ်ပါတယ်။

  19. အာဏာသိမ်းပြီးတည်းက ပိတ်ထားရတဲ့ ပုပ္ပားက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကွန်ပျူတာသင်တန်းကျောင်း မီးလောင်မှု

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ပုပ္ပားကားလမ်းအနီး၊ ပုပ္ပားကျေးရွာမှာ ရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနဲ့ စာကြည့်တိုက် မနေ့ နိုဝင်ဘာ ၁၂ ရက်ညပိုင်းက မီးလောင်ခဲ့ပါတယ်။

    မီးလောင်မှုကြောင့် သင်တန်းကျောင်းအတွင်းက စာရွက်စာတမ်းတွေနဲ့ ပရိဘောဂတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

    သင်တန်းကျောင်းအတွင်း မီးလောင်တဲ့အချိန်ဟာ ညဦးပိုင်းဖြစ်လို့ လူသူအသွားအလာလည်း မရှိသလောက်ဖြစ်နေပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ သင်တန်းကျောင်းဟာ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရတယ်လို့လည်း သိရပါတယ်။

    ပိတ်ထားတဲ့သင်တန်းကျောင်းမှာ ခုလို ကျောင်းအတွင်းပိုင်းမီးလောင်မှုဖြစ်စဉ်ဟာ ရှို့မီးဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားမှုတွေလည်း လူမှုကွန်ရက်မှာပျံ့နှံ့နေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တချို့ကလည်း ရှို့မီးဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

  20. ရန်ကုန်အပါအဝင်ဒေသတချို့မှာ လူထုနေ့စဉ်ဘဝကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီ ကန့်သတ်မှုတွေလုပ်လာ