သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ၆.၂ သန်း ကုလ ထောက်ပံ့မယ်

    ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဥ်ရင် ကိုဗစ်ကာကွယ်ဆေး အနည်းငယ်သာထိုးပေးနိုင်သေးတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ ကိုဗက် (Covax) ကာကွယ်ဆေးထောက်ပံ့လှူဒါန်းတဲ့ အစီအစဥ်ကနေ ကနဦးအဆင့်အနေနဲ့ ကာကွယ်ဆေးအလုံးပေါင်း ၆.၂ သန်း ခွဲ၀ေသတ်မှတ်ထားတယ်လို့ ကုလသမဂ္ဂ က သတင်းထုတ်ပြန်ပါတယ်။

    ဒီကာကွယ်ဆေးတွေကို ကုသလမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ဦးစားပေးလမ်းညွှန်ချက်တွေနဲ့အညီ ဖြန့်၀ေရမယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံအတွက် ပေးအပ်မယ့် ကာကွယ်ဆေး နောက်ဆုံးအသုတ် ခွဲ၀ေသတ်မှတ်မှုကတော့ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ ကျား မနဲ့ လူမျိုးတွေအပေါ် ခွဲခြားခြင်းမရှိပဲ ပြည်သူတွေအားလုံးဆီကို လိုအပ်တဲ့ အတိုင်းအတာနဲ့ မြန်နှုန်းအတိုင်း ပေးပို့နိုင်ခြင်း ရှိမရှိအပေါ် မူတည်တယ်လို့လည်း ပြောပါတယ်။

    သတ်မှတ်ထားတဲ့ အအေးခန်းထားရှိမှု၊ ကျန်းမာရေး၀န်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး အာမခံမှုတွေအပေါ်မှာလည်း မူတည်တယ်လို့ ဆိုပါတယ်။

    ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ အခြေအနေတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အဓိက တာ၀န်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးနေပြီး ဒါဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ရည်ရွယ်သလို မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးမှုစနစ်ကို ပြန်လည်အသက်သွင်းပေးနိုင်ဖို့ လုပ်ဆောင်တဲ့ ပထမ ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

    ကိုဗက် (Covax) အစီအစဥ်ကနေ ခွဲဝေရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဖြန့်ဝေဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်နေသလားဆိုတာကိုတော့ တိတိကျကျ ပြောဆိုမထားပါဘူး။

    ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး နှစ်လုံးလုံးထိုးပြီးတဲ့ လူဦးရေဟာ ၆.၈ ရာခိုင်နှုန်းပဲ ရှိသေးပြီး လူဦးရေ ၁၃.၁ ရာခိုင်နှုန်းလောက်ကတော့ ကာကွယ်ဆေး ပထမတလုံး ထိုးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ၆.၂ သန်း ကုလ ထောက်ပံ့မယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. သတင်းထောက်ကျင့်၀တ်နဲ့ မညီလို့ အမေရိကန် သတင်းသမားကို ဖမ်းဆီးတာလို့ စစ်ကောင်စီ စွပ်စွဲ

    မေလ ၂၄ ရက်နေ့က ရန်ကုန်နိုင်ငံတကာ လေဆိပ်မှာ ဖမ်းဆီးခံထားရတဲ့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီ ဖန်စတာ (Danny Fenster) ဟာ သတင်းအလုပ်ထက် ကျော်လွန်ဆောင်ရွက်ခဲ့တာကြောင့် ခေါ်ယူ စစ်ဆေးနေတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲပါတယ်။

    အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒန်နီ ဖန်စတာရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးတာ မထိုးတာကတော့ သူ့ရဲ့ ရွေးချယ်မှုဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    သူ့ကို ဘာပုဒ်မတွေနဲ့ စွဲဆိုစစ်ဆေးနေသလဲဆိုတာနဲ့ ပတ်သက်လို့တော့ ထိန်းသိမ်းထားရမယ့် အခြေအနေဖြစ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတိအကျ ပြောဆိုသွားတာ မရှိပါဘူး။

    လက်ရှိမှာတော့ သူ့ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲထားတယ်လို့ သိရပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်ဝေခွင့်လိုင်စင်ပိတ်ပင်ခံထားရတဲ့ Myanmar Now သတင်းဌာနမှာ လုပ်ကိုင် ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူအဖမ်းခံရမှု ဆက်စပ်နေတယ်၊ ဒါပေမဲ့ သူဟာ Myanmar Now သတင်းဌာနကနေ နုတ်ထွက်ခဲ့တာ သူအဖမ်းမခံရခင် ၈ လကျော်အကြာ ၂၀၂၀ ဇူလိုင်လကတည်းက ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ပြောပါတယ်။

    အကျဥ်းထောင်ထဲမှာ ရက်ပေါင်း ၁၀၀ ကျော်ကြာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန် သတင်းသမား ဒန်နီ ဖန်စတာ့ကို နောက်ဆုံးရုံးထုတ်ခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့တုန်းက သူနေထိုင်မကောင်းဘူး၊ ကိုဗစ်ကာကွယ်ဆေးလည်း မထိုးရသေးသလို သူ့အမှုနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်ဘဲ အင်မတန် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အနေအထားမှာ တွေ့ရတယ်လို့လည်း ဦးသန်းဇော်အောင်က ဆိုပါတယ်။

    ဒန်နီ ဖန်စတာ အပါအ၀င် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပေမယ့် သတင်းထောက်တိုင်းဟာ သတင်းအလုပ်ကိုသာ မျှမျှတတလုပ်ရင် ဖမ်းဆီးစစ်ဆေးစရာမလိုဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသတင်းသမားတွေအပါအ၀င် သတင်းထောက် အယောက် ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

    သတင်းထောက်ကျင့်၀တ်နဲ့ မညီလို့ အမေရိကန် သတင်းသမားကို ဖမ်းဆီးတာလို့ စစ်ကောင်စီ စွပ်စွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဥ် နှစ်ဖက်ညှိုနှိုင်းနေဆဲ

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာ၀န်ယူထားတဲ့ ဘရူနိုင်းနိုင်ငံခြားရေး၀န်ကြီး ၂ ဖြစ်သူ အာရ၀မ် ယူဆွဖ် မြန်မာနိုင်ငံကို လာရောက်နိုင်ဖို့ ခရီးစဥ်အသေးစိတ်ကို နှစ်ဖက်ညှိုနှိုင်းနေဆဲဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံရဲ့ အကူအညီတွေလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    အာဆီယံရဲ့ အကူအညီတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တာ၀န်ယူ ဆောင်ရွက်နေတယ်လို့ ဆိုပေမယ့် ဘယ်သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထောက်ပံ့ကူညီပေးနေသလဲဆိုတဲ့ အသေးစိတ်ကိုတော့ အတိအကျ ပြောဆိုသွားတာ မရှိပါဘူး။

    ဧပြီလနှောင်းပိုင်းမှာ ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မထိခိုက်ဘဲ ပြည်တွင်းတည်ဆဲဥပဒေတွေနဲ့အညီ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    အာဆီယံရဲ ဘုံသဘောတူညီချက်ထဲမှာ ပါတဲ့ အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ဖို့ အဖွဲ့၀င်နိုင်ငံတွေကြား သဘောတူလက်ခံခဲ့ကြပေမယ့် ဒေသတချို့မှာ တိုက်ပွဲတွေ ဆက်ရှိနေသလို စစ်ကောင်စီတပ်တွေဘက်က ကျေးရွာတွေထဲ ၀င်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    တရား၀င်အစိုးရတရပ်အဖြစ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အသိအမှတ်ပြုခွင့်ရဖို့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ စစ်ကောင်စီကြား သံတမန်ရေး အားပြိုင်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ အာဆီယံ အဖွဲ့တွေဟာ နိုင်ငံတွေရဲ့ အစုအဖွဲ့သာ ဖြစ်တယ်၊ အစိုးရတွေ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဥ် နှစ်ဘက်ညှိုနှိုင်းနေဆဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. မြန်မာ့စီးပွားရေး ကျဆင်းမှု အပြည့်အ၀ တာ၀န်ယူမယ်လို့ စစ်ကောင်စီပြော

    မြန်မာ့ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ပြည်တွင်း စီးပွားရေး အထိနာမှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေနဲ့ ပြင်ပထိုးနှက်ချက်တွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ပြစ်တင်လိုက်ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေးနှုန်းတွ မြင့်တက်မှုကို တာ၀န်ယူမှု တာ၀န်ခံမှုရှိပြီး အကောင်းဆုံးဖြေရှင်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၃၀ ရက် ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ဒေါ်လာစျေးနဲ့အတူ နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေစျေးတွေ ဒီရက်ပိုင်း ဆက်တိုက်ဆိုသလို မြင့်တက်လာပြီး တဒေါ်လာကို မြန်မာကျပ်ငွေ ၂၆၀၀ ကျော်ထက်မနည်း ပြင်ပစျေးကွက်မှာ စျေးပေါက်ခဲ့တာပါ။

    တဆက်တည်းအနေနဲ့ ပြင်ပပို့ကုန်တွေဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီ နှုန်းထားတွေလည်း စံချိန်တင်မြင့်တက်ခဲ့ပြီး မြန်မာ့စီးပွားရေးလုပ်ငန်းဟာ တဖြည်းဖြည်း ကျဆင်းလာနေတာဖြစ်ပါတယ်။

    လက်ရှိမှာ ဗဟိုဘဏ်က ထုတ်ရောင်းနေတဲ့ ဒေါ်လာပမာဏဟာ ပြည်တွင်းလိုအပ်ချက်ကို လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

    ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

    ဒါပေမဲ့ စစ်အာဏာသိမ်းပြီး ၈ လအကြာ စက်တင်ဘာလ အစောပိုင်းနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးဟာ ၆၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့သလို အစားအသောက်နဲ့ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီး စီးပွားရေးကျဆင်းခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

    ဗိုလ်ချုပ်ဇော်မင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, MWD

  5. ယွမ် စျေးတက်လို့ မန္တလေးက တရုတ်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီနဲ့ ဈေးဆိုင်အချို့ ပိတ်ထား

    တရုတ်ယွမ်ဈေးမြင့်တက်လို့ မန္တလေးက တရုတ်ပစ္စည်းတင်သွင်း ရောင်းချတဲ့ ကုမ္ပဏီနဲ့ ဈေးဆိုင်အချို့ ပိတ်ထားရတယ်လို့ လုပ်ငန်းရှင်နဲ့ စားသုံးသူတွေက ပြောပါတယ်။

    ဆောက်လုပ်ရေးလုပ်ငန်းတွေမှာတော့ တရုတ်ထုတ်ကုန်ပစ္စည်းကို ၆၀ ရာခိုင်နူန်း အသုံးပြုကြပြီး ယွမ်ဈေးမြင့်တက်လာတာနဲ့ ပစ္စည်းအဝင်ပါ မရှိသလောက်ဖြစ်နေလို့ တရုတ်ထုတ် အိမ်ဆောက်ပစ္စည်းတွေရဲ့ အရောင်းအဝယ်ကို ခဏရပ်ထားရတာဖြစ်တယ်လို့ မန္တလေးမြို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်က ပြောပါတယ်။

    " အဝင်မရှိတော့ဘူး။ အခု ကုမ္ပဏီတွေကိုက အရောင်းရပ်ထားတယ်။ UPG လို အိမ်သုတ်ဆေး ကုမ္ပဏီတွေ၊အိတ်စပို့ သံ ကုမ္ပဏီတွေ ပိတ်တယ်။ ဘိလပ်မြေက ဈေးတက်တာပဲ ရှိတာ။ တရုတ်ကဝင်တဲ့ဟာတွေ အကုန်ပိတ်တယ်။ ဆောက်လက်စဟာတွေ ပစ္စည်းထပ်သွင်းရမှာကို ရပ်ထားပြီး ရှိနေတာကို သုံးတာ"လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    တရုတ်ကလာတဲ့ လူသုံးကုန်ပစ္စည်း ကုန်ပစ္စည်းတွေဟာ ဈေးမြင့်လာသလို ယွမ်ဈေးနူန်းကြောင့် အရောင်းရပ်ပြီး ဆိုင်ပိတ်ထားရတာတွေလည်း ရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

    စက်တင်ဘာ ၂၉ရက်နေ့က မြန်မာငွေ ကျပ် တစ်သိန်းဟာ တရုတ်ယွမ် ၂၅၀ ရှိပါတယ်။ စက်တင်ဘာ ၃၀ရက်နေ့မှာ မြန်မာငွေ ကျပ် တစ်သိန်းဟာ တရုတ်ယွမ် ၂၉၈ ယွမ် ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းခင် ဖေဖော်ဝါရီလက မြန်မာငွေ ကျပ်တစ်သိန်းကို တရုတ်ယွမ် ၄၆၅ ယွမ်စျေးပေါက်ခဲ့တယ်လို့ စျေးကွက်သတင်းတွေအရ သိရပါတယ်။

    တရုတ်ထုတ် စက်ပစ္စည်းတွေ ရောင်းချတဲ့ မန္တလေး ဈေးချိုက ဆိုင်ရှင်တစ်ဦးကလည်း" ဈေးတက်တာပဲ။ တရုတ်ပစ္စည်း အဝယ်ကို ဆိုင်တိုင်း ပိတ်တာ။ ဖေဖော်ဝါရီလက စပြီး တဖြည်းဖြည်းတက်လာတာ။ ဒီရက်တွေက ဈေးအတက်ကြမ်းတာပေါ့" လို့ လက်ရှိ ယွမ်ဈေးကြောင့် MP3 စက်တွေ ဈေးမြှင့်ရောင်းရတဲ့ အခြေနေကို ပြောပါတယ်။

    နယ်စပ်မှာလည်းငွေစျေးမငြိမ်လို့ တချို့ကုန်ပစ္စည်းအရောင်းဆိုင်တွေ အရောင်းအဝယ် ရပ်ထားရတယ်လို့ မူဆယ်နယ်စပ်ဘက် ဒေသခံတစ်ဦးက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. လွိုင်ကော်မြို့ ကုန်းသာကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေ

    စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ပြီး နှစ်ဘက်အကျအဆုံးရှိခဲ့တဲ့ ကုန်းသာကျေးရွာဘက်ကို လွိုင်ကော်က စစ်ကောင်စီတပ်ဘက်ကနေ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့က တစ်နေကုန်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စက်တင်ဘာလ ၂၉ ရက်နေ့က လွိုင်ကော်မြို့ ကုန်းသာကျေးရွာတိုက်ပွဲမှာ ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ဖယ်ခုံ PDF က ၄ဦး၊ KNDF က ၁ဦးနဲ့ ၅ဦးကျဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးများခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ KNDF ဘက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

    စစ်ကောင်စီဘက်က ၃၀ ကျော် ကျဆုံးတယ်လို့ KNDF ဘက်ကထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က အကျအဆုံး တစ်စုံတစ်ရာထုတ်ပြန်အတည်ပြုတာမျိုးမရှိပါဘူး။

    မနက် ၈ နာရီလောက်ကတည်းက အခုအချိန်ထိ လက်နက်ကြီးတွေနဲ့ပစ်နေတုန်းပဲ ရွာက‌လူတွေကတော့ရှောင်နေရတယ် မိုးတွေလည်းရွာနေတယ်လို့ ‌ဒေသခံက ဘီဘီစီကို ပြောပါတယ်။

    ကုန်းသာကျေးရွာမှာ တိုက်ပွဲတွေမဖြစ်ခင် ကယားပြည်နယ်မှာ အင်အားတိုးချဲ့ ဖို့ စက်တင်ဘာ ၂၈ ရက်နေ့ က ရှမ်းကယားနယ်စပ်ဖယ်ခုံကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ တွေဖြစ်ခဲ့ပြီး အဲဒီနောက်ဖယ်ခုံကနေ ရှေ့ဆက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ လွိုင်ကော်မရောက်ခင် ကုန်းသာကြားမှာ ကာကွယ်ရေးအဖွဲ့တွေကြား ထပ်မံတိုက်ပွဲဖြစ်ကြတာလို့ ဒေသခံတွေကပြောပြပါတယ်။

    ကုန်းသာကျေးရွာအပြင် ရှမ်းကယားနယ်စပ်ဖယ်ခုံမြို့နဲ့ မိုးဗြဲမြို့အနီးတစ်ဝိုက်နေရာတွေမှာလည်း တိုက်ပွဲတွေဖြစ်လို့ ရွာခံတွေထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အာဏာသိမ်းကာလ ၈လတာအတွင်း စစ်အာဏသိမ်းမှုကိုလက်မခံဘဲဆန့်ကျင်တော်လှန်ကြတဲ့ ဒေသတွေထဲ ကယားပြည်နယ်မှာတော့ လက်နက်ကိုင်ပြန်လည်တိုက်ခိုက်မှုတွေက အခုရက်ပိုင်း ပိုအရှိန်မြင့်လာနေပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, KNDF

  7. မင်းတပ်ကနေ စစ်ရှောင်တွေ ထပ်ရောက်လာလို့ ကျောက်ထုစစ်ရှောင်စခန်းမှာ ရိက္ခာလိုအပ်ချက် ရှိလာ, စစ်ရှောင်တွေအတွက်လိုအပ်တဲ့ ရိက္ခာ၊ဆေးဝါး သယ်ယူမယ့်လမ်းကြောင်းတွေပိတ်ဆို့ကန့်သတ်ခံနေရတယ်လို့ဆို

    မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာမင်းတပ်မြို့နဲ့ယောနယ်တဝိုက် စစ်ဘေးရှောင်လာသူတွေကိုလက်ခံကူညီပေးနေပြီး အခုနောက်ပိုင်း စစ်ရှောင်ဦးရေများလာတာကြောင့် လိုအပ်ချက်နဲ့အခက်အခဲတွေရှိနေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ မင်းတပ်မြို့တွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မင်းတပ်ကနေ ကျောက်ထုစစ်ရှောင်စခန်းတွေဆီကိုရောက်လာတဲ့ စစ်ဘေးရှောင် အရေအတွက်ပိုများလာတဲ့အတွက် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၀၀၀ ဝန်းကျင်လောက်ရှိလာပြီးလိုအပ်ချက်နဲ့အခက်အခဲတွေပိုကြုံလာရတယ်လို့ ဆိုပါတယ်။

    " အရေအတွက်က ထပ်တိုးလာဖို့ရှိသေးတယ်။ ပြီးခဲ့တဲ့ တပတ်ကစလို့ ခြေလျင်ပြေးလာသူတွေ၊ ဆိုင်ကယ်နဲ့ပြေးသူတွေ၊ ကျောက်သယ်ကားတွေနဲ့ပြေးလာတဲ့ မင်းတပ်ကစစ်ရှောင်တွေအများကြီးထပ်ရောက်လာတယ်။ အရင်ဆုံးလိုအပ်တာတော့နေရာထိုင်ခင်းအဆောက်အဦတွေလိုတယ်။ စားနပ်ရိက္ခာလိုတယ်။အခု စစ်ဘေးရှောင်တွေအတွက် ရိက္ခာယူတဲ့လမ်းကြောင်းတွေလည်း ပိတ်ဆို့ခံထားရလို့ကျောက်ထုအနီးကပဲရှာဖွေဝယ်ယူကျွေးနေရတယ်။ ရေရှည်မှာတော့မလွယ်နိုင်ဘူး" လို့ကျောက်ထုစစ်ရှောင်စခန်းကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အရင်က စစ်ဘေးရှောင်တွေအတွက် ရိက္ခာသယ်ယူရာမှာတော့ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ပေါက်၊သရက်တော စတဲ့ဒေသတွေဘက်တွေကသယ်ပေမယ့် အခုအဲ့ဒီလမ်းကြောင်းတွေမှာစားနပ်ရိက္ခာနဲ့ဆေးဝါးတွေကို သယ်ယူခွင့်ပိတ်ထားတဲ့အပြင် စောင်၊ ခြင်ထောင်စတာတွေကိုပါသယ်ယူခွင့်မပေးဘူးလို့စစ်ရှောင်စခန်းတာဝန်ခံတွေကဆိုပါတယ်။

    ဒီလို စစ်ရှောင်တွေအတွက် အခြေခံစားသောက်ကုန်နဲ့လိုအပ်ချက်တွေကိုပိတ်ပင်တာတာတွေဟာဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့မယ့် ပစ္စည်းတွေလို့ယူဆချက်နဲ့ပိတ်ပင်တာဖြစ်နိုင်ကြောင်း လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

    ဒါပေမဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကျောက်ထုမြို့နယ်ကစစ်ရှောင်စခန်းတွေကိုတော့ အခုလို ရိက္ခာလမ်းကြောင်းပိတ်ပင်မှုတွေကိုဖြေလျှော့ပေးစေလိုကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။

    စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရုံးချိန်းတက်, ရှေ့နေအဖွဲ့နဲ့သီးခြားတွေ့ဆုံခွင့်မရ

    စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်စွပ်စွဲထားတဲ့ အမှုတွေထဲက နိုင်ငံတော်လျှိုဝှက်ချက်အက်ဥပဒေဆိုင်ရာအမှုအတွက် ဒီနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ပြုလုပ် တဲ့ ဒုတိယအကြိမ်ကြားနာမှုကို လူကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။

    ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ် အပါအဝင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ဒုဝန်ကြီးဦးဆက်အောင်တို့ကိုပါ တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့ရုံးချိန်းကိုတော့ အထူးတရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အမှုတွဲမှာစွပ်စွဲခံရသူတွေများတာကြောင့် အဲဒီထဲကလူပုဂ္ဂိုလ်အချို့အတွက် ရှေ့နေအဖြစ်ဆောင်ရွက်ဖို့ ပါဝါတင်မယ့် ရှေ့နေတွေလည်းပါလို့ ဒီနေ့တရားရုံးမှာ တရားခွင်ထဲဝင်ဖို့ ရှေ့နေ ၁၀ ဦးကျော်အထိရှိခဲ့ပါတယ်။

    ဒါပေမဲ့ ရှေ့နေတွေအားလုံးတရားခွင်ကို ဝင်ရောက်ခွင့်ရရေးအကန့်အသတ်တွေကြုံခဲ့ရတယ်လို့ ဒီနေ့ရုံးချိန်းကို သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ရှေ့နေတစ်ဦးက ပြောပါတယ်။

    ‘ရှေ့နေတွေကို ဝင်ခွင့်ကန့်သတ်တာပါ။ အခြေအနေအကြောင့်လို့လို့ ပြောပါတယ်။ အဲဒီလို ကန့်သတ်တာကိုတော့ ရဲကို ရှေ့ရုံးချိန်းမှာ စီစဉ်ပေးဖို့ ပြောပါတယ်။ ဒေါ်စုလည်းလာပါတယ်။ အရင်လို တွေ့ခွင့်မရ။ ရုံးရှေ့မှာပဲတွေ့ရတယ်။။ ဒါက ဥပဒေအရ ကန့်သတ်လို့မရဘူးဗျ။ အစဉ်အလာကြီးတစ်ခုလို ဖြစ်လာမယ်။ ဒီတစ်ခေါက်ဖြစ်လာတာကိုက အကြောင်းပြ ချက်မခိုင်လုံဘူးဗျ။ အမှုသည်ရဲ့အခွင့်အရေးလည်း ဖြစ်တယ်။ ဆယ်ယောက်ဖြစ်ရင်ဖြစ်မှာပေါ့။ နေရာထိုင်ခင်းကို အကြောင်းပြပြီးကန့်သတ်တာပါ။’ လို့ အဲဒီရှေ့နေက ပြောပါတယ်။

    ဒီအမှုဟာ မစ္စတာရှောင်တာနယ်ရဲ့လက်(ပ်)တော့နဲ့စာရွက်စာတမ်းတွေမှာတွေ့ရတဲ့ အချက်အလက်တွေအရ စွဲဆို ထားတာဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ လျှို့ဝှက်ချက်အက်ဥပဒေဟာ ရန်သူနိုင်ငံတွေ ရှိတဲ့ကာလက ပြဋ္ဌာန်းခဲ့တာမို့ လက်ရှိမြန်မာနိုင်ငံမှာ ရန်သူနိုင်ငံမရှိတဲ့အချက်ကို ကိုးကားပြီး ရှေ့နေတွေက ခုခံလျှောက်လဲဖို့ပြင်ဆင်နေပါတယ်။

    'တကယ်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကိစ္စတွေပါ။ နိုင်ငံတော်လျှို့ဝှက်ချက်တွေမဟုတ်ဘူး' လို့ ရှေ့နေ ဦးကြည်ဝင်း ကအစောပိုင်းမှာ ဘီဘီစီကိုပြောထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ်စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။