မြောင်မြို့၊ ပရိမ္မရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေ, ရွာသား (၂)ဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ပရိမ္မရွာကို ဒီနေ့ စက်တင်ဘာ (၈)ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ဖောက်ဝင်ရောက်တာကြောင့်ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေ ကြရပြီး ရွာသား (၂)ဦးဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ရွာအတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုပါ ဝင်ရောက်ရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက်ပိုင်းမှာ ကျောက်ရစ်ရွာမှာတပ်စွဲထားတဲ့ အဖွဲ့တွေက ပရိမ္မရွာဘက်လာတယ်။ ပရိမ္မရွာဘက်သွားတဲ့လမ်းကိုက ဒေသကာကွယ်ရေးဘက်က သစ်ပင်တွေလှဲပြီး လမ်းတွေ ဒီရှေ့ရက်ကပဲ ပိတ်ဆို့ထားတာ၊ အဲ့ဒါကို ကျောက်ရစ်နဲ့ ပရိမ္မရွာကြားက အုတ်နှဲဘုက်ရွာက ရွာသား (၁၅)ယောက်လောက်ခေါ်ပြီးလမ်းရှင်းခိုင်းတယ်၊ ပြီးတာနဲ့ အခု ပရိမ္မရွာထဲ ဝင်ရောက်ရှာဖွေ တော့တာပဲ”လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
ပရိမ္မရွာဘက်သွားတဲ့လမ်းဟာ ချင်းတွင်းမြစ်ကူးတံတားကတဆင့် ချောင်းဦးလမ်းမဘက်ကို သွားနိုင်ပြီး မုံရွာ၊ ပခုက္ကူဘက်ကိုပါသွားလာနိုင်တဲ့လမ်းဖြစ်တာကြောင့် စစ်ကောင်စီတပ်ကူတွေမလာနိုင်အောင် ဒေသခံကာကွယ်ရေးဘက်က လမ်းပိတ်ဆို့ထားတာလို့ သိရပါတယ်။
မနေ့ အောက်တိုဘာ (၇)ရက် တစ်ရက်ထဲမှာပဲ မြောင်မြို့ပေါ် ကွက်သစ်ရပ်ကွက်က လူငယ် တချို့ ဖမ်းဆီးခံရသလို ဆွဲလဲအိုရွာအတွင်းက နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုတွေလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြောင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ မင်းတန်းရွာကိုလည်း မနေ့က ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်တဲ့အပြင် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ နေအိမ်(၂)လုံး၊ ရွာအစပ်နဲ့ တောထဲကတဲ (၅)လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။ မင်းတန်းရွာကမီးလောင်ကျွမ်းနေတဲ့နေအိမ်တွေကို မီးငြှိမ်းဖို့လာတဲ့ ရွာသား(၂)ဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဘီဘီစီဘက်ကသီးသန့်အတည်မပြုနိုင်ခဲ့ပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြောင်မြို့ပေါ်၊ နဂါးပေါက်ရွာ၊ ကျောက်ရစ်ရွာနဲ့ နဘက်ရွာ စတဲ့ နေရာ (၄) နေရာမှာ စခန်းချထားပြီး အနီးအနားရွာတွေကို နေ့စဉ်ရှာဖွေမှုတွေလုပ်တာကြောင့် ရှာဖွေနေတဲ့အချိန်ဆို ရွာခံတွေထွက်ပြေးကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြန်သွားချိန်မှသာ ရွာထဲ ပြန်လာကြရတယ်လို့ပြောကြပါတယ်။ လူငယ်၊ လူလတ်အရွယ် အမျိုးသားရော အမျိုးသမီးတွေလည်း ရွာထဲမနေရဲကြဘဲ ရှောင်တိမ်းနေကြရတယ်လို့ မြောင်ဒေသခံတွေကပြောပါတယ်။ အခုလို ရွာတွေထဲ ဝင်ရောက်ရှာဖွေမှုနဲ့ နေအိမ်မီးရှို့တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ချက်မရှိသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ










