ရေစကြိုမြို့ကအုပ်ချုပ်ရေးမှူးအချို့ကျန်းမာရေးအကြောင်းပြတစ်ပြိုင်နက်နုတ်ထွက်စာတင်
မကွေးတိုင်း၊ရေစကြိုမြို့ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့နေအိမ်ဝန်းအတွင်းဗုံးခွဲခံရပြီးတဲ့နောက် ရေစကြိုမြို့မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေးအကြောင်းပြ နုတ်ထွက်စာတင်လာကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
'' အောက်တိုဘာလ ၂ ရက် ညနေ ၆ နာရီ ကျော်က ရေစကြို အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်လှိုင်ရဲ့နေအိမ်ဝန်းထဲမှာဗုံးပေါက်တယ်။လူထိခိုက်တာမရှိပေမယ့် တော်တော်စိုးရိမ်သွားကြတယ်။အဲဒီတော့ မနေ့က နဲ့ ဒီနေ့က စပြီး ကျန်းမာရေး အကြောင်းပြပြီးနုတ်ထွက်စာတင်ကြတယ်ပြောတယ် '' လို့ ရေစကြိုမြို့ခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ နုတ်ထွက်စာတင်တဲ့အုပ်ချုပ်ရေးမှုး (၅) ဦးရှိပြီး ရေစကြိုမြို့ပေါ် ရပ်ကွက်(၇)၊(၂)၊ (၄)၊(၅) နဲ့ (၈) ရပ်ကွက်အုပ်ချုပ်ရေမှူးတွေဖြစ်တယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်အတွင်း ဖေဖော်ဝါရီလ(၁)ရက် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃)ရက်အထိ ရေစကြိုမြို့ပေါ်အုပ်ချုပ်ရေးမှုးတွေအပါအဝင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေရဲ့ကျန်းမာရေးနဲ့ မိသားစုကိစ္စအကြောင်းပြနုတ်ထွက်မှုဟာ (၂၉)ဦးအထိရှိလာပြီလို့ အုပ်ချုပ်ရေးပိုင်းစာရင်းတွေအရသိရပါတယ်။ People Defense Force Yesagyo ရဲ့ စက်တင်ဘာ ၃၀ရက် နောက်ဆုံးထားပြီး အုပ်ချုပ်ရေးမှူးတွေနှုတ်ထွက်ကြဖို့ ထုတ်ပြန်ပြီးတဲ့နောက် ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အခုလို နုတ်ထွက်လာကြတယ်လို့ဆိုပါတယ်။ ရေစကြိုမြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိပြီးအုပ်ချုပ်ရေးမှူး(၈)ဦးရှိကာ ကျေးရွာအုပ်စု(၈၁)အုပ်စုမှာ အုပ်စုအုပ်ချုပ်ရေးမှူး(၈၁)ဦးရှိတာကြောင့် ရေစကြိုမြို့ပေါ်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးစုစုပေါင်း(၈၉)ဦးရှိတယ်လို့ အုပ်ချုပ်ရေးစာရင်းတွေအရသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

















