ကိုဗစ်ကပ်ရောဂါကြောင့် ကာလရှည်ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေကို စစ်ကောင်စီဘက်က ဇွန်လ ၁ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လဆန်းမှာပဲ
ကိုဗစ်တတိယလှိုင်းကြောင့် အခြေခံပညာကျောင်းတွေကို ပြန်ပိတ်ခဲ့တာပါ။
အခုတော့ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနဘက်က
စတင်စီစဉ်နေပြီလို့ ပညာရေးအသိုင်းအဝိုင်းကသိရပါတယ်။ အောက်တိုဘာလအတွင်းမှာတော့ သက်ဆိုင်ရာကျောင်း အလိုက် ကျောင်းအုပ်ကြီးတွေထံ ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ရမယ့်အ
ချက်တွေပေးပို့လာတယ်လို့ ဆိုပါတယ်။
“ကျွန်တော်သိရသလောက်တော့ မူလတန်း၊အလယ်တန်းရော အထက်တန်းပါ အခြေခံပညာအကုန်ဖွင့်မယ် လို့ ကြားထားတယ်။ တိုင်းပညာရေးတွေကနေ စာပို့လာတာပေါ့။ အဓိက ကိုဗစ်ဆေးထိုးဖို့အတွက် အသက် (၁၂) နှစ်အထက် ကျောင်းသားစာရင်းတွေ ပေးဖို့တောင်းတယ်။ နောက် ဆရာ၊ဆရာမတွေကိုလည်း ကျောင်းပြန်တက်ဖို့ ပြင်ဆင်ဖို့ စာတွေပို့ ခိုင်းတယ်။ နောက် ကျောင်းတွေကို ပြင်ဆင်ရမှာလည်း အရင်လို ၆ပေခြားမဟုတ်တော့ဘဲ၄ပေခြား ခုံတွေကို ထားဖို့ စီစဉ်ခိုင်းတာမျိုးတွေ ညွှန်ကြားနေပြီ။ နောက်ပြီး အခုကျောင်းဖွင့်တော့မှ ကျောင်းလာအပ်မယ်ဆိုလည်း လက်ခံဖို့ ပြောထားပါသေးတယ် ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများ
အဖွဲ့ချုပ် အတွင်းရေးမှူး ဟောင်း ဦးကျော်မင်းခန့်က ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ ကျောင်းဖွင့်မယ့်ရက်အတိအကျနဲ့ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်ပြီ းတိတိကျကျညွှန်ကြားချက် မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာတော့ အောက်တိုဘာလဆန်းကစကာ အသက် (၁၂) နှစ်အထက် အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကို တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ကိုဗစ်ကာကွယ် ဆေးထိုးဖို့ စစ်ကောင်စီဘက်က စီစဉ်နေတာပါ။ အရင်မေလ ကျောင်းအပ်လက်ခံစဉ်တုန်းက ကျောင်းအပ်ထားတဲ့ ကျောင်းသား (၈)သိန်းဝန်းကျင်ကိုသာ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနဘက်က ပြောထားပါတယ်။
တစ်ဖက်မှာလည်း ပြည်တွင်းက ဒေသတော်တော်များများမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ အကြား ပစ်ခတ်မှုတွေနေ့စဉ်လိုလိုရှိနေတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပြန်ဖွင့်ဖို့ မဖြစ်နိုင်ဘဲ အခက်အခဲတွေသာ ကြုံတွေ့ရနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေဟာ ရုံးမတက်ဘဲအာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပါဝင်ခဲ့ကြပြီး ပညာရေးအသိုင်းအဝိုင်းက အများဆုံးပါဝင်လှုပ်ရှားကြတာပါ။ ဒီလို CDM ပါဝင်တဲ့ ပညာရေး ဝန်ထမ်းတွေကို စစ်ကောင်စီဘက်က လုပ်ငန်းခွင်ရပ်နားတာ၊ ဖမ်းဝရမ်းထုတ်တာတွေသာမက အကျဉ်းထောင်တွေထဲ ဖမ်းဆီးချုပ်နှောင်ထားတာတွေလည်း ရှိပါတယ်။
အရင်မေလကျောင်းဖွင့်ခဲ့စဉ်ကလည်း ကျောင်းတက်ရာခိုင်နှုန်းနည်းပါးခဲ့ပြီး ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဘက်ကလည်း စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေမှာ
မတက်ရောက်နိုင်ဘူးဆိုတဲ့ ပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, အခြေခံပညာကျောင်းပြန်ဖွင့်ဖို့ စစ်ကောင်စီ စီစဉ် (ပုံဟောင်း)