သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာကို ကိုဗစ်ရှီး ကာကွယ်ဆေး ၁၀ သိန်း အိန္ဒိယဆေးကုမ္ပဏီ တင်ပို့မယ်

    အိန္ဒိယနိုင်ငံရဲ့ ‘Vaccine Maitri’ ကာကွယ်ရေး စီမံကိန်းအရ အိန္ဒိယအစိုးရက Serum Institute of India (SII) ဆေးကုမ္ပဏီကို မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွက် ကိုဗစ်ရှီး ကာကွယ်ဆေး ၁၀ သိန်းစီ အောက်တိုဘာလအတွင်း တင်ပို့ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

    Bharat Biotech ဆေးကုမ္ပဏီဟာလည်း အီရန်နိုင်ငံကို ကိုဗက်ဆင်း ဆေး ၁၀ သိန်း တင်ပို့ခွင့် ရမှာ ဖြစ်တယ်လို့ အိန္ဒိယအစိုးရ သတင်းရပ်ကွက်က ကြာသပတေးနေ့က ပြောပါတယ်။

    ကိုဗစ်ရှီး ကာကွယ်ဆေးကို အောက်စဖို့ဒ်ဆေးလို့ လူသိများတဲ့ အက်ထရာဇန်နက်ကာရဲ့ လိုင်စင်နဲ့ (SII) အိန္ဒိယဆေးကုမ္ပဏီက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

    မြန်မာပြည်သူတွေအတွက် အိန္ဒိယကနေ ကိုဗစ်ရှီးကာကွယ်ဆေး သန်း ၃၀ ကနဦးက ဝယ်ယူခဲ့ပေမယ့် လှူတာနဲ့ ဝယ်တာအပါအဝင် ဆေး သုံးသန်းခွဲ ရောက်လာပြီးနောက်ပိုင်း အိန္ဒိယမှာ ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်လာတာကြောင့် ကိုဗစ်ရှီးဆေးတွေ ထပ်မရောက်လာခဲ့ပါဘူး။ အဲဒီနောက် စစ်တပ်က အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း တရုတ်နဲ့ ရုရှားထုတ် ကာကွယ်ဆေးတွေကိုပဲ အားကိုးနေခဲ့ရတာ ဖြစ်ပါတယ်။

    ကိုဗစ်ရှီး၊ ကာကွယ်ဆေး၊ အိန္ဒိယ၊ မြန်မာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကရင်နီအမျိုးသမီးစစ်သည်များ

    ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေထဲက တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှာတော့ အမျိုးသမီးစစ်သည်တွေလည်းပါဝင်နေပါတယ်။

    KNDF, Kayah State

    ဓာတ်ပုံ ရင်းမြစ်, CJ

    KNDF, Kayah State

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကျားမခွဲခြားမှုမရှိစေရ၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို မခွဲခြားမကန့်သတ်ရ၊ စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ခိုက်လိုသူအားလုံးပါဝင်နိုင်တယ် ဆိုတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တွေရဲ့ မူဝါဒအတိုင်း အမျိုးသမီးတွေကို ထိုက်သင့်တဲ့နေရာနဲ့အရည်အချင်းအလိုက် တာဝန်ပေးခဲ့တယ်လို့ KNDF ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    KNDF ရဲ့ တပ်ရင်းအားလုံးနီးပါးမှာ အမျိုးသမီးတွေပါဝင်နေပြီး နည်းပညာပိုင်း၊ စာရင်းအင်းပိုင်းနဲ့ စားသောက်ရေးတွေကို တာဝန်ယူသူတွေရှိသလို အုပ်ချုပ်ရေးပိုင်းမှာပါဝင်နိုင်အောင် ထည့်သွင်းထားပြီး စစ်ပညာသင်ယူလေ့ကျင်မှုတွေလည်းရှိတယ်လို့ KNDF ကပြောပါတယ်။

    KNDF, Kayah State

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. မြန်မာနိုင်ငံအတွက် အာဆီယံက ဒေါ်လာ ၁၀ သန်း ကယ်ဆယ်ရေး အကူအညီပေးမယ်

    အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေး အကူအညီနဲ့ ဆေးဝါး အထောက်အပံ့ ပေးဖို့ အာဆီယံက အဖွဲ့ဝင်နိုင်ငံတွေထံကနေ ဒေါ်လာ ၁၀ သန်း ကောက်ခံရထားပြီး ဖြစ်ပြီး လာမယ့် နှစ်လတာကာလအတွင်း ကယ်ဆယ်ရေး အထောက်အပံ့တွေကို အသုတ်လိုက် ခွဲပို့ပေးမယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ် ဂျော့ခ် ဟွိုင် က သောကြာနေ့က ပြောပါတယ်။

    ဒေါ်လာ ၁ ဒဿမ ၁ သန်းဖိုး ကယ်ဆယ်ရေး အထောက်အပံ့ ပထမအသုတ်ကို စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ထံ ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

    အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီနဲ့ နိုင်ငံတကာ တီမာဆက်ခ် ဖောင်ဒေးရှင်းအဖွဲ့တို့ လှူဒါန်းခဲ့တဲ့ အဲဒီ ပထမအသုတ် ကယ်ဆယ်ရေး အထောက်အပံ့တွေကို မြန်မာနိုင်ငံတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ဒုတိယအသုတ်ကို အောက်တိုဘာလ နှောင်းပိုင်းမှာ ပို့ပေးဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ စလုပ်နေပြီ ဖြစ်ပြီး တတိယအသုတ်ကိုတော့ နိုဝင်ဘာလမှာ ပို့ပေးမယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေး အကူအညီ ဒေါ်လာ ၈ သန်း စုပေါင်း ထည့်ဝင်ကြဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား သြဂုတ်လ ၁၈ ရက်နေ့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ စုစုပေါင်း အလှူငွေ ဒေါ်လာ ၁၀ သန်း ကောက်ခံရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒေါ်လာ ၁၀ သန်းဖိုး အထောက်အပံ့ထဲမှာ ငွေသားနဲ့အတူ ကိုဗစ်ကာကွယ်ဆေးတွေ အပါအဝင် ဆေးဝါးစက်ပစ္စည်းတွေနဲ့ အထောက်အပံ့တွေ ပါဝင်ပါတယ်။

    အာဆီယံရဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို ကြက်ခြေနီအဖွဲ့ လက်အောက်ခံ ဆေးရုံတွေဆီ ပေးပို့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ကိုဗစ် တတိယလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆေးဝါးအထောက်အကူတွေ အတွက်ရော ကာကွယ်ဆေးတွေအတွက်ပါ ဒီကယ်ဆယ်ရေး အထောက်အပံ့က သိပ်ကို အရေးပါတယ်လို့ သူက ပြောပါတယ်။

    နိုင်ငံရေးနဲ့ ဆက်နွှယ်နေသူ ဟုတ်ဟုတ် မဟုတ်ဟုတ် မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရသင့်တယ်လို့ မစ္စတာ ဒါတို ဂျော့ခ် ဟွိုင်က ပြောပါတယ်။

    အာဆီယံ၊ မြန်မာ၊ ကယ်ဆယ်ရေးအကူအညီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၅၂ ကြိမ်မြောက် အာဆီယံအခမ်းအနားမှာ အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ် ဂျော့ခ် ဟွိုင် မိန့်ခွန်းပြောနေစဉ်
  4. ဦးညီပုကို ထောင်နှစ်နှစ်ချမှု မတရားအနိုင်ကျင့်ခံရတာဖြစ်တယ်လို့ မိသားစုပြော

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)အမှုအတွက် စစ်တွေမြို့ တရားရုံးက မနေ့အောက်တိုဘာ ၈ရက်နေ့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာနဲ့ပတ်သက်လို့ အလုပ်ကြမ်းပြစ်ဒဏ် ပါဝင်မှုဟာ နိုင်ငံရေးမှုမှာ မဖြစ်သင့်ဘူးလို့ မိသားစုတွေကပြောပါတယ်။

    မိသားစုတွေအနေနဲ့တော့ ဦးညီပုဟာ နိုင်ငံရေးအမှုတွေနဲ့ထောင်ထဲမှာ အချိန်ကြာမြင့်စွာနေထိုင်ခဲ့ရ သူဖြစ်တာကြောင့် အခုလိုဖြစ်ရပ်တွေကိုခံနိုင်ရည်ရှိပြီးသားဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာလည်း ကြိုတွေးပြင်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်။

    Former Chief Minister of Rakkine State

    ဒီဖြစ်စဉ်ဟာ မတရားအနိုင်ကျင့်ခံရတာဖြစ်လို့ အနိုင်ကျင့်မှုတွေရှိနေသရွေ့ ခံနေကြမှာဖြစ်တယ်လို့လည်း မိသားစုတွေကဆိုပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က ထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ပတ်သက်ပြီ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်တာကြောင့် တာဝန်ရှိတယ်ဆိုပြီး မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုတာဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ဦးချမ်းငြိမ်းကျော်ကပြောပါတယ်။

    ဒါ့အပြင် ဦးညီပုမှာ နောက်ထပ် စွဲဆိုထားတဲ့ပုဒ်မ တေတွကျန်နေသေးလို့ တရားဆက်လက် ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ကဆက်ပြောပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဦးညီပုကိုစတင်ဖမ်းဆီးချိန်ကစလို့ ခုလိုထောင်ဒဏ်ချခံရတဲ့အချိန်ထိ ၈ လကျော်ကာလအတွင်း မိသားစုတွေနဲ့တွေ့ဆုံခွင့်မရရှိခဲ့သလို အမူကိုလိုက်ပါဆေ

  5. သီတင်းကျွတ်နဲ့တန်ဆောင်တိုင်မှာ မီးရှူးမီးပန်းမဖောက်ဖို့စစ်ကောင်စီ တားမြစ်

    မကြာခင်ကျရောက်မယ့် သီတင်းကျွတ်နဲ့တန်ဆောင်တိုင်ကာလတွေမှာ မီးရှူးမီးပန်းတွေပစ်လွှတ်တာတွေ၊ ဗြောက်အိုးဖောက်တာတွေ မပြုလုပ်ဖို့စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

    နိုင်ငံတော်ရဲ့အရေးပေါ်ကာလမှာ နေ့စဉ်ဖောက်ခွဲ၊ ဖျက်ဆီးမှုတွေနဲ့ အကြမ်းဖက်မှုတွေ နေ့စဉ်ကျူးလွန်နေကြတဲ့အတွက် သီတင်းကျွတ်ကာလကိုအခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေကျူးလွန်လာနိုင်တဲ့အတွက် အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မီးရှူးမီးပန်း၊ ဗြောက်အိုးနဲ့ရှူးဒိုင်း စတဲ့ သီတင်းကျွတ်ကာလပျော်ပွဲရွှင်ပွဲအနေနဲ့ အသုံးပြုတဲ့ ဒီပစ္စည်းတွေကို သယ်ဆောင်ဖြန့်ဖြူးတာ၊ သိုလှောင်တာရောင်းချတာ၊ ပစ်ဖောက်တာတွေကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ခုနှစ်ရန်ကုန်မြို့ပေါ်ကသီတင်းကျွတ်အချိန်အခါမြင်ကွင်း
  6. မုံရွာမှာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူကို ပစ်ခတ်ခဲ့ရလို့သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ကြေးမုံရွာမှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ ကိုဇော်စိုင်းဆိုသူကို မုံရွာကဒေသကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေတွေဖြစ်တဲ့ Monywa Heroes Groupနဲ့ PDF South-Monywa အဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ်။

    ပစ်ခတ်ခံရပြီးသေဆုံးခဲ့သူ ကိုဇော်စိုးဟာ ပြီးခဲ့တဲ့လပိုင်းတွေကဖြစ်ခဲ့တဲ့ မုံရွေး- ကြေးမုံ ဒေသတွင်းမှာ စစ်ကောင်စီဘက်က ရွာတွေကိုဝင်ရောက်ရှာဖွေမှုတွေ၊ ဖမ်းဆီးမှုတွေမှာ သတင်းပေးခဲ့သူတစ်ဦးဖြစ်တာကြောင့် အခုလိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။

    " ပြည်သူတွေဒုက္ခရောက်တာ၊ အိုးမဲ့အိမ်မဲ့ဖြစ်တာက စစ်ကောင်စီရဲ့ဒေါက်တိုင်ဒလန်တွေကြောင့်ပါ။ အဓိကမြို့ပြပြောက်ကျားတွေရဲ့ပစ်မှတ်က ဒလန်တွေဖြစ်လို့ စစ်ကောင်စီဒေါက်တိုင်လန်တွေကို ရှင်းလင်းဖို့ပါပဲ။ အရင်ဆုံးသတိပေးတယ်၊ ဒလန်ဆိုပြီးသတင်းပေးတိုင်းလည်းအရေးမယူဘူး။ စောင့်ကြည့်ပြီးမှလုပ်တာပါ " လို့Monywa Heroes Group အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မုံရွာမြို့မှာ စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူတွေကိုပစ်ခတ်နှိမ်နှင်းလာတာ ၁၀ဦးဝန်းကျင်ရှိနေပြီလို့သူကဆက်ပြောပါတယ်။ လက်ရှိမှာတော့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မုံရွာ-မန္တလေးလမ်းမပေါ်မှာစစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးတင်းကျပ်မှုတွေရှိနေတယ်လို့အနီးအနားနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။

  7. မြိုင်မြို့နယ်ကကြံ့ခိုင်ရေးပါတီဝင်ဇနီးမောင်နှံ သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ဇနီးမောင်နှံနှစ်ဦး မနေ့အောက်တိုဘာ ၈ ရက်နေ့မှာ သေနတ်ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးကာ အမျိုးသမီးကတော့ ဒီကနေ့မနက်မှာ ထပ်မံသေဆုံးသွားပြီလို့ ဒေသခံတွေကပြောပါတယ်။

    " မနေ့က သူတို့အလုပ်သမားတွေနဲ့လယ်ထဲသွားရင်းအပစ်ခံရတာ။ ယေင်္ကျားဖြစ်သူကတော့နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ မိန်းမကတော့ ဒဏ်ရာနဲ့အိမ်ကိုပြန်သယ်လာပြီးမှ ဆေးရုံမှာ ဒီကနေ့မနက်ဆုံးတယ်။ သူတို့တွေကကြံ့ခိုင်ရေးပါတီဝင်အဖြစ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလည်း တောက်လျှောက်လုပ်လာတယ်။ ကြံ့ခိုင်ရေးပါတီအိမ်ဆိုပြီး နာမည်ကြီးနေတာပဲ။ အခုဆက်လုပ်နေမလုပ်နေဆိုတာတော့မသိပါဘူး။ ရွာထဲမှာတော့ စစ်တပ်၊ ရဲတွေခေါ်လာပြီး စစ်တာဆေးတာတွေနဲ့သူတို့ကြောင့်အဖမ်းခံရတာတွေရှိဖူးတယ်။ ပိုက်ဆံပေးလိုက်တော့ပြန်တော့လွတ်လာပါတယ်" လို့ဝက်ပုတ်ကျေးရွာ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီလိုကြံ့ခိုင်ရေးပါတီဝင်နှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးတာနဲ့ပတ်သက်လို့ မြိုင်မြို့နယ်ဒေသကာကွယ်ရေး တပ်တွေကလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ပေမယ့် ဒေသကာကွပ်ရေးတပ်တွေဘက်တော့ အတည်မပြုနိုင်ဘူးလို့ဆိုပါတယ်။

    "ကျွန်တော်တို့အနေနဲ့တော့ဒီလိုလုပ်ရပ်တွေကိုတရားဝင်ထုတ်ပြန်တာလည်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တပ်တွေက နေရာအနှံဖြန့်ထားတာဆိုတော့ ဒါကို ကျွန်တော်တို့အဖွဲ့က လုပ်တယ်မလုပ်ဘူး အတည်ပြုလို့မရသေးဘူး "လို့ မြိုင်မြို့နယ်ဒေသကာကွယ်ရေးတပ်ဘက်က ဘီဘီစီကိုပြောပါတယ်။

    မနေ့ကပစ်ခတ်မှုဖြစ်ခဲ့တဲ့ဖြစ်စဉ်အပြီးမှာတော့ ကျေးရွာအတွင်းက နေအိမ်တချို့ကို စစ်ကောင်စီဘက်ကဝင်ရောက်စစ်ဆေးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    Wat Pote, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ခရမ်းမြို့မှာအုပ်ချုပ်ရေးမှူး ၄၀ကျော် ရက်ပိုင်းအတွင်းနုတ်ထွက်, အုပ်ချုပ်ရေးယန္တရား တစိတ်တပိုင်းရပ်တန့်သွားပြီလို့ ဒေသကာကွယ်ရေးတပ်တွေပြော

    ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေကို နုတ်ထွက်ကြဖို့ ခရမ်းဒေသကာကွယ်ရေးတပ်ဘက်က သတိပေးထုတ်ပြန်ပြီး ၆ရက်အတွင်းမှာ မြို့နယ်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်နုတ်ထွက်လာကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ ခရမ်းမြို့ပေါ်ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေနဲ့ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း ၄၄ယောက် နုတ်ထွက်သွားပြီဖြစ်လို့ ခရမ်းဒေသက အုပ်ချုပ်ရေးယန္တယား တစိတ်တပိုင်းရပ်တန့်သွားပြီလို့ခရမ်းဒေသကာကွယ်ရေးတပ်တွေကပြောပါတယ်။

    "အခု နုတ်ထွက်တဲ့ ၄၄ယောက်ကိုလည်း စိစစ်ပြီးပါပြီ။ နောက်ထပ် ၁၂ ယောက်ပဲကျန်တော့တယ်ဆိုတော့ အုပ်ချုပ်ရေးတစိတ်ပိုင်းရပ်သွားပြီလို့ပြောလို့ရပါတယ်" လို့ခရမ်းဒေသကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။

    ဒါ့အပြင် အခုလိုနုတ်ထွက်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေနေရာတချို့မှာ စစ်ကောင်စီဘက်ကနေ အစားထိုးခန့်ဖို့လုပ်နေတာတွေလည်းကြားသိရကြောင်း သူကဆက်ပြောပါတယ်။

    အခုနုတ်ထွက်ကြတဲ့ အုပ်ချုပ်ရေးမှူးအများစုကတော့ မိမိလုံခြုံရေးနဲ့မိသားစုလုံခြုံရေးအတွက် နုတ်ထွက်ရတာဖြစ်ပြီး တဖက်စစ်ကောင်စီဘက်ကအာရုံစိုက်မှုတွေပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြကြောင်း ခရမ်းမြို့ပေါ်ကအုပ်ချုပ်ရေးမှူးတစ်ဦးကပြောပါတယ်။

    တိုင်းဒေသကြီးအတွင်းက မြို့နယ်၊ ကျေးရွာတွေမှာဆိုရင် ဒေသကာကွယ်ရေးတပ်တွေဘက်က အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်မလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့သတိပေးစာတွေဆက်တိုက်ထုတ်ပြန်လာပါတယ်။

    ဒီလိုထုတ်ပြန်ချက်တွေနဲ့အတူ အုပ်ချုပ်ရေးမှူးနဲ့ဆက်စပ်သူတွေကို ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်းကိုလည်း တရားဝင်ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခုအောက်တိုဘာလအတွင်းမှာတော့ တိုင်းဒေသကြီးတွေမှာ အုပ်ချုပ်ရေးမှူးတွေအစုလိုက်အပြုံလိုက်နုတ်ထွက်ခဲ့ကြတယ်လို့ဒေသတွင်းဖော်ပြတဲ့သတင်းတွေအရသိရပါတယ်။ စစ်ကောင်စီဘက်ကတော့ အုပ်ချုပ်ရေးမှူးနဲ့ဆက်စပ်သူတွေ ပစ်ခတ်သတ်ဖြတ်ခံရမှုပေါင်း ၁၀၀ ဝန်းကျင်ရှိနေပြီလို့ စက်တင်ဘာလတုန်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားထားပါတယ်။

    Kayan, Yangon Region

    ဓာတ်ပုံ ရင်းမြစ်, Social Media

  9. စစ်ကောင်စီနဲ့ ဒေသခံပီဒီအက်ဖ် ထိတွေ့တိုက်ပွဲ ၂၅၀ ကျော်ဖြစ်ခဲ့

  10. NUG အစိုးရနဲ့ ပတ်သက်လို့ မလေးရှားရပ်တည်ချက် နိုင်ငံခြားရေး၀န်ကြီးဟောင်း ကြိုဆို

    မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီဘက်က ဆက်လက် မျက်ကွယ်ပြုတာတွေ လုပ်နေရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတာတွေအတွက် စဥ်းစားဖို့ အဆင်သင့်ပဲလို့ မလေးရှားနိုင်ငံရဲ့ ပြောဆိုချက်ကို မလေးရှားနိုင်ငံခြားရေး၀န်ကြီးဟောင်း ဆိုင်ယတ် ဟာမစ် အယ်ဘာ က ကြိုဆိုလိုက်ပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကိုလည်း အထိအခိုက်မခံသင့်ဘူးလို့ သတိပေးလိုက်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရဲ့ ချိန်ဆက်ဆောင်ရွက်တာတွေ လုပ်တာဟာ မလေးရှားနိုင်ငံအတွက် ကောင်းတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေးတွေကိုလည်း မဖြတ်တောက်နိုင်ဘူးလို့ မြန်မာ့အရေး မလေးရှား အကြံပေး အဖွဲ့ခေါင်းဆောင် ဆိုင်ယတ် ဟာမစ် အယ်ဘာ က မလေးရှားအစိုးရပိုင် Bernama သတင်းဌာနကို ပြောပါတယ်။

    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ မလေးရှားနိုင်ငံအနေနဲ့ သဘောထားတူတဲ့ တခြားအာဆီယံနိုင်ငံတွေနဲ့ တညီတညွတ်တည်း ဆောင်ရွက်ဖို့လိုတယ်လို့လည်း သူက ဆိုပါတယ်။

    NUG အစိုးရနဲ့ ပတ်သက်လို့ မလေးရှားရပ်တည်ချက် နိုင်ငံခြားရေး၀န်ကြီးဟောင်း ကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  11. ခရိုင်က အယူခံပယ်ချခံထားရတဲ့ ရခိုင်ကျောင်းသားလေးဦးအမှု အယူခံထပ်တင်

    စစ်တွေခရိုင်တရားရုံးကနေ အယူခံပယ်ချခံထားရတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသားလေးဦးတို့အမှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို အခုလ ၄ ရက်နေ့က ပြင်ဆင်မှုအယူခံ တင်သွင်းလိုက်ပြီဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

    ပြစ်ဒဏ် ၂ နှစ်နဲ့ ၆ လစီ ကျခံနေရတဲ့ တက္ကသိုလ်ကျောင်းသားလေးဦးတို့အမှုနဲ့ပတ်သက်လို့ စက်တင်ဘာလ ၁၆ ရက် စစ်တွေခရိုင်တရားရုံးမှာ အယူခံတင်သွင်းခဲ့ရာမှာတော့ ခရိုင်တရားသူကြီးက အမှုကိုကြားနာပြီး အဲ့ဒီနေ့မှာပဲ ပယ်ချလိုက်တာ ဖြစ်ပါတယ်။

    သူတို့ဟာရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်စဲရေး၊ စစ်ဆန့်ကျင်ရေးနဲ့ အင်တာနက်ပြန်လည်ရရှိရေးတို့အတွက် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

    အဲ့ဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသားလေးဦးဖြစ်တဲ့ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကိုမြတ်စိုးဝင်းတို့လေးဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့နဲ့ တရားစွဲဆိုခံလိုက်ရပြီး စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြစ်ဒဏ် ၂ နှစ်နဲ့ ၆ လစီချမှတ်လိုက်တာ ဖြစ်ပါတယ်။

    ကျောင်းသားလေးဦးတို့ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ အမြင့်ဆုံးပြစ်ဒဏ်တွေဖြစ်နေတဲ့အပြင် အယူခံကိုလည်းပယ်ချ ခံလိုက်ရတဲ့အပေါ် ပြန်လည်စဉ်းစာပေးဖို့ ပြင်ဆင်ချက်အနေနဲ့ တရားလွှတ်တော်ကို ထပ်မံအစီရင်ခံရတာဖြစ်တယ်လို့ ရှေ့နေဦးကျော်ညွန့်မောင်က ပြောပါတယ်။

    စွဲဆိုခံထားရတဲ့ပုဒ်မတွေနဲ့ပတ်သက်လို့ ကျောင်းသားတွေအနေနဲ့ အပြစ်ရှိကြောင်းတရားရုံးမှာ ဝန်ခံထားကြသလို ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ ပြစ်မှုနှစ်ခုနဲ့ ပြဏ်ဒဏ်ချမှတ်လိုက်တာစဟာ ဥပဒေအရ မှားယွင်းနေတဲ့အတွက် အခုလိုအယူခံရတာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ ပြင်ဆင်မှုတင်သွင်းထားတာနဲ့ပတ်သက်လို့ အမှုကြားနာပြီးမှ လက်ခံသင့်မသင့်ဆုံးဖြတ်မှာဖြစ်တယ်လို့ ပြည်နယ်တရားလွှတ်တော်က ပြောဆိုထားပေမယ့် ဘယ်နေ့ကြားနာရမယ်ဆိုတာကိုတော့ တရားရုံးက သတ်မှတ်ပေးထားတာမရှိသေးဘူးလို့ ရှေ့နေက ပြောပါတယ်။

    ပြစ်ဒဏ်ကျခံနေရတဲ့ ကျောင်းသားလေးဦးတို့ဘက်ကတော့ ဒီအမှုနဲ့ပတ်သက်လို့ အယူခံတက်ဖို့ဆန္ဒရှိတဲ့အတွက် ပြည်နယ်တရားလွှတ်တော်ကို ထပ်မံအယူခံတင်သွင်းထားရတာဖြစ်တယ်လို့ သိရပါတယ်။

    ခရိုင်က အယူခံပယ်ချခံထားရတဲ့ ရခိုင်ကျောင်းသားလေးဦးအမှု အယူခံထပ်တင်

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  12. ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတာတွေ သက်သေခံမတင်သွင်း

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု အမှု လေးမှုကို ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာမှာတရားလိုနဲ့ တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်းတို့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင်တွေဘက်က အပြန်အလှန် စစ်မေး ခဲ့ကြပါတယ်။

    ဒီကနေ့ စစ်မေးမှုတွေအရ ဒေါ်အောင်ဆန်းစုကြည်ကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာ ပေးခဲ့တယ်ဆိုတာ မပေါ်ပေါက်ဘူးလို့ ကိုယ်တိုင် စစ်မေးခဲ့သူ ရှေ့နေ ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

    ပေးခဲ့တယ်ဆိုတဲ့ ဒေါ်လာငွေနဲ့ ပစ္စည်းတွေကို ရှာဖွေတာလည်းမရှိ၊သက်သေခံအဖြစ် ပြသတာလည်းမရှိဘူးလို့ သူကပြောပါတယ်။

    အဂတိလိုက်စားမှု ဆိုင်ရာ ဥပဒေအရ အဂတိလိုက်စားတယ်လို့ ကျော်ဇောသူကို စစ်ဆေးတာဖြစ်ပြီး တိုင်ကြားစာကို အခြေခံလို့ စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားတယ်ဆိုပြီး ဘယ်လို တိုင်ကြားမှုမျိုးမှ မရှိဘူးလို့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

    ဒီကနေ့ တစ်နေကုန် အဂတိလိုက်စားမှု ဆိုင်ရာအမှုတွေကို စစ်ဆေးခဲ့ပြီး နောက်တစ်ပတ် အောက်တိုဘာ ၁၅ ရက်ကို ထပ်မံ ချိန်းဆိုထားတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

    • ဦးဖြိုးမင်းသိန်းအတွက် အခက်ခဲဆုံး နေ့တစ်နေ့
    ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတာတွေ သက်သေခံမတင်သွင်း

    ဓာတ်ပုံ ရင်းမြစ်, U Phyo Min Thein's Facebook

  13. စစ်လက်နက်အင်အားတိုးချနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကုလစိုးရိမ်

    စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတချို့မှာ အင်တာနက် ဖြတ်တောက်ခံထားရပြီး စစ်တပ်ဘက်က လူအင်အား၊ လက်နက်အင်အား တိုးချနေတဲ့အပေါ် အလွန်အမင်းစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

    ချင်းပြည်နယ်အတွင်းက ဟားခါးနဲ့ ကန်ပက်လက်မြို့နယ်၊ စစ်ကိုင်းတိုင်းအတွင်းက မုံရွာနဲ့ ကနီမြို့နယ်တွေအပါအ၀င် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ စစ်တပ်အင်အား တပ်ဖြန့်ချထားပြီး ထိပ်ပိုင်း ရာထူးအဆင့်ရှိ တပ်မှူး နှစ်ဦးကို ပြောင်းရွှေ့နေရာချခဲ့မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

    အဲဒီဒေသတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်နေကြတဲ့ လက်နက်ပစ္စည်းတွေကို ရှာဖွေဖို့အတွက် ရွာတွေကို ၀င်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တာ ဒေသခံတွေကို သတ်ဖြတ်တာတွေအပါအ၀င် စစ်တပ်ရဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ လတွေအတွင်းမှာ တွေ့ရှိခဲ့တယ်။ လူအများအပြားကို ဖမ်းဆီးပြီး ညှဥ်းပန်းနှိပ်စက်တာ၊ တိတ်တဆိတ် ကွပ်မျက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေထဲမှာ ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေနဲ့ အမြှောက်တပ်အသုံးပြုတာတွေ ပါ၀င်တယ်လို့လည်း ဆိုပါတယ်။

    အင်တာနက် ဖြတ်တောက်ခံရမှုတွေကြောင့် လူပေါင်း သန်းနဲ့ချီဟာ သူတို့ရဲ့ ရှင်သန်လွတ်မြောက်ရေးအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရရှိခွင့် ဆုံးရှုံးခဲ့ပြီး ချိတ်ဆက်ပြောဆိုမှုတွေ မရကြတော့ဘူးလို့လည်း ထောက်ပြပြောဆိုပါတယ်။

    မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုကြဖို့ကိုလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်းလိုက်ပါတယ်။

    စစ်လက်နက်အင်အားတိုးချနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကုလစိုးရိမ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  14. လှိုင်မြို့နယ် ၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်, လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

    ရန်ကုန် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ် ဘူတာရုံလမ်းနဲ့ သုခမှတ်တိုင်ကြားက ၉ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှာ ဒီကနေ့အောက်တိုဘာ ၈ရက် နေ့လယ် ၂နာရီခွဲကျော်က ပေါက်ကွဲမှုဖြစ်တယ်လို့လှိုင်မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။ပထမအလုံးပေါက်ကွဲပြီး၁၀မိနစ်ခန့်အကြာမှာ ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူ နှစ်ဦးမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်လု့ိသေဆုံးနိုင်ခြေရှိတယ်လို့ အဲဒီအနီးနေထိုင်သူတွေကပြောပါတယ်။ လက်ရှိမှာတော့ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်တွေက စစ်ဆေးတာတွေလုပ်နေသလို လမ်းပိတ်ထားတာလည်းရှိတယ်လို့ မြို့ခံတွေက သတင်းပေးပို့လာပါတယ်။

    '' ပုံမှန်ဆိုရင်တော့ ဧည့်စာရင်းတိုင်တဲ့အချိန် ဆိုတော့လူရှိနေတော့ထိတာဖြစ်နိုင်တယ်။လူနာတင်ယာဉ်တွေသွားတာနှစ်စီးလောက်ရှိတယ်ဆိုတော့လူထိခိုက်တာတော့သေချာတယ်။ အခုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးမက္ခရာအင်အားစုတော်လှန်ရေးရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဗုံးမပေါက်ကွဲခင်တစ်နာရီခန့်အလိုကတည်းကထိုအုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲမှုပြုလုပ်မှာဖြစ်လို့ ပြည်သူတွေကြိုတင်ရှောင်ရှားနေကြဖို့ ပို့စ်တင်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာမှာ ဗုံးနှစ်လုံးပေါက်ခဲ့တာလို့သိရပါတယ်။ လှိုင်မြို့နယ် ဘူတာရုံလမ်းအနီးမှာ မကြာခဏပေါက်ကွဲမှုတွေဖြစ်သလို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအသတ်ခံရတဲ့ဖြစ်စဉ်တွေလည်းမကြာခဏဖြစ်လေ့ရှိတာဖြစ်ပါတယ်။

    စက်တင်ဘာ ၁၁ရက်က လှိုင်ဘူတာရုံလမ်းလျှပ်စစ်ရုံးအနီးပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပိတ်ထားသည့်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့ (ပုံဟောင်း)

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၁ရက်က လှိုင်ဘူတာရုံလမ်းလျှပ်စစ်ရုံးအနီးပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပိတ်ထားသည့်မြင်ကွင်း
  15. ပိုင်ကျုံမြို့နယ် က BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် ၄ ဦးသေဆုံး

    ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် နောင်မြလွဲ နဲ့ ကော့အိမ်ဆိုင်ကျေးရွာထဲက နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေနေထိုင်တဲ့နေရာ မှာ မနေ့က အောက်တိုဘာ ၇ရက် ညပိုင်းကတိုက်ခိုက်ခံရလို့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုအပါအဝင်၄ ဦးသေဆုံးတယ်လို့ BGF ဘက်ကအတည်ပြုကြောင်း ကရင်ပြည်နယ် အခြေစိုက်သတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ညပိုင်း ၁၁ နာရီအချိန် ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ် တာဖြစ်ပြီး BGF စစ်သားနှစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ကလေးတစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၈ ရက်မနက်မှာတော့ BGF တပ်ဖွဲ့က နောင်မြလွဲ နဲ့ ကော့အိမ်ဆိုင်ကျေးရွာထဲကို ဝင်ရောက်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်တိုက်ခံရတဲ့ BGF တပ်ရင်းမှာ တပ်ရင်း ၁၀၁၉ လက်အောက်ခံတပ်ရင်းဖြစ်တယ်လို့သိရပါတယ်။

    BGF တပ်ရင်း ကိုတွေ့ရစဉ် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, KIC

    ဓာတ်ပုံ ပုံစာ, BGF တပ်ရင်း ကိုတွေ့ရစဉ် (ပုံဟောင်း)
  16. စစ်ကောင်စီဖွဲ့ NSPNC ရဲ့ ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီတက်ရောက်မှာမဟုတ်ဟုဆို

    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မူ့ညှိနှိုင်းရေးကော်မတီ ( NSPNC)ကဖိတ်ကြားတဲ့ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီ ANP ကတက်ရောက်မှာမဟုတ်ဘူးလို့ပါတီတာဝန်ရှိသူကပြောပါတယ်။

    “ ကျွန်တော်တို့ကမတက်ဖြစ်ဘူး မတက်ဖြစ်ဘူးဆိုတာက ကျွန်တော်တို့ပါတီမှာလည်း ဆွေးနွေးတိုင်ပင်တာမလုပ် ရသေးဘူး။အဲဒါကြောင့် ၉ ရက်နေ့အစည်းအဝေးကိုမတက်ဖြစ်ပါဘူး ဒီဟာကိုတက်ဖို့ဆိုရင် ပါတီဆုံးဖြတ်ချက် နဲ့သွားရမှာလေ။အဲဒီတော့ဆုံးဖြတ်ချက်မရှိသေးဘူး ပါတီမှာလည်းတိုင်ပင်ဆွေးနွေးတာမရှိသေးတဲ့အတွက် ကြောင့် မတက်ဖြစ်တာပါလို့” ဦးခိုင်ပြည်စိုးကပြောပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ဖော်ဆောင်မူ့ကော်မတီ ( NSPNC ) အနေနဲ့နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းဆွေးနွေးဖို့မကြာသေးခင်ရက်ပိုင်းကပဲဖိတ်ကြားခဲ့တာပါ။ ဆွေးနွေးပွဲကိုတော့ နေပြည်တော်က NSPNC ရုံးမှာ အောက်တိုဘာလ ၉ ရက်မှာကျင်းပမှာပါ။ ANP ပါတီအနေနဲ့ဆွေးနွေးပွဲကိုမတက်ဖြစ်ပေမယ့်ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီအချို့ကတော့ အဲဒီအစည်းအဝေး ကိုတက်ရောက်မှာဖြစ်တယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ယခင်ငြိမ်းချမ်းဆွေးနွေးပွဲများတက်ရောက်ခဲ့သည့်ပုံ

    ဓာတ်ပုံ ရင်းမြစ်, NRPC (ပုံဟောင်း)

    ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ယခင်ငြိမ်းချမ်းဆွေးနွေးပွဲများတက်ရောက်ခဲ့သည့်ပုံ
  17. ပူတာအို လုံစွပ်ရပ်ကွက်မှာ ရဲနဲ့စစ်သားအင်အား ၅၀လောက်နဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးမှုတွေရှိနေ

    ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီနေရာတွေပစ်မှတ်ထားတိုက်ခိုက်ခံရပြီးတဲ့နောက်မနေ့က အောက်တိုဘာ ၇ရက် ညပိုင်းက ပူတာအို မြို့လုံစွပ်ရပ်ကွက် အပိုင်း ၅ မှာ ရဲနဲ့စစ်သားတွေက ဧည့်စာရင်းစစ်သလို၊လူစိမ်းရှာသလိုနဲ့ တစ်အိမ်တက်တစ်အိမ်ဆင် စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    '' လူစိမ်းရှာတာမျိုး ယူနီဖောင်းအပြည့်အစုံဝတ်ပြီးလိုက်စစ်တာပေါ့။ဝင်ကြည့်တယ်၊ထွက်သွားတယ် အဲဒီလိုပုံစံနဲ့စစ်တာပါ။ လမ်းမကြီးတွေကိုဘက်ကိုပိုစစ်တယ်။အိမ်မှာဘယ်နှစ်ယောက်ရှိလဲဆိုတာမျိုးလည်းမေးတယ် '' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    ပူတာအိုမြို့ မူလာရှီးဒီးဂိတ်စုပေါင်းလုံခြုံရေးဂိတ်ကို ပူတာအိုPDF တွေက ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ပစ်ခတ်တာတွေရှိခဲ့သလို ပူတာအို ခရိုင် နောင်မွန်မြို့မှာလည်း ပြည်သူ့စစ်သင် တန်းဆိုပြီး နောင်မွန် ဒေသခံတချို့က တက်ရောက်နေတာတွေလည်းရှိကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပူတာအိုမြို့ပေါ်

    ဓာတ်ပုံ ရင်းမြစ်, KNG NEWS

    ဓာတ်ပုံ ပုံစာ, ပူတာအိုမြို့ပေါ်
  18. နှမ်းခါးရွာစစ်ရှောင်နေသူတွေထဲ ကျန်းမာရေးမကောင်းသူများလာ, သက်ကြီးရွယ်အိုတချို့သေဆုံးမှုရှိ

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ နှမ်းခါးရွာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ အကြိမ်ကြိမ် ဝင်ရောက်ရှာဖွေမှုနဲ့ နေအိမ်မီးရှို့ခံရတာတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်း‌ရှောင်နေရ တာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေများလာပြီး အထူးသဖြင့် အသက်အရွယ်ကြီးသူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပိုလိုအပ်နေတယ် လို့ ရွာခံတွေက ဘီဘီစီကိုပြောပါတယ်။

    “ကိုဗစ်ဆိုတာထက် ရာသီပေါ်တုပ်ကွေးလို့ပြောရမလား၊ ဖျားနာတာအရမ်းများလာတယ်။ လူလတ်ပိုင်းနဲ့ လူကြီးတွေပေါ့။ အသက်အရွယ်ကြီးသူတွေဆို ပင်ပန်းမှုဒဏ်ကြောင့် နေမကောင်းဖြစ်ကြတယ်။ ဆေးအဖွဲ့တွေရှိပေမယ့် လူအင်အားနည်းတယ်၊ နှမ်းခါးကရွာကြီးဆိုတော့ ရွာသားက ငါးထောင်လောက်ရှိတာလေ။ နောက်စစ်ရှောင်တာက တစ်တဲမှာ အိမ်ထောင်စု နှစ်စု သုံးစု၊ နောက် တနေရာ မှာ စစ်ရှောင်တစ်တဲနဲ့ အဲ့လိုမျိုး နေရာတွေမှာ အစုလိုက်ကလေးဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုက လည်း တနေ့သာကုန်သွားတယ်။ ထိထိရောက်ရောက်လိုတဲ့နေရာအစုံမရောက်နိုင်ဘူးဖြစ်နေတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

    ဒီလိုနာမကျန်းဖြစ်တာကြောင့် အသက်အရွယ်ကြီးသူ စစ်ရှောင်တွေထဲက အောက်တိုဘာ (၂)ရက်မှာတစ်ဦး၊ (၄)ရက်မှာ တစ်ဦးသေဆုံးခဲ့ပါတယ်။ နှမ်းခါးစစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ ဖိနပ်၊ မိုးကာအပြင် စားသောက်ကုန်ကြမ်း တွေလိုအပ်နေပြီး တောင်သူတွေဖြစ်တာကြောင့် ဆန်နဲ့ဆီလုံလောက်မှုတော့ ရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ကလေး- ဂန့်ဂေါလမ်းမတဝိုက်က ရွာ(၁၀)ရွာနီးပါး စစ်ရှောင်နေကြပြီး စစ်ကောင်စီဘက်က အင်အားတချို့ရုပ်သိမ်း သွားပေမယ့် အစောင့်ချထားတာတွေရှိတာကြောင့် ရွာတွေထဲပြန်လည်ဝင်ရောက် နေထိုင်ဖို့ အဆင်မပြေ‌သေးဘူးလို့ ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း ဂန့်ဂေါဒေသတဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

    Gangaw

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နှမ်းခါးရွာသားတချို့ စစ်ရှောင်နေရတဲ့ မြင်ကွင်း (ပုံဟောင်း)
  19. ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနဲ့တောင်ဒဏ်နှစ်နှစ်ချ

    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ပုဒ်မ ၅၀၅ (ခ) အမှုအတွက် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်ပါတယ်။

    ဦးညီပုဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီး စစ်တွေမြို့နယ်တရားရုံးမှာအဲ့ဒီပုဒ်မနဲ့ တရားစွဲဆိုခံရကာ ၈ လကျော်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ အခုလိုပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

    အမှုနဲ့ပတ်သက်လို့ ဦးညီပုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြီးခဲ့တဲ့ ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက် ပေးခဲ့ပြီး ဦးညီပုကိုစွဲ ဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ကိုက်ညီမှု မရှိဘူးလို့လျှောက်လဲခဲ့ပါတယ်။

    အာဏာသိမ်းမှုနောက်ပိုင်း အစိုးရအဖွဲ့ဝင်ထိပ်ပိုင်းခေါင်းဆောင်တွေ စစ်တပ်ရဲ့ ထိန်းသိမ်းခြင်းခံလိုက်ရကာ အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ကြေညာချက်တွေထုတ်ပြန်ခဲ့ တာနဲ့ပတ်သက်လို့ ပါတီတာဝန်ရှိသူတွေဆိုပြီးတော့ အဲ့ဒီထုတ်ပြန်ချက်တွေကို အခြေခံပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးခြင်းခံနေရတဲ့အချိန် ပါတီကထုတ်ပြန်တဲ့ကြေညာချက်တွေဟာ ဦးညီပုနဲ့မသက်ဆိုင်သလို အဲ့ဒီကြေညာချက်တွေကိုထုတ်ပြန်ဖို့အတွက် သဘောတူဆုံးဖြတ်ခဲ့ကြတဲ့ အစည်းအဝေးတွေကိုလည်း ဦးညီပုအနေနဲ့ တက်ရောက်နိုင်ခဲ့ခြင်းမရှိတာကြောင့် အခုလိုစွဲဆိုတာဟာ ဉပဒေအရ ကိုက်ညီမှုမရှိဘူးလို့ ရှေ့နေဘက်က ထောက်ပြပြောဆိုပါတယ်။

    U Nyi Pu, Former Rakkhine state prime minister
  20. မစ္စတာရှောင်တာနယ်လ်အတွက်တရားခွင်မှာ ဘာသာပြန်ဆိုပေးမယ့်သူကိုတရားရုံးခွင့်မပြု

    နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ နဲ့တရားစွဲဆိုခံထားရတဲ့ သြစတေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ် အတွက် တရားခွင်မှာ မြန်မာ - အင်္ဂလိပ်ဘာသာပြန်ဆို မယ့်သူကို ခွင့်မပြုကြောင်း နေပြည်တော်ကောင်စီဝင်းအတွင်းကသီးသန့်တရားရုံးက မနေ့က အောက်တိုဘာ ၇ရက်မှာ အမိန့်ချမှတ်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးရဲလင်းအောင်ကပြောတယ်လို့ အေပီသတင်းဌာနကဖော်ပြပါတယ်။ တရားစွဲဆိုသူဘက်က လုံခြုံရေးအကြောင်းပြချက်ပေးပြီး ဘာသာပြန်ခွင့်ပြုမပေးဖို့ လျှောက်ထားချက်ကို တရားသူကြီးကခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    တရားရုံးမှာ ဘာသာပြန်သူမရှိရင် အမှုရင်ဆိုင်ဖို့ခက်ခဲပြီး အဲဒီကိစ္စအတွက် သြစတေးလျသံရုံးတာဝန်ရှိသူတွေနဲ့ဆွေးနွေးရမယ်လို့ ရှေ့နေဦးရဲလင်းအောင်ကပြောပါတယ်။ မစ္စတာရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ စီးပွားရေးအကြံပေးတစ်ဦး ဖြစ်ပြီးဖေဖော်ဝါရီ ၁ ရက်စစ်တပ်က အာဏာသိမ်းချိန်းမှာဖမ်းဆီးထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ်။မစ္စတာရှောင်တာနယ်လ်ဟာ ထောင်ဒဏ် ၁၄ နှစ်အထိချခံရနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရရဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ဝန်ကြီးဟောင်းဦးကျော်ဝင်းတို့နဲ့အတူ အမှုရင်ဆိုင်နေရတာပါ။ မနေ့ကကြားနာစစ်ဆေးမှုမှာ စွပ်စွဲခံထားရသူ ၅ ဦးလုံးအတူရှိနေပြီး အများပြည်သူနဲ့မီဒီယာတွေ ကိုပိတ်ပင်ထားတယ်လို့ ရှေ့နေ ဦးရဲလင်းအောင်ကပြောကြောင်းအေပီသတင်းကဖော်ပြပါတယ်။

    မစ္စတာရှောင်တာနယ်လ်အတွက် ဘာသာပြန်ကိုတရားရုံးခွင့်မပြု

    ဓာတ်ပုံ ရင်းမြစ်, Sean Turnell Facebook

    ဓာတ်ပုံ ပုံစာ, မစ္စတာရှောင်တာနယ်လ်အတွက် ဘာသာပြန်ကိုတရားရုံးခွင့်မပြု