သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင် သတ်ဖြတ်သူတွေကို အရေးယူမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော

    ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင် မိုဟစ် အူလာကို ပစ်ခတ်သတ်ဖြတ်သူတွေ အပေါ် တင်းမာတဲ့ ကိုင်တွယ်မှုတွေ ပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးက ပြောကြားလိုက်ပါတယ်။

    မိုဟစ် အူလာကို မြန်မာနိုင်ငံကို ပြန်သွားလိုသူတဦးဖြစ်ပြီး သူ့ကို သတ်ဖြတ်သူကို တရားအတိုင်း စီရင်ရမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    အသက် ၅၀ ပတ်ဝန်းကျင်ရှိပြီ ဖြစ်တဲ့ မိုဟစ် အူလာ ဟာ စက်တင်ဘာလ ၂၉ ရက်နေ့က ကော့ဇက်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတခုမှာ အမည်မသိ သေနတ်သမားတွေက ပစ်သတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

    သူဟာ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ နောက်ပိုင်း သိန်းချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရပြီး နောက်ပိုင်းကတည်းက ဒုက္ခသည်အစုအဖွဲ့ကြီးတွေကို ဦးဆောင်နေသူ တဦး ဖြစ်ပါတယ်။

    မိုဟစ် အူလာဟာ ၂၀၁၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာ အဖွဲ့ကို တည်ထောင်သူ ခေါင်းဆောင်တဦးဖြစ်ပြီး အဲဒီ အဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ကျူးလွန်ခံရတာတွေကို မှတ်တမ်းတင်ခဲ့တဲ့အပြင် နိုင်ငံတကာနဲ့ ဒုက္ခသည်တွေ ထိတွေ့ဆက်ဆံခွင့်ရအောင် လုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

    အခုလို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဆက်စပ်နေတဲ့ အခြား ရိုဟင်ဂျာဒုက္ခသည် သုံးဦးကို ဖမ်းဆီးထားတယ်လို့ ကော့ဇက်ဘဇားမှာရှိတဲ့ ရဲအရာရှီတဦးဖြစ်သူ နိုင်မူဟတ်က ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။

    ဒီအမှုနဲ့ပတ်သက်ပြီး အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်ဖွဲ့ ARSA က ကျူးလွန်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပေမယ့် ARSA အဖွဲ့ရဲ့ တွစ်တာမှာတော့ အခုလို သတ်ဖြတ်မှုအတွက် အံ့သြ ဝမ်းနည်းရတယ်လို့ ပြောဆိုထားပြီး သူတို့အဖွဲ့အနေနဲ့ အခြေအမြစ်မရှိပဲ စွပ်စွဲခံနေရတယ်လို့လည်း ပြောကြားထားပါတယ်။

    ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင် မိုဟစ် အူလာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. ထားဝယ်မြို့က တက်ကြွလှုပ်ရှားသူ ကိုရာဇာထွန်း ဖမ်းဆီးခံရပြီး သေဆုံး, စစ်ကြောရေးမှာ သေဆုံးသူပေါင်း ၄၀ ကျော် ရှိလာလို့ AAPP ဖော်ပြ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်လို့စစ်ကောင်စီကကြေညာခဲ့တဲ့ တက်ကြွ လှုပ်ရှား သူ ကိုရာဇာထွန်းဟာ စစ်ကြောရေးမှာ သေဆုံးပြီးဆိုတဲ့အကြောင်း မိသားစုကို စစ်ကောင်စီဘက်က အကြောင်းကြားလာတယ် လို့နီးစပ်သူတွေက ပြောပါတယ်။

    "သူကတော့ ထားဝယ်မြို့ပေါ်မှာအဖမ်းခံရတာ။ သူနဲ့အတူ ၂၃ ယောက် အဖမ်းခံခဲ့ရ တာကိုတော့ စက်တင်ဘာ ၂၅ ရက်နေ့က မြဝတီမှာကြေညာသွားတယ်။ သူဆုံး တာတော့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စစ်ကြောရေးမှာပဲဆုံးပါတယ်ဆိုပြီး မိသားစုကို အောက်တိုဘာ ၁ရက်နေ့မှာ အကြောင်းကြားလာတယ်" လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကတော့ ကိုရာဇာထွန်းနဲ့အတူဖမ်းဆီးခံရသူတွေကို ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်သူအဖြစ် စက်တင်ဘာ ၂၅ ရက်နေ့က စွပ်စွဲ ထုတ်ပြန်ထားပါတယ်။ လက်ရှိထားဝယ်မြို့နဲ့နီးစပ်ရာမြို့နယ်ကျေးရွာတွေမှာတော့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေအပြင်၊ ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်တယ်လို့ ယူဆသူတွေကိုစစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ စစ်ကြောရေးမှာသေဆုံးသွားတယ်လို့စစ်ကောင်စီဘက်က အကြောင်းကြား လာတဲ့ ကိုရာဇာထွန်းရဲ့ရုပ်အလောင်းကိုလည်း မိသားစုက ပြန်မရခဲ့ဘူးလို့ နီးစပ်သူတွေကပြောပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကြောရေး ကာလအတွင်း သေဆုံး သူပေါင်း ၄၄ ယောက်ရှိနေပြီဖြစ်ပြီး စစ်ကြောရေးကဒဏ်ရာတွေကြောင့် အကျဉ်း ထောင်တွေထဲမှာ သေဆုံးသူတွေလည်း ထပ်ရှိနေတဲ့အတွက် အယောက် ၅၀ ဝန်းကျင်အထိ ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

    Activist, Dawei

    ဓာတ်ပုံ ရင်းမြစ်, MWD

  3. ထှယ်လှော်ရွာ ဒုတိယအကြိမ်မီးရှို့ခံရ၊ နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေပြော

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက ထှယ်လှော်ကျေးရွာမှာ ဒီကနေ့အောက်တိုဘာ ၂ ရက်နေ့က ရွာအနီးတဝိုက်မှာ ပစ်ခတ်မှုတွေဖြစ်နေပြီး နေအိမ် ၁၀လုံးမီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့အောက်တိုဘာ ၁ ရက်နေ့ကစပြီး ရွာအတွင်းမှာစစ်ကောင်စီဘက်ကတပ်စွဲပြီးတဲ့နောက် ပစ်ခတ်ဖောက်ခွဲတာတွေလုပ်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ကလေးဘက်ကလာမယ့် စစ်ကြောင်းကို ဂန့်ဂေါဘက်က စစ်ကြောင်းက သွားရောက်ခေါ်ယူပြီးနောက် အခုလိုပစ်ခတ်မှုတွေဆက်တိုက်ဖြစ်လာတာလို့ အဲဒီလမ်းတလျှောက်ကျေးရွာ နေဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    လက်ရှိမှာလည်း ဂန့်ဂေါ၊ ကလေးကားလမ်းမတလျှောက်အနားကရွာတွေထဲကိုစစ်ကောင်စီတပ်တွေက ပစ်ခတ်မှုတွေဆက်တိုက်ရှိနေတာကြောင့် လမ်းမတလျှောက်ကကျေးရွာတွေအကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ သိရပါတယ်။ ဒီပစ်ခတ်မှုတွေ၊ နေအိမ်မီးလောင်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုဘီဘီစီကမေးမြန်းဖို့ကြိုးစားနေပါတယ်။

    Htawel Hlaw Village, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ယခင်မီးရှို့ခံရတဲ့ထှယ်လှော်ရွာမြင်ကွင်း(ပုံဟောင်း)
  4. တလအတွင်း သုံးကြိမ်မီးရှို့ခံထားရတဲ့ နှမ်းခါးကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်, စစ်ရှောင်နေရာကနေ ရွာသားတွေ နောက်တစ်နေရာကို ထပ်တိမ်းရှောင်ရပြန်

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာထဲမှာ ဒီကနေ့အောက်တိုဘာ ၂ရက်နေ့ နေ့လယ်ပိုင်းက ရွာထဲကိုလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ နှမ်းခါးကျေးရွာဟာ ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲ စစ်ကောင်စီဘက်က သုံးကြိမ်တိုင်တိုင်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေကပြောထားပါတယ်။

    Hynan Khar village

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာလအတွင်းက နှမ်းခါးရွာအတွင်းမီးလောင်ပျက်စီးမှုများ

    " တရွာလုံးမီးလောင်ပြီး နေစရာမရှိလို့ မပြန်ရဲဖြစ်နေတာ။ ရွာကိုလည်းမြင်ရအောင် ရွာအနားကတောင်ကုန်းပေါ်မှာရှောင်နေကြတယ်။ အခုအဲ့ဒီအနားထိလက်နက်ကြီးထပ်ရောက်တော့ ထပ်ပြေးရပြန်ပြီ။ တဖက်ရွာကနေ လူမရှိတဲ့ရွာကိုဘာလို့လှမ်းပစ်လဲမသိဘူး။ ဒီဘက်မှာလည်းသူတို့ကိုပြန်ပစ်မယ့်သူမရှိဘူး။ ဘာလို့နှမ်းခါးကိုပဲအကြိမ်ကြိမ်လုပ်နေလဲမသိဘူး " လို့ဒေသခံရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာလည်း ဂန့်ဂေါခရိုင်ထဲက ကျေးရွာတွေမှာတော့ အင်တာနက်လိုင်းတွေအားလုံးလည်း ဖြတ်တောက်ခံထားရပြီး နှမ်းခါးနဲ့အနီးတဝိုက်ကျေးရွာပတ်လည်မှာပါ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတဲ့အတွက် စစ်ရှောင်ရတဲ့ရွာတွေလည်း ထပ်တိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ နှမ်းခါးရွာအတွင်းမီးရှို့ခံရတဲ့ဖြစ်စဉ်တွေနဲ့ရွာအတွင်းစစ်ကောင်စီကပစ်ခတ်မှုတွေလုပ်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  5. ဖြတ်လေးဖြတ်နဲ့ မြန်မာ့ပြည်တွင်းစစ်

  6. စစ်ရှောင်နေရာကနေ အိမ်ခဏပြန်ရိက္ခာသယ်တဲ့အမျိုးသမီးတစ်ဦး မိုင်းထိပြီး ခြေထောက်ပြတ်

    ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်၊ ကုန်းသာကျေးရွာကနေ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ဒေသခံအမျိုးသမီးတစ်ဦးဟာ ဒီနေ့ အောက်တိုဘာ ၂ ရက်မနက်မှာ နေအိမ်ကိုရိက္ခာပြန်သယ်စဉ် အိမ်ရှေ့အနီးအရောက် မိုင်းထိမှန်ဒဏ်ရာရပြီး ခြေထောက်ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကုန်းသာရွာဒေသခံမနန်းငဲဟာ ပြီးခဲ့တဲ့လက ကုန်းသာရွာအတွင်း ဖြစ်တဲ့တိုက်ပွဲမှာ သူ့နေအိမ်လည်း မီးရှို့ဖျက်ဆီးခံရတဲ့အထဲ ပါဝင်ပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ရွာသားတွေကပြောပါတယ်။

    " မနန်းငဲက ကလေး၃ယောက်အမေပါ။ ဒီနေ့တော့ စစ်ရှောင်စခန်းကနေ ရိက္ခာထွက်ရှာကြတော့ သူလည်းအိမ်ပြန်ပြီး ခြံထဲက ဟင်းရွက်သွားခူးတာ၊ အိမ်ရှေ့တံတားအောက်မှာ စစ်ကောင်စီတွေထောင်ထားခဲ့တဲ့ မိုင်းထိတာ။ ညာဘက်ခြေထောက်ပြတ်သွားတယ်။ စစ်ရှောင်စခန်းမှာလည်း ရိက္ခာကပြတ်နေပြီ။ ဒီလို ရိက္ခာပြန်ရှာတိုင်း ထိနေ၊ သေနေရင်တော့ ကြာရင်ငတ်ကုန်ကြတော့မယ်" လို့ ဒေသခံရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီးမောဆို အနောက်ခြမ်းက ကုန်းသာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်း ကုန်းသာရွာထဲက နေအိမ် ၃၅ လုံးကို စစ်ကောင်စီဘက်ကမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေအားလုံး စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ရွာသားတွေကပြောကြားထားပါတယ်။

    Deemawso, Kayah

    ဓာတ်ပုံ ရင်းမြစ်, CJ

    လက်ရှိမှာလည်း ရွာသားတွေအနေနဲ့နေရပ်ပြန်မနေနိုင်သေးဘဲ စစ်ရှောင်စခန်းတွေမှာသာ နေထိုင်နေရတာဖြစ်ပြီး ရိက္ခာနဲ့ပစ္စည်းတချို့လိုအပ်ချိန်မှာ နေအိမ်ခေတ္တပြန်ရင်းအခုလို ဖြစ်ရတာလို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း စစ်ရှောင်စခန်းကနေ ရိက္ခာသယ်ယူရင်း ပျောက်ဆုံးနေတဲ့ ဒေသခံရွာသား ၄ဦးရဲ့အလောင်းတွေကို ဒီးမောဆိုမြို့နယ်၊ ထီးဖိုးကလိုကျေးရွာမှာ သတ်ဖြတ်ခံထားရတဲ့အနေအထားနဲ့ပြန်တွေ့ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောဆိုခဲ့ပါတယ်။

    တဖက်မှာလည်း ကရင်နီပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ရွာတွေနဲ့ ဒေသခံစစ်ရှောင်ပြည်သူတွေပိုပြီးများနေသလို စစ်ရှောင်စခန်းတွေမှာလည်း ရိက္ခာလိုအပ်ချက်မြင့်တက်နေပြီး အခက်အခဲတွေပိုကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

  7. ဖမ်းဆီးမှုတွေရှိနေတဲ့ ထားဝယ်မှာ အမျိုးသမီးတွေဦးဆောင်ပြီး သပိတ်စစ်ကြောင်းထွက်

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်းမှာ သပိတ်စစ်ကြောင်းတွေနဲ့ သပိတ်မှာပါဝင်သူတွေကိုဖမ်းဆီးမှုတွေဆက်ရှိနေပေမယ့် ဒီကနေ့အောက်တိုဘာ ၂ရက်နေ့မနက်မှတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတစ်ခုထွက်ခဲ့တယ်လို့သပိတ်စစ်ကြောင်းမှာပါဝင်သူတွေကပြောပါတယ်။

    Dawei

    ဓာတ်ပုံ ရင်းမြစ်, CJ

    " တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်၊ အမျိုးသမီးတွေဦးဆောင် အရေးတော်ပုံကြီးအပြီးအောင်' ဆိုတဲ့ ကြွေးကျော်သံတွေနဲ့အတူ နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကိုလုပ်ခဲ့တာဖြစ်တယ်လို့သပိတ်မှာပါဝင်သူတွေကဆိုပါတယ်။

    ဒီသပိတ်စစ်ကြောင်းကိုတော့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် အမျိုးသမီးတွေကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထားဝယ်မှာဆိုရင် အမျိုးသမီးဦးဆောင်သပိတ်တွေကို ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့ကတည်းကပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

    Dawei

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ခရမ်းမြို့ ရိုးကြီးကျေးရွာအနီးမှာ ဒုရဲအုပ်ပစ်ခတ်သေဆုံးပြီးနောက် ဒေသခံနှစ်ဦးဖမ်းဆီးခံရ

    ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းက ရိုးကြီးကျေးရွာအနီးမှာ မနေ့အောက်တိုဘာ ၁ ရက်နေ့ညပိုင်းက ရဲတပ်ဖွဲ့ဝင်တချို့နဲ့စစ်ကောင်စီတပ်သားတချို့ပစ်ခတ်ခံခဲ့ရပြီး ဒုရဲအုပ်တစ် ဦးသေဆုံးခဲ့တဲ့နောက် ဒေသခံနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ရိုးကြီးကျေးရွာအတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေလာရောက်ရှာဖွေပြီးအပြန်မှာ အခုလိုပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    " ရွာထဲက PDF တွေကိုထောက်ပံ့တယ်ဆိုတဲ့ နေအိမ်ကိုလာနေတာ နှစ်ခါရှိပြီ။ ပထမတခါလည်း အဲဒီအိမ်က နာမည်ထွက်ထားတယ်ဆိုပြီး ပိုက်ဆံလာတောင်းတယ်။ အခုတခါလည်း လာတောင်းရင်း အပြန်မှာဖြစ်တာ။ ဒုရဲအုပ်ကတော့နေရာမှာပဲ ပွဲချင်းပြီးသေတယ် ။ ဘေးကထိတဲ့ရဲကတော့ဒဏ်ရာပဲရတယ်ကြားတယ်" လို့ နီးစပ်တဲ့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဒီပစ်ခတ်သေဆုံးမှုဖြစ်စဉ်ပြီးတဲ့ ညပိုင်းမှာပဲ ဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုတဲ့ယူဆချက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ခဲ့တဲ့ အဲဒီနေအိမ်က ဒေသခံ ၂ဦးကိုလည်းလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ခရမ်းမြို့နယ်ရဲစခန်းက ဒုရဲအုပ်သက်လင်းအောင်သေဆုံးတဲ့ဖြစ်စဉ်နဲ့အတူ ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီကသီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်ထားတဲ့ ခရမ်းမြို့နယ်မှာတော့ စစ်ဆေးတင်းကျပ်မှုတွေရှိနေဆဲဖြစ်ပြီး မနေ့အောက်တိုဘာ ၁ ရက်ညပိုင်းမှာလည်း ခရမ်းမြို့ နယ်ထဲကဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအနီးမှာ သေနတ်ပစ်ဖောက်သံတွေကြားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

    Kayan, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. မြန်မာသတင်းသမားတွေရဲ့ သတ္တိနဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို မေ့ပစ်လို့ မရဘူးလို့ RSF ထုတ်ပြန်

    စစ်အာဏာသိမ်းပြီး ၈ လကျော်အကြာ မြန်မာစစ်တပ်ဟာ ကမ္ဘာမှာ သတင်းသမားတွေကို အများဆုံး အကျဥ်းချထားတဲ့ ဆော်ဒီအာရေဗျနဲ့ မြောက်ကိုရီးယားတို့လို အာဏာရှင်နိုင်ငံတွေရဲ့ အဆင့်ထက် ပိုမိုကျော်လွန်သွားပြီလို့ RSF နယ်စည်းမခြားသတင်းသမားများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    သတင်းသမားတွေကို ထိန်းသိမ်းထားမှုဟာ မြန်မာနိုင်ငံအပေါ်မှာ တရုတ်နိုင်ငံပဲ ရှိတော့တယ်လို့လည်း ထောက်ပြပါတယ်။

    RSF အဖွဲ့ရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၈ လအတွင်း ပရော်ဖက်ရှင်နယ် သတင်းသမား အယောက် ၁၀၀ လောက် အဖမ်းခံခဲ့ရပြီး ၅၃ ဦး ထက်မနည်း ဆက်လက်ထောင်ချခံထားရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ပရော်ဖက်ရှင်နယ် သတင်းသမားမဟုတ်သူ နှစ်ဦးနဲ့ ဆေး၀န်ထမ်းတဦးလည်း ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

    အဖမ်းခံခဲ့ရတဲ့ သတင်းသမားတွေထဲက ၈၅ ရာခိုင်နှုန်းက မြေပြင်မှာ သတင်းထောက်၊ ဓာတ်ပုံနဲ့ ဗီဒီယိုသတင်းထောက်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူတွေဖြစ်ပြီး လေးပုံသုံပုံဟာ လေးလကျော်ကြာ အဖမ်းခံထားရတာပါ။

    အဖမ်းခံထားရသူတွေထဲက အများစုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမ လေးလအတွင်း ပေါ်ပေါက်ခဲ့တဲ့ လမ်းမတွေထက်က ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတွေကို သတင်းရယူရင်း အဖမ်းခံခဲ့ကြရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    RSF အဖွဲ့ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၄၀ မှာ ရှိနေပါတယ်။

    ဦးစည်သူအောင်မြင့်

    ဓာတ်ပုံ ရင်းမြစ်, Sithu Aung Myint's Twitter

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံသတင်းသမား ဦးစည်သူအောင်မြင့်
  10. ရခိုင်ဝန်ကြီးဟောင်းငါးဦးကိုစွဲဆိုထားတဲ့ အဂတိမှု ဒုတိယမြောက်နေ့ ရုံးတင်စစ်ဆေး

    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ငါးဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီဘက်ကနေ တရားစွဲဆိုထားပါတယ်။

    အဲဒီ အဂတိမှုနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၉ ရက်နေ့နဲ့ အောက်တိုဘာ ၁ ရက် ဒီကနေ့မှာတရားလိုကို စတင်စစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ဦးညီပုနဲ့ ဦးမင်းအောင်တို့အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးကျော်သန်းက ပြောပါတယ်။

    အဂတိမှုနဲ့တရားစွဲဆိုခံထားရတဲ့ ဝန်ကြီးငါးဦးကတော့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံကိန်း၊ အခွန်၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်တို့ဖြစ်ကြပါတယ်။

    သူတို့ငါးဦးကိုစွဲဆိုထားတဲ့အမှုပေါင်း လေးမှုရှိပြီး အမှုနံပါတ် ၁ မှာ ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်၊ အမှုနံပါတ် ၂ မှာ ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ အမှုနံပါတ် ၃ မှာ ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ပါဝင်ကြပြီး အမှုနံပါတ် ၄ မှာ ဦးမင်းအောင်တစ်ဦးတည်းကိုပဲ စွဲဆိုထားတာဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။

    ဝန်ကြီးဟောင်းငါးဦးတို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ ရခိုင်ပြည်နယ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးကောင်းဇော်သန့်က တရားလိုပြုပြီးတော့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ အဲ့ဒီအမှုတွေနဲ့ပတ်သက်လို့ တရားလိုဖြစ်တဲ့ ပြည်နယ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို စစ်ဆေးမှုတွေပြုလုပ်နေသလို စစ်တွေအကျဉ်းထောင်အတွင်းမှာ သီးသန့်တရားရုံးဖွင့်ပြီးတော့ စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

    အကျဉ်းထောင်အတွင်းမှာ သီးသန့်တရားရုံးဖွင့်ပြီးတော့ စစ်ဆေးနေတာဖြစ်တဲ့အတွက် ရှေ့နေတွေနဲ့ အမှုသည်တွေ တရားခွင့်အတွင်းမှတော့ တွေ့ဆုံခွင့်တွေ ရရှိကြပြီး လက်ရှိအမှုတွေနဲ့ပတ်သက်လို့ ဦးညီပုတို့ဘက်က ဘာတွေပြောဆိုလဲ ဆိုတာနဲ့ပတ်သက်ပြီး မပြောလိုကြောင်း ရှေ့နေဘက်က ပြောဆိုပါတယ်။

    ဦးညီပု

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin

  11. ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဇက်ဘဇား ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ Mohib Ullah အသတ်ခံရမှုကို ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတခု ချက်ချင်း လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

    သတ်ဖြတ်သူတွေနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့အတွက်သာမက အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို ပိုမိုအကာကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံတွေကို ဖော်ထုတ်ဖို့အတွက် ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးသင့်တယ်လို့လည်း ဆိုပါတယ်။

    ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ Mohib Ullah ဟာ ဗုဒ္ဓဟူးနေ့က ကော့ဇက်ဘဇား ဒုက္ခသည်စခန်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ကမ္ဘာကသိအောင် ဘ၀တလျှောက်လုံး တိုက်ပွဲ၀င်ခဲ့တဲ့သူတဦး အခုလိုမျိုး အသတ်ခံခဲ့ရတဲ့အတွက် အင်မတန် စိတ်ထိခိုက်မိတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး မစ်ရှဲလ် ဘတ်ချ်လတ် က ပြောပါတယ်။

    စိန်ခေါ်ချက်တွေ ဘယ်လောက်ပဲ ရှိနေပါစေ သူ့လူမျိုးတွေရဲ့ အခွင့်အရေးကို ဆက်လက်ခုခံကာကွယ်ခဲ့တဲ့ ထူးခြားတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဖြစ်တယ်လို့လည်း မစ္စတာ Mohib Ullah ကို ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

    ထင်ရှားတဲ့ ဝါရင့်တက်ကြွလှုပ်ရှားသူ မစ္စတာ Mohib Ullah ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နှစ်ရှည်လများကြာ သတင်းအချက်အလက်တွေ စနစ်တကျ စုဆောင်းပြီး နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ဦးဆောင်ဦးရွက်ပြုခဲ့သူတဦးလည်း ဖြစ်ပါတယ်။

    မစ္စတာ Mohib Ullah လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ဆိုးဝါးတဲ့ ရာဇ၀တ်မှုတွေကို တာ၀န်ခံမှု ရှိဖို့၊ သူတို့ပြန်လာမှာကို လက်ခံဖို့နဲ့ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့ မြန်မာနိုင်ငံကို ဖိအားတွေ နှစ်ဆတိုးမြင့်ပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လှုံဆော်တဲ့ တောင်းဆိုမှုတခု ဖြစ်သင့်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။

    ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  12. အာဆီယံအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီ ခွင့်ပြုဖွယ် မရှိ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့အတွက် သြဂုတ်လအစောပိုင်းက ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါအောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ခွင့်ပြုဖွယ် မရှိဘူးလို့ စစ်ကောင်စီက အရိပ်အမြွက်ပြောဆိုပါတယ်။

    အာဆီယံအထူးကိုယ်စားလှယ်ကို တရားရင်ဆိုင်နေရတဲ့ သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ခွင့်ပြုဖို့ အခက်အခဲရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အေအက်ဖီသတင်းဌာနကို ပြောပါတယ်။

    တရား၀င်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပဲ ခွင့်ပြုပေးမယ်လို့ ထပ်လောင်းပြောဆိုပေမယ့် အသေးစိတ်အချက်အလက်အလက်ကိုတော့ ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။

    အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အရ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာ၀န်ပေးခံထားရတဲ့ ဘရူနိုင်း နိုင်ငံခြားရေး၀န်ကြီး ၂ ဖြစ်သူ အာရ၀မ် ယူဆွဖ် မြန်မာနိုင်ငံကို လာရောက်ဖို့ကိစ္စ နှစ်ဖက်ညှိုနှိုင်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေအပါအ၀င် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီဘက်က လက်ရှိမှာ တရားစွဲထားပါတယ်။

    ဗိုလ်ချုပ်ဇော်မင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, MWD

  13. ကော့ကရိတ်-ကျိုက်ဒုံလမ်းမှာ စစ်ကောင်စီ တိုင်းမှူးယာဥ်တန်း တိုက်ခိုက်ခံရ၊ သေဆုံးသူတချို့ရှိတယ်လို့ဆို

    ကော့ကရိတ်မြို့ အာရှလမ်းမမှာ ဒီကနေ့မနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးခရီးစဉ်ရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီတပ်ကားတန်းတွေဟာ ကော့ကရိတ်ကနေ မြဝတီကိုအသွား ကော့ကရိတ်-ကျိုက်ဒုံ အာရှလမ်းဆုံမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    "တိုင်းမှူးက မြဝတီတက်တာလို့ ပြောတယ်။ အဲ့ဒါ လုံခြုံရေးယူတဲ့လမ်းကြောင်းအဖွဲ့က အနောက်မှာပေါ့နော်။ ကျိုက်ဒုံလမ်းဆုံမှာ ကြားဖြတ်တိုက်ခိုက်ခံရတာ။ စစ်ကောင်စီဘက်က ၄ ဦးသေတယ်။ G1 အဆင့်တစ်ဦး ဒဏ်ရာရတယ်" လို့ သိရပါတယ်။

    လက်ရှိမှာ အာရှလမ်းဝန်းကျင်တစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

  14. ဧရာဝတီတိုင်းက ကမ်းခြေရွာတချို့မှာ ပီဒီအက်ဖ်တွေကို ဝင်ရှာ

    ဧရာဝတီတိုင်း ငပုတော၊ ငရုတ်ကောင်းနဲ့ ပုသိမ်မြို့နယ်ထဲက ကမ်းခြေတွေဘက်မှာရှိတဲ့ ရွာတွေအတွင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ပြီးခဲ့တဲ့လပိုင်းတွ၊ ရက်ပိုင်းတွေတုန်းက စစ်ကောင်စီတပ်ဖွဲ့တွေက ဆက်တိုက်ဆိုသလို စီးနင်းမှုတွေလုပ်ခဲ့ပါတယ်။

    ငရုတ်ကောင်းဘက်က ကျေးရွာတွေမှာဆိုရင် သြဂုတ်လအတွင်းမှာပဲ စတင်ဝင်ရောက်စီးနင်းတာမျိုးတွေ လုပ်ခဲ့သလို ငပုတောဘက်က သဲဖြူကျေးရွာအုပ်စုကိုဆိုရင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကမှ ဝင်ရောက်စီး နင်းပြီး ရွာသားတွေကို ဖမ်းဆီးခဲ့ပါတယ်။

    ဖမ်းဆီးခံခဲ့ရတဲ့ ရွာသားတွေထဲက ၉ ဦးကို ငပုတောစစ်ကြောရေးစခန်းကနေ ဒီကနေ့ ပြန်လွှတ် ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါပေမယ့် ကျန်ရှိနေတဲ့တစ်ဦးကိုတော့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့နဲဆက်စပ်မှုရှိသူဆိုကာ ဆက်လက်ဖမ်းဆီးထားတယ်လို့ သဲဖြူဒေသခံက ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ဝင်ရောက်စီးနင်းခဲ့ချိန်ကစလို့ ရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေက အခုချိန်ထိ အိမ်မပြန်ရဲကြသေးသလို၊ နေ့စဉ်နဲ့အမျှ စစ်တပ်ဝင်လာတဲ့ကောလဟာလတွေကြောင့် သဲဖြူရွာအတွင်း စိုးရိမ်မှုတွေဆက်ရှိနေသေးတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

    ကျောင်းကုန်းမြို့နယ်က ဒေသခံကာကွယ်ရေးတပ်တွေက သဲဖြူရွာအတွင်းမှာ ခိုအောင်းနေထိုင်နေတယ် ဆိုတဲ့ ယူဆချက်နဲ့ စက်တင်ဘာလ ၂၃ရက်ကနေ့စတင်က လကုန်ပိုင်းအထိ သဲဖြူရွာအတွင်း စစ်တပ်က တပ်စွဲကာ စီးနင်းမှုတွေလုပ်ခဲ့ပြီး ဒေသခံဆယ်ချီကိုလည်းဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့တာပါ။

    စက်တင်ဘာ ၂၉ရက်နေ့မှာတော့ ရွာအတွင်းတပ်စွဲထားတဲ့ စစ်တပ် ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံ တွေကပြောဆိုကြပါတယ်။ ကမ်းခြေရွာတွေမှာ စစ်တပ်သွားလာမှုတွေ နေ့စဥ်ရှိနေတယ်လို့ ဆိုပါတယ်။

    ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီသတင်းပေးတွေလိုယူဆသူတွေကို လုပ်ကြံတာအပါအဝင် မိုင်တဲဖုန်းတာဝါတိုင်အချို့ကို ဖျက်ဆီးတာ စတာတွေလည်း ရှိခဲ့ပါတယ်။

    ကမ်းခြေတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Shwe Thaung Yan Community

  15. ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့အဂတိမှုမှာ ဦးဖြိုးမင်းသိန်း သက်သေ ထွက်ဆို

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိမှု လေးမှုကို ဒီနေ့ နေပြည်တော်မှာရှိတဲ့အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

    အဲဒီအမှုလေးမှုထဲက သုံးမှုရဲ့ သက်သေတွေကို ဒီနေ့မှာ စစ်ဆေးခဲ့ပြီး အဲဒီထဲက ရာဇဝတ်ကြီးအမှုအမှတ် ၂ ဖြစ်တဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက်ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

    " ရာဇဝတ်ကြီး အမှု အမှတ် ၂ ကတော့စိတ်ဝင်စားစရာကောင်းပါတယ်။ ဦးရဲထက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမှုပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးရဲထက်ကတိုင်ထားတဲ့အမှုပါ။ အဲဒီအမှုက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေချောင်းတွေ၊ ဒေါ်လာတွေ ပေးတယ်ဆိုပြီး စွဲဆိုထားတဲ့အမှုပါ။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲ ပေးပါတယ်ဆိုတဲ့အမှုကို ပထမဆုံး စစစ်ပါတယ်။ တရားလို ဦးရဲထက် ကိုစ စစ်ပါတယ်။ ဦးရဲထက် မစစ်ခင်တည်းက တိုင်းတရားလွှတ်တော်တရားသူကြီးကို ကျွန်တော်တို့ လျှောက်ပါတယ်။ အမှုရဲ့ စွဲချက်တို့ ရှာဖွေပုံစံတို့အကုန်ပေါ့။ တရားရုံးကိုရဲတင်ထားတဲ့စာရွက်စာတမ်းတွေက မကြာခင်ကမှရတယ်။ ဒီမနက်မှ ဒေါ်စုလက်ထဲကို ရောက်တယ်။ ဒီဟာနဲ့ပတ်သက်လို့ သူ့လမ်းညွန်မှုကို ယူဖို့ကလည်း သူလည်း ဒီမနက်မှရတော့ ပြည့်ပြည့်စုံစုံမလုပ်နိုင်လို့မစစ်ပါနဲ့ပြောပေမယ့် တရားသူကြီးက ၁၅ ရက်လောက်ခွာစစ်ထားလို့ ပြန်ချိန်းဖို့အခက်အခဲရှိတယ်ဆိုပြီး စစ်ပါတယ်။ ဦးရဲထက်ကတော့ ဘာလို့စွဲတင်တယ် ဘယ်လိုစွဲတင်တယ်ဆိုတာထွက်သွားပါတယ်။ ပြန်လှန်စစ်မေးဖို့ကျတော့ ဦးရဲထက်ကို နောက်တစ်ချိန်းမှ ပြန်လှန်စစ်မေးဖို့ လုပ်ပါတယ်။ နောက် အရပ်သားသက်သေဆိုပြီးခေါ်ပါတယ်။ ဘယ်သူရယ်လို့ဖော်မထားဘူး။ ရောက်လာတဲ့အခါကျတော့ ဦးဖြိုးမင်းသိန်းဖြစ်နေပါတယ်။ ဦးဖြိုး မင်းသိန်းကတော့ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်ထဲကအတိုင်းပဲ ထွက်သွားပါတယ်။ ဘယ်ကားနဲ့ ဘယ်လို လာတယ်။ ပထမတစ်ကြိမ် ဘယ်လို၊ ဒုတိယကြိမ်ဘယ်လို၊ တတိယအကြိမ် ဘယ်လိုပေါ့။ နောက်ထူးခြားတာကတော့ သူက မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကိုပေးဖို့ဆိုပြီး ကိုးလက်မရှိတဲ့ ရွှေဆင်းတုတစ်ဆူကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးလိုက်ရတယ်လို့ ဆိုပြီး ပါတယ်။ တိုင်တဲ့ထဲတော့မပါဘူး ဒီကိစ္စက။ ဒါပေမဲ့ ဒီမှာထည့်ပြောသွားတယ်” လို့ ဦးခင်မောင်ဇော်က ဒီနေ့ စစ်ဖြစ်တဲ့တရားခွင်နဲ့ပတ်သက်လို့ ပြောကြားပါတယ်။

    ဒီအမှုနဲ့ပတ်သက်လို့ တရားလိုဦးရဲထက်နဲ့ ဦးဖြိုးမင်းသိန်းတို့ကိုဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းမေးဖို့ နောက်ရုံးချိန်းမှာ စီစဉ်ထားပြီး နောက်ရုံးချိန်းက အောက်တိုဘာ ၈ ရက်နေ့ကိုပြန်ချိန်းထားကြောင်း ပြောပါတယ်။

    တရားခွင်ကိုရောက်လာတဲ့ ဦးဖြိုးမင်းသိန်းက အတော် ပိန်ချုံးပြီး ညှိုးငယ်နေကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။ နောက်ရုံးချိန်းအတွက် သက်သေတွေ ရဲ့သဘောထားကိုမေးတဲ့အခါ ဦးဖြိုးမင်းသိန်းက ဒီကိစ္စတွေကို သူကိုယ်တိုင်စီစဉ်ရတာမဟုတ်ကြောင်းနဲ့ သူ့မှာ နှလုံးရောဂါလည်းရှိ၊ ကိုဗစ်လည်းဖြစ်ထားကြောင်းနဲ့ ကျန်းမာရေးမကောင်းကြောင်းသာပြန်လည်ဖြေကြားခဲ့တယ်လို့ ပြောကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။

    ကျန်သုံးမှုထဲက ၂ မှု သက်သေတွေကိုလည်း ဒီနေ့မှာ စစ်ဆေးခဲ့ပြီး အမှုတချို့အတွက် ပူးတွဲစွပ်စွဲခံရသူတွေထဲ နေပြည်တော်ကောင်စီဝင်ဦးမင်းသူရဲ့ရှေ့နေမှာ ဒီနေ့ တရားခွင်မှ ရှေ့နေ ပါဝါတင်ခွင့်ရတာကြောင့် အမှုစာရင်းဖော်ပြချက်ထဲ နာမည်မပါသေးတဲ့အတွက် တရားခွင်ထဲဝင်ခွင့်မရခဲ့ဘူးလို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

    ASSK

    ဓာတ်ပုံ ရင်းမြစ်, Phyo Min Thein FB

  16. မြန်မာအပါအဝင် နိုင်ငံ ၅၀ ကျော် WHO ရဲ့ ကိုဗစ်ကာကွယ်ဆေး ရည်မှန်းချက်မပြည့်မီ

    ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကို စက်တင်ဘာ လကုန်မှာ ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်ရမယ်ဆိုတဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ နိုင်ငံပေါင်း ၅၀ ကျော်ရှိပါတယ်။

    ဒီလို ရည်မှန်းချက်မမီတဲ့နိုင်ငံအများစုက အာဖရိကတိုက်မှာဖြစ်ပါတယ်။ WHO ကရရှိတဲ့ စာရင်းတွေ အရ ကာကွယ်ဆေး ထိုးပေးပြီးတဲ့နှုန်းက ၄.၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

    ယူကေမှာက လူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေး အပြည့်အဝထိုးပေးပြီး ဖြစ်သလို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ၆၂ ရာခိုင်နုန်း၊ အမေရိကန်ပြည်ထောင်စုမှာ ၅၅ ရာခိုင်နှုန်း ထိုးပေးထားပြီးဖြစ်ပါတယ်။

    ရည်မှန်းချက် မပြည့်တဲ့ နိုင်ငံများ

    ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းချက်အတိုင်း မပြည့်မီနိုင်တဲ့ နိုင်ငံ အားလုံးက ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေ မဟုတ်ကြပါဘူး။

    ကာကွယ်ဆေး ရနိုင်ဖို့ လုံးပမ်းရတာတွေ၊ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ မရှိတဲ့ကိစ္စတွေကြောင့်လည်း ပါပါတယ်။

    မြန်မာနိုင်ငံမှာက လတ်တလော ပဋိပက္ခတွေ၊ မတည်မငြိမ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးပေးနိုင်ရေး အခက်အခဲ ရှိနေတာဖြစ်ပါတယ်။

    မြန်မာလို အလားတူ ပြဿနာတွေကြောင့် ကာကွယ်ဆေးထိုး ရည်မှန်းချက် မပြည့်မီနိုင်တဲ့ နိုင်ငံတွေက ယီမင်၊ ဆီးရီးယား၊ အီရတ် တို့ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်ခံစားရတဲ့ ဟေတီလို နိုင်ငံမှာလည်း ကာကွယ်ဆေး စတင်ထိုးပေးဖို့ရာ အလွန် အခက်အခဲတွေ ရှိခဲ့ပါတယ်။

    ဒါပေမဲ့ ချမ်းသာတဲ့ တိုင်ဝမ်လို နေရာမှာ ကျပြန်တော့လည်း ဆေးဖြန့်ဝေမှု နှောင့်နှေးတာ အပြင် တခြာ ပြဿနာတွေကြောင့် ၁၀ ရာခိုင်နှုန်းအောက်သာ ထိုးပေးနိုင်ပါသေးတယ်။

    ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အနည်းဆုံး နိုင်ငံတချို့ထဲမှာ ပါတဲ့ ဗီယက်နမ်မှာဆိုလည်း ပြီးခဲ့တဲ့ လအနည်းအချိန်အထိ ၁၀ ရာခိုင်နှုန်း ရည်မှန်းချက် မပြည့်သေးပါဘူး။

    အာဖရိကမှာ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိတဲ့ထဲက ၁၅ နိုင်ငံသာ ရည်မှန်းချက် ၁၀ ရာခိုင်နှုန်း ပြည့်အောင် ထိုးပေးနိုင်ခဲ့ပြီး၊ အာဖရိကတိုက်က စုစုပေါင်း နိုင်ငံရဲ့ ထက်ဝက်က သူ့နိုင်ငံလူဦးရေရဲ့၂ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးကြရပါသေးတယ်။

    လူဦးရေများတဲ့ ပိုကြီးတဲ့ နိုင်ငံတချို့မှာဆိုရင် ရည်မှန်းချက်မီဖို့ အများကြီး လိုနေပါတယ်။

    အီဂျစ်နိုင်ငံမှာ လူဦးရေစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေး အပြည့်အဝ ထိုးရပါသေးတယ်။

    အီသီယိုးပီးယားနဲ့ နိုင်ဂျီးရီးယားတို့မှာတော့ ၃ ရာခိုင်နှုန်းထက် နည်းပါတယ်။

    ကာကွယ်ဆေးထိုး အစီအစဉ် အခုချိန်ထိ မစတင်နိုင်သေးတဲ့ နိုင်ငံ နှစ်နိုင်ငံကတော့ ဘူရွန်ဒီနဲ့ အဲရစ်ထရီးယား ဖြစ်ပါတယ်။

    လူဦးရေ အတော်များများကို ကာကွယ်ဆေးထိုးပေးပြီးတဲ့ နိုင်ငံတွေက ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေမြင့် နိုင်ငံတွေဖြစ်ကြပြီး ကာကွယ်ဆေးကို ထုတ်လုပ်တဲ့နိုင်ငံတွေဆီကနေ တိုက်ရိုက်ရရှိခဲ့ကြတယ်လို့ WHO ရဲ့ အာဖရိကဒေသ ဒါရိုက်တာ မက်ရှီဒီဆို မိုတီက ပြောပါတယ်။

    ကိုဗစ်ကာကွယ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူရေးညွှန်မှူးရုံးကို ဖောက်ခွဲခဲ့တယ်လို့ နေပြည်တော် PDF ကြေညာ

    နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ ကာကွယ်‌ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး (ကကဝယ်) အတွင်းမှာ စက်တင်ဘာ ၃၀ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ အစိတ်အပိုင်းတချို့နဲ့ ကားတစ်စီး ပျက်စီးခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်) နဲ့ အမည်မဖော်လိုတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ နေပြည်တော်(PDF) က ထုတ်ပြန်ပါတယ်။

    CDM မလုပ်တဲ့သူတွေအတွက် ဒါဟာ အစသာဖြစ်ပြီး ဒီ့ထက်ပြင်းထန်တဲ့ အရေးယူမှုတွေဆက်လုပ်မယ်လို့ အဲ့ဒီထုတ်ပြန်ချက်ထဲပါရှိပါတယ်။ ဒီပေါက်ကွဲမှုအကြောင်း စစ်ကောင်စီဘက်ကိုမေးမြန်းထားပေမယ့်လို့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

    Naypyidaw

    ဓာတ်ပုံ ရင်းမြစ်, Reuters

  18. ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာအတွင်း စစ်ကောင်စီဘက်ကဝင်ရောက် ပစ်ခတ်တယ်လို့ ဒေသခံတွေပြော, ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံးတယ်လို့ ဆို

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းက ပျဉ်ထောင်ရွာအတွင်း ဒီကနေ့ အောက်တိုဘာ ၁ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ရွာအတွင်းဝင်ရောက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    " ရွာထဲကို မနက် ၅ နာရီက စဝင်လာတာပါ။ ရွာထဲမှာ PDF တွေကိုသင်တန်းပေးနေတဲ့ အိမ်ရှိတယ်ဆိုပြီး ဒလန်က သတင်းပေးလို့ရွာထဲဝင်လာတာ။ ဝင်လာတာနဲ့ သူတို့ကရမ်းပစ်တာ။ ယောင်္ကျားလေးကတော့ သုံးယောက်ထိပြီးသေတယ်။ မိန်းကလေးတစ်ယောက်ဒဏ်ရာရတယ်။ ငါးနှစ်ကလေးကတော့ ကျည်ထိတာမဟုတ်ဘူး။ သူ့အဒေါ်နဲ့ပြေးရင်းလန့်ပြီးဆုံးတာပါ" လို့ဒေသခံရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုပစ်ခတ်မှုတွေအပြင် ဒေသကာကွယ်ရေးတပ်တွေကို သင်တန်းပေးတယ်လို့ယူဆတဲ့နေအိမ်ကိုလည်း စစ်ကောင်စီဘက်က မီးရှို့ခဲ့ပြီး ဒေသခံနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ရွာသားတွေကပြောပါတယ်။

    လက်ရှိမှာတော့ ပျဉ်ထောင်ရွာအတွင်းမှာ ဖမ်းဆီးခံရတဲ့လူငယ်တွေလည်းရှိနေပြီး စစ်ကောင်စီတပ်တွေပြန်ရောက်လာမယ်ဆိုတဲ့သတင်းတွေကြောင့် လူငယ်တချို့လည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ အခုလို ပျဉ်ထောင်ရွာအတွင်းက ပစ်ခတ်မှု၊ သေဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    Update : (ညနေ ၄ နာရီ) ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာထဲကပစ်ခတ်မှုနဲ့ပတ်သက်ပြီး ညနေ ၄နာရီ မှာဒေသခံရွာသားတွေဆီက ထပ်မံပေးပို့တဲ့သတင်းအရ ငါးနှစ်အရွယ်ကလေးငယ် မမျိုးသန္တာ ဆိုသူမှာ ပစ်ခတ်မှုကြောင့် ပြေးလွှားရင်း လန့်ပြီးသေဆုံးတာမဟုတ်ဘဲ ကျည်ထိမှန်သေဆုံးတာဖြစ်တယ်လို့ ရွာသားတွေက ဘီဘီစီကို ထပ်မံဆက်သွယ်ပြောကြားလာပါတယ်။ အဲဒီ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ငါးနှစ်သမီးဟာ ကန့်ဘလူမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သမီး ဖြစ်ပြီး အမျိုးသမီးဖြစ်သူနဲ့ သမီးဖြစ်သူဟာ ပျဉ်ထောင်ရွာမှာနေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။

    Khin Oo, Sagaing

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာအတွင်း စစ်ကောင်စီဘက်ကဝင်ရောက် ပစ်ခတ်တယ်လို့ ဒေသခံတွေပြော
  19. ကျွန်းလှမြို့မှာ လဘက်ရည်ဆိုင်ထဲ ပစ်ခတ်ပေါက်ကွဲမှုဖြစ်၊ စစ်ကောင်စီအရာရှိတစ်ဦးနဲ့အရပ်သား ၂ ဦးသေဆုံး, ဒဏ်ရာရသူတွေလည်းရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းက ပိတောက်မြိုင်ရပ်ကွက်ထဲကမြို့မရုံးဦးကျောင်းတိုက် လဘက်ရည်ဆိုင်အနီးမှာ ဒီကနေ့ အောက်တိုဘာ ၁ရက်နေ့မနက်ပိုင်းက ပစ်ခတ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် အရပ်သား ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    " မနက် ၇နာရီမှာ လက်ဖက်ရည်ဆိုင်ထဲမှာ ဗိုလ်မှူးရယ် ၊ စခန်းမှူးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊တခြားသူတွေနဲ့ ထိုင်နေတုန်း သေနတ်နဲ့၃ချက်ဝင်ပစ်တယ်၊ ပြီးတော့ ဗုံးနဲ့ပစ်ပြီး ဆိုင်ကယ်မောင်းပြေးတာ။ ဗိုလ်မှူးရယ်၊ နောက်ထပ်နှစ်ယောက်ရယ်ကနေရာမှာပဲ ပွဲချင်းပြီးသေတယ်။နောက်ထပ်နှစ်ယောက်က တစ်ယောက်က အငြိမ်းစာဘဏ်မန်နေဂျာဦးတင်ကြီးမောင်၊ နောက်တလျှောက်ကလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးထင်လင်း သူတို့နှစ်ယောက်လည်း နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ လဘက်ရည်လာဝယ်တဲ့လူနှစ်ယောက်လည်း ဒဏ်ရာရတယ်" လို့ ဖြစ်စဉ်အနီးမှာရှိနေတဲ့ပြည်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပေါက်ကွဲမှုနဲ့ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီအရာရှိဟာ ပြည်တွင်းမှာအာဏာသိမ်းမှုဖြစ်စဉ်ပြီးကတည်းက ကျွန်းလှကို တာဝန်ကျလာသူ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒီပေါက်ကွဲမှုနဲ့အတူစစ်ကောင်စီဘက်က အရာရှိတစ်ဦးလည်းသေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက စစ်ကောင်စီဘက်ကိုမေးမြန်းဖို့ကြိုးစားနေပါတယ်။

    KyunHla, Sagaing Region

    ဓာတ်ပုံ ရင်းမြစ်, Social Media

  20. အောင်ဘာလေထီ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ပဲ ဆက်ဖွင့်နိုင်

    စစ်ကောင်စီက ဖွင့်တဲ့ (၃၁)ကြိမ်မြောက်ကျပ်တစ်ထောင်တန်အောင်ဘာလေထီသိန်းဆုဖွင့်ပွဲကို ဒီနေ့ အောက်တိုဘာ ၁ ရက်က ရန်ကုန်မှာ ပြုလုပ်ရာ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုသာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့လထီဖွင့်ပွဲကစပြီး ထီရောင်းချရငွေရဲ့ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပြီး ထီဆုတွေ ချီးမြှင့်မယ်လို့ ဆိုထားပြီး ထီပေါက်ဆုငွေကိုလည်း ကန့်သတ်မထားဘဲ တလုံးတခဲတည်း ချီးမြှင့်ပေးမယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် ဒီလလည်း ခုလို ကျပ် သိန်းငါးထောင်ဆုသာ အမြင့်ဆုံးဖွင့်ပေးနိုင်တာတွေ့ရပါတယ်။

    အာဏာမသိမ်းခင် ဇန်နဝါရီလအထိ အောင်ဘာလေထီဆုကို အမြင့်ဆုံးကျပ် သိန်းတစ်သောင်းခွဲထိ ဖွင့်လှစ်ခဲ့ပါတယ်။

    Lottery

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသား ခင်မောင်ဝင်း