ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရန်ကုန်မှာ တစ်ရက်တည်း လေးနေရာထက်မနည်း ပေါက်ကွဲမှုတွေဖြစ်

    အာဏာသိမ်းမှုကို လက်နက်ကိုင်ကာ ဆန့်ကျင်တော်လှန်မှုတွေလုပ်တော့မယ်လို့ စက်တင်ဘာ ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်အပြီးနောက်တစ်နေ့မှာပဲ ရန်ကုန်အပါအဝင် အနယ်နယ်အရပ် ရပ်မှာ ပေါက်ကွဲမှုတွေ၊ စစ်ကောင်စီစခန်းတွေအစရှိတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်မှုတွေ အရင်ထက်ပိုပြီး ဖြစ်လာတာကိုတွေ့ရပါတယ်။

    ဒီနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းတင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းနဲ့ ဧရာဝဏ်လမ်းမကြီးပေါ်နေရာအချို့မှာ ဗုံးပေါက်ကွဲလို့ ပိတ်ဆို့စစ်ဆေးမှုတွေကို ပေါက်ကွဲတဲ့နေရာတွေအပြင် မြို့နယ်တစ်ခုလုံးရဲ့ လူဦးရေအများဆုံးနေထိုင်နေတဲ့ ယုဇနဥယျာဉ်မြို့တော်အတွင်း လမ်းအချို့မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

    အဲဒါအပြင် မနက်စောစော ၈နာရီကျော်မှာပဲ အလုံမြို့နယ်အတွင်းက အေးရှားဝေါဆိပ်ကမ်းအနီး မြန်မာ့စီးပွားရေးဘဏ်မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောကြပါတယ်။

    အဲဒီနောက်တော့ မနက် ၁၁ နာရီ ကျော်မှာပဲ လှည်းကူးမြို့နယ် ရိပ်သာရပ်ကွက်၊ ရန်ကင်း ၆လမ်းထိပ်က အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲခဲ့ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    မွန်းလွဲ ၂နာရီခန့်မှာတော့ လှိုင်သာယာအဝေးပြေးလမ်းမဘေးမှာတည်ရှိတဲ့ ရဲတပ်ရင်း ၉ ရှေ့ကို လှိုင်သာယာ မြို့ပြပျောက်ကျားတပ်ဖွဲ့က အဝေးထိန်းဗုံး ၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

    ဗုံးပေါက်ကွဲမှုတွေက ရန်ကုန်မြို့မှာတင်မကဘဲ တခြား မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် နေရာအများစုမှာ မနေ့ကစလို့ ပေါက်ကွဲမှုတွေအများအပြားဖြစ်လာတယ်လို့ ဒေသတွင်းက လာတဲ့သတင်းတွေက ဖော်ပြပါတယ်။

  2. မန္တလေးက ကိုဗစ် ကုသရေးဆေးရုံအချို့ပိတ်

    no tag

    ဓာတ်ပုံ ရင်းမြစ်, ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့

    မန္တလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာတွေ လျော့နည်းလာလို့ ဆေးရုံတချို့ကို ပိတ်လိုက်ပြီလို့ လူနာတွေ ပို့ဆောင်ပေးရတဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

    မန္တလေးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကုသပေးတဲ့ ဆေးရုံ ၁၁ခုထိ ရှိပြီးတော့ လက်ရှိ ဆေးရုံတချို့မှာ ကျန်ရှိလူနာတွေ နည်းလာလို့ ကိုဗစ်ကုသရေး စင်တာဖြစ်တဲ့ တိုင်းရင်းဆေးရုံကို ပိတ်လိုက်ပြီး ဇီဝိတ သံဃာ့ဆေးရုံ၊ ကုတင် ၅၀၀ အရိုးကြောဆေးရုံ၊ ကုတင် ၃၀၀ သင်ကြားရေး ဆေးရုံတွေပါ ဆက်လက် ပိတ်သွားမှာဖြစ်တယ်လို့လည်း ကူညီရေးအသင်းတွေက ပြောပါတယ်။

    ဒီနောက်မှာ သက်ဆိုင်ရာ ဆေးရုံအပိုင်းလိုက်ဖွင့်ပြီး ကုသပေးကာ ကိုဗစ်အတည်ပြုလူနာတွေကိုတော့ ချမ်းမြသာစည်နဲ့ ရန်ကင်း ကိုဗစ်-၁၉ ကုသရေးနဲ့ စောင့်ရှောက်ရေး စင်တာကို ပြောင်းရွှေ့ထားမှာ ဖြစ်တယ်လို့သိရကြောင်းလည်း ပြောပါတယ်။

    ဇွန်လကုန်ပိုင်းကစပြီး ဩဂုတ်လလယ်ထိ မန္တလေးမြို့မှာ ကိုဗစ်-၁၉ သံသယ လက္ခဏာရှိသူ လူနာတွေ အများဆုံးတွေ့ခဲ့ရပြီး လကုန်ပိုင်းမှာ ရောဂါဖြစ်ပွါမှုရော သေဆုံးတာပါလျော့ကျသွားပါတယ်။ စက်တင်ဘာလဆန်းက စတင်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ဆေးရုံတက်ရောက်သူရော နေအိမ်ကုသမှုပါ လျော့နည်းလာတယ်လို့ လူမှုကူညီ ကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

    "ဒီရက်ပိုင်း Care လုပ်ရတဲ့ဟာ တော်တော်လျော့သွားတယ်။ လူနာအသစ် မရှိသလောက်ကို လျော့တာ။ အရင်က တနေ့ကို အယောက် ၂၀နီးပါးကြည့်ရတာပေါ့။ အခုက လူနာဟောင်းပဲ ကြည့်ပေးရတဲ့ အတိုင်းအတာပါပဲ"လို့ ကိုဗစ်-၁၉ လ္ခဏာသံသယ လူနာတွေကို အိမ်အရောက် ကုသမှုပေးတဲ့မန္တလေးက လူမှုကူညီရေးအသင်း Medical Home care အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့

  3. လောင်းလုံးမှာ အမျိုးသားတစ်ဦး‌ ပစ်သတ်ခံရ

    ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာနေ အမျိုးသားတစ်ဦး စက်တင်ဘာလ ၇ ရက်က အသတ်ခံခဲ့ရတယ်လို့သိရကြောင်း ဒေသခံအချို့ကို ကိုးကားပြီးထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက ရေးပါတယ်။

    အသတ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ် ဦးအေးမြင့်ဆိုသူဖြစ်ပြီး ညနေဘက် နေအိမ်မှာရှိနေစဉ် လက်လုပ်တူးမီးသေနတ်နဲ့ လာရောက်ပစ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    လူမှုကွန်ရက်ပေါ်မှာတော့ ဦးအေးမြင့် ဂစ်အိုးပေါက်ကွဲလို့ သေဆုံးကြောင်း ရေးသားနေကြပေမဲ့ တူးမီးသေနတ်နဲ့ လည်ပင်းကို ပစ်ခတ်ခံရတာလို့လည်း မျက်မြင်တွေ့သူကပြောပါတယ်။

    ဒေသခံအချို့၏ ပြောဆိုချက်အရမူ လက်ရှိရေဖြူကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူနဲ့ သေဆုံးသူတို့မှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့သိရပြီးဘယ်အဖွဲ့က လာရောက်ပစ်ခတ်တယ်ဆိုတာကို မသိရသေးပါဘူး။

    သေဆုံးသူ ဦးအေးမြင့်ကို စစ်ကောင်စီ သတင်းပေးလို့ ဒေသခံတွေက စွပ်စွဲမှုတွေရှိပါတယ်။

    ဦးအေးမြင့်ရဲ့ ဇနီးနဲ့ သားနှစ်ဦး၊ သမီးတစ်ဦးရှိပြီး အကြီးဆုံးသားနဲ့ သမီးတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။

    ဇွန်လ အတွင်းက စစ်ကောင်စီတပ်တွေလောင်းလုံးရေဖြူကျေးရွာကို ‌ဝင်ရောက်တာရှိခဲ့

    ဓာတ်ပုံ ရင်းမြစ်, Dawei Watch

    ဓာတ်ပုံ ပုံစာ, ဇွန်လ အတွင်းက စစ်ကောင်စီတပ်တွေလောင်းလုံးရေဖြူကျေးရွာကို ‌ဝင်ရောက်တဲ့မြင်ကွင်း
  4. KNLA စစ်ရေးချုပ် ကွယ်လွန်

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ရေးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ပီလစိန်ဟာဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက၊ထိုင်း-မြန်မာနယ်စပ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ဗိုလ်ချုပ်ပီလစိန်ဟာ၊KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးတာမလာဘော နဲ့ ဇနီးနော်ဖော့ဂေါ်တို့ရဲ့သားသမီး ၈ ယောက်ထဲက ဒုတိယသားဖြစ်ပါတယ်။

    ကရင်တော်လှန်ရေးသမားဖခင် တာဝန်ကျရာ ဒေသတွေက စာသင်ကျောင်းတွေမှာ ပညာဆည်းပူးပြီး၊အသက် ၁၇ နှစ်အရွယ် ၁၉၆၃ ခုနှစ်၊ကစပြီး၊ KNLA ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်မှာ၊ တပ်သားအဆင့်ကနေ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ၂၀၀၁ နှစ်မှာ စစ်ရေးချုပ် ဖြစ်လာပါတယ်။

    ဗိုလ်ချုပ်ပီလစိန်ဟာ၊သူ့ဖခင် ဗိုလ်ချုပ်ကြီးတာမလာဘောနဲ့ ကျန်းမာရေးကြောင့်အနားယူသွားတဲ့ သူ့အစ်ကို KNLA တပ်မဟာ ၂ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် မဲအေးစိန်တို့ လိုပဲ၊ ကရင့်တော်လှန်ရေးအပေါ်မှာ အင်မတန်သစ္စာရှိ၊ ရိုးသားသူဖြစ်တယ်ဆိုပြီး လူသိများတဲ့တပ်မှူးတယောက်ဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

    ဗိုလ်ချုပ်ပီလစိန်ဟာကွယ်လွန်ချိန်မှာအသက် ၇၅ နှစ်ရှိပြီး၊ဇနီးနော်စေးစေးနဲ့သားတယောက်၊သမီး၃ ယောက်ကျန်ခဲ့ပါတယ်။

    သူဟာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး ကွယ်လွန်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေရရှိပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. ဟားခါးမှာ မနေ့ညပိုင်းပစ်ခတ်မှုတွေအတွင်း အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ, အစိုးရရုံးနဲ့နီးစပ်တဲ့နေအိမ်တွေ ပြောင်းရွှေ့ဖို့ပြင်နေကြတယ် လို့ဆို

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စက်တင်ဘာ ၇ ရက်နေ့ညပိုင်းက ပြည်နယ်အစိုးရရုံးအနီးတဝိုက်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လူနေအိမ် တစ်အိမ်ကိုလက်နက်ထိမှန်လို့ နေအိမ်တွင်းက အမျိုးသား တစ်ဦးကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပစ်ခတ်မှုတွေဟာ မနေ့ ညပိုင်း ၉ နာရီလောက်ကနေစတင်တာဖြစ်ပြီး သေနတ်သံတွေအပြင် လက်နက်ကြီးသံတွေ ကြားခဲ့ရပြီး ပစ်ခတ်မှုဖြစ်ပွားတာ ၁နာရီလောက်ကြာမြင့်ခဲ့တယ် လို့ဒေသခံတွေကပြောပါတယ်။

    " မြို့အလယ်မှာဖြစ်တာပါပဲ၊ အစအဆုံးဆိုပစ်တာ ၁နာရီလောက်ကြာတယ်။ အမျိုးသားတစ်ဦးကတော့ အိမ်ထဲမှာနေရင်းပဲ ကျည်ထိတယ်။ သွေးထွက်လည်းတော်တော်လွန်သွားတယ်ပြောကြတယ်။ ပစ်ခတ်တာတော့ အသံတွေအရ နှစ်ဖက်ပစ်ခတ်တယ်လို့ထင်ပါတယ် " လို့ဟားခါးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပစ်ခတ်မှုတွေကြောင့် ဒဏ်ရာရထိခိုက်မှုတွေရှိခဲ့သလိုနေအိမ်တချို့ကို လက်နက်ကြီးတွေထိမှန်ပျက်စီးတာတွေလည်းရှိခဲ့တယ် လို့ဒေသခံတွေကပြောပါတယ်။

    ဟားခါးမြို့ထဲမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်တာ မကြာခဏဖြစ်ခဲ့ဖူးပြီး ညတိုင်းလိုလိုပစ်ခတ်ဖောက်ခွဲသံတွေလည်းကြားနေရ ပေမယ့် အခုတကြိမ်လို အချိန်ကြာတဲ့အပြန်အလှန်ပစ်ခတ်မှုမျိုးကတော့ မြို့အတွင်းမှာ မဖြစ်ခဲ့ဖူးကြောင်း ဒေသခံတွေကပြောဆိုကြပါတယ်။

    ဒီပစ်ခတ်မှုတွေကြောင့် ဟားခါးမြို့အတွင်းကအစိုးရရုံးအခြေစိုက်ရာနေရာနဲ့ နီးစပ်တဲ့ နေအိမ်တွေက ဒေသခံတွေအနေနဲ့စိုးရိမ်မှုတွေရှိနေပြီး ပြောင်းရွှေ့ နေထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    Hakha, Chin

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နေအိမ်တွင်းမှာရှိနေစဉ် ကျည်ထိမှန်ဒဏ်ရာရခဲ့။
  6. တနိုင်းအနီး ရှင်ဗွေယန်အသွားလမ်းအနီးတဝိုက် စစ်ကောင်စီတပ်တွေနဲ့ KIA တို့တိုက်ပွဲဖြစ်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ထဲက တနိုင်းမြို့ကနေ ရှင်ဗွေယန်မြို့နယ်ကို သွားတဲ့လမ်းကြောင်းဖြစ်တဲ့ လဂျားဘွမ်ရွာနဲ့ ရှင်လုံရွာကြားမှာ ဒီကနေ့စက်တာဘာ ၈ရက်နေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီတိုက်ပွဲဖြစ်တဲ့နေရာတွေဟာ ကျေးရွာတွေရဲ့အနီးမှာဖြစ်တာကြောင့် စိုးရိမ်မှုတွေ ရှိပေမယ့် ဒေသခံရွာသားတွေ အနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် တိမ်းရှောင်စရာနယ်မြေမရှိဘူးလို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

    " မနက် ၁၁နာရီကနေ ၁၂ နာရီထိအသံတွေ ဆက်တိုက်ကြားတယ်။ ရွာထဲကဗမာလူမျိုးတွေက ဘုန်းကြီးကျောင်းကိုပြေးတယ်။ ကျန်တဲ့လူတွေက တနိုင်းသွားဖို့ကားလည်းမရှိဘူး။ ဆိုင်ကယ်နဲ့ဆိုလည်းမိသားစုနဲ့ဆိုတော့ ပြောင်းဖို့အဆင်မပြေတော့ ကိုယ့်အိမ်မှာပဲနေနေရတယ်။ တရွာလုံးက တအားကြောက်နေကြတယ်။ ဒီလိုမဖြစ်ဖူးတော့ စစ်သားတွေကဘာပြောမှာလဲ၊ ဟိုဘက်ကရောဘာပြောမလဲဆိုပြီး ကြောက်နေကြတယ်" လို့ လဂျားဘွမ်ရွာကဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကျေးရွာတွေဟာ တနိုင်းမြို့နယ်နဲ့ ၁၈ မိုင်လောက်အကွာမှာရှိပြီး ကချင်၊ နာဂ၊ လီဆူးနဲ့ မြန်မာ လူမျိုးတွေနေထိုင်ကြကာတောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူ တွေဖြစ်ပါတယ်။

    ဒီရွာတွေဟာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ၃ မိုင်လောက်သာဝေးတာကြောင့် ဒေသခံရွာသားတွေအနေနဲ့စိုးရိမ်ပူပန်မှုတွေရှိပေမယ့် စစ်ရှောင်ပြေးစရာနယ်မြေ မရှိတဲ့အခြေနေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    တနိုင်း-ရှင်ဗွေယန်လမ်းမအနီးက လဂျားဘွမ်ကျေးရွာမှာ ကေအိုင်အေဘက်က မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံအခြေစိုက်မီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KIA နဲ့စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်း အတည်ပြုဖို့ကြိုးစားနေပါတယ်။

    Tanaing, Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. ကယားမှာ တိုက်ပွဲတွေ အရှိန်မြင့်

    ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆို မြိုအနီးမှာ တိုက်ပွဲတွေ အရှိန်မြင့်နေတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    စက်တင်ဘာလ ၇ ရက့်နေ့ ညက ဒီးမော့ဆိုရဲစခန်းတိုက်ခိုက်တာခံခဲ့ရသလို အဲဒီနေ့လယ်ပိုင်းကလည်း လွိုင်ကော်နဲ့ဒီးမော့ဆိုမြို့နယ် အကြား ‌ဒေါပိုးစီကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

    အဲ့ဒီနောက် ဒီ;မော့ဆိုမြို့နယ်၊ (၅) မိုင်နှင့် (၆) မိုင်ကြား ကျေးရွာတွေအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်းရှိခဲ့ပါတယ်။

    ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့အနီး (၆) မိုင် စံပြကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဲ့ဒီမှာနေထိုင်တဲ့သူတွေ စစ်ဘေးလွတ်ရာကို တိမ်;ရှောင်နေကြတယ်လို့ သိရပါတယ်။

    စက်တင်ဘာလ ၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် ဒီ;မော့ဆို မြို့နယ် စံပြ (၆) မိုင် ကျေးရွာအတွင်းက လူနေအိမ်များ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    နောက်ဆုံးသိရတဲ့ သတင်းအရ (၆) မိုင်ကျေးရွာနဲ့ ဒေါပိုးစီ ကျေးရွာတွေ အတွင်းမှာ စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့် တပ်ဖြန့်ထားပြီးနေရာယူထားတယ်လို့ သိရပါတယ်။

    ရှမ်းနဲ့ ကယားနယ်စပ် ဖယ်ခုံမြို့အနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရသူ စာရင်းကိုတော့ မသိရသေးပါဘူး။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    မီးရှို့ခံရတဲ့ ၆ မိုင်ကျေးရွာ အိမ်အချို့

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံရတဲ့ ၆ မိုင်ကျေးရွာ အိမ်အချို့
  8. လှည်းကူးအုပ်ချုပ်ရေးမှုးရုံးအနီးပေါက်ကွဲမှုဖြစ်, အုပ်ချုပ်ရေးမှူးအပါအဝင် နောက်ထပ်တစ်ဦးထိခိုက်ဒဏ်ရာရ

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်ထဲက ရန်ကင်း ၆လမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့စက်တင်ဘာ ၈ရက်နေ့နေ့လယ်ကပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် ရုံးအကူအမျိုးသားတစ်ဦးထိခိုက်မှုရှိခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။ "နေ့လယ် ၁၁နာရီလောက်ကဖြစ်တာပါ၊ အုပ်ချုပ်ရေးမှူးကားအနောက်မှန်ရော၊ ဘီးတွေရောကွဲသွားတယ်။ အုပ်ချုပ်ရေးမှုးလည်းထိတယ်၊ သူနဲ့အတူပါတဲ့သူလည်းခြေထောက်ထိတယ်။သေတော့မသေဘူး၊ လှည်းကူးဆေးရုံကိုလူနာတင်ယာဉ်နဲ့ခေါ်သွားပြီ"လို့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်တဲ့ အုပ်ချုပ်ရေးမှူးရုံးမှာတော့ မှတ်ပုံတင်နဲ့သန်းခေါင်စာရင်း တွေကို ဒီကနေ့ပြုလုပ်ပေးနေတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ ရုံးအနီးတဝိုက်နဲ့လှည်းကူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေကလုံခြုံရေးတင်းကျပ်ရှာဖွေမှုတွေဆက်လုပ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

    Hlagu, Yangon

    ဓာတ်ပုံ ရင်းမြစ်, Social Media

  9. ဒီးမောဆိုရဲစခန်းကိုဒေသကာကွယ်ရေးတပ်တွေသိမ်းပိုက်တယ်ဆိုတဲ့ သတင်းမဟုတ်မှန်ဘူးလို့ KNDF ပြော

    ဒီးမောဆိုရဲ့စခန်းကိုဒေသကာကွယ်ရေးတပ်တွေသိမ်းပိုက်တယ်ဆိုတဲ့သတင်းမဟုတ်မှန်ဘူးလို့ KNDF ပြော ကရင်နီပြည်နယ်အတွင်း မနေ့ကစက်တင်ဘာ ၇ရက်နေ့က ဒေသကာကွယ်ရေး တပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပေမယ့် ဒီးမောဆိုရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေသိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းကတော့ မဟုတ်မှန်ဘူးလို့ KNDF ဘက်ကပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေးအတွက်စတင်ဖို့ နှိုးဆော်လိုက်တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာပဲ ဒီးမောဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမီးရှို့ခံရတာ၊ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကပြောပါတယ်။

    " မနေ့ကတိုက်ပွဲ ၂ကြိမ်ဖြစ်ပါတယ်။ ဒေါပိုးစီ ၆မိုင်မှာဖြစ်တယ်၊ ဒီးမောဆိုရဲစခန်းမှာ ဖြစ်တယ်။ ဒီးမောဆိုရဲစခန်းကို ဝင်တိုက်တာက KNDF ကမဟုတ်ပါဘူး။ ဒီးမောဆိုမှာလည်း တခြား PDF တွေလည်း အများကြီးရှိတယ်လေ။ ဒါပေမဲ့ ရဲစခန်းကိုသိမ်းလိုက်နိုင်တယ်ဆိုတာတော့ မဟုတ်ပါဘူး" လို့ ဒီးမောဆို မြို့နယ်က KNDF အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ဒီးမောဆိုမြို့နယ်အနောက်ဘက်နဲ့အရှေ့ဘက်မှာ ရှိတဲ့ဒေသခံအားလုံးစစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးတိမ်းရှောင်ရင်း အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့စက်တင်ဘာ ၈ရက်နေ့မနက်ပိုင်းထိလည်း ဒီးမောဆိုမြို့နယ်အတွင်း လက်နက်ကြီးသံတွေလည်းဆက်ကြားနေရပြီး ဖယ်ခုံမြို့နယ်အတွင်းမှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့ မေတ္တာရပ်ခံတယ် ဆိုတဲ့ ကြေညာချက်တစောင်ကို ဒီကနေ့စက်တင်ဘာ ၈ရက်နေ့ မနက်ပိုင်းမှာ KNDF က ထုတ်ပြန်ထားပါတယ်။

    Kayah

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးထိမှန်ခဲ့တဲ့ ဒေါစဲရွာက လူနေအိမ်တချို့
  10. NUG ရဲ့ထုတ်ပြန်ချက်ဟာ တော်လှန်ရေးမှာ ပါဝင်ဖို့ နှိုးဆော်တာဖြစ်တယ်လို့ ကေအိုင်အိုပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူပြော

    စစ်ရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကို ပြည်သူတွေ အမြဲနားစွင့်ဖို့လိုတယ်လို့ဆိုအမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ၇ ရက်နေ့မှာ တော်လှန်ရေး လှုပ်ရှားမှုစတင်ပြီလို့ ပြောဆိုလိုက်တာဟာ ပြည်သူလူထုကို တော်လှန်ရေးမှာ အားလုံးပါဝင်ဖို့နှိုးဆော်လိုက်တာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ သတင်းနဲ့ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    “ ပြည်သူထုထုအပေါ် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို မခံနိုင်တဲ့အဆုံး မဖြစ်မနေ ဒီလမ်းကိုရွေးလိုက်ရတယ်လို့မြင်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာဆို ဒီဒေးလို့ မပြောသွားဘူး။ ဘယ်နေရာမှာဘာလုပ်မယ်လို့မပြောသွားဘူး။ ပြည်သူလူထု အားလုံးပါဝင်ဖို့ နှိုးဆော်တဲ့ တော်လှန်ရေး ကြေညာချက်လို့ပဲမြင်ပါတယ်။ စစ်ရေးဆိုတာခန့်မှန်းလို့မရတဲ့အတွက် ဘယ်နေရာမှာ၊ ဘယ်အချိန် တိုက်ပွဲဖြစ်မယ်ဆိုတာမသိရဘူး။ ပြည်သူလူထုအနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အမြဲသတိဝိရိယနဲ့နားစွင့်နေဖို့လိုပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ကေအိုင်အေအနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ လုပ်သင့်လုပ်ထိုက်တဲ့ ကချင့်တော်လှန်ရေးလမ်းစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး အရင်ထုတ်ပြန်ခဲ့တဲ့ကေအိုင်အိုရဲ့ကြေညာချက်တွေအတိုင်းပဲဆက်လက်လုပ်ဆောင်သွားမယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့မှာတော့ ကေအိုင်အိုအနေနဲ့ နိုင်ငံရေးပြဿနာတွေကို စစ်ပွဲတွေကိုရှောင်ရှားပြီး စစ်မှန်တဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့မျှော်လင့်တယ်လို့ ကေအိုင်အို ဗဟိုကော်မတီကထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

    KIA

    ဓာတ်ပုံ ရင်းမြစ်, Social Media

  11. တရုတ်-မြန်မာနယ်စပ်ဂိတ်အချို့ ပြန်ဖွင့်ဖို့ပြင်

    နှစ်လနီးပါးအကြာပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ကို ပြန်လည်ဖွင့်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပြီး ရှေ့တစ်ပတ် စက်တင်ဘာ ၁၆ ရက်နေ့ ဖွင့်နိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ မြန်မာနဲ့ တရုတ်ကုန်သည်တွေကြားမှာ ပြောဆိုနေကြပါတယ်။

    စက်တင်ဘာလ ၈ ရက်နေ့မှာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေပိတ်ထားတာ နှစ်လ ရှိပြီဖြစ်ပါတယ်။

    စက်တင်ဘာလ ရ ရက်နေ့က တရုတ်မြန်မာနယ်စပ်ကုန်သည်တွေအပါအဝင် နှစ်ဖက်တာဝန်ရှိသူတွေဟာ နှစ်နိုင်ငံကုန်သွယ်ရေး ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။

    ကျင်စန်းကျော့ နဲ့ အခြားဂိတ်တစ်ခုကို အကန့်အသတ်နဲ့ဖွင့်ဖို့ရှိတယ်လို့ တရုတ်နိုင်ငံဘက်က ကုန်သည်တွေက ပြောနေတယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံဘက်က ကုန်သည်တွေနဲ့ ကားသမားတွေကတော့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပြီး တရားဝင်ထုတ်ပြန်ချက် ထွက်လာတာတော့ မရှိသေးပါဘူး။

    မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ခုတင် တစ်ထောင် ကိုဗစ်ကာကွယ်ကုသရေးစင်တာကို စက်တင်ဘာ ၁၅ ရက်နေ့မှာဖွင့်လှစ်ဖို့ပြင်ဆင်ထားပါတယ်။

    ဒါပေမဲ့ မူဆယ်ခရိုင်ထဲက မုံးကိုးနဲ့ ပန်ဆိုင်းဒေသမှာတိုက်ပွဲတွေဖြစ်လာသလို့ NUG အစိုးရက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ခုခံ တွန်းလှန်စစ် စတင်ပြီလို့ စက်တင်ဘာ ၇ ရက်နေ့က ကြေညာခဲ့တဲ့ အတွက် နယ်စပ်ကိုလာမဲ့ ရက်ပိုင်း ဖွင့်မယ်ဆိုတဲ့အပေါ်ပြောင်းလဲသွားမှာကို ကုန်သည်တွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, Screen Shot

  12. NUG ကြေညာချက်အပြီး ထွက်ပေါ်လာတဲ့ ယူကေအစိုးရ သဘောထား

    NUG ရဲ့ တော်လှန်ရေး ကြေညာချက် အပေါ် တိုက်ရိုက်သဘောထား ဆိုပြီး ယူကေနိုင်ငံက မပြေောပေမယ့် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်း အားထုတ်မှုကို ယူကေ အစိုးရကထောက်ခံကြောင်းနဲ့ ပဋိပက္ခတွေ နောက်ထပ် ဖြစ်လာရင် ကိုဗစ် ကိုင်တွယ်ရေး အပါအဝင်၊ စာနာနားလည်မှု ဆိုင်ရာ အကူအညီပေးရေးတွေ အပေါ် ထိခိုက် လိမ့်မယ် ဆိုပြီး ပြောလာပါတယ်။

    မြန်မာဆိုင်ရာ သံအမတ်အဖြစ် စစ်ကောင်စီလက်ထက်မှာ ဘောရစ်ဂျွန်ဆင် အစိုးရက ဇူလိုင်လတုန်းက ခန့်ထားတဲ့ သံအမတ် Pete Vowles က စစ်အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အပေါ် ရှုတ်ချကြောင်း ထပ်လောင်း ပြောရင်းမှာပဲ၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး လမ်းကို လိုက်ကြဖို့ သက်ဆိုင်ရာ အဖွဲ့အားလုံးကို တိုက်တွန်ကြောင်း ထုတ်ပြန် လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အီးယူတို့ဘက်ကရော NUG ရဲ့ စက်တင်ဘာ ၇ ရက်၊ အများ ရည်ညွှန်းပြောနေကြသလို D-Day ကြေညာချက် အပေါ် ဘယ်လို သဘောထား သလဲဆိုတာတော့ ထွက်ပေါ် မလာသေးပါဘူး။

    စစ်ရေးနဲ့ ဖြေရှင်းတဲ့လမ်းကို အားမပေးလိုတဲ့ သဘော ယူကေသံအမတ်ပြော

    ဓာတ်ပုံ ရင်းမြစ်, UK in Myanmar

    ဓာတ်ပုံ ပုံစာ, စစ်ရေးနဲ့ ဖြေရှင်းတဲ့လမ်းကို အားမပေးလိုတဲ့ သဘော ယူကေသံအမတ်ပြော
  13. အာဆီယံ အထူးသံပြောတဲ့ အပစ်ရပ်ရေး ဆိုတာ ဘာလဲ

  14. NUG တော်လှန်ရေး ကြေညာချက်အပေါ် ဘယ်လိုတွေ တုံ့ပြန်နေကြလဲ

  15. ဘုတလင်မှာ စစ်တပ် ရှယ်ယာပါတဲ့ မိုင်တဲ တာဝါတိုင် ၁၁ တိုင်ဖောက်ခွဲခံရ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်တပ် ရှယ်ယာပါတဲ့ MYTEL မိုင်တဲ ကုမ္ပဏီက တာဝါတိုင် ၁၁ တိုင်နဲ့ ဆက်စပ်ပစ္စည်းတွေစက်တင်ဘာ ၇ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    စက်တင်ဘာ ၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အမည်မသိအဖွဲ့စည်းတခုက တစ်ပြိုင်တည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပြီး MYTEL ဖုန်းလိုင်းတွေ ဘုတလင်မှာ ပျက်နေတယ်လို့ပြောပါတယ်။

    ဘုတလင် မြို့ပေါ် ဗန္ဓုလရပ်ကွက်မှာ တစ်တိုင်၊ ကူတော်ရွာဘေးက တစ်တိုင်၊ အင်းတဲလမ်းဘေးက တစ်တိုင်၊ ယုန်လေးကုန်းရွာဘေးက တစ်တိုင်၊ လွဲတဲရွာဘေးက တစ်တိုင်၊ ငပယင်းရွာဘေးက တစ်တိုင်နဲ့ မုံရွာ-ရေဦး ကားလမ်းအနီး ဘုန်းကြီးကျောင်းကွေ့၊ အောင်သာ၊ မကျည်းအုပ် တို့မှာဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အချို့တာဝါတိုင်များ ဖောက်ခွဲပြီးနောက်လဲသွားကြောင်းလည်း သိရပါတယ်။

    ဒေသခံတွေက အမည်မသိ အဖွဲ့ဖျက်ဆီးတာလို့ပြောပြီး အခြားဖုန်းအော်ပရေတာတွေရဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံရတာ မရှိကြောင်းလည်း သူတို့ကပြောပါတယ်။

    အခုလို တာဝါတိုင်တွေ ဖျက်ဆီးတာနဲ့ပတ်သက်ပြီးလို့ စစ်ကောင်စီတပ်တွေက အနီးရွာတွေက ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်မှာကိုလည်း စိုရိမ်နေကြ တယ်လို့ သိရပါတယ်။

    ဘုတလင်မှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရမှု အပြီးမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်နေသလို မြို့ပေါ်သွားလာနေတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မိုင်တဲဟာ မြန်မာနိုင်ငံမှာ တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကုမ္ပဏီကြီး ၄ ခုရှိတဲ့အထဲက တစ်ခုဖြစ်ပါတယ်။

    မိုင်တဲကုမ္ပဏီကို ဗီယက်နမ်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဗီယက်တဲလ် ကုမ္ပဏီက ၄၉ ရာနှုန်းပိုင်ဆိုင်ပြီး မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုက ၂၈ ရာနှုန်းပိုင်ဆိုင်ပါတယ်။

    မြန်မာစစ်တပ်နဲ့နီးစပ်သူ ကုမ္ပဏီ ၁၁ ခုပေါင်းထားတဲ့ မြန်မာနေရှင်နယ်တယ်လီကွန်းဦးပိုင်လီမိတက်က ၂၃ ရာနှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။

    ဘုတလင်မြို့နယ်အတွင်း အခုလို ဆက်သွယ်ရေးတာဝါတိုင်တွေကို မီးရှို့ဖျက်ဆီးတာ အရင်က မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက် က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. လွိုင်ကော်မြို့အထွက် ဒေါပိုးစီ မှာတိုက်ပွဲဖြစ်

    ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမေ့ာဆိုမြို့ အကြားက ဒေါပိုးစီ ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေ အကြားတိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကယားဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အဲ့ဒီနေရာဟာ လွိုင်ကော်မြို့အထွက် ၅ မိုင်အနီးက ကျေးရွာဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၆ ရက်နေ့ညနေပိုင်းက ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ဒေသခံအိမ်တွေကို ရှာဖွေဖမ်းဆီးတာတွေ လုပ်ခဲ့ပြီးတော့ နောက်တစ်နေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်.

    အဲ့ဒီတိုက်ပွဲဟာ ဒီကနေ့ နေ့လယ်ပိုင်း ၃ နာရီခန့်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်မှုတွေကို နေတယ်လို့ လည်း သူတို့ကပြောပါတယ်။

    နှစ်ဖက် ပစ်ခတ်မှုတွေကြားထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း စစ်ကောင်စီတပ်နဲ့ ထိတွေပစ်ခတ်တဲ့ အဖွဲ့ဟာ KNDF အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

    စစ်ကောင်စီ တပ်သားအင်အားရာဂဏန်းရှိပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုတေါကြောင့် ရွာထဲကို လက်နက်ကြီးတွေကျတာရှိတယ်လို့လည်း သိရပါတယ်။

    ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့ KNDF ကတော့ ပြည်သူတွေ အကြောက်မလွန်ကြဖို့နဲ့ သတင်းနားစွင့်ပြီး အချင်းချင်းကူညီကြဖို့ ထုတ်ပြန်ထားပါတယ်။

    KNDF

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, KNDF တပ်ဖွဲ့ဝင် အချို့
  17. မုံရွာမှာ နေ့လယ်ပိုင်း စျေးဆိုင်တွေပိတ်၊ ပေါက်ကွဲသံအချို့ကြား

    အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာလ ၇ ရက်နေ့ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေကြေညာပြီးနောက် မုံရွာမြို့ စျေးကြီးများမှာ အခြေခံစားကုန်များ၊ လူသုံးကုန်များ တိုးဝှေ့ဝယ်ယူမှုများပြားနေကြောင်း မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    အခြေခံစားသောက်ကုန် ရောင်းတဲ့ဆိုင်တွေပိတ်သလို အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေ လူသုံးကုန်ရောင်းတဲ့ဆိုင်တွေ လည်း မနက် ၁၁ နာရီလောက်က စပြီးပိတ်သွားခဲ့ကြောင်းလည်း သူတို့ကပြောပါတယ်။

    မုံရွာကိုမနက်ပိုင်းလာပြီးနေ့လယ်ပိုင်း စျေးဝယ်ပြန်ကြတဲ့ ဘုတလင် အရာတော် စတဲ့မြို့တွေက စျေးကားတွေလည်း ပုံမှန်ထက်စောပြီးနေ့လယ်ပိုင်း ပြန်သွားကြကြောင်းလည်း မုံရွာမြို့ ကုန်သည်တွေက ပြောပါတယ်။

    မွန်းလွဲ ၁နာလောက်မှာ ဆိုင်အချို့ ပိတ်သိမ်းပြီး လုပ်ငန်းအချို့လည်း ရုတ်တရက် ရပ်နားသွားပြီး‌နောက်မှာတော့ မုံရွာပြည်‌ထောင်စုလမ်းမကြီးနဲ့ ကမ်းနားလမ်းမှာ ခါတိုင်းထက် စစ်ကောင်စီကားတွေ အရေအတွက် အများများ တွေ့နေရပြီး မုံရွာကမ်းနားလမ်းမှာ ပေါက်ကွဲသံအချို့ ကြားရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

    စက်တင်ဘာ ၇ ရက်မုံရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၇ ရက်မုံရွာ
  18. ကုလညီလာခံ နီးလို့ NUG က တော်လှန်ရေး ကြေညာတာလို့ စစ်ကောင်စီ တုံ့ပြန်

    NUG ရဲ့ တော်လှန်ရေး စတင်ကြောင်း ကြေညာချက်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပမယ့် အချိန်မှာ လုပ်ရပ် တစ်ခုခု ပြနိုင်အောင် လုပ်ဆောင်တဲ့ကြေညာချက်သာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပြောကြား ပါတယ်။

    ရန်ကုန်၊ မန္တလေး စတဲ့ နေရာတွေမှာ စစ်ကောင်စီက တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင်မှု၊ လက်နက်ခဲယမ်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိမှုတွေကို ခြေဖျက်လိုတဲ့ အတွက်ကြောင့် အပြင်၊ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ပြန်လည် ရရှိအောင် လုပ်ဆောင်ချက်မျိုးသာ ဖြစ်တယ်လို့လည်း စစ်ကောင်စီ တာဝန်ရှိသူက ပြောကြားပါတယ်။

    နောက်ပြီး စစ်ကောင်စီ ဘက်က လုပ်ဆောင်နေတဲ့ ကိုဗစ်၁၉ ရောဂါ ကာကွယ်တားဆီးရေးနဲ့ ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးရေး လုပ်ငန်းစဥ်တွေကို နှောက်ယှက်ဖျက်ဆီးလိုတဲ့ အတွက်ကြောင့် NUG အစိုးရနဲ့ CRPH အဖွဲ့ဘက်က ကြေညာခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ၇ရက်နေ့မှာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အသံမိုင်းများ ပေါက်ကွဲခြင်းသာ ရှိခဲ့တယ်လို့လည်း စစ်ကောင်စီ ပြန်ကြားရေး ဒုတိယ ဝန်ကြီးက ပြောဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေ အနေနဲ့ ရိက္ခာပြတ်လပ်မှာကိုလည်း စိုးရိမ်ဖို့ မရှိဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

    အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ဘက်ကတော့ စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်အာဏာရှင်ကို ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီဖြစ်ကြောင်း ယာယီ သမ္မတ ဒူဝါလရှီးက ကြေညာခဲ့ပါတယ်။

    စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံး တွန်းလှန်တိုက်ဖျက်ကြပါလို့လည်း ယာယီသမ္မတက လူမှုကွန်ရက်က ထုတ်လွှင့်တဲ့ ဗီဒီယို မိန့်ခွန်းမှာ ပန်ကြားသွားခဲ့ပါတယ်။

    စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း
  19. ဘုတလင်နယ်ထဲက ကံသာရွာအပါအဝင် ကျေးရွာတချို့က ဒေသခံတွေ တိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကံသာရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ် ဗုံးခွဲခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကြာခဏ ဝင်ရောက်ပြီး ဖမ်းဆီးမှုတွေလုပ်နေလို့ ရွာခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။

    စစ်ကောင်စီခန့်တဲ့အုပ်ချုပ်ရေးမှူးအိမ်မှာ စက်တင်ဘာလ ၃ ရက်နေ့တုန်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက်မှာ စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်လာပြီး ရွာခံတချို့ကို ဖမ်းဆီးတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ''ရွာထဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ရွာထဲက ၁၇၊ ၁၈ လူငယ် ၆ ယောက်ကိုဖမ်းတယ်။ သူတို့နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ လူငယ် ၃ ဦး ပြန်လွတ်လာပေမဲ့ နောက် ၃ ဦးကတော့ ဗုံးခွဲတာနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဘုတလင်ရဲစခန်းမှာ အဖမ်းခံထားရတုန်းကြားတယ်။ ရွာထဲက လူငယ်တွေက သူတို့ ဘာညာတောင် တောထဲဝင် ငါးရှာ၊ ဖားရှာ၊ ဝက်စာရှာပေးတာမျိုးလုပ်ပြီး လုပ်ကိုင်စားနေရတာ။ ဒီလိုဗုံးခွဲဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူးဆိုပြီး အများက ယူဆနေတာ'' လို့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာခံတစ်ဦးက ပြောပါတယ်။

    ကျေးရွာထဲက ထွက်ပြေးတိမ်းရှောင်နေသူတွေရဲ့နေအိမ်အချို့ဟာ လူမရှိတုန်း ရှာဖွေမွှေနှောက်ခံထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ကံသာရွာထဲက အခြေအနေတွေကြောင့် အနီးပတ်ဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ပေါက်စိန်ပေါက်၊ ထန်းတော၊ ရွှေချောင်းစတဲ့ ကျေးရွာ ငါးရွာလောက်က ဒေသခံတွေဟာ ထိတ်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိအခြေအေကြောင့် အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ကုန်းသာရွာထဲက လူ ရာကျော် ဘေးလွတ်ရာ တိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့လပိုင်းတုန်းက ကံသာရွာနဲ့ ကျေးရွာချင်းတွေ ဆက်နေတဲ့ ကုန်းသာရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေတယ်ဆိုတဲ့သတင်းကြောင့် ကုန်းသာကို စစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေတာရှိခဲ့ဖူးပါတယ်။

    ဘုတလင်နယ်ထဲက ကံသာရွာအပါအဝင် ကျေးရွာတချို့က ဒေသခံတွေ တိမ်းရှောင်နေရ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ရွာထဲ အားထားရတဲ့ဈေးဆိုင်တစ်ဆိုင်က ပစ္စည်းတွေလည်း မွှေနှောက် ရှာဖွေခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
  20. ဘီးလင်းမှာ စစ်ကောင်စီတပ်ဖွဲ့တချို့ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေကြောက်လန့်နေတယ်လို့ KNU ထုတ်ပြန်

    မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးနယ်အုပ်စုအတွင်း စစ်ကောင်စီ ခမရ(၄၀၅)၊ စစ်ကြောင်း (၂)တပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ညပိုင်း ၁၂နာရီ ကျော်လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံလူထုတွေစိုးရိမ်ကြောက်လန့်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ပါတယ်။

    တပ်မဟာ(၅)ဖက်မှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို အရပ်သားကား(၁)စီးနဲ့ ပြန်သယ်လာချိန် အစူးချောင်း၊ သံတံတားနားအရောက်မှာ ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ပစ်ခတ်မှုကြောင့် ထိခိုက်မှု မရှိပေမယ့် ဒေသခံတွေ ကြောက်နေကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    စစ်ကောင်စီတပ်တွေ စီးနင်းလိုက်ပါလာတဲ့ အရပ်သားကားအတွင်း ထိခိုက်ဒဏ်ရာရတပ်သား(၄)ဦးပါဝင်ကာ ခမရ(၄၀၆) နတ်ကြီးစခန်းကို ပို့ဆောင်ခြင်းဖြစ်ပြီး ခရီးလမ်းတစ်လျှောက် လမ်းကြောင်းရှင်းတဲ့ အနေတဲ့ ပစ်ခတ်ခဲ့ တာဖြစ်တယ်လို့ ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲ ရဲ့ သတင်းပေးပို့ချက်ကို ကရင်အမျိုးသားအစည်းအရုံး KNU က ကိုးကားထုတ်ပြန်ထားပါတယ်။

    ဒါနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ထုတ်ပြန်တာမတွေ့ရသေးပါဘူး။