
ဓာတ်ပုံ ရင်းမြစ်, Maung Maung
ဓာတ်ပုံ ပုံစာ, အခုလို မိုးဦးရာသီကိုရောက်ရင် ရခိုင်ရိုးမလမ်းတစ်လျှောက်မှာ မိုးကြီးပြီး တောင်မြေပြိုကျတာတွေ၊ လမ်းပိုင်းတာတွေအပြင် ကားတွေလမ်းချော်တာတွေ ဖြစ်လေ့ရှိပါတယ်။အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုတွေကြောင့် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမရှိရာ ရခိုင်ရိုးမပေါ်မှာ လမ်းပျက်ပြီး ရာနဲ့ချီတဲ့ကားတွေ လမ်းပိတ်ဆို့တာကြုံနေရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
လမ်းချောပြီး ကားတွေ သွားလာလို့မရဘဲ ပိတ်ဆိုမှုဖြစ်နေရာဟာ ရိုးတောင်တန်းပေါ်က သဘာဝဓါတ်ငွေ့တွန်းပို့စက်ရုံတည်ရှိရာနေရာအနီး၊ ပြည်နဲ့အမ်းအကြား မိုင်တိုင်အမှတ် ၈၁/၂ မှာဖြစ်တယ်လို့ ကားသမားတစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းမောင်က ပြောပါတယ်။
မိုးကြီးအပြီး တောင်ကျရေတွေလျှံနေတဲ့အတွက် အဲ့ဒီနေရာအနီး ကားလမ်းမပေါ်မှာ အသစ်လုပ်ထားတဲ့လမ်းပခုံးမြေသားတွေဟာ ကတ္တရာလမ်းမပေါ်ဖုံးပြီး ကားတွေလမ်းချော်မှု ဖြစ်နေတာပါ။
“အဓိကဖြစ်နေတာက တရုတ်ဓါတ်ငွေ့စက်ရုံရှိတဲ့နေရာနဲ့တည့်တည့်မှာပါ။ ကားတွေလမ်းချော်ပြီး ပိတ်နေတာပါ။ ဘယ်လိုမှသွားလို့မရဘူး။ သုံးရက်လောက်ရှိပြီ။ ကားအစီးရေ တစ်ဖက်က တစ်ရာကျော် နောက်တစ်ဖက်က နှစ်ရာကျော်လောက်ရှိနေတယ်။ မိုးစဲတဲ့အချိန်တွေမှာတော့ ရတဲ့နည်းနဲ့ကျော်ဖို့ကြိုးစားနေကြတယ်။ ဘရိတ်အုပ်လို့လည်းမရတော့ ဂီယာနဲ့ပဲထိန်းပြီးသွားရတာဆိုတော့ တော်တော်လေးကိုအန္တရာယ်များပါတယ်။”လို့ ကိုကျော်ဝင်းမောင်က ပြောပါတယ်။
ပိတ်မိနေတဲ့ကားတွေကတော့ အိမ်စီးကား၊ အငှားကားတွေအပြင် ကုန်ကားနဲ့ ခရီးသည်ပို့ဆောင်ရေးလူစီးကား တွေလည်းပါဝင်ပြီးတော့ မိုးအဆက်မပြတ်ရွာနေတာကြောင့် ခရီးသည်တွေအတွက် စားရေးသောက်ရေးအခက်အခဲတွေလည်းကြုံနေကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပါတယ်။
မိုးစဲတဲ့အချိန်တွေမှာ ကားတွေကဆင်းလာနေကြပေမယ့် နားပြီးတော့သွားလာနေရတာကြောင့် ခရီးမတွင်သလို မိုးဆက်လက်ရွာသွန်းနေပါက ဆက်နေရမယ့်အခြေအနေရှိနေတယ်လို့ ပြောဆိုကြပါတယ်။
“ကျွန်တော်က မနေ့ကစစ်တွေကနေထွက်လာတာပါ။ ဒီနေရာမှာလမ်းပိတ်နေတော့ တစ်ညအိပ်ပြီးပြီ။ စားရေးသောက်ရေးတွေလည်းအခက်အခဲရှိတယ်။ ထမင်းဆိုင်တွေနဲ့လည်းဝေးတယ်။ ပြီးတော့ လူတွေကများတော့ အဆင်မပြေဘူး။ ဒီနေ့လည်း ကားထွက်ရမယ့်အခြေအနေမရှိသေးဘူး။”လို့ ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်နဲ့လိုက်လာသူ ခရီးသည်တစ်ဦးကပြောပါတယ်။
အဲ့ဒီနေရာဟာ ရိုးမတောင်တန်းကိုကျော်ဖြတ်တဲ့နေရာဖြစ်သလို တောင်တွေမတ်စောက်ပြီး လမ်းအချိုးအကွေ့များတဲ့အတွက် အခုလိုလမ်းဆိုးနေချိန်မှာ ကားတစ်စီးနဲ့တစ်စီး ရှောင်တိမ်းရတာ အခက်အခဲရှိတာကြောင့် အတက်ကားတွေကို အဆင်းကားတွေက အနည်းဆုံး နာရီဝက်လောက် ရပ်စောင့်ပေးနေရတယ်လို့ ကိုကျော်ဝင်းမောင်က ပြောပါတယ်။
ရခိုင်ရိုးမတောင်ကြားလမ်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာပြည်အထက်ပိုင်းဒေသအသီးသီးသို့ သွားလာရေးအတွက် အဓိကအရေးပါတဲ့တစ်ခုတည်းသောလမ်းမဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေးအတွက်လည်း အရေးကြီးတဲ့လမ်းဖြစ်ပါတယ်။