မြိုင် အထက ၂ ကျောင်းမှာ ဗုံးတွေပေါက်ပြီး မီးလောင်
မကွေးတိုင်း၊ မြိုင်မြို့ပေါ်မှာရှိတဲ့ အမှတ်(၁) ရပ်ကွက်ထဲက အမှတ် (၂) အထက်တန်းကျောင်းဝန်းထဲမှာ မနေ့ မေလ ၂၈ ရက်ညပိုင်းက ဗုံးတွေ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး မီးလောင်မှုလည်းဖြစ်ခဲ့ပါတယ်။
ပထမဆုံးဗုံး ပေါက်ကွဲမှုဟာ ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှာဖြစ်ခဲ့ပြီး အဲဒီနောက် နောက်ထပ် ဗုံး ၃ လုံးထက်မနည်း ဆက်ပေါက်ကွဲခဲ့ကာ ကျောင်းဝန်းထဲ မီးလောင်မှု ဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတွေက ဘီဘီစီကို ပြောပြပါတယ်။
ပေါက်ကွဲမီးလောင်မှုဖြစ်ချိန် မြို့မရဲစခန်းထဲက စစ်ကောင်စီတပ်တွေ အရပ်ဝတ် တွေနဲ့ ရောက်လာပြီး မီးလောင်တဲ့အခြေအနေသိရအောင် ထွက်ကြည့်တဲ့ ကျောင်းပတ်ဝန်းကျင်က ဒေသခံတွေကို ဆဲဆိုကြိမ်းမောင်းတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘ပထမဗုံး ၁ လုံးပေါက်တယ်။ ဒုတိယ ၁ လုံး ထပ်ပေါက်ချိန်မှာ မီးစလောင်တာပေါ့။ မီးလောင်နေတုန်း နောက်ထပ် ၃ လုံးထပ်ပေါက်တယ်။ စုစုပေါင်း ၅ လုံးပေါ့။ ထရံဆောင်တစ်ဆောင် မီးထဲပါသွားတယ်။ ကျောင်းပွဲတွေဘာတွေ လုပ်တဲ့အဆောင်ပေါ့။ နောက် မုန့်ဈေးတန်းလည်းပါသွားတယ်။ ကျောင်းကတော့ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ကျောင်းပဲ။ အရင်ညက မီးတွေထွန်းထားတာတောင်တွေ့တယ်။ လုံခြုံရေးဘာညာ လာစောင့်တယ်ထင်တယ်။ ညတုန်းကတော့ မီးလည်းမထွန်းထားဘူး။ အမှောင်ချထားတယ်။’ လို့ ရပ်ကွက်ထဲနေထိုင်သူ တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုတွေဖြစ်တဲ့စာသင်ကျောင်းဟာ ဈေးနဲ့လည်း နီးလို့ ဒီနေ့ မေလ ၂၉ ရက် မနက်ပိုင်းမှာတော့ မနက်ခင်းပိုင်း ဈေးသွားဈေးလာတွေကို စစ်ကောင်စီတပ်တွေက လက်ကိုင်ဖုန်းတွေ စစ်ဆေးတာမျိုးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တချိန်တည်းမှာပဲ မြိုင်မှာ ဆရာဆရာတွေအပါအဝင် လူထုက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ ကျောင်းမတက်ရေးလှုပ်ရှားမှု သပိတ်ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ



















