မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြစ်ကြီးနား၊ မိုးမောက်တို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မိုးမောက်မြို့တို့မှာလည်း ပေါက်ကွဲမှုတွေ ဒီနေ့မေ ၁၄ ရက်မနက်က ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    မြစ်ကြီးနားမြို့က ကမ္ဘောဇဘဏ် (၁) မှာ ဒီနေ့မနက် ခြောက်နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ဘဏ်နဲ့အနီးတဝိုက်ကိုလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

    မိုးမောက်မှာလည်း မိုးမောက်ထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြို့နယ်ရဲမှူး နှုတ်ဆက်ပွဲပြုလုပ်နေစဉ်မှာ ပေါက်ကွဲတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအသေးစိတ်အခြေအနေကိုတော့မသိရသေးပါဘူး။

    ဒီနေ့မနက်ပိုင်းက ရန်ကုန် ဒဂုံတက္ကသိုလ်ရဲ့နားနေဆောင် (၂) မှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းအတွင်းကနေ ပြင်ပကို မည်သူ့ကိုမှ ထွက်ခွာခွင့်မပေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    MyintKyeeNar

    ဓာတ်ပုံ ရင်းမြစ်, Social Media

  2. ပြည်သူ့အုပ်ချုပ်ရေးအပြည့်အ၀သက်ရောက်ပြီလို့ မင်းတပ် CDF တုံ့ပြန် ကြေညာ

    ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF-Mindat)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုစတင်တာ ရက်ပေါင်း ၂၀ ပြည့်တဲ့ဒီနေ့ မေလ ၁၄ ရက်မှာပဲ မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရား အပြည့်အ၀ သက်ရောက်ပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလာပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီက သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ မင်းတပ်မြို့နယ်ကို မနေ့ မေလ ၁၃ ရက်မှာ စစ်အုပ်ချုပ်ရေး(မာရှယ်လော) ဒေသအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။

    အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကျင့်သုံးဖို့ လွှဲအပ်လိုက်တယ်လို့ စစ်ကောင်စီဘက်က ကြေညာခဲ့အပြီးမှာ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘက်ကလည်း အခုလို ပြန်လည်ထုတ်ပြန်လာတာပါ။

    ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့တုန်းက လူမဲ့စာတန်းသပိတ်လုပ်နေစဉ် အဖမ်းခံရတဲ့ပြည်သူ ၇ ဦးကို ပြန်လွှတ်ပေးရေး မင်းတပ်မှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ဖြစ်ခဲ့ရာကနေ တိုက်ပွဲတွေဖြစ်နေခဲ့တာလို့ CDF-Mindat ဘက်ကပြောပါတယ်။

    ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါဝင် ဒေသခံရွာသားတချို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    အုပ်ချုပ်ရေးအပြည့်အ၀ သက်ရောက်ပြီလို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

    ဓာတ်ပုံ ရင်းမြစ်, CDF

  3. ဒဂုံတက္ကသိုလ် နားနေဆောင် ၂ အနီး ပေါက်ကွဲမှုဖြစ်ပွား

    ဒဂုံတက္ကသိုလ်၊ နားနေဆောင် ၂ အနီးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေ ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

    ပေါက်ကွဲမှုဟာ ဒီနေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ဘယ်သူ့ကိုမှ ကျောင်းပြင်ပကို ထွက်ခွာခွင့်မပြုဘဲ ကျောင်းဝင်းတံခါးကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

    ဒီနေ့ ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတချို့လည်း ရှိနေကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုကိုတော့အတည်မပြုနိုင်သေးဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    Dagon University

    ဓာတ်ပုံ ရင်းမြစ်, Dagon University Students' Union

  4. မြန်မာ့အရေး အာဆီယံ အားထုတ်မှုကို ထောက်ခံကြောင်း အမေရိကန်နဲ့တောင်ကိုရီးယားပြော

    မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာဆီယံရဲ့အခန်းကဏ္ဍအရေးပါပြီး အာဆီယံအနေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က တာဝန်ခံ အကောင်အထည်ဖော်လာရေးလုပ်ဖို့ လိုအပ်တဲ့အကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောလာပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရိုရဲ့ အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး Atul Keshap နဲ့ အရှေ့တောင်အာရှ၊ အာဆီယံရေးရာ တောင်ကိုရီးယားညွှန်ကြားရေးမှူးချုပ် Jae-kyung Park တို့ ဗီဒီယိုကနေတဆင့် တွေ့ဆုံဆွေးနွေးချိန်မှာ အခုလိုပြောလိုက်တာပါ။

    ဒါ့ပြင် မေလ ၁၂ ရက်တုန်းက ပြုလုပ်တဲ့ဒီဆွေးနွေးပွဲမှာ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ တရားမဲ့ထိန်းသိမ်းထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း နှစ်ဖက်တာဝန်ရှိသူတွေက တောင်းဆိုခဲ့ကြတာကို တွေ့ရပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    တနေ့တည်းမှာပဲ သံအမတ်ကြီး Atul Keshap ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ပြောခွင့်ရသူလည်းဖြစ်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဆာဆာနဲ့ တွေ့ဆုံပြီး ဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

    မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်ရောက်ရေး လုပ်ဆောင်နေသူတွေကို အမေရိကန်က ဆက်လက်အားပေးထောက်ခံနေတဲ့အကြောင်းပြောဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အောက်က အရှေ့အာရှပစိဖိတ်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။

  5. မီးအဖြတ်မခံရအောင် လျှပ်စစ်သုံးစွဲခ မီတာဆောင်ဖို့ပြောနေ

    ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုမှာတွေ့ရတဲ့ လျှပ်စစ်ဝန်ထမ်းတွေ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုမှာတွေ့ရတဲ့ လျှပ်စစ်ဝန်ထမ်းတွေ

    လျှပ်စစ်သုံးစွဲသူတွေအနေနဲ့ဓာတ်အားဖြတ်တောက်တာမခံရအောင်သုံးစွဲထားတဲ့ဓာတ်အားခ ကျသင့်ငွေတွေကိုသတ်မှတ်ရက်အတွင်းပေးသွင်းဖို့ စစ်ကောင်စီလက်အောက်မှာရှိတဲ့လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောလာပါတယ်။

    နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကလျှပ်စစ်ဓာတ်အားအပြင်ပုဂ္ဂလိကပိုင်စက်ရုံတွေကလည်းဓာတ်အားဝယ်ယူပြီးဖြန့်ဖြူးပေးနေရတာကြောင့်ဓာတ်အားခပေးသွင်းမှဒီလိုလုပ်နိုင်မယ်ဆိုတဲ့အကြောင်းဝန်ကြီးဌာနကစစ်ကောင်စီလက်အောက်ကနိုင်ငံပိုင်သတင်းစာကနေကြေညာတာပါ။

    စစ်တပ်ကအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ၁ရက်ကတည်းကအာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှာ လျှပ်စစ်ဝန်ထမ်းတွေပါဝင်လာခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနဲ့မတ်လအထိ လျှပ်စစ်ဓာတ်အားသုံးစွဲခတွေကောက်ခံတာမျိုးမရှိခဲ့ပါဘူး။

    အဲဒီနောက် ဧပြီလထဲရောက်တဲ့အခါမှာတော့ ရန်ကုန်တိုင်းထဲကမြို့နယ်တချို့မှာ လျှပ်စစ်ဝန်ထမ်းတွေကမဟုတ်ဘဲ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ဇန်နဝါရီလအတွက်လျှပ်စစ်မီတာသုံးစွဲခ ပေးဆောင်ဖို့ မီတာစာရွက်တွေ လိုက်လံဖြန့်ဝေတာမျိုးရှိခဲ့ပါတယ်။

    ဘီဘီစီကသိရသလောက်တော့ ဒီလိုမီတာစာရွက်တွေလိုက်ဝေနေပေမဲ့ သမ္မတဦးဝင်းမြင့်အစိုးရလက်ထက်မှာ ကိုဗစ်ရောဂါရိုက်ခတ်မှုကုစားရေးအတွက် လျှော့ပေါ့ပေးထားတဲ့မီတာသုံးစွဲခကို ပြီးခဲ့တဲ့လတုန်းကလိုက်ပေးနေတဲ့ ဇန်နဝါရီလအတွက်လျှပ်စစ်အားသုံးခပေးဆောင်ဖို့ စာရွက်တွေမှာဖော်ပြထားတာကိုတွေ့ရပါတယ်။

  6. စစ်ကိုင်း ရေခါးရွာက ညသပိတ်

    စစ်ကိုင်းမြို့ ရေခါးရွာမှာ ဒီကနေ့ ပြုလုပ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးနဲ့ စစ်ကျွန်ပညာရေးအလိုမရှိတဲ့ ညသပိတ်ဖြစ်ပါတယ်။

    ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့ အထက(၁)၊ လှုမှုဖူလုံရေးရုံး၊ ကညန ရုံးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    မနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့ ဧရာဝတီ တံတား(ရတနာပုံ)အဆင်း စစ်ဆေးရေးဂိတ်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်တာ မရှိဘူးလို့ ဒေသခံက ပြောပါတယ်။

    စစ်ကိုင်း ရေခါးရွာက ညသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. အာရှဖလားပြိုင်ရေး မျှော်လင့်ချက် မလျှော့ဘူးလို့ မြန်မာဘောလုံးနည်းပြပြော

    မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြ Antoine Hey က သူ့အနေနဲ့ မြန်မာလက်ရွေးစင် ဘောလုံးသမားတချို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ အသင်းက နုတ်ထွက်သွားကြပေမယ့် ၅၅ နှစ်ကြာ ကွဲကွာနေတဲ့ အာရှဖလား ပြိုင်ပွဲမှာ ပြန်လည် ယှဥ်ပြိုင်နိုင်ရေး မျှော်လင့်ချက်တွေကို မစွန့်လွှတ်သေးဘူးလို့ ပြောပါတယ်။

    ဖေဖော်ဝါရီလမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်းမှာ ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ အနေနဲ့လက်ရွေးစင် ဘောလုံးသမား တချို့ အသင်းမှာ ဆက်မကစားဖို့ ဆုံးဖြတ်ပြီး နုတ်ထွက်သွားခဲ့ကြပါတယ်။ ဒါကြောင့်အသင်းဟာ အားနည်းနေပေမယ့် နည်းပြ Antoine Hey နဲ့ မြန်မာ့လက်ရွေးစင် အသင်းကတော့ ဂျပန်မှာ ပူးတွဲ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲတွေမှာ ယှဥ်ပြိုင်ဖို့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ဆန့်ကျင် ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် လူပေါင်း ၇၈၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

    လာမယ့် မေလ ၂၈ ရက် ဂျပန်နိုင်ငံမှာ ခြေစစ်ပွဲတွေ စတင်တော့မှာ ဖြစ်ပြီး လက်ရွေးစင် အသင်းသား ထက်ဝက်လောက် ကစားနိုင်ကြမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူ တယောက်က အေအက်ဖ်ပီကို ပြောပါတယ်။

    လက်ရွေးစင် တချို့က သူတို့ရဲ့ ပြည်နယ်တချို့က ဇာတိမြို့ရွာတွေကို ပြန်သွားခဲ့ကြသလို တချို့ကတော့ လက်ရွေးစင်အသင်းမှာ မကစားလိုကြောင်း လူသိရှင်ကြား ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။

    မြန်မာ့လက်ရွေးစင် ဂိုးသမားကျော်ဇင်ထက်ကလည်း ရန်ကုန်မှာ ဘောလုံးသမားတွေ ဆန္ဒပြစဥ်အတွင်း ဒီမိုကရေစီ ပြန်မရမချင်း လမ်းပေါ်မှာပဲ ဘောလုံး ကစားမယ်လို့ ဂျာမန် သတင်းဌာနDW World ကို ပြောခဲ့ပါတယ်။ သူက စစ်အာဏာရှင်အောက်မှာ လက်ရွေးစင်အသင်းမှာ ဝင်မကစားဘူး၊ဒါကို သိအောင် ဆန္ဒပြကြတာလို့ ပြောခဲ့ပါတယ်။

    ၂၀၁၉ မှာ မြန်မာဘောလုံး လောကကို ဒုတိယအကြိမ် ရောက်လာခဲ့တဲ့ ဂျာမန်လူမျိုး နည်းပြ Antoine Hey ကတော့ ဘာပဲ ဖြစ်ဖြစ် ခြေစစ်ပွဲကန်ဖို့ သွားမယ်လို့ ဆိုပါတယ်။

    သူက ဘောလုံးသမားတွေရဲ့ ခံစားချက်ကို လက်ခံပါတယ်။ တဖက်မှာလည်း ဘောလုံးအားကစားနဲ့ နောက်မျိုးဆက်တွေအတွက် တာဝန်ကျေဖို့လည်း လိုပါတယ်လို့ အေဖက်ပီကို ပြောခဲ့ပါတယ်။

    မြန်မာအသင်းဟာ အာရှရဲ့ အဆင့်အမြင့်အဆုံး ဂျပန်အသင်းနဲ့ ဘယ်လို ရလဒ်မျိုးပဲ ထွက်လာသည် ဖြစ်စေ ကမ္ဘာ့ဖလားကန်ခွင့် ရဖို့ကတော့ မျှော်လင့်ချက် နည်းနေပါပြီ။ လာမယ့် ဇွန်လ ၁၁ ရက်နေ့ အိုဆာက မှာ ကာဂစ်စတန် နဲ့ နောက် ၄ ရက်အကြာတာဂျီကစ္စတန် တို့နဲ့ ပွဲတွေမှာ အနိုင်ရခဲ့ရင်တော့ အာရှဖလားကို ၁၉၆၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

    Antoine Hey ကတော့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ရည်မှန်းချက်က ၂၀၂၃ တရုတ် အာရှဖလား ဘောလုံး ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ရဖို့ ဖြစ်ကြောင်း ပြောပါတယ်၊ နှစ်ပေါင်း ၅၀ ကျော် စောင့်နေခဲ့ရတဲ့ ဒီအခွင့်အရေးကို ဒီတခါတော့ ရအောင် ယူနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

    တကယ်တော့ စစ်ကောင်စီ လက်အောက်မှာ နိုင်ငံကို ကိုယ်စားပြု မယှဥ်ပြိုင်ချင်ကြတာဟာ ဘောလုံးသမားတွေတင် မကပါဘူး။ သြစတေးလျ နိုင်ငံ မဲလ်ဘုန်းမြို့ အခြေစိုက် မြန်မာ့ ထိပ်တန်း ရေကူးသမား ဝင်းထက်ဦးကလည်း ပြည်သူလူထုရဲ့ သွေးတွေစွန်းနေတဲ့ အလံအောက်မှာ နိုင်ငံကို ကိုယ်စားမပြုချင်ဘူး ဆိုပြီး ပြောထားပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ မကြာသေးခင်ကစလို့ ဗုံးပေါက်ကွဲမှုတွေ နေ့စဥ် ဆိုသလို နေရာစုံမှာ ဖြစ်လာနေရာမှာ သိုင်းပေါင်းစုံ ကစားသမား ဖိုးသော်လည်း ရန်ကုန်မြို့မှာ အားကစားခန်းမ အနီး ဗုံးခွဲတိုက်ခိုက်မှုမှာ ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ နိုင်ငံပိုင် မီဒီယာတွေ ဘက်ကတော့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ဖိုးသော်ကိုပဲ အပြစ်ဖို့ထားပြီး ဖမ်းဆီးထားကြောင်း ပြောပါတယ်။

    မြန်မာဘောလုံးအသင်း

    ဓာတ်ပုံ ရင်းမြစ်, MFF

  8. စစ်ကောင်စီ အခမ်းအနားမှာ မြို့မဖျော်ဖြေဖို့ ဆန္ဒမပါဘဲ လက်ခံရတာ လို့ဆို

    စစ်ကောင်စီရဲ့ အခမ်းနားတခုမှာ မန္တလေးမြို့က မြို့မတူရိယာအသင်းက စိတ်ဆန္ဒမပါဘဲ တီးခတ်ပေးဖို့ လက်ခံလိုက်ရတယ်လို့ မြို့မအသင်းရဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက‌ ပြောပါတယ်။

    " လိုလားလို့တီးတာ မဟုတ်ပါဘူး။ ပြည်သူတွေ အခုလို စိတ်နှလုံးညှိုးနွမ်းချိန်မှာ ပွဲထတီးတာ ဘယ်လိုလုပ်ကောင်းမလဲ။ အခုဟာက မဖြစ်မနေကို ရွေးချယ်စရာ မရှိတဲ့ လမ်းကို‌လျှောက်ရတာ မို့ပါ။ ဘာကြောင့်မို့လို့ဆို ဒီအချိန်မှာ အုပ်ချုပ်နေတာ စစ်ကောင်စီလေ။ ကျွန်တော်တို့ အခြေအနေက အခက်အခဲကြားမှာ နေရတာကိုး။ အနုပညာသမားဆိုတာ နီးရာဓားကြောက်ရတယ်"လို့ အမည်မဖော်လိုတဲ့ မြို့မတူရိယာအသင်းရဲ့ နီးစပ်သူက ပြောပါတယ်။

    စစ်ကောင်စီက တီးခိုင်းမယ့်ပွဲဟာ ဘယ်နေ့၊ ဘယ်အချိန်ဆိုတာ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ ပွဲတခုမှာ နာရီဝက်လောက်ပဲ တီးပေးရမှာဖြစ်ပါတယ်။ ပွဲလက်ခံ ငွေပမာဏလည်း မသိရသလို လက်ရှိထိ စစ်ကောင်စီဘက်က ပွဲငှားခ ပေးမထားသေးဘူးလို့ သိရပါတယ်။

    " အသင်းမှာ ငွေကြေးလိုအပ်ချက် မရှိပါဘူး။ကျွန်တော်တို့ ဆန္ဒ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီပွဲကို တီးကို တီးရမယ်ဆိုတာမျိုးဗျ။ ခြိမ်းခြောက်တယ်ဆိုတာ လိုင်းပေါ်မှာ ပျံ့နေပေမယ့် ဖြေရှင်းရခက်ပါတယ်။ သိထားတာ ရှိသလို သိတိုင်းပြောလို့ မရတာလည်း ရှိပါတယ်။ ပြည်သူ‌တွေက မတီးစေချင်တာ သိတာပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ပြည်သူကို တောင်းပန်ရုံကလွဲ ဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော်တို့ကိုလည်း နားလည်ပေးပါလို့ တောင်းပန်ပါတယ်"လို့ မြို့မတူရိယာအသင်းရဲ့ နီးစပ်သူက ‌ပြောပါတယ်။

    မြို့မတူရိယာ အသင်းသား အများစုဟာ စစ်ကောင်စီက ဖိတ်တဲ့ပွဲကို တီးခတ်ဖို့ ငြင်းဆိုကြပါတယ်။ ဒါ့အပြင် အခုအချိန်မှာ ကိုဗစ်ကူးစက်မှုတွေပါ ရှိနေလို့ နယ်ဘက်က ပွဲလာငှားတာတွေ ရှိပေမယ့် လက်မခံခဲ့ဘူးလို့ သိရပါတယ်။

    "ကျွန်တော်တို့က စိတ်ဆန္ဒမရှိသူတွေကို အတင်းအဓမ္မ မတိုက်တွန်းပါဘူး။ အခုက ရက်အတိကျ မသိသေးလို့ ဘယ်သူ့ကိုမှ ချိတ်မထားရသေးဘူး။ စောင့်နေရတုန်း။ ဘယ်သူ့မှ မခေါ်ရသေးဘူး"လို့ လက်ရှိ မြို့မတူရိယာအသင်း တီးခတ်သူနဲ့ အဆိုတော်တွေ မခေါ်ရသေးကြောင်းကို ပြောပြပါတယ်။

    မြို့မတူရိယာအသင်းကို ၂၀၂၁ သင်္ကြန်ကာလမှာ တီးခတ်ပေးဖို့ စစ်ကောင်စီက ဖိတ်ကြားပေမယ့် တီးခတ်မည့်သူ မစုံလို့ဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။

    ဆရာမြို့မငြိမ်းအပါဝင် ‌မြို့မ အပျော်တမ်းတူရိယာကို ၁၉၂၅ ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့ပြီး မြို့မတူရိယာအသင်းဖြစ်တည်လာတာ နှစ်‌ပေါင်း ၉၀ကျော်ရှိပြီ ဖြစ်ပါတယ်။

    အခုနှစ် သင်္ကြန်မှာ ဖျော်ဖြေဖို့လည်း မြို့မက ငြင်းဆိုခဲ့

    ဓာတ်ပုံ ရင်းမြစ်, NYP

    ဓာတ်ပုံ ပုံစာ, အခုနှစ် သင်္ကြန်မှာ ဖျော်ဖြေဖို့လည်း မြို့မက ငြင်းဆိုခဲ့
  9. ၅၀၅ - က နဲ့ တရားစွဲခံထားရတဲ့ ဂျပန်သတင်းထောက်ကို အမှုတွေ ပိတ်သိမ်း

    ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က တို့နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဂျပန် အလွတ်တန်းသတင်းထောက် မစ္စတာ ယူကီ ကီတာဇူမီရဲ့ အမှုတွေကို ရုပ်သိမ်းပြီး ဂျပန်နိုင်ငံကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပါတယ်။

    ဂျပန်နဲ့ မြန်မာ နှစ်နိုင်ငံ ရင်းနှီးတဲ့ ဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်လည်းဖြစ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ရိုဟေး ဆာဆာကာဝါရဲ့ မေတ္တာရပ်ခံချက်တွေကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အသက် ၄၅ နှစ်အရွယ် ဂျပန်နိုင်ငံသား မစ္စတာ ယူကီ ကီတာဇူမိဟာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအကြောင်း သတင်းရေးသားနေသူဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် နေအိမ်ကနေ အဖမ်းခံခဲ့ရကာ ဧပြီလ ၁၈ ရက်နေ့မှာ ထောင် သုံးနှစ်အထိ ကျခံရနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မနဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

    သူဟာ သတင်းတု သတင်းမှားတွေကို ဖြန့်ဝေသူဖြစ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရတာပါ။

    ဂျပန် အလွတ်တန်းသတင်းထောက် မစ္စတာ ယူကီ ကီတာဇူမီ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဂျပန် အလွတ်တန်းသတင်းထောက် မစ္စတာ ယူကီ ကီတာဇူမီ
  10. ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

    ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက မေလ ၁၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ဒေသအဖြစ် ကြေညာလိုက်ပါတယ်။

    အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာ ကျင့်သုံးဖို့ လွှဲအပ်လိုက်တယ်လို့ ရုပ်မြင်သံကြားက ကြေညာချက်မှာ ပါရှိပါတယ်။

    စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဆန္ဒပြသမား ၅ ဦးကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို မလိုက်လျောခဲ့တဲ့အတွက် မေလ ၁၂ ရက် ညနေပိုင်းကစပြီး မင်းတပ်မြို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး ၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဧပြီလနှောင်းပိုင်းမှာ မင်းတပ်ဒေသခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

    ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပျက်ပြားခဲ့ပြီးတဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံရွာသားတချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    စစ်ကောင်စီတပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, CHRO

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်မတော်ရဲ့ လုံခြုံရေးတပ်ဖွဲ့
  11. မြင်းခြံ တလုပ်မြို့ရွာက ဖမ်းဆီးခံရသူတချို့ပြန်လွတ်လာပေမဲ့ လူငယ်တချို့ စစ်မေးခံရဆဲ

    မြင်းခြံတလုပ်မြို့ရွာမှာ မနေ့က ညပိုင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ အသက် ၂ နှစ်အရွယ်ကလေးငယ်ကိုပါ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ဒီကနေ့ ပြန်လွတ်လာပေမဲ့ လူငယ်တချို့ ဆက်ပြီးစစ်ဆေးမေးမြန်းခံနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တလုပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကြား အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တာကြောင့်လည်း စစ်ကောင်စီဘက်က ရွာရဲ့တောင်ပိုင်းမှာ အခိုင်မာတပ်စွဲပြီး ဖမ်းဆီးနှိမ်နှင်းမှုတွေကို ဆက်တိုက်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

    " မိဘကိုဖမ်းတော့ သားသမီးကိုပါ တခါတည်းဖမ်းသွားတဲ့သဘောပါပဲ။ ဒီနေ့တော့ပြန်လွှတ်ပေးလိုက်တယ်။ ၆ နာရီမထွက်ရဘူးဆိုပြီး စာထုတ်ပြီး ပြန်လွှတ်ပေးလိုက်တယ် ။ ၂ နှစ်အရွယ် ကလေးလေး မိန်းမသားတွေရယ်တော့ ပြန်လွှတ်ပေးတယ်။ သွက်သွက်လက်လက် ကောင်လေးတွေကိုတော့ ပြန်မလွှတ်ပေးဘဲ စစ်မေးနေတယ် " လို့ တလုပ်မြို့ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ် ။

    လက်ရှိမှာ ရွာနီးစပ်ချုပ် လေးရွာပေါင်း အိမ်ခြေ လေးထောင်လောက်ရှိပြီး လူဦးရေတသောင်းကျော်လောက်ရှိတဲ့ ရွာတွေမှာ သက်ကြီးရွယ်အို ၊ မိန်းမသားနဲ့ ကလေးငယ်တွေသာ ဆက်လက်နေထိုင်ပြီး ထောင်နဲ့ချီတဲ့ အမျိုးသားအများစုက ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

    တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက တိမ်းရှောင်ခဲ့ကြတဲ့ ရွာခံတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက တိမ်းရှောင်ခဲ့ကြတဲ့ ရွာခံတွေ
  12. KNU တပ်မဟာ ၆ နယ်မြေ ဥက္ကဋ္ဌကလည်း ဆွေးနွေးအဖြေရှာကြပါလို့ ဆို

    ကရင်အမျိုးသားအစည်းအရုံး KNU တဒူးပလာယာခရိုင် (တပ်မဟာ ၆) အုပ်ချုပ်ရေးဆိုင်ရာ ဥက္ကဋ္ဌ ပဒို စောရွှေမောင်းက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာကြခြင်းကသာ နိုင်ငံသားတွေ အတွက်ကောင်းကျိုးဖြစ်ပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကိုဖြစ်တည်စေမယ်လို့ ဆိုကာ သဘောထားထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ KNUဥက္ကဌ စောမူတူးစေးဖိုးရဲ့ သဘောထားကို သူထောက်ခံတဲ့အကြောင်း ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

    အဖွဲ့အစည်းရဲ့ စည်းတံဆိပ်မပါဘဲ ထုတ်ပြန်ခဲ့တဲ့ ဒီစာကို တစ်ဦးချင်းသဘောထားသာ ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြသလို ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီကလည်း “ဒီသဘောထားက ပုဂ္ဂိုလ်တစ်ဦးချင်း သဘောထားပါ၊ KNU အဖွဲ့အစည်းရဲ့ သဘောထားမဟုတ်ပါဘူး”လို့ ဘီဘီစီကို ပြောပါတယ်။

    အခုလို KNUအတွင်းမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး သဘောထားတွေကွဲနေကြတာလားဆိုတဲ့ အမေးကိုတော့ သူက “သဘောထားတွေဆိုတာကတော့ အဖွဲ့အစည်းတစ်ခုအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူးလေ၊ ဒါတွေက အခုမှ မဟုတ်ပါဘူး၊ အရင်ကတည်းက ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာကတော့ ဒါက အဖွဲ့အစည်းသဘောထားမဟုတ်ဘူးဆိုတာပါ”လို့ ဖြေပါတယ်။

    ၂၀၁၀ ခုနှစ် မတိုင်ခင် စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကိုယ့်လက်နက်ကိုယ်ကိုင်ထား၊ ကိုယ့်နယ်မြေဖွံ့ဖြိုးရေးကို လုပ်ကြပါဆိုတဲ့ ပြောဆိုကတိတွေနဲ့အတူ အပစ်အခတ်ရပ်စဲတာ လုပ်ရေးဆိုတဲ့ လမ်းကြောင်းကို KNUအနေနဲ့ နိုင်ငံရေးမူမဲ့တဲ့အတွက် ဆက်လက် လက်နက်ကိုင်ကာ တွန်းလှန်ခုခံခဲ့ကြပါတယ်။

    ဗိုလ်ချုပ်ကြီးဘဝကနေ အရပ်သားအဖြစ်ပြောင်းလာတဲ့ ဦးသိန်းစိန်ရဲ့ အစိုးရလက်ထက်မှာ ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို KNUက တက်ရောက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

    ဒါပေမဲ့ KNU က ရည်ရွယ်တိုက်ပွဲဝင်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ကိုရောက်ဖို့ NCA လမ်းကြောင်းနဲ့ သွားလို့မရနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေကလည်း အဖွဲ့အစည်းအတွင်းမှာ ထွက်ပေါ်လာနေတာပါ။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်မှာတော့ KNU အပါအဝင် NCA အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးပြောဆိုမှုတွေကို ရပ်ဆိုင်းထားမယ်ဆိုတဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို မြေပြန့်က ပြည်သူတွေကြုံရတဲ့အခါ၊ ဒီလိုအဖြစ်တွေ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ တောင်တန်းနယ်မြေတွေမှာ ဖြစ်နေတာနှစ်ပေါင်းများစွာကြာနေပြီဆိုတာကို ပိုလို့ ယုံကြည်လာကြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ တော်လှန်နေမှုတွေက မှန်ကန်တယ်ဆိုတဲ့ အမြင်တွေတိုးပွားလာနေပါတယ်။ သူတို့ကိုယ်တိုင်လည်း လက်နက်ကိုင်တိုက်ဖို့ ကြိုးစားနေကြတာတွေ့ရသလိုအရင်က တိုက်ပွဲတွေမဖြစ်ခဲ့တဲ့ နေရာဒေသတွေမှာလက်နက်ကိုင် ဆန့်ကျင်တာတွေ ဖြစ်ပေါ်နေပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက KNU ခေါင်းဆောင်ရဲ့ တစ်ဦးချင်း သဘောထားထုတ်ပြန်ချက်ဟာ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်လိုတဲ့ပြည်သူအများရဲ့ စိတ်ဓာတ်ကို ချိုးဖျက်တယ်ဆိုတဲ့ ဝေဖန်သံတွေထွက်လာပြီးတဲ့နောက် အခု KNU အုပ်ချုပ်ရေးနယ်မြေ တစ်ခုက ခေါင်းဆောင် တစ်ယောက်ရဲ့ သဘောထား ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

    KNUမှာ တပ်မဟာ ၇ ခု ရှိပြီး “တပ်မဟာ ၁၊ ၂၊ ၃ နဲ့ ၅ က ခေါင်းဆောင်တွေ တပ်မှူးတွေက စစ်ကောင်စီတပ်တွေကို ခုခံ တိုက်ခိုက်သွားမယ့် သဘောထားရှိကြသလို၊ တပ်မဟာ ၄၊ ၆၊ ၇ က ခေါင်းဆောင်တချို့ကလွဲလို့ ခေါင်းဆောင်တွေ၊ တပ်မှူးတွေ အများအပြားကလည်း အလားတူပဲ ခုခံတော်လှန်စစ် ဆင်နွှဲဖို့ ဆန္ဒရှိနေကြတာ” လို့ အမည်မဖော်လိုတဲ့ KNU ခေါင်းဆောင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    KNU

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, KNU နယ်မြေအတွင်း စစ်ရေး လေ့ကျင့်မှုတွေ
    KNU

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, KNU တပ်မဟာ ၆ နယ်မြေ အုပ်ချုပ်ရေးဆိုင်ရာ ခေါင်းဆောင်ရဲ့ သဘောထားထုတ်ပြန်ချက်
  13. မြင်းခြံ တလုပ်မြို့ရွာက ဖမ်းဆီးခံရသူတချို့ပြန်လွတ်လာပေမဲ့ လူငယ်တချို့ စစ်မေးခံရဆဲ

    မြင်းခြံတလုပ်မြို့ရွာမှာ မနေ့က ညပိုင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ အသက် ၂ နှစ်အရွယ်ကလေးငယ်ကိုပါ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ဒီကနေ့ ပြန်လွတ်လာပေမဲ့ လူငယ်တချို့ ဆက်ပြီးစစ်ဆေးမေးမြန်းခံနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တလုပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေကြား အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တာကြောင့်လည်း စစ်ကောင်စီဘက်က ရွာရဲ့တောင်ပိုင်းမှာ အခိုင်မာတပ်စွဲပြီး ဖမ်းဆီးနှိမ်နှင်းမှုတွေကို ဆက်တိုက်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

    " မိဘကိုဖမ်းတော့ သားသမီးကိုပါ တခါတည်းဖမ်းသွားတဲ့သဘောပါပဲ။ ဒီနေ့တော့ပြန်လွှတ်ပေးလိုက်တယ်။ ၆ နာရီမထွက်ရဘူးဆိုပြီး စာထုတ်ပြီး ပြန်လွှတ်ပေးလိုက်တယ် ။ ၂ နှစ်အရွယ် ကလေးလေး မိန်းမသားတွေရယ်တော့ ပြန်လွှတ်ပေးတယ်။ သွက်သွက်လက်လက် ကောင်လေးတွေကိုတော့ ပြန်မလွှတ်ပေးဘဲ စစ်မေးနေတယ် " လို့ တလုပ်မြို့ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ် ။

    လက်ရှိမှာ ရွာနီးစပ်ချုပ် လေးရွာပေါင်း အိမ်ခြေ လေးထောင်လောက်ရှိပြီး လူဦးရေတသောင်းကျော်လောက်ရှိတဲ့ ရွာတွေမှာ သက်ကြီးရွယ်အို ၊ မိန်းမသားနဲ့ ကလေးငယ်တွေသာ ဆက်လက်နေထိုင်ပြီး ထောင်နဲ့ချီတဲ့ အမျိုးသားအများစုက ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

  14. NUG နဲ့ သြစတြေးလျ အရာရှိတွေ ဆက်သွယ်မှုတွေ ရှိ

    အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ သြစတြေးလျ နိုင်ငံက အရာရှိတွေကြား ပြီးခဲ့တဲ့လအတွင်း တရားဝင် ထိတွေ့ဆက်သွယ်မှု ရှိခဲ့တယ်လို့ သြစတြေးလျ အစိုးရ ထိပ်ပိုင်းသံတမန်တစ်ဦးက အတည်ပြုပါတယ်။

    ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာနဲ့ ဘာဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလဲဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း အခြေအနေ ပိုမိုဆိုးဝါးလာနေပေမယ့် တင်းကျပ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်မှာ မဟုတ်ဘူးလို့တော့ သြစတြေးလျ အစိုးရက ပြောပါတယ်။

    ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အောက်ခြေမှာရှိတဲ့ လူတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေတာ အင်မတန် နည်းပါးတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အားမပေးတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဂျပန်နဲ့ ကိုရီးယားတို့နဲ့ အမြင်သဘောထား တူညီတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ဒုဝန်ကြီး လင်ဒါ ဝေ့ဒ်အီဆောင်း (Lynda Worthaisong) က ဆိုပါတယ်။

    ဩစတြေးလျနိုင်ငံဟာ မြန်မာစစ်တပ် ထိပ်ပိုင်းအရာရှိ ငါးဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့တာ၊ ခရီးသွားလာခွင့် ကန့်သတ်တာတွေ ချမှတ်ထားပါတယ်။

    ဒါပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချမှတ်ထားတဲ့ အရေးယူမှုတွေဖြစ်ပြီး အဲဒီစာရင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မပါပါဘူး။

    လက်နက်တင်ပို့ရောင်းချမှုတွေကို သြစတြေးလျနိုင်ငံဘက်က ပိတ်ပင်ထားသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ပူးတွဲလုပ်ဆောင်မှုတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေကို သြစတြေးလျနိုင်ငံက ရှုတ်ချသလို ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲယ်ကိုလည်း ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

    ရန်ကုန်မြို့က မေလ ၁၂ ရက် ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က မေလ ၁၂ ရက် ဆန္ဒပြမှု
  15. အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော

    အမေရိကန် အစိုးရ အရာရှိတွေနဲ့ (NUG) အစိုးရတို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတဲ့ အကြောင်း ဗုဒ္ဂဟူးနေ့က ပြောပါတယ်။

    အဲဒီလိုဆွေးနွေးရာမှာ (NUG) အစိုးရရဲ့ တိုင်းရင်းသား ပြည်သူ အားလုံး ပါဝင်တဲ့ ညီညွတ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာစေရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းနေကြသူ တွေကို ဆက်လက် အားပေး ထောက်ခံသွားမှာ ဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း အကြမ်းဖက်မှုတွေကို ရပ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

    မနေ့ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေကပစ်ခတ် နှိမ်နင်းဖြိုခွဲ တာတွေ လုပ်ခဲ့ပြီး လူ ၃၀ လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၃ လကျော်လာပြီ ဖြစ်ပြီး ဖိနှိပ် ဖြိုခွဲမှုတွေ ကြားကပဲ ပြည်သူတွေက ဆက်လက် အာခံ ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့အာဏာတည်စေဖို့ အတွက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

    ဆန္ဒပြ ပြည်သူ အများအပြားကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ထောက်ခံကြပါတယ်။ (NUG) အစိုးရဟာ မြန်မာပြည်သူလူထုက တရားဝင် ရွေးကောက်ထားတဲ့ တရားဝင် အစိုးရအဖြစ် ကြေညာထားသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းနဲ့ အထောက်အပံ့ အကူအညီတွေ ရရှိဖို့ ကြိုးစား နေပါတယ်။

    အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော

    ဓာတ်ပုံ ရင်းမြစ်, CJ, HlA

  16. မန္တလေးဖမ်းဆီးမှုတွေကြားမှာ သပိတ်တွေ ဆက်ထွက်

    မန္တလေးမြို့မှာစစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြရင်း မနေ့က လူ ၃၀ ကျော် ရိုက်နှက်အဖမ်းခံရပေမယ့် ဒီနေ့မှာ သပိတ်စစ်ကြောင်း‌တွေ ထပ်မံထွက်ပေါ်ခဲ့ပါတယ်။ မနက်၊ နေ့ခင်း အချိန်တွေမှာ မြို့နယ်အလိုက် သပိတ်တွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

    မန္တလေးသံဃသမဂ္ဂ သံဃာတော်‌တွေက ပြည်သူပြည်သားအပေါင်း ဆင်းရဲဒုက္ခအပေါင်းမှ အမြန်လွတ်မြောက်ဖို့ ပရိတ်ရွတ်ဖတ် မေတ္တာပွါးဆု‌တောင်းတာ‌တွေပါ ပြုလုပ်ကြပါတယ်။

    မန္တလေးမြို့က နေရာတချို့မှာ စစ်ကောင်စီဘက်က ကင်းပုန်းတွေ ချထားပြီး လမ်းတချို့မှာတော့ အရပ်ဝတ်နဲ့‌ရော စစ်ကားတွေနဲ့ပါ လှည့်လည်သွားလာနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေးဖမ်းဆီးမှုတွေကြားမှာ သပိတ်တွေ ဆက်ထွက်

    ဓာတ်ပုံ ရင်းမြစ်, CJ, HLA

  17. ပတ်စ်ပို့စ်ရုံးပြန်စဖွင့်တဲ့နေ့ လာလျှောက်သူ ရာချီရှိ

    စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပိတ်ထားတဲ့ ရန်ကုန်မြို့ က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဒီကနေ့ မေလ ၁၃ ရက်မှာပြန်ဖွင့်လှစ်လိုက်ရာမှာ လာလျှောက်သူ ရာနဲ့ချီရှိတယ်လို့ သွားရောက်လျှောက်ထားသူတွေက ပြောပါတယ်။ လာလျှောက်သူတွေများလွန်းလို့ ရုံးဖွင့်ချိန်မနက် ၉ နာရီ မှရောက်လာတဲ့ သူတွေတောင် ရုံးထဲဝင်ခွင့်မရဘဲ ပြန်လာခဲ့ကြရပါတယ်။ “လျှောက်ပြီးပြန်ထွက်လာတဲ့သူတွေက အထဲမှာလည်းလူတွေ ကျပ်ညပ်နေတာပဲလို့ပြောတယ်။ ဒါပေမဲ့ နှစ်နာရီကျော်လောက်ထပ်စောင့်လိုက်သေးတယ်။ ဝင်မရတော့မှ ပြန်လာခဲ့တာ” သက်တမ်းသွားတိုးတဲ့အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ် မူရင်းနဲ့ မိတ္တူ၊အိမ်ထောင်စုစာရင်းမူရင်းနဲ့မိတ္တူ လိုအပ်မှာဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက်လျှောက်ထားရမှာဖြစ်ပြီး ဆယ်ရက်အကြာမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာဖြစ်ပါတယ်။ လက်ရှိမှာ CDM မှာပါဝင်နေတဲ့ ဆရာဝန်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ရုပ်သိမ်းကြောင်း စစ်ကောင်စီကကြေညာထားသလို ပြည်ပကို ထွက်ခွာတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့ကိုလည်း လေဆိပ်ကမထွက်ခွာခင်မှာ တင်းကျပ်စွာစစ်ဆေးပြီး ထိန်းသိမ်းတာ၊ ခေါ်ယူမေးမြန်းတာတွေလည်း ပြုလုပ်နေပါတယ်။

    Passport

    ဓာတ်ပုံ ရင်းမြစ်, Reuters

  18. ထောင်သုံးနှစ်ချခံရတဲ့ DVB သတင်းထောက်အမှု အယူခံဆက်တက်မယ်လို့မိသားစုပြော

    ပြည်မြို့မှာ သတင်းယူနေစဉ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ကနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရတဲ့ DVB သတင်းထောက် ကိုမင်းညိုအတွက် အယူခံဆက်တက်သွားမယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

    DVB သတင်းဌာနရဲ့သတင်းထောက်ကိုမင်းညိုဟာ မတ်လ ၃ ရက်နေ့ကပြည်မြို့ ရွှေဆံတော်ဘုရား မြောက်ဘက်မုခ်မှာပြုလုပ်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းမှာ သွားရောက်သတင်းယူစဉ် စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

    ဖမ်းဆီးထိန်းသိမ်းခံရစဉ်တလျှောက်မှာလည်း မိသားစုတွေနဲ့တွေ့ဆုံခွင့်မရခဲ့ဘဲ ပြည်အကျဉ်းထောင်တွင်း တရားစီရင်ရေးနဲ့မေလ ၁၃ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ထိချမှတ်ခံလိုက်ရတာပါ ။

    " စပြီးဖမ်းလိုက်တဲ့နေ့ကစပြီး ထောင်ဒဏ်ချက်လိုက်တဲ့အထိမိသားစုဝင်တွေနဲ့ မတွေ့ရဘူး။ အခုသူတို့က ၅၀၅ ကနဲ့ဖမ်းတယ်။ ဖမ်းတဲ့သူတိုင်းကိုလည်း ၃နှစ်ချတယ်။ အမှန်တကယ် ၅၀၅ က ၂ နှစ်ပဲရှိတာ ။ ဒီစစ်အုပ်ချုပ်ရေးတက်လာမှ ၃နှစ်ဆိုပြီးပြောင်းလိုက်တာ ။ နောက်ပြီးတော့သတင်းသမားတစ်ယောက်ကိုလည်း သတင်းထောက်ကတ် ပြရဲ့သားနဲ့ အမှုဆွဲစရာသက်သေလည်းကိုမင်းညိုမှာဘာမှမပါသွားဘူး။ ပါမသွားတဲ့ဟာကို ၅၀၅ ကနဲ့ စွဲချက်တင်ပြီး မကျကျအောင်ချလိုက်တယ်။ တကယ်တမ်းကျတော့ သူတို့လုပ်တဲ့အလုပ်နဲ့သူတို့ကိုပေးတဲ့ပြစ်ဒဏ်နဲ့ကလုံးဝမမျှတဘူး။ နောက်ပြီး ပြည်သူလူထုအပေါ်မှာ သူတို့က စေတနာနဲ့အုပ်ချုပ်တယ်ဆိုတာလည်းလုံးဝအယုံကြည်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုဒ်မတွေကိုလည်း နှစ်တွေတိုးလိုက်တယ်။ မတရားလည်းဖမ်းဆီးရိုက်နှက်တယ်။ သူတို့လုပ်တာတွေကိုလုံးဝအယုံကြည်မရှိဘူး ရှုံချတယ် " လို့သတင်းထောက်ကိုမင်းညိုရဲ့ ဇနီးဖြစ်သူကဘီဘီစီကိုပြောပြပါတယ် ။

    ဒါကြောင့် သတင်းထောက်ကိုမင်းညိုအတွက် မိသားစုဝင်တွေအနေနဲ့ရှေ့နေတွေနဲ့အယူခံဆက်တက်ပြီး ဥပဒေဘောင်အတွင်းကလုပ်လို့ရတဲ့ တရားမျှတမူတွေပြန်လည်တောင်းဆိုမယ်လို့ ပြောပါတယ် ။ ကိုမင်းညိုကို ဖမ်းဆီးချိန်တုန်းက စစ်ကောင်စီကနေ DVB သတင်းဌာနကို လိုင်စင်ပိတ်သိမ်းတာမရှိသေးဘဲ မတ်လ ၈ ရက်နေ့ကျမှသာ DVB အပါအဝင် သတင်းဌာန ၅ ခု လိုင်စင်ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

    DVB reporter

    ဓာတ်ပုံ ရင်းမြစ်, Social Media

  19. တလုပ်မြို့ကျေးရွာတိုက်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ ပထမနှစ်ကျောင်းသား သေဆုံး

    မနေ့ မေ ၁၂ ရက်က မြင်းခြံမြို့၊ တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းစဉ် ဒေသခံတွေက ပြန်လည် ခုခံတဲ့ တိုက်ပွဲအတွင်း ဒဏ်ရာတွေရရှိပြီး ဖမ်းဆီးခံလိုက်ရတဲ့ မြင်းခြံနည်းပညာကောလိပ် ပထမနှစ် အိုင်တီကျောင်းသား ကိုဇင်ကိုထွန်းဟာ ဒီနေ့မေ ၁၃ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ကွယ်လွန်သွားတဲ့ ကိုဇင်ကိုထွန်းရုပ်အလောင်းကို ပြန်လာယူဖို့ သက်ဆိုင်ရာမိသားစုထံ အကြောင်းကြားလာတယ်လို့လည်း သိရကြောင်း ဒေသခံတွေကပြောပါတယ်။ ကိုဇင်ကိုထွန်းဟာ စစ်တပ်ရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ မြင်းခြံ နည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စာမျက်နှာမှာ ရေးသားထားပါတယ်။

    Talote village

    ဓာတ်ပုံ ရင်းမြစ်, Myingyan GTC Students' Union - ABFSU

  20. ကိုဗစ်ပိုးတွေ့သူတွေရှိထားတဲ့ စစ်တွေမြို့က ATM တွေမှာ လူစုလူဝေးတွေဆက်ရှိနေ

    ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူလေးဦးကို မေလ ၁၃ ရက် မနေ့ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

    ကိုဗစ်ရောဂါပိုး တကျော့ပြန်ကူးစက်ခံထားရသူတွေရှိနေပေမယ့် ATM စက်တွေမှာတော့ ငွေလာထုတ်သူတွေနဲ့ လူစုလူဝေးတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။

    လတ်တလောမှာ ကိုဗစ်ပိုးကူးစက်ခံထားရသူတွေကို စစ်ဆေးတွေ့ရှိထားပေမယ့် အကာအကွယ်ပစ္စည်းတွေကိုအသုံးပြုတပ်ဆင်သူတွေနည်းပါးနေသေးတာဖြစ်ပါတယ်။

    မနေ့ကစစ်ဆေးတွေ့ရှိခဲ့တဲ့ ကိုဗစ်ပိုးကူးစက်ခံထားရသူလေးဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ဝင်လာတဲ့ စစ်တွေနယ်စက်ကုန်သွယ်ရေးစခန်းက သင်္ဘောသားတွေဖြစ်ကြပါတယ်။

    ၂၀၂၀ ခုနှစ်က တစ်နိုင်ငံလုံးမှာဖြစ်ပွားခဲ့တဲ ကိုဗစ်ဒုတိယလှိုင်းဟာလဲ စစ်တွေမြို့ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုလိုမျိုးနယ်စပ်ကုန်သွယ်ရေးစခန်းက ပျံ့နှံ့ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။