မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အကြမ်းဖက်အဖွဲ့နဲ့ငြိသူကို လက်ခံရင် ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ ကျနိုင်တယ်လို့ စစ်ကောင်စီပြော

    အကြမ်းဖက်အဖွဲ့နဲ့ငြိသူကို လက်ခံရင် ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ ကျနိုင်တယ်လို့ စစ်ကောင်စီပြော

    အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ အဖွဲ့အစည်းတစ်ခုခုက လူကို ဖမ်းဆီး အရေးယူခွင့် မပြုနိုင်အောင်၊ လွတ်မြောက်စေအောင် ထိန်ချန်တာ၊ ခိုလှုံခွင့်ပေးတာ၊ ပုန်းအောင်းခွင့်ပေးတာတွေလုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်ကြောင်း စစ်ကောင်စီ ဘက်က ပြောလာပါတယ်။

    ဒါဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ က နဲ့ငြိတာကြောင့်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ မေလ ၁၅ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

    ဒါ့အပြင် အကြမ်းဖက်အုပ်စုတစ်ခုခု အသုံးပြုဖို့ ရည်ရွယ်ပြီး ငွေကြေးကောက်ခံ၊ လွှဲပြောင်း၊ လက်ခံ၊ ထောက်ပံ့တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းလို့ ၁၀ နှစ်ကနေ တသက်အထိ ကျခံနိုင်တယ်လို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ခံ အမတ်တွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့ စည်းတာ၊ CRPH ကနေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ဖွဲ့စည်းတာ၊ အဲဒီနောက် NUG က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းထားတွေ လုပ်ထားပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီက CRPH ကို တရားအသင်းအဖြစ်ကြေညာခဲ့ပြီး ၊ CRPH အပါအဝင် NUG နဲ့ PDF အဖွဲ့တွေ၊ သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်း အားလုံးကို မေလ ၈ ရက်မှာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားပါတယ်။

  2. နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် ၂၁ ရက်နေ့ တွေ့ဆုံပွဲ NLD ပါတီကိုပါဖိတ်ကြားထားလို့UEC ပြော

    နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ မေ ၂၁ ရက်မှာ တွေ့ဆုံဖို့ရှိပြီး အဲဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုလည်း ဖိတ်ကြားထားတယ်လို့ UEC ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ပြောကြားပါတယ်။

    နေပြည်တော်မှာ မေ ၁၅ ရက်မာ ကျင်းပတဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

    ကော်မရှင်အနေနဲ့ ယာယီရပ်ဆိုင်းထားတဲ့ ပါတီနှစ်ခုမှအပ တရားဝင်မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီ ၉၁ ခုလုံးရဲ့ ဌာနချုပ်တွေထံ ဖိတ်ကြားစာပေးပို့ထားပြီးဖြစ်ပြီး အဲဒီထဲမှာလည်း NLD ပါတီလည်း ပါဝင်ပါတယ်လို့ သူက ပြောကြားသွားပါတယ်။

    အာဏာသိမ်းပြီးနောက် ပြင်ဆင်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ ပထမတစ်ကြိမ် တွေ့ဆုံထားပြီးဖြစ်ပြီး အဲဒီတွေ့ဆုံပွဲကို NLD ပါတီကိုဖိတ်ကြားခဲ့ပေမယ့် ထိုစဉ်ကတည်းက ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံးနီးပါးကို ဖမ်းဆီးခံထားရတာဖြစ်ပြီး NLD ဘက်က တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

    ဒါ့ပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့၊ရွှေဂုံတိုင်က NLD ပါတီဌာနချုပ်မှာ ရုံးတက်နေတဲ့ လက်ရှိ ပါတီကို ဦးဆောင်နေတဲ့ လွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ ဦးစိုးလေးအပါအဝင် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

    မေလ ၂၁ ရက်နေ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးမယ့်အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

    လက်ရှိ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး နောက်ဆုံးကျင်းပထားတဲ့ အထွေထွေရွေးကောက်ပွဲ ၂ ခုလုံး(၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ) တွေမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရထားတာဖြစ်ပါတယ်။

    UEC
  3. စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ စတင်

    စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ မေ ၁၅ ရက်မွန်းလွဲ ၁ နာရီမှာ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမမှာကျင်းပခဲ့ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးဆောင်ရှင်းလင်းနေပြီဖြစ်ပါတယ်။

    ဒီနေ့သတင်းစာရှင်းလင်းပွဲကို သူဦးဆောင်ရှင်းလင်းမှာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေလည်းရှင်းလင်းဖို့ရှိပါတယ်။

    သတင်းစာရှင်းလင်းပွဲမှာ ပညာရေးကဏ္ဍ၊ စစ်ကောင်စီရဲ့ ဧပြီလ အတွင်း ပြုလုပ်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊ ပေါက်ကွဲမှုတွေဖြစ်ပွားတဲ့အကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို အကြမ်းဖက်အဖြစ်ကြေညာခဲ့တဲ့အကြောင်း စတဲ့ အချက်တွေကို အဓိကထားရှင်းမယ်လို့ သူက ပြောကြားပါတယ်။ လက်ရှိမှာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မယ်လို့ သူက ပညာရေးနဲ့ပတ်သက်လို့ ပြောကြားသွားပါတယ်။

    Military Presser
  4. မင်းတပ်မှာ စစ်ကောင်စီတပ်တွေက ဝေဟင်ကပါ ဗုံးသီးကြဲချနေ

    မင်းတပ်မှာ စစ်ကောင်စီတပ်တွေက ဝေဟင်ကပါ ဗုံးသီးကြဲချနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ မေလ ၁၅ ရက် မနက်ပိုင်း ၆ နာရီလောက်က စတင်ပြီး မြေပြင်တိုက်ပွဲဆင်ခဲ့သလို ရဟတ်ယာဉ်ကလည်း ဗုံးသီးကြဲချတာတွေလုပ်နေခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    တပ်ရင်း ၂၇၄ က မြေပြင်တိုက်ပွဲ ပြုလုပ်နေပြီး ရဟတ်ယာဉ်က ကြဲချတဲ့ဗုံးသီးတွေဟာ မင်းတပ်မြို့ ၁၄ မိုင်မှာ ၂ လုံး၊ နတလကျောင်းဝင်း တောင်ပုလုဘုန်းကြီးကျောင်းမှာ ၃ လုံးကျပြီးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒေသခံတွေဟာ မင်းတပ်မြို့ထဲမှာ ပိတ်မိနေပြီး လူစုလူဝေးဖြစ်မယ်ထင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်နေတာကြောင့် အိမ်ထဲမှာ ပုန်းနေရတယ်လို့ သိရပါတယ်။

    မင်းတပ်မြို့ကို စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး အခုလက်ရှိ အခြေအနေမှာတော့ မင်းတပ်မြို့ခံ လူ ၁၅ ယောက်ကို ဖမ်းဆီးကာ လူသားဒိုင်းအနေနဲ့ အရှေ့က လျှောက်စေကာ မြို့တွင်းကို တဖြည်းဖြည်း ဝင်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    စစ်ကောင်စီတပ်က မင်းတပ်မြို့ကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ကိုယ့်အိမ်ထဲမှာပဲ နေထိုင်ပြီး လက်နက်ထိမှန်မှာ စိုးရိမ်နေကြပါတယ်။

    မင်းတပ်မြို့ပေါ်မှာ မနေ့ညနေပိုင်းကတည်းက ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ တစ်ကြိမ်ထက်မနည်း ပျံသန်းနေတယ်ဆိုပြီး ဒေသခံတွေက မနေ့ မေလ ၁၄ ရက်ကတည်းက ပြောဆိုနေကြတာပါ။

    မင်းတပ်မှာ ဆန္ဒပြစာတမ်းချိတ်ဆွဲနေတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ဘက်က ဖမ်းသွားလို့ ဒီလူတွေ ပြန်လွတ်ရေး ဒေသခံတွေနဲ့ အစောပိုင်းမှာ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း ၂၀ ကျော် ကြာလာပြီဖြစ်ပါတယ်။

    မြေပြင်သတင်းတွေအရ မင်းတပ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီဘက်က မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့်(martial law) ကျင့်သုံးပြီဆိုပြီး မေလ ၁၃ ရက်နေ့ကတည်းက ကြေညာထားပါတယ်။

  5. မုံရွာမြို့က ကဗျာဆရာဦးစိန်ဝင်း မီးရှို့သတ်ဖြတ်ခံရ

    မုံရွာမြို့က ကဗျာဆရာဦးစိန်ဝင်းဟာ မနေ့ မေလ ၁၄ ရက်က မုံရွာမြို့ စက်မှုဇုန်က ခေါက်ဆွဲစက်မှာ စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံနေတုန်း အလုပ်သမားတဦးက အနောက်ကနေ ဓာတ်ဆီထုပ်နဲ့ လောင်းပြီး မီးရှိူ့ခံခဲ့ရတာကြောင့် သေဆုံးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မီးလောင်ဒဏ်ရာကြောင့် အဲဒီနေ့ ညနေပိုင်းမှာ ဆေးရုံမှာပဲ သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    သူ့ကို မီးရှို့သတ်ဖြတ်သူကိုတော့ ဖမ်းဆီးရမိတာမရှိသေးဘဲ ဘာကြောင့် ခုလို မီးရှို့သတ်ဖြတ်ရတယ်ဆိုတာ လည်း မသိရသေးပါဘူး။

    မုံရွာသပိတ်ခေါင်းဆောင်ပိုင်းကတော့ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်သူဟာ အလုပ်သမားအယောင်ဆောင်ထားသူတစ်ဦးကို မှတ်ချက်ပြုပြီး မိသားစုဘက်ကတော့ ဦးစိန်ဝင်းနဲ့ ရင်းနှီးတဲ့ အလုပ်သမားတစ်ဦးလို့ ဘီဘီစီကိုပြောပါတယ်။

    ဦးစိန်ဝင်းဟာ မုံရွာမြို့ခံ ကဗျာဆရာတဦးဖြစ်ရုံသာမက ပရဟိတသမားတဦး၊ ဝါရင့်နိုင်ငံရေးသမားတဦးလည်း ဖြစ်ပါတယ်။

    Moneywa

    ဓာတ်ပုံ ရင်းမြစ်, Social Media

  6. ဗုံးခွဲမှု၊ လုပ်ကြံမှုတွေကြောင့် မနေ့တနေ့တည်းတင် လူ ၅ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန်

    မနေ့ မေလ ၁၄ ရက် တစ်ရက်တည်းတင် လက်လုပ်ဗုံးနဲ့တိုက်ခိုက်မှု၊ လုပ်ကြံမှုနဲ့ ပစ်ခတ်မှုတွေကြောင့် ထားဝယ်မြို့၊ တောင်ကြီးမြို့နယ်ထဲက အေးသာယာမြို့နဲ့ သံတောင်ကြီးမြို့နယ်တို့မှာ အမျိုးသား ၅ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က နိုင်ငံပိုင် သတင်းစာကနေ သတင်းထုတ်ပြန်လာတာတွေ့ရပါတယ်။

    ထားဝယ်မှာ သေဆုံးတဲ့အမျိုးသားတစ်ဦးကတော့ လက်လုပ်မိုင်းပေါက်တဲ့ဒဏ်ရာရလို့ ဆေးရုံပို့သယ်ချိန် လမ်းမှာ လူနာတင်ယာဉ်ကားကို အင်္ကျီအနက်ဝတ်ဆင်ထားတဲ့လူ ၃၀ ခန့်က ရပ်ခိုင်းပြီး ဒဏ်ရာရသူကို ဒလန်/သူလျှိုတွေလို့ စွပ်စွဲကာ တူမီးသေနတ်နဲ့ပစ်လို့ ဦးဖေသန်းဆိုသူ အသက် ၅၇ နှစ်အရွယ်အမျိုးသား သေဆုံးခဲ့တာလို့ ဆိုပါတယ်။

    သံတောင်ကြီးမြို့နယ်က သေဆုံးသူ ၂ ဦးကတော့ ပျားစခန်း ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူးနဲ့ ရပ်ကျေးစာရေးတစ်ဦးတို့ဖြစ်ပြီး ရွာထဲကုန်စုံဆိုင်မှာ ဈေးဝယ်နေချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာကြောင့် ကျမှန်ဒဏ်ရာအသီးသီးနဲ့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

    သေဆုံးသူ နောက်ထပ်အမျိုးသား ၂ ဦးကတော့ တောင်ကြီးမြို့နယ်ထဲမှာရှိတဲ့ အေးသာယာမြို့က ဖြစ်ပြီး ကင်းလှည့်ပြီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၀င်တွေ တောင်ကြီးနည်းပညာတက္ကသိုလ်နားမှာ နားနေတုန်း ဆိုင်ကယ်စီးလာသူတစ်ဦးက လက်လုပ်ဗုံးနဲ့ ပစ်ပေါက်လို့ အနီးနားမှာရှိတဲ့ မြို့ပေါ် ၁၀ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ ၁၂ ရပ်ကွက်က အမျိုးသားတစ်ဦးတို့ ဗုံးစထိမှန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

    ဘီဘီစီက သိရှိရသလောက် မနေ့တနေ့တည်းမှာ မိုးမောက်မြို့ထွေအုပ်ရုံး၊ ရန်ကုန်က ဗိုလ်တထောင် အမှတ် ၅ အထက်တန်းကျောင်း၊ မြစ်ကြီးနားမြို့က ကမ္ဘောဇဘဏ်(၁)နဲ့ မန္တလေးမြို့နေရာအတော်များများမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူ ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

    မေလ ၁၄ ရက်တုန်းက ဗိုလ်တထောင် အထက ၅ ပေါက်ကွဲမှုအပြီး ကျောင်းအနီးမှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မေလ ၁၄ ရက်တုန်းက ဗိုလ်တထောင် အထက ၅ ပေါက်ကွဲမှုအပြီး ကျောင်းအနီးမှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ
  7. မန္တလေး ကုသိုလ်ဖြစ်ဆေးရုံက လူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းသွား, ဒီနေ့ မနက်ပိုင်း မန္တလေးမှာ ပေါက်ကွဲမှုတွေဆက်ဖြစ်ခဲ့။

    မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲမှာဖွင့်ထားတဲ့ ကုသိုလ်ဖြစ်ဆေးရုံကြီးကနေ လူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ မေလ ၄ ရက် ည ၁၀ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

    "ဆေးရုံထဲ အတွင်းကို အဓမ္မချိုးဖျက်ဝင်ရောက်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်တဲ့လူမမာနဲ့ အကူတစ်ဦး၊ ဆရာဝန်နဲ့သူနာပြုတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ လူနာစောင့်ကိုပါ အတင်းခေါ်ဆောင်သွားတာ"လို့ ဒီဖြစ်ရပ်နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကုသိုလ်ဖြစ် အခမဲ့ဆေးရုံကြီးကို မေလ ၁၄ရက် ည ၈နာရီ‌လောက်ကနေ စစ်ကောင်စီဘက်က ကား၆စီးနဲ့ ဝင်ရောက်ဖို့စတင်ခဲ့တာဖြစ်ပြီး ည ၁၀နာရီမှာ လူနာ‌တွေ၊ အကူအညီပေးနေသူသူတွေကို ဓာတ်ပုံရိုက်ယူသွားကာ CCTV ကြိုးတွေဖြတ်၊ laptopနဲ့ ဖုန်းတွေပါ ယူဆောင်သွားတယ်လို့လည်း သိရပါတယ်။

    အရင်စစ်အာဏာရှင်‌တွေ လက်ထက်ကတော့ ကုသိုလ်ဖြစ်ဆေးခန်း၊ ဆေးရုံတွေကို အခက်ဖြစ်အောင်လုပ်ခဲ့တာမရှိဘဲ လက်ရှိစစ်ကောင်စီကျမှ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ မန္တလေးဒေသခံတချို့က ပြောပါတယ်။

    ဒီနေ့ မေလ ၁၅ ရက် မနက်ခင်းမှာတော့ မန္တလေးမြို့ လမ်းမကြီး အများစုမှာ စစ်ကောင်စီတပ်တွေက အင်အားအများပြားနဲ့ စောင့်ကြည့်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

    ဒီမနက်ပိုင်း မြန်မာ့စီးပွါးရေးဘဏ်၂နဲ့ ဈေးချိုဝန်းကျင်မှာ ပေါက်ကွဲတာတွေရှိခဲ့ပါတယ်။ ဒါကြောင့်စစ်ကောင်စီက ပေါက်ကွဲမှုအနီးဝန်းကျင်‌တွေမှာ စောင့်ကြည့်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ မနေ့ မေလ ၁၄ ရက် နေ့ခင်းပိုင်းနဲ့ ညပိုင်းတွေမှာ ချမ်းအေးသာဇံ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်မြို့နယ်တွေမှာ ပေါက်ကွဲမှု အနည်းဆုံး ဆယ်ကြိမ်ထက်မက ရှိခဲ့ပါတယ်။

    မန္တလေး ကုသိုလ်ဖြစ်ဆေးရုံက လူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းသွား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုတစ်ခုအပြီး မြင်ကွင်း
  8. ရွှေဘိုမြို့ စည်ပင်ဈေးကြီး မီးလောင်

    ရွှေဘိုမြို့ စည်ပင်ဈေးကြီး မီးလောင်

    ဓာတ်ပုံ ရင်းမြစ်, ဘုန်းနိုင်ဖြိုး

    ရွှေဘိုမြို့ စည်ပင်ဈေးကြီး မီးလောင်

    ဓာတ်ပုံ ရင်းမြစ်, ဘုန်းနိုင်ဖြိုး

    ရွှေဘိုမြို့ စည်ပင်ဈေးကြီး မီးလောင်

    ဓာတ်ပုံ ရင်းမြစ်, ဘုန်းနိုင်ဖြိုး

    စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့က ရွှေဘိုမြို့မဈေးကြီး ဒီကနေ့ မေလ ၁၅ ရက် မနက် ၂နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

    မီးလောင်ချိန်ဟာ ၅နာရီခန့်ကြာမြင့်ခဲ့ပြီး မနက် ၆နာရီကျော်မှာ မီးငြှိမ်းသတ်နိုင် တယ်လို့ ဈေးသူဈေးသားအချို့ကပြောပါတယ်။

    "မီးလောင်ချိန်က ညမထွက်ရအချိန်ကြီးဗျာ၊ သိတဲ့အချိန်ပစ္စည်းတွေရသလောက်ယူဖို့ လာတော့ လုံခြုံရေးအတွက်ဆိုပြီးစစ်ကားတွေ ရောက်နေတော့ ကျွန်တော်တို့လည်း ပစ္စည်းတွေမယူရဲတော့ဘူး၊ဆုံးရှုံးမှုကတော့ ပြောမပြနိုင် အောင်ပါပဲ" လို့ ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

    လက်ရှိမှာတော့ ဈေးကြီး တစ်ခုလုံးမီးလောင်ကျွမ်းထားပြီး မီးလောင်ရတဲ့အကြောင်းရင်းကို တော့မသိရှိရသေးပါဘူး။

  9. မြန်မာ့ဒီမိုကရေစီအရေးရန်ပုံငွေ တောင်ကိုရီးယားမှာ မာရသွန်ပြေးပွဲကျင်းပမယ်

    တောင်ကိုရီးယား နိုင်ငံမှာ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အားပေးကူညီ ထောက်ပံ့ပေးနိုင်ဖို့ အတွက်5.18 Democratization Movement Seoul Commemoration Association နဲ့ Korea Sports Exchange Associationတို့က တခြား အဖွဲ့အစည်းများစွာနဲ့ ပူးပေါင်းကာ ရန်ပုံငွေရှာ မာရသွန် အပြေး ပြိုင်ပွဲကို ကျင်းပဖို့ စီစဥ်နေပါတယ်။

    ဒီမာရသွန် ပြိုင်ပွဲကို Free Myanmar World Run & Walk လို့ အမည်ပေးထားပြီး ပြိုင်ပွဲကာလကို တောင်ကိုရီးယား ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပါ ပြန်လည် အမှတ်ရစေဖို့ အတွက် ၅ လပိုင်း ၁၈ရက် ကနေ ၆ လပိုင်း ၁၀ရက်နေ့အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုတွေကြောင့် ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ အတူပြေးကြရမှာတော့ မဟုတ်ပါဘူး။ သီးခြား ရုပ်သံပြ ပြိုင်ပွဲအနေဖြင့် ကျင်းပသွားရန် စီစဥ်ထားတယ်လို့ ဆိုပါတယ်။

    မာရသွန်လို့ ဆိုပေမယ့် ခရီးရှည်ကြီးပဲ ပြေးရမယ်လို့ သတ်မှတ်ထားတာ မဟုတ်ဘဲ ကိုယ်ပြိုင်ပွဲ ဝင်မယ့် ခရီးတာ ရည်မှန်းချက်ကို ကိုယ့် စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ တောင်ကိုရီးယားရဲ့ မေလ ၁၈ ရက် ဒီမိုကရေစီရေး လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ် ၅. ၁၈ ကီလိုမီတာ ပြေးတာ၊ မြန်မာ့ ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ခြေလှမ်းပေါင်း ၈၈၈၈ သတ်မှတ်တာမျိုးက အစ စိတ်ကြိုက် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ပြေးတာ လမ်းလျှောက်တာ စသဖြင့် အဆင်ပြေသလို ပြိုင်ပွဲ ဝင်နိုင်ကြမှာ ဖြစ်ပါတယ်။

    တောင်ကိုရီးယားနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်ကနေ ရုန်းထွက်ပြီး ဒီမိုကရေစီ ရယူနိုင်ခဲ့ကြောင်းနဲ့ တောင်ကိုရီးယားဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် ပထမဆုံး ဒီလိုနည်းနဲ့ အားပေးကူညီတဲ့ နိုင်ငံ ဖြစ်ကြောင်း၊ ဒါကြောင့် လာမယ့် မေလ ၁၈ ရက်နေ့မှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အပြေးပြိုင်ပွဲ ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြေးရင်း လွှားရင်း လမ်းလျှောက်ရင်းနဲ့ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာပေးကြမယ်လို့ Free Myanmar World Run & Walk ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ဒီပြိုင်ပွဲမှာ မည်သူမဆို ပါဝင်ခွင့်ရှိပြီး ပြိုင်ပွဲ ဝင်လိုသူတွေအနေနဲ့ Free Myanmar World Run & Walk ရဲ့ ဝက်ဘ်ဆိုက်မှာ သွားရောက် စာရင်းပေး လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကြေး အနေနဲ့ တောင်ကိုရီးယားဝမ် ၂၅,၀၀၀ သတ်မှတ်ထားပါတယ်။ အဲဒီ ပြိုင်ပွဲ ဝင်ကြေး အပြင် အပိုဆောင်းပြီး လှူချင်ရင်တော့ အကန့်အသတ်မရှိ လှူနိုင်ပါတယ်။ ပြိုင်ပွဲ ဝင်ကြေး ပေးသွင်းပြီးသွားတဲ့အခါမှာ ပြိုင်ပွဲနေ့မှာ ဝတ်ဆင်ရမယ့် တီရှပ်နဲ့ နှာခေါင်းစည်းကို ပို့ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲဒီ ပို့ပေးလိုက်တဲ့ တီရှပ်နဲ့ နှာခေါင်းစည်းကို ဝတ်ဆင်ပြီး သတ်မှတ်ထားတဲ့ အပြေး Application ကို ဖွင့်ပြီး မိမိ အဆင်ပြေတဲ့ အချိန်နဲ့ နေရာမှာ ပြိုင်ပွဲ ဝင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ရရှိတဲ့ ပြိုင်ပွဲဝင်ကြေးတွေကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အသုံးပြုဖို့ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

    ဧပြီလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေး ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေး ဆန္ဒပြမှု
    မြန်မာ့အရေး မာရသွန်ပြေးပွဲ

    ဓာတ်ပုံ ရင်းမြစ်, FreeMyanmar- WorldRun

  10. ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်ကို ဒီနေ့ နေပြည်တော် အချုပ်ထောင် သီးသန့်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့လည်း လူချင်းသီးသန့်ပထမဆုံးတွေ့ဆုံခွင့်ရခဲ့ပါတယ်။

    ဦးဝင်းထိန်ကို တရားရုံး တရားခွင်ထဲမှာပဲ သီးသန့်တွေ့ခွင့်ရတာ ဖြစ်ပြီး တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေ သက်ဆိုင်ရာ အခန်းတွေမှာ ရှိနေချိန် သီးသန့်တွေ့ခွင့်ရခဲ့တာလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် မီဒီယာတွေနဲ့ တွေ့ဆုံစဥ် အကြမ်းမဖက် အာဏာဖီဆန်ရေး ပြောခဲ့တာနဲ့ ပတ်သက်ပြီး နောင်တမရဘူးလို့ ပြောတဲ့ အကြောင်းလည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    ဦးဝင်းထိန်ကို လက်ရှိမှာ ထောင်ထဲက ၁၀ ပေ ပတ်လည် သီးသန့် အခန်းမှာ ထားရှိထားပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ ပေးပို့ထားတာတွေ ရတယ်လို့လည်း ပြောပါတယ်။

    တရားခွင်မှာ တရားလို ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလူကို စစ်ဆေးတဲ့အခါ ဦးဝင်းထိန်ကို အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံစဥ် ပြောကြားတဲ့ စကားအရ အစိုးရကို မုန်းထားအောင်၊ မလေးမစားရှိအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် လှုံ့ဆော်ခြင်းတွေနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၂၄ က နဲ့ စွဲဆိုခြင်း ဖြစ်တယ်လို့ တရားလိုက အစစ်ခံခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတရားခွင် စစ်ဆေးမှုမှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းတွေကို ကန့်ကွက်ခဲ့တယ်လို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    နောက်ရုံးချိန်းကတော့ ဒီလ ၂၈ ရက် မှာ ပြုလုပ်မှာပါ။

    ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ

    ဓာတ်ပုံ ရင်းမြစ်, Min Thu

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၁ ရက် မီဒီယာတွေနဲ့ တွေ့ဆုံစဥ်
  11. မင်းတပ်မြို့ကိုစစ်ကောင်စီတပ်ဖွဲ့တွေအလုံးအရင်းနဲ့တိုက်ခိုက်နေ

  12. မျိုးဆက်အလိုက် စစ်ဘေးရှောင်နေရတဲ့ ကရင်ဒုက္ခသည်တွေ၊

  13. မြန်မာ့အရေးအကူအညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို

    ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ်စ္စတင်း ရှာရာနာ ဘာဂနာ နဲ့ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာတို့ သောကြာနေ့မှာ တွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    မြန်မာပြည်တွင်း ပေါ်ပေါက်နေတဲ့ အဓိကရုဏ်းတွေကို ဖြေလျှော့ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ လက်တွဲအလုပ်လုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ကုလ အထူးကိုယ်စားလှယ်က ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ထိုင်းအစိုးရအနေနဲ့ အကျိုးရှိနိုင်မယ့် သတင်းချက်အလက်တွေကို အပြန်အလှန် မျှဝေဖို့ နားဆင်ဖို့ အဆင်သင့်ပဲလို့ ဝန်ကြီးချုပ် ချန်အိုချာက တုံ့ပြန်ပြောဆိုခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘေးကင်းလုံခြုံရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလာသူတွေအပါအဝင် ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

    မြန်မာ့အရေးအကူအညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Christine Schraner Burgener's twitter

  14. ဆင်းရဲတဲ့မိသားစုတွေအတွက် ကန် ဒေါ်လာ ၄ သန်း ဂျပန်အစိုးရ လှူဒါန်း

    စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းအတွင်းက အခြေခံအစားအသောက်ရဖို့ လိုအပ်နေတဲ့ မိသားစုတွေကို ထောက်ပံ့ဖို့အတွက် ဂျပန်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကနေတဆင့် အမေရိကန် ဒေါ်လာ ၄ သန်း လှူဒါန်းလိုက်ပါတယ်။

    ဒီအလှူငွေတွေကို ရန်ကုန်တိုင်းအတွင်း လူဦးရေ ၆၀၀,၀၀၀ အတွက် ထောက်ပံ့ကူညီသွားမှာ ဖြစ်ပြီး လိုအပ်နေတဲ့ မိသားစုတွေလက်ထဲကို စားနပ်ရိက္ခာတွေ တိုက်ရိုက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

    လှိုင်သာယာမြို့နယ်တွင်းမှာ မေလ ၁၃ ရက်နေ့စပြီး စတင်ထောက်ပံ့ကူညီပေးနေပြီလို့လည်း WFP က ဆိုပါတယ်။

    ဒီအကူအညီတွေဟာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေထံ တိုက်ရိုက်ရောက်မှာ ဖြစ်ပြီး ဂျပန်အစိုးရနဲ့ ဂျပန် ပြည်သူတွေဟာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Maruyama Ichiro က ပြောပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်း၊ ကိုဗစ်-၁၉နဲ့ နဂိုရှိရင်းစွဲ ဆင်းရဲမွဲတေမှု အခြေအနေတွေကြောင့် လာမယ့် ၆ လအတွင်းမြို့ပြဒေသတွေမှာ နေထိုင်ကြသူတွေ အများစုအပါအဝင် လူဦးရေ ၃.၄ သန်းထက်မနည်း အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

    လှိုင်သာယာမှာ ဒီလအစောပိုင်းက ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လှိုင်သာယာမှာ ဒီလအစောပိုင်းက ဆန္ဒပြမှု
  15. ဆရာဆရာမနဲ့ ဝန်ထမ်းတွေ လုံခြုံရေး ပြည်တွင်းပြည်ပနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG ပြော

    ဆရာ၊ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ အထောက်အပံ့တွေအတွက် ပြည်တွင်းပြည်ပနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ဘယ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိဘဲ လိုအပ်ရင် NUG ပညာရေး ဝန်ကြီးဌာနကို ဆက်သွယ်ဖို့ အဲဒီကြေညာချက်မှာ ပါပါတယ်။

    ဒါ့အပြင် ဆရာဆရာမနဲ့ဝန်ထမ်းတွေရဲ့ အလုပ်အကိုင်တည်မြဲရေးကို အပြည့်အဝ အာမခံပြီး ထုတ်ပယ်ခံရရင် ဖြစ်စေ ကိုယ်တိုင် နုတ်ထွက်ခံရရင် ဖြစ်စေ ပြည်သူ့အစိုးရ ပေါ်ပေါက်လာချိန်မှာ ပြန်ခန့်အပ်မယ်လို့ ဆိုပါတယ်။

    ပြည်တွင်းမှာတော့ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန် CDM လုပ်တဲ့ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေကို သွေးထိုးလှုံဆော်မှု၊ မမှန်သတင်းဖြန့်မှု ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်း တွေစထုတ်ခဲ့ပြီး အခု တက္ကသိုလ်တွေ ပြန်ဖွင့်ချိန်နဲ့ အခြေခံပညာကျောင်းတွေ ဖွင့်ဖို့ နီးကပ်လာချိန်မှာ ဆရာ၊ဆရာမနဲ့ပညာရေးဝန်ထမ်းတွေကိုပါ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းတွေ ထုတ်ပြန်ပြီး ဖမ်းဆီးမှုတချို့ ရှိနေပါတယ်။

    အဲဒါနဲ့ အတူ CDM ဝန်ထမ်းတွေထဲက တချို့ဟာ လုံခြုံရေး စိုးရိမ်ရတဲ့ ဖိအားကြောင့် လုပ်ငန်းခွင် ပြန်ဝင်သွားကြသူတွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်မှာ တက္ကသိုလ်တွေက ပညာရေးဝန်ထမ်းသောင်းချီပြီး အလုပ်အကိုင်တွေက ယာယီရပ်နားခံခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ပညာရေး သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းက ပညာရေး သပိတ်စစ်ကြောင်း
  16. ကာလအတန်ကြာပြီးနောက် လူမြင်ကွင်းမှာ ပြန်တွေ့ရတဲ့ဦးဇော်ဇော်

    ဧရာဝတီဘဏ်ဘုတ်အဖွဲ့အစည်းအဝေးမှာ တွေ့ရတဲ့ဦးဇော်ဇော်

    ဓာတ်ပုံ ရင်းမြစ်, AYA

    ဓာတ်ပုံ ပုံစာ, ဧရာဝတီဘဏ်ဘုတ်အဖွဲ့အစည်းအဝေးမှာ တွေ့ရတဲ့ဦးဇော်ဇော်
    စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက လူမြင်ကွင်းမှာ ပထမဆုံးပြန်တွေ့ရတဲ့ဦးဇော်ဇော်

    ဓာတ်ပုံ ရင်းမြစ်, AYA

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက လူမြင်ကွင်းမှာ ပထမဆုံးပြန်တွေ့ရတဲ့ဦးဇော်ဇော်

    ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒီနေ့ မေလ ၁၄ ရက်မှာပြုလုပ်တဲ့ ဘဏ် ဒါရိုက်တာအစည်းအဝေးကို တက်လာတယ်ဆိုပြီး ဧရာဝတီဘဏ်က သူ့ရဲ့ တယ်လီဂရမ်လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာတာကို တွေ့ရပါတယ်။

    ဒါဟာ စစ်တပ်အာဏာသိမ်းမှုစဖြစ်ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက် မှာ အာရှဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတစ်ခုကို တက်ပြီးနောက်ပိုင်း ဦးဇော်ဇော်ကို လူမြင်ကွင်းမှာ ပထမဆုံး ပြန်မြင်တွေ့ရတာဖြစ်ပါတယ်။

    အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဦးဇော်ဇော်တစ်ယောက် စစ်ကောင်စီရဲ့ဖမ်းဆီးတာ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

    အဲဒီနောက် ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီဘဏ်လီမိတက်ရဲ့အမှုဆောင် ဥက္ကဋ္ဌ ဒေါ်ခင်စောဦး ဘဏ်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့သတင်း ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဘဏ်မှာ ဦးဇော်ဇော်ရဲ့ခေါင်းဆောင်မှုပိုင်း ပျောက်သွားပြီလားဆိုတဲ့ မေးခွန်းတွေလည်း ဧရာဝတီဘဏ် သုံးစွဲသူတွေကြားမှာ ရှိနေခဲ့ပါတယ်။

    ဒီနေ့ပြုလုပ်တဲ့ ဧရာဘဏ်အစည်းအဝေးပွဲမှာ ဦးဇော်ဇော်ရော၊ ဒေါ်ခင်စောဦးကိုရောတွေ့ရသလို ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် လက်ရှိ အခြေအနေ အခဲအခဲတွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ ဘဏ်ဘက်က ထုတ်ပြန်ပါတယ်။

  17. ကယ်ဆယ်ရေး အထူးလေယာဉ်နဲ့ထွက်ခွါမယ့် နိုင်ငံသားတွေစာရင်းကို စစ်ကောင်စီတောင်း

    ကယ်ဆယ်ရေး အထူးလေယာဉ်နဲ့ထွက်ခွါမယ့် နိုင်ငံသားတွေစာရင်းကို စစ်ကောင်စီတောင်း

    ဓာတ်ပုံ ရင်းမြစ်, AFP

    ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ကယ်ဆယ်ရေးအစီအစဉ်အဖြစ် အထူးလေယာဉ်ခရီးစဉ်တွေနဲ့ ပြည်ပထွက်ခွါမယ့် မြန်မာနိုင်ငံသားတွေ စာရင်းကို သက်ဆိုင်ရာမြန်မာနိုင်ငံသားတွေ လေယာဉ်ပေါ်တက်မယ့် အချိန်ထက် ၁၀ ရက်စောပေးရမယ်ဆိုပြီး စစ်ကောင်စီလက်အောက်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက လေကြောင်းလိုင်းတွေ ဆီကနေ တောင်းလာပါတယ်။

    ဒီစာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တခြားသက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပေးပို့စိစစ်ရမှာဖြစ်တာကြောင့် ကယ်ဆယ်ရေး အထူးလေယာဉ်ခရီးစဉ်တွေ ပြေးဆွဲနေတဲ့လေကြောင်းလိုင်းတွေအနေနဲ့ လိုက်နာဆောင်ရွက်သွားဖို့ ဆိုပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၁၃ ရက် ရက်စွဲပါ စာအရ သိရပါတယ်။

    ကိုဗစ်နိုင်ငံရောဂါ ကူးစက်မှုကို ကပ်ရောဂါအဖြစ်ကြေညာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြီးခဲ့တဲ့နှစ် မတ်လ ၃၀ ရက်က ကတည်းက ခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲတာကို တားမြစ်ထားတာဖြစ်ပါတယ်။

    ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကနေပြန်လာလိုသူတွေ၊ ပြည်တွင်းကနေ ထွက်ခွါမယ့်သူတွေအတွက် ကယ်ဆယ်ရေး အထူးလေယာဉ်ခရီးစဉ် တချို့ကို ပြေးဆွဲနေတာဖြစ်ပါတယ်။

  18. မိုးမောက် ထွေအုပ်ရုံးဗုံးပေါက်ကွဲမှု ၄ ဦးဒဏ်ရာရ

    မိုးမောက် ထွေအုပ်ရုံးဗုံးပေါက်ကွဲမှု ၄ ဦးဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကချင်ပြည်နယ်၊ မိုးမောက်မြို့ ထွေအုပ်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ လူ ၄ ဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

    ထွေအုပ်ရုံးမှာ ဝန်ထမ်းတွေ အစည်းအဝေးပွဲလုပ်ကြအပြီး ပြန်ထွက်ကြချိန် ဒီနေ့ မေလ ၁၄ ရက် မနက်ပိုင်းမှာ အဆောက်အအုံ ခေါင်မိုး ဗုံးပစ်ခံရလို့ ဒဏ်ရာရခဲ့ကြတာလို့ သိရပါတယ်။

    ''အဲဒီရုံးမှာ အုပ်ချုပ်ရေးမှူးတွေ ဒီနေ့အစည်းအဝေးပွဲရှိတယ်လေ။ အစည်းအဝေးပြီးပြီးချင်း ၁၁ နာရီလောက်မှာ အကုန်ထွက်လာကြပြီးတဲ့နောက်မှာ အဝေးကနေ လှမ်းပစ်ထည့်သွားတာလို့ သိရတယ်။ အဲဒါ ခေါင်မိုးကို ထိမှန်ပြီးမှ ရပ်ကျေး စာရေး ၄ ယောက် ထိမှန်သွားတယ်လို့ကြားတယ်။''လို့ဆိုပြီး မြို့ခံတစ်ဦးက ပြောပါတယ်။

    နောက်ပြီး မိုးမောက်နဲ့အနီးတစ်ဝိုက်က မြို့သစ်၊ ကုန်းလော၊ စီဟတ်ရွာတွေ ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တု့ိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အခြေအနေကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ငြိမ်သွားခဲ့ပေမဲ့ အခုတော့ ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီအခြေအနေတွေကြောင့် ကျေးရွာတွေဘက်က မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်သာသနာကျောင်းတွေမှာ တိုက်ပွဲလာရှောင်ကြသူတွေကို ပြန်မြင်တွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  19. ကိုဝေမိုးနိုင်ကို မိသားစု အဆက်အသွယ်မရတာ တစ်လနီးပါးရှိပြီ

    မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိူင် ဖမ်းဆီးထိန်းသိမ်းခံရတာ တစ်လနီးပါးကြာပြီဖြစ်ပေမဲ့ သားဖြစ်သူရဲ့သတင်းနဲ့ပတ်သက်လို့ တစုံတရာ မကြားသိရသေးဘူးလို့ မိခင်ဖြစ်သူကပြောပါတယ်။

    "အစောပိုင်းကစစ်ကြောရေးမှာလို့ပြောနေသေးတယ် အခုတော့ စစ်ကြောရေးမှာမဟုတ်တော့ဘူးလဲ ပြောနေတယ်။ အတိကျတော့ခိုင်ခိုင်မာမာမဟုတ်သေးပါဘူး ။ ဘာပုဒ်မတွေနဲ့တရားစွဲထားတယ် ဘာညာ။ အဲ့ဒီပုဒ်မတွေနဲ့ပတ်သက်ပြီး အမှုကိုဘယ်လိုစစ်ဆေးနေတယ်၊ ဘယ်လိုလုပ်နေတယ်၊ တိကျသေချာတဲ့ဟာ ရှေ့နေတွေပဲဖြစ်ဖြစ် အန်တီတို့လည်းရှေ့နေတွေဘာတွေရှိတယ် တစ်ခုခုတော့သိချင်တာပေ့ါ။ သတင်းအမျိုးမျိုးပဲကြားရတယ်။ တချို့ကလည်းမုံရွာထောင်မှာမဟုတ်ဘူး။ တချို့ကလည်းမုံရွာထောင်မှာပေါ့ အဲ့လိုကြားရတယ်။ တိတိကျကျတော့မပြောနိူင်သေးပါဘူး" လို့ကိုဝေမိုးနိူင်ရဲ့မိခင်က ဘီဘီစီကိုပြောပါတယ်။

    အခုလိုသတင်းမကြားရတဲ့အတွက် ကိုဝေမိုးနိုင်ရဲ့ကျန်းမာရေးအတွက်လည်း စိုးရိမ်နေပြီး မိသားစုဝင်တွေအနေနဲ့လည်း တရားဝင်တွေ့ဆုံခွင့်ရတဲ့ ထောင်ဝင်စာတွေ့ချင်တယ်လို့လည်း မိခင်ဖြစ်သူကဆိုပါတယ်။

    ဒါ့ပြင် ဒီနေ့မေလ ၁၄ ရက်နေ့ဟာအစ္စလမ်ဘာသာဝင်တိုရဲ့ အီဒုလ်ဖိသိရ် ဝါကျွတ်အီးဒ်ပွဲတော်နေ့ဖြစ်တာကြောင့် သားဖြစ်သူကိုသတိရနေတဲ့အကြောင်း ကိုဝေမိုးနိူင်မိခင်ကဆက်ပြီးပြောပြပါတယ်။

    "များသောအားဖြင့် အန်တီတို့အစ္စလမ်ဘာသာဝင်တွေအနေနဲ့ ဒီနေ့ဒီရက်ကတော့ မိသားစုဝင်ဘယ်နှစ်ယောက်ပဲရှိရှိ ရှိတဲ့မိသားစုဝင်တွေဆုံကြတယ်။ ဆွေမျိုးတွေနဲ့တစ်ယောက်တစ်ယောက် အပြန်လှန်ပေါ့ သွားကြလာကြနူတ်ဆက်ကြတာပေါ့ ။ သားမိနှစ်ယောက်ထဲရှိတာဆိုတော့ ဒီနေ့ဒီရက်မှာ သားကို သတိအရဆုံးပဲ။ မြန်မာတပြည်လုံးငြိမ်းချမ်းစေချင်တယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးလွတ်မြောက်စေချင်တယ်။ နောက်ထပ်လည်းဖမ်းဆီးခံရတာတွေ နစ်နာဆုံးရူံးသွားတာတွေ မကြားချင်တော့ပါဘူး။ အားလုံးငြိမ်းချမ်းသွားတာကိုမြင်ချင်ပါတယ်" လို့ ကို ဝေမိုးနိုင်မိခင်က ပြောပါတယ်။

    ကိုဝေမိုးနိုင်ဟာ မုံရွာမြို့မှာ ဧပြီလ ၁၅ ရက်တုန်းက ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြနေစဉ် ကားနဲ့တိုက်ပြီး ဖမ်းဆီးတာခံခဲ့ရတာပါ။

    ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာမှာ မျက်နှာဖူးယောင်နေတဲ့ကိုဝေမိုးနိုင်ရဲ့ ဓာတ်ပုံ လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပြီးတဲ့နောက် သူ့ကျန်းမာရေးကို မိသားစုက စိုးရိမ်မှုရှိခဲ့ပါတယ်။

    ကိုဝေမိုးနိုင်ကို သူ့ရဲ့ ထွက်ဆိုချက်တွေအရ မတရားအသင်း ဆက်နွှယ်မှု အပါအဝင် ရာဇဝတ်မှု ပုဒ်မ ၁၀ ခန့်နဲ့ အရေးယူမယ်လို့ စစ်ကောင်စီမီဒီယာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက ကြေညာထားပါတယ်။

    ကိုဝေမိုးနိုင်ကို မိသားစု အဆက်အသွယ်မရတာ တစ်လနီးပါးရှိပြီ

    ဓာတ်ပုံ ရင်းမြစ်, WMN

  20. ဗိုလ်တထောင် ၅ ကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပွား

    ရန်ကုန်မြို့၊ ၄၅ လမ်းထိပ်က အထက ၅ ဗိုလ်တထောင် ကျောင်းဝင်းထဲမှာ ဒီနေ့ မေ ၁၄ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အနီးနားက နေအိမ်တွေမှာ တုန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကျောင်းရှိရာ ၄၅ လမ်းကို ပိတ်ထားလိုက်ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကျောင်းအတွင်း လူရှိမရှိနဲ့ ထိခိုက်ဒဏ်ရာရမှုရှိမရှိကိုတော့မသိရသေးပါဘူး။

    ဒီကနေ့ မေ ၁၄ ရက်နေ့မှာ ရန်ကုန်နဲ့ မြစ်ကြီးနား၊ မိုးမောက်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး မိုးမောက်ကထွေအုပ်ရုံးပေါက်ကွဲမှုမှာတော့ ဝန်ထမ်း လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    BEHS 5,Botahtaung

    ဓာတ်ပုံ ရင်းမြစ်, Botahtaung 5, Alumni Association-Gen Z