မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော
’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
NUG ဝန်ကြီးတွေ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ကာကွယ်ရေးမူဝါဒတွေ ဆွေးနွေး
အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဝန်ကြီးနှစ်ဦးနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းတို့ ဒီကနေ့ အွန်လိုင်းက အစည်းအဝေး ပြုလုပ်ပြီး ကာကွယ်ရေးမူဝါဒ အပါအဝင် မြန်မာ့အရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ NUG ထံက သိရပါတယ်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးဟောင်း နဲ့ LDP ပါတီက လက်ရှိ လွှတ်တော် ကိုယ်စားလှယ် မစ္စတာ နာကာတာနီနဲ့ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ကာကွယ်ရေး ဒုဝန်ကြီး ဒေါ်ခင်မမျိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
NUG အစိုးရကို အသိအမှတ်ပြုရေး၊ ကာကွယ်ရေးမူဝါဒ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ လူ့အခွင့်အရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Aung Myo Min
ဝါရှင်တန် မြန်မာသံရုံးက CDM သံတမန်တွေ နေရာမှာ အစားထိုးခန့်အပ်
အမေရိကန်ဆိုင်ရာ မြန်မာ သံရုံးက CDM လုပ်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက အလုပ်ဖြုတ်ပြီး သူတို့နေရာမှာ အစားထိုးမယ့် သံရုံးဝန်ထမ်းသစ်တွေ အမေရိကန်ကို ရောက်လာကြပြီဖြစ်ပါတယ်။
ဒုတိယ အတွင်းဝန် ၂ ယောက်နဲ့ တတိယ အတွင်းဝန် ၁ ယောက်တို့က ပြီးခဲ့တဲ့ တပတ်ကစပြီး ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးမှာ အလုပ်ဆင်းနေကြပြီလို့အာဏာဖီဆန်ရေး CDM မှာ ပါဝင်လို့တတိယ အတွင်းဝန် တာဝန်ကနေ ထုတ်ပယ်ခံရသူ ဦးကျော်စွာထွန်းက ပြောပါတယ်။
အခုလို့ သံရုံးဝန်ထမ်းသစ်တွေကို ခန့်အပ်တာဟာ နှစ်နိုင်ငံ သဘောတူထားပြီးသား သံရုံးဝန်ထမ်း အင်အားကို အစားထိုးဖြည့်တာ ဖြစ်ပြီး သံအမတ်ကြီးလို့ နိုင်ငံရေးရာထူး အဆင့်မဟုတ်ဘဲ အခြားအဆင့်ခန့်ထားတာဖြစ်တဲ့အတွက် အမေရိကန်အစိုးရဆီကို သီးခြား ခွင့်တောင်းစရာမလိုဘဲ ခန့်အပ်နိုင်တာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဝါရှင်တန်သံရုံးက ဝန်ထမ်း ၁၀ ဦးအနက် ၅ ဦးက CDM လုပ်တာကြောင့် လိုအပ်နေတဲ့ သံရုံးဝန်ထမ်းအင်အားကို ဖြည့်ခဲ့တာ ဖြစ်ပါတယ်။
CDM လုပ်ခဲ့သူ ၅ ဦးအနက် တစ်ဦးက ပြစ်ဒဏ်ချခံရရင် ဖြစ်စေ ဘယ်လို အခြေအနေဖြစ်စေ ရင်ဆိုင်မယ်ဆိုပြီး မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြောင်းနဲ့ အခု မြန်မာနိုင်ငံမှာ ကွာရန်တင်းဝင်နေဆဲဖြစ်ကြောင်း ဦးကျော်စွာထွန်းက ပြောပါတယ်။
သံရုံးက CDM ဝန်ထမ်းတွေကိုအလုပ်ကမထုတ်ပယ်ခင်ချော့မော့၊ခြိမ်းခြောက်ပြီး ပြန်ခေါ်ယူတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုအခါမှာတော့ အမေရိကန်မှာ ကျန်ရှိနေတဲ့ ရာထူးက ထုတ်ပယ်ခံလိုက်ရပြီးတဲ့ သံရုံးဝန်ထမ်း ၄ ဦး သက်ဆိုင်ရာနေအိမ်တွေကနေ ဒီလမကုန်ခင် ဖယ်ရှားပေးရမယ်လို့ ပြောပါတယ်။ ဒါကြောင့် CRPH ကိုကူညီတဲ့အနေနဲ့ သံရုံးဝန်ထမ်းတွေအတွက် မြန်မာအသိုင်းအဝိုင်းက စီစဥ်ပေးထားတာရှိတယ်လို့ ဆိုပါတယ်။
သူတို့ကို ရာထူးက မထုတ်ပယ်ခင်အထိ ဧပြီလ ၁၃ ရက်အထိ လစာ အပြည့်ရခဲ့ပြီး နောက်ပိုင်းမှာ CRPH ကိုကူညီတဲ့အနေနဲ့ မြန်မာအသိုင်းအဝိုင်းက အထောက်အပံ့ပေးမယ်လို့ သိထားရကြောင်း ဦးကျော်စွာထွန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(New York)
ဓာတ်ပုံ ပုံစာ, အမေရိကန်၊ နယူးယောက် UN ရုံးချုပ် ရှေ့ မတ်လ ၃၀ ရက်က မြန်မာ့ အရေး ဆန္ဒပြပွဲ မြန်မာနိုင်ငံ တည်ငြိမ်ရေးမှာ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးပြော
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစ ဖြစ်ပေါ်လာခဲ့တဲ့ ပဋိပက္ခ အကြပ်အတည်းကြီး အဆုံးသတ်သွားစေရေးမှာ အာဏာသိမ်း စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆက်ဖိအားပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွဲနေမှုတွေကို ရပ်ဆိုင်းဖို့၊သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ အာဆီယံ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံထဲ လာခွင့်ပြုဖို့ အပါအဝင် အချက် ၅ ချက်ကို မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သဘောတူခဲ့ကြတယ်လို့ အာဆီယံက ပြောပါတယ်။
"ဒါက လုပ်ဖို့ လွယ်တဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ တပ်မတော်ဘက်က ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်"လို့ စင်္ကာပူပါလီမန်မှာ မေးလာတဲ့ မေးခွန်းတွေကို ဖြေကြားစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန် က ပြောကြားသွားခဲ့ပါတယ်။
"သဘောတူထားချက်တွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ အထူးသဖြင့် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊ သက်ဆိုင်သူတွေ အားလုံးနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးပြောဆိုမှုတွေ စတင်လုပ်ဆောင်ဖို့ မြန်မာ စစ်အာဏာပိုင်တွေကို အာဆီယံအနေနဲ့ တညီတညွတ်တည်း ဆက်လက် တိုက်တွန်းသွားရမှာ ဖြစ်ပါတယ်"
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ သဘောတူထားခဲ့ချက်တွေကို မြန်မာစစ်ကောင်စီဘက်က ဘာမှမဆိုင်သလို လုပ်ပြနေချိန်မှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီပြောဆိုချက်ဟာ အာဆီယံနိုင်ငံတစ်ခုရဲ့ အပြတ်သားဆုံး ရပ်တည်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
NUG အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ကတော့ အာဆီယံနဲ့ စစ်ကောင်စီအကြား သဘောတူထားချက်အပေါ် အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်မပေးမချင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲက တချို့က တိုက်တွန်းထားပေမဲ့လည်း အာဆီယံနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား သဘောတူထားချက်တွေထဲမှာ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကတော့ မပါပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးကတည်းက လူ ၇၈၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့မှာပဲ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းရွှေဈေး ကျပ် ၁၆ သိန်း ကျော်သွားပြီ
ဘဏ်ကနေ ငွေထုတ်ရခက်နေတဲ့ ကာလမှာပဲ ပြည်တွင်းမှာ ရွှေဈေးနှုန်းက တရိပ်ရိပ်တက်လာနေပါတယ်။ မတ်လ ၁၀ ရက် ညနေပိုင်း အကယ်ဒမီအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ၁၅ သိန်း ၉ သောင်းကျော်နဲ့ ဈေးပိတ်သွားပြီး ဒီနေ့ မေ ၁၁ ရက်မနက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၆ သိန်း ၃ သောင်း ဖြစ်သွားကာ သမိုင်းတစ်လျှောက်အမြင့်ဆုံးလို့ပြောရမယ့် စံချိန်တင်မြင့်တက်မှုဖြစ်ပါတယ်။
ဘဏ်ကနေ ရသမျှငွေထုတ်ပြီး ရွှေစုနေကြလို့ ရွှေဈေးတွေမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။

စစ်ကိုင်း ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံက ဝန်ထမ်း ၃၀၀ ကို တာဝန်က ယာယီရပ်နား
စစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)က CDM ဝန်ထမ်း ၃၀၃ ဦး ကို တာဝန်က ယာယီရပ်နားလိုက်တယ်လို့ စက်ရုံအထွေထွေ မန်နေဂျာက ထုတ်ပြန်လိုက်ပါတယ်။
ဝန်ထမ်း ၅၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစက်ရုံက ဝန်ထမ်းတွေ အများစု CDM လုပ်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ရပ်နားခံရတဲ့ ဝန်ထမ်းတွေထဲမှာ ဒီဇယ်လျှပ်စစ်ပစ္စည်းထိန်း၊ အငယ်တန်းစာရေးထိ ပါဝင်ပါတယ်။
စစ်ကိုင်းမြို့တွင်းပိုင်းမှာ နေ့စဉ် အရပ်၀တ်တွေနဲ့ လုံခြုံရေးချထားပါတယ်။
ဧရာဝတီတံတား အဆင်းဂိတ်မှာ စစ်ဆေးရေးတွေ နေ့စဉ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ကိုင်းမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြတာကို ပြောက်ကျားသပိတ်နဲ့ ညနေပိုင်းမှာ ပြုလုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေး တပ်ပေါင်းစု သပိတ်စစ်ကြောင်း
မန္တလေးမြို့က မိုးရေကြား ဒီကနေ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းတွေ ဖြစ်ပါတယ်။
ဒီနေ့ မန္တလေးမြို့ အမရပူရနဲ့ မဟာအောင်မြေမြို့နယ်မှာ ပေါက်ကွဲမှုတချို့လည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PMK, HLA
မြင်းခြံ တလုပ်မြို့ကျေးရွာ တဝိုက်မှာ တိုက်ပွဲတွေဖြစ်
မြင်းခြံမြို့မြောက်ဘက် တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မွန်းလွဲပိုင်းမှာ ကား ၁၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကား ၁၀ စီးနဲ့ တလုပ်မြို့ကျေးရွာကို ပတ်ပတ်လည်ဝိုင်းထားပြီး ရွာတောင်ဘက် တံခါးပေါက်မှာ ကား ၂ စီးနေရာယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွာပတ်ပတ်လည်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ရာမှာ ရွာသားနှစ်ဦး လက်မောင်းကို ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့လည်း ရွာသားတယောက်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
ရွာတောင်ဘက်တံခါးအနီးမှာထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲတဲ့အတွက် စစ်ကောင်စီအဖွဲ့ဝင် စစ်သားတချို့ ဒဏ်ရာရခဲ့ကြတယ်။
စစ်သား ၇ ဦးလောက် ဒဏ်ရာရပြီး အဲဒီထဲက သေဆုံးသူတချို့လည်း ရှိတယ်လို့ ပြောဆိုတာတွေရှိနေပေမဲ့ အဲဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
- တလုပ်မြို့သားတွေနဲ့ စစ်တပ်နဲ့ ဧပြီ ၂၀ ရက် အပြန်အလှန်ပစ်ခတ်မှု
လက်ရှိအချိန်မှာတော့စစ်တပ်ဘက်က ရွာတောင်ဘက်တံခါးကို ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်လိုက်ပြီလို့လည်း မျက်မြင်ရွာသားတယောက်က ပြောပါတယ်။
တချိန်တည်းမှာပဲ မြင်းခြံမြို့ပေါ်က ခရိုင်နဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်တပ်စွဲထားတဲ့အလင်းရောင်စာသင်ကျောင်း၊ ပညာရေးမှူးရုံး၊ မြင်းခြံတက္ကသိုလ်၊ စွန်းလွန်းရပ်ကွက်၊ ကံဦးရပ်ကွက်၊ စက်မှုဇုန်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တိုက်ပွဲကြောင့်ရွာသားတွေ တိမ်းရှောင်နေရ အာဆီယံ ဥက္ကဋ္ဌနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ မြန်မာကိုလာဖို့ရှိ
အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ဟာ နောက်တစ်ပတ်ထဲမှာ မြန်မာနိုင်ငံကိုလာရောက်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယားအခြေစိုက် Arirang သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလက်ရှိအချိန်ထိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို မြင်တွေ့သိရှိနိုင်ဖို့အတွက် အာဆီယံထိပ်တန်းခေါင်းဆောင်နှစ်ဦး လာရောက်မှာဖြစ်တယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။ ဒီခေါင်းဆောင်နှစ်ဦးဟာ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ အာဆီယံအသင်းထံက သိရတဲ့သတင်းအချက်အလက်အရဆိုပြီး ဖော်ပြထားပါတယ်။
ဒီသတင်းထဲမှာဖော်ပြချက်အရဆိုရင်တော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းဘုရင်က အာဆီယံအတွင်းရေးမှူးချုပ်နဲ့အတူ မြန်မာကို လာရောက်ဖို့ရှိနေတာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်နှစ်ဦး ခရီးစဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ ၊ ဂျာကာတာမြို့မှာရှိတဲ့အာဆီယံအထွေထွေအတွင်းရေးမှူးရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူဘက်အားလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်၊ အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာကြရန်၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကိုရယူပြီး ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်၊ အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများပေးသွားရန်နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့တွေ့ဆုံရန် တို့ ဖြစ်ပါတယ်။
ဒီအချက်ငါးချက်နဲ့အာဆီယံကတောင်းဆိုတဲ့ခရီးစဉ်တွေကို လက်ခံခွင့်ပြုဖို့ဆိုတာတွေနဲ့ပတ်သက်လို့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ အကျိုးစီးပွားပေါ်မူတည်ပြီးမှ စဉ်းစားမှာဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ASEAN Secretariat office
မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကိုဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
