မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူသွား, ရှေ့နေအဖွဲ့နဲ့ တွေ့ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

    နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) နဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းခေါ်သွားတာကြောင့် အမှုတွဲဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မရှိတော့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ထဲက ဒေါ်စန်းမာလာညွန့်က ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီမနက် ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားသူကြီးတို့ကြားအပြန်အလှန်ပြောကြားထားတဲ့ဗီဒီယိုဖိုင်ကို ဖွင့်ပြခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းကို ဇွန် ၃ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးတွေထံ သူ့ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

    လက်ရှိမှာ အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ လုပ်ပိုင်ခွင့်အရ တောင်းခေါ်သွားတာကြောင့် နောက်ရုံးချိန်းတွေကို မူလစွဲဆိုထားတဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ဖြစ်မစစ်ဖြစ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒါကြောင့် နောက်တစ်ကြိမ်ရုံးချိန်းဖြစ်တဲ့ ဇွန်လ ၃ ရက်နေ့ကိုလည်း မူလတရားရုံးကိုပဲ လာရောက်ပြီး အမှုနဲ့ပတ်သက်လို့ ထပ်မံသိရှိနိုင်မယ့်အချက်အလက်တွေကိုစုံစမ်းရဖို့ရှိတယ်လို့ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုခြောက်မှုနဲ့တရားစွဲဆိုခံထားရပါတယ်။

    ရန်ကုန်မှာစွဲဆိုထားတဲ့အမှုကတော့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ဆီက စာရွက်စာတမ်းတွေ တွေ့ရှိမှုကြောင့် ခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ စစ်ကောင်စီက တိုင်ကြားတာလို့ အမှုတွဲအရသိရကြောင်း သူ့ရှေ့နေတွေကပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို ဒီနေ့ မေ ၂၀ ရက်ရုံးချိန်းအပြီးတွေ့ရစဉ်
    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို ဒီနေ့ မေ ၂၀ ရက်ရုံးချိန်းအပြီးတွေ့ရစဉ်
    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။
    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။
  2. ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာထဲ စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားသူနှစ်ဦး ပြန်လွတ်

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာထဲကို မနေ့ မေ ၁၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်တာတွေလုပ်ခဲ့သလို ရွာက ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားခဲ့ပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    ဒီကျေးရွာဟာ စစ်အာဏာရှင်ပြုတ်ကျရေးနေ့စဉ် ဆန္ဒပြနေတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။ဖမ်းဆီးခံထားရတဲ့ ရွာသားနှစ်ဦးနဲ့ပတ်သက်ပြီးဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာနဲ့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ မသိရသလို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာလည်းမသိရသေးဘူလို့ဒေသခံတွေကပြောပါတယ်။

    Update: ဒီနေ့မနက်မှာတော့ ဖမ်းဆီးခံရသူနှစ်ဦးပြန်လွတ်လာပြီလို့ ဒေသခံတွေကပြောပါတယ်။

    Yazagyo

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yazagyo

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. Foodpanda မြန်မာပြည်ထဲ ဆက်ရှိနေမယ်

    အွန်လိုင်းပေါ်ကနေ အစားအသောက်တွေ၀ယ်ရင် အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ (မိုဘိုင်းဖုန်း အပလီကေးရှင်း အက်ပ် app အခြေခံ) ဖု(ဒ)ပင်ဒါ Foodpanda မြန်မာပြည်ကနေ ထွက်မသွားဘူးလို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကို ကိုးကားပြီး နစ်ခေး အေးရှား Nikkei Asia သတင်းစာက ရေးပါတယ်။

    လက်ရှိ အခြေအနေမှာတော့ မြန်မာပြည်ထဲ စီပွားရေး လည်ပတ်ရတာတွေ အင်မတန် အကန့်အသတ်နဲ့ ဖြစ်နေတယ်လို့ ဖု(ဒ)ပင်ဒါ ရဲ့ စီအီးအို ဂျက်ကော့ဘ် အွန်ဂျေးလ်က နစ်ခေးအေးရှားနဲ့ မေးမြန်းခန်းမှာ ဖွင့်ဟပါတယ်။

    နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အင်တာနက် ပြတ်တောက်မှုတွေကြောင့် စီးပွားရေး အပေါ် သက်ရောက် ရိုက်ခတ် ခံနေရပေမယ့် ရေရှည်ကိုကြည့်ပြီး မြန်မာပြည်ထဲမှာ ဆက်ပြီးနေမယ်လို့ မစ္စတာအွန်ဂျေးလ်က ဆိုပါတယ်။

    “လက်ရှိ အခြေအနေတွေ ပေါ်ပေါက်မလာခင်အထိ ဖု(ဒ)ပင်ဒါ အနေနဲ့ မြန်မာပြည်ထဲ အင်မတန် အလားအလာကောင်းတဲ့ ရလဒ်မျိုးတွေ ရှိနေခဲ့ပါတယ်။ မြန်မာပြည်မှာ ဆက်ရှိနေဖို့ဆုံးဖြတ်ထားပါတယ်။ ရှုပ်ထွေးမှုတွေ လက်ရှိ ပေါ်ပေါက်နေပေမယ့် ကုမ္ပဏီရဲ့ ရေရှည်မဟာဗျူဟာကတော့ မပြောင်းလဲပါဘူး။ ၂၀၂၃ ကနေ ၂၀၂၅ အထိ ရလာနိုင်မယ့် အခွင့်အလမ်းတွေကို တွက်ဆထားပါတယ်” ဆိုပြီး မစ္စတာ မစ္စတာအွန်ဂျေးလ်က ပြောပါတယ်။

    မြေပြင်အခြေအနေမှာ ဝန်ထမ်းဦးရေ ပြည့်မှီဖို့ ခက်ခဲနေတာကစလို့၊ ဆက်စပ်နေတဲ့ စီးပွားရေးအားလုံး ချောချောမွေ့မွေ့ မလည်ပတ်နိုင်တဲ့ ပြဿနာမျိုးတွေ ပေါ်ပေါက်လာတဲ့ အတွက် နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတချို့ မြန်မာပြည်ထဲ ဆက်မလည်ပတ်တော့ပဲ ရပ်နားထားတာ၊ ဆက်မတိုးချဲ့ပဲ ထိန်းတာမျိုးတွေ ပြုမူနေပါတယ်။

    ဖု(ဒ)ပင်ဒါကတော့ ရက်ပိုင်း၊လပိုင်း၊နှစ်တိုကာလ အပိုင်းအခြားတွေ အတွက် မဟုတ်ပဲ ရေရှည်ကို ကြည့်မယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

    ဖု(ဒ)ပင်ဒါ မြန်မာပြည်ထဲ စ၀င်တာ ဒီဇင်ဘာ ၂၀၁၉ မှာ ဖြစ်ပြီး၊ အချိန်အနည်းငယ် အတွင်းမှာပဲ အွန်လိုင်းက ဝယ်တဲ့ အစားအသောက်တွေကို အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ အဓိက ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

    ဝန်ထမ်း အယောက် ၂၀၀ ဝန်းကျင် ရှိပြီး၊ စားသောက်ဆိုင်တွေ ထောင်ဂဏန်းတချို့နဲ့ ချိတ်ဆက်ထား နိုင်ခဲ့ပါတယ်။

    ဂျာမနီ ဒလစ်ဗာရီ ကုမ္ပဏီ Hero က အာရှမှာ Foodpanda နာမည်နဲ့ လှုပ်ရှားတာ ဖြစ်ပြီး၊ အစားအသောက် အိမ်အရောက်ပို့ ပေးတဲ့ လုပ်ငန်းတွေထဲ ကမ္ဘာပေါ် အမေရိကန် အူဘာ၊ တရုတ် မေထွမ် Meituan တို့နဲ့ အပြိုင် အဓိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကိုရီးယား ကုမ္ပဏီ Woowa နဲ့ လောလောလတ်လတ်မှာပဲ လုပ်ငန်းချင်း ပူးပေါင်းခဲ့တဲ့နောက် တရုတ်ပြည်ပြင်ပ အာရှမှာ အစားအသောက် အိမ်ထိလာပို့ပေးတဲ့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေထဲ အကြီးဆုံး ဖြစ်လာပါတယ်။

    ဘန်ကောက်မှာ လောလောလတ်လတ် မေလထဲ တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘန်ကောက်မှာ လောလောလတ်လတ် တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
  4. စစ်ကောင်စီက လယ်သမားတွေ ချေးငွေပြန်ဆပ်ပြီး အသစ်ချေးဖို့ကြေညာ

    စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ အနှံ့က တောင်သူလယ်သမားတွေကို မိုးကာလ စိုက်ပျိုးစရိတ်တွေထုတ်ချေးတော့မှာဖြစ်လို့ အရင်နှစ်တွေက ချေးယူထားတဲ့ ကြွေး‌ဟောင်းကို ပြန်ဆပ်ကြဖို့ကို မေလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

    ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မိုးရာသီ ချေးငွေကို ၂၀၂၁ ဧပြီလ ၁၅ ရက်နေ့ အစား ဇူလိုင်လ ၃၁ ရက်နေ့ထိ တိုးမြှင့်ပြင်ဆင်ပေးခဲ့ပြီး ဖြစ်ပြီး အခုအခါ စိုက်ပျိုးစရိတ်ချေးငွေတွေကို မေလ ၂၆ ရက်နေ့ကစပြီး စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ထုတ်ချေးမှာဖြစ်လို့ချေးယူထားတဲ့ကြွေး‌ဟောင်းကို ကြေအောင်ဆပ်ကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံ အလယ်ပိုင်းက တောင်သူအချို့ဆီက ရတဲ့သတင်းအရ တောင်သူတွေဟာ ကိုဗစ်ကာလအပြီး သီးနှံတွေ စျေးကောင်းမရသလို ပြည်ပတင်ပို့တဲ့စျေးကွက် ပျောက်နေတဲ့အတွက်‌ စိုက်ပျိုးစရိတ်ကြွေးဟောင်းဆပ်ဖို့ မလွယ်ကူကြောင်းနဲ့‌ တောင်သူတွေ ဒီနှစ်လယ်လုပ်ဖို့ ကလည်း ပြီးခဲ့တဲ့နှစ်က အရင်းမရတဲ့အပြင် မျိုးစားရိတ် ရှုံးခဲ့တဲ့အတွက် လာမယ့်နှစ် လယ်လုပ်သူ နည်းလာနိုင်တယ်လို့လည်းဘီဘီစီကို ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MHS

  5. ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ

    မြေမြှုပ်မိုင်း

    ဓာတ်ပုံ ရင်းမြစ်, rotarycentreforthearts.com

    ဓာတ်ပုံ ပုံစာ, မြေမြှုပ်မိုင်းတွေရှိနေဆဲ နေရာမှာ နေကြရသူတွေ သန်းပေါင်းများစွာရှိ

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြန်မာပြည်သူတွေ လှုပ်ရှားရုန်းကန်နေကြတာတွေကို ဖော်ကျူးထားတဲ့ အနုပညာ လက်ရာတွေကို ကနေဒါ နိုင်ငံ၊ ဗြိတိသျှကိုလံဘီယာနယ်ထဲက ကယ်လိုနာ Kelowna မြို့မှာ ပြသနေပါတယ်။

    “လွတ်လပ်ခြင်းအတွက် အနုပညာ” ဆိုတဲ့ ခေါင်းစဥ်အောက် ကယ်လိုနာမြို့ ရော့ထရီစင်တာရဲ့ လေဟာပြင် အထူးပြပွဲ အနေနဲ့ မြန်မာပြည်ကလာတဲ့ အနုလက်ရာ ၁၆ ခုကို ဇူလိုင်လကုန်အထိ ခင်းကျင်း ပြသထားမှာ ဖြစ်ပါတယ်။

    မြန်မာပြည် တနံတလျားက အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။

    “မြန်မာပြည်ထဲကနေ လာတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ဖန်တီးသူတွေရဲ့ နာမည်ကို သူတို့ရဲ့ လုံခြုံရေးအရ မဖော်ပြပါဘူး။ သူတို့အနေနဲ့ အဖမ်းခံရ၊ အသတ်ခံရနိုင်တဲ့ အထိ အန္တရာယ် ကြီးပါတယ်” ဆိုပြီး ဒီပြပွဲကို ဦးဆောင်စီစဥ်သူ တစ်ယောက် ဖြစ်တဲ့ ဟယ်နာကယ်ရင်က ပြောပါတယ်။

    ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူမှုဘဝ ညီမျှရေး စတာတွေကို အာရုံစိုက်တဲ့ ကနေဒါ အခြေစိုက် ဖွံဖြိုးရေးအဖွဲ့ ကူဆိုအင်တာနေရှင်နယ်ရဲ့ အကြံပေး အဖြစ် မစ္စကယ်ရင်ဟာ မြန်မာပြည်မှာ ၂ နှစ်တာမျှ နေထိုင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

    “မြန်မာပြည်မှာ နေတုန်းက လူတွေက ကျွန်မအပေါ် သိပ်ကောင်းကြတာ၊ ဖေဖေါ်ဝါရီကစပြီး တုန်လှုပ်စဖွယ်တွေ ဖြစ်လာတော့ တစ်လလောက် အိပ်မရဘူး” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

    အခု ပြပွဲမှာ မြန်မာ အနုပညာရှင်တွေရဲ့ ပန်းချီတွေ၊ ကောက်ကြောင်း စကက်ရှ်တွေ၊ ဓာတ်ပုံတွေ ပါဝင်ပြီး အာဏာသိမ်းပြီး ဖြစ်ပျက်ခဲ့တဲ့ အဓိက အကြောင်းအရာ ဖြစ်ရပ်တွေ (ဥပမာ- လက်သုံးချောင်းထောင် သင်္ကေတ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM၊ Milk Tea Alliance လှုပ်ရှားမှု စတာတွေ) ကို ထင်ဟပ်ဖော်ပြနေပါတယ်။

    “ကျွန်မမှာ ဘေးကင်းလုံခြုံရာနေရာမှာ နေရလို့ အပြစ်မကင်းတဲ့ ခံစားမှုမျိုး ဖြစ်နေရတယ်။ ကျွန်မမှာ နေစရာနေရာရှိတယ်။ အိမ်ထဲကို ကျည်ဆံတွေ ၀င်လာမှာ မကြောက်ရဘူး။ ဒါပေမယ့် မြန်မာပြည်က ကျွန်မမိတ်ဆွေတွေအတွက်တော့ ဒီလို မဟုတ်ဘူး။ မြန်မာပြည်မှာ အနုပညာ သမားဖြစ်ရတာ နဂိုကမှ လွယ်တာမဟုတ်ဘူး၊ စစ်အာဏာရှင်လက်အောက် အခြေအနေ ပိုဆိုးတယ်” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

    CDM

    ဓာတ်ပုံ ရင်းမြစ်, rotarycentreforthearts.com

    ဓာတ်ပုံ ပုံစာ, CDM မီးရထားဝန်ထမ်းကို ဖော်ကျူးထားတဲ့လက်ရာ
    သံပုံးတီးပြီး အာဏာရှင်ကို တောထုတ်

    ဓာတ်ပုံ ရင်းမြစ်, rotarycentreforthearts.com

    ဓာတ်ပုံ ပုံစာ, သံပုံးတီးပြီး အာဏာရှင်ကို တောထုတ်
    အာဏာရှင်က အကြမ်းဖက်နှိမ်နှင်း

    ဓာတ်ပုံ ရင်းမြစ်, rotarycentreforthearts.com

    ဓာတ်ပုံ ပုံစာ, အာဏာရှင်က အကြမ်းဖက်နှိမ်နှင်း
    CDM

    ဓာတ်ပုံ ရင်းမြစ်, rotarycentreforthearts.com

    ဓာတ်ပုံ ပုံစာ, စစ်အာဏာရှင်ကို အထိနာစေတဲ့ CDM
  6. ရန်ကုန်မှာ အကြီးဆုံး စျေး၀ယ်စင်တာဆောက်မယ့် အစီအစဉ် ဂျပန် အီအွန်ကုမ္ပဏီ ဆိုင်းငံ့

    ရန်ကုန်မှာ စျေး၀ယ်စင်တာ အသစ်တစ်ခု အခု နွေရာသီဆိုရင် စတင် ဆောက်လုပ်ဖို့ စီစဥ်ထားတာကို ဂျပန်အခြေစိုက် AEON အီအွန် ကုမ္ပဏီက လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကြောင့် ဆိုင်းငံ့လိုက်ပါတယ်။

    ပရောဂျက် လုံးဝဖျက်လိုက်တဲ့ အဆင့်မဟုတ်ပေမယ့်၊ ဘယ်အချိန် လုပ်ငန်းစမယ် ဆိုတာ အခုအချိန် မဆုံးဖြတ်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    မြန်မာပြည်မှာ အကြီးဆုံး ဖြစ်လာနိုင်တဲ့ စျေး၀ယ်စင်တာ ရှော့ပင်းမောကြီး တစ်ခု ဆောက်ဖို့ အီအွန် စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

    ပြည်တွင်း ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ဆောင်မယ့် အမေရိကန် ဒေါ်လာ သန်း ၁၈၀ တန် အဲဒီ လုပ်ငန်း ပရောဂျက်ကို မြန်မာဘက်ကလည်း ခွင့်ပြုထားနှင့်ပြီး ဖြစ်ပါတယ်။

    အဲဒီ ပရောဂျက် အတွက် မြန်မာပြည်ထဲ လွှတ်ထားတဲ့ အီအွန်၀န်ထမ်း နှစ်ယောက် အခုဆို ဂျပန်ပြည်ကို ပြန်ရောက်သွားကြပြီလို့ နားလည်ရပါတယ်။

    အီအွန် ဟာ စျေး၀ယ်စင်တာ၊ ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှ အခြေစိုက် အကြီးဆုံး ကုမ္ပဏီကြီး ဖြစ်ပါတယ်။

    အီအွန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှအခြေစိုက် အကြီးဆုံးကုမ္ပဏီ
  7. မြောင်မြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့မိသားစုဝင် ၄ ဦးအသတ်ခံရပြီးသေဆုံး

    စစ်ကိုင်းတိုင်းမြောင်မြို့နယ်က ရွှေပေါက်ပင်ကျေးရွာမှာ မနေ့က မေလ ၁၈ ရက် ညပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးညွှန့်နဲ့ မြေးဖြစ်သူ သမီးဖြစ်သူ တို့ကို လူတစ်စုက လာရောက်ပစ်သတ် ခံခဲ့လို့ သေဆုံးခဲ့ပြီး ကျန်မိသားစုဝင် ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ ဆေးရုံပို့ခဲ့ရတယ်လို့ သိရပါတယ်။

    သေဆုံးသူတွေမှာ သေနတ်မှန်တဲ့ ဒဏ်ရာတွေရော ၊ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေလည်းပါ သေဆုံးသူတွေဆီမှာတွေ့ရတယ်လို့ရွာခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့နာရီပိုင်းကပဲ ‌‌မြောင်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သားဖြစ်သူဟာ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မြောင်က ရွေပေါက်ပင်ကျေးရွာ ဥက္ကဋ္ဌ သမီးနဲ့ မြေး တို့အပါဝင် သားဖြစ်သူ စုစုပေါင်း ၄ ဦးအသတ်ခံရပြီး သေဆုံးခဲ့တယ်လို့ လည်းမြောင်ဒေသခံတွေက ပြောပါတယ်။

    မြဝတီရုပ်သံကတော့ မြောင်မြို့နယ်ရွေပေါက်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဗုံးနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီးတော့ ၃ ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

    မေလ ၁၈ ရက်နေ့ ညပိုင်း ရွာထဲ ကို ဆိုင်ကယ်နဲ့လူတစ်စု သေနတ်တွေ ပစ်ဖောက်ပြီးရောက်လာခဲ့တာဖြစ်ပြီးတော့ သေနတ်သံတွေကြားလို့ ရွာခံတွေက တံခါးပိတ်နေခဲ့ကြတယ်လို့လည်းပြောပါတယ်။ ဒီကနေ့ မေလ ၁၉ ရက် မနက် ၈ နာရီခွဲလောက်မှာတော့ စစ်သားနဲ့ ရဲအင်အား ၄၀ လောက်ရွာထဲကို ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. အမေရိကန်နိုင်ငံသားတွေ မြန်မာပြည်က အမြန်ဆုံးခွာနိုင်ရင် အကောင်းဆုံးပဲလို့ ရန်ကုန်သံရုံးအကြံပြု

    မြန်မာပြည်ကို အမေရိကန်နိုင်ငံသားတွေ အခုအချိန် လုံး၀ မသွားဖို့၊ မြန်မာပြည်ထဲ ရောက်နေသူတွေလည်း (ဘေးကင်းရန်ကင်း ထွက်လို့ ရတယ်ဆိုရင်) တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ ရန်ကုန် အမေရိကန်သံရုံးက အကြံပြုထားပါတယ်။

    ခရီးသွား၊ အလုပ် စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံထဲ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ရည်ရွယ် အကြံပြုတာ အဖြစ် နားလည်ရပါတယ်။

    မြန်မာပြည်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်ရှိ အကြံပြုချက်ဟာ အန္တရာယ်သတိပေး အမြင့်ဆုံး အဆင့် ၄ ဖြစ်တယ်ဆိုတာကိုလည်း ထပ်လောင်း ပြောထားပါတယ်။

    သံရုံး၀န်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ မရှိမဖြစ်၊ မနေမဖြစ် တာ၀န်ရှိသူတွေက အပ၊ ကျန်သူတွေ၊ မိသားစုတွေ မြန်မာပြည်ကနေ ထွက်ခွာပြီး ပြန်လာလိုတယ်ဆိုရင် ပြန်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ မတ်လ အကုန်ပိုင်း ကတည်းက ပြောထားနှင့်ပြီး ဖြစ်ပါတယ်။

    အခု မြန်မာပြည်ထဲ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေ ဆက်ပြီး မနေသင့်တော့ဘူးလို့ သံရုံးက အကြံပြုချက် ထုတ်ပြန်တာဟာ ရန်ကုန် အပါအ၀င် နိုင်ငံအနှံ့ မြို့တွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ပေါ်ပေါက်နေတဲ့အတွက် ဖြစ်ပါတယ်။

    အပြင်ထွက်ရင် သတိနဲ့ နေဖို့၊ အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း သက်သေ ပြနိုင်တဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့စာအုပ် ဆောင်သွားဖို့၊ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်၊ မန္တလေးက မြို့နယ်တွေထဲ မသွားဖို့ စသဖြင့်လည်း အမေရိကန် သံရုံးရဲ့ အကြံပြုချက်ထဲ တွေ့ရပါတယ်။

    သံရုံးမိသားစုဝင်တွေ၊ မနေမဖြစ်ဝန်ထမ်းတွေ ပြန်လာလို့ရတယ်လို့လည်း ထုတ်ပြန်နှင့်ပြီးဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သံရုံးမိသားစုဝင်တွေ၊ မနေမဖြစ်ဝန်ထမ်းတွေ ပြန်လာလို့ရတယ်လို့လည်း ထုတ်ပြန်နှင့်ပြီးဖြစ်
  9. ဘုရားသုံးဆူမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး မေလ ၁၉ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတွေရဲ့ပြောကြားချက်ကို ကိုကားပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသ သတင်းတွေကိုဖော်ပြနေတဲ့ DAEWI WATCH သတင်းဌာနက ရေးပါတယ်။

    ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို ဒီကနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က အမည်အသိလူတစ်စုက ဆိုင်ကယ်နဲ့ လာရောက် ပစ်သတ်သွားခဲ့တာလို့လည်း သိရပါတယ်။

    ဦးကျော်ဇင်မင်းဟာ သူပိုင်တဲ့ ကား၊ ဆိုင်ကယ် ရေဆေးဆိုင်မှာရှိနေစဉ် ပစ်သတ်ခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

    အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီတပ်တွေက အင်အားအများအပြား လုံခြုံရေးရယူထားပြီးအသွားအလာ ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။

    သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းဟာ ဒုတပ်ရင်းမှူးအဆင့်နဲ့ တပ်က အငြိမ်းစားယူထားသူတစ်ဦးဖြစ်ပြီး တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံရသူ ဖြစ်တယ်လို့ မြို့ခံတွေက ပြောကြောင်း DAEWI WATCHသတင်းဌာနက ရေးပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, KIC

  10. ပြည်သူ့ပါတီ ရွေးကော် အစည်းအဝေးတက်မယ်လို့ ဦးကိုကိုကြီးပြော

    အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် က ဖိတ်ကြားတဲ့ မေလ ၂၁ ရက်နေ့ နိုင်ငံရေးပါတီများနဲ့တွေ့ဆုံမယ့် အစည်းအဝေးကို တက်ရောက်ဖို့ ပြည့်သူပါတီဗဟို အလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

    မေ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာလည်း ရွေးကောက်ပွဲကော်မရှင်အသစ် ရဲ့ ဖိတ်ခေါ်မှုကိုတက်ဖို့ ၊မတက်ဖို့ ကိစ္စမှာ ပါတီတွင်းသဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တယ် လို့ ဦးကိုကိုကြီးက ပြောပါတယ်။

    အဲဒါကြောင့်ပါတီဝင်အချို့လည်းနှုတ်ထွက်ခဲ့ကြပါတယ်။

    "အများစုကတော့ ဒီအချိန်မှာကော်မရှင်နဲ့ဆက်သွယ်ရေးကို ဆက်ပြီးထိန်းသိမ်းထားသင့်တယ်၊ ပါတီရဲ့နိုင်ငံရေး ရပ်တည်ချက် သဘောတရားတွေကို တရားဝင်ပြောဆိုဖို့အတွက် အစည်းအဝေးတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ"လို့ ဦးကိုကိုကြီးကပြောပါတယ်။

    အခုဆုံးဖြတ်ချက်ဟာ ရာထူးအကျိုးစီးပွားကမ်းလှမ်းတာကြောင့်မ ဟုတ်ဘဲ နိုင်ငံရေးအရ ရပ်တည်ပြီးဆုံးဖြတ်ခဲ့တာလည်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ၁၉၈၈ ကာလတုန်းကလည်း စစ်အစိုးရက အာဏာသိမ်းပြီးရွေးကောက်ပွဲလုပ်ပေးခဲ့ကြောင်း အဲ့ဒီတုန်းကလည်း ရွေးကောက်ပွဲဝင်ခဲ့ကြကြောင်း၊ ၂၀၁၂ တုန်းကလည်း ဒီမိုကရေစီ အင်အားစုတွေဟာ ရွေးကောက်ပွဲဝင်ခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိခဲ့ကြောင်းနိုင်ငံရေးမှာ ကိုယ့်ယုံကြည်မှုပေါ်မှာ ရိုးရိုးသားသားရပ်တည်ပြီးဆောင်ရွှက်ဖို့လိုကြောင်းနဲ့ကိုယ့်အချင်းချင်းကြားမှာ ဒီမိုကရေစီကျင့်စဥ်တွေကို နားလည်ဖို့လိုတယ်လို့လည်းပြောသွားခဲ့ပါတယ်။

    ပြည်သူ့ပါတီဟာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တယ်လို့ပြောဆိုခဲ့ပြီး စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို အရင်က မတက်ရောက်ခဲ့ပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar

  11. လှိုင် ကြက်ခြေနီလူနာတင်ကား တစ်စီးမီးရှို့ခံရ

    လူနာပို့ဆောင်ရေးတွေကို ကူညီပေးနေတဲ့ လှိုင်မြို့နယ်အခြေပြု ကြက်ခြေနီ လူနာတင်ယာဥ်ကားတစ်စီး ဒီကနေ့မနက် အစောပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လှိုင်မြို့နယ် ကြက်ခြေနီတပ်ခွဲက ဒုတိယတပ်ခွဲမှူးဖြစ်သူ ကိုဖြိုးဇေယျက ဘီဘီစီကို ပြောပါတယ်။

    မေလ ၁၉ ရက်နေ့ မနက် ၇ နာရီခွဲခန့်မှာ သူ့အိမ်ရှေ့မှာ ရပ်ထားတဲ့ လူနာတင်ယာဥ်ကားရဲ့ အင်ဂျင်ခန်းနဲ့ နောက်ခန်းတွေကို ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပြီ; မီးရှို့သွားခဲ့တာဖြစ်ပြီး ဘေးအိမ်က အော်ပြောမှ သိခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

    မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ကားဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ကားကိုရှေ့ရောနောက်ရော ကြက်ခြေနီတံဆိပ်တွေ ကပ်ထားတဲ့ ကားဖြစ်တယ်လို့လည်း သိရပါတယ်။

    ဒါ့အပြင် မီးရှို့ခံခဲ့ရတဲ့ ကားအနီး ကိုက် ၃၀ လောက်မှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံးကိုပါ တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။

    ကြက်ခြေနီလုပ်ငန်းကို စစ်တပ်လက်အောက်ခံလို့မြင်နေသူ အချို့ရှိပြီး ကြက်ခြေနီ အခြေခံမူတွေအတိုင်း အကူအညီ လိုအပ်သူတွေကို ကူညီပေးနေတာဖြစ်တယ်လို့လည်း ကိုဖြိုးဇေယျက ပြောပါတယ်။

    အခုလို လူနာတင်ကား မီးရှို့ခံလိုက်ရလို့ လှိုင်မြို့နယ်က လူနာတင်ယာဥ်ဝန်ဆောင်မှုကို ဆောင်ရွှက်ပေးနိုင်တဲ့ အနေအထား မရှိတော့ကြောင်းလည်း သူကရှင်းပြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. မင်းတပ်တစ်မြို့လုံးဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့နေရ

  13. စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာသူ တစ်သောင်းငါးထောင်ကျော် ရှိနေပြီ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာသူ အရေအတွက်ဟာ တစ်သောင်းငါးထောင်ကျော်အထိ ရှိလာနေပြီလို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။

    မြို့တစ်ချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ အရပ်သား လက်နက်ကိုင်တွေအကြား တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနေတဲ့အတွက် ထွက်ပြေးလာသူတွေ နောက်ထပ် ပိုများလာမယ့်ပုံ ရှိတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက မီဇိုရမ်ပြည်နယ်ထဲကို ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေး ခိုလှုံလာနေတာ ဖြစ်ပါတယ်။ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေကို ဖြိုခွဲဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာချင်တဲ့ ရဲဝန်ထမ်းတချို့လည်း မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

    ဧပြီလ ရောက်တဲ့အခါမှာ လွှတ်တော်အမတ် အတော်များများ အပါအဝင် လူ ၁၈၀၀ လောက် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံလာခဲ့ကြပါတယ်။ အခုတော့ ထွက်ပြေးခိုလှုံလာသူ အရေအတွက်ဟာ ၁၅၄၀၀ လောက်အထိ ရှိနေပြီလို့ မီဇိုရမ်ပြည်နယ် လူဦးရေစီမံကိန်း ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အိတ်ချ် ရမ်မာဝီ က ပြောပါတယ်။

    "နေ့စဉ်နဲ့အမျှ လူတွေ တိုး တိုးလာနေပါတယ်။ မြန်မာပြည်ဘက်ခြမ်းက ရောက်လာတဲ့ လူအတော်များများက ဒီမှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ သွားနေကြတာမို့ အရေအတွက် အတိအကျ ခြေရာခံပြောဖို့ အခက်တွေ့ရတယ်" လို့ မစ္စတာ ရမ်မာဝီက ရိုက်တာစ် သတင်းဌာနကို ဖုန်းနဲ့ ပြောခဲ့ပါတယ်။

    မီဇိုရမ်ပြည်နယ်က လူတွေနဲ့ မြန်မာပြည်ဘက်ခြမ်း နယ်စပ်မှာ နေထိုင်နေသူတွေဟာ လူမျိုးဘာသာအရ နီးစပ်ဆက်နွှယ်မှု ရှိပြီး ဆွေမျိုးတော်စပ်သူတွေအကြား အပြန်အလှန် သွားလာဆက်ဆံမှုတွေ ရှိနေခဲ့တာပါ။

    မြန်မာနိုင်ငံဘက်က လူ ၆၀၀၀ လောက်ဟာ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောမြို့မှာ ခိုလှုံနေပြီး ကျန်တဲ့သူတွေကတော့ ခရိုင် ၅ ခုမှာ ပြန့်ကျဲ နေထိုင်နေကြတယ်လို့ မစ္စတာ ရမ်မာဝီ က အချက်အလက်တွေနဲ့ ပြောပြပါတယ်။

    မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေကို ဒေသခံတွေနဲ့ NGO အဖွဲ့တွေက ကျွေးမွေးစောင့်ရှောက်ပေးနေကြောင်း၊ ဒါပေမဲ့လည်း ပြည်မအစိုးရထံကနေ အကူအညီတွေ ရနိုင်ဖို့ ပြည်နယ်အစိုးရက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

    ဆေးဝါး အထောက်အပံ့နဲ့ ရိက္ခာတွေ ရဖို့က အရမ်းကို အရေးကြီးတယ်လို့ သူက ပြောပါတယ်။ မြန်မာပြည်ကနေ ရောက်လာသူ တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။

    မီဇိုရမ်ပြည်နယ်နဲ့ ကပ်ရက် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာနဲ့အမျှ အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာမယ့်သူ အရေအတွက် ပိုတိုးလာဖို့ မျှော်လင့်ရတယ်လို့ မစ္စတာ ရမ်မာဝီ ကပြောပါတယ်။

    အိန္ဒိယ၊ မီဇိုရမ်၊ မြန်မာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မတ်လကုန်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို ထွက်ပြေးခိုလှုံလာကြသူတွေ
  14. ရန်ကုန်မှာ နေ့ ည ‌ပေါက်ကွဲမှုတွေ ဆက်ဖြစ် ‌

    ရန်ကုန်မြို့လယ် ရပ်ကွက်တွေနဲ့ လူစည်ကားရာစျေးဝယ်စင်တာတွေရုံးတွေအနီးမှာ ပေါက်ကွဲမှုတွေ ဒီကနေ့ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

    ရန်ကုန်မြို့ လမ်းမတော်၊ ဒဂုံမြို့နယ်၊တာမွေ၊ မြင်သာ ကညန ရုံး နဲ့ ရွှေပြည်သာ စစ်ကြောရေးစခန်းအနီးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို ညနေပိုင်းမှာ လှိုင်သာယာနဲ့ ညပိုင်း သင်္ဃန်းကျွန်းတို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

    ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊၁၆/၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးမှာ မေ ၁၈ ရက် ဒီနေ့ ညပိုင်း ည ၈ နာရီခွဲကျော်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    အောင်ရတနာ ဆေးခန်းအနီးက ပေါက်တယ်လို့ ယူဆရပြီး အုန်းကနဲ ကြားခဲ့ရတယ်လို့သင်္ဃန်းကျွန်းဒေသခံတစ်ဦးကပြောပါတယ်။

    ထိခိုက် ဒဏ်ရာရရှိမှုအခြေအနေမသိရသေးဘူးလို့ ဒေသခံတွေကပြောပြီး ဘက်ထရီစက်ဘီးတစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး ပျက်စီးသွားတာတွေ့ရကြောင်းနဲ့မိနစ်ပိုင်းအတွင်းမှာ ရဲနဲ့စစ်တပ် လက်နက်ကိုင်တွေရောက်ရှိလာပြီး စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောကကြပါတယ်။

    ဒီကနေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခံရမှုအပြီး လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဟာ စစ်ဆေးနေစဥ် ဗုံးပေါက်ကွဲ ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ မေလ ၁၈ ရက်နေ့ ည ၈ နာရီရုပ်သံ သတင်းမှာ ထုတ်လွှင့်သွားခဲ့ပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သင်္ဃန်းကျွန်းမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်
  15. စစ်ကောင်စီဥက္ကဋ္ဌ ရောက်နေတဲ့ မန္တလေးမှာ ဆန္ဒပြမှုတွေရှိ

    အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိပြီး လှည့်ပတ်ကြည့်ရှုမှုတွေလုပ်နေတဲ့ မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့လို့ မန္တလေးမြို့ခံတွေကနေ တစ်ဆင့် သိရပါတယ်။

    မေလ ၁၇ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌဟာ ရတနာပုံမောလ် အဆောက်အအုံ ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ဒီကနေ့ မေလ ၁၈ ရက်နေ့မှာတော့ မန္တလေး မဟာမြတ်မုနိဘုရားမှာ ရွှေသင်္ကန်း ကပ်ခဲ့သလို စစ်ကိုင်းသီတဂူကျောင်းကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရုပ်သံက သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

    မန္တလေး အခြေစိုက် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ် စစ်ကြောင်းကတော့ ဒီကနေ့ မေလ (၁၈)ရက်နေ့ မနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီကို မန္တလေးမြို့ လမ်းမကြီးတွေပေါ်ကိုတက်ရောက်ပြီး ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

    မေလ (၁၈)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မေလ (၁၈)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ
    မန္တလေးမြို့ လမ်းမကြီးတွေပေါ်ကိုတက်ရောက်ပြီး ဆန့်ကျင် ဆန္ဒပြ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ လမ်းမကြီးတွေပေါ်ကိုတက်ရောက်ပြီး ဆန့်ကျင် ဆန္ဒပြ
  16. မြန်မာနိုင်ငံက အထည်စက်ရုံတွေမှာ H&M ကုမ္ပဏီက အပ်ထည်အသစ်တွေ ပြန်မှာတော့မယ်

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့အပြီး လုပ်ငန်း ယာယီ ရပ်ဆိုင်းထားခဲ့တဲ့ H&M ဆွီဒင်အဝတ်ကုမ္ပဏီက မြန်မာနိုင်ငံက အထည်စက်ရုံတွေမှာ အပ်ထည်အသစ်တွေ တဖြည်းဖြည်း မှာယူသွားမယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

    "အထည်စက်ရုံတွေ ပိတ်လိုက်ရရင် အထည်စက်ရုံဝန်ထမ်း ထောင်သောင်းချီ အလုပ်လက်မဲ့ ဖြစ်ကုန်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်"လို့ H&M ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    "အဘက်ဘက်က အသေအချာ ဂရုတစိုက် လေ့လာသုံးသပ်ခဲ့အပြီးမှာ သူတို့ကုမ္ပဏီဟာ စစ်တပ်နဲ့ တိုက်ရိုက် ဆက်နွှယ်မှု လုံးဝမရှိဘူးဆိုတာကို ကောက်ချက်ချ ဆုံးဖြတ်နိုင်ခဲ့တယ်"လို့ H&M ကုမ္ပဏီက ပြောပါတယ်။

    ကမ္ဘာ့ ဒုတိယအကြီးဆုံး ဖက်ရှင်ကုမ္ပဏီကြီးဖြစ်တဲ့ H&M ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေမှုတွေကြောင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားရကြောင်းနဲ့ မြန်မာနိုင်ငံကို အပ်ထည် ပို့တာတွေ ရပ်ဆိုင်းထားမယ် ဖြစ်ကြောင်း မတ်လက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ S

    စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ မြန်မာနိုင်ငံက အထူးစိုးရိမ်စရာ အခြေအနေကာလအတွင်း အဲဒီက အလုပ်သမားတွေအတွက် အားပေးကူညီမှုတွေ လုပ်သွားမယ်ဆိုတဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီ ၅၅ ခုထဲမှာ H&M ကုမ္ပဏီလည်း အပါအဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ခုချိန်ထိ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေဆဲပဲလို့ H&M ကုမ္ပဏီက ပြောပါတယ်။

    H&M၊ မြန်မာအထည်စက်ရုံ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, ge

  17. အငြိမ်းစားလစာတွေ အီးပင်စင်ကတ်နဲ့ ထုတ်နိုင်ပြီလို့ကြေညာ

    အငြိမ်းစားလစာတွေကို အီးပင်စင်ကတ် သုံးပြီး မြန်မာ့စီးပွားရေးဘဏ်က ပုံမှန်အတိုင်းထုတ်နိုင်ပြီလို့ စစ်ကောင်စီရုပ်သံက သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

    မိုဘိုင်းအင်တာနက်တွေ ပြန်လည်အသုံးပြုနိုင်ပြီး အွန်လိုင်းကနေတစ်ဆင့် အီးပင်စင်ကတ်နဲ့လည်း ထုတ်နိုင်ပြီလို့ ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတွေကတော့ အငြိမ်းစားအချို့ ပင်စင်လစာထုတ်ယူရာမှာ အခက်အခဲ အချို့ရှိခဲ့ပြီး ဧပြီလစာကို မေလ ရောက်မှ ထုတ်ယူနိုင်ခဲ့တာရှိခဲ့ပါတယ်။

    အခုအခါမှာ ပင်စင်အငြိမ်းစားလစာတွေ ကိုသတ်မှတ်ထားတဲ့ ထုတ်ရက် ၂၁ ရက်နေ့နောက်ပိုင်းမှာ ပုံမှန်အတိုင်း စတင်ထုတ်နိုင်ပြီလို့လည်းစစ်ကောင်စီက သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

    no tag
  18. ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၁ ဘီလျံနီးပါး လှူကြဖို့ ကုလ ဒုက္ခသည်များအေဂျင်စီအကြီးအကဲ တိုက်တွန်း

    ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နိုင်ငံတကာထံက အားပေးကူညီမှုတွေ နောက်ထပ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီအဖွဲ့ အကြီးအကဲက ပြောပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လှူဒါန်းငွေ ဒေါ်လာ ၁ ဘီလျံနီးပါး လိုအပ်နေပြီး ၂၀၂၁ စီမံကိန်းအတွက် အလှူ့ရှင်နိုင်ငံတွေက လှူဖို့ လောလောဆယ် ကတိပြုထားကြတာက ဒေါ်လာ သန်း ၃၄၀ လောက်သာ ရှိတဲ့အတွက် လက်ရှိလိုအပ်ငွေထက် ၃၆ ရာခိုင်နှုန်းသာ ရသေးတယ်လို့ ဂျီနီဗာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ မစ္စတာ ဖိလစ်ပို ဂရန်ဒီ က ပြောကြားလိုက်ပါတယ်။

    လွန်ခဲ့တဲ့ ၄ နှစ်လောက်က မြန်မာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကို ထွက်ပြေးလာခဲ့ကြပြီးကတည်းက ရိုဟင်ဂျာ တစ်သန်းနီးပါးလောက် အဲဒီက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာပါ။ အခုအခါ အဲဒီနေရာဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီး ဖြစ်လာခဲ့ပါပြီ။

    စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ အခြေအနေတွေ နောက်ထပ် ဖရိုဖရဲ ဖြစ်လာနေပြီး နယ်စပ်တွေကို လူတွေ ထပ်ထွက်ပြေးနေရချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို မေ့လျော့သွားမှာကို စိုးရိမ်ရတယ်လို့ မစ္စတာ ဖိလစ်ပို ဂရန်ဒီ က ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

    "ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ အရင်ကတည်းက ရှိထားနှင့်ပြီးသား ဖြစ်ပြီး ဒီအရေးကိစ္စဟာ ဘင်္ဂလားဒေ့ရှ်ရောမြန်မာနိုင်ငံပါ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားရမယ့် ကိစ္စ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် မေ့ပျောက်သွားမယ့်အန္တရာယ်မျိုး ရှိနေတယ်" လို့ မစ္စတာ ဂရန်ဒီက ပြောပါတယ်။

    အခုအခါ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့ပြီး ကတည်းက လူအများအပြား နိုင်ငံထဲကနေ ထပ်မံထွက်ပြေးခဲ့ကြရပြီး ဆန္ဒပြပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲခဲ့တဲ့အတွက် လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    အတော်များများဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဆီ နယ်စပ်တွေကနေတဆင့်ထွက်ပြေးခဲ့ကြပြီး နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထံမှာ ခိုလှုံနေကြပါတယ်။ ကရင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့သူ ထောင်ပေါင်းများစွာကို နေရပ် ပြန်လာကြဖို့ စစ်ကောင်စီက တိုက်တွန်းခဲ့ပါတယ်။ နေရပ် ပြန်သွားကြသူတွေဟာ သူတို့သဘောဆန္ဒအလျောက် ပြန်သွားခဲ့ကြတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    "အဲဒီဒုက္ခသည်တွေ ထိုင်းဘက်ခြမ်းမှာ ကြာကြာ ခိုလှုံနေတာကို ကျွန်တော်တို့ ပိုလိုလားပါတယ်။ မြန်မာနိုင်ငံထဲမှာ ခက်ခဲမှုတွေနဲ့ အကြီးအကျယ် ကြုံနေရတဲ့ ဒီလို အခြေအနေမျိုးမှာ ခိုလှုံစရာ လိုအပ်နေသူတွေအတွက် နယ်စပ်တွေ ဖွင့်ထားပေးဖို့ ကျွန်တော့်အနေနဲ့ အနူးအညွတ်ကို တောင်းပန်လိုပါတယ်" လို့ မစ္စတာ ဂရန်ဒီက ပြောသွားပါတယ်။

    ရိုဟင်ဂျာ၊ ကုလသမဂ္ဂ၊ ဒုက္ခသည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. မင်းတပ် မတူပီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်

    မင်းတပ် မြို့ကိုလာတဲ့ မင်းတပ် မတူပီလမ်းပိုင်းမှာ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    မေလ ၁၈ ရက်နေ့မှာ မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများမရှိတော့ဘဲ မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့လည်း မင်းတပ်ပြည်သူအုပ်ချုပ်ရေး သတင်းအဖွဲ့ကပြောပါတယ်။

    မင်းတပ်မြို့မှာ လူမရှိသလောက်ဖြစ်နေပြီး ဒီကနေ့ တစ်နေ့တည်းကို စစ်ဘေးရှောင် ရှစ်ထောင်နီးပါး တောတောင်တွေထဲကို ပြောင်းရွှေ့နေကြရတယ်လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်းမှာလက်နက်ကြီးတွေကို ပိုသုံးလာတယ်လို့လည်း မင်းတပ်ကာကွယ်ရေးတပ်က ဆိုပါတယ်။ အခုချိန်မှာ မင်းတပ်မြို့ အဝင် လမ်းခရီးတွေပိတ်ထားတဲ့ အတွက် မိုးတွင်းရိက္ခာ အတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CHRO

  20. မြောက်ဦး လက်နက်စမ်းသပ်မှု သုံးနေကျ လက်နက်တွေစမ်းသပ်မှုသာ ဖြစ်တယ်လို့ပြော

    မြောက်ဦးမြို့နယ်အတွင်း ခေတ်မီစစ်လက်နက်တွေ ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်မယ်ဆိုပြီး မြို့ပေါ်ရပ်ကွက်တစ်ခုနဲ့ ကျေးရွာ ၁၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကနေ မေလ ၁၂ ရက်နေ့က အကြောင်းကြားအသိပေးခဲ့ပေမဲ့ ဒီကနေ့မှာတော့ အဲဒါဟာ သုံးနေကျ လက်နက်တွေကို စမ်းသပ်မှာသာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူက ပြောပါတယ်။

    မြောက်ဦးမြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ လက်ကောက်ဈေးရပ်ကွက်နဲ့ ဆင်အိုးချေကျေးရွာအုပ်စု၊ ရွာဟောင်းတောကျေးရွာအုပ်စုတွေအတွင်းမှာ တပ်မတော်ဘက်က လက်နက်သစ်တွေ စမ်းသပ်ပစ်ခတ်မယ်ဆိုတဲ့သတင်းက ကောလဟာလသာဖြစ်ပြီး ယခင်ကအသုံးပြုခဲ့တဲ့ G3, G4 တို့လို လက်နက်တွေကိုပဲ စမ်းသပ်ပစ်ခတ်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

    အခုလိုမျိုး ခေတ်မီလက်နက်တွေ စမ်းသပ်ပစ်ခတ်မယ်ဆိုတဲ့ကြောင်းကြားစာတွေရရှိတဲ့အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေကို လက်နက်ကြီးတွေ ပစ်ခတ်စမ်းသပ်မယ့် ပန်းဈီးမြောင်းကွင်းနဲ့ ခေါင်းဖြူပြင်ကွင်းတွေ အခုရက်ပိုင်းအတွင်းမသွားလာကြဖို့ တားမြစ်တာတွေ လုပ်ထားရတယ်လို့ ဆင်အိုးချေကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြောပါတယ်။

    အခုလိုလက်နက်တွေနဲ့ တပ်မတော်ဘက်က စမ်းသပ်ပစ်ခတ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ အဲ့ဒီလှုပ်ရှားမှုတွေကိုမလုပ်တော့ဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဒီကနေ့မှာပဲ ထပ်မံကြောင်းကြားလာခဲ့တယ်လို့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ လက်ကောက်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပုက ပြောပါတယ်။

    ပထမကြောင်းကြားစာမှာတော့ အမှတ် ၃၁ ရဲတပ်ရင်းရဲ့ သတင်တန်းသားတွေကို စမ်းသပ်ပစ်ခတ်မှုတွေ သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်ပြီး ရဲတပ်ရင်းတည်ရှိရာ မြောက်ဦးမြို့ရဲ့ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ခေါင်းဖြူပြင်ကွင်းကနေ မြောက်ဦးမြို့ရဲ့မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာ ပန်းဈီးမြောင်းကွင်းကို ပစ်ခတ်သွားမယ် လို့ပါရှိကြောင်း သက်ဆိုင်ရာကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

    အဲ့ဒီပစ်ခတ်မှုတွေကိုသာ ဆက်လက်ပြုလုပ်ခဲ့ပါက အဲ့ဒီကွင်းတွေမှာ မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံကျေးရွာသားတွေအပြင် လူတွေမွေးမြူထားတဲ့ခိုင်းကျွဲခိုင်းနွားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ၊ စိုက်ခင်းတွေလည်း ပျက်စီးသွားမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

    ရခိုင်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ မေလ ၁၂ ရက်မှာ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာနိုင်ငံထဲကို ဝင်ရောက်ဖို့လုပ်နေတဲ့ RSO အဖွဲ့ အင်အား ၅၀ နဲ့ မြန်မာဘက်က လုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    မြောက်ဦး

    ဓာတ်ပုံ ရင်းမြစ်, Ko Maung Wine