မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာအလှမယ် ချင်းဝတ်စုံနဲ့ အကောင်းဆုံးဝတ်စုံဆုရ

    မယ်စကြာဝဠာပြိုင်ပွဲမှာ မြန်မာအလှမယ် ချင်းဝတ်စုံနဲ့ အကောင်းဆုံးဝတ်စုံဆုရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲမှာ မြန်မာအလှမယ် သူဇာဝင့်လွင်က ချင်းအမျိုးသမီးဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု အကောင်းဆုံးဝတ်စုံဆုကို ရသွားပါတယ်။

    ၆၉ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပနေတာပါ။

    နိုင်ငံကိုယ်စားပြု ဝတ်စုံအတွက် တခြားဝတ်စုံကို ရွေးချယ်ထားတာဖြစ်ပေမဲ့ ဝတ်စုံတွေထည့်ထားတဲ့ ခရီးဆောင်အိတ် အချိန်မီ မရောက်ခဲ့တာကြောင့် ချင်းအမျိုးသမီးဝတ်စုံနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

    ဒီဝတ်စုံနဲ့ ပြိုင်ပွဲဝင်နေချိန်မှာ မြန်မာပြည်အတွက် ဆုတောင်းပေးဖို့ ရေးသားထားတဲ့စာတန်းကိုင်ဆောင်ပြီး လက်ရှိမြန်မာအရေး ပိုသိရှိလာကြဖို့ လှုံ့ဆော်မှုကိုလည်း အလှမယ်က ပြုလုပ်ခဲ့ပါတယ်။

    အလှမယ်သူဇာဝင့်လွင်ဟာ ၂၀၂၀ ပြည့်နှစ်မှာကျင်းပတဲ့ မြန်မာ့မယ်စကြာဝဠာပြိုင်ပွဲမှာ ဟားခါးမြို့ကိုယ်စားပြုပြီး ပါဝင်ခဲ့တာပါ။

    အလှမယ်ကတော့ အနိုင်ရချင်းဝတ်စုံကို ဝတ်ဆင်ခွင့်ရအောင် ကူညီပေးခဲ့ကြတဲ့ အမေရိကန်ရောက် ချင်းလူမျိုးတွေနဲ့ ချင်းတောင်တန်း(အတ္တလန်တာ,ဂျော်ဂျီယာ) အဖွဲ့ကို ကျေးဇူးတင်ကြောင်း သူ့လူမှုကွန်ယက်ကနေ ပြောထားပါတယ်။

  2. တီးတိန်မှာ ညပိုင်းပစ်ခတ်မှုတွေဖြစ် တစ်ဦးသေဆုံး

    ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မေလ ၁၆ ရက်နေ့ ည ၈ နာရီကျော်ပိုင်းမှာပစ်ခတ်သံတွေ စတင်ကြားခဲ့ရပြီး သေနတ်သံနဲ့ ဗုံးသံတွေကြားနေရတယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    တီးတိန်ပိုစ့်သတင်းမှာတော့ တီးတိန်မြို့ မေလ ၁၆ ရက်နေ့ည ပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး ဦးခေါင်းကို ကျည်ထိပြီးသေခဲ့ဆုံးတယ်လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီးနောက်ဆက်တွဲထူးခြားတဲ့သတင်းတွေအတည်ပြုလို့ရရင်ဆက်လက် ဖော်ပြပေးပါမယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. စစ်ကောင်စီက ဗိုလ်ချုပ်ရုပ်ရုင် ဆက်ရိုက်ဖို့ပြင်

    အာဏာသိမ်းစစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားကို ဆက်ရိုက်ဖို့ပြင်ဆင်တဲ့ အစည်းအဝေးကို ကျင်းပခဲ့ပြီး သာသနာရေးဝန်ကြီး ဦးကိုကို နဲ့ မြန်မ့ာသမိုင်းပညာရှင်တွေ ရုပ်ရှင်ပညာရှင်တွေတက်ရောက်ခဲ့တယ်လို့ ဒီကနေ့ မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။

    ဒု ဝန်ကြီး ဦးထွန်းအုံနဲ ဒါရိုက်တာ ပန်းချီစိုးမိုးတို့က ဆက်လက်ဆောင်ရွက်ကြမယ့် လုပ်ငန်းများကို တင်ပြခဲ့ကြပြီး အကယ်ဒမီ ဓိရာမိုရ်က လည်းသက်ဆိုင်ရာ ကဏ္ဌအလိုက်တင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်လွှင့်သွားခဲ့ပါတယ်။

    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အောင်ဆန်းရုပ်ရှင် ဇာတ်ကားကြီးကို (၂၀၁၆-၂၀၂၁)ခုနှစ် ၅နှစ်တာ သက်တမ်းကာလအတွင်း တာဝန်ယူရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပြီး ဒါရိုက်တာလူမင်းက တာဝန်ယူကာ ပန်းချီစိုးမိုးက ပ‌ရောဂျက်များကို ဝန်းရံပံ့ပိုးသူ အဖြစ်တာဝန်ယူခဲ့ပါတယ်။

    ကိုဗစ်ကာလကြောင့် ရိုက်ကူးမှုတွေ ရပ်နားထားခဲ့ရပြီး ၉၀ရာခိုင်နှူန်း ခန့် ပြီးစီးပြီလို ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ဇာတ်ကားကို ဆက်ရိုက်ဖို့ပြင်ဆင်တဲ့ အစည်းအဝေးကျင်းပ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ဇာတ်ကားကို ဆက်ရိုက်ဖို့ပြင်ဆင်တဲ့ အစည်းအဝေးကျင်းပ
  4. သီပေါမြို့နယ်က NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အသတ်ခံရ

    ရှမ်းပြည်နယ်‌မြောက်ပိုင်း သီပေါမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူ ဦးစိုင်းကံညွန့်ဟာ မေလ ၁၅ ရက်‌ နေ့ကလုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ရှမ်းပြည်နယ်‌ NLD ပါတီဝင်တွေထံကနေသိရပါတယ်။

    ဦးစိုင်းကံညွန့်ဟာ တန့်ယန်းမြို့ အနီးကျေးရွာတစ်ရွာမှာ လုပ်ကြံခံရတာဖြစ်ပြီး လုပ်ကြံသတ်ဖြတ်သူကိုတော့ မသိရသေးဘူးလို့ လည်းသူတို့က ဆိုပါတယ်။

    မေလ ၁၅ ရက်‌ နေ့ နေ့လယ်ပိုင်းက တုတ်၊ ဓါးဒဏ်ရာတွေနဲ့ ခိုယောင်းကျေးရွာမှာ သေဆုံးလျက် တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    ဦးစိုင်း‌ကံညွန့်ကို တန့်ယန်းမြို့ကို ရောက်ရှိနေတာတော့ တစ်လနီးပါးလောက် ရှိနေပြီလို့ သိရပြီး သူ့ရုပ်အလောင်းကို မေလ ၁၇ ရက်နေ့မှာ သဂြိုဟ်မယ်လို့လည်းသိရပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သီပေါမှာ SNLDပါတီကကိုယ်စားလှယ်လောင်း နန်းစမ်းစမ်းအေးက အနိုင်ရခဲ့ပါတယ်။

    ဦးစိုင်းကံညွန့်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဦးစိုင်းကံညွန့်
  5. မြောက်ဥက္ကလာပ Denko ဆီဆိုင် ဗုံးပေါက်ကွဲမှု တစ်ဦးသေ၊ ၆ ဦးဒဏ်ရာရ

    ရန်ကုန်မြို့ မြောက်ဥက္ကလာပ Denko ဆီဆိုင်မှာ မနေ့က မေလ ၁၅ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး‌သေဆုံးခဲ့တယ်လို့ Denko ဆီဆိုင်က ထုတ်ပြန်ပါတယ်။

    Denko မြောက်ဥက္ကလာဆိုင်ခွဲမှာ မေလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၁၂မိနစ်အချိန်မှာ ဆိုင်ကယ်သမားအသွင်ယူပြီး ဗုံးဖောက်ခွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ဆီဖြည့်ဖို့လာသူ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း၆ဦး ထိခိုက်ခံခဲ့ရပြီး မျိုးသားတစ်ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ကျန်ထိခိုက်တဲ့သူ‌တွေကို ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    Denko ဆီဆိုင်ဟာ စက်သုံးဆီဝယ်ယူသုံးစွဲသူပြည်သူများအတွက် ဝန်ဆောင်မှုကောင်းရန် ကြိုးစားအားထုတ်မှု့ ပြည်သူများအားပေးလို ဤအဆင့်သို့ရောက်ရှိခဲ့တာဖြစ်ပြီး မမှန်သတင်းများဖြန့်ဝေသူ လူတစ်စုရဲ့ သတင်းအမှားများကြောင့် တိုက်ခိုက်ခံရမှုဖြစ်ပေါ်၍ အပြစ်မဲ့ပြည်သူများ ဆုံးရှုံးထိခိုက်မှုအတွက် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ရန်ကုန်မြို့က Denko ဆီဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းတွေက ဆီဖြည့်ပေးနေစဥ်

    ဓာတ်ပုံ ရင်းမြစ်, DENKO

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က Denko ဆီဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းတွေက ဆီဖြည့်ပေးနေစဥ်
  6. တိုက်ပွဲကြောင့် လူ ၆ ဦး သေဆုံးလို့ မင်းတပ် CDF ထုတ်ပြန်

    မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြားမှာဖြစ်တဲ့ တိုက်ပွဲ အတွင်း အမျိုးသား ၆ ဦးသေဆုံး တယ်ဆိုပြီး မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ မေလ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    မင်းတပ်မှာ မနေ့ မေလ ၁၅ ရက်က စစ်ကောင်စီတပ်တွေက မြို့ကို ဝိုင်းထားပြီး မြေပြင်ရော၊ ဝေဟင်ကပါ ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

    မင်းတပ်မှာ မနေ့ည ၁၂ နာရီနောက်ပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာမရှိတော့ပေမဲ့ သေနတ်သံတွေ ဒီမနက် မေလ ၁၆ ရက် အထိကြားနေရတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

    '' ဒီမနက် ဟင်းချက်စရာသွားဝယ်တော့ သေနတ်သံတွေကြားနေရတော့ ချက်ပြုတ်စရာ လာဝယ်သူ သိပ်မရှိဘူး။ ဆိုင်ကို သွားတာ နှစ်ယောက်ပဲသွားတာ။ အဲဒါ ပစ်ခတ်သံကြားလို့ ပြန်ပြေးလာရတော့ အဲဒါ ဟင်းရွက်တွေလည်း မဝယ်ခဲ့ရဘူး။ တချို့အိမ်မှာဆို အပြင်မထွက်နဲ့။ ထွက်ရင်ပစ်မယ်ဆိုတာမျိုး ပြော နေတယ်ဆိုပြီး အသိတစ်ယောက်က ဖုန်းဆက်ပြီးပြောလာတာမျိုးလည်းရှိတယ်။'' လို့ မြို့တွင်းအခြေအနေကို ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်တွေသုံးပြီး ဗုံးဆန်ကြဲချလို့ နေအိမ်မှာနေသူ အရပ်သားတချို့ ဒဏ်ရာရခဲ့တဲ့အပြင် အဆောက်အအုံတချို့ ပျက်စီးမှုတွေမှာ ရှိခဲ့ပါတယ်။

    မင်းတပ်မှာ ဆန္ဒပြစာတန်းချိတ်တဲ့လူ တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းသွားအပြီး ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကြား ညှိနှိုင်းခဲ့ကြပေမဲ့ မအောင်မြင်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာ သီတင်းပတ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။

    ဒီအတော်အတွင်းမှာပဲ စစ်ကောင်စီက မင်းတပ်ကို မေလ ၁၃ ရက်နေ့တုန်းက စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ကြေညာခဲ့ပြီးတဲ့နောက်မှာ ရဟတ်ယာဉ် တွေသုံးပြီး တပ်ဖွဲ့ဝင်တွေ ထပ်တိုးပို့လာတာတွေရှိခဲ့ပါတယ်။

    စစ်ကောင်စီဘက်ကတော့ မင်းတပ်လုံခြုံရေးအတွက် မတူပီမြို့ကနေလာတဲ့ တပ်ဖွဲ့ဝင်တွေ မတူပီ-မင်းတပ်ကားလမ်း ၃၅ မိုင်မှာ တိုက်ခိုက်ခံရတာ၊ မင်းတပ်မြို့အရှေ့ဘက် မီတာ ၂၀၀ မှာ တိုက်ခိုက်ခံရတာကြောင့် မေလ ၁၃ ရက်မှာ မော်တော်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင်တချိုသေဆုံးခဲ့သလို ၊ပျောက်ဆုံး ဒဏ်ရာရ သူတွေရှိခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာကနေ သတင်းထုတ်ပြန်ပါတယ်။

    ဒါ့ပြင် မင်းတပ်ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာအပြီး မေလ ၁၄ ရက်မှာ မင်းတပ်မြို့အတွင်း သွားတဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် မော်တော်ယာဉ် ၆ စီး မီးလောင် ပျက်စီးခဲ့သလို တပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ပျောက်ဆုံးခဲ့တယ်လို့လည်း သတင်းဖော်ပြထားပေမဲ့ အရေအတွက်ကို ဖော်ပြထားတာမျိုး မရှိပါဘူး။

    တိုက်ပွဲကြောင့် လူ ၆ ဦး သေဆုံးလို့ မင်းတပ် CDF ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. မန္တလေးကလက်ကားစျေးကြီးတွေမှာ ဆိုင်မဖွင့်ရင် ပြန်သိမ်းမယ်လို့ စာထုတ်

    စစ်ကောင်စီခန့် မြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့က လက်ကားဈေးကြီးတွေမှာ ဆိုင်ခန်းတွေ မေလ(၂၄)ရက် နောက်ဆုံးထား ဖွင့်ဖို့အကြောင်းကြားတဲ့စာတွေ ထွက်လာကြောင်း စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

    ဘီဘီစီက မေးကြည့်ခဲ့တဲ့ ဈေးဆိုင်ရှင်အများစုကတော့ ဆိုင်တွေပြန်မဖွင့်ဘူးလို့ လည်းပြောပါတယ်။

    " တည်ငြိမ်မှု မရှိမခြင်းကတော့ ဖွင့်လို့မရဘူး၊ တစ်ခုခုဖြစ်တယ်ဆိုရင်တောင် ဗုံးခွဲလိုက်မှာ၊ လုယက်တာ၊ တွေဖြစ်မှာစိုးလို့ ဆိုင်ခန်းရှင်တွေ ထွက်ဖို့မရှိပါဘူး" လို့ ဈေးချိုတော်က ဆိုင်ခန်းရှင် တစ်ဦးကပြောပါတယ်။

    မေလ ၂၄ရက်နေ့မှာ ဈေးကြီးတွေအတွင်း ဈေးခင်းရောင်းချတာ မရှိရင် ဈေးဆိုင်ခန်းငှားရမ်း အသုံးပြုတာကို စည်းကမ်းချက် အပိုဒ်(၁၄)အရ ဈေးဆိုင်ခန်းတွေကို ကော်မတီပိုင်အဖြစ် ပြည်လည်သိမ်းဆည်းသွားမယ်လို့ စစ်ကောင်စီခန့် ဈေးနှင့်သားသတ်ဌာန ဌာနမှူးက လက်မှတ်ရေးထိုးပြီး မေလ ၁၅ရက်စွဲနဲ့ အကြောင်းကြားစာတွေ ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

    မန္တလေးမြို့မှာ ဈေးချိုတော်၊ မန်းမြန်မာပလာဇာ၊ရတနာပုံဈေး၊ အဆင့်မြင့်ဈေးချိုတော် စတဲ့ ဈေးကြီး ခုနှစ်စျေးရှိပါတယ်။

    ကိုဗစ်ကာလမှာ ရောဂါကူးစက်မှု အခြေနေအရ မန္တလေးမြို့က လက်ကား ဈေးကြီးတွေကို ဖွင့်လိုက် ပိတ်လိုက်ပြုလုပ်ခဲ့တာတွေလည်းရှိပါတယ်။

    လက်ရှိအချိန်မှာ မန္တလေးမြို့က မနက်ပိုင်း လက်လီဈေးတွေမှာလည်း ဈေးဆိုင်ခန်းအားလုံး မဖွင့်ဘဲ စားသောက်ကုန်နဲ့ ဆေးဝါးအရောင်းဆိုင်၊ လူသုံးကုန်ပစ္စည်းဈေးဆိုင်တချို့ပဲ ဖွင့်လှစ်တာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ထုတ်ပယ်စာ အမြန်အထုတ်ခံခဲ့ရပြီး အိမ်ခန်းကပါပြောင်းပေးလိုက်ရတဲ့ ရုပ်ရှင်မြှင့်တင်ရေးက CDM ဝန်ထမ်းတွေ

    ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲက CDM ဝန်ထမ်း ၂၀ ကျော်ဟာ အိမ် ခန်းတွေက မေလ ၁၅ ရက်ကတည်းက ပြောင်းရွှေ့ပေးလိုက်ရပါတယ်။

    ဒီဌာနဝန်ထမ်းတွေဟာ ၃ လပိုင်းအစောပိုင်းကတည်းက အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး ရက်ပိုင်းအတွင်း ဌာနတွင်းစာအထုတ်ခံခဲ့ရသူတွေလည်းဖြစ်ပါတယ်။

    ''၃ လပိုင်း၊ ၆ ရက်နေ့ စနေနေ့က CDM စလုပ်လိုက်တယ်။ တနင်္လာနေ့ ကျတော့ စာက ထွက်လာတယ်။ စာတွေက အကြိမ်ကြိမ် ထုတ်တာပေါ့နော်။ အဲဒါ တ်လတောင်မကြာပါဘူး။ ဖြုတ်တဲ့စာထွက်လာတယ်။ အိမ်ခန်းပြောင်းပေးဖို့ကတော့ ၁၂ ရက်နေ(မေလ) က ပို့လာတယ်။ ၁၅ ရက်နေ့ အပြီးပြောင်းခိုင်းတာ'' လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အခုတော့ ဒီဝန်ထမ်းတွေဟာ တောင်ဥက္ကလာ၊ ၄ ရပ်ကွက် သမာဓိလမ်း၊ အောင်သိဒ္ဓိအိမ်ရာက အခန်းတွေကနေ စာထုတ်ခံရအပြီး ရက်ပိုင်းအတွင်းမှာ ဖယ်ရှားခံခဲ့ရတာပါ။

    ''၁၂ ရက်နေ့ညမှ သိရတာဆိုတော့ တချို့ဆို အတော်လေးခက်ခဲခဲ့တယ်။ တချို့ဆို အမျိုးသားမရှိဘူး။ ကလေး ၃ ယောက်နဲ့အမေဆိုတော့ အိမ်ရှာရတာ ချက်ချင်းရှာရတော့ အခက်အခဲဖြစ်တယ်။ ဘယ်လိုမှ မရတော့ အလှူရှင်တွေကူညီပေးတဲ့ နေရာ ကျဉ်းကျဉ်းလေးမှာနေနေကြရတာမျိုးတောင်ရှိတယ်။ '' လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ရုံးအုပ်တွေ အပါအဝင် စုစုပေါင်း အယောက် ၃၀ ကျော်နဲ့ CDM စခဲ့တာဖြစ်ပေမဲ့ တချို့က ဖမ်းဆီးခံရမှာကို ကြောက်ပြီး ရုံပြန်တက်တာကြောင့် အခုဆို ဌာနက CDM ဝန်ထမ်း ၂၁ ဦးပဲရှိတော့တာလို့ သိရပါတယ်။

    '' ကျမတု့ိကို ၆ လအတွင်း အယူခံဝင်ပေါ့။ သူတို့ဘက်က လက်ခံပေးမယ် အဲလိုမျိုး ပြောတယ်။ ဒါပေမဲ့ ဘယ်သူမှ မယူခံမဝင်ကြဘူး။ အကုန်လုံးတောင့်ခံထားကြတယ်။'' လို့ အဲဒီဝန်ထမ်းက ပြောထားပါတယ်။

    ထုတ်ပယ်စာ အမြန်အထုတ်ခံခဲ့ရပြီး အိမ်ခန်းကပါပြောင်းပေးလိုက်ရတဲ့ ရုပ်ရှင်မြှင့်တင်ရေးက CDM ဝန်ထမ်းတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. ရန်ကုန်ရွှေစျေး တည်ငြိမ်‌ရေး စစစ လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေ

    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေနဲ့ ကုန်စျေးနှုန်း (ရွှေစျေးနှုန်း) တည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ (စစစ- အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) ရဲ့ လမ်းညွှန်မှုနဲ့အတူ ဆောင်ရွက်နေတယ်လို့ အသင်းကထုတ်ပြန်ပါတယ်။

    စစစ - အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ လမ်းညွှန်မှုနဲ့ အတူ လစဉ် အလုပ်အမှုဆောင်အစည်းအဝေးများ၊ လိုအပ်ပါက လပတ် (အထူး) အစည်းအဝေးများ ကျင်းပပြီး စျေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်နေကြောင်းလည်း (YGEA) အသင်းရဲ့ ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာကနေ မေလ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

    ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း Facebook စာမျက်နှာများအပေါ်မှာ အတည် မပြုနိုင်တဲ့ သတင်းအချက်အလက်များကို ကိုးကားပြီး မိမိတို့ရဲ့ သဘောဆန္ဒအလျောက် အသင်း ပုံရိပ်ကျဆင်းစေရန် မမှန်ကန်သောအချက်အလက်များ ရေးသားပြီးလူမှု့ကွန်ရက်မှ တစ်ဆင့် သတင်းဖြန့်သူများရှိနေပြီး အဆိုပါကိစ္စမျာကို အသင်းမှ ကန့်ကွက်ကြောင်းနဲ့ ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါကလည်း ရေးသားသူရဲ့ တာ၀န်သာဖြစ်ကြောင်း အသိပေးအကြောင်းကြားတယ်လို့ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကတော့ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ၁၆ သိန်း တစ်သောင်းကျော်နဲ့ စျေးပိတ်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, YGEA

  10. ထားဝယ်အနီး ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ဖမ်း

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာမှာ ရဲနဲ့ စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ဒေသခံလေးဦး ထက်မနည်းကို လာရောက်ဖမ်းဆီးခဲ့တယ်လို့ ကျေးရွာနေ ဒေသခံအချို့ထံက သိရပါတယ်။

    မေလ ၁၆ ရက် မနက်ပိုင်းက ရဲ နဲ့ စစ်သား အင်အားသုံးဆယ်ခန့်က ကားလေးစီးခန့်နဲ့ ရောက်လာခဲ့ပြီး ရွာအတွင်းရှိ နေအိမ်အချို့ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်းလည်း သူတို့ကပြောပါတယ်။

    အဲ့ဒီ့နောက် သေနတ် ၈ ချက်ခန့်ပစ်ဖောက်ပြီး ဒေသခံ လေးဦးကို ဖမ်းဆီးထားတယ်လို့လည်းသူတို့ကပြောပါတယ်။

    ညောပြင်ကျေးရွာသို့မဝင်မီ အောက်ကျောက်ဝပ်ကျေးရွာမှာလည်း လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ဒေသခံ ၁၁ ဦးခန့် ဖမ်းဆီးခံခဲ့ရပါတယ်။

    သတင်းနှင့်ဓာတ်ပုံ DAWEI WATCH

    ညောပြင်ကျေးရွာမှာ မေလ ၁၅ ရက်နေ့က ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, DAWEI WATCh

    ဓာတ်ပုံ ပုံစာ, ညောပြင်ကျေးရွာမှာ မေလ ၁၅ ရက်နေ့က ဆန္ဒပြပွဲ
  11. ရွှေဘိုဈေးကြီးမီးလောင်မှု ဆိုင်ခန်းရှင်တွေနဲ့ မီးသတ်ပြောတဲ့ ဆုံးရှုံးမှု သိန်းသောင်းချီကွာဟနေ

    ရွှေဘိုမြို့ မြို့မဈေးကြီး မနေ့ မေလ ၁၅ ရက်တုန်းက မီးလောင်ခဲ့မှုမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဆိုင်ခန်းရှင်တွေပြောတဲ့ပမာဏနဲ့ မီးသတ်ရဲ့ တွက်ချက်မှုဟာ သိန်းသောင်းချီ ကွာဟနေပါတယ်။

    ရွှေဘိုမြို့မဈေးကြီးမှာ မနေ့ မေလ ၁၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ မီးအကြီးအကျယ်လောင်ခဲ့လို့ ဆိုင်ခန်းပေါင်း ၁,၅၀၀ ကျော်ထဲက ၉၀၀ ကျော် မီးထဲ ပါသွားခဲ့တာပါ။

    ဈေးဆိုင်ခန်း ပိုင်ရှင်တွေကတော့ သူတို့အကြမ်းဖျင်းတွက်ချက်ထားတာတောင် မီးကြောင့် ဆုံးရှုံးမှု ကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်း(၁၃၀,၀၀၀)ကျာ်ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

    ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှုမှာတော့ ဆုံးရှုံးမှု ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်ရှိတယ်လို့ ဆိုတာကြောင့် ဆုံးရှုံးမှုတန်ဖိုးကွဲလွဲမှုတွေလည်း ရှိနေတာပါ။

    ''ကျုပ်ရယ်၊ အမေဖြစ်သူရယ်၊ သမီးဖြစ်သူရယ်ရဲ့ ဆိုင် ၃ ဆိုင် ပါသွားတယ်။ ကျုပ်တစ်ဦးတည်းတင် ကုန်က သိန်း ၂၀၀ ကျော်၊ ဆိုင်ခန်းက ၁၂၅ သိန်း၊ သမီးကလည်း သိန်း ၁၀၀ ကျော်ဖိုး ကုန်တွေပါတယ်။ ငပိအိုးတွေ လောင်နေတာတွေ့ခဲ့ရပေမဲ့ ပွဲလန်းခင်းမယ့်သူကို ရောင်းမယ့် ငါးခြောက်လိပ် သိန်း ၄၀ ဖိုးဆိုတာ ပြာပုံတောင် မကျန်တော့ဘူး။ မီးမလောင်ခင်ကားနဲ့ သယ်သွားကြပြီတဲ့ အဲလိုကြားတာပဲ။'' လို့ ဆိုင်ခန်းမီးထဲပါသွားသူ တစ်ဦးက ပြောပါတယ်။

    ဈေးကြီးနဲ့ မြို့မမီးသတ်စခန်းဟာ ပေ ၁၀၀ ခန့်သာ ဝေးပေမဲ့ အချိန်မီ မီးငြိမ်းသတ်နိုင်မှု မရှိခဲ့တာကို ဆိုင်ခန်းပိုင်ရှင်တွေက မေးခွန်းထုတ်ကြပါတယ်။

    ''ဈေးနဲ့ မီးသတ်က ကပ်နေတာ။ တအုန်းအုန်းလောင်နေတာ မီးဥသြလည်းမဆွဲပါလားတော့။ ကျုပ်တို့အဝေးနေသူတောင် နိုးနေပြီ။ တနေရာကနေ စတာမဟုတ်ဘူးတဲ့။ လေးနေရာမှာတပြိုင်တည်းလောင်တာမျိုး။'' ဈေးဆိုင်ခန်းပိုင်သူတစ်ဦးက ပြောပါတယ်။

    ဒီမီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၇၀၀ ခန့်ရှိတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အသံသတင်းကနေ ကြေညာသွားတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

    ရွှေဘိုဈေးကြီး မီးလောင်မှုကြောင့် ဒီဈေးကို အမှီပြု လုပ်ကိုင်စား သောက်နေရတဲ့ အလုပ်သမားထောင်ချီကတော့ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးအခက်ကြုံမှာကို စိုးရိမ်နေကြပါတယ်။

    ရွှေဘိုမြို့မဈေးကြီးဟာ မသမာသူတွေရဲ့ရှို့မီးကြောင့် လောင်ကျွမ်းခဲ့တာလို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပြောဆိုထားပြီး မီးရှို့တဲ့တရားခံတွေကို ပုဒ်မ ၁၈၁/၂၀၂၁ (၆) ၁ အရ အရေးယူဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    ရွှေဘိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကတော့ ညမထွက်ရအမိန့်ကြောင့် မြို့စောင့်ညကင်းတွေမရှိ၊ ပြည်သူတွေ အပြင်မထွက်ရချိန် စစ်ကောင်စီတပ်တွေလုံခြုံရေးယူထားတဲ့ရွှေဘိုနန်းတော်အနီးမှာရှိတဲ့ ဒီဈေးကြီး မီးလောင်ခဲ့ရတဲ့တရားခံဟာ စစ်ကောင်စီနဲ့အပေါင်းအပါတွေသာ ဖြစ်တယ်ဆိုပြီး ကြေညာချက်ထုတ်ထားတာတွေ့ရပါတယ်။

    ဘီဘီစီ အနေနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    မီးလောင်မှုအပြီး မနက်ခင်းပိုင်းမှာမြင်ရတဲ့ ရွှေဘိုဈေးကြီး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မီးလောင်မှုအပြီး မနက်ခင်းပိုင်းမှာမြင်ရတဲ့ ရွှေဘိုဈေးကြီး
  12. ကုန်ဈေးတန်းလမ်းအလယ်မှာ မီးလောင်မှုဖြစ်

    ကုန်ဈေးတန်းလမ်းအလယ်မှာ မီးလောင်မှုဖြစ်

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

    ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ထဲက ကုန်ဈေးတန်းလမ်း အလယ်ဘလောက်က အဆောက်အအုံတစ်ခုမှာ ဒီနေ့ မေလ ၁၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

    နေ့လယ် ၁၂ နာရီကျော်ကျော်မှာ Level 3 ယာဉ်အုပ်စုတွေ ထွက်ခွာပြီး မီးငြိမ်းခဲ့တာ နေ့လယ် ၁၂ နာရီခွဲမှာ မီးထိန်းနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောထားပါတယ်။

    မီးလောင်မှုဟာ လမ်းထဲက ပရဆေးဆိုင်တစ်ဆိုင်ကနေ စတင်တယ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    ပျက်စီးဆုံးရှုံးမှု ပမဏနဲ့ အခြား ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

  13. ဖားကန့်မှာမြေစာပုံပြိုကျလို့ သေဆုံးသူ ၁ ဦးထက်မနည်းရှိနေ

    ရှာထားတဲ့ကျောက်တွေကို ပြနေတဲ့ ဖားကန့်က  ရေမဆေးကျောက်ရှာဖွေသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ရှာထားတဲ့ကျောက်တွေကို ပြနေတဲ့ ဖားကန့်က ရေမဆေးကျောက်ရှာဖွေသူတစ်ဦး

    ကချင်ပြည်နယ်၊ ဖားကန့်မှာ မနေ့ မေလ ၁၅ ရက်၊ ည ၉ နာရီကျော်လောက်မှာ မြေစာပိုပြိုကျမှုဖြစ်ခဲ့လို့ သေဆုံးသူ ၁ ဦးထက်မနည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဖားကန့်နယ်ထဲက ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ရွာနားမှာရှိတဲ့ ရတနာစန်းရွှင်ကုမ္ပဏီရဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းနေရာမှာ မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူ အနည်းဆုံး ၅ ဦးပျောက်ဆုံးနေတယ်လို့ ကနဦးသိရပါတယ်။

    ညပိုင်းမှာဖြစ်ခဲ့တာကြောင့် ဒီနေ့ မေလ ၁၆ ရက် မနက်ပိုင်းမှာတော့ ကျေးရွာကပဲ ကိုယ်ထူကိုယ်ထ ရှာဖွေကယ်ဆယ်ရေးဆက်လုပ်နေတယ်လို့ သိရပါတယ်။

    ''မိုးရွာလိုက် နေပူလိုက်ဆိုတော့ မြေစာပုံတွေက အက်နေတာပေါ့။ ရေမဆေးကျောက်ရှာဖို့ တူးရတာကလည်း ဒီမြေစာပုံကို အောက်ကနေ လှိုဏ်လုပ်ပြီးတူးကြရတာဆိုတော့ အဲဒီမှာ ပြိုကျတာ။ လူတွေကလည်း စားဝတ်နေရေးကျပ်တည်းတော့ အန္တရာယ်ဆိုတာ မတွေးနိုင်တော့ဘူးလေ။ ဒီဘက်က လုပ်ကွက်တွေကတော့ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် တူးဖော်တာတွေ နားထားကြတယ်လေ။'' လို့ ရွာခံတစ်ဦးက ပြောပါတယ်။

    ဒီမြေစာပုံ ပြိုကျမှုမှာ ဒဏ်ရာရသူလည်းရှိပြီး ဖားကန့်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

    ဖားကန့်မှာ မနှစ် ဇူလိုင်လဆန်းတုန်းကလည်း အခုလို ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုထဲ ရေမဆေးသမားတွေ ဝင်ရောက် တူးဖော်နေချိန်မှာ မြေသားကမ်းပါးယံပြိုကျမှုကြောင့် လူရာနဲ့ချီသေဆုံးမှုဖြစ်ခဲ့ရပါတယ်။

  14. နယူးယောက်မှာပြုလုပ်တဲ့ NUG နဲ့ PDF ကို ကြိုဆိုထောက်ခံပွဲ

    နယူးယောက်မှာပြုလုပ်တဲ့ NUG နဲ့ PDF ကို ကြိုဆိုထောက်ခံပွဲ

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

    နယူးယောက်မှာပြုလုပ်တဲ့ NUG နဲ့ PDF ကို ကြိုဆိုထောက်ခံပွဲ

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

    နယူးယောက်မှာပြုလုပ်တဲ့ NUG နဲ့ PDF ကို ကြိုဆိုထောက်ခံပွဲ

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt(NY)

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ကို ကြိုဆိုထောက်ခံတဲ့လူထုစုဝေးပွဲကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက နယူယောက်မြို့မှာ မေလ ၁၅ ရက်တုန်းက ပြုလုပ်သွားပါတယ်။

    အမေရိကန်ပြည်နယ်အသီးသီးက မြန်မာတွေ နယူးယောက်မြို့က Union Square ရင်ပြင်မှာ ဒေသစံတော်ချိန် နေ့လည် ၃ နာရီကနေ ညနေ ၅ နာရီအထိ စုဝေးခဲ့ကြတာပါ။

    ဒီပွဲကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အဝေးရောက်မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တက်ရောက်ခဲ့ကြတယ်လို့ ပွဲမှာ ပါဝင်ခဲ့သူတွေကေပြောပါတယ်။

    ဒီထောက်ခံပွဲနဲ့တဆက်တည်းမှာပဲ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်သားတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက်လည်း ဆုတောင်းတဲ့အစီစဉ်ကိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

  15. မင်းတပ် တိုက်ခိုက်မှု ယူကေနဲ့ အမေရိကန် သံရုံး ရှုတ်ချ

    မင်းတပ်မှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အရပ်သားတွေကို တိုက်ခိုက်တာဟာ တရားမဝင်ကြောင်းနဲ့ လက်မခံနိုင်စရာဖြစ်ကြောင်း ဗြိတိန်သံရုံးက တွစ်တာမှာ ပြောပါတယ်။

    ရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ထံကို ပို့သင့်တယ်လို့လည်း ပြောပါတယ်။

    ဒါ့အပြင် မင်းတပ်မှာ အရပ်သားတွေကို စစ်တပ်က ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်မှုတွေ တိုးလာတာကို သိရှိကြောင်းလည်း ပြောပါတယ်။

    အမေရိကန် သံရုံးကလည်း မင်းတပ်မှာ စစ်ပွဲသုံးလက်နက်တွေ သုံးနေတာ စစ်အာဏာရှင်တွေရဲ့ မိုက်တွင်းနက်မှုသက်သေပဲလို့ သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောပါတယ်။

    ဖမ်းဆီးထားတဲ့ အရပ်သားတွေ ပြန်လွှတ်ရေး ညှိနှိုင်းတာ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ သုံးရက်လောက် ဆက်တိုက် ဖြစ်နေခဲ့တာပါ။

    မေလ ၁၃ ရက်မှာတော့ မင်းတပ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ဒီနေ့မှာတော့ မြို့တွင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေတာကြောင့် ပြည်သူတွေကို ထိခိုက်မှာစိုးတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေက ဆုတ်ပေးခဲ့တယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    မင်းတပ်မှာ တိုက်ခိုက်မှုကို စစ်တပ်ဘက်က ထုတ်ပြန်ချက်မှာ မေလ ၁၄ ရက်နေ့ တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူအင်အား တစ်ထောင်ခန့်ရဲ့ လက်နက်ငယ်၊ ၄၀ မမ၊ တူမီးသေနတ်၊ လက်လုပ်မိုင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်၊ တိုက်ခံခံရမှုကြောင့် ကား ခြောက်စီး မီးလောင်ပျက်စီးပြီး တပ်ဖွဲ့ဝင် တချို့ ကျဆုံး၊ ပျောက်ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    မင်းတပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ကျောင်းတွေကို လုံခြုံရေးပေးပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော

    စာသင်ကျောင်းတွေ အပါအဝင် နေရာအနှံ့အပြား နေ့စဥ်နီးပါး ပေါက်ကွဲမှုတွေ ရှိနေတဲ့ကြားမှာ ဇွန်လ ၁ ရက်မှာ လုံခြုံရေးပေးပြီး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ဖောက်ခွဲ ဖျက်ဆီးမှုတွေဟာ မတရားအသင်း ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည့်သူ့ကာကွယ်ရေးတပ် PDF တို့ရဲ့လက်ချက်တွေလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

    မတရားအသင်းနဲ့ဆက်သွယ်ရင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရမယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

    ကျောင်းတွေဖွင့်တဲ့အခါ ကိုဗစ်ကြောင့် နှောင့်နှေးခဲ့တာတွေ ရှိတဲ့အတွက် တစ်နှစ်ကို နှစ်တန်းတက်ဖို့လျာထားတယ်လို့ ပြောထားပေမဲ့ စစ်ကောင်စီ လက်ထက် ကျောင်းအပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားတဲ့ ကျောင်းသားမိဘတွေလည်း ရှိနေပါတယ်။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၄ ရက်နေ ၃၁ ရက်အထိ သတ်မှတ်ထားပါတယ်။

    ဒါ့အပြင် အခုရက်ပိုင်းမှာ အခြေခံပညာကျောင်းတွေက ဆရာတွေနဲ့ပညာရေးဝန်ထမ်းတွေလည်း လှုံ့ဆော်မှု၊ သတင်းမှားဖြန့်မှု ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းထုတ်ခံနေရပြီး ရာထူးကယာယီ ရပ်ဆိုင်းခံရသူတွေလည်း အများအပြားရှိနေလို့ ဆရာအင်အားလည်း နည်းပါးနေချိန်ဖြစ်ပါတယ်။

    အခြေခံပညာကျောင်းတွေ မဖွင့်ခင် ပြီးခဲ့တဲ့ သီတင်းပတ်တွေက တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့ရာမှာတော့ ကျောင်းတက်သူ အလွန်နည်းပါးခဲ့ပါတယ်။

    ဗိုလ်တထောင် ၅

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အထက ၅ ဗိုလ်တထောင်
  17. မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ်

    မိုးမောက်မြို့နယ် ကုန်းလောမြို့သစ်တွေဘက်မှာ ဒီကနေ့ စစ်အင်အားများနေပြီး ပစ်ခတ်သံတွေကိုပါ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မေ၁၄ရက်နေ့လက်နက်သံတွေကြောင့် ဗန်းမော်ကို တိမ်ရှောင်လာတဲ့ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာဒေသခံက ရွာရဲ့အခြေအနေကို ပြောပြတာ ဖြစ်ပါတယ်။

    ဗန်းမော်ကို ထွက်ခွာလာစဥ်လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်သံတွေ ကြားရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

    အခုရက်ပိုင်းအတွင်းမှာတော့ မေ၁၄ရက် ညက လက်နက်သံတွေ ပိုဆူဆူညံညံ ကြားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒေသခံတွေကတော့ လေယဉ်သံကိုကြားတာနဲ့ ဗုံးခိုကျင်းထဲ ဆင်းပြေးနေရတယ်လို့ပြောပါတယ်။

    မြို့သစ်နဲ့စီဟက်ကြားမှာ ရဟတ်ယာဉ်တစ်စင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေက ပစ်ချခံရပြီးနောက်ပိုင်း အိမ်နားတွေကို ကပ်ပြီး မပျံသန်းတော့ဘဲ အဝေးကနေပျံတာကိုတွေ့ရတယ်လို့ လည်းပြောပါတယ်။

    မိုးမောက်တိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မိုးမောက်တိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. မင်းတပ်တိုက်ပွဲ နောက်ဆက်တွဲ အခြေအနေ

  19. ပြည်သူတွေကိုကာကွယ်ဖို့နဲ့ စစ်တပ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာကို NUG တောင်းဆို

    စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်နေတာကြောင့် စစ်ရာဇဝတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CHRO

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်နေတာကြောင့် စစ်ရာဇဝတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်းရှိနေ

    ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေ ပစ်ပြီး ထိုးစစ်ဆင်နေလို့ မင်းတပ်ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအားလုံးရပ်တန့်ရေး အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလာပါတယ်။

    မင်းတပ်မှာ ဆန္ဒပြစာတန်းချိတ်ဆွဲသူတချို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာခံခဲ့ရအပြီး မင်းတပ် ဒေသခံတွေနဲ့စစ်ကောင်စီတပ်တွေ ဒီလူတွေပြန်လွတ်ရေးညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီချက်မရခဲ့လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာ သီတင်းပတ်ချီကြာမြင့်နေပြီဖြစ် ပါတယ်။

    NUG ဘက်ကတော့ တပ်မတော်က မင်းတပ်အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေတာကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)ဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်အရ မင်းတပ် ပြည်သူတွေအတွက် ကာကွယ်ပေးနေတယ်လို့ ဆိုပါတယ်။

    စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် မင်းတပ်မှာ အရပ်သား ၅ ဦးသေဆုံးခဲ့သလို လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရထား တာကြောင့် နောက်ထပ်အရပ်သားတွေဟာ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုအန္တရာယ်ကျရောက်နိုင် ခြေရှိနေတယ်လို့လည်း ဆိုပါတယ်။

    မင်းတပ်မှာ စစ်တပ်က မြေပြင်ပစ်ခတ်မှုအပြင် ရဟတ်ယာဉ်သုံးပြီး ဗုံးကြဲမှုတွေပါ လုပ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မင်းတပ်မှာ စစ်တပ်က မြေပြင်ပစ်ခတ်မှုအပြင် ရဟတ်ယာဉ်သုံးပြီး ဗုံးကြဲမှုတွေပါ လုပ်နေ

    စစ်ကောင်စီတပ်တွေက ဒီနေ့ မေလ ၁၅ ရက်မှာ စစ်ကြောင်းသုံးကြောင်းခွဲ၊ ထိုးစစ်ဆင်နေပြီး မင်းတပ်မြို့ခံ လူ ၁၅ ယောက်ကို ဖမ်းဆီးကာ မြို့တွင်းကို တဖြည်းဖြည်းဝင်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဒေသခံတွေဟာ မင်းတပ်မြို့ထဲမှာ ပိတ်မိနေပြီး လူစုလူဝေးဖြစ်မယ်ထင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်နေတာကြောင့် အိမ်ထဲမှာ ပုန်းနေရတယ်လို့ သိရပါတယ်။

    လက်ရှိမှာ မင်းတပ်မြို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဝိုင်းခံနေရတာ၊ စစ်ကောင်စီက မင်းတပ်ကို စစ်အုပ်ချုပ်ရေးကြေညာတာ၊ ဒေသခံမင်းတပ်ကာကွယ်ရေးပြည်သူ့တပ်ဖွဲ့ကို နှိမ်နင်းဖို့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဉ်တွေနဲ့ပို့နေပြီး အလုံးစုံစစ်ဆင်ရေးလုပ်ဖို့ ပြင်နေတာကို ကြည့်ရင် အရပ်သားပြည်သူတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံရနိုင်တဲ့စိုးရိမ်စရာအခြေအနေရှိနေတယ်ဆိုပြီး ချင်းလူ့အခွင့်အရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

  20. လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော

    မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်နေတဲ့ ဘဏ်စနစ် ဝန်ဆောင်မှုသုံးသူတွေ ကြုံနေရတဲ့အကျပ်အတည်းအတွင်း ဘဏ်တချို့နဲ့ ဘဏ်ဝန်ထမ်းတွေ မရိုးသား တာကိုတွေ့မြင်ရတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောလာပါတယ်။

    နေပြည်တော်မှာ ဒီနေ့ မေလ ၁၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းသော်က အခုလိုပြောသွားတာပါ။

    ''ဇွန်လမှာ ဘဏ်စနစ်ပုံမှန်ဖြစ်ပြီး ပြည်သူတွေ အဆင်ပြေသွားမယ်။ ဘဏ်တွေတချို့လည်းမရိုးသားပါဘူး။ ဘဏ်ဝန်ထမ်းတွေလည်းမရိုးသားပါဘူး ။ ဒီမရိုးသားမှုတွေအပေါ်မှာ အခြေခံပြီး ပြည်သူလူထုက နိုင်ငံတော်အစိုးရကိုအပြစ်တင်ပါတယ်။ လက်ရှိ ဒီဖြစ်စဉ်တွေကို အဖွဲ့ဖွဲ့စစ်ဆေးနေတယ်။ မသာမာမှုတွေ wave money(ငွေကြေးလွှဲပြောင်းတဲ့ဝန်ဆောင်မှု)ကနေ ရာခိုင်နှုန်း ယူတဲ့သူတွေ အရေးယူမယ်။ ချက်ချင်းအရေးမယူသေးပါဘူး နားလည်မှုနဲ့ ဆောင်ရွက်တာကိုပဲလိုချင်ပါတယ်။''လို့ ဦးဝင်းသော်က ပြောပါတယ်။

    ဒ့ါပြင် ဗဟိုဘဏ်က သတ်မှတ်လိုက်တဲ့ ဘဏ်ငွေစာရင်းအကောင့်အသစ်ဖွင့်နိုင်တယ်ဆိုတဲ့ စနစ်အရ ဘဏ်တွေမှာ ငွေသားအပ်မှုဟာ ဘီလျံနဲ့ချီရှိတာကို ကြည့်ရင် ပြည်သူလူထုဘက်က ပူးပေါင်းလာတာကို မြင်တွေ့ရတာကြောင့် မကြာခင်ကာလမှ ကန့်သတ်ချက်တွေ ဖြေလျှော့ဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

    လက်ရှိ ဘဏ်စနစ်အကြပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော