မြန်မာပြည်တွင်းအခြေအနေ အတော်ဆိုးရွားနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ပြော

’လက်ရှိ ချင်းပြည်နယ်က အခြေအနေဆို အတော်လေးကို ဆိုးရွားနေတယ်။ ဒီလို ထွက်ပြေးရသူတွေဟာ အစားအသောက်၊ရေနဲ့ အမိုးအကာအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးတကြီးလိုအပ်နေတယ်’ လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကိုင်းမှာ ပေါက်ကွဲမှုဖြစ်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    စစ်ကိုင်းမြို့က ကမ်းနားလမ်းမှာရှိတဲ့ ပညာရေးကောလိပ်အနီးမှာ ဒီနေ့ မေလ ၁၈ ရက် နေ့လည် ၁ နာရီခွဲအချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

    ဗုံးလို့ယူဆရတဲ့အဲဒီပေါက်ကွဲမှုကြောင့် အနီးနားမှာရှိတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

    တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ကိုင်းက သီတဂူကျောင်းတိုက်ကို ဒီနေ့ လာသွားတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

    စစ်ကိုင်းမှာ ပေါက်ကွဲမှုဖြစ်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. ထိတ်လန့် ထွက်ပြေးနေကြရဆဲ ယင်းမာပင်နယ်ခံတွေ

    ထိတ်လန့် ထွက်ပြေးနေကြရဆဲ ယင်းမာပင်နယ်ခံတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီနေ့ မေလ ၁၈ ရက်မှာ ဝင်ရောက်နေလို့ အဲဒီရွာတွေအပြင် ရွာနီးချုပ်စပ်က ရွာတွေက ဒေသခံတွေပါ ထိတ်လန့်ပြီး ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ပြေးနေရတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ''လက္ကဗြားရွာဘက်မှာ သူတို့ စစ်ကောင်စီကား ဗုံးထောင်ခံရလို့ အဲဒီကနေ ဝင်လာတယ်လို့ပြောတယ်ခင်ဗျ။ အဲဒီကနေ ဆင်စွယ်ဘက်ကို ရောက်လာတယ်။ ဆင်စွယ်နဲ့ ကျွန်တော်တို့ဆိုရင် တစ်မိုင်လောက်ပဲဝေးတော့ သူတို့ဒီဘက်ကို လာနေပြီကြားတော့ ရွာထဲက ရွာလုံးကျွတ် ကိုယ့်အိမ်ကို မနေရဲကြတော့ဘူး။ ဘေးလွတ်ရာ တောထဲ အကုန်ပြေးရှောင်နေကြရပြီ။ ကပိုင်ကနေ စတာပေါ့ဗျာ။ ညတိုင်း မအိပ်ရပါဘူးဗျာ။ လာတယ် လာတယ် အသံကြားရင် ခေါင်းထောင်ထောင်ကြည့်နေရတာ" လို့ ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ ရင်ပေါင်တိုင်းရွာခံ တစ်ဦးက ပြောပါတယ်။

    ဧပြီလဆန်းပိုင်းတုန်းက ယင်းမာပင်နယ်က သပြေအေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက လာပြီး ရွာသူရွာသားတွေ ကြည်ညိုတဲ့ ဦးပဉ္ဇင်းတစ်ပါးကို ဖမ်းဖို့လုပ်လို့ ရုတ်တရက် ကာကွယ်ကြရင်း တိုက်ခိုက်တာတွေဖြစ်ခဲ့တဲ့နောက် ရွာသားတွေဘက်က အနည်းဆုံး ၂ ဦး သေဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

    စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းခေါ် သွားတဲ့ ရွာသားတွေလည်း ရှိခဲ့ပါတယ်။

    အခုတော့ စစ်ကောင်စီတပ်တွေက သပြေအေးရွာကနေ ကပိုင်၊ အဲဒီကမှ ဆက်စပ်နေတဲ့ရွာတွေစီ ဝင်မွှေနေလို့ အဲဒီတလျှောက်က ရွာသူရွာသားတွေ ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒါ့ပြင် ယင်းမာပင်နဲ့ကပ်လျက် ကနီနယ်ထဲက ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်လို့ ကင်းရွာ၊ အထက်ကင်းအပြင် မြစ်တစ်ဖက်တစ်ချပ်မှာရှိတဲ့ ကျေးရွာတွေက လူတွေ ထိတ်လန့်ထွက်ပြေးနေကြရတာ သီတင်းပတ်ချီကြာလာပြီ ဖြစ်ပါတယ်။

  3. စစ်ကောင်စီပစ်ခတ်မှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို မေ ၂၀ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ပြင်

    မကွေးမြို့မှာ မတ် ၂၇ ရက်က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ရဲ့ ငါးကြိမ်မြောက်ရုံးချိန်းကို မေ ၂၀ ရက်မှာ ချိန်းဆိုထားပါတယ်။ ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားပြီး စစ်ဆေးရုံမှာ ရဲအစောင့်အရှောက်နဲ့ ထားရှိထားပါတယ်။

    မကွေးမြို့နယ်တရားရုံးမှာ ပြုလုပ်မယ့် ဒီရုံးချိန်းမှာ ကိုလျှံဖြိုးအောင်က တရားခွင်ကို သွားရောက်ဖို့ ပြင်ဆင်ထားပြီး ရုံးချိန်းသာ စစ်ဖြစ်ခဲ့ရင် သူ့ဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေပါဝါတင်ဖို့ရှိနေပြီး ဆေးဆက်လက်ကုသခွင့်ရဖို့အတွက် အယူခံတင် ထားတဲ့အပေါ် တရားရုံးရဲ့အဆုံးအဖြတ်ကိုလည်း သိနိုင်မယ်လို့ သူကပြောပါတယ်။

    "မေ ၆ ရက်က ရုံးချိန်းက မစစ်ဖြစ်ဘူး။ မေ ၁၃ ရက်ကိုပြန်ချိန်းပါတယ်။ မေ ၁၃ လည်းမစစ်ဖြစ်လို့ မေ ၂၀ ကို ခု ပြန်ချိန်းထားပါတယ်။ တရားသူကြီးတစ်ယောက်က ညနေပိုင်းမှာ ဆေးရုံကိုလာပြီး ရမန်ယူပြီးရုံးချိန်းပေးတာပါ။ သူ့ကျန်းမာရေးအခြေအနေလည်း ကြည့်ရင်းပေါ့။ လူကောင်းသာမန်တွေဆို အာမခံလျှောက်တယ်ပေါ့နော်။ သူကကျတော့ ကျန်းမာရေးအရ ဆေးဆက်လက်ကုသခွင့် ဆိုတဲ့အယူခံကို တင်ထားတာလည်းရှိပါတယ်။ ဒါလည်း သဘက်ခါရုံးချိန်းစစ်ဖြစ်ရင်တော့ အဲဒီအယူခံနဲ့ပတ်သက်လို့ တစ်ခုခုသိရမယ်လို့မျှော်လင့်ပါတယ်" လို့ ကိုလျှံဖြိုးအောင်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကိုလျှံဖြိုးအောင်ဟာ မတ်လ ၂၇ ရက်က မကွေးမြို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက အင်အားသုံးဖြိုခွင်းမှုမှာ ဘယ်ဘက်မျက်လုံးနဲ့ ဘယ်ဘက်လက်တစ်ဖက် ဆုံးရှုံးခဲ့ရသလို ညာဘက်ခြေထောက်ကလည်း ရာဘာကျည်နဲ့ အနီးကပ်အချက်ပေါင်းများစွာ ပစ်ခတ်ခံရတာကြောင့် လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ခဲ့တဲ့အခြေအနေမှာ ရှိခဲ့ပါတယ်။

    စစ်ဆေးရုံမှာ လနဲ့ချီ ကုသမှုခံယူခဲ့ရပြီး အခုတော့ လက်နဲ့ခြေထောက်မှာ စည်းထားတဲ့ ကျောက်ပတ်တီးတွေကို နှစ်ရက်ခြားတစ်ကြိမ် ဖြည်လို့ရတဲ့အနေအထားရှိနေပါတယ်။ လုံးဝကွယ်သွားပြီဖြစ်တဲ့ ဘယ်ဘက်မျက်လုံးကတော့ ခွဲစိတ်ကုသရင် ပြန်ကောင်းဖို့ ၅၀ ရာခိုင်နှုန်း မျှော်လင့်ချက်ရှိနိုင်တယ်လို့ မျက်စိအထူးကုဆရာဝန်တွေက ပြောထားတာကြောင့် ပြင်ပမှာ မျက်စိခွဲစိတ်ကုသခွင့်ရဖို့လည်း ကိုလျှံဖြိုးအောင်က စိတ်အားထက်သန်နေတာပါ။ ဒါပေမဲ့ စစ်ကောင်စီက ဒါကိုခွင့်ပြုပေးမပေး ဆိုတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

    စစ်ဆေးရုံမှာမိခင်နဲ့အတူတွေ့ရတဲ့ ကိုလျှံဖြိုးအောင်ပါ။ ညာဘက် ခြေထောက်က ကျောက်ပတ်တီးတွေဖြည်အပြီးမှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာတွေကိုတွေ့မြင်နေရတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်ဆေးရုံမှာမိခင်နဲ့အတူတွေ့ရတဲ့ ကိုလျှံဖြိုးအောင်ပါ။ ညာဘက် ခြေထောက်က ကျောက်ပတ်တီးတွေဖြည်အပြီးမှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာတွေကိုတွေ့မြင်နေရတာဖြစ်ပါတယ်။
  4. မော်လမြိုင်မှာ ကျောင်းသားကျောင်းသူ ၈ ဦး အဖမ်းခံရ

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

    မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်မှာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ စုပေါင်းနေထိုင်နေကြတဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးခံရတဲ့ ကျောင်းသူ ကျောင်းသား ၈ ဦးက မော်လမြိုင်တက္ကသိုလ်က ၂ ဦး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) က ၅ ဦးနဲ့ မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်းရင်းနဲ့ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မော်လမြိုင်တက္ကသိုလ် ၊ ဓာတုဗေဒနဲ့ ဇီဝဓာတုဗေဒက ဓာတုဗေဒ မဟာသိပ္ပံ အရည်အချင်းစစ်သင်တန်း ကျောင်းသားတွေက စစ်ကောင်စီက ဖွင့်လှစ်တဲ့ အတန်းပညာတွေကို ဆက်လက်သင်ယူခြင်း မပြုတော့ဘူးလို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Mawlamyine University Students' Union

  5. တောင်ဒဂုံမှာ အမက ၁၄ မီးလောင်မှုဖြစ်အပြီး CDM ဝင်နေတဲ့မူလတန်းပြတစ်ဦး ထိန်းသိမ်းစစ်ဆေးခံနေရ

    ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲက ၁၀၄ ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ မေလ ၁၈ ရက် မနက် ၅ နာရီခန့်မှာ ဧည့်စာရင်းစစ်မယ်လို့ ရောက်လာပြီး ရပ်ကွက်ထဲမှာ နေထိုင်တာကြာပြီဖြစ်တဲ့ CDM လုပ်နေတဲ့ မူလတန်းပြဆရာမတစ်ဦးကို ခေါ်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

    တောင်ဒဂုံက အမှတ် ၁၄ မူလတန်းကျောင်းမှာ ဒီနေ့မနက် ၂ နာရီလောက်က မီးလောင်မှုဖြစ်အပြီးမှာ အဲဒီကျောင်းနားမှာနေထိုင်ပြီး ကျောင်းမှာပဲမူလတန်းပြလုပ်နေတဲ့ ဆရာမဒေါ်လဲ့လဲ့ဝင်း အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    ''ဧည့်စာရင်းစစ်တယ်ကြားတော့ အိမ်ကလူတွေလည်း ထွက်ကြည့်တာပေါ့။ ဘေးအိမ်တွေလည်းလည်းမစစ်ဘဲ ကိုယ့်အိမ်ကို တန်းတန်းမတ်မတ်ကြီး လာတာ။ အဲဒါ ဧည့်စာရင်းစစ်တာမဟုတ်ဘဲနဲ့ သူက ရှိရှိသမျှလူ အကုန်ထွက်။ ဒါ ဆရာမအိမ်။ ဒါ ဆရာမရှိတဲ့အိမ်ဆိုပြီးတော့ အဲလိုလည်းပြောတယ်။ အဲဒါနဲ့ ထွက်လိုက်တယ်ပေါ့။ ပြီးတော့ လူဦးရေစစ်တယ်။ ဆရာမရော ဖုန်းတွေပေးပါပေါ့။ ဖုန်းပေးတော့ ဒီမှာစစ်လို့မရဘူး။ ရုံးလိုက်ခဲ့ဆိုတော့ အိမ်က လူတွေက ဖုန်း ၄ လုံး ထည့်ပေးလိုက်တယ်။ ပြီးတော့ အိမ်ကလူတွေက ရုံးကိုလိုက်သွားတယ်ပေါ့။ ကျန်တဲ့သူတွေ အလျှို အလျှိုပြန်လာပြီးတော့ ပြန်လွှတ်လိုက်ပြီးတော့ ဆရာမရော သူ့ဖုန်း ၂ လုံးကိုရောကျတော့ ဒါ ဒီမှာ မရပါဘူး။ သူတို့ ရဲစခန်းကို ခေါ်မှဖြစ်မယ်အနေအထားမျိုး ဆိုပြီးတော့ ခေါ်သွားတာ'' လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    စစ်ဆေးဖို့ လမ်းထဲကနေ ခေါ်သွားခံရပြီး ပြန်လွတ်လာသူတစ်ဦးရဲ့ပြောပြချက်အရဆို ရပ်ကွက်ထဲက စာသင်ကျောင်းမီးလောင်မှုကိစ္စကို စစ်နေတယ်လို့ သိရတယ်ဆိုပြီး မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    ''ဘယ်သူက တိုင်တန်းတယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ သူ့ကျောင်းအုပ်နဲ့ သူ့ကြားမှာတော့ အဆင်မပြေမှုတွေရှိခဲ့တယ်။ အရင်တုန်းကလည်း အဲဒါကို ဆရာမ အိမ်သားတွေကို ရင်ဖွင့်ဖူးတယ်။ တခုကြားတာကတော့ CDM လုပ်တဲ့ဆရာမက မီးရှို့သွားပါတယ်ဆိုပြီး တိုင်တဲ့လူက တိုင်ထားတယ်ဆိုတာတော့ ကြားလိုက်တယ်။ ဒါပေမဲ့ ဒီကျောင်း မီးလောင်မှုက အိမ်ကလူတွေရော၊ ဆရာမရော မသိဘူး။ သူများတွေပြောတဲ့တဆင့်စကားနဲ့ပဲ ကြားသိခဲ့ကြရတာ'' လို့လည်း မိသားစုဝင် တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ ဆရာမ ဒေါ်လဲ့လဲ့ဝင်းဟာ တောင်မြောက်လမ်းဆုံက ရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး အိမ်ကလူတွေက စခန်းကို လိုက်သွားပေမဲ့ မေးမြန်းမှုတွေပြုလုပ်နေတာမို့ ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးဘူးဆိုတာကြောင့် တွေ့ခွင့်မရသေးဘူးလို့ မိသားစုက ပြောပါတယ်။

    ဆရာမ ဒေါ်လဲ့လဲ့ဝင်းဟာ ကျောင်းက တခြားဆရာမတချို့နည်းတူ CDM ဝင်နေတာ စစ်တပ်ကအာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

    တောင်ဒဂုံမှာ အမက ၁၄ မီးလောင်မှုဖြစ်အပြီး CDM ဝင်နေတဲ့မူလတန်းပြတစ်ဦး ထိန်းသိမ်းစစ်ဆေးခံနေရ

    ဓာတ်ပုံ ရင်းမြစ်, social media

  6. နှစ်တစ်ဝက်လောက် အမှုရင်ဆိုင်နေရတဲ့ကျောင်းသားတွေကို အမြန်ဆုံးအမိန့်ချပေးဖို့ သမဂ္ဂပြော

    စစ်ဆန့်ကျင်ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးခံလိုက်ရပြီး အမှုရင်ဆိုင်နေရတဲ့ ရခိုင်က တက္ကသိုလ်ကျောင်းသားတွေဟာ ထောင်ထဲမှာနှစ်တစ်ဝက်လောက်နေရတာကြောင့် အမှုကိုအမြန်ဆုံးမိန့်ချစေချင်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ပြောပါတယ်။

    လက်ရှိမှာ စစ်တွေအကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်းတို့ တက္ကသိုလ်ကျောင်းသားလေးဦးတို့ဟာ အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဘေးစီမံဉပဒေတွေနဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံနေကြရတာဖြစ်ပါတယ်။

    အဲ့ဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့် အရပ် သားထိခိုက်သေဆုံးမှုတွေမရှိဖို့၊ စစ်ပွဲတွေရပ်တန့်ပေးဖို့နဲ့ ပြည်သူတွေကိုပစ်ခတ်တိုက်ခိုက်နေတဲ့ တပ်မတော်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ စက်တင်ဘာ ၉ ရက်နေ့က ပထမအကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

    ပထမအကြိမ်ဆန္ဒပြမှုမှာ ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နဲ့ ကိုဦးသန်းနိုင်တို့သုံးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဉပဒေနဲ့တရားစွဲဆိုခံခဲ့ကြရတာဖြစ်ပါတယ်။

    ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်တွေဒေသခံ တစ်ရာလောက်ပါဝင်တဲ့ ဆန္ဒပြတောင်းဆိုမှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ကြရာ ရဲတပ်ဖွဲ့ရဲ့ပိတ်ဆို့ဖမ်းဆီးခြင်းခံလိုက်ရကာ ကိုဦးသန်းနိုင်အပါအဝင် နောက်ထပ်လေးဦးကို အကြည်အညိုပျက်စေမှု၊ ဘေးအန္တရာစီမံခန့်ခွဲရေးဉပဒေတွေနဲ့ တရားစွဲဆိုခဲ့ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

    အဲ့ဒီရခိုင်စစ်ပွဲအတွင်းဖြစ်ပွားခဲ့တဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေကြောင့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တစ်နိုင်ငံလုံးနီးပါးပျံ့နှံ့သွားခဲ့ပြီး တက္ကသိုလ်ကျောင်းသားအများအပြားဖမ်းဆီးခံခဲ့ရကာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

    ပထမအကြိမ် ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နဲ့ ကိုဦးသန်းနိုင်တို့သုံးဦးပါဝင်တဲ့ ငြိမ်းစုစီပုဒ်နဲ့စွဲဆိုထားတဲ့အမှုကိုတော့ ပြီးခဲ့တဲ့ပတ်ရုံးချိန်းမှာ ငွေဒဏ်စီရင်ချက်အမိန့်ချမှတ်ခဲ့တာပါ

    ကျန်အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ လေးဦးရှိနေပြီး အဲ့ဒီသက်သေတွေဟာ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့အတွက် ရုံးချိန်းမလာရောက်နိုင်တာကြောင့် အမှုမစစ်ဆေးဘဲ အခုလ ၃၁ ရက်နေ့ကိုထပ်မံချိန်းဆိုလိုက်တယ်လို့ ကိုကျော်ငြိမ်းထွန်းက ပြောပါတယ်။

  7. စစ်တပ်ကို လက်နက်ရောင်းချမှုအမြန်ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်မူကြမ်း ထွက်လာဖို့ ကုလညီလာခံ ဆွေးနွေးပွဲ ရွှေ့ဆိုင်း

    စစ်တပ်ကို လက်နက်ရောင်းချမှုအမြန်ဆိုင်းငံ့ရေး ကုလညီလာခံ ဆွေးနွေးပွဲ ရွှေ့ဆိုင်း

    ဓာတ်ပုံ ရင်းမြစ်, AFP

    မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းရောင်းချမှု အမြန်ဆုံးဆိုင်းငံ့ဖို့ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင် ထွက်လာရေး ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တယ်ဆိုပြီး သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။

    အဲဒီဆုံးဖြတ်ချက်မူကြမ်းပါ စာသားတွေနဲ့ပတ်သက်ပြီး အစည်းအဝေးတင် ဆွေးနွေးဖို့ လုံလောက်တဲ့ထောက်ခံမှုမရတာကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာလို့ သိရပါတယ်။

    အစောပိုင်းတုန်းကတော့ မူကြမ်းအရေးအစည်းအဝေးပွဲကို ဒီနေ့ မေလ ၁၈ ရက်မှာ ကျင်းပပြီး သက်ဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်တွေလည်း လူကိုယ်တိုင်တက်ကြမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

    မူကြမ်းကိုတင်မယ့်သူတွေဟာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီမူကြမ်းကို အတည်ပြုနိုင်ဖို့ ထင်ထားသလောက် ထောက်ခံမှုမရတာကြောင့်လို့ သံတမန်တစ်ဦးက ပြောထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။

    ဒါ့အပြင် ''အာဆီယံလို အဖွဲ့အစည်းမျိုးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အချိန်ယူချင်တာကလည်း တစ်ကြောင်းဖြစ်တယ်'' လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ယောက်က ပြောထားတယ်လို့လည်း ဆိုပါတယ်။

    အထွေထွေညီလာခံကကြိုးပမ်းမယ့် ဆုံးဖြတ်ချက်မူကြမ်းဟာ တရားဝင်တာဝန်ခံရမယ့်ဆုံးဖြတ်ချက်မူကြမ်းမဟုတ်ပေမဲ့ နိုင်ငံရေးအရ သိသာခိုင်မာတဲ့ မူကြမ်းအသွင်ဆောင်ပါတယ်။

    မူကြမ်းဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံထဲကို လက်နက်ခဲယမ်းတွေနဲ့ တခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို တိုက်ရိုက်နဲ့တနည်း၊ သွယ်ဝိုက်ပြီးတဖုံ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ထောက်ပံ့မှုကို ချက်ချင်းဆိုင်းငံ့ဖို့ တောင်းဆိုမှာဖြစ်ပါတယ်။

    ဒီမူကြမ်းပေါ်လာဖို့ ဆွေးနွေးနေတာ သီတင်းပတ်ချီကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံပေါင်း ၄၈ နိုင်ငံက ပူးတွဲ ထောက်ခံထားကာ အဲဒီထဲမှာ တောင်ကိုရီးယားနိုင်ငံကလည်း အာရှတိုက်ထဲက တစ်ခုတည်းသောနိုင်ငံအနေနဲ့ ပါဝင်နေပါတယ်။

  8. လမ်းမတော်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက်လုံခြုံရေးတင်းကြပ်ထား

    ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခေါင်းကို ပစ်ခတ်ခံရပြီးတဲ့နောက် အနော်ရထာလမ်းမကြီးနဲ့ ဂျန်းရှင်းမော်တင် စျေး၀ယ်စင်တာရှေ့ အပါအဝင် နေရာတော်တော်များများမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။

    အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး အမျိုးသားဟာ ဒီနေ့ မနက်ပိုင်းမှာ လမ်းမတော် ၈ လမ်းအတွင်းမှာ ဦးခေါင်းပွင့်တဲ့အထိ အပစ်ခံခဲ့ရတယ်လို့ လမ်းထဲမှာ နေထိုင်သူတွေက ပြောပါတယ်။

    အဲဒီဖြစ်ရပ်မတိုင်ခင် ဒီနေ့ မနက် ၅ နာရီခွဲလောက်ကလည်း ကိုင်းတန်းလမ်းထဲမှာရှိတဲ့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

    လမ်းမတော်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက်လုံခြုံရေးတင်းကြပ်ထား

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. စစ်ကောင်စီတပ်တွေ မင်းတပ်မြို့ကိုစီးထားပြီး မြို့ပေါ်က လူအများစု ထွက်ပြေးတိမ်းရှောင်နေကြ

  10. စစ်ခေါင်းဆောင်နှစ်ဦးရဲ့ သားသမီး ၃ ဦးအပါအဝင် လူပုဂ္ဂိုလ်၁၆ ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်

    အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ စစ်ကောင်စီအဖွဲ့တို့ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

    အဲဒီထဲက ၁၃ ဦးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေ ဖြစ်ပြီး ကျန်တဲ့ ၃ ဦးကတော့ စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေ ဖြစ်ပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ပါသူတွေက စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးစိုင်းလုံးဆိုင်၊ ဦးခင်မောင်ဆွေ တို့နဲ့အတူ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဦးထွန်းထွန်းနောင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးပွင့်ဆန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဦးသက်ခိုင်ဝင်း၊ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ တို့ ဖြစ်ပါတယ်။

    နောက် ၃ ဦးကတော့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ သား ဟိန်းထက် နဲ့ ကောင်းထက်၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ သမီး ယဉ်မင်းသူ တို့ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ကို ဖေဖော်ဝါရီလ ၁၁ ရက်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

    အမေရိကန်၊ မြန်မာစစ်ကောင်စီ၊ ဒဏ်ခတ်

    ဓာတ်ပုံ ရင်းမြစ်, DSINFO

  11. စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် ယူကေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချမှတ်

    အာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူမှုတွေ လုပ်တဲ့အနေနဲ့ ယူကေအစိုးရက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ဒီကနေ့ မေလ ၁၇ ရက်နေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

    အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကလေးငယ်တွေကို သတ်ဖြတ်နေမှု အပါအဝင် မြန်မာပြည်သူတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ အာဏာသိမ်း စစ်တပ်အတွက် ငွေကြေးထောက်ပံ့ပေးနေတဲ့ အရေးပါတဲ့ ရင်းမြစ်တစ်ခုကို ဖြတ်တောက်ပစ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    "အာဏာသိမ်း စစ်တပ်ဟာ ဒီမိုကရေစီစနစ်ကို ချေဖျက်ပစ်ဖို့ နဲ့ ကိုယ့်ပြည်သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်ဖိနှိပ်မှုတွေကို ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်အတွက် ငွေကြေးထောက်ပံ့ပေးနေတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ဆောင်ကြဉ်းနိုင်ဖို့အတွက် ဗြိတိန်အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်"လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ် ရာ့ဘ် က ပြောပါတယ်။

    အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေအရ ယူကေနိုင်ငံမှာ ရှိတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းက ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်တဲ့ စီးပွားရေးအရင်းအမြစ်တွေကို ငွေကြေးထောက်ပံ့ ဒါမှမဟုတ် လုပ်ငန်းဆောင်ရွက်နေသူ မှန်သမျှကို တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

    ဒီကနေ့ ကြေညာချက်ဟာ အမေရိကန်၊ ကနေဒါ အစိုးရတို့နဲ့အတူ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ G7 အစည်းအဝေးနဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးတို့အပြီးမှာ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။အဲဒီ အစည်းအဝေးတွေမှာ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တညီတညွတ်တည်း အခိုင်အမာ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြခဲ့ကြပါတယ်။

    ယူကေ၊ အမေရိကန်နဲ့ ကနေဒါအစိုးရတို့က မြန်မာနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းမယ် ဆိုတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံရဲ့ မကြာသေးခင်က ကြေညာချက်ကို ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချနေမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းဖို့ ယူကေနဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက ထပ်လောင်း ပြောဆိုခဲ့ပြီး ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အလားတူ လုပ်ဆောင်မှုမျိုး လုပ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

    ယူကေ၊ မြန်မာ၊ ဒဏ်ခတ်ပိတ်ဆို့၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  12. မြန်မာရွေးကောက်ပွဲ မဲမသမာမှု မတွေ့ရဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ပြော

    မြန်မာနိုင်ငံမှာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေက ခိုင်လုံမှုမရှိဘူးလို့ "Asian Network for Free Elections" (ANFREL) (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အာရှကွန်ရက် အဖွဲ့)က ဒီကနေ့ ထုတ်ဖော်ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

    "အာဏာသိမ်း စစ်ကောင်စီ စွပ်စွဲပြောနေသလို ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ မဲမသမာမှုကြီး ရှိခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတရာ မတွေ့ရကြောင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြု ဖော်ပြခဲ့တယ်ဆိုတာကို ANFRELအဖွဲ့က လေ့လာတွေ့ခဲ့ရကြောင်း" မြန်မာနိုင်ငံရဲ့ နိုဝင်ဘာလရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လေ့လာချက် နောက်ဆုံးအစီရင်ခံစာအကြောင်း ဗီဒီယိုကွန်ဖရန့်စ် အစည်းအဝေးမှာ အဖွဲ့ရဲ့ စောင့်ကြည့်လေ့လာသူ ချန်လွန်းက ပြောသွားပါတယ်။

    ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အပြတ်အသတ် မဲအသာရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ရွေးကောက်ခံ အမတ်တွေကိုလည်း ထိန်းသိမ်းထားလိုက်ပါတယ်။

    "ရွေးကောက်ပွဲ မဲရလဒ်ကို ကျေနပ်ကြောင်း ကန့်ကွက်လွှာတွေ တစ်ပုံတစ်ခေါင်းကြီး ပေါ်ထွက်လာတာဟာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးမယ့် ယန္တရားလုပ်ငန်းတွေ မနိုင်မနင်းဖြစ်သွားအောင် အကွက်ချကြံစည် လုပ်ဆောင်မှုတစ်ခု ဖြစ်နိုင်ပြီး ဒီကန့်ကွက်လွှာတွေကိစ္စကို ဖြေရှင်းခွင့်မရခင်မှာဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်တယ်"လို့ ဘန်ကောက်မြို့ အခြေစိုက် ANFREL အဖွဲ့က ကျွမ်းကျင်သူ အမေလ် ဗီယာ က ပြောပါတယ်။

    ရွေးကောက်ပွဲကိစ္စ အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က စိတ်ရင်းအမှန်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပုံ မရကြောင်းနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မပြည့်မစုံတဲ့၊ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံထားတယ်လို့ သူက ပြောပါတယ်။

    နိုဝင်ဘာလ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ANFREL အဖွဲ့က သူတို့ရဲ့ ကျွမ်းကျင်သူ ၂၄ ဦးကို စေလွှတ်ခဲ့တာ ဖြစ်ပြီး "ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းကမ်းတကျ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲကို ထိခိုက်စေမယ့်ဖြစ်ရပ် ကြီးကြီးမားမား တစုံတရာ မရှိခဲ့ကြောင်း" ANFREL အဖွဲ့က အခုထုတ်ပြန်လိုက်တဲ့ လေ့လာချက် နောက်ဆုံး အစီရင်ခံစာထဲမှာ ကောက်ချက်ချ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်းတွေကြောင့်မဲဆွယ်စည်းရုံးမှုတွေ လျှော့ချရတာ၊ လူစုလူဝေး မလုပ်ရတာ၊ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်အပါအဝင် နေရာဒေသ အတော်များများမှာ မဲရုံတွေ ပိတ်ခဲ့ရတာတွေကြောင့် ရွေးကောက်ပွဲအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့တယ်လို့ "Asian Network for Free Elections" (ANFREL) (ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အာရှကွန်ရက် အဖွဲ့)က ပြောပါတယ်။

    ရွေးကောက်ပွဲ၊ မဲမသမာမှု၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. ကနီမြို့နယ်ထဲက ရွာတွေကို စစ်တပ်က ဝင်ရှာပြီး ဖမ်းဆီး

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မုံရွာ- ယာကြီး-ကလေးဝလမ်းပေါ်က သလင်းကျေးရွာမှာ ဒီကနေ့ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာထဲကို ဝင်ရောက် စစ်ဆေးမေးမြန်းတာတွေ ရှိလို့ ရွာခံအများစု တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    သလင်းကျေးရွာက ဒေသခံ ၃ ဦးကို ဖမ်းဆီ းခေါ်ဆောင်သွားခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။

    သလင်းကျေးရွာဟာ ယာကြီးအုပ်စုပိုင် ကနီမြို့နယ်ထဲမှာ ပါဝင်ပါတယ်။

    ယာကြီးကျေးရွာကိုလည်း စစ်ကားအစီး ၂၀ နဲ့အတူ လမ်းရှင်းတဲ့ကား အပါအဝင် ကားအစီး ၃၀ ကျော်နဲ့ ရောက်လာပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

    ကနီမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ချင်းတွင်းမြစ်အတွင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်ရောက် ရှာဖွေမှုတွေ လုပ်နေတာဖြစ်ပြီး‌ ရွာခံအများစု တိမ်းရှောင်နေကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. နှစ်တစ်ဝက်နီးပါး အမှုရင်ဆိုင်နေရတဲ့ကျောင်းသားတွေကို အမြန်ဆုံးအမိန့်ချစေချင်တယ်လို့ သမဂ္ဂပြော

    စစ်ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုမှုကြောင့် ဖမ်းဆီးခံလိုက်ရပြီး အမှုရင်ဆိုင်နေရတဲ့ ရခိုင်က တက္ကသိုလ်ကျောင်းသားတွေဟာ ထောင်ထဲမှာ နှစ်တစ်ဝက်လောက် နေရတာကြောင့် အမှုကို အမြန်ဆုံးအမိန့်ချစေချင်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ပြောပါတယ်။

    လက်ရှိမှာ စစ်တွေအကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်းတို့ တက္ကသိုလ်ကျောင်းသားလေးဦးတို့ဟာ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဘေးစီမံဥပဒေတွေနဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံနေကြရတာဖြစ်ပါတယ်။

    အဲဒီကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မရှိဖို့၊ စစ်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ တပ်မတော်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ စက်တင်ဘာ ၉ ရက်နေ့က ပထမအကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

    ပထမအကြိမ် ဆန္ဒပြမှုမှာ ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နဲ့ ကိုဦးသန်းနိုင်တို့ သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့တရားစွဲဆိုခဲ့ပါတယ်။

    အဲဒီနောက် အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်တွေဒေသခံ တစ်ရာလောက် ပါဝင်တဲ့ ဆန္ဒပြတောင်းဆိုမှုတစ်ခု ထပ်မံ ပြုလုပ်ခဲ့ကြစဉ်အတွင်း ကိုဦးသန်းနိုင်အပါအဝင် နောက်ထပ်လေးဦးကို ရဲက ပိတ်ဆို့ ဖမ်းဆီးခဲ့ပြီးအကြည်ညိုပျက်စေမှု၊ ဘေးအန္တရာစီမံခန့်ခွဲရေးဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေကြောင့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ တစ်နိုင်ငံလုံးနီးပါး ပျံ့နှံ့သွားခဲ့ရာမှာ ဆန္ဒပြတက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူတွေလည်း ရှိနေပါတယ်။

    ပထမအကြိမ် ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့ ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နဲ့ ကိုဦးသန်းနိုင်တို့သုံးဦးပါဝင်တဲ့ ငြိမ်းစုစီပုဒ်မနဲ့ စွဲဆိုထားတဲ့အမှုကိုတော့ ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ ငွေဒဏ် ချမှတ်ခဲ့ပါတယ်။

    ကျန်တဲ့အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ လေးဦးရှိနေပြီး အဲ့ဒီသက်သေတွေဟာ စစ်တွေမြို့နယ်အတွင်းမှာ ရှိတဲ့အတွက် ရုံးချိန်း မလာရောက်နိုင်တာကြောင့် အမှုမစစ်ဆေးဘဲ အခုလ ၃၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ ကိုကျော်ငြိမ်းထွန်းက ပြောပါတယ်။

    ကျောင်းသားတွေကို  ၂၀၂၀ စက်တင်ဘာ ၁၀ ရက် က ပထမ ရုံးထုတ်မှာ ရမန်ယူ

    ဓာတ်ပုံ ရင်းမြစ်, Myint Lwin/BBC Burmese

    ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေကို ၂၀၂၀ စက်တင်ဘာ ၁၀ ရက် က ပထမ ရုံးထုတ်မှာ ရမန်ယူ
  15. ရွှေစျေး ၁၅ သိန်းကျော်ပြန်ကျ

    စစစ အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ စျေးနှုန်းကျဆင်းရေး ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပြီးနောက်တစ်ရက် မေလ ၁၇ ရက်နေ့မှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၅ သိန်း ရှစ်သောင်းကျော် အထိ ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းရဲ့ မေလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

    ရွှေစျေးတွေ တက်လာရင် ကမ္ဘာ့ရွှေ စျေးတက်လို့ဆိုပြီး ရွှေကုန်သည်တွေ ပြောလေ့ရှိပေမဲ့ ကမ္ဘာ့ရွှေစျေးက တော့ ဆက်တက်နေပြီး ပြည်တွင်းစျေးက ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် အသင်းက ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းဒေါ်လာစျေး ကျရင် ရွှေစျေးပြန်ကျနိုင်တယ်လို့ ဘီဘီစီကိုပြောခဲ့ပါတယ်။

    မေလ ၁၇ ရက်နေ့ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၁၈၅၃ ‌ဒေါ်လာစျေးပေါက်ပြီး ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းက တစ်ဒေါ်လာကို ၁၆၇၅ ကျပ် ပေါက်စျေးရှိတယ်လို့လည်း ရွှေအသင်းက ဒီနေ့ မေလ ၁၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့မေလ ၁၅ ရက်နေ့ကတော့ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၁၈၄၂ ‌ဒေါ်လာစျေးပေါက်ပြီး ဒေါ်လာနဲ့ ကျပ်ငွေလဲနှူန်းက တစ်ဒေါ်လာကို ၁၆၇၅ ပေါက်တာ တွေ့ရပါတယ်။

    မေလ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အနေနဲ့ ကုန်စျေးနှုန်း (ရွှေစျေးနှုန်း) တည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ (စစစ- အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) ရဲ့ လမ်းညွှန်မှုနဲ့အတူ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, YGEA

  16. မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ

    ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ မေလ ၁၇ ရက်မှာ ပစ်ခတ်မှုတွေလုပ်နေချိန် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး လည်ပင်းကို ကျည်ထိမှန်ထားတယ်လို့ သိရှိရပါတယ်။

    ပစ်ခတ်မှုတွေကြောင့် မိခင်ဖြစ်သူနဲ့ အိမ်ထဲ ပုန်းနေချိန် အဲဒီကလေးငယ် ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။

    မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဘာ့ကြောင့် ဒီလို ပစ်ခတ်မှုတွေ လုပ်နေတယ်ဆိုတာ မသိရပေမဲ့ ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေခဲ့တဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မြို့ထဲက အရပ်သားတွေ အထိအခိုက်မဖြစ်အောင် သူတို့ တပ်ဆုတ်တဲ့အကြောင်း အစောပိုင်းက ပြောထားပါတယ်။

    မင်းတပ်မှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာလိုက်တဲ့အကြောင်း စစ်ကောင်စီက မတ်လ ၁၃ မှာ ကြေညာခဲ့ပါတယ်။

    တချိန်တည်းမှာပဲ မေလ ၁၃ ရက်နဲ့ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ကားတွေပါ တိုက်ခိုက်ခံရအပြီး ထိခိုက်သေဆုံး၊ ပျောက်ဆုံးတာတွေရှိခဲ့ပါတယ်။

    အဲဒီနောက် မေလ ၁၅ ရက်မှာ စစ်ကောင်စီဘက်က မင်းတပ်မှာ ရဟတ်ယာဉ်တွေသုံးပြီး မြေပြင်၊ ဝေဟင် စစ်ဆင်ရေး လုပ်ခဲ့လို့ မြန်မာနိုင်ငံထဲက ဗြိတိန်နဲ့ အမေရိကန်သံရုံးတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရက ဒီအခြေအနေကို စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

    စစ်တပ်ရဲ့ အခုလို ထိုးစစ်ကြောင့် မင်းတပ်က အရပ်သားပြည်သူတွေ စစ်ရာဇဝတ်မှု ကျူးလွန်ခံရနိုင်တဲ့ခြိမ်းခြောက်မှုရှိနေတယ်ဆိုပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    မင်းတပ်မှာ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကျည်ထိ

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. ထားဝယ်မှာပစ်ခတ် ဖြိုခွင်းပြီး၊လူ ၁၀ ဦးခန့်ဖမ်းဆီးခံရ

    ထားဝယ်မှာ မေလ ၁၇ ရက်နေ့က သပိတ်စစ်ကြောင်း ကို စစ်တပ်က ကားနှစ်စီးနဲ့ လာ‌ရောက်ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အနည်းဆုံး လူ ၃ ဦးကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ တစ်ဆင့်သိရပါတယ်။

    ဒါ့အပြင် ဆန္ဒပြပွဲမတိုင်မီ ထားဝယ် ကျေက်ကြီးမော်ရပ်ကွက်မှာ မေလ လူတစ်ဦးအပါအဝင် သူနဲ့ဆွေမျိုး‌တော်စပ်သူ ၇ ဦးကို ဖမ်းထားဝယ်အခြေစိုက် သတင်းဌာနက ရေးပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ထားဝယ်က ဆန္ဒပြ သပိတ်ခေါင်းဆောင်တစ်ဦးနဲ့ဆက်စပ်ပြီး အသက်၂၀ အရွယ်လူငယ်တစ်ဦးကို ဖမ်းရာကနေ အိမ်မှာရောက်နေတဲ့ အမျိုးတော်စပ်သူ ငါးဖမ်းလှေလုပ်ကိုင်သူတွေကိုပါ ဖမ်းသွားခဲ့တာလို့လည်း ဆိုပါတယ်။

    ဒီကနေ့ မနက်ပိုင်း ဖြိုခွင်းခံရတဲ့ သပိတ်စစ်ကြောင်းဟာ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်မှာ ဖြိုခွင်းခံရတာဖြစ်ပြီး ဆန္ဒပြစစ်ကြောင်း စထွက်ပြီးချိန်မှာ ရဲ နဲ့ စစ်တပ်က ကားနှစ်စီးဖြင့်ရောက်လာပြီး သေနတ်ပစ် ဖြိုခွင်းခဲ့ရတာဖြစ်သလို လက်ရှိမှာတော့ ရဲနဲ့ စစ်သားတွေက ရပ်ကွက်ကိုလုံခြုံရေးယူထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    သတင်းနဲ့ဓာတ်ပုံ DAWEI WATCH

    no tag

    ဓာတ်ပုံ ရင်းမြစ်, DAWEI WATCH

  18. မြင်းခြံမှာ ခေါင်းကျည်ထိပြီး တလနီးပါးကြာဆေးကုခဲ့ရတဲ့အမျိုးသား သေဆုံး

    မန္တလေးတိုင်းထဲက မြင်းခြံမြို့မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ တလနီးပါးကြာဆေးကုသမှုခံယူခဲ့ရတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မနေ့ မေလ ၁၆ ရက်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင် တွေထံကနေ သိရပါတယ်။

    သေဆုံးခဲ့သူဟာ မြင်းခြံမြို့က အသက် ၄၄ နှစ်အရွယ် ဦးထွန်းဦးဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်လိုက်တဲ့ ဒဏ်ရာကြောင့် ဧပြီလ ၁၈ ရက်နေ့ကတည်းက မန္တလေးမှာ ဆေးကုသမှုခံယူနေခဲ့ရသူဖြစ်ပါတယ်။

    ဦးထွန်းဦးဟာ မြင်းခြံမြို့ စည်ပင်သာယာဈေးတောင်ဘက်မှာ စစ်ကောင်စီတပ်တွေလာတယ်ဆိုလို့ ဆိုင်ပိတ်ဖို့လုပ်နေတုန်း အမှတ် ၂ ရဲစခန်းဘက်ကနေ ပစ်ခံတာကို ခံခဲ့ရတာပါ။

    ''လူနာအခြေအနေတည်ငြိမ်မှ ခေါင်းထဲက ကျည်ကို ထုတ်ဖို့ ဆရာဝန်တွေက ပြင်ဆင်ခဲ့တာ။ အစောပိုင်းရက်တွေမှာ လူနာက စကားပြောနိုင်တယ်။ နောက်ပိုင်း သူ့ကို မေးရင် မျက်တောင်ခတ်ပြပြီး သိတယ်ဆိုတာ ပြောနိုင်တယ်။ မနေ့ (မေလ ၁၆ ရက်)တုန်းကတော့ ဒဏ်ရာကနေ သွေးထွက်လို့ ဆရာဝန် ပြတော့မှ မရတော့ဘူးဆိုတာနဲ့ အိမ်ပြန်ခေါ်လာတာပေါ့။ အိမ်အရောက် ဆုံးတယ်ပဲ ဆိုပါတော့။''လို့ သေဆုံးသူနဲ့ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောပါတယ်။

    ဦးထွန်းဦး အပစ်ခံရတဲ့ ရက်ပိုင်းဟာ မြင်းခြံမှာ မြို့လူထုရဲ့အဟန့်အတားတွေကို စစ်ကောင်စီတပ်တွေက အင်အားသုံးဖယ်ရှားပြီး နေရော၊ ညပါ ပစ်ခတ်မှု တွေ ဖြစ်နေတဲ့ရက်ပိုင်းဖြစ်ပါတယ်။

    ဦးထွန်းဦးရဲ့ဈာပနကိုတော့ ဒီနေ့ နေ့လည် ၁၂ နာရီမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

    မြင်းခြံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေကြောင့် သေဆုံးတဲ့ အရပ်သား ၂၅ ဦးကျော်အထိရှိနေပါတယ်။

    ဦးထွန်းဦး ဒဏ်ရာရခဲ့တဲ့ရက်ပိုင်းက မြို့တွင်း ပစ်ခတ်မှုတွေကြောင့် လူမရှိသလောက် ရှင်းလင်းနေတဲ့မြင်းခြံမြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဦးထွန်းဦး ဒဏ်ရာရခဲ့တဲ့ရက်ပိုင်းက မြို့တွင်း ပစ်ခတ်မှုတွေကြောင့် လူမရှိသလောက် ရှင်းလင်းနေတဲ့မြင်းခြံမြို့
  19. ဖရူဆိုမြို့မှာ လူထုလှုပ်ရှားမှုတွေ မရှိသလောက်နည်းနေ

    ဖရူဆိုလူငယ်တွေရဲ့မတ်လလည်ပိုင်းက ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖရူဆိုလူငယ်တွေရဲ့မတ်လလည်ပိုင်းက ဆန္ဒပြပွဲ

    ကယားပြည်နယ်ထဲက ဖရူဆိုမြို့မှာ စစ်ကောင်စီတပ်တွေက အင်အားရာချီနဲ့ လုံခြုံရေးတင်းကြပ်နေတာကြောင့် မြို့တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ မရှိသေလောက်နည်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    လက်ရှိမှာ ဖရူဆိုမြို့ထဲ စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်နဲ့ လမ်းဆုံ လမ်းခွတွေမှာ စစ်ဆေးရေးတွေ လုပ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါ တယ်။

    ဖရူဆိုမှာ ဧပြီလ ၂၄ ရက်တုန်းက စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်နေတဲ့ လူငယ် ၅၀ ခန့်ရဲ့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်က အင်အားသုံးဖြိုခွင်းမှုဖြစ်ပြီးကတည်းက မြို့ထဲမှာ လူထုလှုပ်ရှားမှုတွေ နည်းသွားတာဖြစ်ပြီး လူငယ်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    ဒါ့ပြင် မေလ ၄ ရက်နေ့တုန်းက မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပြီးကတည်းက စစ်ကောင်စီဘက်က လုံခြုံရေးမြှင့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ''ဖရူဆိုမြို့ဆိုတာက သေးသေးလေးပါ။ အခု ရောက်နေတဲ့စစ်သားက ခန့်မှန်းချေ ၂၀၀ လောက်ရှိတယ်။ မြို့မှာ ခြေမြန်တပ်ရင်း ၂ ခုပေါင်းမှ အရင်က အယောက် ၁၀၀ တောင်မပြည့်ဘူး။ အခုတော့ စစ်သားအင်အားနဲ့မြို့ခံအရေအတွက်ကြည့်ရင် စစ်သားက ပိုများနေတယ်''လို့ မြို့ခံလူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ပုဒ်မ ၅၀၅ (က)စာရင်းမှာပါတဲ့ မြို့ခံ ၆ ဦးနီးပါးရဲ့အိမ်တွေကို စစ်ကောင်စီ တပ်တွေက ရက်ခြားပြီး ဝင်ရောက်ရှာဖွေတာတွေလုပ်နေလို့ ကာကယံရှင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

    အခုဆို ဖရူဆိုမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာပါဝင်မှုနဲ့ အဖမ်းခံထားရသူ လူငယ် ၂ ဦး အပါအဝင် စုစုပေါင်း လူ ၄ ဦး ဖမ်းဆီးခံထားရပါတယ်။

  20. မြန်မာကို လက်နက်လွှဲပြောင်းရောင်းချမှုပိတ်နိုင်ရေး ကုလညီလာခံခေါ်မယ်

    မြန်မာကို လက်နက်လွှဲပြောင်းရောင်းချမှုပိတ်နိုင်ရေး ကုလညီလာခံခေါ်မယ်

    ဓာတ်ပုံ ရင်းမြစ်, AFP

    မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းရောင်းချမှု ချက်ချင်းဆိုင်းငံ့ဖို့တောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်ပေါ်လာစေရေး ကုလသမဂ္ဂညီလာခံခေါ်ဖို့ရှိနေတယ်လို့ ကုလသမဂ္ဂအရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။

    အထွေထွေညီလာခံကကြိုးပမ်းမယ့် ဆုံးဖြတ်ချက်မူကြမ်းဟာ တရားဝင်တာဝန်ခံရမယ့်ဆုံးဖြတ်ချက်မူကြမ်းမဟုတ်ပေမဲ့ နိုင်ငံရေးအရ သိသာခိုင်မာတဲ့ မူကြမ်းအသွင်ဆောင်ပါတယ်။

    ဒီမူကြမ်းကို အထွေထွေညီလာခံမှာ ဘုံသဘောတူညီချက်မရနိုင်ဘူးဆိုရင်တော့ ညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံက မဲပေးပြီး အတည်ပြုကြရမှာဖြစ်ပါတယ်။

    ဒီမူကြမ်းကို ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့ရဲ့ထောက်ခံမှုနဲ့ ဥရောပမှာရှိတဲ့ Liechtenstein နိုင်ငံငယ်က စတင်မိတ်ဆက်မှာဖြစ်ပြီး မေလ ၁၈ ရက် အင်္ဂါနေ့မှာ ညီလာခံလုပ်ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

    မူကြမ်းဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံထဲကို လက်နက်ခဲယမ်းတွေနဲ့ တခြားစစ်ဘက်ဆိုင်ရာပစ္စည်းတွေကို တိုက်ရိုက်နဲ့တနည်း၊ သွယ်ဝိုက်ပြီးတဖုံ လွှဲပြောင်းမှု၊ ရောင်းချမှု၊ ထောက်ပံ့မှုကို ချက်ချင်းဆိုင်းငံ့ဖို့ တောင်းဆိုမှာဖြစ်ပါတယ်။

    ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ လူကိုယ်တိုင်တက်ရောက်ပြီး ပြုလုပ်မှာလို့ ကုလသမဂ္ဂက ပြောခွင့်ရသူတစ်ဦးက ပြောတယ်ဆိုပြီး သတင်းက ဆိုပါတယ်။

    ဒီမူကြမ်းပေါ်လာဖို့ ဆွေးနွေးနေတာ သီတင်းပတ်ချီကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံပေါင်း ၄၈ နိုင်ငံက ပူးတွဲ ထောက်ခံထားကာ အဲဒီထဲမှာ တောင်ကိုရီးယားနိုင်ငံကလည်း တစ်ခုတည်းသော အာရှတိုက်ထဲက နိုင်ငံအနေနဲ့ ပါဝင်နေပါတယ်။

    စစ်တပ်အနေနဲ့ အရေးပေါ်အခြေအနေကြေညာထားတာကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေ အားလုံး ချက်ချင်းရပ်တန့်ဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖေဖော်ဝါရီလ ၁ရက်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားစွဲဆိုခံထားရသူတွေ အားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း မူကြမ်းထဲမှာ တောင်းဆိုမယ်လို့ သိရပါတယ်။

    အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ တောင်းဆိုထားကိုလည်း အဲဒီမူကြမ်းထဲ ထပ်လောင်း တောင်းဆိုမယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုနေတာကြာမြင့်နေပြီဖြစ်ပါတယ်။