ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ထားဝယ်တပ်ပေါင်းစုသပိတ်ဖြိုခွဲခံရပြီး လူငယ် ၁၃ဦးဖမ်းဆီးခံရ

ထားဝယ်တပ်ပေါင်းစုသပိတ် ဒီနေ့ မေလ ၁၁ ရက်၊ မနက် ၉နာရီဝန်းကျင်မှာ ဖြိုခွဲခံရပြီး မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေသာမက ကျည်အစစ်တွေလည်း သုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စလောင်းတပ်ရင် ထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

    ဂြိုဟ်တုစလောင်းတွေ တရားမ၀င် တပ်ဆင်ရင် ထောင်ချတဲ့ အထိ အရေးယူ ခံရနိုင်တယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက် လာပါတယ်။

    တချို့ ဒေသတွေမှာ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက စလောင်းတွေ လိုက်ဖြုတ်တာမျိုး တွေ ပြုလုပ်နေတာ သီတင်းပတ် အတန်ကြာ ရှိနေပြီ ဖြစ်ပြီး၊ အခု အခါမှာတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာကနေ ပြောလာတာ ဖြစ်ပါတယ်။

    သတင်းစီးဆင်းမှု ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ဆတိုး လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အကဲခတ်တွေက ဆိုကြပါတယ်။

    စစ်အာဏာသိမ်းပြီး ပြည်တွင်း အခြေစိုက် သတင်းဌာနတွေကို လိုင်စင် ပိတ်ပေမယ့်၊ လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ရုပ်သံလိုင်းတွေကို ဆက်လက် ထုတ်လွှင့် နေတာမှာ ပြည်သူတွေ စလောင်းကနေ တဆင့် ဖမ်းယူ ကြည့်ရှုနိုင်တဲ့အပေါ် အာဏာသိမ်း စစ်တပ်က မလိုလားတာ ဖြစ်ပါတယ်။

    တရားမ၀င် စလောင်းတွေကနေ ဖမ်းယူနိုင်တဲ့ သတင်းတွေဟာ နိုင်ငံ့လုံခြုံရေး ထိခိုက်စေတယ်၊ ဥပဒေစိုးမိုးမှုနဲ့ ရပ်ရွာအေးချမ်းမှု ပျက်ပြား စေနိုင်တယ်ဆိုပြီး စစ်ကောင်စီက ပြောနေပါတယ်။

    မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဖို့၊ မီဒီယာ အပေါ် ဖိနှိပ်တာတွေ၊ သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီး တရားစွဲတာတွေ မလုပ်ဖို့ ရန်ကုန် အခြေစိုက် နိုင်ငံတကာ သံတမန်တွေ စုပေါင်းပြီး “ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မေလ ၃ ရက်” အထိမ်းအမှတ် တောင်းဆိုထားချိန်မှာ စစ်ကောင်စီဘက်က သတင်းစီးဆင်းမှုကို ဆက်လက် ကန့်သတ် ထိန်းချုပ် နေတာ ဖြစ်ပါတယ်။

  2. စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်း လိုက်ပြီလို့ ထုတ်ပြန်

    စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၃၇ မြို့နယ်က မြို့နယ်ကို ကိုကာကွယ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ချိတ်ဆက်ပြီး စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ မေလ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    ဒီထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်းကာကွယ်ရေးတပ်ဖွဲ့ SPDF လို့အမည်ပေးထားတာတွေ့ရပြီးတော့ စစ်ကောင်စီတပ်တွေကို ပြောက်ကျားစနစ်နဲ့ခုခံရန်နဲ့ CDM ဝင်နေတဲ့ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ဆိုပြီး အဖွဲ့ဖွဲ့ရတဲ့ရည်ရွှယ်ချက်တွေကိုဖော်ပြထားပါတယ်။

    စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်း ကြောင်းထုတ်ပြန်ချက်ကို စစ်ကိုင်းတိုင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Chindwin Post သတင်းဌာနက လည်းဖော်ပြတာတွေ့ရပါတယ်။

    ဒီအဖွဲ့ဟာ အမျိုးသားညွှန့်ပေါင်းအစိုးရ NUG၊ လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ CRPH ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့နဲ့ချိတ်ဆက်ပြီးဝန်းကျင်တိုင်းနဲ့ပြည်နယ်တို့ တကွတော်လှန်ရေးဖော်ဆောင်ရန်ဆိုပြီး ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    စစ်ကိုင်းတိုင်းထဲက ကလေးမြို့ဟာ စစ်ကောင်စီတပ်တွေကို လက်နက်နဲ့ ပထမဆုံး ပြန်လည်ခုခံတဲ့မြို့ဖြစ်ပြီးတော့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် KRDA ဆိုပြီလည်း ဖွဲ့စည်းထားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကတော့ ကလေးမြို့နဲ့ ဂန့်‌ဂေါ်မြို့ကြားက ဆည်တော ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ် KRDAတို့ တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

  3. ဟားခါးမှာတိုက်ပွဲတွေကြောင့် အပြင်မထွက်ရဲဖြစ်နေ

    ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်မှုတွေရှိခဲ့လို့ ဒေသခံတွေဟာ အပြင်မထွက်ရဲဖြစ်နေကြတယ်လို့ ဟားခါးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လူတွေက ကြောက်ပြီး ပြတင်းပေါက်ကနေတောင် အပြင်ကို မကြည့်ရဲအောင်ဖြစ်နေရတယ်လို့ သူကပြောပါတယ်။

    ချင်းဒေသကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီ တပ်တွေကြား မနေ့က မေလ ၄ ရက်နေ့ ညပိုင်းအထိတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ မေလ ၂ရက်ကနေ ၄ ရက်နေ့ ညအထိဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က တပ်သား ၉ဦး ကျဆုံးထားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ် CDF ဘက်ကထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    ​ မေလ ၂ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ CDF က တောင်းဆိုခဲ့ပြီး ပြန်မလွှတ်ပေးပါက တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

    အဲ့ဒီနောက် မြို့ခံတွေကို မိမိတို့ယာဥ်တွေနဲ့ သွားလာမှုတွေရှောင်ကြဥ်ကြဖို့ကိုလည်း CDF က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

  4. မြစ်ကြီးနား ဆိုင်ကယ်သပိတ် ကားနဲ့ညှပ်ပိတ်ဖမ်းလို့ ၄ ဦး ဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့ တပ်ကုန်း စံပြမှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို အိမ်စီးကားတွေနဲ့ ညှပ်ပိတ်ပြီးဖမ်းဆီးခဲ့လို့ အမျိုးသမီး ၄ ဦး အဖမ်းခံရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

    စုရပ်ကနေ စထွက်ပြီး မြစ်ကြီးနားမြို့ကို ပတ်ခဲ့ပြီးနောက် မနက်ပိုင်း ၁၀ နာရီ လောက်မှာ သပိတ်ဖြိုခွင်းခံရပြီး အခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ဖမ်းဆီးခဲ့ရာမှာ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရှေ့ဘက်က အိမ်စီးကား ၇ စီး၊ နောက်ဘက်က ရဲကား ၃ စီးနဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းခဲ့ကြောင်း အဲဒီ သပိတ်စစ်ကြောင်းမှာ ပါဝင်သူက ဆိုပါတယ်။

  5. စစ်တပ်နဲ့ ကြုံကြိုက်လို့ အသတ်ခံလိုက်ရသူ လူငယ်

  6. ထိုင်းကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကနေ တိုတယ် အတွက် အမြတ် ၉၇ % အထိ ရှိနေ

    မုတ္တမကမ်းလွန်ပြင် ရတနာ သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကနေ ဓာတ်ငွေ့ တူးဖော်ပြီး ထိုင်းကို ပိုက်လိုင်းကနေ တင်သွင်းတဲ့ လုပ်ငန်းဟာ နိုင်ငံခြား ကုမ္ပဏီကြီးတွေ အတွက် အမြတ်မတန်တဆ ရနေပြီး၊ မြန်မာပြည်အတွက် အကျိုးရှိမှုက ပြောပလောက်ဖွယ် မရှိကြောင်း ဖော်ပြနေတဲ့ ငွေကြေး ဆိုင်ရာ စာရွက်စာတမ်းတွေ ပေါက်ကြားလာခဲ့ပါတယ်။

    အဲဒီ စာရွက်စာတမ်းတွေကို ကိုးကားပြီး Justice for Myanmar အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တာမှာ ၂၀၁၇ ကနေ ၂၀၁၉ ကြား ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းကနေ အခွန်မဆောင်မှီ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ကုန်ကျစားရိတ် ဒေါ်လာ ၂၂.၃ သန်းပဲ ရှိတာဖြစ်လို့ အမြတ်အစွန်း ပမာဏ ၉၇% အထိ ကြီးကြီးမားမား ရတာ ဖြစ်ပါတယ်။

    ရတနာ ကမ်းလွန် သဘာ၀ဓာတ်ငွေ့ တူးဖော်မှုနဲ့ ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းတွေကို ပြင်သစ် တိုတယ် ရေနံကုမ္ပဏီက တာ၀န်ယူ ကြီးကြပ်လုပ်ဆောင်နေတာ ဖြစ်ပြီး၊ အမေရိကန် ရှဗရွန်၊ ထိုင်းအစိုးရပိုင် PTT၊ မြန်မာအစိုးရပိုင် MOGE တို့လည်း ရှယ်ယာ အသီးသီး ပါ၀င်ပါတယ်။ (တိုတယ်၃၁.၂ %၊ ရှဗရွန် ၂၈.၃%၊ PTT ၂၅.၅%၊ MOGE ၁၅%)

    ပိုက်လိုင်းကနေ အမြတ် ၉၇% ရှိနေတယ်လို့ ဖော်ပြနေချိန်မှာ၊ ကမ်းလွန် လုပ်ကွက်တွေက အမြတ် ၁၃% ပဲ ရှိတယ်လို့ ပေါက်ကြားလာတဲ့ တိုတယ်ရဲ့ စာရွက်စာတမ်းတွေကနေ ဖော်ပြနေတယ်လို့ JfM အဖွဲ့ကထောက်ပြပါတယ်။

    ရင်းနှီးမြှုပ်နှံထားတဲ့ အဲဒီကုမ္ပဏီတွေ အတူတူချင်းပဲ လုပ်ကိုင်နေတဲ့ လုပ်ငန်း အစိတ်အပိုင်း ၂ ခု ရှိတာမှာ၊ တူးဖော်တဲ့ နေရာက ရရှိတဲ့ အမြတ် ရာခိုင်နှုန်းနဲ့ ပိုက်လိုင်း လုပ်ငန်းက ရတဲ့ အမြတ် ရာခိုင်နှုန်း မတန်တဆ ကွာခြားနေတာကြောင့် ငွေကြေးဆိုင်ရာ စီးဆင်းမှုတွေကို တရား၀င် မဖော်ပြတာမျိုးတွေ ရှိနေနိုင်တဲ့ လက္ခဏာ ဖြစ်တယ်လို့ လည်း JfM က ဆိုပါတယ်။

    တိုတယ်ရဲ့ မေလ ၄ ရက်၊ ၂၀၂၁ ထုတ်ပြန်ချက်မှာတော့ ရတနာ M5 နဲ့ M6 လုပ်ကွက်တွေကနေ ၂၀၂၀ အတွက် ပေးတဲ့ အခွန် ဒေါ်လာ ၂၈.၁ သန်း ရှိတယ်၊ မူမှန်မဟုတ်တဲ့ အမြတ်အစွန်းတွေ ဆိုတာ မရှိဘူး၊ အမြတ်ဆိုတာ ဓာတ်ငွေ့ ပေါက်စျေးပေါ်မူတည်ပြီး ထိုင်းအစိုးရက သဘောတူ ပေးချေတဲ့ ပမာဏအပေါ်မူတည်တယ်၊ ရတနာ ဓာတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီး စာချုပ်စချုပ်ကတည်းက အဲဒီအချိန်က မြန်မာဘက်က တာ၀န်ရှိသူတွေရဲ့ သဘောတူမှုနဲ့ ချုပ်ဆို လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး၊ နောက်မြန်မာ အစိုးရ အဆက်ဆက်လည်း အဲဒီ သဘောတူမှုကို လက်ခံပြီး ဒီကနေ့ အထိ လက်တွဲ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

  7. စဉ့်ကိုင်က တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်ရဲသုံးဦး တိုက်ခိုက်ခံရပြီးသေဆုံး

    မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ကျောက်ဆည် ပညာရေး တက္ကသိုလ်အနီးက တရုတ်ဂတ်စ် ပိုက်လိုင်းစောင့် ရဲသုံးယောက် ဒီနေ့မနက်မှာ တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

    " လုံခြုံရေး ငါးယောက်ရှိတာ။ သုံးယောက်ကို ဝင်ခုတ်သွားတာ။ နှစ်ယောက်က ထွက်ပြေးလို့ လွတ်သွားတယ်။ အလောင်းတလောင်းကဆို ဓားတောင် ပြန်နုတ်မသွားဘူး" လို့ ပြောပါတယ်။

    မေလ ၅ရက် မနက်ပိုင်း ၅နာရီလောက်မှာ ဘယ်အဖွဲ့ကမှန်းမသိတဲ့ လူ ၂၀လောက်က ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ ဒီနောက် ၇နာရီလောက်မှာ သေနတ်ပစ်ဖောက်လို့ ကိုက် ၃၀၀ အဝေးက ကျေးရွာတွေက ကြားသိရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    လက်ရှိအချိန်ထိ နီးစပ်ရာ ကျေးရွာတွေကို စစ်ကောင်စီက စုံစမ်းစစ်ဆေး ပစ်ခတ်ဖမ်းဆီးတာတွေ ရှိနေပါတယ်။ စစ်ကောင်စီက ပစ်ခတ်လို့ ဖမ်းဆီးသွားတဲ့သူတချို့ရှိသလို လူနှစ်ယောက် သေနတ်ကျည်မှန် ဒဏ်ရာရသူရှိတယ်လို့ ကျေးရွာဒေသခံ တဦးကပြောပါတယ်။ ဒါကိုတော့ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

    အရင်က အခင်းဖြစ်ပွားရာ ဂတ်စ်ပိုက်လိုင်းအနီးမှာ တရုတ်ဘက်က ဆောက်ပေးတဲ့ ရဲကင်းအဆောက်အအုံတလုံးသာ ရှိပါတယ်။ အခုအခါမှာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး ကွန်တိန်နာ တလုံးထပ်မံချထားတယ်လို့ သိရပါတယ်။

  8. စစ်ကောင်စီနဲ့ ANPတို့ လက်တွဲဖြုတ်

    ရခိုင်အမျိုးသားပါတီANP ဟာ ပါတီရဲ့တောင်းဆိုချက်တွေကို အာဏာသိမ်း စစ်ကောင်စီကပူးပေါင်းဆောင်ရွက်ဖို့ လိုက်လျောမှုမရှိတဲ့အတွက် ဆက်စပ်လုပ်ဆောင်မှုတွေကို ရပ်နားတော့မယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက မေလ ၅ရက်နေ့က မီဒီယာတွေကိုခေါ်ယူပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက အာဏာသိမ်းပြီး သုံးရက်မြောက်နေ့မှာ ရခိုင်အမျိုးသားပါတီက မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ကို ကောင်စီအဖွဲ့မှာ ပါဝင်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပြီး အသစ်ဖွဲ့စည်းမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်လုပ်ဆောင်ဖို့အတွက် ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်အရ အဲ့ဒီကမ်းလှမ်းချက်ကို လက်ခံခဲ့တာဖြစ်ပါတယ်။

    လက်ခံလိုက်ပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပါတီရဲ့ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို မြောက်ဦးမြို့မှာကျင်းပပြုလုပ်ခဲ့ကြပြီး အဲ့ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက်သုံးချက်ချမှတ်ခဲ့ပါတယ်။

    မြောက်ဦးအစည်းအဝေးက ဆုံးဖြတ်တဲ့အစည်းအဝေးဆုံးဖြတ်ချက်သုံးချက်နဲ့ ဗဟိုကချမှတ်တဲ့ဆုံးဖြတ်ချက်သုံးချက် ပေါင်း အချက်ခြောက်ချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုတောင်းဆိုခဲ့ပေမဲ့ အေအေကို အကြမ်းဖက်အဖွဲ့ကနေပယ်ဖျက်ပေးတာတစ်ခုပဲဆောင်ရွှ‌က်ပေးခဲ့ပြီးကျန်တာတွေကိုဆောင်ရွက်ခြင်းမရှိတဲ့အတွက် အခုလိုဆုံးဖြတ်ရတာဖြစ်တယ်လို့ဆိုပါတယ်။

    ဒါ့အပြင် နိုင်ငံတော်ကောင်စီမှာပါဝင်ဖို့အတွက် ANP ကိုကမ်းလှမ်းခြင်းမဟုတ်ဘဲ ဒေါ်အေးနုစိန်းကို ပုဂ္ဂိုလ်ရေးအရ ကမ်းလှမ်းခဲ့တာဖြစ်တဲ့အတွက် အခုပါတီကဆုံးဖြတ်ချက်အပေါ်မှာ ဒေါ်အေးနုစိန်အနေနဲ့ ကိုယ်တိုင်းဆုံးဖြတ်ဖို့လိုအပ်တယ်လို့ ဦးသာထွန်းလှက ပြောပါတယ်။

    လက်ရှိမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ပါတီစီအီးစီအဖွဲ့ကမနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာသာဖြစ်ပြီး ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို မကြာခင်ခေါ်ယူပြီးတော့ တင်ပြသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

  9. မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်နွှယ်ဆောင်ရွက်နေတာတွေကို ကမ္ဘာ့နိုင်ငံအားလုံး ပြန်သုံးသပ်ကြဖို့ G7 အစည်းအဝေးမှာ အမေရိကန်ပြော

    မြန်မာစစ်အာဏာရှင်ကို နိုင်ငံအားလုံးက ဖိအားပေးကြဖို့ လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ G7 ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း ပြောကြားခဲ့တယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့မှုနဲ့ စစ်အာရှင်ရဲ့အကြမ်းဖက်မှုတွေကို G7 အဖွဲ့ဝင်နိုင်ငံတွေက တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချခဲ့ကြပြီး မြန်မာ စစ်တပ်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့၊ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်နွှယ် ဆောင်ရွက်နေမှုတွေကို နိုင်ငံအားလုံး ပြန်လည်သုံးသပ်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

    စစ်အာဏာရှင်အနေနဲ့ တာဝန်ခံရစေရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် ကလည်း မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်နေမှုတွေကို ရပ်တန့်ရမှာ ဖြစ်ကြောင်းနဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပယ်ချပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီအသွင် ကူးပြောင်းမှု ပြန်လည်ဖော်ဆောင်ရေးကြိုးပမ်းအားထုတ်နေတဲ့ မြန်မာပြည်သူတွေကို အမေရိကန်က အားပေးထောက်ခံနေတယ်လို့ ပြောပါတယ်။

    တခါ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွဲနေတာတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ သက်ဆိုင်သူတွေအားလုံး ပါဝင်ပြီး ဒီအကြပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက သံတမန်ရေး၊ စီးပွားရေး ဆက်လက် ဖိအားပေးသွားဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဂျလီနာပေါ်တာ က ပြောကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  10. နမ္မတီးမြစ်ကြီးနား ကားလမ်းအနီး ပေါက်ကွဲသံကြားရ

    နမ္မတီးမြို့ ၊ နမ္မတီး-မြစ်ကြီးနား ကားလမ်း ကျောက်တောင်မှာ ဒီနေ့ မေ ၅ ရက်မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ မေ ၅ရက်နေ့ မနက် ၉ နာရီခန့်မှာ ပေါက်ကွဲတဲ့ အသံကြားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲ ပြီး မကြာခင်မှာပဲ သွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီဘက်က စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မြစ်ကြီးနား နမ္မတီး ကားလမ်း တစ်လျှောက်မှာတော့မကြာခဏဆိုသလို ပေါက်ကွဲသံတွေကြားနေရတာဖြစ်ပါတယ်။

  11. ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း NUG ကြေညာ

    ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့အကြမ်းဖက်မှု ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ဖို့၊ နှစ် ၇၀ ကျော် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ထိရောက်တဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရမှာ တာဝန်ရှိလာပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) ကို ဒီနေ့ မေ ၅ ရက်မှာ ထူထောင်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

    စစ်ကောင်စီဟာ တရားဝင်ပြည်သူ့အစိုးရထံကနေ နိုင်ငံတော်အာဏာကို လုယူပြီး အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားရုံမက၊ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ပြည်သူတွေကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်တာ၊ ထောင်သွင်းအကျဉ်းချတာ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေကို လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်ခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လျက်ရှိတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေဟာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူလူထုရဲ့လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးနေတဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုပါ ဟန့်တားနေတယ်လို့ ဆိုပါတယ်။

  12. တာချီလိတ်နယူးအေဂျင်စီကို စစ်ကောင်စီပိတ်သိမ်းပေမယ့် သတင်းတွေဆက်လက်တင်ဆက်မယ်

    ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ တာချီလိတ်သတင်းအေဂျင်စီကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့အကြောင်းအရာတွေ ပြစ်မှုကျူးလွန်သူတွေအားပေးကူညီရာရောက်တဲ့အကြောင်းအရာတွေကို ရေးသားထုတ်လွှင့်ဖော်ပြတယ်ဆိုပြီး ဧပြီ ၂၀ ရက်ကစလို့ သတင်းဌာနကို ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

    ဒါ့အပြင် ဖေဖော်ဝါရီ ၉ ရက်နေ့တည်းက တာချီလိတ်နယူးအေဂျင်စီကို ပူးတွဲတည်ထောင်သူ ၂ ဦးအပါအဝင် သတင်းအေဂျင်စီရဲ့ သတင်းထောက် ၅ ဦးကိုလည်း စစ်ကောင်စီက အမှုဖွင့်ကာ ဖမ်းဆီးဖို့ ကြိုးပမ်းနေတယ်လို့ တာချီလိတနယူးအေဂျင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီလိုအခြေအနေတွေကြုံနေရပေမယ့် လွတ်လပ်တဲ့သတင်းဌာနတစ်ခုအနေနဲ့ လူထုအခြေပြုမူဝါဒအတိုင်း သတင်းတွေကို ဆက်လက်ရေးသားထုတ်လွှင့်တင်ပြသွားမယ်လို့ လည်း ဆိုပါတယ်။

    စစ်ကောင်စီဟာ မတ်လ ၈ ရက်နေ့မှာ သတင်းဌာန ငါးခုကို လိုင်စင်ရုတ်သိမ်းပိတ်သိမ်းခဲ့တဲ့နောက် ယခုအခါ တိုင်းနဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားဒေသက မီဒီယာတွေအပါအဝင် ကျန်မီဒီယာတွေကိုပါ တဖြည်းဖြည်း လုပ်ကိုင်ခွင့်လိုင်စင်ရုတ်သိမ်းလာတာ အခုဆို နယ်အခြေစိုက် သတင်းဌာနကုန်သလောက်နီးပါးအခြေအနေရှိလာပြီဖြစ်ပါတယ်။ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ မြစ်ကြီးနားဂျာနယ်၊ The 74 Media တို့ကိုလည်း လိုင်စင်ပိတ်သိမ်းခဲ့ပြီး အဲဒီက သတင်းထောက်တချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

    The 74 မီဒီယာကတော့ ပိတ်သိမ်းခံရပေမယ့်လည်း သတင်းတွေကိုဆက်လက်ထုတ်လွှင့်တင်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့မေ ၃ ရက် သတင်းလွတ်လပ်ခွင့်နေ့မှာလည်း မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ အဆင့် ၁၄၀ ကို ကျဆင်းသွားတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်လာခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးတည်းက သတင်းထောက်တွေ ဆယ်နဲ့ချီ ဖမ်းဆီးခံထားရသလို ဖမ်းဆီးခံရမှာစိုးရိမ်လို့ တိမ်းရှောင်နေရသူတွေ၊ သတင်းထောက်အလုပ်ကို စွန့်လွှတ်လိုက်ရသူတွေလည်းရှိနေပါတယ်။

  13. မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့်ဗီဇာ သက်တမ်း တိုးပေးမယ်လို့ သြစတြေးလျအစိုးရ ကြေညာ

    သြစတြေးလျမှာ ခေတ္တ နေထိုင်နေတဲ့ မြန်မာတွေ နေရပ် မြန်မာပြည်ကို လုံခြုံစိတ်ချစွာ မပြန်နိုင်မချင်း သြစတြေးလျမှာ နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုးပေးမယ်လို့ သြစတြေးလျအစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

    အဲဒီလူတွေ သြစတြေးလျနိုင်ငံမှာ ဘယ်လို တရားဝင် ဆက်နေထိုင်နိုင်မလဲ ဆိုတာကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက စာရေးအကြံပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး အဲလက်စ် ဟော့ခ် က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးချိန်ကစလို့ သြစတြေးလျနိုင်ငံမှာ ခေတ္တရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၃၃၀၀ ကျော်အတွက် အကာအကွယ် ပိုပေးဖို့ သြစတြေးလျ အစိုးရအနေနဲ့ ဖိအားပေး ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    သြစတြေးလျနိုင်ငံမှာ လာရောက်ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေ၊ ရေတိုနေထိုင်ခွင့် ဗီဇာနဲ့ ရောက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီကြေညာချက်ကြောင့် အကြီးအကျယ် စိတ်သက်သာရာ ရသွားစေမှာ ဖြစ်ပါတယ်။

    သူတို့ကို သြစတြေးလျနိုင်ငံထဲကနေ အတင်းနှင်ထုတ်တာမျိုး မလုပ်ပါဘူးလို့ သြစတြေးလျအစိုးရက ကတိပေးထားတာမျိုး ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း အွန်လိုင်းပေါ်ကနေ ထုတ်ဖော်ခဲ့ကြတဲ့ကျောင်းသားတချို့ကတော့ သူတို့ မြန်မာပြည်ပြန်သွားခဲ့ရင် အရေးယူခံရမှာကို စိုးရိမ်နေကြတာပါ။

    အခု သူတို့ကို သြစတြေးလျနိုင်ငံမှာ သူတို့ဘယ်လောက်ကြာကြာ နေထိုင်ခွင့် ပေးမလဲ။ ဘယ်အချိန် မြန်မာပြည် ပြန်ဖို့ စိတ်ချရမလဲဆိုတာကို သြစတြေးလျအစိုးရက ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။

    မြန်မာနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေမှုကြောင့် ဒုက္ခတွေ့နေတဲ့ သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို သြစတြေးလျအစိုးရအနေနဲ့ နိုင်ငံတကာ ဝတ္တရားတွေနဲ့အညီ အားပေးကူညီသွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး အဲလက်စ် ဟော့ခ် က ပြောပါတယ်။

    အရပ်သားတွေအပေါ် မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်ဖြိုခွဲတာတွေကို ရှောင်ကြဉ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ အာဏာသိမ်း စစ်ကောင်စီကို သြစတြေးလျအစိုးရက အခိုင်အမာ ဆက်လက်တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    သြစတြေးလျအစိုးရဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ စစ်ရေး ပူးတွဲဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားလိုက်ပေမဲ့ တခြား အနောက်အုပ်စု နိုင်ငံအတော်များများလိုတော့ စစ်ကောင်စီ ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်တာမျိုး မရှိခဲ့ပါဘူး။

  14. ရေကြောင်းပို့ဆောင်ရေး စီဒီအမ် ဝန်ထမ်း၉၀ကျော် ရာထူးကရပ်စဲခံရ

    ရေကြောင်းပို့ဆောင်ရေးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်က စီဒီအမ် ဝန်ထမ်း ၉၀ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ရာထူးကရပ်စဲခံခဲ့ရတယ်လို့ သိရပါ တယ်။

    အခုအလုပ်ရပ်စဲခံရတဲ့သူတွေအားလုံးဟာ ဖေဖာ်ဝါရီလဆန်းအာဏာသိမ်းမှုစဖြစ်ကတည်းက စီဒီအမ် လှုပ်ရှားမှုမှာပါလာကြတာဖြစ်ပါတယ်။

    "အစောကြီးကတည်းက သိပြီးသား၊ မျှော်လင့်ထားပြီးသားပါ၊ ဒီထက်ဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်မယ်ဆိုတာ ကြိုတွေးထားပြီးသားဖြစ်လို့ ထွေထွေထူးထူးကြီးတော့ မခံစားရပါဘူး " အလုပ်ရပ်စဲခံရတဲ့သူတွေထဲမှာပါဝင်တဲ့ ဆရာမတစ်ဦးကပြောပါတယ်။

    ရာထူးရပ်စဲခံရလို့ နေတဲ့နေရာကနေ ဖယ်ပေးရမှာဖြစ်ပြီးတေ့ ဝန်ထမ်းအိမ်ရာမှာနေတဲ့ သူတွေအတွက်တော့ အခက်အခဲရှိနိုင်ကြောင်းနဲ့ အမှန်တရားဘက်ကရပ်တည်ပြီး သေဆုံးသွားတဲ့ ကလေးတွေ အသက်တွေစွန့်ခဲ့တာဖြစ်လို့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်းသူကပြောပါတယ်။

  15. ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်နိုင်ကြောင်း ကြေညာ

    တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ထားသူတွေအနေနဲ့ မိမိတို့ ဖြေဆိုခဲ့တဲ့ စာစစ်ဌာနကြီးကြပ်ရေးမှူး၊ အထက်တန်းကျောင်းအုပ်ကြီးတွေထံမှာ အမှတ်စာရင်းတွေကို လာမယ့် မေလ ၁၁ ရက်နေ့ကစလို့ ထုတ်ယူနိုင်တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

    သီးခြား ဝင်ခွင့် ရွေးချယ်မယ့် တက္ကသိုလ်တွေမှာ ပထမဦးစားပေး လျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်ပြီး လျှောက်လွှာတွေကို မေလ ၁၁ ရက်နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်နေ့တွေအပါအဝင် ပိတ်ရက်မရှိဘဲ တင်သွင်းနိုင်တယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာသွားပါတယ်။

    သတ်မှတ်ရက် ကျော်လွန်ရင်တော့ ရန်ကုန်မြို့က အဆင့်မြင့်ပညာဦးစီးဌာနဆီကို ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

  16. မုံရွာက ကျောင်းသားခေါင်းဆောင်ဟောင်းရုံးထုတ်၊ ရှေ့နေဝရမ်းထုတ်ခံထားရလို့ အမှု မစစ်နိုင်

    စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေရင်း မတ်လ ၁၀ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ မုံရွာမြို့က ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုအာကာထက်မိုးကို မေလ ၄ ရက်မှာထောင်တွင်းရုံးထုတ်ခဲ့ပါတယ်။

    ဒါပေမယ့် ကိုအာကာထက်မိုးကို ရှေ့နေလိုက်ပေးမယ့် ရှေ့နေ ဖမ်းဝရမ်းပါနေလို့ အမှုကို စစ်နိုင်ခဲ့ခြင်း မရှိပါဘူး။

    ကိုအာကာထက်မိုး အပါအဝင်မုံရွာမြို့ခံ ဖမ်းဆီးခံလူငယ်တွေ မှာ အမှုအတွက် ရှေ့နေ ရရှိနိုင်ဖို့ အခက်အခဲတွေ၊ ထောင်တွင်းမှာပဲ ရုံးထုတ်တာတွေကြောင့် မိသားစု နဲ့တွေ့ခွင့်မရကြဘဲ ဖြစ်နေတယ်လို့ သူ့ရဲ့ အဒေါ်ဖြစ်သူ မခင်မိုးမိုးခိုင်က ဘီဘီစီကို ပြောပါတယ်။

    သူ့ကို ဒလန်သတင်းပေးကို ကတုံးတုံးတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ၅၀၅-ကအပါအဝင် ပုဒ်မ ၁၀ ခု နဲ့ တရားစွဲဆိုထားပါတယ်။

  17. G7 အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်အကြောင်း ဗီဒီယို ကြည့်ရင်း မြန်မာ့အရေး ဆွေးနွေးမယ်

    ယူကေနိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ရက် ကြာ အစည်းအဝေးမှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကိစ္စအကြောင်း ဆွေးနွေးမယ်လို့ G7 အဖွဲ့က ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးများ အစည်းအဝေးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး စဖြစ်ခဲ့ကတည်းက ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံဆွေးနွေးကြတဲ့ သံတမန် အစည်းအဝေးကြီး ဖြစ်သလို ၂၀၁၉ ခုနှစ်ကတည်းကစလို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံး အစည်းအဝေးလည်း ဖြစ်ပါတယ်။

    ဂျာမနီ၊ ကနေဒါ၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ယူကေနိုင်ငံတို့နဲ့ ဖွဲ့စည်းထားတဲ့ G7 အဖွဲ့ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပေးပို့လိုက်တဲ့ ဗီဒီယိုတစ်ခုနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို စတင်မှာ ဖြစ်ပါတယ်။

    အဲဒီဗီဒီယိုထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်အကြောင်းကို စစ်အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေက ရှင်းလင်းပြောပြထားတယ်လို့ သိရပါတယ်။

    မြန်မာစစ်ခေါင်းဆောင်တွေကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ G7 အဖွဲ့ဝင်နိုင်ငံတွေကို မစ္စတာ ရက်ဘ်က တိုက်တွန်း ပြောဆိုမှာ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့လုပ်သွားရေး၊ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားချက်ကို ထောက်ခံအားပေးရေး၊ မြန်မာနိုင်ငံတွင်းက ကယ်ဆယ်ရေး အထောက်အပံ့ အလိုအပ်ဆုံးသူတွေအတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး လုပ်ဆောင်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒီအစည်းအဝေးမှာ မြန်မာ့အရေးကိစ္စနဲ့အတူ ရုရှား၊ တရုတ်၊ အီရန်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်၊ အီသီယိုပီးယားနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှုကိစ္စနဲ့ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကိစ္စ စတဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ ပထဝီနိုင်ငံရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေး ပြောဆိုသွားမယ်လို့ ဆိုပါတယ်။

  18. ကွတ်ခိုင်မြို့နားမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နားက မန်ပန်ရွာနဲ့ နောင်ဆွေရွာအကြား ကွတ်ခိုင်-မူဆယ်သွား ပြည်ထောင်စုလမ်းနားမှာ ဒီကနေ့ မေလ ၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ကနေ ၄နာရီ ဝန်းကျင်အထိ စစ်ကောင်စီတပ်နဲ့ TNLA၊ MNDAA ၊ KIA ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မန်ပန်ရွာခံတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

    "ကျနော်တို့ရွာ မန်ပန်နဲ့ နောင်ဆွေရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတပ် ပူးပေါင်းအဖွဲ့တွေက လက်နက်သေးနဲ့ပဲ အပြန်အလှန် အရင်ဖြစ်တာ၊ ပြီးမှ မြန်မာစစ်တပ်ဘက်က ကွတ်ခိုင်ဗျူဟာကနေ လက်နက်ကြီးနဲ့ ပြန်ပြီး ပစ်ကူတာတွေ ရှိတယ်" လို့ မန်ပန်ရွာခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ TNLA၊ MNDAA ၊ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရွာခံတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာ ရှိသလို ကွတ်ခိုင် - မူဆယ်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ မော်တော်ယာဉ်တချို့ သေနတ်ထိမှန်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီလက်နက်ကိုင်တပ်တွေဟာ TNLA၊ MNDAA ၊ KIA ပူးပေါင်းတပ်ဖွဲ့ တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြပေမယ့် အဲဒီအဖွဲ့တွေဘက်ကတော့ တိုက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

  19. မြန်မာ့အရေး ကိုင်တွယ်ပုံမှားရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ကုလ တရုတ်သံအမတ် သတိပေး

    မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းပုံ မှားသွားရင် နောက်ထပ် တင်းမာမှုတွေ ထပ်ပေါ်ပေါက်လာနိုင်ပြီး ပြည်တွင်းစစ်ကြီးတစ်ခုတောင် ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဂျန်ယွန်းက ပြောကြားလိုက်ပါတယ်။

    မြန်မာ့အရေးကို အာဆီယံက သံတမန်နည်းနဲ့ ဖြေရှင်းနေတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြည့်အဝ ထောက်ခံ အားပေးသွားမယ်လို့လည်း ကုလသဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် အခုမေလမှာ တာဝန်ယူထားတဲ့ တရုတ်သံအမတ် ဂျန်ယွန်းက နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

    ဒေသတွင်းပြဿနာကို ဖြေရှင်းရာမှာ ဒေသတွင်း အဖွဲ့အစည်းတွေကပဲ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်တယ်ဆိုတဲ့အချက်ဟာ တရုတ်အစိုးရရဲ့ သဘောထားဆန္ဒ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    "မြန်မာနိုင်ငံကို ပုံမှန်အခြေအနေ ပြန်ရောက်စေရေး၊ အခြေခံဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်အောက်ကနေ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအရ အဖြေရှာနိုင်ရေးအတွက် ပိုကောင်းတဲ့ အနေအထားတစ်ရပ် ဖန်တီးပေးသင့်တယ်"လို့မစ္စတာ ဂျန်ယွန်းက ပြောသွားပါတယ်။

    "နောက်တပ် တင်းမာမှုတွေ ထပ်ဖြစ်လာရင် ထိပ်တိုက်ရင်ဆိုင်မှုတွေ ထပ်ဖြစ်လာမယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေ ထပ်ဖြစ်ရင် အကြမ်းဖက်မှုတွေ ပိုများလာမယ်။ အကြမ်းဖက်မှုတွေ ပိုများလာရင် ထိခိုက်သေကြေမှုတွေ ပိုတိုးလာမယ်။ ဒါဟာ အဆိုးဘက်ကို နောက်ထပ် ဦးတည်နေတဲ့ပုံပါပဲ။ ဒီလိုသာဆိုရင် မြန်မာနိုင်ငံမှာ ဝရုန်းသုန်းကား အခြေအနေ ရောက်သွားနိုင်ပြီး ပြည်တွင်းစစ်ကြီး တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး ဆွေးနွေးမှုတွေ အမြန်ဆုံး လုပ်ဖို့ အာဆီယံရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ ထောက်ခံကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောခဲ့အပြီးမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

  20. တယ်လီနော ပထမသုံးလ အရှုံးပြ၊ မြန်မာမှာဆက်ရှိမယ်လို့ပြော

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး အင်တာနက် ဖြတ်တောက်မှုတွေ၊ ဝန်ထမ်းတွေအပေါ် ဖိအားပေးခံရမှုတွေ၊ လုပ်ငန်းလုပ်ဆောင်နိုင်မှုအခြေအနေ ဆိုးဝါးလာနေမှုတွေကြောင့် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံမှာ ဒေါ်လာ ၇၈၂ သန်းဖိုး ရင်းနှီးမြှုပ်နှံထားမှုကို အရှုံးအနေနဲ့ သတ်မှတ်ပြီး ဖယ်လျှော့ပစ်လိုက်ပါတယ်။

    တယ်လီနောကုမ္ပဏီရဲ့ ပထမ ၃ လပတ်အတွင်း အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ချိန်မှာပဲ မြန်မာနိုင်ငံမှာ ဒေါ်လာ ၇၈၂ သန်းဖိုး ရင်းနှီးမြှုပ်နှံထားမှုကို ဖယ်လျှော့တွက်လိုက်တယ်လို့ ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ဖော်ပြောခဲ့တာပါ။

    တယ်လီနောကုမ္ပဏီရဲ့ ဒီထုတ်ဖော်ပြောဆိုမှုဟာ စစ်အာဏာသိမ်းခဲ့အပြီး တိုင်းပြည်မငြိမ်မသက် ဖြစ်နေတဲ့ ၃ လတာကာလအတွင်း စီးပွားရေး တဟုန်ထိုး ကျဆင်းနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာ လာရောက် ရင်းနှီးမြုပ်နှံကြရေးအပေါ် ထိခိုက်လာစေမှာပါ။

    "စီးပွားရေးနဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှု အလားအလာတွေ ဆိုးဝါးလာနေပြီး လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ယိုယွင်းလာနေတာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်တာ တိုးတက်မှု အလားအလာက အကန့်အသတ်သာ ဖြစ်လာနိုင်မယ်"လို့ တယ်လီနောက ပြောပါတယ်။

    ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်တုန်းက စုစုပေါင်း ဝင်ငွေ နော်ဝေးငွေ ၆၉၈ သန်း ရှိခဲ့တဲ့ တယ်လီနော ကုမ္ပဏီဟာ အခု မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုကို ဖယ်လျှော့တွက်လိုက်တဲ့အတွက် အခုနှစ်ပထမ ၃ လပတ် ကာလမှာ နော်ဝေးငွေ ၃ ဒဿမ ၉ ဘီလျံ အရှုံးပေါ်ခဲ့ရပါတယ်။

    လက်ရှိမှာ မြန်မာနိုင်ငံမှာတော့ တယ်လီနောကုမ္ပဏီရဲ့ လုပ်ငန်းတွေ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

    "ပုံမှန်မဟုတ်တဲ့၊ မသေချာ မရေရာတဲ့၊ အကြီးအကျယ် စိုးရိမ်စရာ အခြေအနေတစ်ခု မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတယ်" လို့ တယ်လီနော ကုမ္ပဏီက ပြောခဲ့ပြီး ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ တယ်လီနောအသုံးပြုသူတွေ အင်တာနက် ရနိုင်ရေး၊ ပွင့်လင်းမြင်သာရေးတွေကို အဓိက ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက လာရောက်လုပ်ငန်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က အင်တာနက် ဖြတ်တောက်မှုတွေ မလုပ်ခင် အခုနှစ်ပထမ ၃ လပတ်ကာလအတွင်း မြန်မာနိုင်ငံမှာ တယ်လီနော ကုမ္ပဏီကို အသုံးပြုသူအရေအတွက် ၂ သန်း ထပ်တိုးလာခဲ့ရာကနေ စုစုပေါင်း ၁၈ ဒဿမ ၂ သန်း အထိ ရှိနေခဲ့ပါတယ်။