အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘဏ်လုပ်ငန်းအကန့်အသတ်ကြောင့် ရွှေကို စုလာကြ

    လက်ရှိမှာ ဘဏ်တွေရဲ့လည်ပတ်မှု ကန့်သတ်ချက်တွေကြောင့် ပုံမှန်လည်ပတ်နေဆဲလို့ဆိုနိုင်တဲ့ဆောက်လုပ်ငန်းရေးလုပ်ငန်းတွေဘက်က ရွှေကို ဝယ်ယူသိမ်းဆည်းလာတာမျိုးရှိတယ်လို့ မြန်မာ့ရွှေလုပ်ငန်းရှင်များအသင်းဘက်ကဆီကနေ သိရပါတယ်။

    ဘဏ်တွေပိတ်ထားတာက ရွှေအရောင်းအဝယ် အေးတဲ့ဘက်ကို ရောက်သွားပေမဲ့ ဈေးနှုန်းကိုတော့ မထိခိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ပိတ်ထားလို့ ငွေလွှဲပြောင်းမှုအခက်အခဲတော့ကြုံရတယ်လို့ သိရပါတယ်။

    နောက်ပြီး စစ်အာဏာသိမ်းတဲ့ကာလ ရက်ပေါင်း ၆၀ ကျော်အတွင်း မြန်မာ့ရွှေဈေးကွက်ဟာ အရောင်းအဝယ်မျှနေပေမဲ့ လက်ဝန်တန်ဆာတွေကို ပြန်လည်ရောင်းချမှုကတော့ သိသာတဲ့အခြေအနေရှိနေပါတယ်။

    ''လာပြန်ရောင်းကြတာများတယ်။ လက်ဝတ်တန်ဆာတွေလည်း လာပြန်ရောင်းကြတယ်။ အဲဒါကို တခါ အထည်ပျက်ပြန်သန့်စင်၊ သန့်စင်ပြီးတော့ အခေါက်ပြန်ရောင်းပေးတယ်ပေါ့။ ဆိုင်တွေကတော့ လက်ဝတ်တန်ဆာတွေကို သန့်စင်ပြီးတော့ အသင်းမှာလာပြန်ရောင်းတယ်'' လို့ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

    ရွှေဈေးကွက်အရောင်းဝယ်ကတော့ အရင်တုန်းက ရွှေပိဿာချိန် ၅၀ လောက်ရောင်းရရင် အခုဆို ရွှေပိဿာချိန် ၁၀ လောက်ပဲ ရောင်းချရပါတယ်။

    ဧပြီလ ၅ ရက်ရွှေဈေးအဖွင့်ကတော့ ၁၃၉,၅၀၀၀ နဲ့ဖွင့်ခဲ့ပြီး ၁၃၉,၄၀၀၀ နီးပါးနဲ့ ဈေးပိတ်ခဲ့ပါတယ်။

    မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းဒေါ်လာဈေးကို အခြေခံထားတာကြောင့် အဲဒီဈေးတွေအတက်ဘက်ပြရင် ပြည်တွင်းရွှေဈေးလည်း အတက်ဘက်ကို ပြပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် သိသိသာသာအပြောင်းအလဲတော့ မရှိထားဘူးလို့ အသင်းဘက်က ပြောထားပါတယ်။

    ဘဏ်လုပ်ငန်းအကန့်အသတ်ကြောင့် ဆောက်လုပ်ရေးတွေက ရွှေကို စုလာကြ

    ဓာတ်ပုံ ရင်းမြစ်, Huw Evans Picture Agency

  2. ဒလမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ဖြိုခွဲခံရ, ဆိုင်ကယ်အစီး၂၀ ကျော် ရဲနဲ့တပ်ကယူဆောင်သွား

    ဒလမြို့နယ်က အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ဖြိုခွဲခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒီကနေ့ ဧပြီ ၆ရက်နေ့မနက်ပိုင်းက ဒလမြို့နယ်မှာပြုလုပ်တဲ့ လူငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးဆိုင်ကယ်သပိတ်စစ်ကြောင်းဟာ ရဲနဲ့တပ်ပူးပေါင်းအဖွဲ့ရဲ့ ဖြိုခွဲဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

    "မနက် ၁၀ နာရီခွဲလောက်မှာ ဆိုင်ကယ်သပိတ်လှည့်ရာမှာ ​ရဲကားနဲ့တိုးတယ်။ စစ်ကားပါချက်ခြင်းရောက်လာတော့ လူ​တွေလွတ်အောင်ဆိုင််ကယ်တွေထားပြေးကြတာ။ အစီး၂၀ကျော် ၃၀ လောက်ပါသွားတယ်။ လူတွေပါမပါတော့ အသေချာမသိရသေးဘူး။"လို့ သပိတ်မှာပါဝင်တဲ့လူငယ်တစ်ဦးကပြောပြပါတယ်။

    ဒလမြို့နယ်က လူငယ်(Gen Z)တွေအနေနဲ့ မကြာခင်ကျရောက်မယ့် သကြန်ပွဲတော်ကိုလည်း ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ကိုလည်း မြို့နေပြည်သူလူထုကို စာထုတ်တောင်းဆိုထားကြတယ်လို့ သိရပါတယ်။

  3. ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စီကို ၅၃ ရက်မြောက် ဆက်လက်ဆန္ဒပြနေ

    ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စီကို ၅၃ ရက်မြောက် ဆက်လက်ဆန္ဒပြနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဖားကန့်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို ရပ်ကွက်ကျေးရွာတွေအလိုက် ရွေ့လျားသပိတ်တွေ၊ ထိုင်သပိတ်တွေနဲ့ လူထုက ဒီနေ့ ဧပြီလ ၆ ရက်မှာလည်း ၅၃ ရက်မြောက်အဖြစ် ဆက်လက်ဆန္ဒပြနေကြပါတယ်။

    ဖားကန့်ကျောက်ဝိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီအား အေးမြသာယာပူးပေါင်းသပိတ်စစ်ကြောင်းက ပြည်သူတွေက မနက်ခင်း ထိုင်သပိတ်ဖြင့် ဆန္ဒပြခဲ့ကြပါတယ်။

    မရှီက‌ထောင်ရပ်ကွက်ပူးပေါင်းသပိတ်၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဝှေခါကျေးရွာတို့က ဆန္ဒပြသပိတ်တွေက ရပ်ကွက်ကျေးရွာတွေအတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

  4. လူရွှင်တော် ဇာဂနာ ဖမ်းဆီးခံရ

    လူရွှင်တော် ဇာဂနာ ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, zagana

    လူရွှင်တော် သရုပ်ဆောင် ဇာဂနာ ဒီနေ့ ဧပြီ ၆ ရက်မနက်ပိုင်းမှာ တာမွေမြို့နယ်မှာ ဖမ်းဆီးခံရကြောင်း သူနဲ့ရင်းနှီးတဲ့ လူရွှင်တော်ငှက်ပျောကြော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    တာမွေမြို့နယ်၊ ၁၆၆ လမ်းမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း ပို့စ်က ရေးသားထားပါတယ်။

    ဒါ့အပြင် လူရွှင်တော်တချို့ကလည်း ဇာဂနာဖမ်းဆီးခံရတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

    စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သတင်းမီဒီယာကပုဂ္ဂိိုလ်တချို့အပါအဝင် ထင်ရှားကျော်ကြားသူပေါင်း ၁၀၀ ခန့်ကို အမှုဖွင့်တရားစွဲထားပြီး ထုတ်ပြန်ထားသလောက် စာရင်းတွေထဲမှာ ဇာဂနာ ကို ထည့်သွင်းဖော်ပြထားတာတော့မတွေ့ရသေးပါဘူး။

    ဇာဂနာဟာ ၈၈ အလွန်စစ်အစိုးရလက်ထက်နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၇ မှာ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မတွေအပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့တရားစွဲဆိုခံရပြီး ထောင်နှစ်ရှည်ကျခံခဲ့ရကာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

    လက်ရှိ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင်နဲ့ ထင်ရှားကျော်ကြားသူတွေထဲမှာ သရုပ်ဆောင်လူမင်းက အစောဆုံးဖမ်းဆီးခံထားရတာဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်ကတော့ ဧပြီ ၄ ရက်နေ့က သမိုင်းရပ်ကွက်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။

    အဲဒီနောက် သတင်းမီဒီယာနယ်ပယ်ထဲကဆိုရင် မြန်မာပို့စ် သတင်းဂျာနယ်က အယ်ဒီတာ ကိုဇင်သော်နိုင်လည်း ဗိုလ်တထောင်မြို့နယ်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။

  5. မိုးကောင်းမှာ နေအိမ်ထဲနေသူ အမျိုးသမီး ကျည်မှန်

    မိုးကောင်းမှာ  နေအိမ်ထဲနေသူ အမျိုးသမီး ကျည်မှန်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဧပြီ ၅ ရက်ညပိုင်းက စစ်ကောင်စီတပ်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ထဲမှာနေနေတဲ့ပြည်သူတစ်ဦး ကျည်ဆံထိမှန်ခဲ့ပါတယ်။

    မနေ့ ဧပြီ ၅ ရက်၊ ည ၉ နာရီပတ်ဝန်းကျင်လောက်က ကျွန်းတောရပ်ကွက်မှာ ဆိုင်ကယ်စီးပြီးပြန်လာတဲ့သူနှစ်ယောက်ကို စစ်တပ်ကရပ်ခိုင်းတာ မရပ်ဘဲဆိုင်ကယ်ထားပြီးထွက်ပြေးလို့ သေနတ်နဲ့ ၅ ချက်လောက်ပစ်ခတ်ခဲ့တာပါ။

    ဒါပေမဲ့ ဆိုင်ကယ်နဲ့လူကိုမမှန်ဘဲ နေအိမ်ထဲမှာရှိနေတဲ့ အသက်(၃၅ နှစ်)ခန့်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ဘယ်ဘက်လက်မောင်းရင်းကို ထုတ်ချင်းပေါက်မှန်သွားခဲ့တာပါ။

    ဒဏ်ရာရသူဟာ ညတွင်းချင်းမှာပဲ မိုးကောင်းမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံနေပေမဲ့ ဒဏ်ရာကပြင်းထန်တဲ့အတွက် ဒီကနေ့မှာ မြစ်ကြီးနားစစ်ဆေးရုံကို လွှဲပြောင်းဆေးကုသဖို့ရှိတယ်လို့ သိရပါတယ်။

  6. မိတ္ထီလာမြို့ပစ်ခတ်မှုမှာ သေဆုံးခဲ့သူကို ရည်စူးပြီး တံတားနာမည်သစ်ပေး

    မိတ္ထီလာမြို့ပစ်ခတ်မှုမှာ သေဆုံးခဲ့သူကို ရည်စူးပြီး တံတားနာမည်သစ်ပေး

    ဓာတ်ပုံ ရင်းမြစ်, CJ

    မိတ္ထီလာမြို့မှာ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ကိုထွန်းနိုင်ကို အစွဲပြုပြီး အောင်မင်္ဂလာရပ်ကွက်ထဲက တံတားတစ်ခုကို ထွန်းနိုင်တံတားလို့ မြို့ခံတွေက ဧပြီလ ၅ ရက်မှာ နာမည်ပေး ဆိုင်းဘုတ်တပ်လိုက်ကြပါတယ်။

    ကိုထွန်းနိုင် ကျည်မှန်ခဲ့တဲ့ မြို့တွင်းက ကတ္တယာခင်း ကွန်ကရစ်တံတားကို ထွန်းနိုင်တံတားလို့ မြို့ခံတွေက နာမည်ပြောင်းခဲ့သလို သူ့အတွက် ဆုတောင်းပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

    မတ်လ ၂၇ ရက် မိတ္ထီလာမြို့တွင်းက ပစ်ခတ်မှုတွေမှာ ကိုထွန်းနိုင်အပြင် နေအိမ်ထဲနေထိုင်ရင်း အပစ်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပါတယ်။

    ကိုထွန်းနိုင်အတွက် ရည်စူးတဲ့ ဆုတောင်းပွဲလည်း ပြုလုပ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကိုထွန်းနိုင်အတွက် ရည်စူးတဲ့ ဆုတောင်းပွဲလည်း ပြုလုပ်ခဲ့
  7. ပင်လည်ဘူးမှာ လူ ၂ ဦး ထပ်မံသေဆုံး၊ တရားရုံးနဲ့ မြို့နယ်ထွေအုပ်ရုံးမီးလောင်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ထဲက ပင်လည်ဘူးမြို့မှာ မနေ့ ဧပြီလ ၅ ရက် ညအစောပိုင်းတုန်းက တရားရုံးနဲ့ ထွေအုပ်ရုံးတို့ မီးလောင်ခဲ့သလို မီးလောင်လို့ သွားကြတဲ့လူထဲက အမျိုးသား ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သေဆုံးသူတစ်ဦးရဲ့ဆွေမျိုးနီးစပ်သူက ဒီမနက်မှာ ဘီဘီစီကို အတည်ပြုပါတယ်။

    သေဆုံးသူထဲက တစ်ဦးဟာ ပင်လည်ဘူးမြို့ထဲက ကိုဂျပန်ဆိုသူဖြစ်ပြီး နောက်တစ်ဦးကတော့ အင်ကုန်းရွာသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

    ''မီးလောင်တယ်ကြားတော့ သွားကြတာ၊ အဲဒါ ရဲစခန်းအနောက်ဘက် ရွှေကျောင်းဘုန်းကြီးကျောင်းထိပ်မှာ အပစ်ခံလိုက်ရတာ။ မီးအရောင်နဲ့ဆိုတော့ ဟိုက အဲဒီမှာ ပစ်ထည့်လိုက်တာ။ အဲဒါ ပခုံးကိုမှန်ပြီး လည်ပင်းနားဖောက်သွားတာ။ ပွဲချင်းပြီးပဲ သေတာ။ ပြန်ပစ်တာ ခတ်တာက ဘုရားကုန်းဘက်က ဖြစ်နေတာကိုး။ သူက ဒီဘက် ရွှေကျောင်းဘက်က သွားတော့ အပစ်ခံလိုက်ရတာ'' လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့မနက်ပိုင်းကလည်း ဆန္ဒပြသူတွေကို ရဲက အင်အားသုံးဖြိုခွင်းလို့ တင်းမာမှုဖြစ်ရာကနေ အမျိုးသားတစ်ဦး ကျည်မှန်သေဆုံးတဲ့ အထိဖြစ်ခဲ့လို့ တူမီးသေနတ်ရှိနေသူတွေက ရဲကို ပြန်ခုခံတာမျိုးဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အပြန်အလှန်ပစ်ခတ်တာတွေ ဘုရားကုန်းမှာဖြစ်ခဲ့ပါတယ်။

    ပင်လည်ဘူးမှာ မနေ့ ဧပြီလ ၅ ရက် တစ်နေ့တည်းမှာတင် သေဆုံးသူ အမျိုးသား ၃ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူ ၈ ဦးထက်မနည်းရှိခဲ့သလို အဲဒီထဲက ၂ ဦးကို မန္တလေးကို လွှဲခဲ့ရပေမဲ့ အခြေအနေ မဆိုးရွားတော့ဘူးလို့ သိရပါတယ်။

    မနေ့ပစ်ခတ်မှုတွေမှာ ရဲဘက်ကလည်း ၂ ဦးထက်မနည်းကျတယ်ဆိုတဲ့တာမျိုး မြို့ခံတွေက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပင်လည်ဘူးက ဆန္ဒပြပွဲ တစ်ခု

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပင်လည်ဘူးက ဆန္ဒပြပွဲ တစ်ခု
  8. ပေါ်စကို စတီးကုမ္ပဏီ ဦးပိုင်နဲ့ လက်တွဲဖြုတ်ဖို့ နည်းလမ်းရှာနေ

  9. ကရင်စစ်ဘေး ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေများ

  10. မြန်မာ့ နိုင်ငံရေး အကျပ်အတည်းက ထွက်နိုင်တဲ့လမ်း ရှိပါသလား

  11. ပင်လည်ဘူးမြို့က တူးမီးတိုက်ပွဲ

  12. မန္တလေးမှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူစာရင်း ထုတ်ပြန်

    မန္တလေး၊ ပုဒ်မ ၅၀၅ (က)၊ အာဏာသိမ်းစစ်တပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေး၊ ပုဒ်မ ၅၀၅ (က)၊ အာဏာသိမ်းစစ်တပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မန္တလေးမြို့မှာ ပုဒ်မ ၅၀၅(က)နဲ့ အရေးယူမယ့် လူဦးရေ ၂၀၀ ကျော် စာရင်းကို အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီလူတွေဟာ နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှုကို ထိခိုက်အောင် ပြောဆိုတာတွေ၊ CDM လှုပ်ရှားရာမှာ ပူးပေါင်း ပါဝင်ဖို့ ဖိအားပေး ခြိမ်းခြောက် လှုံ့ဆော်တာတွေ၊ ပြည်သူလူထု အနှောင့်အယှက် ဖြစ်အောင် လမ်းတွေပိတ်ဆို့တာ၊ သံပုံးတီးတာ စတဲ့ စည်းရုံးလှုံ့ဆော်တာတွေ လုပ်နေတဲ့အတွက် သူတို့ကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။

    အခု ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ အဲဒီလူတွေရဲ့ အမည်၊ အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေကို ဖော်ပြထားပြီး သူတို့ကို တွေ့ရှိရင် အနီးဆုံး ရဲစခန်းမှာ သတင်းပေး တိုင်ကြားဖို့နဲ့ လက်ခံထားသူတွေကို အရေးယူမယ်လို့ ဆိုပါတယ်။

  13. သာယာဝတီမှာ ၂ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    သာယာဝတီ သပိတ်ကို ဦးဆောင်နေသူလို့ ရဲက စွပ်စွဲထားတဲ့ ကိုဂျာလေး ဆိုသူကို မမိတဲ့အတွက် သူ့မိသားစုဝင်တွေနဲ့ ကားသမား အပါအဝင် လူ ၆ ဦးကို ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့အပြီး သာယာဝတီ သပိတ်ကို ဦးဆောင်မှုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းပြန်ကြားရေး တာဝန်ခံ ကိုဂျာလေးကို ရဲက ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ခဲ့ပြီး သူ့ကို ဖမ်းဆီးဖို့ အိမ်ကို အကြိမ်ကြိမ် လာရောက် ဝိုင်းခဲ့တဲ့အတွက် ကိုဂျာလေးက ထွက်ပြေး တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့ မနက်ပိုင်းမှာ ဆေးခန်းပြဖို့ သူ့ရဲ့ မိသားစု သာယာဝတီကနေ တိုက်ကြီးဘက်ကို အထွက် လမ်းမှာ သူ့ရဲ့ ၄ နှစ်အရွယ် သမီး၊ ၂ နှစ်ခွဲအရွယ် တူမ၊ ၁၃ နှစ်အရွယ် ယောက်ဖနဲ့ အသက် ၆၀ အရွယ် ယောက္ခမ အပါအဝင် လူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကိုဂျာလေးက ပြောပြပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားဆက်သွယ်အတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။

    ဒါ့အပြင် ကိုဂျာလေးနဲ့ ဆက်စပ်တယ်လို့ ယူဆရသူတွေကိုလည်း သာယာဝတီမြို့ထဲမှာ အခုချိန်ထိ လိုက်ဖမ်းနေဆဲပဲ လို့ သူက ပြောပါတယ်။

  14. ကလေးနဲ့ တမူးမှာ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့

    စစ်ကိုင်းတိုင်းထဲက ကလေးမြို့နဲ့ တမူးမြို့တို့မှာ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို မြို့ခံလူငယ်တွေနဲ့ စဖွဲ့ထားပြီလို့သိရပါတယ်။

    စစ်ကောင်စီ အာဏာသိမ်းမှုအပေါ် မကျေနပ်တာကြောင့် နယ်မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ စစ်ကောင်စီဘက်က ပစ်ခတ် နှိမ်နင်းမှုတွေကြောင့် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

    ဒီလို သေဆုံးသူတွေများလာတာကြောင့် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကိုဖွဲ့ခဲ့တာ ဖြစ်ပြီး ဖွဲ့စည်းတဲ့အထဲမှာ ကလေးမြို့ခံတွေ ပါဝင်တယ်လို့ သိရပါတယ် ။

    လက်ရှိ မြို့အနေအထားမှာ စစ်ကောင်စီတပ်တွေဘက်က မြိုခံတွေအပေါ် ပစ်ခတ်နေမှုအပေါ် ကာကွယ်လိုတာ တစ်ခုကြောင့်ပဲ KCA လို့ ခေါ်တဲ့ Kalay Civil Army ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီအဖွဲ့ကို ကလေးမြို့ခံ လူထုကပဲ ဦးဆောင်တာဖြစ်ပြီး လက်ရှိမှာ အမဲလိုက်ရာမှာ သုံးတဲ့ သေနတ်တွေနဲ့အတူ ရရာလက်နက်နဲ့ ပြန်လည် ခုခံတာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    မနေ့က ဧပြီလ ၄ ရက်နေ့တုန်းက တမူးမြို့မှာလည်း စစ်တပ်ဘက်က ပစ်ခတ်မှုတွေကို တမူးဒေသခံတွေဘက်က ပြန်လည်ခုခံခဲ့ကြပြီး မီးသတ်ရုံးကို လူထုက သိမ်းပိုက်ခဲ့ရာမှာ တပ်နဲ့ဒေသခံတွေအကြား တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

    စစ်ကိုင်းတိုင်းထဲမှာ မုံရွာမြို့နဲ့ ကလေးမြို့တို့ဟာ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ အများဆုံးမြို့တွေဖြစ်ပြီး ကလေးမြို့မှာ သေဆုံးသူ ၁၇ ဦးကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်၊

    ကလေးမြို့စည်သာရွာ တိုက်ပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကလေးမြို့စည်သာရွာ တိုက်ပွဲ
  15. မြစ်ဆုံစီမံကိန်းဧရိယာထဲမှာ ရွှေတူးဖော်မှုတွေရှိနေ

    မြစ်ဆုံစီမံကိန်းဧရိယာထဲမှာ ရွှေတူးဖော်မှုတွေရှိနေ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ဆုံဒေသ၊ မြစ်ဆုံဈေးဆိုင်တန်းနောက်ဘက်နားမှာ ရွှေတူးဖော်မှုတွေကို နေ့ရောညပါ လုပ်နေကြတာ ၂ပတ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    အရင်က မြစ်ဆုံအထက်ဘက်နားမှာ ရွှေတူးဖော်တာတွေရှိပေမဲ့ အခုတူးဖော်မှုဟာ ဈေးတန်းရဲ့အနောက်ဘက်နား မြစ်ဆုံစီမံကိန်း ဧရိယာထဲမှာပါတယ်လို့ ပြောနေကြပါတယ်။

    မြစ်ဆုံဒေသခံတွေကတော့ မြစ်ဆုံစီမံကိန်းကိုလည်း အခုထိကန့်ကွက်သလို သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေတဲ့ အခုလိုရွှေတူးဖော်မှုကိုလည်း လက်မခံနိုင်ဘူးလို့ပြောကြပါတယ်။

    စီမံကိန်းနယ်မြေအနီးမှာ စက်ယန္တရားကြီးတွေသုံးပြီး အခုလို ရွှေတူးဖော်နေတာဟာ အာဏာရှိသူတချို့ပါဝင်ပတ်သတ်မှုတွေရှိနေနိုင်လားဆိုပြီး ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

  16. မြန်မာနဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့စီမံကိန်း အားလုံး ဆိုင်းငံ့ထားကြောင်း အီးယူ ထပ်မံထုတ်ပြန်

    ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထောက်ပံ့မှုကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဝန်ကြီးများအကြား ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း ဧပြီလ ၃ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်းတွေမှာ ဖော်ပြခဲ့ပေမဲ့ အဲဒီ အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပ သမဂ္ဂ၊ ဂျာမနီ၊ ပြင်သစ် သံတမန် ကိုယ်စားလှယ်တွေကရော သူတို့ရဲ့ မိတ်ဖက် ကိုယ်စားလှယ်တွေကပါ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေမှုနဲ့ ဥရောပကောင်စီရဲ့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ပြဌာန်းချက်တို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို သူတို့အနေနဲ့ ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။

    အဲဒီနေ့ရက်ကတည်းက စလို့ မြန်မာအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အားလုံးကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂ၊ မြန်မာ၊ စစ်အာဏာသိမ်း၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့စီမံကိန်း

    ဓာတ်ပုံ ရင်းမြစ်, EU in Myanmar

  17. စစ်အာဏာရှင်အလိုမရှိ‌ကြောင်း ကွတ်ခိုင်လူငယ်တွေ ဆက်ဆန္ဒထုတ်‌ဖော်

    စစ်အာဏာရှင်အလိုမရှိ‌ကြောင်း ကွတ်ခိုင်လူငယ်တွေ ဆက်ဆန္ဒထုတ်‌ဖော်

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    စစ်အာဏာရှင်အလိုမရှိ‌ကြောင်း ကွတ်ခိုင်လူငယ်တွေ ဆက်ဆန္ဒထုတ်‌ဖော်

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့က မြို့ခံလူငယ်တွေ ဒီနေ့ ဧပြီလ ၅ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင် အလိုမရှိ‌ကြောင်း ဆက်လက် ဆန္ဒထုတ်‌ဖော်နေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    ကွတ်ခိုင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က အင်အားသုံး ဖြိုခွဲမှုတွေလုပ်သလို ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

    “သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က ဖြိုခွဲခဲ့သလို ဖမ်းဆီးခံရတဲ့ လူငယ်တွေလည်း ရှိပါတယ်၊ ဒါပေမယ့် စစ်အာဏာရှင် အလိုမရှိကြောင်းကိုတော့ ရတဲ့နည်းနဲ့ ဆက်ပြီးဆန္ဒထုတ်ဖော်သွားမယ်”လို့ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ လူငယ်တွေက ဆိုပါတယ်။

    ကွတ်ခိုင်မြို့က သပိတ်စစ်ကြောင်းအတွင်းမှာ ပါဝင်တဲ့ လူငယ် ကျား/မ(၉) ဦးထက်မနည်း ဖမ်းဆီးခံရတာ ရှိခဲ့ပေမယ့် ဝန်ခံကတိနဲ့ ပြန်ပြီး လွတ်မြောက်လာကြတယ်လို့ သိရပါတယ်။

  18. စမ်းချောင်း‌ညောင်တုန်းလမ်းဓမ္မာရုံက ဆေးအဖွဲ့ကိုဝင်ဖမ်း

    ရန်ကုန်၊ စမ်းချောင်း၊ စစ်အာဏာသိမ်း၊ သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မိုးရေကြားက ရန်ကုန်၊ စမ်းချောင်း သပိတ်

    စမ်းချောင်းမြို့နယ် ‌ညောင်တုန်းလမ်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဓမ္မာရုံမှာ ဆေးအကူညီပေးနေတဲ့ အဖွဲ့ကို လာရောက် ဖမ်းဆီးနေတယ်လို့ စမ်းချောင်းရပ်ကွက်သားတွေက ဘီဘီစီကို ပြောပါတယ်။

    အမျိုးသား ၈ ဦး နဲ့ အမျိုးသမီး ၁ ဦး ဖမ်းဆီးခံထားရပြီး စစ်ကား ၄ စီး၊ အချုပ်ကားတစ်စီးနဲ့ လာရောက်ဖမ်းဆီးနေတာလို့ ရပ်ကွက်သား တစ်ဦးကပြောပါတယ်။

    စမ်းချောင်း မြို့နယ်ထဲကို နေ့လယ်ပိုင်း အချိန်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဆက်လက်ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့လည်း စမ်းချောင်းရပ်ကွက်သားတွေက ပြောပါတယ်။

    ရန်ကုန်မြို့စမ်းချောင်းမှာ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန့်ကျင်ဆန္ဒပြမှုတွေကို ဒီနေ့ ဧပြီလ ၅ ရက် မိုးရွာနေတဲ့ကြားက ပြုလုပ်ခဲ့ကြပါတယ်။

  19. ပုဒ်မ ၅၀၅ က နဲ့အမှုဖွင့်ခံထားရတဲ့ ထင်ရှားသူတွေအကြောင်း မထုတ်လွှင့်ဖို့ စာထုတ်

    ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရတယ်လို့ ကြေညာခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေအပြင် စာပေ၊ သဘင်နဲ့ သတင်းမီဒီယာနယ်ပယ်တွေက လူပုဂ္ဂိုလ်အချို့ကို ဘယ်လို မီဒီယာနည်းလမ်းနဲ့မဆို မဖော်ပြဖို့ သတိပေးထားတဲ့ တားမြစ်စာတစ်စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဒီလူပုဂ္ဂိုလ်တွေကို ရုပ်မြင်သံကြား၊ ရေဒီယို၊ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာတွေမှာ ထုတ်လွှင့်ဖော်ပြတာ မလုပ်ဖို့နဲ့ ဖော်ပြပါက ပူးပေါင်းကူညီမှု၊ ထောက်ခံအားပေးမှု၊ ပွဲထုတ်မှုတွေနဲ့ အရေးယူခံရနိုင်တယ်ဆိုတာ သိရှိအောင် အသိပေးတာ ဖြစ်တယ်လို့ စာထဲမှာ ပါရှိပါတယ်။

    အဲဒီစာကို MRTV-4၊ Channel7 ကိုစီမံလည်ပတ်နေတဲ့ Forevergroup Company၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်(Skynet)၊ Family Entertainment Group၊ Fortune Broadcasting၊ ရွှေ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ မန္တလေး FM၊ ပဉ္စဝတီ FM တွေ အပြင် နောက်ထပ် မီဒီယာကုမ္ပဏီ ၂ ခုကို ပေးပို့တာဖြစ်ပါတယ်။

    ဒီစာကို လက်ခံရရှိထားကြောင်း FM လိုင်းတစ်ခုမှာ ထုတ်လုပ်ရေးမှူးတာဝန်ယူထားသူတစ်ဦးကလည်း ဘီဘီစီကို အတည်ပြုပါတယ်။

    လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေကနေ ကြေညာခံထားရတဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုကွန်ရက် နယ်ပယ်တွေမှာ ထင်ရှားသူ အယောက် ၇၀ ဝန်းကျင် ရှိနေပါတယ်။

    အဲဒီလူပုဂ္ဂိုလ်တွေထဲမှာ သရုပ်ဆောင် ပြေတီဦး၊ သက်မွန်မြင့်၊ ဖွေးဖွေး၊ ပိုင်ဖြိုးသု၊ အဆိုတော် ကော်နီ၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချမ်း၊ မော်ဒယ်အလင်းရောင်၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး၊ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ ပါဝင်ပါတယ်။

    ဖေဖော်ဝါရီလ ၈ ရက် လှည်းတန်းက ဆန္ဒပြပွဲမှာတွေ့ရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလ ၈ ရက် လှည်းတန်းက ဆန္ဒပြပွဲမှာတွေ့ရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု
  20. အုပ်ချုပ်သူမရှိတဲ့မြို့ပေါ်ရပ်ကွက်များ