အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ကုလအထူးကိုယ်စားလှယ် စီစဉ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. , တွေ့ဆုံဆွေးနွေးရေးလမ်းကိုပဲ လုံခြုံရေးကောင်စီ တိုက်တွန်းနေ

    ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့၀င်နိုင်ငံတွေ တံခါးပိတ် ဆွေးနွေးတာကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်လာခဲ့ပါတယ်။

    အဲဒီထုတ်ပြန်ချက်ကို အခု ဧပြီလ အတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ဗီယက်နမ် နိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Dang Dinh Quy က အခုလို ဖတ်ကြားပါတယ်။

    “မြန်မာနိုင်ငံထဲက အခြေအနေတွေ အချိန် အနည်းငယ်အတွင်းမှာပဲ ယိုယွင်းပျက်စီး သွားတဲ့အပေါ် စိုးရိမ်တယ်၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာတွေ၊ အမျိုးသမီးနဲ့ကလေးတွေ အပါအ၀င် အရပ်သားတွေ ရာနဲ့ချီ သေဆုံးရတာတွေ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်၊ မြန်မာစစ်တပ် အနေနဲ့ အဆုံးစွန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ ထပ်မံတိုက်တွန်းတယ်” ဆိုပြီး ပြောသွားပါတယ်။

    မြန်မာစစ်တပ် အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကနေ ထုတ်ပြန်ခဲ့ပြီးတဲ့ အရင် ကြေညာချက် သဘောထားတွေလိုပဲ၊ တွေ့ဆုံဆွေးနွေးဖို့၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့်တို့ အပါအ၀င် ဖမ်းထားတဲ့ သူတွေ အားလုံးကို ပြန်လွှတ်ဖို့ အခုတစ်ကြိမ်မှာလည်း တောင်းဆိုထားပါတယ်။

    တရုတ်၊ ရုရှား အပါအ၀င် လုံခြုံရေးကောင်စီ အဖွဲ့၀င် အားလုံးရဲ့ သဘောတူမှုနဲ့ ထုတ်ပြန်လာတဲ့ ဒီ ကြေညာချက်ထဲ၊ ပြန်လည်သင့်မြတ်ရေး လမ်းကို သွားဖို့နဲ့ သက်ဆိုင်သူတွေ အားလုံး အကြမ်းဖက်တာတွေ မလုပ်ကြဖို့ ပြောထားတာ တွေ့ရပါတယ်။

    လုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှာ အများသဘောတူမှုကို ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ အမြဲတမ်းအဖွဲ့၀င် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား ၅ နိုင်ငံနဲ့ အထွေထွေညီလာခံကနေ ရွေးချယ်ပေးတဲ့ ၂ နှစ်သက်တမ်း ရှိတဲ့ အဖွဲ့၀င် ၁၀ နိုင်ငံ ပါ၀င်ပါတယ်။

    လုံခြုံရေးကောင်စီကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ စစ်ရေးအရ အရေးယူခွင့်ထိ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာထိ သက်ရောက်လာနိုင်တဲ့ ပြဿနာမျိုးကို ကိုင်တွယ်ဖို့လို့ ဆိုထားတဲ့ အတွက် တရုတ်၊ ရုရှားတို့က လက်ရှိ မြန်မာ့ အကျပ်အတည်းဟာ ပြည်တွင်းရေး ဆိုပြီး ရပ်တည် နေကြတာ ဖြစ်ပါတယ်။

    Dang Dinh Quy

    ဓာတ်ပုံ ရင်းမြစ်, UN Web TV

    ဓာတ်ပုံ ပုံစာ, ဗီယက်နမ် နိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Dang Dinh Quy
  2. ရဲတံခွန် ကမ်းလွန်သဘာ၀ဓာတ်ငွေ့ တူးဖော်မှု ရပ်လိုက်ပြီ

    ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ

    ဓာတ်ပုံ ရင်းမြစ်, Petronas

    ဓာတ်ပုံ ပုံစာ, ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ

    မလေးရှား အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်တဲ့ ပက်ထရိုးနပ်စ်က မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ပြင်မှာ သူတို့ တူးဖော်နေတဲ့ ရဲတံခွန် သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကို စာချုပ်သက်တမ်း မပြည့်ခင် ရပ်နားကြောင်း ကြေညာပါတယ်။

    ပက်ထရိုးနပ်စ်အောက်က ကုမ္ပဏီခွဲဖြစ်တဲ့ PC Myanmar (Hong Kong) Limited (PCML) က တူးဖော်နေတဲ့ အဲဒီနေရာတွေမှာ ဓာတ်ငွေ့ထွက်တဲ့ ပမာဏ ကျဆင်းလာတဲ့ အတွက် ထုတ်လုပ်မှုကို နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း နားထားမယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီ လက်ထဲ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကနေ ငွေကြေးတွေ မရောက်အောင် ပိတ်ဆို့ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က နိုင်ငံတကာကို နှိုးဆော်နေချိန် ဖြစ်ပါတယ်။

    ဒါပေမယ့်၊ ပက်ထရိုးနပ်စ်ရဲ့ အခု ဆုံးဖြတ်ချက်ကတော့ အဲဒီလိုမျိုး နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပါဘူး။

    ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဓာတ်ငွေ့ထွက်တဲ့ ပမာဏကျဆင်းနေတဲ့ အတွက် ၊ လုပ်ငန်း ရှေ့ဆက်သင့် မသင့် သုံးသပ်နေတဲ့ သတင်းတွေ ထွက်ခဲ့နှင့်ပြီး ဖြစ်ပါတယ်။

    နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပ
  3. ဝိုင်ဖိုင်ပိတ်ဆို့ချိန် ဆက်သွယ်မှု ပုံစံပြောင်း၊ FM လိုင်းသစ်ကိုအရေးယူမယ်လို့ဆို

    အင်တာနက်ပိတ်ဆို့မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တို့းမြှင့်လာချိန်မှာ လူငယ်တွေ ဦးဆောင်တဲ့ ဖက်ဒရယ် FM ရေဒီယိုလိုင်းသစ်လည်း ပေါ်ထွက်လာပါတယ်။

    အင်တာနက် ပိတ်ဆို့မှုတွေကို မိုဘိုင်းလ်ဖုန်း ဒေတာကနေ တစ်ဆင့်သုံးစွဲတာကို စတင်ပိတ်ဆို့ခဲ့ရာက ဝိုင်ဖိုင် ကတစ်ဆင့် သုံးစွဲတာတွေကိုပါ ဒီကနေ့ စတင်ပိတ်ဆို့လိုက်ပြီးနောက် သတင်းတွေသိရဖို့ ရေဒီယိုလိုင်းတွေ၊ ဘလူးတုသ်နဲ့ဆက်သွယ်နိုင်တဲ့ မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွေနဲ့ SMS ပေးပို့မှုကနေ ကတစ်ဆင့်သတင်းတွေ ဆက်သွယ် ရယူဖို့ ပြုလုပ်လာကြပါတယ်။

    အိမ်တွေကို ဖိုင်ဘာက တစ်ဆင့်တိုက်ရိုက်ဆက်သွယ်တဲ့ အင်တာနက်ဝန်ဆောင်မှုတွေတော့ အချိန်အကန့်အသတ်နဲ့ ရနေသေးတယ်လို့ အင်တာနက်သုံးစွဲနေသူတွေက ပြောပါတယ်။ ဒါပေမဲ့ ပြည်တွင်းသုံးစွဲသူ အများစုက မိုဘိုင်းလ်ဖုန်းဒေတာနဲ့ ဝိုင်ဖိုင်ကနေ အင်တာနက် ချိတ်ဆက်သုံးစွဲကြတာ ဖြစ်ပါတယ်။

    ဝိုင်ဖိုင်အင်တာနက်ကို ပိတ်ပင်တဲ့ အကြောင်းအရင်းကို ပြောကြားတာ မရှိဘဲ မိုဘိုင်းလ်ဖုန်းဒေတာကဆင့် သုံးစွဲမှုကိုတော့ ပိတ်ပင်ခဲ့တာ သီတင်းပတ်တွေ ချီနေပြီ ဖြစ်ပြီး ပြည်တွင်းက အင်တာနက်သုံးစွဲသူ အများဆုံး ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကိုလည်း အဲဒီကနေတဆင့် မမှန်သတင်းဖြန့်ချိတာတွေ ရှိတယ်ဆိုပြီး ပိတ်ပင်ထားခဲ့ပြီး ဖြစ်ပါတယ်။

    ဒီလို အင်တာနက် ပိတ်ဆို့မှုတွေ တိုးမြင့်လာချိန်မှာ ဖက်ဒရယ် FM ရေဒီယို အစီအစဉ်တွေကို လူငယ်မျိုးဆက်သစ်တွေက ဦးဆောင်ပြီး ဧပြီလ ၁ စတင်ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။ စတင်ချိန်မှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၅ မြို့နယ်လောက်မှာပဲ ဖမ်းယူ နားဆင်လို့ ရမှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တနိုင်ငံလုံးအနှံ့ ဖမ်းယူ နားဆင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

    ဒီကနေ့မှာတော့ အဲဒီရေဒီယိုလိုင်းနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ စတင်စမ်းသပ်ထုတ်လွှင့်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ FM ရေဒီယိုလိုင်းသစ်ဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိကြောင်းနဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်တာနဲ့ အကူအညီပေးတာတာတွေ လုပ်ရင် ဥပဒေနဲ့အညီ အရေးယူမယ်လို့ ဝန်ကြီးဌာနက ဒီကနေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

  4. တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး

    စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံက မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံ ကူကီးအမျိုးသားတပ်တို့အကြား သောကြာနေ့ မနက် ၂ နာရီကနေ ၄ နာရီ အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ ဒေသခံတွေဘက်ကတိုက်ခိုက်တဲ့ CDM လုပ်နေတဲ့ ရဲတပ်သား ကိုထောင်ဟောင်ဂင် သေဆုံးသွားတယ်လို့ တမူး မြို့ခံ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။

    ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံးတယ်လို့ ယူဆနိုင်စရာတွေကို တွေ့ခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။ ဒီသေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

    စစ်ကောင်စီတပ်တွေဘက်က ရပ်ကွက်ထဲဝင်ပစ်ရာကနေ နှစ်ဖက် ပစ်ခတ်မှုတွေ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

    မတ်လ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အိမ်ထဲမှာ အိပ်နေတဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့လည်း ပြောပါတယ်။

    မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ ရဲနဲ့ စစ်တပ်တို့က ညစဉ် သေနတ်တွေ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တမူး
  5. ရန်ကုန် စစ်အုပ်ချုပ်ရေး မြို့နယ်တွေရဲ့ အခြေအနေ

    ရန်ကုန်တိုင်းက မြို့နယ် ၆ခုကို မတ်လ ၁၄ရက် ကစပြီး စစ်အုပ်ချုပ်ရေး-မာရှယ်လော ကြေညာခဲ့တာ နှစ်ပတ်ကျော်ကြာခဲ့ပြီးနောက် အဲဒီမြို့နယ်တွေမှာ လုံခြုံရေး ပိုတင်းကြပ်လာပေမဲ့ စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေ ဆက်လက်လုပ်ဆောင်တာ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး မာရှယ်လောထုတ်ပြန်တာ နှစ်ပတ်ကျော်လာခဲ့ပြီ ဖြစ်ပြီးနေ့နေ့ညည ကင်းလှည့်တာတွေ၊ စစ်သားနဲ့ရဲတွေအင်အား ပိုတိုးလာတယ်လို့ အဲ့ဒီဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် အခြေခံလုပ်သားအများစုရှိတဲ့ မြို့နယ်၊ ရပ်ကွက်တွေဘက်မှာ အလုပ်အကိုင်ရှားပါးလာတာကြောင့် စားဝတ်နေရေး ခက်ခဲလာကြတယ်လို့ ဆိုပါတယ်။ ဒီလို ခက်ခဲနေသူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေဘက်မှာလည်း တင်းကြပ်တဲ့ စောင့်ကြည့်မှုတွေကြောင့် အကူအညီပေးဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

    တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့လုပ်ဆောင်ချက်အနေနဲ့ ဧည့်စာရင်းတိုင်ကြားရတာ၊ ဧည့်စာရင်းစစ်တာတွေလုပ်နေပါတယ်။

    မြိုနယ်နဲ့ ရပ်ကွက်အလိုက် ဧည့်စာရင်းတိုင်ကြားရတဲ့ပုံစံတွေကတော့ မတူညီကြပါဘူး။ ပထမဆုံး ဧည့်စာရင်းတိုင်ကြားရတဲ့ စနစ်ပြန်လည်စတင်ခဲ့တဲ့ ရွှေပြည်သာမြို့နယ်မှာတော့ တစ်လတစ်ခါသာ ဧည့်စာရင်းတိုင်ရပေမယ့် မြောက်ဥက္ကလာပမြို့နယ်မှာတော့ ၅ ရက်တစ်ခါ တိုင်ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီလို လုံခြုံရေးတင်းကြပ်မှုတွေကြားကနေ ပြောက်ကြားစနစ်နဲ့ ရပ်ကွက်လမ်းတွေထဲမှာ ဆန္ဒပြတာတွေ ဆက်ရှိနေပါသေးတယ်။

    ဒါပေမယ့် အဲ့ဒီလိုဆန္ဒပြတိုင်း လိုက်လံပစ်ခတ်တာတွေအပြင် နယ်မြို့တွေကို ပြန်သွားသူတာတွေရှိတာကြောင့် ဆန္ဒပြလူအင်အား တဖြည်းဖြည်း နည်းလာတယ်လို့ ဒေသခံလူငယ်တွေက ပြောပါတယ်။

    တောင်ဒဂုံ ဒေသခံတစ်ဦးကတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ည ၈ နာရီမှာ သံပုံးတီးတိုင်း ပစ်ခတ်တာကြောင့် သံပုံးမတီးဖြစ်တော့ပေမယ့် သူတို့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

    ဒါ့အပြင် ဒီမြို့နယ် ၆ ခုအတွင်းမှာ ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပေမယ့်လည်း အင်တာနက်ပိတ်ဆို့မှုတွေ တိုးလာတာကြောင့် တိကျတဲ့သတင်းမှန်သိရဖို့ ခက်ခဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    တောင်ဥက္ကလာပမြို့နယ်မှာ ဧပြီ ၁ ရက်က ၂၀၀၈ အခြေခံဥပဒေစာအုပ်တွေ မီးရှို့ဆန္ဒပြကြသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တောင်ဥက္ကလာပမြို့နယ်မှာ ဧပြီ ၁ ရက်က ၂၀၀၈ အခြေခံဥပဒေစာအုပ်တွေ မီးရှို့ဆန္ဒပြကြသူတွေ
  6. စီးပွားရေးပညာရှင် ရှောင် တာနဲလ်ကို ချက်ချင်း လွှတ်ပေးဖို့ ဩစတြေးလျ တောင်းဆို

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၆ ရက် ကတည်းက ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေး အကြံပေး မစ္စတာ ရှောင် တာနဲလ်ကို အမြန်ဆုံး လွှတ်ပေးဖို့ စစ်ကောင်စီကို ဩစတြေးလျနိုင်ငံက ထပ်မံတောင်းဆို လိုက်ပါတယ်။

    “မစ္စတာ ရှောင်တာနဲလ်ကို ဖမ်းထားတဲ့ အကြောင်းပြချက်တွေနဲ့ ပတ်သက်လို့ တရားဝင် သတင်းအချက်အလက်တွေ သိရအောင် မြန်မာပြည်မှာရော ဩစတြေးလျနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့်ရော ဆက်လက်စုံစမ်းနေတယ်။ ပါမောက္ခရှောင်တာနဲလ်ကို ဩစတြေးလျမှာရှိတဲ့ သူ့မိသားစုထံပြန်ခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုတယ်”ဩစတြေးလျ နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    မစ္စတာရှောင်တာနဲလ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုထားပြီး လာမယ့် ဧပြီလ ၈ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးဖို့ ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ မစ္စတာ ရှောင်တာနဲလ်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ၃/၁ (ဃ) တို့နဲ့ စစ်ဆေးနေတယ်လို့ ပြောထားပါတယ်။

    မစ္စတာရှောင်တာနဲလ်အပြင် နောက်ထပ် သြစတြေးလျနိုင်ငံသား နှစ်ဦး သီးခြားဖမ်းဆီးခံထားရပေမယ့် သူတို့နဲ့ ပတ်သက်လို့လည်း ဘာမှ မသိရသေးပါဘူး။

    ရှောင် တာနဲလ်

    ဓာတ်ပုံ ရင်းမြစ်, Sean Turnell's Linkedin

  7. ပန်းသပိတ် အဓိပ္ပာယ် ဘယ်လိုသဘောဆောင်သလဲ

  8. ဦးဝင်းထိန်ကို အွန်လိုင်းက ရုံးထုတ်၊ လျှောက်လဲချက်သုံးခု နောက်ရုံးချိန်းမှာ အမိန့်ချမယ်

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄( က) နဲ့တရားစွဲဆိုခံထားရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်ကို ဒီကနေ့ အွန်လိုင်းကနေ ရုံးထုတ်ခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    စွပ်စွဲခံရသူနဲ့ ရှေ့နေတွေ့ဆုံပြီး ညွှန်ကြားချက် ရယူခွင့်ရဖို့၊ အများပြည်သူရှေ့ စစ်ဆေးတဲ့ အခွင့်အရေးရဖို့နဲ့ အာမခံနဲ့ အချုပ်လွတ် ထုချေခွင့် ပေးဖို့ အချက်သုံးချက်ကို ဒီရုံးချိန်းမှာ လျှောက်လဲခဲ့ပြီး အဲဒါတွေကို နောက်ရုံးချိန်း ဧပြီ ၉ ရက်မှာ တရားရုံးက အမိန့်ချဖို့ ရှိတယ်လို့ ဆိုပါတယ်။

    နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဦးဝင်းထိန်ဟာ အသက်အရွယ်နဲ့ မူလ ရောဂါအခံကြောင့် ကျန်းမာရေးမကောင်းပေမဲ့ ဒီကနေ့ ရုံးချိန်းမှာ ရွှင်ရွှင်လန်းလန်း တွေ့ရကြောင်းလည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    • ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားမှု အွန်လိုင်းက ရုံးထုတ်

    ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မီဒီယာနဲ့ တွေ့ဆုံခဲ့စဥ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ ပန်ကြားချက်စာနဲ့ ပတ်သက်ပြီး ပြောကြားချက်တွေအရ အခုလို တရားစွဲဆိုခံထားရတဲ့ ဦးဝင်းထိန်ကို နေပြည်တော် အကျဥ်းထောင်မှာ ထားရှိတယ်လို့လည်း ဆိုပါတယ်။

    ဦးဝင်းထိန်ကို အွန်လိုင်းက ရုံးထုတ်၊ လျှောက်လဲချက်သုံးခု နောက်ရုံးချိန်းမှာ အမိန့်ချမယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  9. မုံရွာတစ်ဖက်ကမ်း သပြေအေးရွာပြင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

    မုံရွာမြို့အနောက်ဘက်ကမ်း ကားနဲ့ တစ်နာရီကျော်ခရီး ဝါးစိမ်းတောင်ဒေသက သပြေအေးရွာပြင်မှာ စစ်ကောင်စီတပ်က စစ်သားတွေနဲ့ ရွာသားတွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရွာအထဲမှာရှိနေတဲ့ ဦးပဉ္ဇင်းတစ်ပါးက ဘီဘီစီကို မိန့်ပါတယ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက သပြေအေးရွာမှာ ကျောင်းထိုင်နေတဲ့ သူ့ကို ဖမ်းဖို့ စစ်သားတွေက ကျောက်သယ် တန်ကားကြီး ၃ စီးနဲ့ ဧပြီလ ၂ ရက် မနက် ၃ နာရီကျော်လောက်မှာ ရွာနားကို လာခဲ့ကြတယ်၊ ရွာကို သူတို့က တောနင်းပြီး ဝင်စီးရာမှာ သူ့ကို မမိဘဲ၊ သူ့အစား ရွာသား ၄ ယောက်ကို ဓားစာခံ အဖြစ်ဖမ်းဆီးသွားခဲ့တဲ့နောက်၊ ကျန်ရွာသူရွာသား တွေက ဖမ်းသွားတဲ့သူတွေကို ပြန်ရဖို့ ရရာလက်နက်နဲ့ တိုက်ပွဲဝင် နေခဲ့ကြတာလို့ အရှင် ဦးသောပါက က ဘီဘီစီကို ပြောပါတယ်။

    ဘီဘီစီနဲ့ ဆက်သွယ်နိုင်ခဲ့တဲ့ ညနေ ၄ နာရီခွဲကျော်အချိန်ထိ အိမ်လုပ် တူမီးသေနတ်တွေ နဲ့ ခံပစ်နေတဲ့ ရွာသားတွေနဲ့ စစ်ကောင်စီရဲ့ စစ်သားတွေကြား တိုက်ပွဲ တွေက ရွာပြင်ဘက် ဝါးစိမ်းတောင်ကြီးအရှေ့ဘက်မှာ ဆက်ဖြစ်နေတယ်လို့လည်း ဦးပဉ္ဇင်းက ဆိုပါတယ်။

    မနက်အစောပိုင်းက ရောက်လာတဲ့ စစ်သား အင်အားက ၁၀၀ ကျော်ရှိပြီး နောက်ထပ် စစ်ကား တစ်စီးရောက်လာတယ် ဆိုတဲ့ သတင်းလည်း သူရရှိတယ်လို့ ပြန်ပြောပြပါတယ်။

    သပြေအေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ရွာဖြစ်ပေမယ့် အနီးအနားကရွာပေါင်း ၈၀ကျော်က ရွာတွေနဲ့လည်း အဆက်အစပ်ရှိထားကြတာမို့၊ အဲဒီရွာတွေက ရွာသားတွေကလည်း ရရာလက်နက်တွေနဲ့ ကူတိုက်ဖို့လာခဲ့ကြတယ်လို့ သိရပါတယ်။

    သပြေအေးရွာကိုလာတဲ့ လမ်းတွေကိုလည်း အဲဒီလမ်းတွေနားက ရွာတွေက အပိတ် အဆို့အတားအဆီးတွေ လုပ်ကြတယ်လို့လည်း ဆိုပါတယ်။

    အရှင်ဦးသောပါက ဟာ အရင်တုန်းက ဂျာမနီနိုင်ငံမှာ ၈ နှစ်လောက် သီတင်းသုံး နေထိုင်ခဲ့ပြီး ရွာကျောင်းမှာ ပြန်လည်ရောက်ရှိ နေတာ ၁၀ နှစ်ကျော် ရှိနေပါပြီ။ ပရဟိတတွေလုပ်ဖို့ရွာကိုပြန်လာခဲ့တဲ့ ဦးပဉ္ဇင်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တဲ့နောက် ဆန္ဒပြပွဲတွေ၊ ဆုတောင်းပွဲတွေ၊ ဟောပြောပွဲတွေကို ဦးဆောင်ကျင်းပခဲ့လို့ လာရောက်ဖမ်းဆီးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    "သူတို့ကအညိုးတကြီးထားတာပေါ့နော်၊ ဖမ်းဝရမ်းထုတ်တာလည်း ကြာပြီ၊ ရဲက မဖမ်းတော့ အခုစစ်တပ်ကလာဖမ်းတာပါ"လို့ ဦးသောပါကက မိန့်ပါတယ်။

    "သူတို့က ရက်ရက်စက်စက်ကြီးကို လာတာဗျ၊ တကယ့်ကို အင်နဲ့အားနဲ့။"

    မနက်တုန်းက တိုက်ပွဲတွေပြင်းခဲ့ကာ ညနေ ၂ နာရီကျော်လောက်မှာ ခဏ လောက် ရပ်နားသွားတယ် လို့လည်း ဦးပဉ္ဇင်းက ဆိုပါတယ်။

    အခုထိ ရွာသားတွေအထိအခိုက် အကျအဆုံးကို အတည်မပြုနိုင်ပေမယ့် ရွာသား ၂ ယောက်ကျတယ်၊ စစ်သားတွေလည်း သေတယ်ဆိုတဲ့ သတင်းတွေ သူရထားကြောင်း ဘီဘီစီကို ပြောပြပါတယ်။

    မုံရွာမြို့က ဧပြီ ၁ ရက်က ပင်မ သပိတ်စစ်ကြောင်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့က ဧပြီ ၁ ရက်က ပင်မ သပိတ်စစ်ကြောင်း
  10. မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးခေါ်ယူဖို့ တရုတ်ထောက်ခံ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း အခြေအနေကို စေ့စပ်ညှိနှိုင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေကြား ထိပ်သီးအစည်းအဝေး အမြန်ဆုံး ခေါ်ယူမှုကို ထောက်ခံတယ်လို့ တရုတ်နိုင်ငံဘက်က မနေ့က ပြောကြားလိုက်ပါတယ်။

    အာဆီယံနည်းလမ်းနဲ့ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ကိုလည်း အပြည့်အဝထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မလေးရှားနိုင်ငံခြားဝန်ကြီးနဲ့ တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။

    မြန်မာပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားတွေကို ရှေးရှုသင့်တယ်၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်တယ်၊ တွေ့ဆုံညှိနှိုင်းမှုတွေကို အမြန်ဆုံး စတင်တဲ့ နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်းကနေ ဒီအကွဲအပြဲကို ဖြေရှင်းနိုင်မယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝမ်ယီက ဆိုပါတယ်။

    နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့ အခြေခံမူကို ကိုင်စွဲသင့်တယ်လို့လည်း တရုတ်နဲ့ မလေးရှားနိုင်ငံဘက်က သဘောတူခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှာ ရေးသားထားပါတယ်။

    မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်းမြန်မာအပေါ် ဒဏ်ခတ်အရေးယူဖို့ တရုတ်နိုင်ငံဘက်က ပယ်ချခဲ့ပါတယ်။

    မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးခေါ်ယူဖို့ တရုတ်ထောက်ခံ

    ဓာတ်ပုံ ရင်းမြစ်, Reuters

  11. CDM လုပ်သားတွေကို အလုပ်ပြန်ဆင်းဖို့ စည်းရုံးနေလို့ အင်းစိန်မီးရထားဝန်ထမ်းတွေ စာထုတ်

    မြန်မာ့မီးရထားအောက်က အင်းစိန် CDM ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းဖို့ စည်းရုံးနေသူတွေရှိပြီး အဲဒီလူတွေကို နာမည်၊ရာထူးနဲ့တကွ ရှုတ်ချတဲ့အကြောင်း အင်းစိန်မီးရထားဝန်ထမ်းတွေက ဒီနေ့ ဧပြီလ ၂ ရက်မှာ စာထုတ်လိုက်လိုက်ပါတယ်။

    လက်ရှိမှာ နိုင်ငံတဝန်းက မီးရထားဝန်ထမ်းအများစုဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်နေကြတာဖြစ်ပြီး အဲဒီထဲမှာ အင်းစိန် မီးရထားအလုပ်သမားဝန်ထမ်း ၆၀၀ ကျော်လည်း ဖေဖော်ဝါရီလ ၈ ရက်ကတည်းက ပါဝင်နေပါတယ်။

    အလုပ်ဝင်ဖို့ တရားဝင်စာထုတ်တာမျိုးမရှိပေမဲ့ နီးစပ်ရာအရာရှိတွေက ဝန်ထမ်းလုပ်သားတွေကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အလုပ်ပြန်ဆင်းကြဖို့ ပြောဆိုတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။

    ဒ့ါပြင် လစာပေးမယ်ဆိုတဲ့စည်းရုံးမှုကြောင့် လုပ်သား ဆယ်ဂဏန်းလောက် အလုပ်သွားခဲ့ကြတာမျိုးရှိပေမဲ့ သွားတဲ့ရက်ပိုင်းအတွက် လစာ သောင်းဂဏန်းပဲရလို့ အဲဒီလုပ်သားတချို့လည်း လစာမယူ အလုပ်မသွားဘဲ နေနေကြတယ်လို့ CDM လုပ်နေတဲ့ အင်းစိန်က မီးရထား၀န်ထမ်းတစ်ဦးက ပြောပါတယ်။

    ''သူတို့ကတော့ ရုံးတက်ရင် ဘာမှ အရေးမယူဘူး။ ရာထူးတိုးပေးမယ်လို့ စည်းရုံးသွားတာ။ လစာတိုးပေးမယ်ဆိုပြီး ပြောတယ်။ ဝန်ထမ်းတွေကတော့ ရာထူးတိုးလည်းမယူဘူး။ လစာလည်း မထုတ်ဘူး။ အတော်များများ ရှောင်တိမ်းကုန်ကြပြီ။ ကျန်ခဲ့တဲ့လူတွေကတော့ အဆင်မပြေကြတဲ့အိမ်ငှားတွေပေါ့။'' လို့ အဲဒီဝန်ထမ်း ကပြောပါတယ်။

    လောလောဆယ်မှာ ဝန်ထမ်းအိမ်ယာက ဖယ်ရှားမယ်ဆိုတဲ့သတိပေးချက်မျိုးမရှိပေမဲ့ ဝန်းတံခါးကို ဖွင့်ထားဖို့ စစ်ကောင်စီတပ်တွေက ဖိအားပေးတာမျိုးရှိနေတယ်လို့ ဆိုပါတယ်။

    ''ဝင်လို့ ထွက်လို့လွယ်အောင် တံခါးတွေ မပိတ်ခိုင်းထားဘူး။ ဟိုနေ့ကဆို တံခါးတွေ ပိတ်ထားလို့ဆိုပြီး စစ်တပ်က ဝင်လာပြီးတော့ သေနတ်တွေဖောက် သောင်းကျန်းသွားတယ်'' လို့ သူက ဆက်ပြောပါတယ်။

    CDM လုပ်နေတဲ့ကာလအတွင်း အင်းစိန်မီးရထားလုပ်သားအဖွဲ့က ၃ ဦးနဲ့ ကြို့ကုန်းက မီးရထားဝန်ထမ်းအမျိုးသား ၁ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

    ဒ့ါပြင် စစ်တပ်က အာဏာသိမ်းတဲ့ ၂ လအတွင်း ရန်ကုန်၊ မလွှကုန်းက CDM လုပ်နေတဲ့မီးရထားဝန်ထမ်းတွေကို လိုင်းခန်းတွေကနေ ထွက်ခိုင်းတာ၊ မန္တလေးမှာလည်း CDM မီးရထားဝန်ထမ်းတွေကို အိမ်ရာကနေ ဖယ်ခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။

    အင်းစိန်မီးရထားစက်ခေါင်းရုံဝန်ထမ်းတွေရဲ့ မတ်လ ၃ ရက် သပိတ် ဖြိုခွင်းမခံရခင် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အင်းစိန်မီးရထားစက်ခေါင်းရုံဝန်ထမ်းတွေရဲ့ မတ်လ ၃ ရက် သပိတ် ဖြိုခွင်းမခံရခင် မြင်ကွင်း
  12. အရင်အစိုးရလုပ်ငန်းစဉ်တွေကို ဆက်အကောင်အထည်ဖော်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြော

    ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ၊ ရခိုင်ပြည်နယ် ဥပေဒချုပ် ဦးလှသိန်းက ဒေသခံသတင်းထောက်တွေကို ဧပြီလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ကောင်စီရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်းလုပ်ဆောင်နေရတာဖြစ်ပြီး ပြည်နယ်အတွက်အဓိကဦးစားပေးလုပ်ငန်းစဉ်တွေအဖြစ် ဆောင်ရွက်နေတာမရှိသေးပေမယ့် ယခင်အစိုးလက်ထက်ကလုပ်ခဲ့တဲ့အလုပ်တွေကိုပဲ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်တာတွေကိုပဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

    အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူကိုအကျိုးပြုမယ့် လမ်းညွှန်ချက်ငါးချက်အတိုင်း အဓိကဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိအာဏာရစစ်ကောင်စီဟာ ငါးနှစ်သက်တမ်းတာဝန်ယူရတဲ့အစိုးရမဟုတ်သလို တိုတောင်းတဲ့ကာလအတွင်းမှာ လုပ်လက်စအလုပ်တွေအရှိန်အဟုန်မပျက်သွားဖို့၊ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ဖို့နဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ထိန်းသိမ်းဆောင်ရွက်ရမယ့်အလုပ်တွေကို လုပ်နေတယ်လို့ ပြောပါတယ်။

    ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်က သံသယနဲ့ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေသခံနှစ်ရာကျော်ရှိနေပြီး လက်ရှိမှာ အေအေကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ချက်ကနေ ပယ်ဖျက်လိုက်ပြီဖြစ်ပေမယ့် အဲ့ဒီလူတွေကတော့ ဥပဒေကြောင်းအရ ဆက်လက်တရားရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဆိုပါတယ်။

    Rakkhine

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ၊ ရခိုင်ပြည်နယ် ဥပေဒချုပ် ဦးလှသိန်း
  13. စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်

    အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပြန်မလာနိုင်တော့တဲ့သူတွေကို ရည်စူးတဲ့ ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပြန်မလာနိုင်တော့တဲ့သူတွေကို ရည်စူးတဲ့ ပန်းသပိတ်

    စစ်အာဏာရှင်ဆန်ကျင်ရေးဆန္ဒပြပွဲတွေ ဖြိုခွင်းခံရချိန် သေဆုံးခဲ့ရသူတွေအတွက်အတွက်လည်းရည်စူးတဲ့အပြင် ဆက်ပြီးဆန္ဒပြတဲ့အနေနဲ့ ပန်းသပိတ်ကို ပုံစံမျိုးစုံနဲ့ လူထုက ဒီနေ့ ဧပြီလ ၂ ရက်မှာ ပြုလုပ်နေပါတယ်။

    လမ်းပေါ်တက်ပြီး ပန်းသပိတ်ဆင်နွှဲတာအပြင် လူမဲ့ပန်းသပိတ်ပြုလုပ်နေတာတွေလည်းရှိပါတယ်။

    အဲဒီထဲကမှ နေရာတချို့မှာလုပ်နေတဲ့ ပန်းသပိတ်မြင်ကွင်းတချို့ ဖြစ်ပါတယ်။

    လမ်းပေါ်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လမ်းပေါ်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ပန်းသပိတ်
    ရန်ကုန်က ဘတ်စ်ကားမှတ်တိုင်တွေမှာ ခပ်စိပ်စိပ်တွေ့ရတဲ့ ဒီနေ့ ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်က ဘတ်စ်ကားမှတ်တိုင်တွေမှာ ခပ်စိပ်စိပ်တွေ့ရတဲ့ ဒီနေ့ ပန်းသပိတ်
    တာမွေက ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တာမွေက ပန်းသပိတ်
  14. စစ်ကိုင်းမှာမနေ့ညက ကျည်ထိမှန်တဲ့ ကင်းသမား သေဆုံး

    စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်၊ ဆွမ်းချက်ရပ်မှာမနေ့ ဧပြီ ၁ ရက် ညပိုင်းမှာ ကျည်ထိမှန်တဲ့ ကိုအေးချမ်း သေဆုံးခဲ့ပါတယ်။

    အသက် ၃၆ နှစ်အရွယ် ကိုအေးချမ်းဟာ ရပ်ကွက်ကင်းစောင့်နေရင်း ရင်ဘက်နဲ့ ဆီးခုံကို ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    "ကင်းသမားတွေကို ရွာထဲအထိ ဝင်ပစ်တာ။ အလောင်းကို ရွာကလူတွေ ရအောင်ယူတယ်။ ဒီမနက်မှာပဲ သင်္ဂြိုဟ်လိုက်တာပါ " လို့ ဒေသခံတဦးကပြောပါတယ်။ သေဆုံးသူမှာ ဇနီးနဲ့ကလေး၂ ဦး ကျန်ခဲ့ပါတယ်။

    စစ်တပ်နဲ့ရဲအဖွဲ့ကဆွမ်းချက်ရွာထဲအထိ ဝင်ရောက်ပစ်ခတ်လို့ ဧပြီ ၁ ရက်ညပိုင်းမှာ နောက်ထပ်တစ်ဦးလည်း ကျည်မှန် ဒဏ်ရာရရှိခဲ့ပါတယ်။

    စစ်ကိုင်းမြို့မှာ စစ်တပ်နဲ့ရဲတို့ အကြမ်းဖက်ပစ်ခတ်လို့ မတ်လ ၂၇ ရက်က ၂ ဦး သေဆုံးခဲ့ပြီး အခု ၁ ဦးနဲ့ဆို စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. မန္တလေး၊ စိန်ပန်းရပ်ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ လူငယ်ရဲ့ဈာပန ကျင်းပ

    မန္တလေး၊ စိန်ပန်းရပ် ပစ်ခတ်မှုမှာ ကျည်မှန်သေဆုံးခဲ့သူ လူငယ်ရဲ့ဈာပန ကျင်းပ

    မန္တလေး၊ စိန်ပန်းရပ်၊ ကမ်းနားလမ်းအနီးမှာ ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ ကျည်မှန်သေဆုံးခဲ့တဲ့ မောင်ဇော်ကိုလတ်‌ ခေါ် မောင်သေးသေးရဲ့ဈာပနကို ဒီနေ့ ဧပြီလ ၂ ရက်မှာ ပြုလုပ်နေပါတယ်။

    သူဟာ ပရဟိတအသင်းသမားဟောင်းဖြစ်ပြီး သေဆုံးချိန်ထိ အရံမီးသတ်တပ်ဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

    လက်ရှိမှာ ကျူးကျော်နေအိမ်မှာ နေထိုင်ရပေမယ့် ပရဟိတ လူမှုကူညီရေး လုပ်ငန်းတွေကို အဆက်မပြတ်ဆောင်ရွက်နေသူဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

    "ကျွန်တော်တို့က ကမ္ဘာမကြေဘူး။ ဒီတိုက်ပွဲကို ဆက်တိုက်မှာ။ ကျွန်တော်တို့က ဒီဒေသကမဟုတ်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းသွေးပါတယ်။ မကွေးတိုင်းကပဲ။ ဒီမိုကရေစီမရမချင်း ဆက်လုပ်မှာ။ ကျွန်တော့်ညီအတွက် ခံစားရပေမယ့် အခုချိန်ထိ မျက်ရည်မကျအောင်ထိန်းတယ်"လို့ မောင်သေးသေးရဲ့ အစ်ကိုက ပြောပါတယ်။

    မနေ့ ဧပြီလ ၁ရက်တုန်းက စိန်ပန်းလမ်း၊ ၄၁လမ်း ၃၈လမ်း ကမ်းနားလမ်းအနီးဝန်းကျင်မှာဖြစ်တဲ့ပစ်ခတ်မှုတွေကြောင့် ကျည်မှန် ဒဏ်ရာရသူ ၅ ဦးထက်မနည်းရှိပါတယ်။

    ၄၁ လမ်း‌မပေါ်မှာ ဦးခေါင်းကျည်ထိမှန်သွားတဲ့ အသက် ၁၉ နှစ်အရွယ် ကိုရဲနေမင်းကိုတော့ စစ်ကောင်စီတပ်တွေဘက်က ဆွဲယူသွားခဲ့တယ်လို့ မြို့ခံ မျက်မြင်တွေကပြောပါတယ်။

    ကျူးကျော်နေအိမ်မှာနေပေမဲ့ ပရဟိတစိတ်ထက်သန်တဲ့ မောင်သေးသေးရဲ့ဈာပန
  16. ကျွန်းလှမြို့က ညသပိတ်

    ကျွန်းလှမြို့က ညသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကျွန်းလှမြို့က ညသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျွန်းလှမြို့မှာတော့ မြို့ခံတွေက မနေ့ ဧပြီလ ၁ ရက်နေ့ညက ညသပိတ် ပြုလုပ်သွားပါတယ်။

    သပိတ်ကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပေမဲ့ သပိတ်အပြီး လူစုခွဲ ပြန်လာချိန် ကျွန်းလှမြို့မရဲစခန်းထဲကနေ အသံဗုံးဖောက်တာ ၁၀ ချက်ကျော်ကြားခဲ့ရတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    ကျွန်းလှမြို့က ညသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. တွေ့ဆုံဆွေးနွေးစကားပြောကြဖို့ မြန်မာကို လုံခြုံရေးကောင်စီ တိုက်တွန်း, ဗီယက်နမ်ဟာ ကုလလုံခြုံရေးကောင်စီမှာ ဧပြီလအတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်ပါတယ်။

    တွေ့ဆုံဆွေးနွေးစကားပြောကြဖို့ မြန်မာကို ကုလဆိုင်ရာဗီယက်နမ်သံတမန် တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, UN Web TV

    စစ်တပ်အနေနဲ့မြန်မာပြည်သူတွေဖြစ်စေချင်တာနဲ့ ပြည်သူလူထုအကျိုးစီးပွားကိုကြည့်ပြီး အကြမ်းဖက်တာတွေကို အတတ်နိုင်ဆုံး မလုပ်ဖို့၊ လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာဖို့၊ ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

    လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက မြန်မာနိုင်ငံထဲမှာ မြန်မြန်ဆန်ဆန်ယိုယွင်းလာနေတဲ့အခြေအနေကို အစိုးရိမ်ကြီးစိုးရိမ်ကြောင်းပြသနေသလို အမျိုးသမီးနဲ့ကလေးတွေအပါအဝင် လူပေါင်းရာချီသေဆုံးတဲ့အထိ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်နေတာတွေကိုလည်း ရှုတ်ချပါတယ်။

    အကြမ်းဖက်မှုတွေကို ဘက်အားလုံးကနေ မလုပ်ဖို့ တောင်းဆို သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။

    နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခိုင်မာစည်းလုံးပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိမှသာ မတ်လ ၂၇ ရက်နေ့က ဖြစ်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာအခြေအနေမျိုး ထပ်မဖြစ်နိုင်မှာကို အဖွဲ့ဝင်နိုင်ငံတွေက အသိအမှတ်ပြုထားသလို မြန်မာနိုင်ငံထဲက အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမယ်လို့လည်းဆိုပါတယ်။

    လက်ရှိမှာ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ် နိုင်ငံက တာဝန်ယူထားပါတယ်။

    ဗီယက်နမ်နိုင်ငံအနေနဲ့အခြေအန ဆိုးရွားမှုကို ဦးတည်သွားစေနိုင်ပြီး လူ့သားချင်းစာနာမှုတွေကို ထိပါးစေနိုင်တဲ့ တဖက်သတ်အရေးယူပိတ်ဆို့မှုတွေကို လက်မခံမှာ မဟုတ်ဘူးလို့ ကုလလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူလိုက်တဲ့ ဗီယက်နမ်သံတမန်က ဧပြီလ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

    မြန်မာ့အရေး အရေးယူပိတ်ဆို့မှုတွေကို အာဆီယံအဖွဲ့ဝင်လည်းဖြစ်တဲ့ ဗီယက်နမ်နိုင်ငံအနေနဲ့ ဘယ်လို သဘောထားရှိလဲဆိုတဲ့မေးခွန်းကို သံတမန် Dang Dinh Quy က ပြန်လည်ဖြေကြားခဲ့တာပါ။

    ဒါ့ပြင် မြန်မာ့အရေး အာဆီယံက ထားထုတ်မှုတွေကို လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက အသိအမှတ်ပြုတယ်လို့ ပြောထားသလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံအတွက်အကောင်းဆုံး အဖြေရှာနိုင်ရေး အာဆီယံကို ကူညီကြဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။

  18. ဦးခေါင်းကျည်ထိမှန်တဲ့ တောင်ကိုရီးယားဘဏ်ဝန်ထမ်းအမျိုးသမီး ကွယ်လွန်

    ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်ညနေပိုင်းက ရန်ကုန်မှာ တောင်ကိုရီးယားဘဏ် Shinhan ဘဏ် ကြိုပို့ယာဉ် ပစ်ခတ်ခံရမှုမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ ဘဏ်ဝန်ထမ်း မစုစုကြည်ဟာ ဒီနေ့မနက် ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူက အတည်ပြုပါတယ်။

    သူ့ရဲ့နာရေးကို ဒီနေ့ရန်ကုန်မှာပဲ ချက်ချင်းပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

    မစုစုကြည် လိုက်ပါလာတဲ့ ဘဏ်ဝန်ထမ်းကြိုပို့ယာဉ်ဟာ မတ် ၃၁ ရက်ညနေပိုင်းမှာ ဦးချစ်မောင်လမ်းအတိုင်း မောင်းနှင်လာစဉ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

    မစုစုကြည်ကို ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေစဉ် ဒီနေ့ ဧပြီ ၂ ရက်မနက် ၉ နာရီခန့်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

    Shinhan Bank

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်ခံရတဲ့ကားအတွင်းပိုင်းမြင်ကွင်း
    Shinhan Bank

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းခြင်း နဲ့ ချင်းအမျိုးသား တပ်ဦး

  20. ကုလဝန်ထမ်းတွေရဲ့ မိသားစုတွေ မြန်မာကထွက်ခွာမယ်၊ ဝန်ထမ်းတွေ ဆက်ရှိနေမယ်လို့ဆို

    မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေအရ ဝန်ထမ်းတွေရဲ့ မိသားစုတွေကို ယာယီအစီအမံအရ ထွက်ခွာခွင့် ပြုထားတာဖြစ်ပြီး ကုလသမဂ္ဂဝန်ထမ်းတွေကတော့ ပြောင်းရွှေ့တာမရှိကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရှိနေပြီး မြန်မာပြည်သူတွေအတွက် ပံ့ပိုးဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။